Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, November 7, 2023

Some random stories (Unknown episode - 2)

 


တစ်ခါတစ်ခါ သူ့စိတ်က လွန်လေပြီးတဲ့ အချိန်တစ်ခုကလို ပြန်ဖြစ်သွားတတ်တယ်။ သူသိပ်စိတ်ရှုပ်နေတဲ့အခါမျိုး အဲ့ဒီအချိန်က ထရော်မာတွေ ပြန်ပေါ်လာသလား ကျနော်မပြောတတ်ဘူး။ သူပင်ပန်းတဲ့အခါ ကျနော်လည်း ခက်ခဲခဲ့ရတယ်ဆိုတာကိုတော့ ကောင်းကောင်းကြီး မှတ်မိနေတယ်။

တစ်ခါက သူ့အတွက် ကျနော် Powerpoint ပြင်ပေးနေရင်း သူက သူ့လက်ပ်တော့ကို ခဏလာကိုင်တော့ ကျနော် နေရာဖယ်ပေးလိုက်တယ်။ သူ Task တစ်ခုခု လုပ်နေရင်း နည်းပညာနဲ့ အလှမ်းဝေးတဲ့လူတွေ ဆိုင်မှာ လက်ညှိုးထိုးဝယ်သလို ဝယ်ထားတဲ့ လက်ပ်တော့က ပုံမှန် Maintenance လည်းမလုပ်တော့ လေးလံပြီး ဟမ်း နေခဲ့တာကို သတိထားမိတယ်။ အဲ့ဒီအချိန် ကျနော် ထင်မထားမိလောက်အောင်ပဲ သူ့လက်ပ်တော့ကို "ကဲဟာ.. ကဲဟာ " ဆိုတဲ့ စူးစူးဝါးဝါး ကြိမ်းဝါးသံနဲ့ နာနာကျည်းကျည်း လက်သီးနဲ့ ထိုးချပစ်လိုက်တယ်။ ကျနော် ရုတ်တရတ် ကြောင်တောင်တောင်ဖြစ်သွားတဲ့အချိန်မှာပဲ တစ်ချက်၊ နှစ်ချက်၊ သုံးချက်...။
လှုပ်ရုံလောက်လှုပ်ပြီး ငြိမ်သက်နေတဲ့ ကန်ရေပြင်လေးကနေ ဆူနာမီလှိုင်းလုံးကြီးတွေဖြစ်သွားသလို 0 to 100 Tempo ကို စက္ကန့်ပိုင်းအတွင်း ပြောင်းသွားတာ။ ရူပဗေဒသဘောတရားအရ ပြောမယ်ဆိုရင် အင်မတန်ကြီးမားတဲ့ Acceleration မျိုးပဲ။
"Damnnnn! ဘေဘီ.. ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ"
ကျနော် သူ့ပခုံးကို ဆွဲခါပြီး မေးလိုက်တဲ့အချိန်မှာ သူ သတိပြန်ဝင်လာတယ်။ ပြီးတော့ ကျနော့်ပခုံးကို နဖူးနဲ့ ထိထားတဲ့ ပုံစံနဲ့ မှီရုံလေးမှီပြီး ငိုနေတယ်။
သူခန္ဒာကိုယ်လေးက တစ်သိမ့်သိမ့်လှုပ်နေတာကို ခံစားမိတယ်။ ကျနော့်ရင်ထဲမှာ စူးကနဲ သိလိုက်တာက ... သူ့အခြေအနေတွေက ကျနော်ထင်ထားခဲ့သလို ပုံမှန်ပြန်ဖြစ်မနေသေးတာကိုပဲ။ ကျနော် သူ့အနာတရတွေကို ဒီနှစ်ပိုင်းတွေအတွင်းမှာ မေ့နေခဲ့တာလား။ ဒါမှမဟုတ် Recently သူကြုံထားရတဲ့ Harassment ကိစ္စတွေကြောင့် သူ့ဒဏ်ရာတွေ ပြန်ပေါ်လာတာလား ကျနော် စဉ်းစားမရဘူး။
ပြတင်းပေါက်ကနေ အပြင်ကို ငေးနေရင်း ဒဏ်ကြောင့်နီရဲနေတဲ့ လက်နုနုလေးကို ကျနော်ကိုင်ထားမိတယ်။ အခန်းထဲမှာ သူ့ငိုသံကလွဲလို့ ဘာမှ မကြားရဘူး။ အပြင်ဖက်မှာတော့ Night life တွေပါးသွားတာကလွဲရင် ရန်ကုန်ဟာ အရင်အတိုင်းပဲ။
ခဏကြာတော့ ငိုသံလေးတိတ်သွားတယ်။ ခဏကြာတဲ့အထိ ဆက်ပြီး ဖက်ထားမိတယ်။
"စီးကရက်ရှိလား ကို"
နည်းနည်းတော့ အံ့ဩသွားတယ်။ သူ့ကားထဲမှာ ကျနော်နဲ့တွေ့ခါစကလို စီးကရက်တွေ မတွေ့တော့တာ အတော်ကြာခဲ့ပြီ။ သူ့မျက်နှာပေါ်မှာ မျက်လုံးလေးတွေနဲ့ ပြန်ပြီး ပြုံးတတ်လာတဲ့အချိန်ကတည်းက ဆိုပါတော့။
ကျနော် သူနဲ့ လူချင်းခွာပြီး ခဏထတယ်။ ကင်မရာရဲ့ ဘက်ထရီအပိုထည့်တဲ့အိတ်ထဲမှာ သိုသိုသိပ်သိပ် ထည့်ထားတဲ့ Mevius ဘူးကို ထုတ်တယ်။ တစ်ယောက်တစ်လိပ်မီးညှိတယ်။ အခန်းပြတင်းပေါက်တံခါးကို ၃ ပုံ ၁ ပုံလောက်ထိ ဟ လိုက်တယ်။ ပြီးတော့ မျက်နှာချင်းဆိုင် ဆိုဖာ နှစ်လုံးမှာ တစ်ယောက်ကိုတစ်ယောက် ဘာမှ မပြောဘဲ ထိုင်ပြီး စီးကရက်သောက်နေကြတယ်။
လူကောင်သေးသေး မျက်နှာသေးသေးကလေးဟာ ဘာမှ မဖြစ်ခဲ့တဲ့ ပုံစံမျိုးနဲ့ ပြတင်းပေါက်ကနေ ရန်ကုန်ညကောင်းကင်ကို စီးကရက်တစ်လိပ်သောက်ရင်း ကြည့်နေတယ်။ အဲ့ဒီမြင်ကွင်းဟာ ဘယ်လိုပြောရမလဲ။ ပြောပြရသိပ်ခက်တယ်။ Malena ဇာတ်ကားထဲက Monica Bellucci စီးကရက်သောက်တဲ့ ဇာတ်ဝင်ခန်းထက် အဆပေါင်းများစွာပိုလှတယ်၊ ပိုမက်မောစရာကောင်းတယ်လို့ ပြောရင် ခင်ဗျားတို့ ယုံနိုင်ပါ့မလား။
ကျနော် စီးကရက်ပြာခွက်ကို သူ့ဖက်တိုးပေးလိုက်တယ်။
"ဘေဘီ အဆင်ပြေရဲ့လား"
"အင်း.. ပြေပါတယ်..."
"ကိုယ့်ဖက်ကို လာထိုင်ချင်လား"
သူဖြည်းဖြည်းချင်း ထလာတယ်။ တစ်ယောက်ထိုင်ထက် နည်းနည်းပဲ ပိုကြီးတဲ့ ဆိုဖာပေါ်က ကျနော့် ပေါင်ပေါ်မှာ ထိုင်တယ်။ ဘာစကားမှ ဆက်မပြောဘဲ ထိုင်နေမိကြတယ်။ ကိုယ်သင်းရနံ့လေးကအစ ရင်ခုန်သံအဆုံး မှတ်မိနေတဲ့လူမို့ ဘာစကားမှ ဆက်မပြောဘဲ သူ့အတွက် ငြိမ်ငြိမ်လေးပဲ နေပေးလိုက်မိတယ်။ ခဏကြာတော့ ကျနော့်ပေါင်ပေါ်ထိုင်လျက် ကျနော့်ရင်ခွင်ထဲမှာတင် မလှုပ်မယှက် သူအိပ်ပျော်သွားပြီ။
သူ့ကို အိပ်ရာပေါ် ရွှေ့လိုက်တဲ့အထိ သူနိုးသွားပုံမပေါ်ဘူး။ ကျနော့်ရဲ့ အားနာတတ်တဲ့ စိတ်ကို သိလို့ ဆက်အိပ်ချင်ယောင်ဆောင်နေခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။ တစ်ယောက်နဲ့ တစ်ယောက် အယုံကြည်ရဆုံးလူနှစ်ဦးမို့ ဒီလို နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။
အတွေးတွေအများကြီးနဲ့ မအိပ်နိုင်သေးတဲ့ ကျနော်က ထိုင်ခုံမှာ ပြန်ထိုင်တယ်။ စီးကရက်နောက်တစ်လိပ်ကို မီးထပ်ညှိလိုက်ပြီးမှ မီးခိုးငွေ့တွေ အိပ်နေတဲ့လူဆီ ရောက်သွားမလားတွေးမိတာနဲ့ ပြန်သတ်လိုက်တယ်။
လူတစ်ယောက်နဲ့ တစ်ယောက်ဟာ Anger management level ချင်း မတူတဲ့အတွက် ကျနော် သူ့ကို ဘယ်လိုနားလည်ရမလဲ ရုတ်တရတ် မတွေးမိသွားတဲ့အဖြစ်ကို နောင်တရနေမိတယ်။ အဲ့ဒီအချိန်မှာ ကျနော် သူ့ကို ဆွဲဖက်ထားလိုက်သင့်တာလား? ကျနော် မနုတ်နိုင်သေး၊ မတွေ့ရှိသေးတဲ့ဆူးတွေ ဘယ်လောက်များများ သူ့ရင်ထဲမှာ စိုက်ဝင်နေခဲ့သလဲ? ကျနော်သာလျှင် သူ့ကို စိတ်လုံခြုံမှုအပေးနိုင်ဆုံး လူတစ်ယောက်လို့ ထင်ခဲ့တာ မှားများမှားနေလားဆိုတဲ့ မေးခွန်းတွေကို ကျနော် ဖြေဖို့ ကြိုးစားနေခဲ့တာကိုမှတ်မိတယ်။ တစ်ချိန်ချိန်မှာ ကိုယ်မဟုတ်တဲ့လူတစ်ယောက်သာ ကိုယ့်နေရာမှာဆိုရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကိုတော့ ကျနော် မမေးမိခဲ့ဘူး။
သူ့ရဲ့ ဖြစ်တည်မှုအားလုံး၊ ဒဏ်ရာအနာတရတွေ မြင်နိုင်မမြင်နိုင်တဲ့ စိတ်အမာရွတ်တွေအားလုံးကို မြတ်မြတ်နိုးနိုးလက်ခံနိုင်ခဲ့ပေမယ့် မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်တဲ့အကြောင်းအရာတွေ ပေါ်လာလိမ့်မယ် ဆိုတာကိုတော့ ကျနော် ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူးဆိုတာကို ဝန်ခံပါတယ်။

မိုးသက်ဦးလွင်
July 5, 2023.



Thursday, November 2, 2023

Some random stories (Episode Unknown)

 



မာဖလာနဲ့ ခေါင်းစွပ်လေး လူကြုံနဲ့ ငါ့လက်ထဲရောက်လာတဲ့ညနေစောင်းက ငါအခန်းထဲမှာ တစ်ယောက်တည်းရယ်နေတာကို မှတ်မိတယ်။ လိုချင်တယ်ဆိုတာ မသိဘဲ လိုချင်နေတဲ့ ပစ္စည်းတစ်ခု ရလိုက်တဲ့ ကလေးတစ်ယောက် ရယ်သလို အူမြူးပြီး ဟက်ဟက်ပက်ပက်ရယ်နေတာ။ ငါတစ်ယောက်တည်းနေတဲ့အခန်းကျဉ်းလေးထဲမှာ ငါဟာ မျက်ရည်ထွက်လောက်အောင်ရယ်တယ်။ ခေါင်းစွပ်နဲ့ မာဖလာရဲ့ နောက်ကွယ်က ဘဝမှာမရစဖူးရခဲ့တဲ့ မေတ္တာတရားတွေအတွက် ငါရယ်တာ။ လူတစ်ကိုယ်လုံး နုံးချိမောဟိုက်သွားတဲ့အထိကို ရယ်မောပစ်လိုက်တာ။ Introvert တစ်ယောက်ရဲ့ လူမမြင်ရာမှာ ခိုးကြောင်ခိုးဝှက်ရယ်ရတဲ့ အရသာကို မင်းတို့နားလည်အောင် ငါဘယ်လိုရှင်းပြရမယ်မသိဘူး။

မထိုးတတ်ထိုးတတ်နဲ့ ထိုးထားတဲ့ မာဖလာလေးက အရောင်အစပ်အဟပ်တွေ မမှန်ဘူး။ ချည်တွေခပ်ကျဲကျဲနဲ့ ခေါင်းစွပ်ကလည်း ငါနဲ့ မတော်ပါဘူး။ ဒါပေမယ့် ငါကြိုက်တယ်။ ငါ့ဘဝမှာ အဲ့ဒီလောက် ကြိုက်ရတဲ့ အရာတွေ မရှိရလောက်အောင်ကို ငါကြိုက်ခဲ့တာ။ အဲ့ဒီကာလက ဆောင်းရာသီ သုံးခုစလုံးကို ငါအဲ့ဒါတွေနဲ့ပဲ ဖြတ်ကျော်ခဲ့တာ။ မေမြို့ရဲ့ ဆောင်းတွင်းမှာ မတော်ဘဲ ကြပ်နေတဲ့ ခေါင်းစွပ်နဲ့ မာဖလာကြောင်ကြောင်ကျားကျားကို ပတ်ပြီး ကော်ဖီပူပူကို ငုံ့သောက်နေတဲ့ အသက် ၃၀ ပတ်ချာလည် မှန်ကြောင်တစ်ကောင် ကို မြင်ဖူးရင် အဲ့ဒါ ငါပါပဲ။

အနေဝေးခြင်းဟာ နာတာရှည်ရောဂါပါပဲ။ ဆူနာမီဒဏ်က ကြံ့ကြံ့ခံနိုင်ခဲ့တဲ့လှေငယ်ဟာ ကမ်းစပ်က နွယ်ပင်လေးနဲ့ ငြိပြီး ကွဲထွက်သွားတဲ့ အခိုက်အတန့်တွေ ငါတို့ဘဝမှာ ကြုံရလေ့ရှိတယ်။ ငါ့ဘဝမှာ ဆောက်ခဲ့ဖူးတဲ့ တခြားသဲအိမ်လေးတွေလိုပဲ အချိန်ကာလကို မမှုခဲ့တဲ့ သဲအိမ်လေးဟာ အကွာအဝေးကြောင့် အစအနမကျန်အောင် တိုက်စားခံလိုက်ရတယ်.. နောက်တော့...။

အဲ့ဒီမနက်က အဲ့ဒီ မာဖလာနဲ့ ခေါင်းစွပ်ကို စက္ကူအိတ်ကလေးထဲမှာ ထည့်တယ်. ။ ငါသွားခဲ့တဲ့ မိဘမဲ့ဘုန်းတော်ကြီးကျောင်းက တစ်ခေါင်းလုံး ဒက်တွေအပြည့်နဲ့ ကိုရင်လေးဟာ ငါပေးတဲ့ ခေါင်းစွပ်အမည်းကို ကြည့်ပြီး ရယ်တယ်။ ဟက်ဟက်ပက်ပက်ကိုရယ်နေတာ။ ပြီးတော့ သူ့ခေါင်းမှာ အစမ်းစွပ်ကြည့်တယ်။ ပြီးတော့ နောက်တစ်ကြိမ် ထပ်ရယ်တယ်။

တချို့ဇာတ်လမ်းတွေဟာ အရယ်နဲ့ စပြီး အရယ်နဲ့ ဆုံးတယ်။ ဒါပေမယ့် Happy Ending ဖြစ်ကို ဖြစ်ရမယ်လို့တော့ ဘယ်ဘုရား၊ ဘယ်ဒေဝါမှာ အာမခံနိုင်စွမ်းမရှိခဲ့ပါဘူး။

- မိုးသက်ဦးလွင်

June 21, 2023



နွေအိပ်မက်တစ်ခုအကြောင်း

    

 


ပုလဲကွန်ဒိုအောက်ရောက်တော့ မနွေဖုန်းကို တန်းခေါ်တော့တာပဲ။ သူဖုန်းမကိုင်ပါဘူး။ ဖုန်းကို အမြဲတမ်း ၂ ခါ ထပ်မနည်းခေါ်ရတဲ့ မနွေဟာ ပုံမှန်အခြေအနေလို့ ယူဆလို့ပဲလား။ သူ့ဇာတ်ရှုပ်တွေကို တစ်နည်းနည်းနဲ့ ကျနော်သိသွားတာကို ရိပ်မိလို့လား တော့မသိပါဘူး။ ၂ ခါလောက်ခေါ်ပြီး လောင်နေတဲ့ ကိုယ့်စိတ်ကိုယ် ထိန်းတဲ့အနေနဲ့ Lotteria ထဲဝင်ပြီး ကြက်ကြော်စားရင်း စောင့်နေရမလား တွေးမိပေမယ့် ကျနော်လက်ရှိဖြစ်နေတဲ့ Mood က ကြက်ကြော်စားပြီး အေးအေးဆေးဆေးစောင့်စရာ ဘာအကြောင်းမှ ရှိမနေခဲ့ဘူး။ ဒါကလည်း သူ့မျက်နှာကို နောက်ဆုံး မြင်ရတာပဲလို့ ကျနော်ကိုယ်တိုင် သိနေလို့လည်း ဖြစ်မှာပါ။

မှတ်မိသလောက်ဆိုရင်တော့ အဲ့ဒီအချိန်က သူ့မျက်နှာကို မြင်ရင် စိတ်ပြေသွားမှာစိုးတာရော၊ ကျနော်ပြောသင့်ပြောထိုက်ပြောကို ပြောရမယ့် စကားတွေကို မေ့သွားမှာစိုးတာကြောင့်ရော စိတ်ထဲမှာ ဘယ်လို စကားလုံးတွေနဲ့ နာနာကျည်းကျည်းပြောပစ်လိုက်ရမလဲ ဆိုတာကိုပဲ တွေးနေမိတော့တာ။
အိတ်ထဲက စီးကရက်ကို ထုတ်ပြီး မီးညှိတယ်။ ၂ ဖွာလောက်ဖွာပြီးတဲ့အချိန်မှာ ဖုန်းဝင်လာတယ်။ မနွေဆီကတော့ မဟုတ်ဘူး။ ရန်ကုန်ရောက်နေတာလား လှမ်းမေးတဲ့ ဘော်ဒါအစ်ကိုတစ်ယောက်ဆီကပါ။ အလုပ်ကိစ္စကြောင့်လာတာလို့ ခပ်ပြတ်ပြတ်ပြောပြီး ကျနော့်မူရင်း ရည်ရွယ်ချက်ကို Focus ပြတ်သွားမှာစိုးလို့ ပြီးမှ ပြန်ဆက်မယ့်အကြောင်းပါ ပြောလိုက်တယ်။
နောက် ၁၀ မိနစ်လောက်အကြာ ကျနော် ဒုတိယစီးကရက်ကို မီးညှိပြီးတော့မှ ဖုန်း တစ် Call ထပ်ဝင်လာတယ်။ Nway လို့ Nick name ပေးထားတဲ့ Contact ထဲမှာပေါ်နေတဲ့ပုံက စင်ကာပူမှာတုန်းက သူပြေးပြေးနေကျ Bedok Reservior ကြီးဘေးက လမ်းမှာ မနက်ခင်း ဘောင်းဘီတိုလေးနဲ့ ရိုက်ထားတဲ့ (ကျနော်သိပ်သဘောကျခဲ့ဖူးတဲ့) ကျနော့်ဆီ ပို့ပေးဖူးတဲ့ ပုံပေါ့။
"မိုးသက် ဘယ်မှာလဲ" တဲ့။ "ဟဲလို ဟဲလို" နှစ်ခွန်းထပ်ပြီး လို့ ညုတုတု တောင် မပြောတော့ဘူးဆိုတော့ ကျနော် ရောက်နေတာ သူသိလောက်ပြီပေါ့။ ပြီးတော့ ကျနော်ဘာမှ မဖြေခင် "ကားပါကင်ဖက် လာခဲ့" တဲ့။
ကားပါကင်ကိုရောက်တော့ Heineken ဘူးလေးတစ်ဘူးကိုင်ထားပြီး အတော်မူးနေတဲ့(ဟန်ဆောင်ထားတဲ့) ပုံစံနဲ့ ဆီးကြိုတယ်။
"မိုးသက် ငါလေ အောင်ကိုကို့ ကိုလည်း မဖြတ်နိုင်ဘူး နင်မရှိဘဲလည်း မနေနိုင်ဘူး" တဲ့။ ငိုသံကြီးနဲ့။
သူ့မျက်နှာမှာ မျက်ရည်ကျနေလား မကျနေသလားတောင် ကျနော် မကြည့်နိုင်ခဲ့ဘူး။ ကျနော်က ဒီကိစ္စမှာ ရည်းစားမရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သတ်မိတာနဲ့တင် တစ်ချိန်ချိန်မှာ သူ့ရည်းစား ကျနော့်စီနီယာတစ်ယောက် ပေါ်လာမယ်ဆိုတာ အလိုလို ကြိုသိနိုင်စွမ်းလည်း မရှိခဲ့။ ခေါင်းထဲမှာ စီစဉ်ထားတဲ့ စကားလုံးတွေက ကျနော်နှုတ်ခမ်းပေါ်တင် ကျဆုံးသွားတယ်။
"နင် ရူးနေလား။ ငါ့အချိန်တွေ ဘာလို့ လာဖြုန်းခဲ့တာလဲ။ စောင်အာရုံလာမနောက်နဲ့ကွာ။ နင့်မျက်နှာကိုလည်း ငါထပ်မမြင်ချင်တော့ဘူး။ သွားတော့..."
ကျနော့်အသံလည်း တုန်နေတာ ကိုယ့်ကိုယ်ကို သိပါတယ်။
ပြောပြီးပြီးချင်း သူငိုချလိုက်တဲ့ အသံကို ကြားပေမယ့် တကယ်ငိုမငို ကျနော် မသိတော့ဘူး။ အဲ့လိုအမျိုးသမီးတွေမှာ တကယ်ဝမ်းနည်းခံစားတတ်တဲ့ စိတ်ရှိမယ်ဆိုတာ ကျနော် မယုံဘူး။
ပြောပြီးပြီးချင်း ကျနော် လမ်းမပေါ်တက်တယ်။ Taxi တစ်စီးတားလိုက်တယ်။ ကျနော်တည်းနေကျ ရန်ကင်းထဲက ဟိုတယ်ကို ပြန်တယ်။
တကယ်လည်း အဲ့ဒီနေ့က မနွေမျက်နှာကို နောက်ဆုံး မြင်ခဲ့တာပါပဲ။
ကိုအောင်ကိုကိုနဲ့တော့ သင်တန်းတစ်ခုမှာ တစ်ကြိမ်ပြန်တွေ့ခဲ့တယ်။ ဆရာသမားက အိမ်ထောင်ကျသွားပါပြီ။ မနွေနဲ့တော့ မဟုတ်ဘူး။ သူ့ရွာက ငယ်ချစ်နဲ့ ပြန်ယူလိုက်တာ။ သင်တန်းမှာ သောက်ရင်းစားရင်း ညီအစ်ကိုတွေ စကားပြန်ပြောဖြစ်တဲ့အချိန် ကိုယ့်ဆရာကတော့ (မူးနေလို့လားမသိ) တစ်ခွန်းတော့ ပြောတယ်။ "နွေဦးခင်က မင်းကို တကယ်ချစ်တာကွ" တဲ့။
အဲ့ဒီစကားကိုပြောတဲ့အချိန် ကိုအောင်ကိုကို မျက်နှာက ဘယ်လိုအနေအထားရှိနေလဲ ကျနော် မမှတ်မိဘူး။ ကိုယ့်ရည်းစားက ဘတ်တာခံခဲ့ရတဲ့ မအူမလည် ချာတိတ်တစ်ယောက်ကို ရိ ပြီးပြောတာမျိုးလား။ သူ့ရည်းစားဟောင်းကိုယ်စား အားနာလို့ စိတ်ဖြေစရာတစ်ခုအနေနဲ့ ပြောပေးတာလား ဆိုတာကိုတော့ ဘုရားပဲ သိပါလိမ့်မယ်။

မိုးသက်ဦးလွင်
ဇွန် ၂၆, ၂၀၂၃



 

My Blog List