Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Friday, February 24, 2012
မနေ့က....
        ပြောရမှာလည်းမျက်နှာပူပါတယ်....။ အားပေးကြတဲ့ အစ်ကိုတွေအစ်မတွေကိုလည်းအားနာမိတယ်.။
ကျွန်တော့်အပူတွေကို ကူးကုန်ကြတယ်.။ ဖြစ်ပုံကဒီလိုပါ..။
       မနေ့က ဂန်ဆီး(ဂန္ဒ၀င်ဆည်းဆာလေး.) က အွန်လိုင်းတက်ခဲ့မယ်ပြောတယ်.။ အဲ့ဒါကျွန်တော်က အတန်း
လည်းမရှိတာနဲ့ မနက်ခင်းစောစောစီးစီးထ ဘုရားတွေဘာတွေရှိခိုးပြီးတော့ Breakfastစားပြီးစောင့်နေတာ။
မြန်မာစံတော်ချိန် ၀၁း၀၀ လောက်ကျတော့ မလာမလာနဲ့ ဖုန်းဆက်လိုက်တော့.. ။ အသံလေးက ငှက်ပျော
ခွံကို.ရေနွေးနဲ့ပြုတ်ထားသလိုပဲ.. ယဲ့ယဲ့လေး..။ သူဖျားနေတယ်တဲ့.။အဲဒီအထိ ကျွန်တော်ဘာမှမဖြစ်သေးဘူး.။
သူ့ကိုအားပေးရတာပေါ့ဗျာ.။ သက်သာလား.။ အခုဘယ်လိုနေသေးလဲ.။ ဆေးရောသောက်လား.။ နှင်းတွေထဲ
ထွက်ဆော့လို့လား..။ အနွေးထည်မထပ်ဘူးထင်တယ်.။ဘာညာပေါ့ဗျာ။အဲ့လိုပြောပြီးတော့.ကျွန်တော်လည်း
နေ့ခင်းကျတော့.. ထူးထူးခြားခြားမအိပ်ချင်စဖူးအိပ်ချင်လာတာနဲ့ အိပ်လိုက်တယ်.။
           အိပ်ယာက နိုးလာတော့.။ တစ်ဘလော့တည်းနေတဲ့အခန်းကပ်လျက်က သူငယ်ချင်း ၂ယောက်က
ကျွန်တော့်ဆီလာပြီးတော့.. စိတ်မကောင်းတဲ့အကြည့်တွေနဲ့..သူတို့အခန်းမှာထမင်းလာစားဖို့ခေါ်တယ်.။
စိတ်ထဲမှာနည်းနည်းတော့ထူးဆန်းနေတာ.။ တစ်မေဂျာတည်းတွေဆိုတော့သူတို့က အကြောင်းသိတွေလေ.။
ကျွန်တော်တို့ ဇာတ်လမ်းကိုအစ အဆုံးသိထားတဲ့သူတွေပါ.။ ကျွန်တော် သူတို့အားလုံးကိုဆန့်ကျင်ခဲ့တာ.။
သူတို့မှ မဟုတ်ပါဘူး.။ အဲဒီနေ့က ဆိုတဲ့ပို့စ်မှာရေးထားတဲ့.အကြောင်းအတိုင်းပဲ.။ မန်းလေး က အဘိုးအဘွား
တွေကျွန်တော့်ကိုခုထိစကားမပြောဘူး..။ မိဘတွေစကားကိုလည်း ကျွန်တော် နားမထောင်ခဲ့ဘူး.။ (အိမ်က
သဘောမတူတာမဟုတ်ဘူး.။ ငယ်သေးလို့တဲ့..တားတာ.. မိဘဆိုတော့..)။ ပြီးတော့ ကျွန်တော်က ဒီကိုလာ
မယ့်သူဆိုတော့.. အာရုံမများအောင်လို့ ..ကျွန်တော်တို့ကိုစာသင်တဲ့ ဆရာ.အရာရှိက တားပါတယ်.။ညီလေး
မင်း .ဒါတွေကို မလုပ်သင့်ဘူးဘာညာ. ။ ဒါပေမယ့် ကျွန်တော်က ဘာကိုမှ ဂရုမစိုက်ခဲ့ဘူးလေ.။ (ကိုယ့်ကိုယ်
ကိုယ်မှားမှန်းတော့သိတယ်.။ ဒါပေမယ့်..ပြင်လို့မရဘူး...)ဘလော့က အစ်ကိုတွေအစ်မတွေလည်းသိပါတယ်။
ကျွန်တော် ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ဆိုတာကိုပါ.။ အဲဒီတော့ သူငယ်ချင်းတွေက စိတ်မကောင်း
တဲ့မျက်နှာနဲ့ဆိုတော့ ကျွန်တော်နဲနဲတော့ Thinking ၀င်မိတယ်.။ နောက်. ကျွန်တော်တို့ဟင်းချက်အလှည့်ဆို
တော့ မီးဖိုခန်းထဲကိုသွားပြီး ဆီသတ်ဖို့ ဂျင်းတွေကြက်သွန်တွေလှီးတော့လည်း ..။ ကျွန်တော့်အုပ်စုကသူ
ငယ်ချင်းတွေက.. ။မင်းမလုပ်ပါနဲ့ကွာ.။မင်းဒီနေ့နားလိုက်ငါတို့ချက်လိုက်မယ်..ဘာညာနဲ့ဆိုတော့.။ ကျွန်တော်
ကမနေနိုင်လို့မေးရော..။ စိတ်ကလည်းအင်မတန်မြန်တာ.။ ဘယ်အထိတွေးမိလည်းဆိုတော့.. သတင်းဆိုး
တစ်ခုတော့သေချာပြီပေါ့.။ နာရေးများလား လို့ မတွေးကောင်းတွေးကောင်းတွေတွေးမိတာ....။ အဲဒါနဲ့ဇွတ်
မေးတော့. ဟိုဘက်ကျောင်းက သူငယ်ချင်းပြောပြလိမ့်မယ် တဲ့..။ အဲဒါနဲ့ကျွန်တော်ထပ်ချိတ်လိုက်တော့.။
ကျွန်တော့်ပေါက်စ ..တစ်ခြားတစ်ယောက်နဲ့ဒီနေ့ပဲစေ့စပ်တယ်ဆိုတဲ့သတင်းကိုကြားတယ်.။ မှတ်မှတ်ရရ
ကော်ဖီခွက်ထဲကို ရေနွေးထည့်ရင်းနဲ့ ဂျီတော့ကနေ မိုက်နဲ့လှမ်းပြောတာကိုနားထောင်နေတာ.။ သူပြောတဲ့
အသံလည်းကြားရော..။ ကျွန်တော် ခြေထောက်တွေခွေကျသွားတာ..။ အားပြတ်သလိုဖြစ်ပြီးတော့..။ ရေနွေး
တွေလည်း မှောက်ကုန်တယ်.။ သိပ်မပူလို့တော်သေးတယ်...။ အဲဒီနေ့မတိုင်ခင်က တစ်ခါဖြစ်သေးတယ်။
အဲဒီတုန်းက မသေချာလို့ သိပ်မဆိုးဘူး.။ ကိုယ့်ဖာသာကျိတ်ပြီးဖြေသိမ့်လိုက်တာ..။ မနေ့က ရတဲ့သတင်းက
တစ်ခါမှ မလွဲဖူးတဲ့ ..မေမြို့ကသူငယ်ချင်း ဆီက ရတာ..။လူက လုံးဝ ဟန်မဆောင်နိုင်တော့ဘူး.။အခန်းတံခါး
ကိုချက်ထိုးပြီးတော့.. ပေါက်ကွဲမိတယ်.။ သူငယ်ချင်းတွေကြားမှာစိုးလို့..သီချင်းကိုအကျယ်ကြီးဖွင့်ပြီး စိတ်ထဲ
ရှိတာတွေအော်နေတာ..။ရှက်ရှက်နဲ့မှန်တာပြောရရင်.. ငိုနေတာ..။စိတ်ထဲမှာ ရင်ငြိမ်းပွင့်ကိုသွားမြင်တယ်.။
ဒါပေမယ့် ကျွန်တော်သူ့လောက် မမိုက်ဘူးလေ.. ။ အဖေ တို့အမေတို့ ရှိသေးတယ်.။ လူလားမမြောက်သေး
တဲ့ ညီမလေးရှိသေးတယ်.။ ဒါပေမယ့် မနေ့ညကတော့ လုံးဝ ဖြေသိမ့်လို့မရတာ အမှန်ပါ.။ကိုမောင်မောင်
ပြောသလိုပါ.ကျွန်တော့်ကိုပြောဖူးတဲ့ ဆုံးမဖူးတဲ့ လူတွေအများကြီးရှိခဲ့ပါတယ်.။ ဒါပေမယ့် ကျွန်တော်ကတော့
အသိခေါက်ခက် အ၀င်နက်နေတုန်းပါ.။ကျွန်တော့်အကြိုက်ဆုံးသီချင်းတွေအများကြီးထဲက..ကိုထီးရဲ့
နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ် ကိုသွားသတိရတယ်. ။ အခန့်မသင့်ရင်အချစ်ရေးအတွက်ကိုယ့်အ
သက်တောင်ရန်ရှာလိမ့်မယ်.မျက်ကန်းအချစ်သမားတဲ့ ဆိုတာကိုသတိရတယ်.။ ကျွန်တော့် က ကျန်တဲ့
နေရာတွေမှာအစွဲ မထားပေမယ့်.. သူနဲ့ပတ်သတ်ရင်အစွဲကြီးနေတာကို ကိုယ့်ကိုယ်ကို ပြန်သတိထားမိ
တယ်.။သူ့အိမ်က သူ့ကိုဆူရင်တောင် ကျွန်တော်မကြိုက်ပါဘူး.။ ကျွန်တော်က သ၀န်တိုတာမဟုတ်ဘူး.။
သူ့ကိုကြိုက်တဲ့သူတွေရှိတာပဲ..။ အဲ့ဒါကျွန်တော်ဘာမှ မပြောဘူး.။သူ့ကိုနစ်နာအောင်မပြောနဲ့.။ သူမျက်နှာ
ပျက်အောင် မပြောနဲ့ အဲဒါမျိုးကိုကျွန်တော်မကြိုက်တာပါ.။ပြီးတော့ သူ့မှာ တော်တော်ပြင်းထန်တဲ့နှလုံး
ရောဂါရှိတယ်.။ နှစ်ယောက်သား ညနေဘက် အောက်ပတ်စ်ရလို့. ညဈေးတန်းသွားရင်.။ သူ့ခမျာလမ်း
မြန်မြန်မလျှောက်နိုင်ရှာဘူး.။  မောတတ်တယ်.။ အဲဒီလို လျှောက်သွားတဲ့နေ့ ညဘက်အမောဖောက်တယ်။
ကျွန်တော်က သူ့ကိုအဲဒီလို ဂရုဏာစိတ်တွေနဲ့ ချစ်ခဲ့တာပါ...။ သူ့နားမှာရှိနေရရင်ပျော်တယ်.။ ဒီကိုလာတာ
တောင် စိတ်တစ်ထင့်ထင့်နဲ့လာရတာပါ..။ အကုန်လုံးပြောရရင်ကျွန်တော်ဒီမှာနေနေတာ အိမ်ထောင်သည်
လိုပဲ.။ တစ်ချို့အိမ်ထောင်သည်တွေတောင် ကျွန်တော့်လောက် အပျော်ကင်းလိမ့်မယ်မထင်ဘူး.။ ၁၈ နှစ်
ပြည့်ပြီးသူတိုင်း အတွက် လိုချင်တာမှန်သမျှ တရားဝင်လိုရတဲ့နေရာမျိုးမှာ. ကိုယ့်ကိုယ်ကို အဖြူစင်ဆုံးနေခဲ့
တာ.။ အချိန်ရသရွေ့ စာရေးစာဖတ်.၊ မသကာ.. ချက်ရွန်းထဲခန၀င်ပြီး. သီချင်းဆိုတယ်.။ ဒီလောက်ပါပဲ.။
အဲ့ဒီလိုမျိုးဗျာ .. ဖြစ်ခဲ့ပြီးမှ..၊ ဖြစ်လာပြီးမှ.. ပျက်စီးသွားတယ်ဆိုတော့. ကမ္ဘာတွေကိုပျက်နေတာပါပဲ.။မနေ့က
ကြံကြံဖန်ဖန် အရက်လာတိုက်တဲ့သူငယ်ချင်းလည်းရှိသေးတယ်.။ အပြစ်တော့မတင်ပါဘူး.။ ကျွန်တော်လည်း
သူတို့ကို တံခါးမဖွင့်ပေးပါဘူး.။ အပြင်ကနေ တံခါးကိုထုပြီးအော်နေကြတာ...။ 
        မနက်လင်းတော့ ဖုန်းဆက်တယ်.. ။ အသံတွေနာနေတော့.. ဘာဖြစ်တာလဲ မေးတယ်.။ ကျွန်တော်က
ဘာမှ မပြောပဲ..။ ဒဲ့မေးလိုက်တော့.. ဘယ်သူပြောတာလဲ ဘာညာ.။ ကွိုင်သွားရှာမယ်လုပ်လို့ မနည်းတား
ထားရတယ်.။(လူကသာ လက်တောက်လောက်ရှိတာ ဇကတော့ မသေးဘူးနော်..အဲ့ကလေးလဲ ဒိန်းဂျားပဲ.)
ထူးပါဘူးဆိုပြီး..အန်တီနဲ့လည်းဖုန်းပြောဖြစ်တယ်.။ အေးဆေးပါပဲ.။ စိတ်အေးသွားတယ်.။ သက်ပြင်းအကြီး
ကြီးချမိတယ်.။ ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ရယ်ချင်နေတာ..။( မမချိုချဉ်ပြောတာ ဟုတ်တယ်..)ပြီးတော့
ကျွန်တော် ကွန်မန့်တွေဖတ်ပြီးတော့..အားနာနေတာ..။အားလုံးကိုအပူတွေကူးကုန်တာလေ..။ ကျွန်တော်
နောက်ဆိုရင် မရေးတော့ပါဘူး..။ ဖြစ်လည်းမဖြစ်တော့ဘူး....။အစ်ကိုတွေအစ်မတွေ..အားလုံး ကိုကြီးမောင်
မောင်.၊ ကိုတူး၊မချစ်စံအိမ်.၊ မမကန်ဒီ.၊ FB ထိ တစ်ကူးတစ်က Message ပို့ပြီးနှစ်သိမ့်တဲ့..အစ်မမြတ်ကြည်၊
ထူးထူးခြားခြားအားပေးသွားတဲ့အစ်မအယ်နီ.၊အစ်မ၀ါ.၊အစ်မပစ်ပစ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်။တောင်း
လည်းတောင်းပန်ပါတယ်ဗျာ..။ညီဆိုးလေး၊ မောင်ဆိုးလေးရထားသလိုထင်နေမလားမသိပါဘူး..။ဒီဘလော့
လေးစရေးဖြစ်ကတည်းက ဒီလူတွေပဲရှိတာပါ.။ညီအစ်ကိုမောင်နှမတွေကိုဒုက္ခပေးမိသလိုဖြစ်ရင်တောင်းပန်
ပါတယ်လို့ ပြောချင်ပါတယ်နော်..။နောက်မဖြစ်စေရပါဘူး..။မဖြစ်တော့ပါဘူးလို့.. အစ်ကိုအစ်မတွေကိုရော၊
ကိုယ့်ကိုယ်ကိုပါ ကတိပေးလိုက်ပါတယ်.။
                                                   သမံစီးစတိုင်ပေါ့.. လတ်တလော အနေအထား.. (ပျော်နေသည်.)
ရေးသားသူ : မိုးသက် // 10:53 AM
အမျိုးအစား:
9 comments:
  1. တော်သေးတယ်ဟူးးး
    အဆင်ပြေပါစေ...
    ReplyDelete
  2. တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင် အဲလိုပဲဟ..တစ်ခုခုဆို ကိုယ်လည်း သွားလို့မရ.. အဆက်အသွယ်ကလည်း မကောင်းဆိုတော့ မလွယ်ဘူး.။
    စကားမစပ်..ရင်ငြိမ်းပွင့်က မိန်းကလေးဆိုတော့ လူသိသေးတယ်။မောင်ရင်က ယောကျာင်္းလေး ဆိုတော့ အသံတောင် ကြားလိုက်မယ် မထင် ဘူး..နှင်းကျတဲ့အချိန်ဆို နှင်းဖုံးပြီး လူတောင် သိလိုက်မှာ မဟုတ်ဘူး..အဲ့ထက် လန်းတာလေး ရှာပြီး စဉ်းစားပေါ့.. :D
    ReplyDelete
  3. ဒင်းနော်.. ဒင်း... ဒင်းလို့ပဲ ပြောလိုက်မယ်..
    မသေချာ မရေရာတဲ့ဟာကိုများ အကြီးအကျယ်ပေါက်ကွဲပြီး စာတွေရေး တံခါးတွေပိတ် ငို...
    သေချာသလောက်ရှိမှ အဲ့လိုဖြစ်ရင် မပြောပါဘူး..
    ခုဟာက သူ့ချစ်သူနဲ့လည်း စကားလေးဘာလေးပြော Confirm မလုပ်ရသေးဘဲနဲ့များ သူတယောက်တည်း ပေါက်ကွဲရတယ်လို့... လမ်းခွဲသီချင်းတောင် ဖမ်းတင်လိုက်သေးတယ် အံ့သြတယ် >.<
    ReplyDelete
  4. ဘာတွေမှန်းကိုမသိဘူး..ပီားးပီားးး
    တစ်ပတ်လောက်အဆက်ပြတ်သွားလိုက်တာ
    ReplyDelete
  5. ဘာမှန်းလည်းသိဖူး...အမျိုးမျိုးပဲ ...း(((
    ReplyDelete
  6. လတ်တလောအနေအထား
    ပျော်နေတယ်ဆိုတော့
    ဝမ်းသာပါတယ်..မောင်လေးရေ..
    အဆင်ပြေပါစေနော်
    ခင်တဲ့အမ ပစ်ပစ်
    ReplyDelete
  7. ချစ်တာကိုး လို့ပဲ ပြောရမလားပေါ့
း)
    လင့်ချိတ်သွားပြီဗျို့
    ReplyDelete
  8. တော်သေးတာပေါ့ကွာ ငါလည်းသတင်းကြားလို့ ၀င်ဖတ်တာ.... ပါကြီး အဆင်ပြေပါစေကွာ.....
    ReplyDelete
  9. ဒီလိုအခြေနေ ဖြစ်လာတာ ကျေနပ်စရာပါ..မောင်လေး... ဘာပဲဖြစ်ဖြစ်..အားတင်းထားပါလို့..
    ReplyDelete
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......
My Blog List