Friday, September 4, 2026

Life Sucks

မနက် နိုးတဲ့အချိန်ထတယ်။ ကြုံတာတစ်ခုခုသွားစားတယ်။ ရုံးမှာ အမြဲတမ်းအစောဆုံးပဲ။ တံခါးဖွင့်၊ မီးဖွင့်၊ ဆာဗာတွေဖွင့်၊ ရေနွေးအိုးဖွင့်။ 

နေ့လည်ပြန်တယ်။ ကြုံတဲ့နေရာမှာစားတယ်။ နေ့လည်ရုံးပြန်။ 

ညနေ လူအကုန်ပြန်တဲ့အထိ ရုံးကနေ မပြန်ချင်ဘူး။ ကိုယ့်ကို စောင့်နေတဲ့လူလည်းမရှိဘူး။ ကိုယ်က စောင့်ရမယ့်လူလည်းမရှိဘူး။ ထိုင်နေတဲ့နေရာကနေ မထချင်တော့ဘူး။ ဒီတိုင်းပဲ ထိုင်နေတာ။ 

ညနေဖက်။ အဆောင်ပြန်ရောက်ရင် ကြုံတာတစ်ခုခုစား၊ အလုပ်လေးနည်းနည်းပါးပါးလုပ်။ အိပ်ချင်တဲ့အချိန်၊ အိပ်ပျော်တဲ့အချိန်အိပ်တယ်။ Slow living လား၊ Small living လား ဘာလဲတော့မသိဘူး။ ဖတ်တဲ့ စာအုပ်တွေ အဆုံးထိ မရောက်တာကြာပြီ။ ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေလည်း မိနစ် ၂၀ လောက်ထက် ပိုမသွားတော့ဘူး။ 

ဆုံးသွားတဲ့ သူငယ်ချင်းနေမကောင်းဖြစ်တော့ ၄ နှစ်လောက် နာတာရှည်ဘဝနဲ့ ခွဲစိတ်မှု အကြိမ်ကြိမ်လုပ်ရ၊ ဆေးပြင်းတွေ သောက်ရ၊ အရပ် ငါးပေရှစ်က ပေါင် ၈၀ လောက်နဲ့ပဲ နှစ်ပေါင်းများစွာနေသွားရတာ။ သူ့ဘေးမှာ ရှိနေတာက သူ့အမျိုးသမီး။ ပထမဆုံးခွဲစိတ်မှုကနေ နောက်ဆုံးအရိုးပြာ ဂူသွင်းချိန်အထိပဲ။ တကယ့် Soulmate ပေါ့။ 

ငါသာအဲ့လိုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးက ဆက်လည်းမတွေးနိုင်၊ ရပ်လည်းမရပ်နိုင်ပဲ။ Dying alone ရဲ့ ကောင်းတဲ့အချက်တွေကို ကြံဖန်တွေးရတာလည်း ဆက်မတွေးနိုင်၊ ရပ်လည်း မရပ်နိုင်။ 

မိုးသက်ဦးလွင်






ရေးသားသူ : မိုးသက် // 8:46 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List