Saturday, August 1, 2026

Some random stories (Episode Unknown - 6)


 

လူတစ်ယောက်အတွက် ရင်ထဲက ချစ်မိနေတဲ့လူတစ်ယောက်ကို သူ့ကိုမချစ်ဘဲ နေလိုက်ဖို့ဘယ်လိုမှ ထိန်းချုပ်တားဆီး လို့မရသလို၊ ကျနော်တို့ရင်ထဲမှာ မချစ်ပါဘူးဆိုတဲ့လူတစ်ယောက်ကိုလည်း ဘယ်လိုမှ ချစ်ပစ်လိုက်ဖို့ လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး။ တစ်ခါပြောခဲ့ဖူးသလို အချစ်ဟာ ဘာကြောင့် ချစ်ရတယ်ဆိုတဲ့ အကြောင်းပြချက် မလိုသလို... မချစ်ရခြင်းမှာလည်း အကြောင်းပြချက်တွေ မလိုခဲ့ပါဘူး။ လူတစ်ယောက်က ကိုယ့်ကို ချစ်နေသည်ဖြစ်စေ၊ ကိုယ့်ကို မချစ်တော့ဘူးဖြစ်စေ စကားလုံးတွေနဲ့ ထုတ်ဖော်ဝန်ခံစရာမလိုဘဲ စိတ်ထဲက အလိုလို ခံစားမိတတ်ပါတယ်။ အဲ့ဒါဟာ ချစ်ခြင်းဖော်မြူလာရဲ့ ထုတ်ဖော်ရဂုဏ်သတ္တိ ဖြစ်သလို မချစ်ခြင်းသင်ခန်းစာရဲ့ နောက်ဆုံးစာမျက်နှာလည်း ဖြစ်ပါတယ်။


အဲ့ဒီနေ့က ညနေစောင်းကြီး ၆ နာရီ လျော့လျော့လောက်ဖြစ်မယ်။ သီရိနဲ့ ကျနော်က ညောင်နီအိမ် ကနေ ပြန်လာကြတာ။ ထုံးစံအတိုင်း ဆရာမက ကျနော့်ဆိုင်ကယ်နောက်ကနေ ကျနော့် အင်္ကျီအိတ်ထဲ လက်ထည့်ထားရင်း ကျနော့်ခါးကို လာလာဆိတ်ရင်း စနေတယ်။ ရှေ့မှာ ကျနော်က တစ်ခါ ကန်တော်ကြီးထဲက ဝါးတောနားမှာ ကျနော် လွယ်ထားဖူးတဲ့ သူ့အိတ်ကို လွယ်ထားရတယ်။

"ကိုကို သီရိမရှိတဲ့ ၂ နှစ်မှာ ကိုကို ရည်းစားထပ်မထားရဘူးနော်"

တချို့ မေးခွန်းတွေက ဖြေစရာမလိုဘူး။ တချို့ မေးခွန်းတွေကျတော့ မေးစရာကို မလိုဘူး။ ဒါပေမယ့် မိန်းမတွေရဲ့ သဘောသဘာဝအရ သိပြီးသားအဖြေကိုလည်း ထပ်ထပ် သိချင်တတ်တဲ့ အနေအထားမို့ "ဘာကိစ္စကြောင့် ရည်းစားက ထားရမှာလဲကွာ။ ဒီတစ်ယောက်နဲ့တောင် ခါးကို လိုက်လိုက်ဆိတ်နေတာ " လို့ ကျနော်က ရယ်သလို မောသလို လုပ်ပြီး ပြဿနာကို ရှောင်ဖို့ ကြိုးစားတယ်။
ကျနော့် အကြံအစည် အောင်မြင်ပုံပါပဲ။ ဒေါ်သီရိက ခပ်တိုးတိုးရယ်တယ်။ ပြီးတော့ ဆက် မဆိတ်တော့ဘဲ ခါးကိုပဲ ဖက်ထားတယ်။ ပြီးတော့ ဆက်ပြောတယ်။ "ကိုကို ဘုရားတရားလည်းလုပ်ဦးနော်" တဲ့။

နောက်နေ့ညနေ သူ မလေးရှားရုံးကိုပြန်ဖို့ ရန်ကုန်ဆင်းသွားတော့ ကားကြီးဝင်းကို ကျနော် လိုက်ပို့တယ်။ ကားမထွက်ခင် စောင့်ရတဲ့ ခုံတန်းမှာ ကျနော့် ပခုံးကို မှီထားတယ်။ အဲ့ညနေက မိုးတွေ အတော်လေး ရွာနေတယ်။ ကျနော့် ကျောပိုးအိတ်ကို သူ့ပေါင်ပေါ်မှာတင်ပြီး လက်နဲ့ဖိထားတယ်။

"သီရိ ငိုနေတာလား"

သူ ပြန်မဖြေဘူး။ လက်ထဲမှာဗျာ ဟို မယားငယ်တာလီခေါ်တဲ့ ပုတီးစိတ်တဲ့ Digital Tally counter လေးကို တစ်ချောက်ချောက်နှိပ်လျက်သား။ ပါးစပ်ကလည်း တွတ်တွတ်ရွတ်နေတယ်။ ကျနော့် ပခုံးပေါ်မှာ ငိုလည်း ငိုနေတယ်။ မိန်းမတွေ အဲ့လောက် Multitasking ကောင်းလား ကျနော် နားမလည်ဘူး။ ကားထွက်တော့ သူ့မျက်ရည်တွေကို သုတ်ပေးပြီး ကျန်းမာရေး ဘာညာ ဂရုစိုက်ဖို့မှာတယ်။ နောက် သူ့ကားထွက်သွားတယ်။ ကျနော်လည်း ကားဝင်းက ပြန်တယ်။

လမ်းမှာ သူဖုန်းဆက်တယ်။ "အစ်ကို့ အိတ်ထဲမှာ အိမ်သော့ ထားခဲ့တယ်။ သေချာစောင့်နေနော်။ ၂ နှစ်တည်း" တဲ့။ စိတ်တွေ မကောင်းတဲ့ကြားက သူ့အိမ်သော့ကို ပေးထားခဲ့တာ အတော်လေး နားမလည်။ ရန်ကုန်က သူ့အမေဆီ ပို့လိုက်ရင်ကောင်းမလား တွေးပေမယ့် လောလောလတ်လတ် ဘာဆက်လုပ်ရမှာလဲ ချက်ချင်းမတွေးနိုင်တော့ဘူး။ သူ့ကို သတိရတဲ့အခါ သွားခွေနေဖြစ်မလား၊ ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ်လောက် သွားအိပ်ရမလား ဘာမှ စဉ်းစားမရသေးဘူး။

ရေရေရာရာ မမှတ်မိတော့ပေမယ့် သူ မလေးရှားကိုရောက်ပြီး တစ်ပတ်အတွင်းမှာ ကျနော်တို့ အဆက်အသွယ်ပြတ်သွားတာ မှတ်မိတယ်။ ကျနော့်ကို ချစ်လွန်းလို့ ဘယ်အမျိုးသမီးနဲ့မှ ရည်းစားမထားဖို့ မှာခဲ့တဲ့ သူက တစ်ပတ်အတွင်း မချစ်တော့ဘူးလို့ ဝန်ခံလာတာက ကျနော့်အတွက် ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားဆိုတာတောင် တွေးမရခဲ့ဘူး။ ဒါပေမယ့် ချစ်နေတဲ့ လူတစ်ယောက်ကို ရုတ်တရက်ကြီး မချစ်တော့ဘူးလို့ ပြောဖို့ (ဝါ) တကယ်ကြီး ချစ်နေခြင်းကို ရပ်တန့်လိုက်ဖို့ အဲ့ဒီလောက် လွယ်ပါ့မလား??? အဲ့ဒီလို ကိစ္စတွေဟာ ကျား/မ၊ အသက်အရွယ်၊ လူမျိုးတွေနဲ့ ဆိုင်လား??? သေချာတာတစ်ခုကတော့ ချစ်ခြင်းကို ဖြစ်စေ၊ မချစ်ခြင်းကို ဖြစ်စေ သာမန်လူသားတစ်ဦးအနေနဲ့တော့ တမုဟုတ်ချင်း ရပ်တန့်လိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတွေပါပဲ။ ချစ်ခြင်းကိုဖြစ်စေ မချစ်ခြင်းကိုဖြစ်စေ အဲ့ဒီလို ယူဆတဲ့အတွက် ဘယ်လိုမှ ထပ်မံ အဖြေမရှာဖြစ်တော့မယ့် မေးခွန်းတွေကို နဂိုကတည်းက လွဲနေခဲ့တဲ့ မေးခွန်းအမှားတွေလို့ပဲ သတ်မှတ်ထားလိုက်မိတော့တာပါပဲ။

- မိုးသက်ဦးလွင်
(၂-၈-၂၀၂၆)



 

My Blog List