Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, June 21, 2016


မနှင်ဘဲ နောက်လှည့်ပြန်ခဲ့သည်...

မိုးသက်ဦးလွင်        

            Marshell အမှတ်တံဆိပ် နားကြပ်ကို နားမှာတပ်လိုက်သည်..။ ဒီလိုအချိန်ဆိုရင် မိုးလွင် လုပ်ငန်း စပြီ..။ ကွန်ပျူတာ ဒက်စ်တော့ပ် ပေါ်က အသံဖမ်း ဆော့ဖ်ဝဲလ်လေး၏ အိုင်ကွန်ကို မောက်စ်နှင့် ဒဘယ်ကလစ် ခပ်သွက် သွက်ကလေးဖွင့်လိုက်သည်။ ပြီးခဲ့တဲ့အပတ်ကမှ မိုးလွင်၏ စတူဒီယို က ကွန်ပျူတာတွေကို လိုအပ်သည့် အသံဖမ်းပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများဖြည့်ထားတော့ သွက်လက်နေလိုက်တာ...။

            နားထဲက ကြားနေရသည့်အသံကို နားစိုက်နားထောင်၍ လိုအပ်သည်များ ပြန်လည် ပြင်ဆင်ရသည့် Mixing အလုပ်ကတော့ လွယ်တော့မလွယ်..။ ဂီတသဘောတရားများနှင့် စတူဒီယိုသုံးပစ္စည်းများကို နားလည် မှအဆင်ပြေသည်။ တကယ့်တကယ်တွင် စတူဒီယိုသုံးပစ္စည်းများက တန်ဖိုးမနည်းလှ..။ ပစ္စည်းကောင်းလျှင် ကောင်းသလို စတူဒီယို တစ်ခုလျှင် သိန်းရာကျော်ကုန်ကျသည်။ မိုးလွင်အခန်းလေးကတော့ ဈေးနှုန်းအရ သင့်တင့်ပြီး လိုက်လျောညီထွေ ဖြစ်မည့် ပစ္စည်းအသေးလေးများနှင့် အများစုကိုတော့ ကွန်ပျူတာသုံးသက်သက်ပါဝင်သည့် ဆော့ဖ်ဝဲလ်လေးနှင့်သာ ပြန်လည် တည်းဖြတ်သည်..။ ဤသည်ကိုပင် သည်ဆော့ဖ်ဝဲလ် လေးကို ၄၉၉ ဒေါ်လာပေးဝယ် လိုက်ရသည်။

            အာ.. တကယ်ချာတိတ်ပဲ.. ဒီနားမှာ တံတွေးမြိုတဲ့အသံပါလာသေးသကိုး..။ လက်ရှိသီချင်းကို Mix down ဆွဲနေရင်း အဆိုတော်ကောင်လေး၏ တံတွေးမျိုသံပါလာသေးသည်။ အတီးပိုဒ်တွင်မို့ လွယ်လွယ်ကူကူ ဖြတ်ထုတ် လိုက်ရ၍ တော်သေးသည်။  အဆုံးကို Fade out နှင့် ဖြည်းဖြည်းချင်း တိုးရင်း ပျောက်သွားအောင် လုပ်..။

            သီချင်းပြင်နေရင်း Lazy Club တီးဝိုင်းမှ ဂစ်တာသမား ဆရာနိုင်ဇော်ရေးသည့် စာတစ်ပုဒ်ကို သွားသတိရ မိပြန်သည်။ သူ့တပည့်များတီးခတ်နေစဉ် သူက သီချင်းနုတ်စာရွက်မှာ FADE လို့ စာလုံးအကြီးများ ဖြင့် အဆုံးသတ်မှာ ရေးထားသတဲ့..။ Fade ဆိုတာက သီချင်းအဆုံးမှာ အသံမသတ်လိုက်ဘဲ ဖြည်းဖြည်းချင်း တိုးပြီး ပျောက်သွားသည့် ပုံစံမျိုးဖြစ်သည်..။ အသံဆုံးပစ်လိုက်ပြီး တီးလုံးဖြင့်ဆုံးသွားသည်ကိုတော့ Fine လို့ ရေးလေ့ရှိသည်။ ဆရာနိုင်ဇော် ထိုသို့ရေးထားတော့ ရွှေဉာဏ်တော်စူးရောက်သည့် တပည့်ကျော်များက ကော့ဒ် ရေးထားသည် မှတ်ပြီး F.. A.. D.. E ကော့ဒ်လေးခုကို ဆက်တိုက် တီးခတ်လိုက်ကြသတဲ့..။ ဖတ်တုန်းက မိုးလွင်မှာ ရယ်လိုက်ရတာ...။

            လွင့်သွားသောစိတ်ကို ပြန်စုစည်းပြီး အလုပ်ထဲမှာ နှစ်ထားလိုက်သည်။ ဒီအလုပ်က စိတ်ပျံ့လွင့်၍ အဆင်မပြေ.။ စိတ်နှစ်ထားမှ စူးစိုက်မှု ကောင်းမည်၊ ထိုမှသာ မိမိဖန်တီးသောသီချင်း များ၊ ဂီတများ တန်းဝင်မည်..။ အဆင်ပြေမည်..။ 

            စိတ်နှစ်လိုက်တော့ နာရီဝက်လောက်အကြာမှာ Beta အဆင့်လောက် ဖြစ်မည့် အကြမ်းထည် သီချင်း တစ်ပုဒ်ရသည်..။ မနက်ဖြန် အဆိုတော်လာမှ ပြပြီး ကြိုက်မကြိုက် ပြန်မေးရဦးမည်..။ ခဏနားပြီး ခြေဆန့် လက်ဆန့်လုပ်ဖို့ အခန်းကျဉ်းလေးအပြင်ကိုထွက်လိုက်တော့ ညီတော်မောင်က အလိုက်သိစွာ ဆေးလိပ်နှင့် မီးခြစ်ကို ကမ်းရင်း စကားဆိုသည်..။

            "ခုနက ကိုမိုး အထဲဝင်နေတုန်း ကောင်မလေးတစ်ယောက်လာသေးတယ်..။ ချောတာမှ မှုံနေတာပဲ..။ ခဏစောင့်နေသေးတယ်.။ ကိုမိုး အလုပ်ရှုပ်နေတယ်ဆိုလို့ မနက်ဖြန်မှ လာမယ်ဆိုပြီး ထွက်သွားတာ ခုတင်ပဲ."

            "ဟေ့ကောင်.. အငယ်ကောင်.. စားချင်တာစား အာရုံတော့ လာမစားနဲ့..."

            အထိုင်များ၍ ဇက်ကြောတက်နေခြင်းကြောင့် စိတ်ပေါက်နေသည့်အထဲ အငယ်ကောင်က နောက်သလိုလို လုပ်နေသည်...။

            "အာ.. ဟုတ်တယ် ကိုမိုး ကျွန်တော်မနောက်ဘူး.. အတည်ပြောနေတာ...နောက်က လိုက်ကြည့်ရင် တောင် မီဦးမယ်ထင်တယ်.. "

            ဒီကောင့်ပုံစံကြည့်ရတာတော့ အတည်ပြောနေသည့်ပုံပါ.။

            "နောက်ကတော့ လိုက်မကြည့်တော့ပါဘူး..။ သီချင်းအပ်မလို့လာတာနေမှာပေါ့ မနက်ဖြန်လာရင် တွေ့မှာပေါ့ကွာ... "

            ဆေးလိပ်ငွေ့များကို ဟူး ကနဲ မှုတ်ထုတ်လိုက်သည်..။

            ဘာရယ်မဟုတ်..။ အမှတ်မထင် လှမ်းကြည့်လိုက်မိသည့် လမ်းထောင့်မီးပွိုင့်က မီးလုံးကလေး ဝါနေသည်...။ သတိထားပါဆိုသည့် သင်္ကေတ၊ မီးမနီခင် ရောက်ရာအရပ်မှာ ရပ်ထားလိုက်သင့်သော အချက်ပြ.။ ထုံးစံအတိုင်း မီးမနီခင် အမြန်ဖြတ်မောင်းကြသည့် ဆိုင်ကယ်၊ ကားများက သုံးလေးငါးစင်းမက...။ တစ်ဖက်က မီးစိမ်းကြောင့် အရှိန်မြှင့်မောင်းဝင်လာသည့် ယာဉ်များနှင့် ပွတ်ကာသီကာ...။ ဆဲရေးတိုင်းထွာသံ များကြားလိုက်မိလေသလား ထင်လိုက်မိသည်..။ မတိုက်မိတာပင်ကံကောင်း..။

            ခုတော့ မီးပွိုင့်ကလေးနီသွားပြီ... ။ စောစောက တစ်ဖက်ခြမ်းလမ်းမှ မီးနီစဉ်က ရပ်ထားသော ယာဉ်များကား မီးစိမ်းသောကြောင့် ဥဒဟို ပြေးလွှားလျက်.။

-----------------------------------------------------------------------------------------------

            "ဆိုးတော့ မဆိုးဘူးဗျ..။ ဒါပေမယ့် အသံနည်းနည်းခြောက်နေသလားလို့.."

            " Reverb(လိုဏ်သံ) မှာ Wet(အသံစိုစွတ်မှု) နည်းနည်းလျှော့ထားလို့ပါ.။ Delay (နောက်တွဲသံ) လည်း နည်းနည်း ပြန်စွက်ပေး မယ်လေ.။ ဒါက အကြမ်း"

            "အော်..."

            အဆိုတော်ချာတိတ်က သူ့သီချင်းသူ နားထောင်ပြီး သဘောအတော်ကျနေသည်.။ နောက်ကို ပြန်ပြန်ပို့ ပြီး သုံးလေးခေါက် ပြန်နားထောင်နေသည်.။

            "ကျွန်တော် တံတွေးမြိုတာ အသံနည်းနည်းထွက်သွားတယ်ထင်တယ်..အဲဒါမပါတော့ဘူးနော်.."

            "ဟုတ်တယ် အဲဒါ..ဖြတ်ထုတ်လိုက်တယ်"

            "ဟဲဟဲ. ကျေးဇူးပါ ကိုမိုးကြီး..။ ဒါဆို အချောက ဘယ်နေ့ရမလဲ..."

            "မနက်ဖြန်ညနေပိုင်းလောက် လာခဲ့လေ ညီ... ကိုယ်အပြီးလုပ်ပြီး စီဒီပါ ခုတ်ထားပေမယ်..။ ရှိုးပွဲမှာပါ ဆိုလို့ရအောင် တီးလုံးသပ်သပ်ပါထည့်ထားပေးမယ်.."

            "ဟုတ်ကဲ့ကိုမိုးကြီး.. မနက်ဖြန်ကျမှပဲ လက်ဖက်ရည်တိုက်တော့မယ်..."

            "အော် ရပါတယ်ကွာ..."

            အဆိုတော်ကောင်လေးက ပြောပြောဆိုဆိုဖြင့် ထသည်...။

            သူပြန်သွားမှ အခန်းအပြင်ထွက်ပြီး ဆေးလိပ်ကို ပါးစပ်တွင်တပ်၍ မီးညှိလုညှိခင်တွင်...

            "ကိုမိုး.. ဒီမှာဧည့်သည်..."

            အငယ်ကောင့်အသံကြား၍ အပေါက်ဝဖက်ကို မော့ကြည့်လိုက်သည်...။

            ပါးစပ်မှာတပ်ထားသော ဆေးလိပ်ပြုတ်ကျသွားသည်..။

            "ရွှေရည်... ရွှေရည်မဟုတ်လား..."

            "ကိုမိုး..."

            ရင်ထဲမှာ ငြိမ့်ကနဲ ဖြစ်သွားပြီးကာမှ ဗုံးတစ်လုံးအနီးကပ်ပေါက်ကွဲသွားသလို ဆူညံသွားပြီး တစ်စုံတစ်ခု ကို သတိရမိလိုက်သောကြောင့် အတွေးရော လူပါ ယာယီရပ်တန့်သွားသည်..။

            "ရှာလိုက်ရတာ ကိုမိုးရယ်... ရွှေရည် ပြီးခဲ့တဲ့ လကမှ ဂျပန်က ပြန်ရောက်တယ်...။ ကိုမိုး နေနိုင်တယ်နော်.. လုံးဝ အဆက်အသွယ်မလုပ်ဘူး..."

            "မဟုတ်ဘူး ရွှေရည်.. ကိုယ်ရှင်းပြမယ်.."

            "ဆင်ခြေတွေမပေးပါနဲ့ ကိုမိုး.. လူလာတာတောင် ထိုင်ပါဦးမပြောဘူး..။ ရွှေရည်ထိုင်လို့ရတယ်မဟုတ် လား..."

            ရွှေရည်က ပြောပြောဆိုဆိုဖြင့် ဘေးကခုံတွင် ဝင်ထိုင်လိုက်သောကြောင့် ပြောရမည့် စကားစ ပြတ် သွားသည်...။

            "ကိုယ်တို့ အပြင်သွားပြီး တစ်ခုခု စားရင်းနဲ့ စကားပြောကြတာပေါ့ ရွှေရည်..."

            "ကောင်းသားပဲ.. ရွှေရည်ကားပါလာတယ်..ဒီနေ့တော့ ကိုမိုးကို ရွှေရည်ကျွေးပါ့မယ်..."

            တစ်ချိန်က နှလုံးသားချင်းအရင်းနှီးဆုံး လူနှစ်ဦးမို့ ထူးထူးခြားခြား မငြင်းမိ...။ ရွှေရည့်ကို တွေ့လိုက်စဉ် က မိမိရင်ထဲမှာ လှိုက်ကနဲပျော်မြူးသွားတာ..။ ရင်ခုန်သံတွေ ဗြောင်းဆန်သွားတာ ရွှေရည်သိမည် ထင်သည်။ သူသိမှာပါ..။ သိနေမှာပါလေ..။

            ကျောင်းက အိုင်တီမေဂျာမှာ ကွင်းဖြစ်သည့် မန္တလေးသူ ရွှေရည်နှင့် သပိတ်ကျင်းက ကျောင်းလာတက်သည့် တောသား မိုးလွင် ဘယ်လိုဘယ်ပုံ ချစ်သူ ဖြစ်သွားကြသည်ဆိုသည်မှာ ပြန်တွေးတိုင်း ရင်သိမ့်တုန်ရဆဲ..။ မိမိက အနုပညာနှင့်ပတ်သတ်လျှင် ဝါသနာထုံလွန်းလှသည်။ ကျန်တာ မက်လောက်စရာ ဘာမှမရှိ.။ ရွှေရည်ကတော့ ရုပ်ရည်ချောမောသလောက်မိဘများက မန္တလေးမှာ မြို့မျက်နှာဖုံးတွေ..။ ကျောင်းနီးချုပ်စပ်ထိ သတင်းမွှေးသည့် ရွှေရည်နှင့် မိမိ ချစ်သူ ဖြစ်သွားတော့ ဘယ်သူမှလည်း မယုံနိုင်..။ ချစ်သူဖြစ်သွားကြတော့လည်း မိုးမမြင်လေမမြင်..။ ကျောင်းနားက မန္တလေးတောင်၊ ရွှေကျောင်းကြီး၊ ကုသိုလ်တော်ဘုရား မှသည် တောင်သမန်အင်းဖက်၊ ကန်တော်ကြီး၊ ကျောက်ဆည် ရွှေသိမ်တော်၊ ရွှေကူကြီးဘုရား၊ စစ်ကိုင်း၊ မင်းကွန်း မြသိန်းတန်အထိ မိမိတို့ ခြေရာတွေထပ်ခဲ့ကြသည်...။ ဒါပေမယ့်...။

            "ကိုမိုး.. ဘာတွေစဉ်းစားနေတာလဲ.. ဆင်းတော့လေ..."

            ရွှေရည်က ကားကို လမ်းဘေးမှာ ရပ်ပြီးနေပြီ..။ မိမိက အတွေးများစွာဖြင့် ရောက်လို့ ရောက်မှန်းပင် မသိလိုက်..။

            ဆိုင်တွင်ကို မိုးလွင်တို့ ဝင်လာတော့ လူတွေဝိုင်းကြည့်ကြသည်..။ ဘုရင်မသဖွယ် ကြွားဝံ့သည့် ရွှေရည်နှင့် တစ်နေကုန် စတူဒီယိုမှာ အခန်းအောင်းရာက ထလာသည့် မိုးလွင်၏ ပေတီပေစုတ်ပုံစံကို မြင်ယောင်သာ ကြည့်ကြပါတော့...။

            "မီနူးက နှစ်ခုတောင်လား..."

            "မန်ညူးလုပ်ပါ ကိုမိုးရဲ့..။ ဟုတ်တယ်.. တစ်ခုက စားစရာတွေ...။ တစ်ခုက သောက်စရာသက်သက်.. ကိုမိုးဘာသောက်မလဲ..."

            "ဟုတ်ပါပြီ ကိုယ် ရွှေရည့်လောက် အင်္ဂလိပ်စာမကောင်းတာ ရွှေရည်သိပါတယ်.။ ဘာမှ မသောက် တော့ဘူးရွှေရည်... ကိုယ် မသောက်တာ ကြာပြီ..."

            "မသောက်လည်းနေပေါ့.. ရွှေရည်ကတော့ Mojito (ပူစီနံရွက်နှင့် သံပုရာရောထားသော ယမကာရောလေ့ ရှိသည့် အအေးတစ်မျိုး) သောက်မယ်..."

            ယမကာထည့်မှာလား မေးစရာမလိုပါ..။ အရင်ကတည်းက အတော် ဆိုရှယ်ဆန်သည့် ရွှေရည့်အကြောင်းကို သိပြီးသား.။ မိုးလွင် ရွှေရည့်ကို ဘယ်ကစရှင်းပြရမလဲ ဆိုတာကို စကားလုံး စီနေမိသည်..။

            "ကိုမိုး တစ်ခုခု မှာလေ... Mojito ပဲသောက်မလား.. မှာလိုက်မယ် ယမကာ မထည့်နဲ့ပေါ့..."

            "ရွှေရည် ကိုယ်ပြောစရာရှိတယ်..."

            "ပြီးမှပြော.. ခုလောလောဆယ် ဘာမှ မပြောနဲ့ ရွှေရည် ကိုယ့်မျက်နှာကို အေးအေးဆေးဆေး ထိုင်ကြည့်ချင်သေးတယ်..."

            "မဟုတ်သေးဘူး ရွှေရည်.. ကျွတ်.."

            မိမိက ပြတ်သားနိုင်ပါ့မလား..မိုးလွင် ပြန်တွေးကြည့်နေမိသည်..။ စိတ်ထဲမှက တကယ့်ဝိရောဓိ..။ တစ်ဖက်မှာ မိမိအသက်တမျှချစ်ခဲ့ဖူးသော အချစ်ဦး. တစ်ဖက်မှာ...။

            "ကိုမိုး တကယ်ကြီးတော်တော်ပိန်သွားတယ်..."

            "အင်း ရွှေရည်. ရွှေရည်ကတော့ ပိုလှလာပါတယ်..."

            သူမ ပြုံးသည်..။ မိုးလွင် ရင်ထဲမှာ ဗလောင်ဆူလာပြန်သည်..။ အဲဒီအပြုံးတွေထဲမှာ ကျရှုံးခဲ့ရသည့် အချိန်များ..။ အဲဒီအပြုံးကလေးကို သူပိုင်ပစ္စည်းကဲ့သို့ ခြယ်လှယ်နိုင်ခဲ့သော ရက်များ.။ အဖြစ်အပျက်များက မနေ့တစ်နေ့ကလို ပြန်မြင် လာသည်...။ အချစ်ဆုံးဖြစ်သော အချစ်ဦးရွှေရည့်ကို ကိုယ်ဘယ်လို ပြောထွက်ရက် ပါ့မလဲ...။

            "ရွှေရည် ဂျပန်မှာကတည်းက အမြဲတမ်း ကိုမိုးကို သတိရနေခဲ့တာ..။ အင်တာနက်မှာလည်းရှာခဲ့တယ်.။ ဆက်သွယ်ဖို့လည်း အမြဲကြိုးစားခဲ့တယ်..။ ဒါပေမယ့် ကိုမိုးသိပ်ရက်စက်တာပဲ...။ ရွှေရည့်ကို အဆက်အသွယ် လုံးဝ မလုပ်ခဲ့ဘူးနော်..."

            "အာ အဲဒီလို မဟုတ်ပါဘူးရွှေရည်.. ကိုယ်ရှင်းပြပါ့မယ်..."

            "ဆင်ခြေတွေ မလိုချင်ဘူးကိုမိုး... ကိုမိုး ရွှေရည့်ကို အချစ်တွေ ပေါ့နေပြီမဟုတ်လား.။ အနေဝေးတာနဲ့ သွေးအေးသွားပြီမဟုတ်လား..။ ရွှေရည့်ကို ပြောစမ်းပါ ကိုမိုး.. ပြောလိုက်ပါ..။ ဒီမှာ.ဒီမှာ Mojito နောက် တစ်ခွက် ပေးပါဦး..."

            ရွှေရည်က ပြောပြောဆိုဆို နောက်တစ်ခွက်ထပ်မှာသည်..။ စားပွဲပေါ်မှာ ကလပ်ခွက်ကလေးတွေများ လာပြီ..။ တစ်ခွက်.. နှစ်ခွက်.. သုံးခွက်.. လေးခွက်.. နောက်...။

            အပြင်မှာ အတော်မှောင်နေပြီ...။

            "ရွှေရည် မင်းသိပ်မူးနေပြီ.. ပြန်ရအောင်..."

            "မပြန်ဘူး.. ကိုမိုး. ရွှေရည် သောက်ဦးမှာ..."

            "လာပါ ရွှေရည် ကိုယ့်ကိုချစ်တယ်ဆိုရင် ပြန်ရအောင်နော်..."

            ဘာလို့ ဒီမေးခွန်းကိုမေးလိုက်မိလည်း စဉ်းစားမရ..။

            "ကိုမိုး ရွှေရည့်ကို ချစ်လား..."

            "အင်းအင်း ချစ်တယ် ချစ်တယ်...ပြန်ရအောင်နော် ဟုတ်ပြီလား"

            ပြောပြီးမှ ရင်ဘတ်ထဲမှာ စူးကနဲ ဖြစ်သွားသည်..။ နောင်တရမိသလိုလိုလည်း ဖြစ်သွားသည်..။

            "ကားသော့ရော ရွှေရည်.. ကားသော့ပေးဦး..."

            ရွှေရည်က မျက်စိမဖွင့်ဘဲ ဆလင်းဘတ် အိတ်ကိုပုတ်ပြသည်..။ ဆလင်းဘတ်အိတ်ထဲမှာ ကားသော့ ကိုရှာလိုက်ပြီး ရွှေရည့်ကိုတွဲလိုက်သည်..။ ရွှေရည့်ကိုကားပေါ်သို့တွဲတင်လိုက်ပြီးမှ မောင်းသူဘက်အခြမ်းမှ ကားထဲသို့ ဝင်သည်..။

            "ရွှေရည် အခုဘယ်မှာနေတာလဲ..."

            "Swam မှာ ...."

            ဗလုံးဗထွေးပေမယ့် ပီပီသသကြားရသည်ကိုပင် ကျေးဇူးတင်လိုက်မိသည်..။ မိုးလွင် သက်ပြင်းတစ်ခု ကို ချလိုက်မိသည်..။

            Mandalay Swam Hotel ရောက်တော့ Reception မှာ ရွှေရည့်နာမည်နှင့် အခန်းကိုမေးသည်..။ မှတ်ပုံတင်ပေးပြီး အခန်းသို့ ဝင်သည်..။ အခန်းထဲရောက်တော့ ရွှေရည့်ကို ဆိုဖာပေါ်သို့တွဲတင်သည်..။

            "ကိုမိုး... ကိုမိုး.."

            "အင်း ကိုယ်ရှိတယ် ရွှေရည်..."

            "ရွှေရည်တို့....တစ်သက်လုံး အတူတူ.. အတူတူ နေကြရအောင်နေ.. ဘယ်တော့မှ မခွဲတော့ဘူး နော်..."

            ရင်ထဲမှာ မီးတောင်တွေ ပေါက်ကွဲနေသည်..။ ဒွိဟတွေလွန်ဆွဲနေသည်...။ ချစ်သူရယ်...။ အို.. ဘာမှ မဆုံးဖြတ်ရသေးခင်... ရွှေရည့်ကို နမ်းမိလျက်သား..။ ပြီးတော့...

            ရွှေရည်ဖက်တာတွေ ပိုပြီးတင်းကြပ်လာတာ သတိထားမိသည်..။ အနမ်းတွေ ပိုစိတ်လာတာကို လည်း သတိထားမိသည်။ အဆုံးစွန်ဆုံး အခြေအနေတစ်ခုကို ကျွံဝင်လုဆဲဆဲ အလိုတူအလိုပါ ချစ်သူတို့၏ ပွေ့ချီနမ်းရှုပ်မှုနှင့် ခန္ဒာကိုယ်ယိမ်းယိုင်သွားမှုတွင် ချွတ်လက်စ မိုးလွင် အင်္ကျီထဲက လက်ကိုင်ဖုန်းက ကြမ်းပြင်ပေါ် ဒေါက်ကနဲ ပြုတ်ကျသည်  ကောက်ယူလိုက်တော့ Notification မီးလုံးအပြာကလေးလင်းနေသည်..။ အသက်ရှုရပ်မတတ်ဖြစ်သွားသည်..။ စိတ်ထဲက မီးတောက်တွေကို ရေဖြင့်လောင်းချလိုက်သလို ရှဲကန အရှိန်သေသွားသည်..။ ရွှေရည့်ကို ကုတင်ပေါ် သို့တွဲပို့လိုက် ပြီးမှ ဖုန်း Screen ကို ဖွင့်လိုက်သည်.။

            Viber မှာ မက်ဆေ့ချ်ဝင်နေသည်..။

            "မောင်.. သားသားကျောင်းအပ်ဖို့ ကိစ္စအဆင်ပြေလား.. သဘက်ခါမနက်စောစော ကျွဲဆည်ကန် ကားဝင်းမှာ လာခေါ်နော်.. မေမေနေမကောင်းလို့ ညဖက် ဖုန်းမပြောဖြစ်တော့ဘူး... ဒါပဲနော် ကျန်းမာရေးဂရုစိုက်"

            ခေါင်းထဲမှာ တစ်စုံတစ်ခုကို သိလိုက်သည်..။ မှားတော့မလို့...။ မိမိဘဝနှင့်ချီ၍ မှားတော့မလို့ပါလား..။ ခင်ပွန်းတစ်ယောက်၏ ဂုဏ်သိက္ခာ၊ ဖခင်တစ်ယောက်၏ ဂုဏ်သိက္ခာတွေ ပြိုကျဖို့ လက်မတင်ကလေးပါလား..။

            မိုးလွင် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်..။ စားပွဲပေါ်က အရန်သင့်တွေ့ရသည့် Sticky Paper စာရွက် အပိုင်းအစကလေးကို ဖြုတ်ယူပြီး မိမိပြောမထွက်ခဲ့သည့်စကားလုံးများကို ခပ်သွက်သွက်ချရေးလိုက်သည်...။

            သို့...

            ရွှေရည်...

            .................. ။

---------------------------------------------------------------------------------------------------

            "ကိုမိုးကိုလာခေါ်တဲ့ အစ်မက ချောတယ်နော်..."

            "အင်း..."

            "ခု သူ အဲဒီမှာကျန်ခဲ့တယ်ပေါ့..."

            "အင်း..."

            "မသိပါဘူး ကျနော်က နီးနီးနားနားပဲ သွားတယ်မှတ်နေတာ...။ ဆိုင်ပိတ်ပြီး ဘောလုံးပွဲကြည့်မလို့ တီဗွီဖွင့်နေတုန်း ကိုမိုးဆီက ဖုန်းဝင်လာလို့ လာခေါ်တာပဲ..."

            "အင်း..."

            "အာ မီးဝါတော့မယ် ..."

            အငယ်ကောင်က လီဗာနင်း၍ မီးဝါစဉ် ဖြတ်ကူးမည့်အရိပ်အယောင်ပြသည်...။

            "အငယ်ကောင် ရပ်ထားလိုက်တော့..."

            "အာ ဘာလို့လဲ ကိုမိုးရ.. လွတ်ပါတယ်..."

            "ရပ်ထားလိုက်ပါကွာ..."

            အငယ်ကောင်က နားမလည်စွာ မိုးလွင်ကို ပြန်ကြည့်သည်...။

            "တချို့ကိစ္စတွေက လွတ်တယ်ဆိုပြီး ဇွတ်ဝင်လို့ မရဘူးကွ... ကိုယ့်သိက္ခာကိုယ် ထိန်းရမှာ..."

            မိုးလွင် မျက်လုံးများက ငေးငေးငိုင်ငိုင်..။ အငယ်ကောင်ကို မကြည့်ဘဲ သူ့ဖာသာ တစ်လုံးချင်း ဆက်ပြောသည်...။

            "ဟုတ်တယ်...ကိုယ့်သိက္ခာကိုယ် ထိန်းရမှာ..."

            ကားထဲမှာ Big Bag ၏ "ပြဇာတ်မဟုတ်သောပြဇာတ်"သီချင်းဖွင့်ထားသည်.။

            "မကမ်းမယ့် လက်တစ်ဖက်မျှော်လင့်သူ.. မသွားမယ့်လမ်းကို ကြိုဖောက်ပြီး.. မပြီးဘဲကားချ ဇာတ်သိမ်းတော့.. မနှင်ဘဲ နောက်လှည့်ပြန်ခဲ့သည်.... လေပြည်ညင်းလည်း မတိုက်ခတ်ပါ... တေးသံချိုချို မပျံ့လွင့်ပါ.. လက်ခုပ်တီးသူ လူမရှိပါ... တကယ်လည်းပြဇာတ် မဆန်ခဲ့ပါ..."

                                                                                                            မိုးသက်ဦးလွင်

၂၀၁၆၊ ဇူလိုင်လထုတ် မြဝတီမဂ္ဂဇင်း

         



         





            



Saturday, February 6, 2016

ကျွန်တော့်သော့ခလောက်ကလေး


ကျွန်တော့်အခန်းကို သော့ဖွင့်လိုက်သည်..။ ပွင့်မသွားသောကြောင့် စိတ်မကျေနပ်စွာဖြင့်... ပုံစံတူ တွဲထားသည့် အခြားသော့တစ်ချောင်းဖြင့်ဖွင့်လိုက်သည်.။ ချောက်ကနဲ အသံမြည်၍ ပွင့်သွားမှ ကျွန်တော် ကျေနပ်စွာပြုံးလိုက်မိသည်...။ ရိပ်သာတွင် အခန်းတစ်ခန်းရလျှင်ရချင်း ရိပ်သာတာဝန်ခံထံမှ လက်ခံရရှိသော ကျွန်တော့်အခန်းသော့တွဲလေးမှာ သော့ချိတ်မပါပါ.။ ပုံစံတူ သော့ကလေး နှစ်ချောင်း ပါပြီး တစ်ချောင်းက အခန်းသော့ဖြစ်ပြီး တစ်ချောင်းက ဘယ်ကမှန်း မသိသော သော့တစ်ချောင်းဖြစ်ပါသည်။ ပုံစံတူနေသဖြင့် ခွဲမရ..။ ကျွန်တော်ကလည်း ခွဲထုတ်ထားဖို့မစဉ်းစား.။ စဉ်းစားပြီး မလုပ်ဖြစ်သော အလုပ်တစ်ခုဖြစ်ပြီး ကျွန်တော်၏ "ဆောင်ရွက်ရန်ကျန်" စာရင်းထဲမှာလည်း မပါသောအလုပ် တစ်ခုဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း ဟုတ်တိပတ်တိ ဆောင်ရွက်ရန် အလုပ်တစ်ခုအဖြစ် စိတ်လည်းမဝင်စား။ သော့မှားဖွင့်မိလျှင်ပင် ၃ စက္ကန့်လောက်သာ နောက်ကျသွားနိုင်သည့် အလုပ်မို့လည်း စိတ်ထဲမှာ မယ်မယ်ရရမရှိ။ စဉ်းစား ထားသည်သာရှိပြီး အခြားပေါ်လာသော အလုပ်တစ်ခုတွေကြားမှာ ထိုအတွေးလေးက ညပ်ညပ် ပါသွားတတ်သည်။ ထို့ကြောင့်ပင် ကျွန်တော့်အနေဖြင့် ထိုအပိုသော့ကလေးတစ်ချောင်းကို ဖြုတ်ထားရန်မေ့လျော့နေတတ်သည့် အားလျော်စွာ တစ်ခါတစ်ရံ ထိုသော့ပိုကလေးက ကျွန်တော့်စိတ်ကို အနှောက်အယှက်ဖြစ်စေသော အရာတစ်ခုဖြစ်နေတတ်သည်.။ အလုပ်ရှုပ်သော ဦးစီးအရာရှိတစ်ဦးပီပီ ထိုသို့ဖြစ်သော အချိန်တွင်သာ စိတ်ရှုပ်သွားပြီး သော့ပြောင်း၍ ဖွင့်ပြီးပါက လှည့်၍ပင် မကြည့်တော့ဘဲ သော့ခလောက်ကို ပြတင်းတံခါးဘောင်ပေါ်တင်ကာ ယူနီဖောင်းကို အလျင်အမြန် ချွတ်မိစမြဲဖြစ်၏။  အခန်းသို့ ပြန်ရောက်တိုင်း ကျွန်တော် ကံကောင်းလျှင် သော့ကိုတစ်ခါဖွင့်ရ၍ ကံမကောင်းသောနေ့များ တွင် နှစ်ခါဖွင့်ရသည်။ သို့နှင့်ပင် ရက်သတ္တပတ် များစွာကြာမြင့်လာခဲ့သည်။ ကျွန်တော်ကတော့ နေ့စဉ်နေ့တိုင်း သော့ကလေး နှစ်ချောင်းနှင့် ကံစမ်းမဲနှိုက်နေတုန်းသာ...။

--------------------------------------------------------------

ကျွန်တော့်မှာ ရည်းစားတစ်ယောက်ရှိသည်။ ဆယ်ကျော်သက်မဟုတ်သော ကျွန်တော်တို့နှစ်ဦး၏ အချစ်ရေးခရီး မှာ ထင်သလောက် မဖြောင့်တန်းခဲ့..။ ၈ မိုင် Junction 8 က J Donuts ဆိုင်မှာ သူမနှင့် စတင်ဆုံစည်း ခဲ့ရသည်။ သူမသည်လည်း ကျွန်တော့်ထက် တည်ငြိမ်ရင့်ကျတ်သူဟုခံစားမိသူပီပီ ကျွန်တော်တို့ ချစ်သူဘဝကား လူငယ်စုံတွဲများ လောက် ရင်ခုန်တိမ်းမူးစဖွယ်မကောင်း..။ ကျွန်တော့်ထက် လပိုင်းမျှကြီးသော သူမက ကျွန်တော့်ကို "မောင်" ဟု ခေါ်သည်..။ အခြေအနေများကြောင့် နေရာဒေသဝေးကွာသော သူမနှင့် ကျွန်တော်တို့ အတွက် တယ်လီဖုန်း နှင့် အင်တာနက်ကွန်ယက်ကသာ အများဆုံးဆက်သွယ်ဖြစ်ခဲ့ကြသည်..။

            ကျွန်တော့်အလုပ်ကနေပြည်တော်မှာ..။ သူမက ရန်ကုန်မှာဖြစ်သည်။ ကျွန်တော်က ရုံးအလုပ်ဖြင့်မကြာခဏ ရန်ကုန်သို့မကြာခဏလာရသည်။ ထိုအချိန်များသည်ကား ကျွန်တော့်အတွက် ပျော်ရွှင်မှုအတိပြီးသောအချိန်ဖြစ်သည်.။ အလုပ်ကို စောနိုင်သမျှစောအောင် အားထည့်၍လုပ်ပြီး အချိန်အပိုအလျှံကလေးများရှိလေတိုင်း သူမနှင့်တွေ့ဆုံဖြစ်သည်။ သူမနှင့်အတူရှိသောစက္ကန့်တိုင်းက ကျွန်တော့်အတွက် ရွှေအတိပြီးသော စက္ကန့်များပင်ဖြစ်လေသည်။

            “ချစ် …မောင်မနက်ဖြန် ရန်ကုန်လာရဦးမယ်…”

            “ဟုတ်လားမောင်.. မနက်ဖြန် ချစ်အလုပ်နားတယ်.. သီချင်းသွားဆိုရအောင်လေ…”

            သူမနှင့် ကျွန်တော် ရွှေတိဂုံဘုရားခြေရင်းက M3 မှာ သီချင်းမကြာခဏသွားဆိုဖြစ်သည်။ ကျွန်တော့်ဘဝလက်တွဲ ဖော်အဖြစ်ရည်ရွယ်ထားသော သူမက ကျွန်တော့်ရင်ထံမှ စံချိန်စံညွှန်းများဖြင့်ကိုက်ညီသူဖြစ်သည်.။ ငွေကြေးဥစ္စာကို ရှေ့တန်းမတင်သော ကျွန်တော့်ဘဝတွင် ကျွန်တော်နှင့် ဝါသနာတူညီသူ၊ အနုပညာကို ခံစားနိုင်သူ အဖြစ် ကျွန်တော် သူမ လို ချစ်သူတစ်ယောက် ကျွန်တော့်ဘေးမှာရှိနေခဲ့ခြင်းအတွက် အမြဲတမ်းကျေနပ်နှစ်သိမ့်နေခဲ့သည်.။ သို့သော် သူမဆီမှာ ကျွန်တော်မကြိုက်သောအချက်တစ်ခုက ကျွန်တော့်အပေါ်ထားရှိသော လျှို့ဝှက်ချက်များရှိနေခြင်းပင်ဖြစ်သည်။

            လူနှစ်ဦးပေါင်းသင်းဆက်ဆံရာတွင် တစ်ယောက်နှင့်တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက်မထားရှိခြင်းသည် လူနှစ်ယောက်၏ စိတ်နှလုံးကို ပိုမိုနီးကပ်စေသည့်သဘောရှိသည်။ လျှို့ဝှက်ချက်ထားရှိခြင်း၊ ထိုလျှို့ဝှက်ချက်ကို မသိရခြင်းသည်ကမူ သံသယများဖြစ်ပေါ်စေတတ်သည်မှာလည်း အမှန်ပင် ဖြစ်သည်။ ကျွန်တော့်အပေါ်ထားရှိသော သူမ၏လျှို့ဝှက်ချက်များကို သူမ ဘာတစ်ခုမှ ဖွင့်ဟပြောဆိုခြင်းမရှိခဲ့။ ကျွန်တော်က လည်း မမေးမြန်းခဲ့။ သူမကလည်း ထုတ်ဖော်လိုသည့် ဆန္ဒရှိဟန်မတူချေ..။ ကျွန်တော့်အားနည်းချက်က ပိပိရိရိလိမ်ညာရန်ဆန္ဒမရှိ။ ဖုံးကွယ်ထားသောကိစ္စများရှိလျှင်ပင် တည့်တည့်မေးမြန်းလာပါက အမှန်အတိုင်း ထုတ်ဖော် ပြောတတ်သည့် အကျင့်ရှိသည်။

            ကျွန်တော်က ကျွန်တော့်ဘဝနှင့်ပတ်သတ်၍ သူမအပေါ်ဘာတစ်ခုမှ လျှို့ဝှက်မထားခဲ့။ ကျွန်တော်မိဘအလုပ် အကိုင်၊ ကျွန်တော့်အလုပ်နှင့်ရာထူး၊ နေရပ်လိပ်စာ၊ မည်သည့်အလုပ်လုပ်ရသည်ဆိုသည်ကအစ သူမကို အကုန်ပြောပြထားခဲ့သည်။ ယုတ်စွအဆုံး ရည်းစားဟောင်းများ၏ နာမည်၊ ယခုအဆက်အဆံရှိသည် မရှိသည်ကအစ သူမကို အားလုံးအသိပေးထားသည်..။ ထိုသို့ ပွင့်လင်းမှုအပေါ်လည်း ကျွန်တော်က မိမိအချစ်အတွက် လိပ်ပြာသန့် နေခဲ့သည်။

            သူမကတော့ ကျွန်တော်နှင့်ပြောင်းပြန်..။ သူမ၏ နေရပ်လိပ်စာကို ထုတ်ဖော်မပြော။ သူမ၏ မိခင်ကို ဓာတ်ပုံတွင်း မှာသာ မြင်ဖူးသော်လည်း နာမည်မည်သို့ခေါ်သည်ပင် ကျွန်တော်က မမေးမြန်းခဲ့။ သူမရည်းစားဟောင်းများနှင့်ပတ်သတ်၍ လည်း ကျွန်တော်က စိတ်ဝင်တစားမရှိ..။ မိန်းကလေးတစ်ယောက်ကို ချစ်မြတ်နိုးသောသူအဖို့ အတိတ်ထက် အနာဂါတ်ကို ပိုမိုစဉ်းစားခြင်းက အဖြေဟုထင်မှတ်ထားခဲ့သည်။

ကျွန်တော် သူမကို ယုံကြည်ခဲ့ပါသည်…။

            တစ်ခေါက်က ကျွန်တော် ပဲခူးဖက်က ရုံးကို အလုပ်ကိစ္စတစ်ခုဖြင့်လာရသည်.။ အပြန်တွင် အချိန် ၁ ရက်ခန့် ပိုနေသည်နှင့် ရန်ကုန်သို့တက်လာခဲ့သည်..။ နယ်မှဖြစ်သော ကျွန်တော့်အဖို့ ရန်ကုန်ကို မကျွမ်းကျင်သည့်အားလျော်စွာ ရန်ကုန်-ပဲခူးကားမှ တောင်-မြောက်ဒဂုံလမ်းဆုံတွင်ဆင်းနေရစ်ခဲ့သည်…။ ထို့နောက် ကျွန်တော်သူမကို ဖုန်းခေါ်သည်။

            “ချစ်ရေ.. မောင်တော့ ရန်ကုန်ရောက်နေပြီ..”

            “ဟုတ်လားမောင်.. ခုဘယ်မှာလဲ…”

            “မောင်အခု တောင်-မြောက်လမ်းဆုံမှာ..။ ချစ်ရော ဘယ်မှာလဲ အိမ်မှာပဲလား…”

            “မဟုတ်ဘူးမောင်.. ကန်ဘောင်မှာ သူငယ်ချင်းတွေနဲ့ရောက်နေတာ.. မောင်လာခဲ့အခု…”

            “အာ .. မောင်လာလို့မရဘူးချစ်ရ..။ အထုပ်အပိုးတွေကို ရန်ကုန်ရုံးမှာ သွားထားပြီးမှ လာလို့ရမှာလေ…”

            “မရဘူး…နင်နော် အခုလာခဲ့.. ငါနောက် တစ်နာရီလောက်ဆိုရင် ပြန်မှာ နင်မလာရင် နင်နဲ့ငါအပြတ်ပဲ…”

            သူမဘာကြောင့်ခုလို နွဲ့ဆိုးဆိုးသလဲတော့ ကျွန်တော်မသိ။ ဘာကြောင့်ဒီလိုရစ်ရသလဲ မတွေးတတ်။ နားမလည် ရန်ကောဟုလည်းအပြစ်မဆိုလိုသည့်အတွက် အထုပ်အပိုးများကို အုတ်ကျင်းရှိ အသိတစ်ယောက်အိမ်တွင်ထားခဲ့ပြီး ကန်ဘောင်သို့ အပြေးအလွှားရောက်ခဲ့သည်။ အင်းယားကန်ဘောင်ကိုရောက်တော့ သူမဆီဖုန်းခေါ်သည်။

            “ချစ်.. မောင်အခု ဈေးဆိုင်တန်းတွေဖက်လာနေတယ်.. ချစ်ဘယ်နားမှာလဲ…”

            “သြော် ရောက်ပြီလား..ခဏ …”

            သူမ ဝိုင်းမှထ၍ ဖုန်းထဆက်သည်ဟု နားလည်လိုက်သည်။ စက္ကန့် ၂၀ လောက်ကြာမှ …

            “မောင် ချစ်ထွက်လာခဲ့မယ်..။ မောင်ဝင်မလာနဲ့နော်.. ဒီမှာ စီနီယာတွေပါလို့ မကောင်းဘူးလေ…နော်.. အဲဒီနား ကပဲ စောင့် ချစ်အခုထွက်လာနေပြီ…”

            သူမရောက်လာတော့ သူမနှင့် ကန်ဘောင်ပေါ်က မြက်ခင်းပြင်ပေါ်မှာထိုင်၍ စကားပြောကြသည်။ သူမနှုတ်ခမ်းမှ ထူးထူးခြားခြားရနံ့တစ်မျိုးရသည်။ ဘာရနံ့လည်းဆိုတာတော့ မဝေခွဲမိ..။ သူမက ကျွန်တော့်ပခုံးပေါ်မှာ မှီနွဲ့နေသည်။

            ငါးမိနစ်လောက်ကြာတော့ သူမက စကားစဖြတ်သည်..။

            “စီနီယာတွေစောင့်နေတယ်.. ချစ်ပြန်တော့မယ်နော်….”

            လူတွေရှုပ်နေသည့်ကြားမှ သူမက ကျွန်တော့်ပါးကိုလှစ်ကနဲ နမ်းသည်..။

            “လာ မောင် ချစ်အောက်လိုက်ပို့ပေးမယ်…”

            “ရတယ်ချစ်.. မောင့်ဖာသာကားတားစီးသွားလိုက်ပါ့မယ်… ချစ်မလိုက်နဲ့တော့နော်…”

            “ဟုတ်ကဲ့မောင်… ညကျရင် ဖုန်းဆက်လိုက်နော်… တာ့တာ”

            သူမက နှုတ်ဆက်ပြီး ဈေးဆိုင်တန်းတွေဖက် ပြန်ထွက်သွားသည်။ အင်းယားကန်ဘောင်လှေကားထစ်တွေကနေ ပြည်လမ်းမဖက်ဆင်းလာခဲ့ပြီး သူမဖက်ကို အမှတ်မထင်ပြန်လှည့်ကြည့်တော့ သူမ၏ ကျောပြင်ကို မြင်နေရတုန်းဖြစ်သည်။ ပြန်တက်သွားရင်ကောင်းမလားဟုတွေးမိလိုက်ပြီးမှ ဆုံးဖြတ်ချက်ကို ပြင်လိုက်သည်။ တက္ကစီတစ်စီးလာရပ်သည်နှင့် ကားပေါ်တက်ပြီး အသိအိမ်ဖက်ပြန်မောင်းခိုင်းလိုက်သည်။ အရက်၊ ယမကာ မသောက်သုံးသည်မှာ ကြာမြင့်လှပြီဖြစ်သော် လည်း သူမနှုတ်ခမ်းက ခပ်သင်းသင်းရနေသော ရနံ့က Spy Wine ရနံ့ကလေးဆိုတာကိုတော့ သတိရဖြစ်အောင် ရလိုက်သေးသည်။ သူက ဘာကြောင့်သောက်သလဲ၊ ဘယ်သူနဲ့သောက်သလဲဆိုတာ မစဉ်းစားမိ..။ ကျန်ရစ်ခဲ့သော ကန်ဘောင်ဖက်ကို ပြန်ငေးကြည့်တော့ အရိပ်အယောင်ပင်မမြင်ရတော့…။ ခုဆို သူမ စီနီယာတွေနဲ့ ပြန်တွေ့နေမှာပဲ..။

            ကျွန်တော်သူမကို အမှန်တကယ်ပင် ယုံကြည်ခဲ့ပါသည်။

------------------------------------------------------------

            ဒီတစ်ခါရန်ကုန်ခရီးစဉ်ကတော့ ကျွန်တော့်အတွက် အတော်စိတ်ကျေနပ်စရာကောင်းသည်။ အလုပ်ကို ဖိဖိစီးစီး လုပ်လျှင် လေးငါးရက်ဖြင့် ပြတ်နိုင်သောအလုပ်ကို ၁၁ ရက်အချိန်ပေး၍ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ တကယ့်တကယ်လည်း လေးရက်မြောက်နေ့တွင် အလုပ်ပြီးစီးလုနီးပါးဖြစ်သွားသည်။ သူမနှင့်တော့ တစ်ရက်မှ မတွေ့ရသေး။ နောက်ဆုံးအလုပ်ဖြတ်ဖို့ သီလဝါကို ရန်ကုန်ရုံးက အုပ်ချုပ်သူနှင့်လိုက်သွားရမည့်အချိန်တွင် သူမက ကျွန်တော့်ကို ချိန်းဆိုသည်။ ကျွန်တော်က အခြေအနေအကြောင်းစုံကိုပြောပြ၍ နောက်ရက်မှ တွေ့ဆုံရန်ချိန်းဆိုတော့ သူမက မအားလပ်ကြောင်းဆိုသည်။

            သူမစိတ်ကောက်သွားကြောင်း ကျွန်တော်သိလိုက်ပါသည်။

            နောက်ရက်တွေမှာ ကျွန်တော်ဖုန်းဆက်တော့ သူမက အကြောင်းမျိုးစုံပြကာ အတွေ့မခံ။ သည်လိုနှင့်ပင် ၁ဝ ရက်မြောက်နေ့မှာ ကျွန်တော်သူ့ဆီအကြောင်းဆိုရတော့သည်။

            “ချစ်ရေ.. မနက်ဖြန် Off day ဆိုရင် မောင်နဲ့တွေ့ရအောင်…”

            “ငါမအားဘူး.။ မနက်ဖြန် စီနီယာတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ်…”

            ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားသည်။ သူမစိတ်ဆိုးလျှင် နင်နဲ့ငါနဲ့ ပြောတတ်သည်ကမထူးဆန်း။ ထူးဆန်းသည်က ရုပ်ရှင်က ကျွန်တော့်ထက် အရေးကြီးပါသလား..။ သူ့ရုံးကစီနီယာများကရော ချစ်သူရည်းစားမရှိကြဘူးလား.။ ဒီလောက် ကလေးတောင် ပြောခွင့်မရဘူးလား..။

            “ချစ်ရာ မောင်က မနက်ဖြန်ဆို ပြန်တော့မှာလေ..။ ချစ်နဲ့ တစ်ခါမှ မတွေ့ရသေးဘူး..”

            “ငါချိန်းသားပဲ.. နင်မအားတာလေ..။ အေး.. ဒီမှာ ငါအလုပ်ရှုပ်နေတယ်.. နောက်မှ ပြန်ဆက်လိုက်မယ်…”

            ပြန်မဆက်မှာမှန်းသိပါလျက်နှင့် ကျွန်တော် မည်သို့မျှမဆိုသာခဲ့။ သူမ ဟိုတစ်နေ့က ကိစ္စအတွက် ကျွန်တော့်ကို စိတ်ဆိုး နေသည်မှာသေချာသည်။ ထိုမျှလောက်စိတ်မဆိုးသင့်ဘူးဟုတော့ ထင်မိသည်။

            ညရောက်တော့ ကျွန်တော်သူမကို ဖုန်းဆက်၍ တောင်းပန်ရသည်။ အချိန်တော်တော်ကြာကြာ တောင်းပန်မှ သူမက မနက်ဖြန်နေ့ခင်းပိုင်းတွေ့ရန်သဘောတူလိုက်သည်..။

            ၈ မိုင်က YKKO မှာ ကျွန်တော်တို့ နေ့လည်စာစားကြသည်။ နေ့လည်စာစားရင်းပင် ကျွန်တော့်ထံဖုန်းဝင်လာ သည်။ ရန်ကုန်ရုံးမှာ အစ်ကိုတစ်ဦးမို့ ကျွန်တော်ဖုန်းကိုင်လိုက်သည်။ စားပွဲမှထ၍ ဖုန်းခဏထပြောပြီး ပြန်ထိုင်သည်။

            “ဘယ်ကဖုန်းလဲ…”

            “ကိုမြတ်ယုဆီကပါ..။ မောင်တို့ ရုံးက..။ ရန်ကုန်ကလူကြီးက ညနေ ၇ နာရီ Meeting တက်ဖို့ လှမ်းပြောခိုင်းလို့ တဲ့…”

            “ငါ့ကို ဖုန်းပေး..”

            သူမက ကျွန်တော့်ဖုန်းကို လှမ်းယူလိုက်ပြီး Call Log တွေထဲ ဝင်ရှာသည်။ ဖုန်း Call list ထဲမှာ သူမသဘောမကျ သောအမျိုးသမီးတစ်ဦး၏ အမည်ကိုတွေ့သွားသည်။ သူမပြုံးလိုက်သည်။

            ကျွန်တော့်မှာ မိတ်ဆွေရင်းကဲ့သို့ခင်မင်ရင်းနှီးသော အနုပညာနယ်ပယ်မှ အမျိုးသမီးများ၊ မောင်နှမကဲ့သို့ချစ်ခင် သောမိန်းကလေးများရှိသည်။ အချို့သူများကို သူမက မနှစ်သက်။ ကျွန်တော်ကလည်း အကြောင်းမရှိဘဲ.. ထိုသူများနှင့် အဆက်အသွယ်ဖြတ်ဖို့ မစဉ်းစားထား။ သူမကိုလိမ်သည်မဟုတ်သော်လည်း ဖုံးကွယ်ထားခဲ့သည်။ ရန်ကုန်ရောက်တိုင်း လည်း ထိုသူများနှင့်သွားမတွေ့ဖြစ်.။ မိမိအလုပ်ကိစ္စဖြင့်ရောက်နေကြောင်းသာ လှမ်းအသိပေးပြီး သွားမတွေ့ဖြစ်သည်က များသည်။ ထိုသို့အသိပေးထားသော ဖုန်းတစ်လုံးကို သူမတွေ့သွားခြင်းဖြစ်သည်။ သေချာသည်က သူမ၏ အပြုံးက ရင်ခုန်ညွတ်နူးဖွယ်ချစ်သူတစ်ယောက်၏ အပြုံးမဟုတ်သည်ကားသေချာလှသည်…။ ထိုအပြုံးကား အောင်နိုင်သူတို့၏ အပြုံး၊ ကျေနပ်သူတို့၏ ခပ်ထေ့ထေ့အပြုံးမျိုးပင်ဖြစ်သည်..။

            ထို့နေက အဲဒီကိစ္စအပြီး သူမကျွန်တော့်ကို စကားမပြောတော့..။ လမ်းခွဲပြီးပြန်သွားသည်..။ ကျွန်တော် နေပြည်တော်ပြန် ရောက်ပြီး ၂ လလောက်အကြာမှာ သူမ နေပြည်တော်ရောက်လာသည်..။ မည်သူနှင့် တွေ့ဆုံသည်၊ မည်သည့်ကိစ္စနှင့်တွေ့ဆုံသည် ဆိုသည်ကိုကား ကျွန်တော်မသိရ.။ ကျွန်တော့်ကိုလည်း အသိမပေး.။ သူမနှင့်လည်း ရန်ကုန်မှာနောက်ဆုံးတွေ့ပြီးကတည်းက သူမဘက်မှ တစ်ဖက်သတ် အဆက်အသွယ်ဖြတ်နေခဲ့သည်.။ ကျွန်တော့် ကိုလည်း ဖုန်းမဆက်..။ ကျွန်တော့်ဖုန်းကိုလည်း မကိုင်တော့.။ အသိတစ်ယောက်၏ သတင်းပေးချက်အရ သူမ ရန်ကုန် ပြန်မည့် ညနေစောင်းက ကျွန်တော်သူမနှင့်တွေ့ဆုံရန် ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် သူမတို့ကားကို စောင့်နေခဲ့သည်…။ သို့သော် သူမပေါ်မလာခဲ့..။ စင်စစ်သူမသည် ကျွန်တော့်အား လှည့်စား၍ နောက်ရက်မနက်မှသာ ရန်ကုန်သို့ ပြန်သွားခြင်းဖြစ်ကြောင်း ကျွန်တော်နောက်မှ သိခဲ့ရသည်။

            ထိုအချိန်များက ကျွန်တော် ရူးမတတ်ဖြစ်ခဲ့သည်..။ ရူးခဲ့သည်ပေါ့…။ ထပ်မံဆက်သွယ်ဖို့ ကြိုးစားတော့လည်း အဆက်အသွယ်မရတော့..။ နှစ်ဦးစလုံးနှင့်ခင်မင်သည့် မိတ်ဆွေများက ကျွန်တော့်ကိုတားလာကြသည်..။

            “ဆက်မကြိုးစားနဲ့တော့အစ်ကို.. သူက အစ်ကိုနဲ့ ပြတ်ပြီးကတည်းက များလှပြီ…။ ကျွန်တော် အများကြီး မပြောချင်ဘူး…”

            “များလှပြီ” ဆိုသော အဓိပ္ပာယ်ကို ကျွန်တော်ပြည့်ပြည့်ဝဝပင်နားလည်လိုက်ပါသည်…။ ကျွန်တော်ကတော့ ကျွန်တော်နှင့် တက္ကသိုလ်ကျောင်းသားဘဝက အတူတူတက်ခဲ့သည့် ညီငယ်တစ်ဦးနှင့် သူမတို့၏ ဇာတ်လမ်းကို တိတိကျကျ သိရသည့်အချိန်မတိုင်ခင်အထိ..သူမကို စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ယုံကြည်ကိုးစားခဲ့ပါသည်…။ သို့သော်…။

----------------------------------------------------------------------------------

ကျွန်တော် အခန်းသော့ကို ဖွင့်လိုက်သည်..။ ချောက်ကနဲ မြည်ကာ ပွင့်သွားသည်..။ ကျွန်တော် ပြုံးလိုက်သည်.။ ကျွန်တော် ကံကောင်းသည်ဟု တွေးလိုက်မိခြင်းမဟုတ်..။ သည်သော့ခလောက်လေးဟာ သော့နှစ်ချောင်းစလုံးနှင့် ပွင့်နေတာ တစ်လလောက်ရှိပြီဖြစ်သည်။ သည်သော့ခလောက်လေးဟာ ဤသော့နှစ်ချောင်းသာမက သည်သော့တံပုံစံမျိုးစုံနှင့် ဖွင့်တိုင်းပွင့် နေသည်ကိုလည်း ကျွန်တော်သိသည်..။ သို့သော် ကျွန်တော်ဖွင့်မကြည့်..။ သည်သော့ကလေး ပျက်နေသည် ဆိုသည် ကတော့ ပြောရန်မလိုတော့..။ သည်သော့ကိုလဲပစ်ရမည်ဟုတော့ တွေးထားသည်။ သို့သော် အကောင်အထည် မဖော် ဖြစ်သေး။ ထုံးစံအတိုင်း အလုပ်ရှုပ်နေတတ်သူမို့ အခြားအရေးကြီးကိစ္စများကရှိနေသေးသည်.။ သော့ခလောက် ကလေး ပွင့်သွားသည့် ချောက်ကနဲ အသံကလေးကို ကြားတိုင်း ကျွန်တော့်နားထဲမှာ မကြားခဲ့ရသည်မှာ တစ်နှစ်ကျော် နေပြီဖြစ်သော  "မောင်" ဟုသာ ကြား နေမိတော့သည်။



~မိုးသက်ဦးလွင်~

(၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ Closer မဂ္ဂဇင်း)





Wednesday, January 13, 2016

အျဖဴ...


ချောင်းဟန့်လိုက်ရုံနဲ့ ထွက်ကျမသွားပါဘူး…
အဖြူဟာ တစ်သီးတစ်သန့်
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်ကိုင်ရိုးတစ်ခု
အဲဒီသင်္ခါရထဲမှာ ကိုယ်ငြိတွယ်ကောင်းပါရဲ့လား
အဖြူဟာ ငြိမ်းချမ်းရေးနဲ့ ဗလာနယ်ဖြစ်တယ်
အဖြူဟာ ညီမလေးနဲ့ ခန်းဂျိစာလုံးများဖြစ်တယ်
အဖြူဟာ ဒဂုံစင်တာမှာစပြီး ၁၉ လမ်းမှာဆုံးတဲ့ ရွက်ဆုတ်ပြက္ခဒိန်တစ်စောင်ဖြစ်တယ်
အဖြူသက်သက်…။

အဖြူဟာ သူ့ချည်းသက်သက်လည်း ဖြူနိုင်လွန်းရဲ့
အဖြူဟာ ညီမလေးမွှေလိုက်တဲ့ Choco milk-shake လေးထဲပျော်ဝင်သွားတယ်...
သူပေးတဲ့စာအုပ်လေးထဲ ညှပ်ညှပ်သိမ်းထားတဲ့အလွမ်းများ
သူ့နှုတ်ခမ်းပါးလေးက တည်တည်ငြိမ်ငြိမ် အချစ်မဲ့စကားများ
သူ့ဆံပင်ရှည်လေးများကြားက အပြစ်မဲ့ ရနံ့ဖြူဖြူလေးများ
အဲ့သလို ဝိုးတဝါးပညတ်ချက်အချို့နဲ့ပဲ ကိုယ်ဟာ ကျေနပ်တတ်ဖူးပြီ
အဖြူဟာ အဖြူသက်သက်နဲ့တင်လှိုက်လှိုက်လဲလဲ ရက်စက်တတ်ရဲ့
ကိုယ့်ဖက်ကို လှည့်မကြည့်ပုံများ
မနက်မနက်ကျတဲ့ နှင်းမှုန်ကတောင် ခပ်ဖျော့ဖျော့သာ ဖြူသတဲ့..
ညီမလေးရယ်...
(ဖြစ်ပုံများကတော့)
ဘယ်လောက်ပူပူ
အဲဒီသောကဖြူဖြူလေးတွေပဲ မလွတ်တမ်းဖက်တွယ်ထားဆဲ
အဲဒီရက်စွဲကလေး ကိုယ့်ရင်ကို နောက်တစ်ကြိမ်အားပြင်းပြင်းဝင်ဆောင့်တဲ့အထိ...

နာမကျန်းနှစ်သစ်ကူးရင်ခုန်သံဟာ အဖြူကိုငတ်မွတ်တယ်
ငါ့ရင်ဟာ ပူလောင်ခြင်းကို စည်သွယ်ဘူးလိုဖိသိပ်ထိုးထည့်လို့
အဖြူရဲ့မုန်းတီးမှုလေးကိုပဲ နာနာကျင်ကျင်ချစ်ဖူးခဲ့
ပျဉ်ဖိုးသိသိနဲ့အခါခါသေဖူးခဲ့
အတိတ်ကိုနဖူးမှာတင်းတင်းစည်းလို့အိပ်ရာဝင်ဖူးခဲ့
အဖြူရဲ့အပြုံးဖြူဖြူလေးအကြောင်း စာရွက်ဖြူဖြူပေါ်မှာ အကိုးအကားမဲ့ အခါခါချရေးဖူးခဲ့…
ဝမ်း...နည်း...ပက်…လက်…။

~မိုးသက်ဦးလွင်~



Sunday, December 27, 2015

ကိုယ့်အာရုံဟာ မြို့ကြီးပြကြီးမဆန်ဘူး၊ ရွက်ကြွေကလေးရဲ့ ခိုးခိုးခစ်ခစ်ရယ်သံနဲ့အတူ


လွင့်ပါးတာချင်းအတူတူ
ငါ့မှာသာ လူလူသူသူ အကျမတော်ခဲ့..
ရွက်ကြွေကလေးရယ်...
လေတိုက်တဲ့အခိုက်မှာတောင်
ကိုယ့်မှာ အဆန်ခရီးကို ဖြစ်လို့...
အရာရာတိုင်းကို ညည်းတွားခဲ့ရလေတယ်..။

ဂယောင်ခြောက်ခြားညနက်တွေမှာ
ကိုယ်ဟာ ကိုယ့်အရိပ်ကိုယ် ခေါင်းအုံးအိပ်လို့...
အိပ်မှုံစုံမွှားမနက်တွေမှာ
ကိုယ်ဟာ ကိုယ့်မျက်ရည်နဲ့ကိုယ် မျက်နှာသစ်လို့..
ဘာရယ်ညာရယ်မဟုတ်...
ဖြစ်မှုပျက်မှုတွေကို
ဖြစ်တတ်ကြောင်းပျက်တတ်ကြောင်း နားလည်ခဲ့ရုံပါပဲ...။

သန်းခေါင်သန်းလွဲအိပ်မက်ဟာ ကိုယ့်ခေါင်းပေါ်တည့်တည့်ကျတယ်...
အဲဒီဇာတ်လမ်းမှာ မအိမ်ကံမရှိဘူး၊ မင်းလူမရှိဘူး၊ နွေဦးကံ့ကော်မရှိဘူး...
သူက သီချင်းကြိုက်ပေမယ့် ဂစ်တာသံမခံနိုင်တဲ့သူ...
ကိုယ်က ဝတ္ထုဖတ်ပေမယ့် ဇာတ်ပေါင်းခန်းမကြိုက်သူ...
တူတာချင်းစပ်ဆက်ရင်တော့
လွဲနေတာချင်းတော့ ကိုယ်တို့တူခဲ့ကြပါတယ်...။

ရွက်ကြွေကလေးရေ...
မင်းဟာအကြွေလှသလို အကျလည်းတော်သကွယ့်...
ငါကတော့ အကြွေပြင်းသလို အဆင်းလည်းချာသကွယ့်...
သံသရာဟာလည်ရိုးမှန်ရင်...
ရွက်ကြွေကလေးရဲ့ အနားတစ်လျှောက်
ပွတ်တိုက်လွင့်ပါးမယ့် သဲကလေးတစ်ပွင့်လောက်
ဖြစ်စေဖို့ဆုတောင်းမိပါရဲ့...။
ဆောင်းဦးမို့ကြွေရင်လည်း
မင်းပျော်ပါစေ...
နွေဦးမို့ကြွေရင်လည်း
မင်းပျော်ပါစေ...
မင်းသာ ပျော်ပါစေလေ...။

~မိုးသက်ဦးလွင်~

 ၂၇-၁၂-၂၀၁၅



Wednesday, October 28, 2015

ဟိုတုန်းက တို့တွေအလွန်ချစ်သည်..


ညွှန်း==> ဘလော့ဂါများအားလုံး ဖဘမှာ အကြောင်းအမျိုးမျိုးကြောင့် ငြင်းကြခုန်ကြရင်း မခေါ်နိုင် မပြောနိုင်ဖြစ်ကုန်တဲ့ မိတ်ဆွေတွေ တွေ့ရတိုင်း အရင်တစ်ချိန်က ဘဝတွေကို ပြန်သတိရမိတယ်။ မခေါ်နိုင်မပြောနိုင် ဖြစ်တဲ့ထဲမယ် ကိုယ်တို့မပါပေမယ့် ခုနောက်ပိုင်း အဲဒီလိုတွေ များလာကြတယ်။ ကျနော်ကိုယ့်ကိုယ်ကို စာရေးသူတစ်ယောက်လို့ မသတ်မှတ်ပါ။ ဒါပေမယ့် Blogger တစ်ယောက်လို့တော့ သတ်မှတ်ထားမိတယ်။ ဘလော့တောင် ခေတ်သုန်းခါနီး ၂၀၁၀ လောက်မှ ရေးခဲ့တာဆိုတော့ ကိုယ့်စီနီယာတွေက အများစုပါ။ ကိုယ့်ထက် နောက်မှ ရေးတဲ့သူ တော်တော်နည်းသွားပြီ။
အဲဒီတုန်းက အွန်လိုင်းဟာ တော်တော်ပျော်စရာကောင်းခဲ့တယ်။ ဘလော့လုပ်ဖို့ အကြံပေးတာက မဂျက်(စံပယ်ချိုဘလော့) နဲ့ ချောကလက်ကျူးပစ်လေးဘလော့က ညီလေးရဲကိုပါ။ စရေးဖြစ်တဲ့အချိန်ကတည်းက ရသဘလော့ဂါတွေ သိပ်စည်းလုံးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းချစ်ကြတယ်။ Facebook ဆိုတာ သုံးတော့ သုံးနေကြပေမယ့် တွင်တွင်ကျယ်ကျယ် အခုလို Multipurpose ရည်ရွယ်ချက် ပေါင်းစုံနဲ့ သုံးနေကြတဲ့ခေတ်မဟုတ်ဘူးလေ။ အဲဒီတုန်းက မကန်ဒီ၊ မမိစံ၊ မပစ်၊ သူကြီးမင်း၊ နွေလ၊ အစ်မမဒမ်ကိုးတို့လင်မယား၊ မဂျက်နဲ့ ကိုလွင်ပြင်တို့လင်မယား၊ မကျူတီ၊ အန်တီတင့်၊ ကိုမောင်တစ်လုံး၊ ကိုမောင်နှစ်လုံး။ ဦးအိကု၊ ဘုန်းဘုန်းတောက်၊ မခင်ဦးမေ၊ မချော(အစိမ်းရောင်လွင်ပြင်)၊ ကိုအလင်းသစ်၊ သူငယ်ချင်း နေမင်းဇွဲမာန်၊ ကိုရင်ဆူး၊ အစ်မ မြတ်ကြည်၊ အစ်မစနိုး၊ မမိုးငွေ့၊ ကိုမိုးဇက်၊ လက်ဝဲ၊ မချစ်စံအိမ်၊ သူငယ်ချင်း ဇင်လေး တို့ အုပ်စုကြီးတော်တော်တောင့်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း သံယောဇဉ်တော်တော်ရှိခဲ့ကြတယ်..။
ကျနော်နေမကောင်းရင်လည်း မကျူတီတို့၊ အစ်မမဒမ်ကိုးတို့ ၊ မပစ်တို့ တကူးတက ဖုန်းတွေဆက်ပြီး အားပေးခဲ့ကြတယ်..။ ရုရှားမှာတုန်းက အစ်မကျူတီ မုန့်ဟင်းခါးထုပ်တွေရယ်၊ အကြော်ထုပ်တွေရယ် ပို့ပေးတုန်းက မျက်ရည်ကျတဲ့အထိ ဝမ်းသာ ကြည်နူးဖူးတယ်။ အဲဒီလိုပဲ အစ်မကျူတီ ပျောက်သွားတုန်းကလည်း နီးစပ်ရာတွေနဲ့ ရအောင်ဆက်သွယ်ပြီး တကူးတက အိုဗာဆီ ကောလ်တွေ ခေါ် မရရအောင် ဆက်သွယ်ပြီး အားပေးခဲ့ကြရဖူးတယ်..။
အဲဒီတုန်းက အတုအယောင်ခံစားချက်တွေမရှိဘူး.။ စိတ်ထဲမှာ တကယ်ကို ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်မောင်နှမ အရင်းတွေလိုပဲ ထင်နေခဲ့မိတာ။ အစ်မမဒမ်ကိုး နဲ့ စတွေ့တော့ မန်းလေးမှာ အစ်မတို့လင်မယားလာလည်တယ်။ စတွေ့တွေ့ချင်းကတည်းက အကြာကြီး အပြင်မှာ ရင်းနှီးလာသလို ကိုယ့်အစ်မလို၊ ကိုယ့်အစ်ကိုလို ခံစားရပြီး ပျော်ခဲ့တယ်။ ရန်ကုန်မှာ ကိုရင်ဆူးတို့ လင်မယားနဲ့တွေ့တော့လည်း အဲဒီလိုပဲ။ ဇင်လေးနဲ့ အန်တီတင့်ကို သွားတွေ့တော့လည်း ကိုယ့်အမေကို ပြန်တွေ့ရသလို ဝမ်းသာမိတယ်။ အစ်မမဒမ်ကိုးဆိုင်မှာ အစ်မမြတ်ကြည်နဲ့ တွေ့တော့ အိပ်ရာက နိုးလာခါစ အပြင်မှာ တစ်ခါမှ မတွေ့ဖူးပဲနဲ့.. အစ်မကို မြင်တော့ "ဟာ အစ်မမြတ်ကြည် ကြီး " ဆိုပြီး တော်တော် ပျော်သွားတာ။
ကျနော်၂၀၁၄ မှာပဲ ပြန်လာတယ်။ ခေတ်ပြောင်းစနစ်ပြောင်းမှာ ဘလော့ဂါ မောင်နှမတွေ တော်တော်များများ ပြည်တော်ပြန်ဝင်လာကြတယ်။ အပြင်မှာလည်း တော်တော် များများနဲ့ ဆုံဖြစ်လိုက်တယ်။
ခေတ်ကလည်းပြောင်းသွားတယ်။ ဘလော့ဂါတွေလည်း Blogging သိပ်မလုပ်ကြတော့ဘူး။ အင်တာနက်လိုင်းမကောင်းတာ နောက် မြန်မာပြည်မှာ Stress ပိုများတာ၊ နောက်တစ်ခုက ဒီ Facebook ကြီး အရမ်းတွင်ကျယ်လာတာကြောင့်လည်း ပါတယ်။ ဘလော့ကို သစ္စာရှိတာ မကန်ဒီတို့၊ တီတင့်တို့ပဲရှိတော့တယ်။
တကယ်ကြီး ရင်ထဲက ပြောရရင် အားလုံးနဲ့ ဆုံချင်မိတယ်။ မကန်ဒီတို့ မိစံ တို့ မပစ်တို့ မကျူတီ တို့နဲ့ မဆုံဖြစ်သေးဘူး.။ မကန်ဒီဆို ခဏခဏဆူတယ်။ မိစံက စကားတတ်တယ်။ သွားယှဉ်ပြောလို့မရဘူး..။ မပစ်ကတော့ သူစိတ်ညစ်တိုင်း သူ့အကြောင်းတွေ ရင်ဖွင့်တတ်တယ်။ မကျူတီကတော့ စိတ်ညစ်လည်း တိတ်တိတ်ညစ်တယ်။ သူကတော့ ကြောက်ရတယ်။ ရင်ဖွင့်လေ့မရှိတော့ ပိုဆိုးတယ်။ ခဏခဏ စိတ်ပူရတယ်..။
ခေါင်းစဉ်ကိုတော့ ဟိုတုန်းက တို့တွေ အလွန်ချစ်သည် လို့ ရေးထားတယ်။ ဒါပေမယ့် ခုထိလည်း ချစ်နေတုန်းပါပဲ။ နေရာတွေ ဝေးနေပေမယ့် စိတ်ချင်း ရင်ဘတ်ချင်းတော့ နီးနေတုန်းပါပဲ လို့..။

အားလုံးကို လွမ်းနေတဲ့...
မောင်ငယ်
ငမိုး



Tuesday, October 27, 2015

ခုတလော (၇)

(၁)
လောလောလတ်လတ် စိတ်ထဲမှာ Stress နည်းနည်းများနေတယ်လို့ထင်တယ်။ သူငယ်ချင်းတွေနဲ့ စာအုပ်တစ်အုပ်စီစဉ်ထားသေးတယ်။ အဲဒါက အကြွေးတစ်ပုဒ်ကျန်သေးတယ်။ လကခမဂ္ဂဇင်းကို ဗျာ ၁၊ ထု ၁ ၊ ဆောင်း ၁၊ စာမူပို့ထားသေးတယ်။ အရင်ကလောက် စိတ်ညစ်စရာ သိပ်မရှိဘူး။ သူ့ Flow လေးနဲ့သူ သွားနေတုန်းပဲ။ သီချင်းလည်း မဆိုချင်ဘူး.။ စာရေးဖို့လည်း အတွေးမပေါက်ဘူး။ "ငြိမ်း" ဆက်ဆွဲမလို့ဟာကို စိတ်ပေါက်စရာတွေ မြင်မြင်လာတော့ အီမိုးရှင်းနောက် စာရေးချင်စိတ်က ညပ်ပါသွားတာတွေများတယ်။ ခုတလော ဘာသာရေးရော၊ နိုင်ငံရေးရော အရင်က မရေးဖြစ်တာတွေပါ ရေးဖြစ်နေတယ်။ မထင်မှတ်ဘဲ ဒီနေ့ တရားတစ်ပုဒ် နာရတယ်။ တစ်ခုခုဆီကို အပြေးနှင်တော့မယ် ကိုယ့်စိတ်ကိုယ် ဘရိတ်အုပ်လိုက်သလိုခံစားရတယ်။ ကိုးကွယ်ရာ ဘာသာနဲ့ ပတ်သတ်လို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရပါဦးမယ်။
(၂)
ဟိုးတစ်နေ့က နေပြည်တော် Junction မှာ "ကောင်းကျိုးကိုယ်၌တည်စေမင်း" သွားကြည့်တယ်။ လူတော်တော်ပါးတယ်။ အယောက် နှစ်ဆယ် အစိတ် အလွန်ဆုံးပဲ။ ရုပ်ရှင်မစခင် နိုင်ငံတော်သီချင်းဖွင့်တော့ တစ်ရုံလုံးမတ်တတ်ရပ်ကြပေမယ့် တတိယတန်း မှာ အဖော်မပါ ဘာမပါ တစ်ယောက်တည်း ဒူးထောင်ပေါင်ကားထိုင်နေတဲ့ ဆံပင်အညိုနဲ့ မမလေးတစ်ယောက်က ခပ်တည်တည်ပဲ။ မတ်တတ်ရပ်တဲ့သူတွေကိုတောင် လှည့်ကြည့် လိုက်သေးတယ်။ ပြီးတော့ ဆက်ထိုင်နေတယ်။ အတူပါလာတဲ့ သူငယ်ချင်းက "ငါကွာ ရေသန့်ဘူးနဲ့ ထုချင်တာ လက်ကိုယားနေတာပဲ" တဲ့။ အဲဒီလို မြင်ရတော့ စိတ်ထဲမယ် မကောင်းဘူး.။ လက်ရှိအစိုးရကို ဆန့်ကျင်နေရင်တောင် နိုင်ငံတော်သီချင်းကိုတော့ အလေးထားသင့်တယ်၊ ရိုသေသင့်တယ်လို့ ထင်တာပဲ။ မရှိတာထက် မသိတာခက် ဆိုတာမျိုးဖြစ်နေတယ်။ နောက် ရုပ်ရှင်က ကြည့်နေရင်း တစ်ဝက်လောက်မှာ ဆလိုက်ထိုးထားတာ ရပ်သွားပြီး ပိတ်ကားမှာ ဘာမှ မပေါ်တော့ဘူး။ ဘယ်သူမှလည်း ထ မပြောကြဘူး။ ဘာဖြစ်တာလဲ ဘာညာ ပွစိပွစိနဲ့ အမှောင်ထဲမှာ မဆိုင်သလိုထိုင်နေကြတယ်။ ကိုယ်ကပဲ မနေနိုင်တာနဲ့ ငပွလုပ်ပြီး ရုံရှေ့က ကောင်မလေး သွားခေါ်မှ ပြာယီးပြာယာ လူခေါ်ပြီးလုပ်ပေးမှ ပြန်ကောင်းသွားတယ်။ မှတ်မှတ်ရရ အဲဒီနေ့ကတော့ စံပဲ။ ခုံက ၅၊၆၊၇၊၈ လေးခုံ။ လူမလာခင်က ၄၊၅၊၆၊၇ မှာထိုင်နေတာ။ ကျနော်က ၅ မှာ။ လူလာတော့ ၄ က သူငယ်ချင်းက ၈ ကိုရွှေ့ပေးတယ်။ စောစောက သူ့ပေါင်ပေါ်မှာ အမှိုက်ထုပ်တင်ထားပြီး နေကြာစေ့အမှိုက်တွေ ကျနော်က သူ့အိတ်ထဲ ထည့်နေတာ။ နောက် သူပြောင်းသွားတာကို သတိမထားမိလိုက်ပဲ။ ဘေးနားက အတွဲနဲ့လာတဲ့ အစ်ကိုတစ်ယောက်ရဲ့ ပေါင်ပေါ်က အထုပ်ထဲကို စားထားတဲ့ နေကြာစေ့အခွံတွေ ထည့်ထည့်နေတာ။(အမှိုက်ထုပ်ရောဟုတ်ရဲ့လားမသိဘူး)။ ဟိုလူကလည်းကျနော့်ကို အားနာလို့လားမသိဘူး။ ဘာမှ မပြောဘူး။ နောက် ရေငတ်လာလို့ ရေဘူး လှမ်းတောင်းမှ ကိုယ့်လူမဟုတ်မှန်းသိတယ်။ အဲဒီကျမှ အားနာလိုက်ရသေးတယ်။
(၃)
တလောက အင်းလေးသွားတယ်။ ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ ဗင်းနစ်လို လှေတွေနဲ့ သွားတာ သိပ်သဘောကျနေတာ။ ရေလမ်းတွေခွဲထားတာ ဘာဘာညာညာပေါ့။ တော်တော်လေးသဘောကျနေပေမယ့် တစ်ခုပဲ။ ဖောင်တော်ဦး ဘုရားမှာ ခိုစာရောင်းတဲ့ အမယ်အိုကြီးတွေ တော်တော်လေးကို ရုပ်ပျက်တယ်။ အကျီင်္ကို ဆွဲတယ်။ သွားမယ့်လမ်းကို ပိတ်တယ်။ ငိုမတတ်၊ ခြေထောက်ဖက်မတတ် တောင်းပန်ပြီးတော့ ကိုရောင်းတယ်။ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် သိပ်တရားလွန်လာတော့ ဘာဆက်လုပ်ရမလဲမသိဘူး။ အော်လည်း မအော်ရက်ဘူး။ ပါလာတဲ့ သူငယ်ချင်း ငြိမ်းဇော်ဦးက "ခင်ဗျားတို့ တော်တော်လွန်နေပြီ" ဘာညာ နဲ့ အော်လိုက်မှ ထွက်သွားကြတယ်။ ဘာပဲပြောပြောတော်တော်လေးသင်ခန်းစာ ရလိုက်တယ်။ အဲဒီနေ့မှာပဲ ကြောင်လေးတွေ ခုန်တဲ့ ငါးဖယ်ချောင် ဘုန်းကြီးကျောင်းမှာ ဖုန်းမေ့ကျန်ခဲ့တယ်။ ဘုန်းကြီးက နောက်က စက်လှေနဲ့ လိုက်ပေးတယ်။ အဖြူတွေနဲ့တွေ့ တော့ ပြင်သစ်က ကောင်မလေးရော၊ စပိန်က ချာတိတ်ရောက ကျနော့်ကို "မင်းကရော ဘယ်နိုင်ငံကလာတာလဲ" လို့ မေးတယ်။ ကိုယ့်ကိုယ်ကိုတော့ နိုင်ငံခြားသားရုပ်ပေါက်တယ်လို့ မထင်မိပါဘူး။ သွားလေရာပါတဲ့ ကျောပိုးအိတ်နဲ့ DSLR လွယ်ထားလို့ဖြစ်မယ်လို့ တွေးမိတယ်။
(၄)
ရွေးကောက်ပွဲလည်းနီးလာပြီ။ အစက ပယ်မဲ လုပ်မယ်စိတ်ကူးထားသေးတယ်။ နောက်တော့ ကိုယ်စိတ်ချရမယ်ထင်တဲ့ ပါတီတစ်ခုခုကို မဲပေးလိုက်မယ်လို့ပဲ စိတ်ကူးထားလိုက်တယ်။ နိုင်ငံရေးနဲ့ ပတ်သတ်ရင် လူကိုပဲ ရွေးမယ်လို့ ဆုံးဖြတ်ထားတယ်။ မြင်ရတွေ့ရတာတွေကတော့ စိတ်မချမ်းသာစရာတွေများတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့သူလည်း အစိုးရနဲ့ ဆန့်ကျင်ရင် သူရဲကောင်းဖြစ်သွားတာပဲ။ မြှောက်ပေးတော့ အုံလိုက်ကျင်းလိုက်၊ ဟိုက အဲဒါတွေသာယာပြီး စွတ်လွှတ်တော့ အရေးယူခံရတော့ ဘယ်သူမှ မကောင်းဘူး။ တစ်ခါတစ်ခါ(ကိုယ်အပါအဝင်) နိုင်ငံရေးဆိုတဲ့ စာလုံးအကြီးကြီးအောက်မှာ လုပ်နေတဲ့အကွက်တွေက နှစ်ဖက်စလုံး ကလေးသိပ်ဆန်တာပဲ လို့ မြင်မိတယ်။
(၅)
စားပွဲပေါ်က ရှန်ပိန်ခွက်နှုတ်ခမ်းမှာ
အပြုံးတုတွေပေကျံခဲ့တယ်...
ခွက်ချင်းတိုက်တဲ့အသံနဲ့
ကားလမ်းမပေါ်က ဂျိုင်းထောက်သံ
"ဂွပ်" ကနဲ အတူတူကျတယ်...
ဘဝဟာ ခါးသထက်ခါးလို့...
ဘဝဟာ မှောင်သထက်မှောင်လို့
ဘဝဟာ နိမ့်သထက်နိမ့်လို့...
စံပယ်ပန်းလေးအားပေးပါဦးလားအစ်ကို...
ကားတံခါးခပ်ဟဟထဲက ခြေဆုံးခေါင်းဆုံးကြည့်လိုက်သလား...
မပူပါနဲ့ ကျနော့်မှာ ခင်ဗျားကြည့်စရာ ခြေဆုံးခေါင်းဆုံးအပြည့်မရှိပါဘူး...
ကျနော်မနေ့က သူရဲကောင်း...
ကျနော်ဒီနေ့ ဒုက္ခိတဒုက္ခသည်
ကျနော်မနေ့က စစ်ပွဲရဲ့ နတ်ဘုရား..
ကျနော်ဒီနေ့ ဘဝစစ်ပွဲမှာ မြုပ်လုလု ပုလင်းလွတ်တစ်လုံး..
ကျနော်မနေ့က တောင်ကြီးဖဝါးအောက်လို့ ကြွေးကျော်ခဲ့တယ်...
ကျနော်ဒီနေ့ အဲဒီတောင်ကြီးတစ်နေရာမှာ ဖဝါးတစ်ခုလုံး မြှုပ်နှံခဲ့ရ...
ခံယူချက်အတွက် သေနတ်ကိုင်ခဲ့တဲ့လက်တွေဟာ...
စားဝတ်နေရေးအတွက် လက်ထဲအခြားပစ္စည်းတွေနဲ့ အစားထိုးခံခဲ့ရ...
စံပယ်ပန်းကုံး၊ ဘုရားစာအုပ်၊ ဂျိုင်းထောက်၊ ဒန်ဖလားအစုတ်....နောက်ပြီး.. နောက်ပြီး...
စစ်ပွဲအချို့ပြီးသွားတယ်...
စစ်ပြန်နှစ်ဦး လမ်းပေါ်မှာငြိမ်းချမ်းစွာ ပြန်လည်တွေ့ဆုံကြတယ်...
တစ်ဦးက ငြိမ်းချမ်းရေးလို့ စာကပ်ထားတဲ့ ကားအနက်ကြီးနဲ့...
တစ်ဦးက ငြိမ်းချမ်းရေးလို့ စာကပ်မထားတဲ့ ခြေတုအဟောင်းကြီးနဲ့...
ဘဝဟာ ခါးသထက်ခါးလို့...
ဘဝဟာ မှောင်သထက်မှောင်လို့
ဘဝဟာ နိမ့်သထက်နိမ့်လို့...
ကျနော်တို့ဟာ ညီအစ်ကိုတွေပါပဲ...
ခြောက်ကပ်ကပ်ရယ်မောသံတွေနဲ့အတူ ခွက်တွေမြှောက်လိုက်ကြတယ်...
သူတို့ခွက်ထဲမှာ သွေးတွေ...
ကချင်သွေး၊ ဗမာသွေး၊ ရှမ်းသွေး၊ ပလောင်သွေး၊ ကရင်သွေး သွေးပေါင်းစုံရောထားတဲ့ သွေးတွေ..
ခွက်ချင်းတိုက်သံတွေ စိပ် စိပ် လာတဲ့အခါ...
ပလက်ဖောင်းပေါ်က စံပယ်ပန်းရောင်းတဲ့...
ရပ်ကွက်တွေထဲ ဘုရားစာအုပ်ရောင်းတဲ့...
လူစည်ကားရာ ခွက်တစ်လုံးနဲ့ တောင်းတဲ့...
နိုင်ငံကိုအလင်းပေးခဲ့တဲ့ ကြွေလွင့်ပြီးသော ကြယ် အဟောင်းတွေ များများလာခဲ့တယ်...။
(၆)
ဟိုးတစ်နေ့က မော်လမြိုင်သွားချင်တယ်တင်လို့ သူငယ်ချင်းဇင်လေး Mya Yeik Zin က ဗိုက်ဘာကနေ လာအစ်နေတယ်။ ဘယ်မော်လမြိုင်သူမှ မတွေ့ဘူး။ အလိုလိုနေရင်းကို သွားချင်နေတာ။ ကိုယ်ကတောင်ပေါ်သားလေ။ ကမ်းရိုးတန်းနဲ့ အောက်ပြည်အောက်ရွာ က တော်တော်လှတဲ့ဒေသရဲ့ ပတ်ဝန်းကျင်၊ ဓလေ့၊ အစားအသောက်၊ ယဉ်ကျေးမှုတွေကို မြည်းစမ်းချင်တာ သဘာဝပဲ မဟုတ်လား။ အခန်းထဲမှာလည်း မြန်မာပြည် သိန်းတန် သီချင်းကို ကေကေတီ ပြန်ဆိုတဲ့ ရွှေမြိုင်မှာပဲ နေတော့မယ် ကို အမြဲဖွင့်နေမိတယ်။
(၇)
သီချင်းတစ်ပုဒ်ကို အစအဆုံး ကိုယ့်ဖာသာ ကာဗာလုပ်ကြည့်တာ ပါရမီနည်းတာရော၊ ရမ်း လုပ်ရတာရောကြောင့် တော်တော်ကြာသွားတယ်။ အထူးသဖြင့် Bass တီးတာ တော်တော် ဒုက္ခရောက်တယ်။ ဟော်လိုဂစ်တာနဲ့ကြောင့်လည်း ဟုတ်တယ်။ နောက် ကိုယ့်မှာလည်း အလေ့အကျင့်မရှိဘူးလေ။ တစ်လွှာချင်းစီသွင်းလိုက်တယ်။ အဲဒီ အသက်၄၀ တစ်ပုဒ်လုံးကို Audacity မှာ အစအဆုံးလုပ်ထားတာ။
(၈)
လိုင်းတွေကျတယ်။ ခုတလော လိုင်းတွေသိပ်သိပ်ကျတယ်...
(၉)
နှောင်
=-=-=-=-=
သံတိုင်တံခါး
ပိတ်နှောင်ထားလည်း
ရင်အားခတ်နှိပ်
တော်လှန်စိတ်ကို
ဖိသိပ်မချုပ်နိုင်ပါတကား။
ဤကား ဓမ္မ
အဓမ္မဟု
ခွဲပြညွှန်းဆို
ဖော်ထုတ်လိုလည်း
ထိုထိုလောက
အဓမ္မကွယ်
ဓမ္မပယ်၍
ရှောင်ဖယ်သိမြင်
အမှန်ထင်၏။
စင်စစ်ငါ့အား
အကြားကိုပိတ်
နှုတ်ဆိတ်နေစေ
ဖယ်သွေမျက်ကွင်း
နှောင်ကြိုးတင်းလည်း
တစ်စင်းအာရုံ
စိတ်အစုံသည်
ဘယ်ပုံဓမ္မ
အဓမ္မဟု
ခွဲပြလင်းစင်
အမှန်မြင်သည်
ငါလျှင်ရှင်ကျိုးနပ်ပြီတည်း..။
MTOL®
27-10-2015
11:30 PM.



Friday, September 18, 2015

"သုံး"ကြိုး


ဒဂုံစင်တာမှာ ထုံးစံအတိုင်း လူတွေတော်တော်စည်ကားနေတယ်..။ ရုံးပိတ်ရက်မို့ ဈေးဝယ်တွေ ပိုများနေတာကြောင့်လည်းဖြစ်မယ်ထင်တယ်..။ Window shopping လုပ်တဲ့ စုံတွဲတွေ ပိုများနေတာကို တွေ့ရတော့ ကျွန်တော့်စိတ်ထဲမှာ သူ့ကို သွားသတိရနေမိပြန်တယ်..။ တိုက်တိုက်ဆိုင်ဆိုင် ဟိုးရှေ့မှာ အင်္ကျီအဝါလေးနဲ့ တစ်ယောက်က သူနဲ့ တော်တော်လေးဆင်နေတာကို တွေ့လိုက်မိတယ်..။ မျက်နှာကို မမြင်ရပေမယ့် သူဝတ်တတ်တဲ့ ပုံစံမျိုး ခပ်ယဉ်ယဉ်လေးပဲ…။ နောက်ကနေပဲ မြင်ရလို့ မသိစိတ်ရဲ့ စေ့ဆော်မှု ကြောင့် အလောသုံးဆယ်နဲ့ ရှေ့ကို တက်သွားမိတယ်..။ အဝတ်အစားထုပ်တွေ ဆွဲလာတဲ့ ခပ်ငယ်ငယ် ချာတိတ်တစ်ယောက်နဲ့ ဝင်တိုက်မိမလိုတောင် ဖြစ်သွားသေးတယ်..။ အနားရောက်တော့ အမှတ်မထင် သူလှည့်ကြည့်တယ်..။
 ဘုရားရေ.. သူပါလား..။
ပါးစပ်က ထုတ်မရွတ်မိပေမယ့် .. သူမှ သူအစစ်ပဲ..။ မြင်နေကျ အပြုံးယဉ်ယဉ်လေးနဲ့ပေါ့..။ အဲဒီအပြုံးက ယဉ်ပေမယ့် တည်တယ်.။ နှစ်လိုဖွယ်ကောင်းလွန်းပေမယ့် တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းကတော့ အနားကပ် မယ့် ပုရိသတွေကို ရှေ့ဆက်မတိုးဝံ့စေတဲ့ အမူအယာမျိုးရှိတယ်.။ အရာရာကို ပေါ့ပေါ့ တန်တန်သဘောမထားဘဲ တည်ငြိမ်မှုတွေအပြည့်ရှိတယ်.။ သူနဲ့ ကျွန်တော် အသက် ၆ နှစ်လောက် ကွာပေမယ့် ကျွန်တော်တောင် သူ့လောက် မရင့်ကျတ်နိုင်သေးတာကို သတိရမိတယ်…။
သူကျွန်တော့်ကို မြင်သွားတယ်..။ ပြီးတော့…
အနားကိုဖြည်းဖြည်းချင်းလျှောက်လာတယ်..။ သူကတော့ မသိဘူး.. ကျွန်တော်ကတော့ ချွေးတွေ ပြန်နေ တယ်လေ…။ ကျွန်တော်ချစ်ရေးဆိုထားတယ်ဆိုတာထက် သူကျွန်တော့်ကို ခါးခါးတူးတူးမုန်းသွားတယ်ဆိုတာ သေချာတယ်မဟုတ်လား..။ ကျွန်တော်ဟာ အဖြူရောင်စည်းကို ဖောက်မိသူ..။ ကျွန်တော်ဟာ နွေးထွေးမှု တွေအစား စိမ်းကားမှုတွေနဲ့ ထိုက်တန်သူပါ..။
သူကတော့ ကျွန်တော့်အနားရောက်လာပြီ.. ။ ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ တုံ့ပြန်မှုတွေကို  ကျွန်တော် ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ သူကျွန်တော့်ကို ဘာပြောပြော ကျွန်တော် ခေါင်းငုံ့ခံဖို့ အဆင်သင့် ဖြစ်ပြီလား..။ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်..။ သေချာတယ်..။ သူ့ကို ကျွန်တော် ဘယ်တုန်းကမှ စိတ်မဆိုး ခဲ့ဖူးဘူးလေ.။ သူပေးသမျှ အပြစ်တွေကို ခံယူဖို့အသင့်ပါ..။ သူ့စိတ်ထဲကအမုန်းတွေ ကျေဖို့၊ သူ့ရင်ထဲက စိတ်ဆိုးမှုတွေ ပြယ်ဖို့.။ နောက်..
"ကိုကြီး…"
ကျွန်တော့်အတွေးမဆုံးခင် သူကျွန်တော့်ကို ခေါ်နေကျပုံစံအတိုင်းပဲ ခေါ်တယ်..။ သူ့မျက်နှာက အပြုံးက ကျွန်တော် အရင်နှစ်ခြိုက်စွဲလန်းစေတဲ့ပုံစံအတိုင်းပဲ..။ အဲဒီအတိုင်း..။
ကျွန်တော်ဘာမှ မပြောခင် သူမ ကျွန်တော့်လက်ကိုဆွဲပြီးခေါ်သွားတယ်..။ အံ့သြခြင်းကြီးစွာနဲ့ လိုက်နေရ ပေမယ့် ကျွန်တော့်စိတ်ထဲက ဘယ်လောက်ဝမ်းသာနေမလဲဆိုတာ ခင်ဗျားတို့ကို ပြောပြလို့ နားလည်နိုင်မယ်လို့ မထင်မိဘူး..။
"ညီမလေး…အစ်ကို.."
ဟာ.. ကျွန်တော့်စကားမဆုံးခင် သူကျွန်တော့်ပါးကို ဆတ်ကနဲ လှည့်ပြီး နမ်းလိုက်တယ်.။ ဒါ… ဒါဆို..။
ဘယ်လိုလဲ..။ ဘယ်လိုလဲ..။ ကျွန်တော် ဘယ်လောက်ပျော်သွားသလဲဆိုတာ ပြောပြစရာ စကားလုံး ရှာမတွေ့ဘူး..။ ကလေးတစ်ယောက်လို မြူးထူးခုန်ပေါက်မိလိုက်သလားမသိဘူး.။ Shock ရသွားတဲ့ အခြေအနေမှာ ပျော်စရာကို ချက်ချင်းလက်မခံနိုင်တဲ့ဦးနှောက်ရဲ့ နှေးကွေးမှုကြောင့် လူဟာ ၅ စက္ကန့် လောက် ရပ်တန့်သွားတာကို သတိထားမိတယ်…။
အဲဒီအချိန်မှာ ကျွန်တော့်ခါးမှာချိတ်ထားတဲ့ ဖုန်းကဝင်လာတယ်.။ ဖုန်းကို ကိုင်လိုက်တယ်.။ ဒါပေမယ့် ဖုန်းသံက ရပ်မသွားဘူး.။ အဲဒီအချိန်မှာ လူက ဖျက်ကနဲ သတိဝင်လာတယ်.။ ဒါ.. ဒါ…။
ဟုတ်တယ်..။ ကျွန်တော် အိပ်မက်မက်နေတာ..။
သတိဝင်လာပြီး အိပ်ရာဘေးက ဖုန်းကိုကိုင်လိုက်တဲ့အချိန် လူကချောက်ကမ်းပါးတစ်ခုထဲကို ပြုတ်ကျသွား သလိုခံစားလိုက်ရတယ်.။ အပျော်ဆုံးခံစားမှုတွေ အစား အစစ်အမှန်ဖြစ်တဲ့ နာကျင်မှုတွေ ပြန်ရောက်လာတယ်။
ညီမလေးရာ…။
ပါးစပ်က တိုးတိုးလေးရွတ်လိုက်တယ်.။ ဝင်လာတဲ့ ဖုန်းက နံပတ်အစိမ်း..။
ပြန်ခေါ်ဖို့မကြိုးစားတော့ဘဲ.. စိတ်ထဲက ကျိန်ဆဲလိုက်မိတယ်။ ကျွန်တော့်ဘဝမှာ အဲဒီပျော်ရွှင်မှုမျိုး ဘယ် တော့များမှ ခံစားရဦးမှာလဲ..။ တွေးရင်းနဲ့ ရင်တွေမောလာမိတယ်.။ ဖုန်းကို ပြန်ပိတ်ရင်း Adapter က အားသွင်းကြိုးကို ပြန်တပ်လိုက်တော့ Day Dream ထဲမှာထည့်ထားတဲ့ သူမပုံလေးတွေက ဖုန်း Screen မှာ ပေါ်လာတယ်။ ဖုန်းပေါ်က သူမပုံလေးတွေကတော့ ပြုံးနေဆဲပဲလေ..။ လှိုက်မောတုန်ရီနေတဲ့ စိတ်နဲ့ ဖွဖွလေး နမ်းလိုက်မိသလား ကျွန်တော် မသိတော့…။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
            ကျွန်တော် ဂစ်တာတီးတာကြာပြီ..။ ဆယ်တန်းပြီးကတည်းက ဆိုပါတော့.။ ကျွန်တော့်မှာ ဂီတနဲ့ ပတ်သတ်ပြီး Sense တစ်ခုတော့ရှိတယ်.။ ကျွန်တော်က အားကစားနဲ့ ပတ်သတ်ပြီး အားနည်းပေမယ့် အနုပညာနဲ့ ပတ်သတ်ပြီး ပိုးရှိ တယ်ဆိုရမလားပဲ.။ ကျွန်တော် အားတဲ့အချိန်တိုင်း ဂစ်တာတီးလေ့ရှိတယ်.။ ထုံးစံအတိုင်းပေါ့.. ကိုငှက်သီချင်းတွေ အများစု..။
            "သူပန်ထားတဲ့ ပန်းနီနီ.. နေရာခဏ လဲချင်သည်.. ကြင်နာသူလေး လှဖို့ အစွမ်းကုန် ကြိုးစားမည်… ရင်မှာဒီလောက်ချစ်ပါသည်. သူပြောတာအမြဲတွေ့ချင်သည်… အလှမ်းဝေးတဲ့ ပန်းကလေး မြနှင်းဆီ…."
            သီချင်းက ဆိုလို့တော့ ကောင်းပါရဲ့..။ ကျွန်တော့်မှာရှိတဲ့ သူ့ပုံတွေထဲမှာ ပန်းနီနီ ပန်ထားတဲ့ပုံ မမြင်ဖူးဘူး။ သူပန်းအဝါလေးတွေကိုင်ထားတဲ့ပုံပဲရှိတယ်.။ နောက်ပြီး သူ့နာမည်ကလည်း မြနှင်းဆီမဟုတ်..။
            တိုက်ဆိုင်မှုမရှိတဲ့ သီချင်းကို ဆိုရတာ စိတ်ထဲမှာ တော်တော်လေးတော့ ကသိသအောက်ဖြစ်မိတယ် ဆိုရင် ခင်ဗျားတို့လက်ခံမလားမသိ..။ ဘာရယ်မဟုတ်…။ သူ့ကို ချစ်တဲ့အကြောင်းတွေက နည်းနည်းတော့ ထူးခြားတယ်။ ကျွန်တော်ကလည်း လူကသာဘာရယ်မဟုတ်တာ.။ မိန်းကလေးတစ်ယောက်ကို ချစ်မိကြိုက်မိတဲ့အခါ ကိုယ့်အနေနဲ့ Impression ရှိတဲ့သူမျိုး၊ ကိုယ့်ဖက်က လေးစားစရာရှိတဲ့ မိန်းကလေးမျိုးကိုမှ ချစ်တတ်တာမျိုးဆိုတာ မိတ်ဆွေရင်းတွေ သိကြမယ်ထင်တယ်..။
            "သမီး" တဲ့.။ သူ့ကိုယ်သူ သုံးတဲ့ နာမ်စားလေး..။ ပတ်ဝန်းကျင်က မြင်ရင် သက်ကျားအိုနဲ့ ကညာပျိုလို့ ထင်လေ မလားမသိ.။ ဘာကြောင့်မို့ ချစ်လဲ..။ ကျွန်တော့်မှာ ဖြေစရာအဖြေမရှိ.။ သူ့ရဲ့ ချစ်ခင်နှစ်လိုဖွယ် အမူအယာ တွေကြောင့်လား..။ ဟင့်အင်း..။ သူ့ရဲ့ တည်ငြိမ်နွေးထွေးတဲ့အပြုံးကြောင့်လား..။ ဟင့်အင်း..။ သူ့ရဲ့ ဖြူစင်ရိုးသား မှုကြောင့်လား.။ ဟင့်အင်း..။ သူလှလို့လား..။ အို.. ပိုတောင် ဝေးသွားပြီ..။ လှတာကြိုက်ချင်ရင် ပတ်ဝန်းကျင်မှာ မိန်းမလှ တွေအများကြီးမဟုတ်လား.။ ဒါပေမယ့် … သူ့ကိုပဲ တန်းတန်းစွဲနေမိတာ ဘာကြောင့်လဲ လို့ ပြန်မေးရင်တောင် ကိုယ်တိုင် ဖြေစရာအဖြေမရှိဖြစ်နေတာမျိုးပေါ့.။
            တွေးနေရင်းနဲ့ လက်က ဂစ်တာကို ဆ နေမိတယ်။ ကျွန်တော့်အသံက ညာသံဖက်ပါတယ်လို့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကပြောဖူးရဲ့..။ ကိုယ်တိုင်က Country သီချင်းတွေအကြိုက်များတယ်။ Country အသံတော့ မရှိတာသေချာတယ်.။ ဂစ်တာကိုဆ နေရင်း တစ်ခုခုကို သတိထားမိလိုက်တယ်.။ နံပတ်"သုံး" ကြိုးလေး ပေါက်နေတယ်..။ ကြိုးပေါက်တယ်ဆိုတာ သုံး ကြိုးအပေါ်ကပတ်ထားတဲ့ ကြေးဝိုင်ယာစလေးတွေပြတ်ပြီး ပြေနေတာမျိုး။ အဲဒါမျိုးဖြစ်တဲ့အခါ ဂစ်တာက အသံထုံထုံထိုင်းထိုင်းဖြစ်သွားတယ်။ အစတွေထွက်နေရင် ခါသံတွေ၊ Noise သံတွေပါ ပါလာတတ်တာမျိုးလေ.။ ဟုတ်တယ်..။ ကျွန်တော့်ဂစ်တာက တတိယမြောက် နံပတ် "သုံး" ကြိုးလေး ပေါက်နေတယ်။
            ဂစ်တာသမားတိုင်း ကြိုးအပိုတော့ ဆောင်ကြတာများတယ်။ အများစုက ပြတ်လွယ်တဲ့ နံပတ်"တစ်" ကြိုးကို ဆောင်ထားတတ်ကြတယ်.။ ကျွန်တော်လည်း အဲဒီလိုပဲ.။ ဂစ်တာအိတ်ထဲမှာ နံပတ်တစ်ကြိုး နှစ်ချောင်းတောင် အပို ထည့်ထားတယ်။ ဒါပေမယ့် ကျွန်တော့်မှာ "သုံး" ကြိုးအပိုမရှိဘူး.။ သုံးကြိုးပေါက်တတ်တာ လူတိုင်းသိပါရဲ့.။ ဒါပေမယ့် ကြိုးအပိုဝယ်တိုင်း ပြတ်တတ်တဲ့ တစ် ကြိုးကိုပဲ ဝယ်ကြတာများတယ်လေ.။ လူတွေ သတိမထားမိတာက ဂစ်တာကြိုး ဆိုတာ ပြတ်ရုံတင် ပြတ်တတ်တာမဟုတ်ဘဲ. ပေါက်လည်း ပေါက်တတ်တယ် ဆိုတာကိုပါ.။ သိတော့ သိတယ်.။ သတိ မထားမိဘူးပေါ့..။
            သူနဲ့ ကျွန်တော် စတွေ့တုန်းက အဲဒီ ဒဂုံစင်တာမှာပဲလေ..။ ပထမဆုံးအကြိမ် စတွေ့တဲ့ စက်တင်ဘာ ၂၈ ရက် နေ့ပေါ့.။ ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်ဖို့ကောင်းတယ်ဆိုတာ ပြောဖို့ လိုမယ်မထင်ဘူး.။ နောက် သူ နေပြည်တော်ကို မိသားစုနဲ့ လာတယ်.။ ကျွန်တော့်ကို လာတွေ့ဖို့ ခေါ်တယ်..။ ဘာကြောင့် သွားမတွေ့မိသလဲ ဆိုတာ စဉ်းစားလို့ မရဘူး..။ အချိန်တွေကိုသာ နောက်ပြန်လှည့်လို့ရမယ်ဆိုရင်….
            "တစ်ယောက်တည်းလား မိုးကြီး."
            တစ်ခါတစ်ခါ သူငယ်ချင်းတွေရဲ့ အတွေးဟာ နားလည်ရခက်တယ်.။ တစ်ယောက်တည်း ဂစ်တာ ထိုင်တီးနေ တာမြင်ပါလျက်နဲ့ တစ်ယောက်တည်းလားလို့ မေးတာမျိုးပေါ့…။
            "ဟင့်အင်း.. ဘေးမှာ မဖဲဝါ ထိုင်နေတယ်…"
            ရွဲ့မှန်းသိတော့ ပြောမနာဆိုမနာ သူငယ်ချင်းပီပီ ပက်ကနဲ ဆဲရေးပြီးမှ အောင်အောင်က ဘေးနား ဝင်ထိုင်တယ်။
            "မင်းညီမလေးနဲ့ အခြေအနေဘယ်လိုလဲ…"
            အလိုက်ကမ်းဆိုးမသိခြင်းဟာလည်း အချစ်ဆုံးသူငယ်ချင်းတွေရဲ့ လက္ခဏာတစ်ခုပေါ့..။
            "တစ်ခြားဟာ မေးပါကွာ…"
            ကျွန်တော် ပြောချင်စိတ်မရှိဘူး.။ တကယ်တော့ ကိုယ့်ကိုယ်ကို ရှက်ရွံ့နေမိတာလဲပါတယ်.။ သူက သူ့ချစ်သူ နဲ့ လမ်းခွဲလိုက်တယ်လို့ ဆိုတယ်.။ နောက်တော့ ကျွန်တော်ချစ်ရေးဆိုမိတယ်..။ အဲဒီအချိန်ကျမှ သူက သူ့ချစ်သူနဲ့ လမ်းမခွဲသေးပါဘူး လို့ဆိုတယ်.။ ကဲ .. ဘယ်သူမှားသလဲ..။ တစ်ခါတစ်ခါ လောကကြီးဟာ သိပ်ရယ်ရတယ်..။ မျက်ရည် စက်စက်ကျအောင် ရယ်ရတာမျိုးပေါ့..။ ရေကာတာဆိုတာ ဖွင့်ချပြီးမှ ပြန်ပိတ်ဖို့ သိပ်ခက်တယ်မဟုတ်လား.။ သူ့ချစ်သူနဲ့ လမ်းမခွဲသေးဘူးလို့ ဆိုပေမယ့် ကျွန်တော့်ရင်ထဲမှာက ရေကာတာလို ဖွင့်ချလိုက်ပြီးပြီလေ..။
            မေ့ပေးပါ.. တဲ့..။
            အဲဒီစကားက ဘယ်လောက်ထိလဲ ခံစားဖူးတဲ့သူတွေ သိမှာပေါ့ဗျာ..။ ငြင်းပယ်ခံရတဲ့ လူတိုင်း သိကြမှာပေါ့။ မြားဆိုတာ ပစ်တဲ့သူထက် ပစ်ခံရတဲ့သူက အတိမ်အနက်ကို သိတဲ့သဘောမျိုးပါပဲ…။
            ဒီကြားထဲ အလုပ်ကိစ္စနဲ့ မီးမရှိ၊ ရေမရှိ၊ အင်တာနက်မမိတဲ့ နေရာတွေကို ခဏခဏ ခရီးထွက်ရတယ်.။ စိတ်ကတော့ သူ့ဆီမှာပဲအမြဲရှိနေတယ်.။ ၁၆ နှစ်သားကလေးလည်း မဟုတ်ပါဘဲနဲ့ ဘာလို့များ ဒီလို ဖြစ်နေရသလဲ ကွယ်။ ကိုယ့်ကိုယ်ကို ပြန်မေးမိပေမယ့် အဖြေမရှိဘူးလေ.။ ပျော်ပျော်နေတတ်လို့ ကိုယ့်ကိုယ်ကို ပျော်အောင် နေနေ ရပေမယ့် စိတ်ထဲမှာတော့ သူနဲ့ ပတ်သတ်ပြီး အသစ်အသစ်သော ခံစားမှုတွေက အမြဲတမ်း နုပျိုနေတာမျိုးပေါ့..။
             ပေါ့ပေါ့ပါးပါးတွေးကြည့်ရင်းနဲ့ပဲ ခံစားချက်က လေးသထက်လေးလာတတ်တယ်..။ တကယ်တော့ ကျွန်တော် သူ့ကို အရမ်းချစ်နေတာ..။ ဟုတ်တယ်..။ အရမ်းချစ်နေတာ..။
            သက်ပြင်းတစ်ချက်ရှိုက်လိုက်တော့.. အောင်အောင်ကပါ ရောယောင်ပြီး သက်ပြင်းချလိုက်တာကို သတိထား မိလိုက်တယ်.။ ငါ့ခံစားချက်တွေကို မြင်ပြီလား သူငယ်ချင်း..။ ငါ့အတွက် သူက အရေးအကြီးဆုံးပါ..။ ငါ့ ပျော်ရွှင်မှု၊ ဝမ်း နည်းမှုတွေ အကုန်လုံးက သူပိုင်ဆိုင်ထားတာ…။
            အမှန်တရားဆိုတာ နည်းနည်းမဟုတ်ဘဲ.. တော်တော်လေးကို ခါးပါတယ်…။ နောက်ဆုံးတော့ သူ့ရဲ့ ဥပေက္ခာတွေထဲမှာ နေသားကျသလိုလိုတောင် ဖြစ်လာသေးရဲ့..။ ပတ်ဝန်းကျင်က ဘယ်လို မြင်မလဲ.ဆိုတာ မစဉ်းစား မိတော့..။
==================================================================================
            အဲဒီနေ့ညနေဟာ လွမ်းစရာကောင်းလွန်းတယ်..။ သူ့ရဲ့ Facebook အကောင့်ထဲကို ဝင်ကြည့်တော့ သူ့အပြုံး တွေထဲမှာ အချစ်ဆိုတာကို ဘယ်လိုမှ ရှာမတွေ့…။ ဟုတ်တယ်ကလေးရယ်..။ မင်းဟာ တကယ့်ကို စက်ရုပ်မလေး ပါပဲ။ ကျွန်တော်ကတော့ စက်ရုပ်မလေးတစ်ယောက်ကို ချစ်မိတဲ့ အရှင်လတ်လတ်လူသားတစ်ယောက်ပေါ့..။ ဘယ်သွား သွား ဘာလုပ်လုပ် သတိရစရာတွေက ကြုံနေတုန်းပဲ.။ လက်ဖက်ရည်ဆိုင်ထိုင်မိရင် သူသောက်ဖို့ သုတ်ပေးခဲ့တဲ့ ရေနွေးခွက်လေးတွေ ကို သတိရတယ်.။ ခေါက်ဆွဲဆိုင်သွားရင် သူစားဖို့ သပ်ပေးခဲ့တဲ့ တူလေးတွေကို သတိရတယ်။ ပြုံးပါ..။ အမြဲပြုံးနေပါ ကြယ် လေးရယ်..။ မင်းဘဝထိပ်ဆုံးရောက်သွားတဲ့အခါ မင်းရဲ့ အလင်းရောင်ကို မျှော်လင့်နေတဲ့ ကမ္ဘာသား တစ်ယောက်ကို မမေ့နဲ့ပေါ့…။
            ဘေးမှာ သူငယ်ချင်းက ဂစ်တာတီးနေတယ်…။
            "မင်းရဲ့နှလုံးသားထဲ ကိုယ်မရှိမှန်း သိပေမယ့်… သူများတော့ သွားမချစ်နဲ့ လွယ်လွယ်လေးနဲ့… ကိုယ့်ရဲ့နှလုံးသားထဲ မလာချင်မှန်းသိပေမယ့်… ကိုယ်ချစ်လို့ တားမြစ်တယ်..အချစ်ရယ်… နှမျောတယ်…" တဲ့..။

            ဂစ်တာက နံပတ် "သုံး" ကြိုးပြတ်နေပေမယ့်. အောင်အောင်ကတော့ မသိကျိုးကျွန်ပြုပြီး ဆက်တီးနေလေရဲ့.။ နံပတ် "တစ်" ကြိုးလေးပြတ်နေခဲ့ရင်တော့ သူကြိုးတစ်ချောင်း လဲ ပြီး တီးမှာ သေချာတယ်.။ တကယ်တမ်းတော့ "တစ်" ကြိုးထက် "သုံး" ကြိုးပါတဲ့ ဂစ်တာကော့ဒ်က ပိုများတယ်ဆိုတာ အောင်အောင် မသိဘဲ မနေပါဘူး..။ ဒါပေမယ့်လည်း "သုံး" ကြိုးရဲ့ ဒဏ်ရာပေါက်ပြဲမှုကို လျှစ်လျူရှုပြီး သီချင်းဆက်တီးနေတာပဲမဟုတ်လား..။ တာဝန်ပိုကြီးတဲ့ "သုံး" ကြိုးဟာ ပေါက်နေပေမယ့် သီချင်းတွေကိုတော့ ကောင်းကောင်း သီကြွေးနေနိုင်တာပဲလေ..။ သူ့ရဲ့ ဥပေက္ခာတွေ ဘယ်လောက်များများ ကျွန်တော်သူ့ကို မမုန်းရက်တာ ကျွန်တော်နဲ့ ဘုရားပဲ သိပါလိမ့်မယ်…။ သူဘယ်လောက်ပဲ စိမ်းကားနေပါစေ..။ ဘယ်လောက်ပဲ လျှစ်လျူရှုထားပါစေ..။ နောက်ဆုံးအချိန်ထိ ချစ်ခြင်းလင်္ကာတွေ ဖွဲ့နေဦးမယ့် "သုံး" ကြိုးတစ်ယောက် ဒီကမ္ဘာကြီးမှာရှိနေသေးတယ်ဆိုတာ ညီမလေးသိခဲ့ရင်….။ 

~မိုးသက်ဦးလွင် ~
8 days Journal



Monday, August 24, 2015

အင်းယားပုံပြင်

Photo: Ultimate Magazine

အင်း
ယားသည် ဆိတ်ငြိမ်စွာတည်ရှိသည်..။ အင်းယားကန်ဘောင်တွင် ဆူညံနေသော ဂစ်တာဝိုင်းများ၊  သောက်စားမူးယစ်နေသော လူငယ်များ၊ တီတီတာတာ ကြည်နူးကြသော ချစ်သူစုံတွဲများသည် အင်းယား၏ တည်ငြိမ်မှုကို အနှောက်အယှက်မပေးနိုင်၊ ဣနြေ္ဒကြီးသော အင်းယားကန်ကို ဆူပူရှုပ်ထွေးသော အနားသတ်ဖြင့် ဘောင်ခတ်ထားသည်လား မပြောတတ်.။ တည်ငြိမ်မှုနှင့် လှုပ်ရှားတက်ကြွမှု ယှဉ်တွဲနေသော နေရာဟုပင်ခေါ်ရမည်လား.. ဝေခွဲဆုံးဖြတ်ခြင်းမပြုနိုင်။ ထိုစဉ် လေညင်းတစ်ချက်အဝေ့ကြောင့် တည်ငြိမ် နေသော ရေပြင်သည် လှိုင်းကြက်ခွပ်ကလေးများထ၍ လှုပ်ရှားသွားရသည်..။ ကျွန်တော့်ရင်ထဲမှာလည်း အလားတူ အတွေးဂယက်များ ထသွားရသည်.။ လှိုင်းကြက်ခွပ်များ ကမ်းခြေ မြေကာနံရံအစပ် ကျောက်တုံးများသို့ ဦးတိုက် ပျောက်ကွယ်သွားသော်လည်း အတွေးစများကအမျှင်မပြတ် ကောင်းစွာမကုန်စင်တတ်သေး.။ ထိုအချိန်၊ ထိုနေရာတွင် မြဲခဲ့ဖူးသောတွဲလက်တစ်စုံကို သတိရမိလိုက်သည်။ သို့သော် ထိုအတွေးကားကြာကြာမခံ.။  တစ်စုံတစ်ခုသော လက်နက် စူးချွန်ဖြင့် ရင်ဝကိုထိုးနှက်သလိုပင် ရုတ်ချည်းနာကျင်ကာ အယောင်ယောင်အမှားမှားဖြင့် မအိပ်စက်ပါဘဲ အိပ်မက်မှ လန့်နိုးရသူလိုဖြစ်ရပြန်သည်..။ စိတ်ကျရောဂါနှင့် ဆက်စပ်ကောင်း ဆက်စပ်မည်ဖြစ်သော သက်ပြင်းရှည် များကို အခါခါ ချရခြင်းသည် ပူလောင်သောအရာများကို ရင်တွင်းမှ မှုတ်ထုတ်ပစ်နိုင်သည်လား ကျွန်တော်မသိ.။ သေချာသည်ကတော့ ကျွန်တော့်ရင်ထဲက ငြိမ်းချမ်းရာသည် အဘယ်အရပ်ဆီသို့ လွင့်စင် ပျံထွက်ပြေးသည်မသိ..။ ပျောက်ချင်းမလှ ပျောက်ချက်သားကောင်းနေသည်။ ရံဖန်ရံခါပင် အလုပ်ကိစ္စ တစ်စုံတစ်ခုကို စိတ်နှစ်မိသည့်အခါတိုင်း ကျွန်တော့် စိတ်အစုံက ကန်ရေပြင်ကဲ့သို့ ငြိမ်သက်သွားလေ့ရှိသော်လည်း အပေါ်သို့ ကပ်ကြည့်တတ်သည့် မျက်ဝန်းများ၊ စံပယ်တင်မှဲ့ကလေးပါသော မေးဖျားကလေးနှင့် အမြဲပြုံးရန်ကြိုးစားဟန်ရှိသည့် နှုတ်ခမ်းပါးလေးများကို မြင်ယောင် သည့်အခါတွင် ကျွန်တော့် စိတ်တွင်း လှိုင်းဂယက်ထန်၍ မောဟိုက်ခြင်းအဖြစ်သို့ ပြန်ရောက်ရပြန်သည်..။ ကျွန်တော့် မျက်ဝန်းအိမ်မှ ပူနွေးစွတ်စိုမှုအချို့ကို သွေးဆောင်ဖျားယောင်းတတ်သည့် ထိုခံစားချက်မျိုးသည် နေဝင်ဆည်းဆာချိန်မျိုး၊ ညဦးယံအချိန်မျိုးတွင် မဖိတ်ခေါ်ပဲ ဝင်လာတတ်လေသည်.။
            “အစ်ကို မီးတစ်တို့လောက်…”
            အတွေးစ ပြတ်တောက်သွားသည်..။ လှည့်ကြည့်တော့ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်…။
            “မင်းအသက်ဘယ်လောက်လဲ. ငါ့ညီ…”
            “ဘာလုပ်မလို့လဲ.. ၁၅ နှစ်..”
            မေးရင်းတစ်ခါတည်းပြန်ဖြေသည်.။
            “၁၈ နှစ်ပြည့်မှ ဆေးလိပ်သောက်.. သွားတော့..”
            နားမလည်နိုင်စွာ ပွစိပွစိ ပြောရင်းထွက်သွားသည့်နောက်တွင် မပီဝိုးတဝါး ဆဲဆိုလိုက်သံများ ပါသလား မသေချာ။ ပါလျှင်လည်း မတတ်နိုင်…။ တံတားဖြူမှတ်တိုင် က အတွဲတွေတက်လာတာတွေ့သည်.။ တစ်ချို့က ပခုံးဖက်၊ တစ်ချို့က လက်ချိတ်၊ တစ်ချို့က …
            လွန်ခဲ့သောနှစ်ကုန်ရက်များက ကျွန်တော်တို့ အတူရှိခဲ့ဖူးကြသည်..။ တစ်ခုသော ညနေခင်း၏ ညီအစ်ကို မသိတစ်သိ အချိန်မျိုးမှာ လောကကြီးကို မေ့မျောရင်း ချစ်ဖွယ်သောစကားတို့ကို တီတီတာတာဆိုဖူးခဲ့ကြသည်.။ ဘဝနှစ်ခု ပေါင်းစပ်ခြင်းအတွက် ကတိကဝတ်များအပြန်အလှန်ပြုခဲ့ဖူးကြသည်.။
            ဘယ်နှကြိမ်မြောက်ဟု ရေတွက်ရန်ခက်ခဲသော သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး နောက်ကျိကျိ အတွေးစများကိုမောင်းထုတ်လိုက်သည်..။ နာရီကိုကြည့်မိတော့ ၇ နာရီထိုးလုပြီ..။ ပတ်ဝန်းကျင်က မှောင်ရီပျိုးစအချိန်သာ ရှိသေးသည်..။ နွေညများတိုလှချည့်.။ ထို တိုတောင်းသောညတာကို ဖြတ်ကျော်ရသည်ကပင် ကျွန်တော့်အတွက် ဝေဒနာ တစ်ခုမဟုတ်ပါလား…။ မှောင်ရီပျိုးစအချိန်တိုင်း တစ်စုံတစ်ရာကို သတိရတတ်မိသည့် ကိုယ့်ကိုယ်ကိုယ် ပြန်နောင်တရ မိပြန်သည်.။
            ဖုတ်ဖက်ခါပြီး မတ်တတ်ရပ်လိုက်တော့ ခပ်လှမ်းလှမ်းက ပူးကပ်နေသည့် စုံတွဲက မလုံမလဲ ပြန်ကြည့်သည်…။ မသိကျိုးကျွန်ပြုလိုက်ပြီးအင်းယားလမ်းဖက် ထွက်လာခဲ့သည်..။ နေမင်းကြီးကတော့ ပြည်လမ်းမပေါ်က ဖြတ်မြင်ရသည် တိုက်တာခေါင်မိုးတွေကြား ငိုက်မြည်းရင်း အိပ်စက်ဖို့ပြင်နေပြီ..။ ရန်ကုန်ညနေခင်းကတော့ တက်ကြွနေဆဲ၊ လန်းဆန်း နေဆဲ..။
အင်းယားလမ်းပေါ်မှ တက္ကစီတစ်စီးငှားလိုက်သည်..။ ဈေးဆစ်မိလိုက်သလား သတိမထားမိ…။ ကျွန်တော်က ကိုယ့်အတွေးနှင့်ကိုယ် အရာရာကို အလိုအလျောက်လိုက်ပါလုပ်ဆောင်မိနေဆဲ…။ စိတ်နှင့်ကိုယ်ကတော့ မကပ်..။
            “ခုလိုအချိန်လည်း ကားကကြပ်တုန်းပဲဗျာ…”
            တက္ကစီသမားလေးက မမေးပါဘဲလျက် ဆိုလာသည်..။ ခေါင်းညိတ်လိုက်မိလား မညိတ်လိုက်မိလား ကိုယ့်ကိုယ် ကိုယ် ဝေခွဲမရ..။ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ရှေ့တွင် ကား ဟွန်း ၂ ချက် တီးသေးလား သတိမထားမိ.။ လမ်းတစ်လျှောက် မီးပွိုင့် မှာကားပိတ်နေသော်လည်း စိတ်က အလျင်စလိုမဖြစ်မိ…။ အိမ်ကို ပြန်ရောက်ရောက်ချင်း လုံခြည်နှင့် တီရှပ်လဲပြီး ဝရန်တာမှာထိုင်နေမိသည်…။
            “အပြင်က စားလာသေးလား…”
            ခေါင်းညိတ်ပြလိုက်ပေမယ့် ကျွန်တော်အပြင်က ဘာမှ စားမလာပါ..။ စားချင်စိတ်မရှိတာလည်းပါသည်…။
            “အပြင်က စားမလာနဲ့လို့ သေချာမှာလိုက်တဲ့ဟာကို.. ဒီကောင်လေးဟာ…”
            အမေက မကျေမချမ်းဆိုသည်…။ စီးကရက်တစ်လိပ်ထုတ်ပြီး မီးညှိတော့ ဧည့်ခန်းထဲက ဗျစ်တောက်ဗျစ်တောက် အသံကြားရသည်.။ သို့သော် ဂရုမပြုမိ..။ တစ်လိပ်.. ပြီးတော့ နောက်တစ်လိပ်…။
            ညသည်မှောင်သထက်မှောင်လာလေသည်..။ လမ်းပေါ်က လူသွားလူလာများက ကျဲသထက်ကျဲပါးလာသည်.။ လူနေတိုက်ခန်းများ မီးပိတ်သွားကြသည်..။ ဘီယာဆိုင်အချို့သာ လင်းလင်းထင်းထင်းရှိသေးသည်..။ ကျွန်တော်ကတော့ အတွေးများနှင့် ချာချာလည်နေဆဲ..။
            ညသည် တိတ်ဆိတ်စွာ ငိုကျွေးတတ်ပါသလား..။ ဆီးနှင်းပေါက်တို့က ည၏ မျက်ရည်များ ဖြစ်သင့်သည်ဟု တစ်ဖက်သတ် ယုံကြည်သင့်သည်ဆိုပါလျှင် ည၏ငိုကျွေးမှုတို့သည် မည်သည့် အကြောင်းတရား ပေါ်မှာ မှီတည် လေ့ရှိပါသနည်း..။ မည်သူ့ကြောင့် ငိုကျွေးရသည် ထင်ပါသနည်း.။ ညအနေဖြင့် ငိုကျွေးသည်ဖြစ်စေ မငိုကျွေးသည်ဖြစ်စေ. ကမ္ဘာတစ်ခြမ်းသော လူအားလုံးတို့အပေါ် တစ်ပြေးညီ မှောင်မိုက်ခြင်းပေးသည်ဟု ယူဆနိုင်မည်လား..။ Insomnia စွဲကပ်စပြုသော လူတစ်ယောက်အဖို့ ညဖက် မအိပ်နိုင်သည်ကလည်း မဆန်းကျယ်၊ ထို့အတူပင် ည ရောက်တိုင်း အိပ်စက်မရသော သူတစ်ယောက်အတွက် ညအခါ အကာလ ၏ ငိုကြွေးခြင်း ရယ်မောခြင်းကို သရုပ်ခွဲခြင်းမှာလည်း အပြစ်တည်းမဟုတ်..။ စင်စစ်မူ ညချမ်းအချိန်အခါသည် ညမအိပ်သော ကျွန်တော့်အဖို့ စိတ္တဇသက်သက် အတွေးပုံရိပ်များ ဖြင့် ခြောက်လှန့်ကြီးစိုး ငေးမော စေတတ်သော အပိုင်းအခြားတစ်ခုသက်သက်သာ ဖြစ်လေသည်...။
---------------------------------------------------------------------------------------------------------------------------------

           
အချိန်ကာလများတွင် ရနံ့ရှိခဲ့မည်ဆိုပါလျှင် အတိတ်သည် ဆွေးရနံ့သင်းသည်ဟု ဆိုရမည်ထင်သည်.။ ပျော်ရွှင် ဖွယ်ကောင်းသောအတိတ်တို့ သည်လည်းကောင်း၊ ကြေကွဲနာကျင်ဖွယ်ကောင်းသော အတိတ်တို့သည်လည်းကောင်း မတူ ညီသော ဆွတ်ပျံ့လွမ်းဆွတ်ခြင်းနှင့် ကြေကွဲလွမ်းဆွတ်ဖွယ် ရနံ့တို့ ဖုံးလွှမ်းသည်ဟု ဆိုရမည်လား..။
သူမကို စတွေ့ခဲ့သည့်နေ့က ကျွန်တော် အင်းယားကန်ဘောင်ပေါ်မှာရှိနေခဲ့သည်…။ ကျောင်းဆင်းချိန်ဖြစ်သည့် အတွက် ကန်ဘောင်ပေါ်မှာ သူသူကိုယ်ကိုယ် ကျောင်းပြန်လာသူတွေက မရှား..။ နယ်မှာကျောင်းပြီးခဲ့သည့် ကျွန်တော့် အဖို့ ရန်ကုန်တက္ကသိုလ်နှင့် အင်းယားနယ်မြေသည် မစိမ်းသောဧည့်သည်တစ်ဦးပမာ..။ ဆရာဇဝနမှအစ မင်းလူအဆုံး တက္ကသိုလ်နယ်မြေကို စာထဲမှာချစ်မြတ်နိုးခဲ့ရသည့်ကျွန်တော် ဒီပတ်ဝန်းကျင်ကို တွယ်တာနေတာမထူးဆန်း..။ ထူးဆန်းသည့် အဲဒီညနေကတော့ ကျွန်တော်တစ်ယောက်တည်း ကန်ဘောင်မှာရှိနေခဲ့တာပဲဖြစ်သည်..။
စီးပွားရေးတက္ကသိုလ်မဟာဘွဲ့ သင်တန်းသူတစ်ဦးဖြစ်သည့် သူမနှင့် အဲဒီညနေမှာ အမှတ်မထင်ဆုံဖြစ်ခဲ့ကြသည်။ Street Photography ကို စိတ်ဝင်စားသည့် ကျွန်တော် ဝါသနာအရ အမှတ်တမဲ့ရိုက်မိသည့် သူမပုံပါဝင်သော ဓာတ်ပုံတစ်ပုံက ကျွန်တော့်အိပ်ပျက်ညများအစ ဖြစ်လာသည်။ ထို့နောက် အင်းယားကန်ဘောင်အောက် လမ်းဘေးက အုတ်ခုံသည် သူမကို နေ့စဉ်စောင့်ကြည့်ငေးမောရာ ဖြစ်လာခဲ့သည်.။
ကြာတော့ မျက်မှန်းတန်းမိလာသည်.။ မြန်မာဇာတ်ကားများထဲကလို လိုက်စကားပြောဖို့အထိတော့ မစဉ်းစားမိ.။ သူလာရာလမ်းကို မျှော်ကြည့်ဖို့..။ ဧကရီဆန်ဆန်လှမ်းလာသည့် သူ့ခြေလှမ်းများကို အသက်မရှုပဲငေးမောဖို့..။ ပြီးတော့ သိပ်လှလွန်းတဲ့ သူ့မျက်နှာကို သက်ပြင်းလှိုက်လှိုက်တွေကြားက မော်ဖူးဖို့…။ ကျွန်တော့်နိစ္စဓူဝလုပ်ဆောင်မှုများက ထိုထက် မပိုခဲ့.။ မျက်လုံးချင်း စကားပြောမိသည်ဆိုရုံမျှ..။ သူနှင့်အကြည့်ချင်းဆုံလိုက်တိုင်း မျက်လွှာကို ကပြာကယာချမိရုံမျှ..။ သူမ ရောက်မလာသည့်ရက်(သို့မဟုတ်) ကျွန်တော်မလာနိုင်သည့်ရက်တိုင်း နေမထိ ထိုင်မသာ ဖြစ်ရုံမျှသာ…။ တစ်ခါတစ်ရံ သူမနှင့်အတူ သူမ သူငယ်ချင်းများပါလာသည့်အခါ ကျွန်တော်နဲ့ အကြည့်ချင်းမဆုံမိအောင် ကျွန်တော် စောင့်မျှော်ရာဘက်သို့ တစ်ချက်လေးမျှပင် စောင်းငဲ့မကြည့်သည့်အခါမျိုးနှင့် ကြုံရတတ်သည်.။ ထိုညနေ မျိုးသည် ကျွန်တော့်အဖို့ ဝမ်းနည်းစရာအတိ ဖြစ်သည်.။ ကိုယ့်ကို ဘယ်လိုသဘောထားသလဲကွယ်..။ ကိုယ်စောင့် ကြည့်နေတာ မသိဘူးလားကွယ်..။ မေးခွန်းများက ရေရာမှုမရှိ..။ သူ့နာမည်ကိုလည်း ကိုယ်မသိနိုင်၊ သူ့နာမည်ကိုလည်း သူမသိ.။ နယ်မှာကျောင်းတက်ခဲ့သော ကျွန်တော့်အဖို့ အကူအညီတောင်းစရာ ရင်းနှီးသော သူငယ်ချင်းလည်းမရှိ.။ ထိုညနေမျိုး ဆိုလျှင် အိမ်ကို စောစောစီးစီးပြန်ရောက်နေတတ်သည့် ညနေမျိုးဖြစ်လေသည်..။
သည်လိုနှင့် ရက်တွေပြောင်း၍ ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက် ကုန်လွန်လာခဲ့သည်..။ ကျွန်တော်ကတော့ မူလအတိုင်း နေမြဲအတိုင်း.။ သူမကို စောင့်ကြည့်နေရရုံ၊ အကြည့်ကလေးတစ်ချက်အတွက်နှင့် ကျေနပ်နေရရုံထက် မပိုခဲ့.။ ဝတ္ထုဇာတ်လမ်းများထဲကလို ဘေးက အကြံပေး၊ မြှောက်ပေးမည့် သူငယ်ချင်းတစ်ယောက်တစ်လေပင် ကျွန်တော့်မှာ မရှိဖူးသည်က ကံဆိုးခြင်းတစ်ခုဟုပင် ဆိုရမည်လား.။ ပြီးတော့ ကျွန်တော်သူ့ကို စွဲလမ်းနေတာသူသိပါ့မလား..။ သူသိနိုင် မလား.။ သူယုံကြည်ပါ့မလား.။
ရင်ခုန်လှုပ်ရှားဖွယ်အကောင်းဆုံးဟုထင်ရသောနေ့သည် ပြန်တွေးလိုက်တိုင်း မနေ့တစ်နေ့ကလိုပင် လတ်လတ် ဆတ်ဆတ်ရှိနေသေးသည်.။ ချိုမြိန်မှုဟု မဆိုနိုင်လျှင်ပင် တိမ်းမူးညွတ်နူးဖွယ်ခံစားချက်များနှင့် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်ကို မှတ်မိနေသည်.။ အဲဒီညနေက သူတစ်ယောက်တည်း ပြန်လာသည်.။ ဟိုးခပ်လှမ်းလှမ်း ကျွန်တော့်ဖက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး လာနေကျလမ်းအတိုင်းမလာပဲ ဆိုင်တန်းတွေဖက်ကို တက်သွားသည်.။ ကျွန်တော်ဘာရယ်မတွေးမိ.။ ထိုင်နေကျ အုတ်ခုံကနေ ထပြီး မပြေးရုံတမယ် ထွက်လာခဲ့မိသည်..။ ကျွန်တော် ဘာလုပ်မလို့လဲဆိုတာ ကိုယ်တိုင်အဖြေမရှိ..။ သူမကို တွေ့ခွင့်ရှိပါလျက်နှင့် မတွေ့လိုက်ရမှာ စိုးနေမိသည်..။ စုံတွဲတွေ ထိုင်ကြသည့် ကျောက်တုံးတွေနားမှာ မောလို့ ခဏမှန်မှန်လျှောက်သည်.။ လမ်းကွေ့ကလေးကို ကျော်သွားပြီး ကန်ဘောင်အပေါ်နားရောက်ခါနီး တော့ အကွေ့မှာ ရုတ်တရတ်တွေ့လိုက်ရသည်က သူမ.။
ဟုတ်သည်.။ သူမ ရပ်နေသည်.။ သူမက ကျွန်တော့်ဖက်ကို ကျောမပေးရုံတမယ်လှည့်ထားသည်.။ နောက်သို့ တည့်တည့်လည်း မဟုတ်.။ ဘေးတစ်စောင်းလည်းမဟုတ်သည့် ပုံစံမျိုး.။ သူမကအင်းယားကန်ဖက်ကို မျက်နှာမူထား သည်.။ မျက်လုံးများက ဝေခွဲမရသည့်အမူအယာမျိုး.။ မထင်မှတ်သည့်နေရာမှာတွေ့လိုက်ရသည့် ကျွန်တော်ကတော့ လမ်းကျဉ်းလေးအလယ်တည့်တည့်နေရာမှာ ကြက်သေသေကာ ရပ်တန့်နေမိသည်..။ သူမကို စကားပြောရမည်လား.။ ဘယ်က စပြောရမလဲ..။ အနီးကပ်မြင်ရ၍လားမသိ.။ မိမိထက် တည်ငြိမ်နေသည့် သူမက ခါတိုင်းရက်တွေထက် ပိုလှနေသည်.။ ရင်ဖုံးအကျီင်္မို့ ကျော့ရှင်း သောလည်တိုင်ပေါ်က အကြောစိမ်းကလေးများကိုပင် မြင်လိုက်ရသည်.။ သို့သော် ကျွန်တော် ကြာကြာမကြည့်ရဲ..။ အဲဒီလောက်ထိ သတ္တိမရှိ.။ သို့သော် မြင်မိသည့် စက္ကန့်ပိုင်းအတွင်းတွင် သူမ၏ အလှတရား ကို ကောက်ချက်ချ မိပြီ..။
ကျွန်တော် ဘာစပြောရမလဲ..။ ဘယ်လို စပြောရမှာလဲ.။ ပျော့ညံ့ညံ့ယောက်ျားတစ်ယောက်လား..။ အခွင့်အရေး က နှစ်ခါမရဘူးဆိုတာသေချာသည်.။ သူမ၏ ဝတ်ပုံစားပုံက သိပ်ပြီး ဧကရီဆန်သည်.။ ပိုထူးသည်ကသူမ၏ အလှ..။ အဲဒါတွေက ကျွန်တော့်ကိုရှေ့ဆက်မတိုးဝံ့အောင် တားထားပြန်သည်.။ ဖြစ်ပျက်နေသည်က စက္ကန့်ပိုင်းအချိန်ကလေး .။ ထိုစက္ကန့်ပိုင်းအချိန်ကလေးအတွင်းမှာပင် ကျွန်တော့်စိတ်ထဲက ဒွိဟစိတ်များက အားပြိုင်နေဆဲ…။
“ဒီမှာဗျ.. ဒီမှာ…”
စကားသံ ထွက်သွားပြီးမှ နောင်တရသလိုလို ဖြစ်သွားသည်..။
“ကျွန်တော်….”
“တို့ သိပါတယ်.. ရှင်..တို့ကို နေ့တိုင်းစောင့်ကြည့်နေတာကို…”
“ကျွန်တော်…”
“…”
သူမ သက်ပြင်းချသည်.။ ဘာဆက်ပြောရမလဲ ဝေခွဲမရသည့်ပုံ..။ ကျွန်တော်ကလည်း ဘာဆက်ပြောရမှန်းမသိ.။
“ဟုတ်ကဲ့… အနှောက်အယှက်ဖြစ်ခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ်…”
“ဟုတ်ကဲ့ ရပါတယ်… တောင်းပန်ဖို့မလိုပါဘူး..”
အနှောက်အယှက်မဖြစ်ပါဘူးဟု မဆို..။ အနှောက်အယှက်ဖြစ်ပါသည်ဟုလည်း မဆို.။ ကိုယ့်ကိုဘယ်လို သဘောထားသလဲ…။ စိတ်ထဲက နောက်တစ်ကြိမ် မေးမိပြန်သည်…။ အဲဒီအချိန် ရင်ထဲမှာ လှိုင်းတံပိုးများ ခက်ထန် နေသည်.။
“ကျွန်တော်…”
သူမက သက်ပြင်းတစ်ခုကို ဖြည်းညင်းစွာချသည်.။ ထွက်သွားမည့်အမူအယာပြသည်.။ အောက်ဖက်သို့ ပြန်ဆင်းမည့် လမ်းကျဉ်းကလေး၏ အလယ်ခေါင်က ကျွန်တော် လမ်းဖယ်ပေးသည်.။ သူမက ကျွန်တော် ဖယ်ပေးသည့် လမ်းကမသွား..။ ကန်ဘောင်အပေါ် လမ်းပေါ် တက်မည့်ဟန်ပြုသည်…။
“ကျွန်တော် အတူတူလိုက်လျှောက်လို့ရမလား…”
ဘယ်လိုလူလဲ..ဆိုသည့်အကြည့်ဖြင့် တစ်ချက်ပြန်ကြည့်သည်.။ မည်သို့သော စကားတစ်ခွန်းမျှမဆိုပဲ မျက်စောင်း တစ်ချက်ထိုးလိုက်သည်.။ ကျွန်တော့်ရင်တစ်ခုလုံး ဗြောင်းဆန်သွားရသည်..။
ထိုနေ့ကစ၍ ကျွန်တော့်ဘဝရက်စွဲများ ပျော်စရာအတိပြီးလေသည်.။ သူမ ကျောင်းပြန်လာသည့်အခါတိုင်း ကျွန်တော် စောင့်ကြိုနေတတ်သည်.။ ရက်သတ္တပတ်များကျော်လွန်ပြီးသည့်အခါ သံယောဇဉ်ကြိုးသည် ထင်ထား သည်ထက် တင်းနေခဲ့သည်..။ နေကောင်းလား.။ ရာသီဥတုပူတယ်နော်..။ မြေနီကုန်းမှာ ကားကြပ်လွန်းလို့.. စသည့် စကားများမှအစပြု၍ . ကျန်းမာရေးဂရုစိုက်ပါနော်..။ မနေ့က မ, မလာပေမယ့် ကျွန်တော် တစ်ညနေလုံးထိုင်စောင့်နေခဲ့ တာ.။ မနေ့က ရှင့်ကို အိပ်မက်မက်တယ်.။ ဘုရားမှာ ရှင့်မွေးနံထောင့်မှာ ဆုတောင်းခဲ့သေးတယ်..။ စီးကရက်တွေ လျှော့သောက်ပါ.. ဆိုတာမျိုးအထိ.။
            နောက်တော့ ထိုကန်ဘောင်မှာပဲ သူမကို ချစ်ခွင့်ပန်ဖြစ်ခဲ့သည်..။ ရင်ခုန်သံချင်းထပ်တူကျသူမို့ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ချစ်သူ ဖြစ်ခဲ့ကြသည်.။ “မ” “ရှင်” ဆိုတဲ့အသုံးအနှုန်းတွေကို “ခိုင်” နဲ့ “မောင်” အဖြစ် နှစ်ဦးသဘောတူ ပြောင်းလဲလိုက်ကြသည်.။
            သို့နှင့် အင်းယားသည် ကျွန်တော်တို့ နှစ်ဦး၏ ကမ္ဘာဖြစ်လာခဲ့သည်..။ ရန်ကုန်မြို့ အခြားလည်စရာပတ်စရာတွေ ထက် နှစ်ဦးစလုံး၏ အချစ်သင်္ကေတဆန်ဆန်ဖြစ်နေသည့် အင်းယားကန်ဘောင်..။ ဒီနေရာမှာပဲ သူမကို စတွေ့ခဲ့သည်.။ ဒီနေရာမှာပဲ သူမကို ချစ်ခွင့်ပန်ခဲ့သည်.။ ဒီနေရာမှာပဲ သူ့ပါးလေးများကို တိုးတိုးတိတ်တိတ်နမ်းရှိုက်ခွင့်ရခဲ့သည်.။
            “ခိုင်တို့ ကျောင်းနဲ့ ဒီကန်ဘောင်နဲ့က တော်တော်လမ်းလျှောက်ရတယ်နော်… ခိုင်တို့ ကျောင်းရှေ့မှာလည်း ဖယ်ရီကားဂိတ် ရှိတာပဲ ဘာလို့ ဒီဖက်အထိ လမ်းလျှောက်လာတာလဲ.. မောင်အရင်က စောင့်စောင့်ကြည့်နေလို့လား...”
            “အယ်. ဝေးပါသေးရဲ့ မောင်ရယ်…ခိုင်က အညောင်းပြေအညာပြေ လမ်းလျှောက်တာ.. သီးခြားအားကစား လုပ်ရသက်သာ တာပေါ့.။ Gym ဆိုတာလည်း ခိုင်တို့ အတန်းမှာ ပုံမှန်ဝင်နိုင်ဖို့မလွယ်ဘူးလေ… ပြီးတော့..”
            “ပြီးတော့ မောင်ရှိတယ်မဟုတ်လား…”
            ကျွန်တော်က နှာခေါင်းရှုံ့လျက် ဆိုးနွဲ့လိုသောအမူအယာဖြင့်ဆိုတော့…
            “ကဲ.. မောင်ကလည်း စကားမဆုံးခင် ဖြတ်ဖြတ်မပြောပါနဲ့.. ခိုင်ပြောတာက အင်းယားမှာလမ်းလျှောက်ရတာ ခိုင်သဘောကျတယ်…နောက်…”
            “နောက်… ဆက်ပြောလေ ခိုင်..”
            အမှတ်မထင် တည်ကြည်သွားသော သူမမျက်နှာကို ကျွန်တော် အံ့အားသင့်စွာကြည့်မိလိုက်သည်..။ အလို.. သူမ မှာ အင်းယားနဲ့ ပတ်သတ်ပြီး ဒဏ်ရာဟောင်းတစ်ခုရှိနှင့်နေလေပြီ…။ ဖွေးနုသန့်စင်သော ပါးပြင်နှစ်ဖက်သို့ စီးလုလု မျက်ရည်ကို သူမ ကျွန်တော် မမြင်အောင် ထိန်းလိုက်သည်ကို ကျွန်တော်မြင်ဖြစ်အောင်မြင်လိုက်မိသည်..။
            “ခိုင်တို့ ပြန်ကြစို့မောင်…”
            “မပြန်နိုင်ဘူး ခိုင်…။ မောင်သိချင်တာ မသိရမချင်း မောင်မပြန်နိုင်ဘူး..ခိုင်ဘာလို့ ငိုသလဲ..။ ခိုင့်မှာ မောင်မသိတဲ့ အချက်တွေများရှိနေသလား.။ မောင့်ကို သိခွင့်ပေးပါ.. ”
            “မောင်မပြန်ရင်လည်း ခိုင့်ဖာသာ ပြန်မယ်…”
            “ခိုင်…”
            မထင်မှတ်ပဲ မာသွားသော ကျွန်တော့်အသံကြောင့်ခိုင်လန့်သွားသည်.။ သူ့လက်ကို လှမ်းဆွဲလိုက်သော ကျွန်တော့်လက်က မရည်ရွယ်ပါပဲ တင်းကြပ်သွားသည်လား..။ နာကျင်သွားဟန် တူသည့်ခိုင်က သူ့လက်ကို လျှော့ချ လိုက်သည်.။ ကျွန်တော်လည်း ခိုင့်လက်ကို လွှတ်ချလိုက်သည်..။
            “မောင် ခိုင့်ကို ချစ်ခဲ့တာ.. ခိုင့်မှာ ရည်းစားမရှိဖူးဘူး ထင်လို့ ချစ်ခဲ့တာလားမောင်…”
            မျက်ရည်စီးကြောင်းနှစ်ခုသည် မြစ်နှစ်သွယ်ကဲ့သို့ စီးသည်...။ ခိုင်ငိုနေသည်..။ ဟုတ်သည် ခိုင်ငိုနေသည်..။ ကျွန်တော့်ကို လွန်ဆန်ဝံ့ဟန်မတူ.။ သူထွက်မသွားသေး..။ ကျွန်တော်သူ့မျက်နှာကို ပြန်ကြည့်လိုက်သည်..။ မျက်ရည်များကြားမှ သူ့အကြည့်က အသနားခံဟန်၊ တောင်းပန်တိုးလျှိုးဟန်၊ အရှုံးပေးဟန် အရိပ်အယောင်တွေ မြင်နေရသည်..။
            “ခိုင်ရယ်…”
            ယခုမူ သိမ့်၍ သိမ့်၍ ငိုနေသော ခိုင့် ခန္ဓာကိုယ်လေးသည် ကျွန်တော့်ရင်ခွင်ထဲတွင် အလိုက်သင့်ရှိနေပါပြီတည်း.။
---------------------------------------------------------------------------------------------------------------------------------


            “ ဘယ်လို ခိုင့်မှာ နှလုံးရောဂါ ရှိတယ်ဟုတ်လား…”
            “ဟုတ်တယ် မောင်လေး…ခိုင်ပြောပြပြီးဖြစ်မှာပါ..။ သူ့အရင်ရည်းစားလေ…။ အဲဒီကောင်လေးက ဆိုးတယ်.။ ပြဿနာခဏခဏ တက်တယ်.။ ခိုင်က အေးတယ်ကွယ်..။ ဟိုကောင်လေးက ရန်ခဏခဏ ဖြစ်တယ်.။ သေမလိုအထိ ပါဖြစ်ဖူးတယ်.။ ခိုင်က အဲဒီစိတ်တွေနဲ့ နေ့တိုင်းငိုခဲ့ရတယ်. မောင်လေး.။ နောက်တော့ သူ့မခံနိုင်တော့ဘူး..။ အဲဒီကောင်လေးလည်း ဆုံးသွားတယ်..။ အဲဒီမှာ ခိုင် Heart attack ရပြီး ဆေးရုံ တစ်လလောက် တက်လိုက်ရတယ် မောင်လေး…”
            ကျွန်တော့်မှာ ဘာမှ ဆက်ပြောရန်မရှိ…။ ခိုင်နဲ့ မတွေ့ရတာ တစ်ပတ်ကျော်နေပြီ..။ ဖုန်းလည်းစက်ပိတ်ထား သည်.။
            “သူလမ်းလျှောက်နေတယ်ဆိုတာ ဆရာဝန် Recommend ပေးထားလို့ လျှောက်နေတာမောင်လေး.။ သူ့ အခြေအနေ တိုးတက်လာတယ်လို့ ထင်ခဲ့ကြတယ်...။ ဒါပေမယ့်…”
            ထိုအမျိုးသမီးက သက်ပြင်းတစ်ချက်ချပြီးဆက်ပြောသည်..။
            “သူ သိပ်ကြာကြာမနေရတော့ဘူး မောင်လေး..။ အစ်မတို့ သူ့ကို လန်ဒန်ခေါ်သွားမယ်..ခွဲစိတ်ဖို့ပေါ့..။ ခွဲစိတ်မှု အောင်မြင်ရင်တော့သူပြန်လာနိုင်မယ်…သူ့ကိုတော့ အောင်မြင်ဖို့ များတယ်လို့ ပြောထားပေမယ့်…”
            ခိုင့်အစ်မဆိုသူ အမျိုးသမီးက ကျလာသော မျက်ရည်ကို သုတ်သည်..။
            “ မင်းအတွက်လည်း စိတ်မကောင်းပါဘူးကွယ်.။ တကယ်တော့ ခိုင်က ရည်းစားထားလို့ မရဘူးကွယ်..။ အစ်မတို့ သွားတော့မယ်မောင်လေး..”
            နှုတ်ဆက်သံမှာ ရှိုက်သံပါနေသည်…။ သူမ ပြီးဆုံးအောင်ပြောမသွားသော စကားက ဘာဆိုတာမောင် မရိပ်မိခဲ့ရင် ဘယ် လောက် ကောင်းလိုက်မလဲခိုင်ရယ်..။
            ခိုင်ရောက်မလာသောထိုညနေက အင်းယားကန်ဘောင်ပေါ် အရုပ်ကြိုးပြတ်ဒူးထောက်ကျသည်..။ မိမိ လေဆိပ် လိုက်မပို့သည်အခါ ခိုင်မျှော်နေမလား..။ ခိုင့်ရောဂါ ပိုဆိုးမလား..။ ခိုင့်ကို သူတို့တွေ ဘယ်လို ဝိုင်းလိမ်ညာပေးကြမလဲ။ ခိုင့်ကို ချစ်လှစွာသော ဆွေမျိုးများသည် ခိုင်ချစ်လှစွာသောကျွန်တော့်ထံ ဖုန်းတစ်ချက်ပင် မဆက်စေတော့ပြီလား.။ စင်စစ်ပင် ထိုနေ့သည် ကျွန်တော့်ချစ်လှစွာသောခိုင် ကျွန်တော်နှင့်အဝေးဆုံး မပြန်လမ်းသို့ ထွက်ခွာသောနေ့ပင် ဖြစ်လေ သည်.။  
----------------------------------------------------------------------------------------------------------------------------------


            ခိုင်သည် ကျွန်တော့်နှင့် တစ်မြေခြားသို့ မခွာခဲ့ပါလား…။ နိုင်ငံရပ်ခြားသို့ထွက်မသွားခဲ့ပါလား..။ ခိုင့်အတွက် ခံစားချက် အသစ် အဆန်း၊ နှလုံးရောဂါသည် တစ်ယောက်အတွက် အန္တရာယ်ရှိသော ရင်ခုန်လှုပ်ရှားမှုများကို ပေးခဲ့သူက ကျွန်တော်.။ ထိုအတွေးက ဖြေဖျောက်မရ…။ ခိုင်သာ ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့ ကမ္ဘာ..။ ကျွန်တော်က ကျွန်တော့်ကမ္ဘာကို ကိုယ်ပြန်ဖျက်သူပင်တည်း..။
            ခိုင်မသေဘူး..။ ခိုင်ပြန်လာမှာ..။ ကျွန်တော် ယုံကြည်နေသည်..။ ခိုင်ကတိပေးခဲ့သည်.။ ခိုင်ပြန်လာဦးမည်.။ အဲဒီနေ့ကို ကျွန်တော်စောင့်နေခဲ့သည်.။ ဒီနေရာ ဒီအဝန်းအဝိုင်းမှာပဲ ခိုင်ရှိနေတယ်.။ သူကျွန်တော့်ကိုရှာနေမလား.။ သူ ကျွန်တော့်ကို မြင်ပါ့မလား..။ အင်းယားကန်ဘောင်.. ပြီးတော့ သူလာနေကျ လမ်းလေး..။ ကျွန်တော်တို့ အတူ ထိုင်ခဲ့တဲ့နေရာ.။ သူ့ကို စကားစပြောခဲ့တဲ့ လမ်းကျဉ်းကလေး.။ နောက်….
            အင်းယားကန်ဘောင်သည် ညဥ့်နက်လာသည်နှင့်အမျှ လူကျဲပါးသွားသည်.။ ကျွန်တော်ကတော့ အုတ်ခုံလေးမှာ ထိုင်နေတုန်း…။
ညသည် တိတ်ဆိတ်စွာ ငိုကျွေးတတ်ပါသလား..။ ဆီးနှင်းပေါက်တို့က ည၏ မျက်ရည်များ ဖြစ်သင့်သည်ဟု တစ်ဖက်သတ် ယုံကြည်သင့်သည်ဆိုပါလျှင် ည၏ငိုကျွေးမှုတို့သည် မည်သည့် အကြောင်းတရား ပေါ်မှာ မှီတည် လေ့ရှိပါသနည်း..။ မည်သူ့ကြောင့် ငိုကျွေးရသည် ထင်ပါသနည်း.။ ညအနေဖြင့် ငိုကျွေးသည်ဖြစ်စေ မငိုကျွေးသည်ဖြစ်စေ. ကမ္ဘာတစ်ခြမ်းသော လူအားလုံးတို့အပေါ် တစ်ပြေးညီ မှောင်မိုက်ခြင်းပေးသည်ဟု ယူဆနိုင်မည်လား..။ စင်စစ်မူ ညချမ်းအချိန်အခါသည် ညမအိပ်သော ကျွန်တော့်အဖို့ စိတ္တဇသက်သက် အတွေးပုံရိပ်များ ဖြင့် ခြောက်လှန့်ကြီးစိုး ငေးမော စေတတ်သော အပိုင်းအခြားတစ်ခုသက်သက်သာ ဖြစ်လေသည်...။

မိုးသက်ဦးလွင်
၂၀၁၅ ခုနှစ် ဇွန်လ City မဂ္ဂဇင်း
           






 

My Blog List