Monday, February 20, 2012

သက္ကံရွာဟောင်းသို့ တစ်ခေါက်(၂)






























              မသိစိတ်၏ စေ့ဆော်မှုကြောင့်ကျွန်တော်ဖျက်ကနဲလန့်နိုးသွားသည်.။ပတ်ဝန်းကျင်ကမှောင်စပျိုး
နေသည်..။ အရင်ဆုံးသိလိုက်တာက.. ကျွန်တော် စစ်ကြောင်းနဲ့ အဆက်အသွယ်ပျက်ပြီးကျန်နေခဲ့ပြီ..။
လက်ထဲမှာက သေနတ်နှင့်.. ။ လူစစ်သည်မှာ ဘယ်လိုမှားလို့ကျွန်တော်ကျန်ခဲ့သည်ဆိုတာ ကျွန်တော်စဉ်း
စားလို့မရ..။ ချက်ချင်း စိတ်ထဲမှာတုန်လှုပ်စွာ သိလိုက်တာက. လက်နက်ဖြင့် ခွင့်မဲ့ပျက်ကွက်မှု ဆိုတာကို ဖြစ်
သည်.။ ယခုလောက်ဆိုရင်.. ကျောင်းထဲကိုပင်ပြန်ဝင်နေပြီလား..။ လူသူမနီးသည့်တောထဲကိုရောက်နေတာ
ကဆိုးသည်..။ မမှောင်ခင် သက္ကံဘက်ကိုပြန်လှည့်ရမည်လား.။ စစ်ကြောင်းဆီသို့ မိမိဖာသာ လိုက်ရမည်လား
စဉ်းစားလို့မရ...။ ဒီအတိုင်းနေလို့ကလည်းမဖြစ်..။
           ဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်ပြီး.. ကျွန်တော်ကျောပိုးအိတ်ကိုလွယ်သည်... မီးရောင် မရှိသဖြင့်.အိတ်
ထဲမှာ ညဖက် မြေပုံဖတ်ဖို့နှင့်စာရေးဖို့ယူလာသည့် ဓါတ်မီးကိုထုတ်မည်ပြုမှ.. အေးမောင်မောင်ဟိန်းအိတ်ထဲ
ပါသွားပြီဆိုတာကို သတိရလိုက်သည်.။  ဘယ်လိုလုပ်ရမည်နည်း..။ ပတ်ဝန်းကျင်က မှောင်သထက်မှောင်
လာလေပြီ..။ ရှေ့ ဖက်ကို အလင်းရောင် ဖျော့ဖျော့ကို အားပြုပြီးကြည့်တော့ လမ်းက သုံးသွယ်ဖြစ်နေသည်.။
ဘယ်လား.၊ ညာလား ၊ အလယ်လား ဆိုတာ .မကွဲပြား..။ စစ်ဖိနပ် ရာတွေသွားကြည့်တော့လည်း .လမ်းဆုံမှာ
ရပ်နား သွားကြသည်ဖြစ်ရာ..လမ်းသုံးလမ်းလုံးမှာ ခြေရာတွေထင်နေသည်ပဲ..။ သို့ရာတွင် တစ်လမ်းလမ်းကို
တော့ ကျွန်တော်ရွေးရမည်..။ သက္ကံဘက်ကိုလှည့်ပြန်ရန်မှာလည်း. ဤအလင်းရောင်မျှဖြင့် . သစ်လုံးတံတား
ကိုဖြတ်ကူးဖို့လွယ်မည်မဟုတ်..။ ရှေ့မှာ ညောင်ကုန်းရွာ ရှိသည်ဆိုတာ သေချာစွာသိသည်.။ ထိုရွာကိုဘယ်
လမ်းကသွားသလဲ သိလျှင်ရပြီဖြစ်သည်. ။ လောလောဆယ်တော့.. စမ်းတ၀ါးဝါးဖြင့် သွားရမည်ဖြစ်သည်.။
           ရာသီဥတုက မိုးမရွာသော်လည်း နေမသာပဲ မိုးအုံ့သောကြောင့်..လပြည့်ညမဟုတ်သော်ငြား. ကြယ်
ရောလပါပျောက်နေသည်.။လမ်းတွေက တူသလိုလိုတော့  ရှိသည်..။ သို့ရာတွင် ဤအနီးနားတစ်ဝိုက်တွင်
မီးရောင်တော့ လုံးဝမမြင်..။ တောမနက်သော်လည်း တောကောင်များ ရှိမရှိကျွန်တော်မသိ.။ နယ်မြေ
ကတော့ ပြင်ဦးလွင်တစ်ဝိုက်က အညိုရောင်နယ်မြေမဟုတ်တာ သေချာသည်.။သို့ရာတွင်. အန္တရာယ်ဆိုတာ
မျိုးက အသိပေးပြီးလာတတ်သည့်အရာမဟုတ်ဆိုတာ ကိုတော့ ကျွန်တော်ကြိုသိထားသည်.။သေနတ်က
ကျည်ဆံမပါလျှင် တုတ်တစ်ချောင်းလောက်ပင်အသုံးမ၀င်ဆိုသောငြား..ထိုအသုံးမ၀င်သောအရာကိုပင် မိမိ
ချစ်သူထက်ပိုချစ်ရမည်ဟု. နည်းပြတွေမှာတာကိုကြားဖူးသည်..။လောလောဆယ်တော့ ကျွန်တော့် ကျောင်း
ပြန်ရောက်အောင်သွားရမည်..။
             ချွေးစေးတွေပါပြန်လာသည်..။ လမ်းကတော့ မှားနေပြီဟုကိုယ့်ကိုယ်ကို ထင်မိသည်..။ခလုတ်ထိမှ
အမိတ ဆိုသလို .အမေ့ကို သတိရသည်.။မေတ္တာသုတ်ကို ဖွဖွရွတ်သည်...။တောစောင့်နတ်တောင်စောင့်နတ်
များကို မေတ္တာပို့ အမျှဝေသည်..။ဆက်သွားနေရင်း.. နားကိုလည်းစွင့်ထားသည်..။ မျက်စိကလည်းအမှောင်
ထဲမှာ ကျင့်သားရစ ပြုနေပြီ..။  သွားနေရင်း.. နားထဲမှာ ခလောက်သံလိုလိုကြားမိသည်.. ။ စိတ်ထင်လို့လား။
တောမှောက်တာလား..။ မဟုတ်ပါ..။ ခလောက်သံမှ ခလောက်သံစစ်စစ်.။အသံက တစ်ဖြည်းဖြည်းနီးလာ

သည်..။ ချက်ချင်းပင် တိမ်ဖုံးသော လရောင်က ၀င်းကနဲထွက်လာ သည်နှင့်တစ်ပြိုင်နက်ပင်.. လမ်းကွေ့မှ
နွားလှည်းတစ်စီး ကိုဘွားကနဲတွေ့လိုက်ရသည်..။
            “ ဦးလေး .. ဦးလေး. .ကျွန်တော့်ကို ကူညီပါဦးခင်ဗျ...”
          “ ဟေ.. ဟာ ဗိုလ်လောင်း..မင်းထွက်ပြေးလာတာလား.. ”
          “ အာ မဟုတ်ပါဘူးခင်ဗျ...ကျွန်တော် စစ်ကြောင်းနားနေတုန်း သစ်ပင်အုပ်လေးအောက်မှာအိပ်ရင်းနဲ့
တစ်ယောက်တည်းကျန်ခဲ့တာပါခင်ဗျ...။အဲဒါဦးလေး. ကျွန်တော့်ကိုညောင်ကုန်း အထိပို့ပေးနိုင်မလားခင်ဗျာ.
ကျွန်တော် ပြန်မရောက်ရင်.. အရေးယူခံရမှာခင်ဗျ...”
       ပြောမယ့်သာပြောရသည်.. ။ အချိန်အခါက အရေးယူမယ်ဆိုရင်ယူလို့ရနေပါပြီ..။သေချာသလောက်က
တော့ ကျောင်းမှာ စစ်ကြောင်းပြန်ဝင်သွားပြီ..။ သူ့ကိုအပူတစ်ပြင်းလိုက်ရှာဖို့လုပ်နေပြီဆိုတာ ပဲဖြစ်ပါသည်.။
       “ အာ ညောင်ကုန်းဘက်ကဆိုရင်.. မင်း တောလမ်းအတိုင်းဘယ်သူလိုက်ပို့မှာလဲ..။ လာလာရွာလိုက်ခဲ့.
ရွာကျမှ ဆက်စဉ်းစားကြတာပေါ့...”
      ကျွန်တော် စဉ်းစားလိုက်သည်..။ ညောင်ကုန်း ၊ မိုးကြိုးပစ်လမ်း..၊မှ တောလမ်းအတိုင်းလိုက်လျှင်လည်း
မီနိုင်မည်မဟုတ်တော့.။ ထို့အတွက်.. ယခုလိုက်သွားပြီး ဆိုင်ကယ်နှင့်ဖြစ်စေ ပြန်လိုက်ပို့ဖို့အကူအညီတောင်း
မည်.. ဆိုသည့်အကြံဥာဏ်က အကောင်းဆုံးဆိုတာကိုစဉ်းစားမိသည်.။
       “ ကျေးဇူးပါပဲဦးလေးခင်ဗျ.. ”
       “အေး အေး.. ကဲတက်တက်.. ညာဘက်က မတက်နဲ့.. အဲဒီဘက်က ဆူးချုံတွေနဲ့ မင်းအ၀တ်အစားတွေငြိ
လိမ့်မယ်..”
     ထိုလူကြီးပြောသည့်အတိုင်း...ဘယ်ဘက်က ပတ်ပြီးတက်မည်လုပ်မှ.. ထူးခြားချက်တစ်ခုကို သွားတွေ့မိပါ
သည်..။ သူမောင်းလာသည့်လှည်းကြီး၏ ဘီးလုံးတွေက.. ရှေးဘီးလုံးတွေလို အပိတ်ကြီးတွေဖြစ်နေတာ
ကိုပါပဲ..။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
            လှည်းက အတော်ပင်ညက်ညောလှသည်.။ နွားနှစ်ကောင်ကလည်း ကြိမ်တို့စရာမလိုပဲ အရိပ်ပြရုံမျှ
ဖြင့် သိနားလည်သော နွားလိမ္မာကြီးများဖြစ်သည်.။တိမ်ကရုတ်တရက်ကင်းစင်သွားသည်မို့ လရောင်ဖြင့်
ပတ်ဝန်းကျင်ကိုမြင်နေရသည်..။ စကားတစ်ပြောပြောဖြင့် ခရီးဆက်ကြသည်.။ သူ့စကားပြောပုံအရ ထိုလူကြီး
အမည်မှာ ဦးမြမောင်ဖြစ်သည်..။ သက္ကံရွာဦးကျောင်းမှ ကပ္ပိယကြီးဖြစ်ကြောင်းသိရသည်..။
       နွားလှည်းစီးနေရင်း. ကျွန်တော့်စိတ်ထဲမှာ တောင်တောင်အီအီများစဉ်းစားမိနေသေးသည်.။ ငယ်ငယ်က
ဖတ်ဖူးသောနာနာဘာဝ များလူယောင်ဖန်ဆင်းသည်ဘာညာ..ကျတ်ကုန်း.အစရှိသဖြင့်ဖြစ်သည်.။စိတ်ထဲမှာ
သိပ်တော့မကြောက်ပါ..။လောလောဆယ်ကြောက်နေမိသည်.က. ခွင့်မဲ့ပျက်ကွက်တင်လိုက်မှာကိုကြောက်
တာဖြစ်ပါသည်.။ ဦးမြမောင်၏ ဥပတိရုပ် ဘုရားတရားအကြောင်းတွေပြောနေပုံထောက်တော့ လူသားစင်စစ်
ဖြစ်မည်ဟုယူဆလိုက်သည်.။ ပြီးမှ..အော် ငါဘာတွေလျှောက်တွေးနေပါလိမ့်ဟု ပြုံးမိသည်.။
       ၄၅ မိနစ်လောက်စီးမှ. ရွာပေါက်ဝသို့ရောက်သည်...။ လားလား. ကျွန်တော်အံ့သြသွားသည်.။ ရွာကသန့်
ရှင်းလှချည်လား..။ ကျွန်တော်ရောက်ဖူးသည့်ရွာ များထဲမှာဤမျှလောက်..သန့်ရှင်းသည်ရွာ မမြင်ဖူးခဲ့ပါချေ
ရွာထဲမှာ သဲဖြူခင်းထားသည်..။ ညမို့လို့သာတော်တော့သည်..။ လျှပ်စစ်မီးမရှိသော်လည်း ရေအားလျှပ်စစ်
ဖြင့် မီးလေးများကိုထွန်းထားတတ်သည့်ရှမ်းရွာလေးများထုံးစံအတိုင်း..လင်းထိန်နေသည်.။
     “ ဦးမြမောင်. ရွာနာမည်က ဘယ်လိုခေါ်လဲခင်ဗျ... ”
     “ သက္ကံလေ.ကွာ.. ”
     “ ဗျာ .. ညနေက ကျွန်တော်တို့ ဖြတ်လာတဲ့လမ်းမှာလည်း သက္ကံတစ်ရွာရှိသလားလို့...”
     ဦးမြမောင်က အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး..
     “ အင်းဟုတ်တယ်ငါ့တူ သက္ကံက နှစ်ရွာရှိတယ်ကွ..တို့က ရွာမ .. ရွာဟောင်းလို့သိကြတယ်ကွ.. ကဲကဲ
ကျောင်းပေါ်တက်.. ။ ဆရာတော်မကျိန်းသေးဘူးကွ. ဒီအချိန်ဆိုရင်..”
    ကျွန်တော်နဲ့ ဦးမြမောင်. ကျောင်းပေါ်တက်ပြီး ဆရာတော်ကို လျှောက်ကြသည်..။ ဆရာတော်ကသက်
တော် ၄၀ ခန့်သာရှိသေးသည်.။ အသံက သြဇာသံ၊ မေတ္တာသံပါသည်. ။ တွေ့တွေ့ချင်းဦးတိုက်ရှိခိုးပြီး.ကျွန်
တော့်ဖြစ်ပုံကိုစုံလင်စွာ လျှောက်သည်.။ ဆရာတော်က မျက်နှာကျက်ကို ကြည့်ပြီး ခေတ္တမျှစဉ်းစားကာ
     “ အင်း ဒီညတော့ ရွာမှာပဲ အိပ်လိုက်ပေတော့ .. မနက်ဖြန်.မနက်စောစောလိုက်ပို့ပေးတာပေါ့.။ကဲဦးမြ
မောင် . ဒီဗိုလ်လောင်းကို နေရာထိုင်ခင်းစီစဉ်ပေးလိုက်ပါဦး..”
    “ အာ . အရှင်ဘုရား.. တပည့်တော် ဒီည.. မပြန်ရင်.မဖြစ်ဘူးဘုရား.. အရေးယူခံရနိုင်ပါတယ်.။ ခုချိန်ဆိုရင်
တောင် တပည့်တော်ကို အပူတပြင်းလိုက်ရှာနေကြပြီထင်တယ်ဘုရား...”
      “ ဘာမှ မပူပါနဲ့တကာလေး..။ ဆရာတော် အားလုံးစီစဉ်ပေးပါ့မယ်..။ စိတ်မပူပါနဲ့. စိတ်ချလက်ချသာ အိပ်
ပေတော့.. မနက်ဖြန်မှ ပြန်လို့ရပါတယ်.....”
      တကယ်တမ်း ဘယ်လိုမှမဖြစ်နိုင်ဟုထင်ထားသော်လည်းဆရာတော်၏ သြဇာသံကြောင့်ကျွန်တော်အလို
လိုနေရင်း..စိတ်အေးသွားသည်မှာ အံ့သြဖွယ်ကောင်းလှသည်.။ဘာမှ ထပ်မလျှောက်ဖြစ်တော့ပဲ.. ။ ဦးမြ
မောင် နှင့်လိုက်သွားမိတော့သည်.။
       ဆွမ်းချက်ဆောင်မရောက်မီ.. ဦးမြမောင်နေသော. အဆောင်လေးပေါ်တွင်အိပ်ရန်နေရာပေးသည်..။
စောင်.၊ ခေါင်းအုံးများစီစဉ်ပေးပြီး.ဦးမြမောင်ပြန်ဆင်းသွားသည်.။ ခေါင်းအုံးပေါ်ကိုလှဲချလိုက်ပြီး စဉ်းစားမိ
သည်..။ ဘာကြောင့်ရယ်မသိ..။ အလိုလိုအဆင်ပြေသွားလိမ့်မည်ဆိုတာကိုကြိုသိသလိုလိုဖြစ်နေသည်.။
ပူပင်သောက တွေဘယ်ရောက်ကုန်သည်မသိ...။အိပ်မည်လုပ်ကာမှ ဘုရားမရှိခိုးရသေးဆိုတာကိုသတိရ
သည်..။တောစီးဖိနပ်ကိုချွတ်လိုက်ပြီး.. အဆောင်ပေါ်မှခနဆင်းကာ.. မြေစိုက်စေတီတော်ဝင်းထဲဝင်သည်.။
ဘုရားထဲမှာ စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည်.။ မိုးရာသီဖြစ်သော်လည်း ခြင်ယင် မရှိသည်က နဲနဲထူးခြား
သည်.။ ရွာ၏ သန့်ရှင်းရေးကြောင့်ဖြစ်မည်ထင်သည်..။ ဆည်းလည်းသံလေးများကိုကြားသည်။.. ။ ၁၅ မိနစ်
ခန့်ဘုရားရှိခိုးပြီး.. ပြန်ဆင်းလာသည်.. ။ ဘယ်တုန်းကနှင့်မှ မတူသော စိတ်ကြည်လင်မှုကိုရသည်.။ အ
ဆောင်ပေါ်သို့ပြန်တက်ပြီး..ခေါင်းချလိုက်သည်..။ ဘေးနားက အဆောင်မှ ကိုရင်လေး စာအံနေသော..ဒါရ
ကောဝါဒ အသံကိုကြားရသည်... ။
      “ ဒါရကောဝါဒ ၊ ဆိုမိန့်ဟ. ချိုဆိမ့်ကြနားမှာ.
         ပညာမရှိ မိုက်ခေါင်ထိ ၊ မသိအရာရာ..
         ပညာသုတ ရှိပါမှ. ၊ သိရအဖြာဖြာ.
        ပညာရှိအောင် သတိဆောင် ၊ အမောင်ကြိုးစားပါ.......”
       ကျွန်တော့်မျက်လုံးများ မှေးစင်းပြီးအိပ်ပျော်သွားတော့သည်...။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

           မနက်ခင်းစောစော ၅ နာရီလောက်ကျတော့. အလေ့အကျင့်ရနေသူပီပီ ဖျက်ကနဲနိုးလာသည်..။
ကပ္ပိယကြီး ဦးမြင့်မောင် ကိုကြည့်တော့ မရှိတော့ ချေ.. ။ စောစောစီးစီး အရုဏ်ဆွမ်းကပ်နေပြီထင့်..။
ရေအေးအေးနှင့်မျက်နှာသစ်၍ .. သွားတိုက်ပြီးသောအခါ .ကပ္ပိယကြီးလာခေါ်သည်.။သူနှင့်လိုက်သွားပြီး..
ထမင်းဆီဆမ်းနှင့် အကြော်ကို မနက်စာအဖြစ်ကျွေးသည်.။ အလွန်ပင်ကောင်းမွန်သော ၊ ထမင်းနှင့်အကြော်
ဖြစ်သည်. ။ တစ်သက်လုံးစားဖူးသည့် မနက်စာများထဲတွင်အကောင်းဆုံးဟုထင်မိသည်.။
          စားပြီးသောက်ပြီးတော့ ဆရာတော် ကခေါ်ပြီး မိန့်တော်မူပါသည်.။
       “ ကဲ မပြန်ခင်.. ဦးမြမောင်.. ဒကာဗိုလ်လောင်းလေးကို ရွာထဲတစ်ပတ်လောက်ခေါ်ပြလိုက်ပါဦး..”
      “ တင်ပါ့ဘုရား... ...”
    Jungle Boot (တောစီးဖိနပ်)ကို ပြန်စီး၍ ယူနီဖောင်း အသန့်တစ်စုံထုတ်ဝတ်လိုက်သည်. ။ သေနတ်ကို..
ပခုံးမှာလွယ်လိုက်သည်..။ ရွာထဲကို ပတ်ကြည့်လျှင်. စမတ်ကျနေမှဖြစ်မည်မဟုတ်ပါလား..။ သေနတ်က
တော့ အရေးကြီးပစ္စည်းဖြစ်သဖြင့်.. ကိုယ်နှင့်မကွာထားရသည်..။
         မနက်လင်းမှ ရွာ၏ သာယာလှပမှုကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်..။ရွာမှာ သိပ်မကြီးလှသော်လည်း
တည်ဆောက်ထားပုံမှာ. မြို့တစ်မြို့နှင့်ပင်တူနေသေးသည်.။ အကွက်ချထားပုံများ မှာ ညီညာသပ်ယပ်သည်.။
ထူးခြားလှသောရွာဖြစ်သည်ကိုသတိထားမိသည်.  ။ ရွာကလူများ သည်လည်း ထောင်ထောင်မောင်းမောင်း
သန်သန်စွမ်းစွမ်းများသာဖြစ်သည်.။ အ သားအရေစိုပြည်သည်.။ စကားအပြောအဆိုယဉ်ကျေးကြသည်.။
ရွာတွင် မှတ်၊ ခြင်၊ ယင် အစရှိသော ပိုးမွှားများ ကိုမတွေ့ရသည်က.. ထူးခြားမှုတစ်ရပ်လိုဖြစ်နေသည်.။ ထိုစဉ်
အချိန်က ကျွန်တော့်စိတ်တွင်..အခြားဂြိုဟ် ကမ္ဘာတစ်ခုကိုရောက်နေသည့်အလားဖြစ်နေသည်.။ အရာရာအံ့
သြစရာတွေချည်းဖြစ်နေသည်..။  ရွာကလူများက အသားမစားကြ.. ။ သက်သက်လွတ်သာစားကြသည်.။
စိုက်ပျိုးရေးဖြင့်သာအသက်မွေးဝမ်းကျောင်းပြုကြသည်ကိုတွေ့ရသည်...။
        ရွာကို အံ့သြတကြီးပတ်ကြည့်ပြီးချိန်တွင် နေ့လည်မွန်းတည့်ခါပင်နီးတော့မည်..။ပြန်ခါနီးတွင်ဆရာ
တော်ကိုရှိခိုးကန်တော့ ခဲ့သည်..။ဆရာတော်မှ ခဏ လာခဲ့ဦးဆိုကာ. ဘုန်းကြီးကျောင်းပေါ်ခေါ်သွားသည်.။
         “ ဒကာလေး ကို ဘုန်းဘုန်းက လက်ဆောင်ပေးချင်လို့....”
         “ တင်ပါ့ဘုရား...”
      “  ဟောဒီ ရဟန္တာသုံးဆူထဲက...ဒကာလေးကိုးကွယ်ချင်တဲ့ ရုပ်ပွားတော်တစ်ဆူပင့်သွားပေတော့.. ”
     ဆရာတော်ပြသော.. ရုပ်ပွားတော်သုံးဆူမှာ ပုံသဏ္ဍာန်မုဒြာမတူညီသလို...။အရွယ်အစားချင်းလည်းမတူ
ညီပါ.။ သို့ရာတွင်.. ရှေးလက်ရာ ရုပ်ပွားတော်များဖြစ်ဟန်တူပါသည်.။ အကြီးဆုံးမှာ..ဥာဏ်တော်တစ်ထွာ
ခန့်ရှိ၍ အသေးဆုံးမှာ.. ခဲတံ ခန့်သာရှိသော. ရှင်သီဝလိ ကိုယ်တော်ရုပ်ပွားတော်ဖြစ်ပါသည်.။ သုံးဆူစလုံး
မှာ..ကြေးရုပ်ပွားတော်များသာဖြစ်ပါသည်.။ကျွန်တော်စဉ်းစားပြီး အသေးဆုံးရုပ်ပွားတော်လေးကို ပင့်ဖြစ်ခဲ့
ပါသည်.။အကျီင်္အိပ်ကပ်လေးထဲထည့်လိုက်ပြီး လက်နှင့်စမ်းကြည့်လိုက်သည်..။အလေးချိန်အတော်ပင်စီး
သည်ကိုခံစားမိသည်.။
       “ ကဲ လာလာ လှည်းပေါ်တက်.. ။ ကျောပိုးအိတ်ကိုအရင်တင်လေကွာ.. ငါတူ...”
      အလာက ခေါ်လာသော ကပ္ပိယကြီးကပင်ပြန်လိုက်ပို့ပါသည်..။ ကျွန်တော်စဉ်းစားရင်းအတွေးနယ်ချဲ့
နေမိသည်.။ ဒီရွာ ကိုနောက်တစ်ခေါက်မှ ခွင့်ပြန်ကာလ ပြန်လာမည်ဟုစဉ်းစားထားမိသည်.။ လောလော
ဆယ်ကြုံရမည့်ပြဿနာဆိုတာကို ခေါင်းထဲမှာ ပူရကောင်းမှန်းမသိပဲ အေးငြိမ်းနေသည်ကိုခန့်မှန်းမိသည်.။
        အပြန်ခရီးက အလာထက်မြန်သည်ဟု ထင်မိသည်.။ မနေ့ညဦးကတွေ့ခဲ့သည့် လမ်းခွလေးနားကို
ရောက်လာသည်..။လှည်းပေါ်ကဆင်း၍အိတ်ကိုလွယ်လိုက်သည်.။ သေနတ်ကိုထမ်းနေတုန်း .ကပ္ပိယကြီး
ဦးမြင့်မောင်က..လှည်းကို လှည့်နေသည်..။ သွားမည်ပြုပြီးမှ နောက်လှည့်ပြီးနှုတ်ဆက်ဖို့ သတိရကာလှည့်
ကြည့်တော့ ဦးမြင့်မောင်ရော.. လှည်းပါ ပျောက်သွားသည်.. ။ ဘယ်ဆီရောက်သွားသည်မသိ.။ ကျွန်တော်
ကြောင်သွားသည်.။ ဟာ ခုချက်ချင်းပင် ဘယ်ရောက်သွားသည်လဲ..။ ဒီလူကြီးကျွန်တော့်ကိုပြန်မပြောချင်လို့
များ ပြန်ပြေးပြီးလာထင်မိသည်.။ စဉ်းစားရင်းတွေဝေနေတုန်းမှာပင်.. ပခုံးကို နောက်ကတစ်ယောက်ယောက်
ကလာပုတ်သည်..။
           “ ရော့ မင်းအတွက် ၀ယ်ထားတာ.. သွားမယ် ဟိုးဝါးရုံပင်အောက်မှာ ငါရယ်.. ဂျပန်ကြီးရယ်.. ဟန်မင်း
ရယ် နားနေတာ.. ”
         လက်ထဲမှာ ရေခဲထုပ်တစ်ထုပ်ကိုင်ထားသော ..အေးမောင်မောင်ဟိန်းကို မြင်လိုက်ရတော့ ကြောင်
တောင်တောင်ဖြစ်သွားသည်. .။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့.. ကျွန်တော်တို့ စစ်ကြောင်းကြီး ပါ..။
မျက်လုံးကို မသေချာ၍ သေချာပွတ်သပ်ကြည့်တော့.. ဟုတ်သည်...။ စစ်ကြောင်းကြီးမှ စစ်ကြောင်းကြီး.။
       “ ဟေ့ကောင် ဘာတွေကြောင်တောင်တောင်ဖြစ်နေတာလဲ.. လာသွားမယ်ဆိုနေ..တော်ကြာ ဆက်ထွက်
မယ်ဆိုမှ မနားလိုက်ရဘူးဖြစ်သွားမယ်....”
     လူကသာ အေးမောင်မောင်ဟိန်းခေါ်ဆောင်ရာသို့လိုက်ပါသွားသည်..။ စိတ်အစုံက ဘာတွေဘယ်လိုဖြစ်
ပျက်သွားသည်ဆိုတာကို နားမလည်နိုင်သေး..။လှည်းဘီးလုံး အပိတ်ကြီး.. ၊ ဦးမြမောင်.၊ သက္ကံရွာမ.၊ရွာဦး
ကျောင်းဆရာတော်.. ၊ဒီနေ့မနက် သက္ကံရွာဟောင်းမှာစားခဲ့သော . ထမင်းဆီဆမ်းနှင့်အကြော်.... ။
       ခေါင်းထဲမှာ အတွေးတွေက.. ရှုပ်ယှက်ခက်ကုန်သည်.။ ဘာတွေဖြစ်ကုန်ပါလိမ့်..။
      “ ခနလေးသူငယ်ချင်း..      ”
      အေးမောင်မောင်ဟိန်းကိုပြော၍  ကျွန်တော်အိပ်စက်ခဲ့သည့် ဇရပ်နောက်ကျောဘက်က ကျောက်တုံး
လေးကို ပြေးကြည့်သည်.. ။ ဇရပ်နောက်မှာ သစ်ပင်အုပ်ကလေးကတော့တကယ်ပဲရှိပါသည်.။သို့ရာတွင်
ကျွန်တော် ခြစ်ကြည့်ခဲ့သည့်ကျောက်တုံးကလေးက ပျောက်ချင်းမလှပျောက်နေပါပြီ..။
        ခေါင်းကို တစ်ဗျင်းဗျင်းကုတ်သည်..။ ဘာတွေဖြစ်ကုန်ပြီလဲ မသိခင်. ကျွန်တော် တစ်စုံတစ်ခုကိုသတိရ
လိုက်ပြီး ..။ အိပ်ကပ်ထဲကို စမ်းကြည့်လိုက်သည်.။ ဟာ.. . တကယ်ပင်ရှိနေသည်..။
      မသေချာ၍ အိပ်ကပ်ထဲက ထုတ်၍ကြည့်လိုက်သည်.။ ရှင်သီဝလိ ရုပ်ပွားတော်လေးတကယ်ပင်ရှိနေ
ပါသည်...။ကျွန်တော်မှာ အံ့သြသည်ထက်အံ့သြရတော့သည်..။
            “ရွှီး .. စစ်ကြောင်းဆက်ထွက်မယ်. ခွဲ ၁၄ ရှေ့ဆုံးကထွက်မယ်.. အစဉ်လိုက်အတိုင်း... ၁၃ ၊ ၁၂၊ ၁၁
ကနေ . ခွဲ ၁ နောက်ပိတ်ကလိုက်မယ်...”
          ဗျူဟာတာဝန်ခံအရာရှိ ၏ အမိန့်သံအဆုံးမှာ အားလုံး ခရီးဆက်ဖို့ပြင်ကြသည်.။ကျွန်တော်ကတော့
အခြေအနေအရပ်ရပ်ကို သဘောပေါက်သလိုလိုရှိလာသည်..။ သမားရိုးကျအခြေအနေတစ်ရပ်မဟုတ်မှန်း
ရိပ်စားမိလာသည်.။အားတွေပြည့်နေသည်ကိုလည်းသတိထားမိသည်..။
       SRP ကပြန်လာတော့ .. ကျွန်တော် ဘာသာတရားကိုပိုလုပ်ဖြစ်သည်..။ဒုတိယနှစ်ခွင့်ပြန်ကာလတွင်.
သူငယ်ချင်းစိုးထက်နှင့်တစ်ခေါက် ပြန်သွားကာ သက္ကံရွာဟောင်းရှာပုံတော်ဖွင့်သေးသည်..။ သို့ရာတွင်.
ထိုအနီးနားရွာတစ်ဝိုက်တွင်တော့ ရှေ့မီနောက်မီပုဂ္ဂိုလ်များမှ .၊နတ်ဖွက်ထားသလိုလို.၊ ရှေးခေတ်ကရွာ
ကြီးတစ်ရွာလိုလို ဘာလိုလို မရေမရာပြောကြသော ဒဏ္ဍာရီ သဖွယ် ယုံတမ်းတစ်ခုလိုလိုသာကြားခဲ့ရပါ
တော့သည်...။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
         
           “  ဒါဆို မောင်က အဲဒီရွာဟောင်းကို တကယ်ကြီးရောက်သွားခဲ့တာပေါ့...”
            “ အင်း . မောင့်အနေနဲ့က တော့တစ်ည အိပ်ခရီး အနေနဲ့ရောက်သွားခဲ့တာ .. ။ဒါပေမယ့် . မောင်ပြန်
ရောက်လာတော့ မောင်သွားတာ မိနစ်ပိုင်းပဲရှိသေးတယ်. ဆိုတာ သိရတယ်..။ ကိုယ့်ကိုယ်ကို မှားနေပြီထင်
ပေမယ့် . ရှင်သီဝလိဆင်းတုတော်လေးက သက်သေပဲလေ.”
         “ အမေ့ အိမ်က ဆင်းတုတော်လေးက အဲဒီ ဆင်းတုတော်လေးလား.. ”
       “ အင်း ဟုတ်တယ်..  မောင် လည်း အိမ်ကို တန်းပို့ပြီး ပူဇော်လိုက်တာ...အမေနဲ့အဖေကလွဲရင်ဘယ်သူ့
ကိုမှ မပြောပြဖူးဘူး.။ မေ့ကိုပြောပြတာ .. တတိယအကြိမ်ပဲ.. သူငယ်ချင်းတွေကိုတော့ အရူးလို့ပြောမှာစိုး
လို့ ဘယ်သူ့ကိုမှ ပြောမပြဖူးဘူး...”
      “ဘာပဲဖြစ်ဖြစ်..မေကတော့အဲဒီရွာကိုရောက်ရင် ပြန်လာချင်တော့မှာမဟုတ်ဘူး..”
   “ ဟင်. ဒါဆို မောင်တို့ကိုထားခဲ့မှာပေါ့.. ကလေးနှစ်ယောက်နဲ့.. ဒုက္ခများလိုက်မယ့်ဖြစ်ခြင်း...”
     “ဟာ. မောင်ကလည်း အဲဒီလိုတော့ ဘယ်ဟုတ်မှာလဲ.. ။ သွားမယ့်သွား. လေးယောက်စလုံးသွားမှာပေါ့..။
ဟိုကျရင်.. ကလေးနှစ်ယောက်ကို ..”
      “ အာ.. ဟိုက သွားရှာတာတောင်မတွေ့ပါဘူး ဆိုမှ ဒီမိန်းမကလည်းတော်တော်စိတ်ကူးယဉ်တာပဲ..”
       “ ဟုတ်ပါဘူး .. မေက .. စိတ်ကူးထဲမှာရှိတာကိုပြောတာပါ.....”
        နောက်ထပ် မေက စိတ်ကူးယဉ်ပြီး တစ်ခုခုကိုထပ်ပြောနေပါသည်..။မျက်လုံးလေးတွေမှေးပြီး စိတ်ကူး
ယဉ်နေပုံရပါသည်..။သူသက္ကံရွာဟောင်းကို တကယ်သွားချင်နေသည်လား..။ သူမသိပါ.။ကျွန်တော်ကတော့
မသွားချင်ပါ. ။ ဘာကြောင့် မသွားချင်သည် ဆိုသည်ကိုလည်း ကျွန်တော့်ဇနီးသည် သိမည်မဟုတ်ပါ..။
အကယ်၍သာ.. ထိုဇာတ်လမ်းသည်..သူစိတ်ဝင်စားအောင် ကျွန်တော်ဖန်တီးထားသောအာတွင်းဖြစ်လံကျုပ်
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း.. ကျွန်တော့်မိန်းမ သိခဲ့ပါလျှင်မူ.................။




     



ရေးသားသူ : မိုးသက် // 7:41 AM
အမျိုးအစား:

6 comments:

  1. တော်တော်လေးကောင်းတယ်။ ရေးထားတာ။ တကယ်ကြီးလို့ကို ခံစားရတယ်။ ဘာလို့ နောက်ဆုံးကျမှ လန်ကျုတ်ဖြစ်နေရတာလဲ? ဟင်းနော်။ ဒါနဲ့ အွန်လိုင်း မဂ္ဂဇင်းတွေရှိတယ်။ စာမူပို့ပါလား ငါ့မောင်?

    ReplyDelete
  2. ကျန်ခဲ့လို့ ... ပထမအပိုင်း ဖတ်ပြီးကတည်း က စိတ်ဝင်စားလို့ ဒုတိယ အပိုင်းကို မျှော်နေတာ။

    ReplyDelete
  3. ကိုယ်တိုင်လာအားပေးသွားတယ်နော်....
    အေ၇းအသားကောင်းပါတယ်...
    ဆက်ေ၇းနော်
    အားပေးနေမယ်
    ချမ်းမြေ.ပါစေ...

    ReplyDelete
  4. လန်ကျုတ်မို့ပဲညီလေးရာ.. ဖတ်ရင်းနဲ့ကို မျောပါ သွားတယ်။။ ရေးထားတာလေး မိုက်တယ်။။ ဘာပဲပြောပြော အကိုတော့ ဆင်လမ်းစု ဘုန်းကြီးကျောင်း ဘေးက ဝါးတောကြီးကို စိတ်နာတယ်၊ နောင်လှိုင်ဘုန်းကြီးကျောင်းဘေးက ကျတ်ကုန်းကြီးကို စိတ်နာတယ်။။ ဒါပေမယ့် ပြောမယ့်သာပြောရတာပါ ကျောင်းသား ဘဝကို ပြန်လွမ်းသွားရတာပဲညီရေ။။ :)

    ReplyDelete
  5. ဖတ်ရင်းနဲ့ကို အဲ့ဒီ့ရွာကို ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ်... အရေးအသားက စာဖတ်သူကို ဆွဲခေါ်သွားတယ်.. နောက်လည်း ဒီလိုမျိုး များများရေးပါ.. =)

ွှအားပေးလျှက်
    WL

    ReplyDelete
  6. မင်းတို့အင်တိတ်..............May 19, 2012 at 9:15 AM

    ကောင်းသဟ..

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List