Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Thursday, September 11, 2014

ဟိုအတိတ်ကို မမျိုသိပ်ဘဲ ဆိုရလျှင်...


       ချစ်လှစွာသော အစ်မကန်ဒီရဲ့ တဂ်ပို့စ်လေးပါ..။ အစ်မကလည်း ကျွန်တော် ဗိုက်ဗာမှာ တစ်ဂျီဂျီ လုပ်နေတာ အမြင်ကတ်လို့နဲ့ တူပါတယ်.။ အချိန်ကိုက်ကို တဂ်လိုက်ပါတယ်.။ အစကတော့ ငြင်းဦးမလို့ ပါပဲ..။ ဟိုအခန်းဆက်ကလည်း တို့လို့ တန်းလန်းကိုး..။ ဒါပေမယ့် ကျွန်တော် မရေးတာကြာတဲ့ ဒီကြားထဲ ဟိုလိုဒီလို ဆောင်းပါးမကျ ဘာမကျ ပြောတာလေးတွေ မရေးဖြစ်တာကြာလို့ပါ..။ Labels တွေထဲမယ် ဆိုရင် ရောက်တတ်ရာရာပေါ့နော်.။ တကယ်တော့ ဒီအကြောင်းလေးကို ရေးမယ်လို့ စဉ်းစားမိတာက Blog Day ကတည်းကပါ.။ ဒါပေမယ့် အခုမှ ပဲ ရေးဖြစ်ပါတော့တယ်..။
      အဲ.. ဒီအကြောင်းဆိုမှ .. ကျွန်တော်ရေးမှာ ဘာအကြောင်းပါလိမ့်..။ သြော်.. မှတ်မိပြီ..။ ကျွန်တော့်ရဲ့ မော်စကိုရောက်ခါစ ဘလော့စရေးခါစ အကြောင်းလေးတွေပေါ့.။ ကျွန်တော် မော်စကိုစရောက်တော့ ၂၀၁၁ အောက်တိုဘာ ၃ ရက်နေ့ပေါ့နော်..။ အစကတော့ ကိုယ်က စာရေးမယ်လို့ ဆုံးဖြတ်ထားတာ မရှိဘူး.။ ပထမဆုံး ဖတ်မိတာက အစ်မမဒမ်ကိုးနဲ့ ကိုရင်ရေးတဲ့ မဒမ်ကိုး ဘလော့လေးကိုပါ.။ အဲဒီထဲက မဒမ်ဖတ်ဖို့၊ ကိုရင်ဖတ်ဖို့ ဆိုတဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျီစယ်ထားတာလေးတွေ အင်မတန် သဘောကျခဲ့တာ.။ ကိုယ်စာရေးမယ်ကြံရင် သူတို့ အရေးအသားတွေကြည့်တဲ့အခါ စိတ်အားငယ်ရတယ်.။ အစ်မတို့ စာရေးတာ အရမ်းကောင်းတာကိုး..။ (အင်း .. ခုတော့ သူတို့လည်း သိပ်ပြီး မကျီစယ်ကြတာကြာပြီ..) နောက် မကွန် ရေးတဲ့ ခရီးသွားမှတ်တမ်းတွေ ဖတ်မိတယ်.။ ကျွန်တော် စာစရေးတော့ မမေသိမ့်သိမ့်ကျော်ရဲ့ MOBA ဆိုတဲ့ Ning ဆိုက်ပေါ့.။ အဲဒီမှာ ကျွန်တော့်စာတွေက Top Blogs တွေထဲမှာ အမြဲပါတော့ ချော့ကလတ်ကျူးပစ်လေးနဲ့ အစ်မ ဂျက် တို့က ဘလော့တစ်ခု လုပ်ပြီး ရေးဖို့ အကြံပေးတယ်.။ အဲဒီအချိန်မှာ ကျွန်တော် ဘလော့ စရေးနေပါပြီ.။  ဒါပေမယ့် နည်းပညာ ဘလော့ပေါ့လေ.။
        မေမြို့မိုးလို့ အမည်ပေးထားတဲ့ ဒီဘလော့လေးကို ၂၀၁၁ ဒီဇင်ဘာ ၁၀ ရက်နေ့မှာစ ရေးဖြစ်တယ်. ။တန်းပလိတ်တွေလည်း အမျိုးမျိုးပြောင်း၊ ဘလော့လင့်ခ်တွေလည်း အမျိုးမျိုးပြောင်းရင်း ဖြူဖြူ စင်စင်နဲ့ ဣနြေ္ဒရရလေး လှတဲ့ ဒီတန်းပလိတ်လေးမှာ အထိုင်ကျသွားတော့တယ်..။ နာမည်ကိုလည်း စာအုပ်ထုတ်ခါနီး ဆရာစိုင်းခမ်းလိတ်ရဲ့ Privacy နဲ့ ငြိတာကြောင့် မိုးသက်ဦးလွင်လို့ ပြောင်းလိုက်တယ်.။
       ဘလော့စရေးခါစက ရယ်ရတယ်.။ ကျွန်တော် ဘလော့ပတ်ရင် ကိုယ်နဲ့မသိတဲ့သူတွေဆိုရင် မိန်းကလေး ဆို ညီမလေးလို့ပဲ ခေါ်တယ်.။ ကျွန်တော် ညီမလေးလို့ ခေါ်တဲ့ အစ်မမြတ်ကြည်တို့၊ အစ်မချိုချဉ်တို့၊ ဆိုရင် ကျွန်တော့်ကို အစ်ကို၊ အစ်ကိုနဲ့ :D .။ နောက်မှ မွေးနေ့တွေ သိလာမှ လိုက်ရှင်းပြရတော့ ဆူခံရရော..။
     ဘာလိုလိုနဲ့ ကျွန်တော် ပြန်ဖို့ရက်ကလည်း ၁၄ ရက်ပဲ လိုပါတော့တယ်..။ ကျွန်တော်လေ. ဖြစ်နိုင်ရင် ဒီမောင်နှမ အသိုင်းအဝိုင်းထဲက ထွက်မသွားချင်ဘူး.။ အားလုံးနဲ့ အတူတူ ဆုံချင်နေမိတယ်.။ ကိုယ်က မောင်ငယ်လေး တစ်ယောက်လို အစ်မတွေ အစ်ကိုတွေကို ဆိုးချင်၊ ရစ်ချင်တဲ့ စိတ်လေးဖြစ်နေမိတယ် ထင်တယ်.။ တကယ်ပါ..။ (ဒီစာရေးတဲ့အချိန် ကျွန်တော် ဝမ်းနည်းသလိုလို ဖြစ်နေတယ်) .။ ကျွန်တော် အစ်မချိုချဉ်၊ အစ်မ မဒမ်ကိုး၊ အစ်မကျူတီ တို့ ဆူတာတွေ ခံချင်သေးတယ်.။ သူတို့ကိုလည်း စနောက် နေချင်သေးတယ်.။
      ဒါပေမယ့် စစ်သားဘဝကတော့ သိတဲ့အတိုင်းပေါ့ဗျာ..။ နေရာနဲ့ အချိန် ကန့်သတ်လို့မရဘူးလေ.။ သွားဆိုတဲ့နေရာကို သွားခိုင်းတဲ့အချိန်မှာ သွားရမယ် မဟုတ်လား..။ ဘဝ အစစ်အမှန်ထဲကို ပြန်သွားရမယ် လို့ ကျွန်တော် မဆိုချင်ဘူး.။ ကျွန်တော်တို့အတူတူ စနောက် ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ဘဝ အတု လို့ မပြောရက်လို့၊ ပြောမထွက်လို့ပါ..။ ဒါဟာ တဒင်္ဂလိုပဲ.။ ဒါပေမယ့် အမြဲပဲ သတိရနေမိမှာပါ..။ မြန်မာနိုင်ငံကို ပြန်သွားတဲ့ ကိုမောင်မောင်(မြစ်ဆုံ) စာမရေးနိုင်တော့တာကို သတိထားမိတယ်.။ ကျွန်တော်လည်း မသေချာဘူး.။ ဒါပေမယ့် ကျွန်တော် အားတဲ့အခါတိုင်း အစ်ကိုတွေ အစ်မတွေကို ဆက်သွယ်ဦးမှာပါ.။
     ဒီနိုင်ငံမှာလည်း အမှတ်တရတွေ အများကြီးပါ..။ ရောက်ခါစက သွားခဲ့တဲ့ နေရာတွေ။ ဘာသာစကား နားမလည်ခင်က အမှားမှား အယွင်းယွင်းအဖြစ်အပျက်တွေ၊ စိမ်းကားအေးစက်တဲ့ လူမျိုးတွေထဲက ကြုံတောင့်ကြုံခဲ နွေးထွေးတဲ့ နှလုံးသားရှိတဲ့ သူငယ်ချင်းတွေ..။ တစ်ခါတစ်ခါ စိတ်တိုရ၊ တစ်ခါတစ်ခါ သဘောကျရ တဲ့ ဥရောပ ဓလေ့ထုံးတမ်းတွေ၊ အေးစက်တဲ့ နှင်းပွင့်တွေနဲ့ အေးစက်တဲ့ မျက်နှာတွေ ဒါတွေ အကုန်ကို တစ်သက်စာ ထားခဲ့ရတော့မယ်လေ..။
       ဒီမောင်နှမတွေ အားလုံးအတွက် ကျွန်တော်ဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းရဲ့ အမှတ်အသား ဖြစ်နိုင်ပါတယ်.။ ကျွန်တော့် အတွက်တော့ ဒီမောင်နှမတွေက ဘဝရဲ့အစိတ်အပိုင်းတစ်ခုထက် ပိုပါတယ်.။ ကျွန်တော်ရဲ့ အခြားဖက်က ကျွန်တော်တစ်ယောက်ရဲ့ မိသားစုတွေပါ..။ ကျွန်တော် ဒီလိုပဲ အမြဲတွေးထားမိတယ်.။
ဘယ်တော့မှ မမေ့တဲ့ အရာလေးတွေရှိတယ်...။
- အစ်မမဒမ်ကိုး ဓားနဲ့ သိုင်းချတဲ့ ပုံကို ခုထိ မမေ့ဘူး..။
- မေတ္တာဖြင့် အန်တီတင့် ဆိုတဲ့ ကွန်မန့်လေးကို ဘယ်တော့မှ မမေ့ဘူး...။
- No myanmar font လို့ Custom message တင်ထားတဲ့ အစ်မကွန်ရဲ့ Google Talk လေးကို မမေ့ဘူး.။
- ကျောက်မီးသွေးရထားကိုစီးလို့ ကျွန်တော်သွားတော့မယ် မခင်စောအေး ဆိုတဲ့ ကိုရင့်အကောင့်ကို မမေ့ဘူး.။
- ကျွန်တော်တို့ အားလုံးရဲ့ Virtual Character အဖြစ် လူတွေ စိတ်ဝင်စားခဲ့ကြတဲ့ မခင်သီတာကို မမေ့ဘူး.။
- ၂-၅-၁၉၈၈ က မကန်ဒီမွေးနေ့ ဆိုတာ ဘယ်တော့မှ မမေ့ဘူး.။
- အမွှေးဆုံး စံပယ်ဆိုတဲ့ မဂျက်မွေးနေ့ကဗျာလေးကို ဘယ်တော့မှ မမေ့ဘူး..။
- ကော်ဖီခါးခါးကြိုက်ပြီး စတိုင်အရမ်းမိုက်တဲ့ မမိုးငွေ့ရဲ့ အိန်ဂျယ်ကို ဘယ်တော့မှ မမေ့ဘူး..။
- ကွန်မန့်ရေးသူတွေနာမည်ကို တေးထပ်ရေးပြီး Reply တဲ့ တုံးဖလားရွာသူကြီးမင်းကို ဘယ်တော့မှ မမေ့ဘူး..။
- ကိုမောင်တစ်လုံး၊ ကိုမောင်နှစ်လုံးနဲ့ လက်ဝဲ၊ နွေလ ညီအစ်ကိုတွေကို ဘယ်တော့မှ မမေ့ဘူး.။
တစ်ခြား မမေ့စရာအကြောင်းအရာတွေအများကြီးရှိပါသေးတယ်.။
ခဏလောက် ပျောက်သွားတဲ့အခါ ကျွန်တော့်ကိုလည်း ဘယ်သူမှ မမေ့ကြဘူးလို့ ယုံကြည်နေမိတယ်.။ ကျွန်တော် ဘယ်နေရာရောက်နေနေ အားလုံး သတိမထားမိတဲ့အချိန်..တစ်ချိန်ချိန်မှာပေါ့..အားလုံးဆီကို “ဘွား”ကနဲ ပြန်ပေါ်လာမယ် ဆိုတာကြိုပြောဖို့ လိုမယ်မထင်ပါဘူးနော်..။


ချစ်ခြင်းအားဖြင့်(ကိုငှက်စကားလုံးယူသုံးထားသည်)
မိုးသက်ဦးလွင်
(၁၂-၉-၂၀၁၄)



Wednesday, September 10, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း(၃)

ဖျက်မရသော နောင်တ
---------------------------------------
အဲဒီနေ့က သောကြာနေ့ဖြစ်သည်.။ ဒီစာကိုရေးတဲ့အချိန် ထိုစဉ်ကရေးသော ဒိုင်ယာရီစာအုပ်က မြန်မာ နိုင်ငံက အိမ်မှာကျန်နေခဲ့သည်.။ သို့အတွက် ဘယ်ရက်လဲ ဆိုတာတော့ အတိအကျမမှတ်မိ..။ ထုံးစံအတိုင်း ညနေ မြက်ရှင်း Fatigue အပြီးမှာ တန်းဖြုတ်သည်..။ စားရိပ်သာမှာ သွားစားသူစားကြသည်..။ အောက်က ဈေးတန်းမှာ ယမကာမှီဝဲရင်း စားသူက စားကြသည်..။ မိမိက စားရိပ်သာမှာ စားပြီးမှ အောက်ဈေးတန်းမှာ ဖုန်း ဆက်ရန် ဆင်းလာခဲ့သည်…။
ထိုစဉ်က တောင်ညိုကသင်တန်းကျောင်းမှာ သင်တန်းသားများအတွက် လိုင်းဖုန်းချိတ်မထား၊ ယခုကဲ့ သို့ လက်ကိုင်ဖုန်းများ ပေါပေါလောလော ရှိသော ခေတ်အခါမျိုး မဟုတ်သဖြင့် သင်တန်းက ကဒ်ဖုန်း စီစဉ်ပေးထားသည်.။ Prepaid ကဒ်မျိုးဖြစ်သည်.။ ဖုန်းဆက်လိုလျှင် ဖုန်းကဒ်မှ ကုဒ်ကို ရိုက်ထည့်ပြီး ဆက်ရန် ဖြစ်သည်.။ တစ်နာရီကဒ်၊ နှစ်နာရီကဒ် စသည်ဖြင့် ရှိသည်..။
ထိုနေ့က ဖုန်းဆက်ပြီး ညနေ Surprise check လူစစ်တန်းစီချိန်တွင် သင်တန်းကျောင်း တန်းစီရာနေရာ သို့ ပြန်တက်လာခဲ့သည်.။ တန်းစီချိန်တွင် တန်းခွဲ(၂)မှ အနော်ရထာ(၁၀) မှ ကျောင်းဆင်းသောသူငယ်ချင်း ရဲကျော် (အမည်လွှဲ) မှ အနည်းငယ် မူးယစ်နေသည်ကို သတိထားမိသည်..။ စောစောကတည်းက မိမိနှင့် အစေးမကပ်သူ ဖြစ်၍သော်လည်းကောင်း၊ မိမိမှလည်း စည်းကမ်းဖောက်သူကို ကိုယ်တိုင်လည်း မနှစ်မျို့သည်ကြောင့်သော် လည်းကောင်း စိတ်ထဲ အနည်းငယ် အချဉ်ပေါက်နေမိသည်..။ လူစစ်နေရင်း သူက မိမိဖက်သို့ အကြည့်နှင့် ဆုံ လေသော် မိမိမှ မကြည်ဟန် တစ်ချက်ပြန်ကြည့်လိုက်သည်ကို သတိရသည်..။
တန်းဖြုတ်ချိန်တွင် ကျွန်တော် ပေါ်တီကိုအောက်မှ အထွက်  အဆိုပါသူငယ်ချင်းမှ နောက်က ဆွယ်တာ အင်္ကျီကို ဆွဲထားသည်…။ ကျွန်တော်မှ ဆွဲထားသောလက်ကို ပုတ်ချလိုက်ပြီး…
“ မင်းမူးနေရင်. အေးအေး ဆေးဆေးနေ ရဲကျော်”
ဟု တစ်ခွန်းပြောပြီး ရှောင်ထွက်လာခဲ့သည်..။ နောက်မှ ဆဲသံ တစ်ချက်ကြားလိုက်၍ စိတ်က ထောင်းကနဲ ဖြစ်သွားသော်လည်း နောက်ပြန်မလှည့်ကြည့်ဖြစ်..။
တန်းဖြုတ်ပြီးတော့ အိပ်ဆောင်ဘေးက သက်သာဆိုင်မှာ ကော်ဖီဝင်သောက်ရင်း ခဏထိုင်သည်…။ လူတွေ အင်မတန်စည်နေသည့်ကြားမှ ရဲကျော်ကိုရှာသည်..။
ပွင့်လင်းစွာပြောရပါလျှင်မူ ကျွန်တော့်အနေဖြင့် ကြိုတင်ကြံစည်မှု တစ်ခုကို ပြုလိုက်မိသည်ဟု ဝန်ခံရပါ လိမ့်မည်.။ ငယ်စဉ်ကတည်းက ရန်ဖြစ်ခြင်းကို တားမြစ်ထားခြင်း၊ မည်သူမှားမှား ရန်ဖြစ်သည်ကို လက်မခံသော မိဘ နှစ်ပါးလက်ဝယ်တွင်ကြီးပြင်းလာသော ကျွန်တော်သည် ရန်ဖြစ်ရာတွင် လက်သွက်လိမ့်မည်မဟုတ်၊ ခံရမည် ဆိုသည်ကို သိသည်..။ ထို့ကြောင့်ပင်လားမသိ.. ကျွန်တော် ထောင်ချောက်တစ်ခု ဆင်ခဲ့မိသည်..။
သက်သာဆိုင် အရှေ့မှာ ခုံအပုတွေခင်းထားသည်.။ ကျွန်တော်က ရှေ့ခြမ်းဆိုင်ထောင့်မှာ ခုံအပုဖြင့်ထိုင်နေသည်..။  ရဲကျော်နှင့် သူ့သူငယ်ချင်း ခပ်ဟော့ဟော့ တစ်ယောက်က ခုံအမြင့်ပေါ်မှာ ..။ သူကတော့ ကျွန်တော် ချောင်းနေခဲ့သည်ကို သိလိမ့်မည်မဟုတ်..။ ကျွန်တော်ကတော့ သူ့ကို မြင်သည်.။
ကော်ဖီကိုလက်စသတ်ပြီး ကျွန်တော်နှင့် အတူတူ ထိုင်နေသော ဖြိုးပိုင်ကို၊ ပြည့်ဖြိုးမောင်တို့ကို ခဏစောင့် ရန်ပြောသည်..။ လက်ပတ်နာရီကို ချွတ်ပြီးပြည့်ဖြိုးမောင်ကို ပေးလိုက်သည်.။ ကျွန်တော် ဘာလုပ်မည်ကို မသိသော ပြည့်ဖြိုးမောင်က နားမလည်စွာ ပြန်ကြည့်သည်.။ ကျွန်တော် ထရပ်လိုက်ပြီး ရဲကျော်တို့ ထိုင်နေသော ဝိုင်းသို့သွားသည်.။ ရဲကျော်နှင့် စကားပြောနေသည်က ကျွန်တော်တို့ တပ်က သူငယ်ချင်း ရဲလွင်မျိုး..။
“ ပါကြီးဟေ့ကောင်. ပိုက်ဆံပါရင် ဆေးလိပ်လေးဘာလေး ဝယ်တိုက်ပါဦး.. ငါ့မှာ ပိုက်ဆံမရှိတော့ဘူး”
အမှန်တော့ ကျွန်တော့်မှာ ပိုက်ဆံပါသည်..။ အထက်ပါစကားကို ကျွန်တော် မြင်ပြင်းကတ်စရာကောင်း လောက်အောင် အသံတစ်မျိုးဖြင့် လုပ်ပြောလိုက်ခြင်းဖြစ်သည်..။
ရဲလွင်မျိုးက ပိုက်ဆံထုတ်ပေးပြီး..
“ မင်းသွားဝယ်လိုက်လေ ငါစောင့်နေမယ်..”
သူနှင့် စကားပြောနေသော ရဲကျော်က ရီဝေဝေအကြည့်ဖြင့်ကြည့်ပြီး…
“ ဟေ့ကောင်… ရော့ ငါ့အတွက် ဝယ်လာခဲ့ကြားလား.. သူတောင်းစား.. ”
“မင်း ဘယ်လို ပြောလိုက်တယ်. ဟေ့ကောင်…”
ရဲကျော်က ကျွန်တော်ဆင်သည့် ခွင့်အတွင်းသို့ တည့်တည့်ပင် ဝင်လာခဲ့လေပြီ...။
“မင်းကို ငါဆေးလိပ်သွားဝယ်ခိုင်းနေတာ ကြားလား.. ဟေ့ကောင်…”
ကျွန်တော် ပုဆိုးကို ခပ်တိုတို ပြင်ဝတ်လိုက်သည်..။
“ရဲလွင်မျိုး ခဏဖယ်စမ်းပါ…”
ရဲလွင်မျိုးက အခြေအနေကို သတိပြုမိပုံမရသေး..။ ကျွန်တော်က သူ့ကို တွန်းဖယ်လိုက်ပြီး ခုံပေါ်မှာထိုင်နေသော ရဲကျော်ကို အားကုန် ဆောင့်ကန်ချလိုက်သည်..။ ဆိုင်ထောင့်ထိ ခုံရော လူပါ ဒလိမ့် ကောက်ကွေး..။ ကြွေခွက်ဖြင့် ကောက်ပစ်မိလိုက်သေးသည်လား ကျွန်တော် ကောင်းကောင်း မမှတ်မိ..။ ရဲကျော် ဘေးက သူငယ်ချင်းက ကျွန်တော့်ကို ဆွဲသလိုလိုနှင့်ဝင်ချုပ်သည်..။ နောက်စေ့ဖြင့် ပြန်တိုက်လိုက်၍ ပြန်လန်သွားသည်..။ နောက်တော့ ချုပ်သည့်ကောင်က တစ်ချက်ထိုးသည်။ ခေါင်းငုံ့လိုက်၍ ချိုစောင်းကို ထိသည်.။
အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့ ကျွန်တော်ဘော်ဒါ ဖြိုးပိုင်ကိုတို့၊ ပြည့်ဖြိုးမောင်တို့က ဝိုင်းဆွဲကြသည်..။ DSTA က အစ်ကိုတွေကပါ ဝင်ဆွဲကြတော့ အားလုံးပြီးသွားပြီး အိပ်ဆောင်သို့ ပြန်လာကြ သည်.။ ကျွန်တော် အိပ်ဆောင်ရောက်ပြီး သိပ်မကြာခင် ရဲကျော် ကျွန်တော့် အခန်းကို ရောက်လာသည်.။ နောက်တော့ အပြန်အလှန် စကားပြောရင်း စိတ်ပြေသွားကြသည်..။ နောက်ထပ် ထိုးဖို့လည်း မလွယ်တော့။ အဆောင်မှာမို့ ဆွဲမယ့်သူတွေက အရံသင့်စောင့်နေကြသည်ကိုး..။ လူကတော့ ကိုယ့်ကိုယ်ကိုယ် နောင်တ ရနေပါသည်.။ အလစ်အငိုက်လုပ်ခဲ့သည့် ကိုယ့်ကိုယ်ကိုယ်လည်း ယောကျာ်းမပီသမှုအတွက် ရှက်ရွံ့နေမိပါသည်.။
နောက်ရက် မနက်ကျတော့ တန်းပေါင်းစီမှာ တပ်ရေးဗိုလ်ကြီးက သမပါတော့သည်..။
“ မနေ့က ဗျူဟာဆိုင်မှာ ရန်ဖြစ်တဲ့ အရာရှိ (၂) ယောက်ထွက်လာခဲ့”
ထွက်သွားတော့ ကျွန်တော် တစ်ယောက်တည်း..။ ရဲကျော်က မနက်ခင်း တာဝန်တစ်ခုဖြင့် ဂိုဒေါင်ကို ရောက်နေသည်..။
“မင်း မာစတာပါသလား…”
“ဟုတ်ကဲ့ ပါပါတယ်ခင်ဗျ.”
“ဖြန်း…”
ဘယ်ဖက်ပါးတစ်ခြမ်း ပူထူသွားသည်.. ။ အပြစ်က စိတ်ထဲမှာ နောင်တရနှင့်ပြီး ဖြစ်၍ အရိုက်ခံလိုက်ရမှ ကျေနပ်သလိုလို၊ နေသာထိုင်သာရှိသလိုလို ဖြစ်သွားသည်..။ မာစတာပါသလား အရင်မေးသည်မှာ ယခင် ပြဿနာအနည်းငယ် ဖြစ်သူတိုင်း မာစတာပါသူများ ဖြစ်နေ၍ မာစတာပါသူများ သင်တန်းမှ စောစောပြန်ရမည်ကို သိ၍ အပြစ်ဖောက်တတ်ခြင်းကြောင့် ဖြစ်သည်..။  
ညဖက် Study ဝင်တော့ သင်တန်းမှူးထံ သူငယ်ချင်း(၂) ယောက် PT dress ဖြင့် တန်းအပ်ရသည်.။ တန်းစီရာပေါ်တီကို လှေကားထစ်ကို နှစ်ယောက်သား ပခုံးဖက်၍ အတက်အဆင်း ခုန်ရသည်..။ အတက်အဆင်း(၁၀၀) ပြည့်လျှင် သတင်းပို့ သည်.။ ထိုင်ထ(၁၀၀) ဆက်လုပ်သည်.။ ထိုင်ထ(၁၀၀) ပြည့်လျှင် သတင်းပို့သည်၊ အတက်အဆင်း(၁၀၀) ပြန်ခုန်ရ ပြန်သည်..။ Limit မရှိ..။ အခြားသူများ Night study ၃ နာရီပြည့်၍ ထွက်လာတော့မှ တန်းဖြုတ်ပေးတော့သည်..။ တန်းဖြုတ်ပေးချိန်တွင် နှစ်ယောက်သား ညဖက်ကြီး ရေချိုးကန်ဘေးမှာ ချွေးတစ်လုံးလုံးနှင့် ရေချိုးရင်း အပြန်အလှန် တောင်းပန်စကား ဆိုကြသည်..။ ထိုအချိန်မှ စ၍ သင်တန်းဆင်းချိန်အထိ ရဲကျော်နှင့် ကျွန်တော် အတော်ပင် တွဲမိသွားတော့သည်..။
သင်တန်းမှာ မထင်မှတ်သူများနှင့်လည်းဆုံရသေးသည်…။ သင်တန်းစဝင်ခါစ ကျွန်တော်တို့ ပြင်ဦးလွင် အလက(၁) မှ ကိုရဲမင်းဦးနှင့် ဆုံသည်.။ သူ(၈)တန်းမှာ ကျွန်တော်(၆) တန်း၊ သူက DSTA တက်ရာ ကျောင်းဆင်း တော့ အတူတူဆင်းကြသည်..။ ဝိုင်အိုမှာ ပြန်ဆုံမိကြသည်..။ တန်းခွဲချင်းလည်း အတူတူကိုး.။ နောက်တစ် ယောက်က ကျွန်တော့် စီနီယာလည်းဟုတ်၊ အစ်ကိုလည်း ဟုတ်သော ကိုထက်ဇာနည်(စတသ-၄၆)ဖြစ်သည်..။ အောက်ဗျူဟာဆိုင်မှ ပြန်တက်လာချိန်တွင် သင်တန်းကျောင်းရှေ့က လမ်းမှာ ဆုံဖြစ်ကြသည်..။ တွေ့တွေ့ချင်း တအံ့တသြနှုတ်ဆက်ပြီး.. ညီအစ်ကိုတွေ မပြန်ခင် အောက်ဆိုင်မှာ စားကြသောက်ကြ သေးသည်.။ ကျွန်တော်က တော့ ထုံးစံအတိုင်း ယမကာ မသောက်ဖြစ်ခဲ့ပါ..။ နောင်တော်ကျွေးသော ထမင်းကိုသာ စားဖြစ်ခဲ့ပါသည်..။
သင်တန်းဆင်းလက်မှတ်နှင့် ကံမဆုံသော ကျွန်တော်မှာ သင်တန်းဝက်ရောက်ချိန်မှာပင် သင်တန်းကျောင်းမှ တပ်ခေါက်ပြီး ပြန်ခဲ့ရပါတော့သည်..။ အကြောင်းမှာ ကျွန်တော်တို့ မာစတာပါသူ များကို မဟာသိပ္ပံအရည်အချင်းစစ်သင်တန်းအချိန်မီ တက်ရောက်နိုင်ရေးအတွက် ခြေလျင်တပ်စုမှူးသင်တန်း အပတ်စဉ်(၁၈၀) ခေါ်ယူလိုက်ခြင်းကြောင့်ပင်ဖြစ်ပါသည်.။ ထို့ကြောင့် သင်တန်းခုလတ်၌ ပင်ရပ်နားခဲ့ရပြီး အမှတ်တရများစွာရှိသော တောင်ညိုမြေမှ  အမှတ်တရများစွာရှိသော ရပ်စောက်မြေသို့ ခရီးဆန့်ခဲ့ရပါတော့သည်..။



Tuesday, September 9, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း(၂)

          Land Rover ကားကလေးသည် ကွန်ကရစ်လမ်းမပေါ် ပြေးလွှားနေပါသည်..။ ထိုလမ်းကိုပန်းခင်းလမ်း ဟု ခေါ် ကြောင်း ကျွန်တော့် အဒေါ်၏ အမျိုးသား ဗိုလ်မှူးက ပြောပြသည်..။
            “ဒါကတော့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ပေါ့ကွာ… နောက် မင်းတပ်မှာအနေကြာသွားတဲ့အခါ တပ်ရင်းမှူးဆီ သတင်းပို့ပြီး တို့ဆီ ညအိပ်ညနေ လာလည်ပေါ့…”
            “ ဟုတ်ကဲ့ခင်ဗျာ”
            နေပြည်တော်ရဲ့ ကားလမ်းမကြီးက တကယ်ပင် အကျယ်ကြီးတွေဖြစ်သည်။ ရာသီဥတုကတော့ အတော် ပင်ပူသည်။ မိမိကကားဖြင့်သွားနေသော်လည်း နေပူစပ်ခါးမရှောင် ထမ်းပိုးနေသည့် ဘဝတွေကို မြင်ရတော့ စိတ်ထဲက တစ်မျိုးတစ်မည် ဖြစ်မိသည်..။ မိမိမှာ ဝန်ထမ်းသားသမီး ဖြစ်ပါလျက် မကောင်းမြစ်ထာ၊ ကောင်းရာ ညွှန်လတ်၍ အတတ်သင်စေခဲ့သည့် မိဘများ၊ သင့်ရာအပ်ပို့ ခဲ့သည့် ဆရာများကြောင့် မိမိဂုဏ်ယူနိုင်သော တိုင်းပြည်ဝန်ထမ်းတစ်ဦး ဖြစ်နေသည်ကို သတိရသည်…။ မိမိ ပထမဆုံးကြုံရမည့် တပ်နှင့်ပတ်သတ်၍ စဉ်းစားမိတော့ နည်းနည်းတော့ စိုးရိမ်မိနေသေးသည်..။ ဘာပဲဖြစ်ဖြစ်လေ… ငါအကောင်းဆုံးကြိုးစားပြီး အဆင်ပြေမှာပါ..။
            “ ဒါက အင်းဝဘဏ်.. မင်းတို့ လခ ထုတ်ရင် ဒီမှာ ထုတ်ရမယ်.. ဒါနဲ့ ချက်စာအုပ်က အိမ်ကိုပေးထားခဲ့ တာလား”
            “မပေးခဲ့ဘူးခင်ဗျာ ကျွန်တော် ယူလာပါတယ်…”
            “အေး… အသောက်အစား၊ အပျော်အပါးရှောင်ပေါ့ညီလေးရာ… တပ်မှာ ဖြစ်သမျှ ဖြစ်စဉ်တွေရဲ့ ၉၀ ရာနှုန်းက အရက်ကြောင့်ကွ …”
            “ဟုတ်ကဲ့ခင်ဗျ…”
            “တောင်ညိုထိတော့ ငါတို့မပို့တော့ဘူးကွာ… မင်းကို တောင်ညိုကားပေါ်တင်ပေးလိမ့်မယ်… အဲဒီမှာ မင်းတို့ တပ်က လုံခြုံရေး ဂိတ်က လမ်းပေါ်တင် ရှိပါတယ်…”
            “ဟုတ်ကဲ့ ဗိုလ်မှူးခင်ဗျာ ရပါတယ်..”
            ပျဉ်းမနား ဈေးဖက်ကို ကွေ့ဝင်လိုက်သည်..။ ပျဉ်းမနားဈေးက အတော်ပင်စည်ကားသည်..။ ရာသီဥတု ပူပူထဲက ဘဝတွေ ထပ်တွေ့ရပြန်သည်..။
            ရွှေမြို့တော် ဟု ရေးထားသော Lite Ace ပစ်ကပ်ကားတွေတွေ့သည်..။ တောင်ညို ဟု ရေးထားသည်..။ ကားပေါ်က မိမိသံသေတ္တာကို ကားသမားနှင့် တောင်ညိုကားက ဆရာ အတူမတင်ကြသည်..။
            “ဗိုလ်ကြီးသေတ္တာကြီးက လေးလှချည်လား.. အတော်မ ယူရတယ်..”
            ကားဆရာက မချိုမချဉ် ဆိုတော့ ဘူတာက အထမ်းသမားကြီးကို သတိရမိပြန်သည်…။ ကျွန်တော့်ကို လိုက်ပို့သည့် အဒေါ်တို့ လင်မယားလည်း ပြန်သွားသည်…။ ခေါင်းခန်းမှာ နေရာရသည် ဆိုတော့ ရှေ့မှန်ကို ဖြတ်၍ နေစူးနေသော မျက်နှာကို အုပ်၍ ပူစပ်ပူလောင် ထိုင်နေရသည်…။
            “ကျော်လင်းရေ ဒီမှာ ရှေ့မှန်ကို တာလပတ်စလေး ခဏ အုပ်ထားပေးဦး.. ရှေ့ခေါင်းခန်းထဲက ဗိုလ်ကြီး နေပူမစိုးလို့….”
“ရပါတယ်ဗျာ ထားလိုက်ပါ…၊ ဒါနဲ့ တာလပတ်စ အုပ်ဦးမယ်ဆိုတော့ ခင်ဗျားတို့ကားက ကြာဦးမှာလား…”
“ကြာတော့ မကြာပါဘူး.. မိနစ် နှစ်ဆယ်လောက်ပေါ့.. ဗိုလ်ကြီး .. ဟိုဟိုသည်သည် ဈေးခဏ ပတ်ချင်လည်း ပတ်ပေါ့… နောက်မိနစ်နှစ်ဆယ်လောက်မှ ပြန်လာခဲ့ပေါ့ဗျာ… ဒီမှာ ထိုင်နေရတာ နေပူပါတယ်”
သို့နှင့် ပျဉ်းမနားဈေးထဲ ဟိုဟိုသည်သည်ပတ်ပြီး Mp4 player လေးတစ်ခု ဝယ်ဖြစ်ခဲ့သည်.။ ကျန်တာတော့ ဘာမှ မဝယ်ဖြစ်..။ ဈေးတစ်ပတ်ပတ်ပြီး ကားပေါ်တက် ကားစထွက်နှင့် ခရီးဆက် ဖြစ်ခဲ့ပြန်လေသည်.။
            တောင်ညိုလမ်းတစ်လျှောက်လုံး မိမိစကားမပြောဖြစ်၊ အီလက်ထရွန်းနစ်ဆိုင်က မေတ္တာလက်ဆောင် သွင်းပေးလိုက်သော သီချင်းများနားထောင်ရင်းပင် လိုက်ပါလာသည်..။ လမ်းတစ်လျှောက် ဟိုငေးသည်ငေးဖြင့်..။ “ရှု မဆုံးတော့သည်.. စိမ်းလဲ့လဲ့သစ်ပင်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြည်လွင်” ဆိုသည့် သီချင်းကို စိတ်တွင်းမှာ သတိရသည်..။ ချက်ချင်းပင်မိမိအတွေးကို ဘရိတ်ပြန်အုပ်သည်..။ သည်အရပ်က လယ်ကွင်းတွေက တမျှော်တခေါ် စိုက်ကြသည်မဟုတ်..။ လယ်ကွင်းတွေကိုလည်း အနည်းအပါးသာတွေ့ရသည်..။ ဖုန်ကတော့ အတော်ပင်ထူသည်..။ ကျွဲရှင်းရွာဆိုသည့် ဆိုင်းဘုတ်မှစ၍ ကားပြတင်းမှန်ကို ပိတ်လိုက်ရသည်..။
            “ဖုန်ကတော့ လွှတ်ပေါတယ် ဗိုလ်ကြီးရေ…”
            ကားဆရာက မမေးပါပဲလျက် အားနာဟန်ဖြင့်ဆိုသည်..။ “လွှတ်” ဆိုသည့်စကားမှာ အင်မတန်၊ အဆမတန်၊ အလွန် စသည့် ဒေသန္တရစကားဖြစ်သည်..။ ဒီအရပ်မှာက မျှစ်ချဉ်ကို မျှစ်ရှင် ဟု ခေါ်ကြသည့်အရပ် ပေကိုး..။
            မအူလေးပင်၊ မရမ်းခုံ စတာတွေ ကျော်လာပြီးမှ တောင်ညိုကို ရောက်သည်..။ တောင်ညိုကိုရောက်တော့ ညနေ စောင်းနေပြီ..။
            “ဗိုလ်ကြီး ဒါဗိုလ်ကြီးတို့ တပ်က ဂိတ်ပဲ…”
            ကားဆရာက ကားကို ဂိတ်နားလမ်းဘေးမှာ ကပ်ချပြီး ဆိုသည်..။
            “ဆရာကြီး ဒီမှာ ဆရာကြီးတို့ တပ်က ဗိုလ်ကြီး အသစ်တစ်ယောက်ပါတယ်…”
            ဂိတ်တဲထဲက စွပ်ကြယ်နှင့် တစ်ယောက် သေတ္တာကိုလာမသည်..။
            “ဆရာကြီး သေတ္တာကို..ဂိတ်ထဲသာထည့်ထားလိုက်တော့ဗျာ”
            “အာ.. ဗိုလ်ကြီး ကျနော်က ဆရာကြီး မဟုတ်ဘူး. တပည့်ပါ… ”
            စစ်တက္ကသိုလ်မှာရှိစဉ်အခါက အခြားအဆင့်မှန်သမျှကို ဆရာကြီးဟုသာ ခေါ်ခဲ့ဖူးသည်..။ စစ်တက္ကသိုလ်က စစ်သည် အသိုင်းအဝိုင်းအများစုက လူကဆရာကြီး မဟုတ်လျှင်ပင် မိမိဖာသာဆရာကြီးတွေ မဟုတ်လား။ သည်တော့ ကျွန်တော် လွဲမှားသည်မှာ ထူးတော့ မထူးဆန်း..။
            ဂိတ်တဲထဲမှာ ရှပ်အင်္ကျီအဖြူနှင့် ရူပါသန့်သန့် အရာရှိတစ်ဦးက ကြိုဆိုသည်..။
“အေး ညီလေး ထိုင်ကွာ.. ကိုယ်တို့တုန်းကလည်း အမှတ်(----)လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း ကြီးကို ခုလိုပဲ ပေကြောင်ပေကြောင်နဲ့ ရောက်လာခဲ့တာပေါ့ကွာ… ခဏနေ တပ်က လာကြိုလိမ့်မယ် ကိုယ် ဖုန်းဆက်ထားတယ်…”
            သူဘယ်အပတ်စဉ်ကလည်းတော့ ဗိုလ်လောင်းဘဝ စစ်တက္ကသိုလ် အမေ့ဝမ်းမှ ကျွတ်ခါစ ဝက်စ်မိ နေသေး ၍ မမေးရဲသေးပါ..။ ပြောပုံဆိုပုံအရတော့ စီနီယာပိုင်းထဲက တစ်ဦးဟုတော့ သုံးသပ်လိုက်မိသည်..။ (နောင်အခါသိရသည်မှာ ထို အစ်ကိုမှာ ငမိုးတို့ထက် တစ်ပတ်စဉ်သာကြီးသော နောင်တော် ကိုရန်နိုင် ဖြစ်ကြောင်း သိရသည်။ ထိုအခါမှ ပြန်ပြောမိရင် ညီအစ်ကိုတတွေ ရယ်မောရသေးသည်…။)
            ခဏကြာတော့ တပ်ကကားလာကြိုသည်…။ တပ်ပေါ်ရောက်တော့ တပ်မှာ မီးတွေပျက်နေသည်..။
            အရာရှိ ရိပ်သာရှေ့မှာ ကားရပ်ပြီး အထုပ်အပိုးတွေချသည်..။ ကျွန်တော့် အတွက် အစွန်ဆုံးက အခန်းတစ်ခန်းရသည်.။ ပစ္စည်းများချပြီး ရိပ်သာက ထမင်းချက်ရဲဘော်က အိပ်ရာခင်း၊ အခန်းတွင်း သန့်ရှင်းရေး လာလုပ်ပေးသည်..။
            “ရဲဘော်ရှားတော့ Best Man မပေးနိုင်တော့ဘူးဗိုလ်ကြီးရ..။ ဗိုလ်ကြီးတို့ ဗိုလ်ကြီးအသစ် ၅ ယောက်အတွက် ကျွန်တော်က Best man ပဲ.. ဗိုလ်ကြီး ခိုင်းစရာရှိရင် တပည့်ကို ခိုင်းပါ.. ခဏလေး ဗိုလ်ကြီး  ကျွန်တော် ဖယောင်းတိုင် သွားထွန်းလိုက်ဦးမယ်…”
            “ဟုတ်ပြီ.. ဒါနဲ့ မင်းနာမည်ဘယ်သူလဲ…”
            “ကျွန်တော့်နာမည် လွင်ဦးပါ ဗိုလ်ကြီး…”
            “အော် အေးအေး…”
            ကျောင်းဆင်းခါစက ထုတ်ပေးလိုက်သည့် အရာရှိ လက်စွဲစာစောင်မှာ ရဲဘော်များက နာမည်ခေါ်တာကို ကြိုက်သည် ဟု ဖတ်ဖူးမှတ်ဖူးထားသည်…။ အထက်အရာရှိက မိမိနာမည်ကို ဂရုတစိုက်မှတ်သားထားသည်ကို သဘောကျသည့် သဘောပင်ဖြစ်သည်..။
            လောလောလတ်လတ် ခင်းထားသည့် အိပ်ရာပေါ်မှာမှောင်မည်းမည်းနှင့် လှဲနေရင်း ဖယောင်းတိုင် ကိုစောင့်နေမိသည်.။ တစ်ချိန်တည်းမှာပင် မိမိနှင့် စတင်မိတ်ဆက်လာသည့် ပတ်ဝန်းကျင်အသစ်ကို စူးစမ်းနေမိသည်..။ အရာရှိရိပ်သာ မှ တစ်ဖက်သည် ကျွန်းတောကြီး သက်သက်ဖြစ်သည်.။ ပဲခူးရိုးမထိ ဆက်သွားသည်လား ကျွန်တော်မပြောတတ်..။ တောင်တောင်အီအီတွေးနေရင်းမှာပင် ရိပ်သာရှေ့မှာ ဆိုင်ကယ် ရပ်သံကြားလိုက်ရသည်..။
            “ ဟေ့. ဟိုကောင်လေး.. လွင်ဦး.. လာဦး”
            “ဟုတ်ကဲ့ဗိုလ်ကြီး.. ဒီမှာ ဟိုက အသစ်ရောက်လာတဲ့ ဗိုလ်ကြီး အခန်းကို ဖယောင်းတိုင် သွားပို့လိုက် ဦးမယ်.. ”
            “ဒီကောင်တွေက မနက်ဖြန်မှ သတင်းပို့ရမှာမဟုတ်လား.. ရတယ် သွားမပို့နဲ့တော့ ငါသူ့ကို တပ်က သက်သာဆိုင် ခေါ်သွားလိုက်မယ်.. သူ့ကို သွားခေါ်ချေ…”
လွင်ဦး လာခေါ်ချိန်အထိ ကျွန်တော် မစောင့်တော့ပါ..။ အခန်းပြင်သို့ထွက်ပြီး ပေါ်တီကိုဆင်ဝင်အောက် ဆိုင်ကယ်အထိ ထွက်လာခဲ့လိုက်တော့သည်..။
“ ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်တော် ဟိန်းလင်းထွန်းပါ. ၅၂ ကပါခင်ဗျ…”
“ အော် အေးအေး ရိပ်သာမှာ မီးလည်းပျက်နေတယ်.. လာငါနဲ့ သက်သာဆိုင်လိုက်လာခဲ့ ဆိုင်ကယ်ပေါ်တက်… ဟိုရောက်တော့ စကားအေးအေးဆေးဆေး ပြောကြတာပေါ့ကွာ..”
ဆိုင်ကယ်ပေါ်တက်ပြီး ရိပ်သာကထွက်ခဲ့ကြသည်..။ ရုံးနှင့်ရိပ်သာကြား အောင်ဇေယျ ရိပ်သာ ဆိုသည့် အဆောက်အဦးရှေ့မှာ ခဏရပ်သည်…။
“ညွန့်ဝင်း ပြန်ရောက်နေပြီလား မသိဘူး.. ဒီကောင့်ဆိုင်ကယ်ရပ်ထားတာတွေ့တယ်.. ညွန့်ဝင်းရေ.. ညွန့်ဝင်း.. ”
အစွန်ဆုံးအခန်းတံခါးပွင့်သွားပြီး.. စွပ်ကျယ်အဖြူ၊ ယူနီဖောင်းဘောင်းဘီဖြင့် အဝတ်အစားလဲရင်း တန်းလန်း အရာရှိတစ်ဦးထွက်လာသည်..။
“ကျွန်တော် တိုင်းရုံးက အခုမှ ပြန်ရောက်တာ သက်သာဆိုင်သွားမလို့မဟုတ်လား.. အစ်ကိုတို့ သွားနှင့်ကြလေ.. ကျွန်တော် နောက်မှပဲ လိုက်လာခဲ့မယ်…နောက်က ရောက်လာတဲ့ အငယ်လေးလား..”
“အေးဟုတ်တယ်.. ဒါဆို မင်းပြီးမှသာ အေးအေးဆေးဆေးလိုက်လာခဲ့တော့…”
နှစ်ယောက်သား ဆိုင်ကယ်နှင့် ဆက်သွားကြသည်..။ တပ်ပေါက်ဝကို ကျော်ပြီးမှ ဖယောင်းတိုင်မီးတွေ ထွန်းထားသည့် ဆိုင်တစ်ဆိုင်သို့ရောက်သည်..။
“ဟော.. ဗိုလ်ကြီးမင်းထက်တို့ လာပြီ…”
ဆိုင်တွင်းသို့ ဝင်ထိုင်ကြသည်..။ ဆိုင်က ကော်ဖီမစ်နှင့် အအေးလောက်၊ ခေါက်ဆွဲခြောက်လောက်သာ ရမည့် အိမ်ဆိုင်သာသာ ဖြစ်သည်..။ စောစောက ဆိုင်ထဲက အမျိုးသမီးကြီး ရေရွတ်သံအရ မိမိကို ခေါ်လာသူမှာ ကိုမင်းထက် ဖြစ်ရမည်..။
“ကဲ ထိုင်… ဒေါ်ရခိုင်မ ဆေးလိပ်တစ်ပွဲနဲ့ ကော်ဖီ (၂) ခွက် ချ ဗျာ..”
သို့နှင့် မိမိတို့ စကားပြောဖြစ်ကြသည်..။
“ဆိုစမ်းပါဦး မင်းက ဘယ်နယ်ကလဲ…”
“ဟုတ်ကဲ့ အစ်ကိုကြီး ပြင်ဦးလွင်ကပါခင်ဗျ…။ အဖေက စစ်တက္ကသိုလ်ရူပဗေဒဌာနက ဓာတ်ခွဲခန်းမှူး ဒုအရာခံဗိုလ်ပါ..”(ထိုစဉ်က အဖေဒုအရာခံဗိုလ်ကာလဖြစ်သည်)။
“ အေး မင်းတို့တော့ ငါနဲ့ စတွေ့တာပဲ…။ ငါ့နာမည်တော့ သိပြီမဟုတ်လား…”
“ဟုတ်ကဲ့ အစ်ကိုကြီး .. ကိုမင်းထက်ပါ…”
“အေး.. မင်းတို့စစ်သည်တော်ကျင့်ဝတ်တွေ၊ ဆောင်ပုဒ်တွေကျက်ထား.. အထူးသဖြင့် စစ်သည်တော် ကျင့်ဝတ် .. တစ်ခြားသိသင့်တာတွေလည်း ကျက်ထား.. မင်းတို့ ဒုဗိုလ် ၅ ယောက် ဆုံတဲ့အခါ ငါမေးမယ် ကြားလား..”
“ဟုတ်ကဲ့ပါ . အစ်ကိုကြီး..”
“ရရော ရရဲ့လား…”
“ရပါတယ်ခင်ဗျ.. ”
“နံပတ် စဉ်လိုက်ဆိုရင်ရော…”
“နံပတ်တွေရော တွဲပြီးတော့တော့ မကျက်ဖူးဘူးခင်ဗျ..”
“အေး နံပတ်တွေရော ကျက်ထား.. ငါက အားရင် အားသလို တွေ့ရင် တွေ့သလို စာမေးတတ်တယ်..၊ မှတ်ထား .. နောက်ပြီး ငါက နောက်ကျတာမကြိုက်ဘူး၊ ယူနီဖောင်း စုတ်ပြတ်နေအောင် ဝတ်တာ မကြိုက်ဘူး..။ မင်းတို့ အရာရှိ ဖြစ်နေပြီ.. အရာရှိနဲ့ တူအောင်နေ..။ မင်းတို့ ဗိုလ်လောင်းဘဝ ဘယ်လိုပဲ နေခဲ့နေခဲ့.. အရာရှိဖြစ်ပြီး အရာရှိလို မနေရင် ငါနဲ့တွေ့မယ်.. ကြားလား .. ဆိုစမ်းပါဦး.. ရသေးရဲ့လားလို့… စစ်ဝတ်တန်ဆာ ဝတ်ဆင်ရခြင်း၏ အကျိုးကျေးဇူး ဘယ်နှချက်ရှိလဲ.. ”
“ဟုတ်ကဲ့ခင်ဗျ…ဆယ်ချက်ရှိပါတယ်… စည်းဝန်ပွားများ၊ စိတ်မြင့်မားတက်၊ တပ်ဂုဏ်မြှင့်ပြု၊ ညီစည်းမှုရ၊ သပ်နစ်ကျနှင့်၊ တပ်သားအချင်းချင်း၊ မခွဲခြားခြင်းဖြင့်၊ လွယ်စွာလှုပ်ရှား၊ ခေါင်းဆောင်ထား၊ ရာမှတ် ခြင်ယင်ဆူးညှောင့်ခလုတ်ဒဏ်မှ ကာကွယ်ထား၊ စစ်ဝတ်ဝတ်ခြင်း ကျေးဇူးများ ပါ..။ ”
“အေး.. မင်းမဆိုးဘူးကွ… ငါမေးဖူးတဲ့ထဲမှာ အများဆုံးမှန်ဖူးတာ ဆယ်ချက်ဆိုတာပဲ မှန်ဖူးတယ်… အချက်တွေ မပြောပြတတ်ဘူး..”
နောင်တော်က ချီးကျူးတော့ နည်းနည်းတော့ ပီတိဖြစ်မိပါသည်..။ တကယ်တော့ အထက်ပါကဗျာမှာ မိမိ ကိုယ်တိုင် ရေးပြီး ကျက်ထားခြင်းဖြစ်၍ စွဲနေခြင်းသာ ဖြစ်ပါသည်..။
ခဏကြာတော့ ကိုညွန့်ဝင်းရောက်လာပါသည်…။ သူ့က တပ်မတော်နည်းပညာတက္ကသိုလ် အပတ်စဉ် (၉) မှ ဆင်းသူ ဖြစ်သည်.။ လက်ရှိ တပ်ထောက်ဗိုလ်ကြီးတာဝန်ယူထားသူ ဖြစ်ပါသည်..။
“ဟေး.. မီးလာပြီ…”
မီးလာတော့ ဆိုင်ထဲက ကလေးတွေ အော်ကြသည်…။ တီဗွီဖွင့်သူဖွင့်၊ ခုံဆွဲသူဆွဲ… ။ မိမိကတော့ ခုမှ ရောက်သူ ဖြစ်၍ ကော်ဖီကိုသာ ငုံ့သောက်နေမိသည်..။
“ညီလေး… ဆေးလိပ်သောက်တတ်ရင် သောက်…”
“ဟုတ်ကဲ့အစ်ကို…”
ဆေးလိပ်တစ်လိပ်နှိုက်၍ ပါးစပ်မှာတပ်ပြီး မီးညှိသည်..။
“ဆေးလိပ်လည်း သောက်တတ်တာပဲလား..။ အရက်ရော သောက်လား..။ ”
“ဟုတ်ကဲ့ တစ်ခါတစ်လေတော့ ကြုံတဲ့အခါမျိုးမှာ သောက်ပါတယ်.. ကိုယ့်ဖာသာတော့ ရည်ရွယ်ပြီး သောက်လေ့မရှိပါဘူး…”
“မင်းကောင်လေးတွေက ချိုလေးတွေနဲ့ ညွန့်ဝင်းရေ… ကြိတ်ထားမှ တော်ကာကျမယ်…”
စီနီယာက ပြုံးစိစိ ဖြင့် ဆိုသော်လည်း … ကျွန်တော်ကတော့ မချိပြုံးနှင့်ပါ..။ တကယ်တော့ ကျွန်တော် တပ်မှာ ရှိခဲ့သည့် တစ်နှစ်ခွဲခန့် ကာလ အတွင်း အရက်တစ်ခါမှ မသောက်ခဲ့ကြောင်းပါ…။
နောက်ရက် မနက်ကျတော့ ကျွန်တော်တို့ အပတ်စဉ်က သူငယ်ချင်းတစ်ယောက် ထပ်ရောက်လာသည် အောင်ဇေယျက ဆင်းသည့် စည်သူအောင်၊ နောက်တော့ အလျှိုလျှိုထပ်ရောက်လာပြီး လူစုံသွားသည်…။ နောက်ရက် မနက် တပ်မမှူးနှင့်တွေ့ပြီး တပ်မမှူးက စကားပြောသည်…။ နောက်တော့ တပ်ပြန်လာပြီး ကိုယ်စီ တာဝန်များ ခွဲဝေကြသည်..။ စည်သူအောင်က ဗဟိုကင်းနှင့် တပ်ရင်းသာယာလှပရေး၊ ရဲအောင်က လယ်၊ ငြိမ်းဇော်ဦးက ကြက်ခြံ၊ ရဲလွင်မျိုးက ရိပ်သာ၊ ကျွန်တော်က ရုံးနှင့် ကွန်ပျူတာ တာဝန်ခံ..။
တပ်မှာနေရင်း အငြိမ်းမနေ..။ အားနေလျှင် ကျွန်တော် စာဖတ်သည်..။ နေ့ခင်းနေ့လည် ပူအိုက်သော အချိန်တွင် ဘယ်လောက် အိပ်ချင်အိပ်ချင်၊ ဘယ်လောက် အလုပ်ပါးပါး ကျွန်တော် ရိပ်သာမပြန်၊ လက်ဖက်သုတ်တစ်ပွဲ၊ ဆေးလိပ်တစ်ပွဲ၊ ကော်ဖီတစ်ခွက်နှင့် စာဖတ်သည်..။ (LCD မဟုတ်သော ကွန်ပျူတာ Screen မှ စာတွေ လှိမ့်ဖတ်ရင်း မျက်စိမှုန်သထက်မှုန်လာသည်ကို မာစတာတက်ရင်း ဆေးစစ်မှ မိမိ မျက်လုံးအခြေအနေကို သိရတော့သည်) ရုံးကကွန်ပျူတာထဲတွင် မာစတာ တက်နေသော အပတ်စဉ်(၅၀)မှ အစ်ကိုထည့်သွားသည့် ကွန်ပျူတာ စာအုပ်တွေဖတ်သည်..။ ကျောင်းဆင်းခါနီး ကွန်ပျူတာမေဂျာက သူငယ်ချင်း မိုးမင်းဇော် ဆီက တောင်းလာသည့် HTML စာအုပ်ကို အလွတ်နီးနီးရအောင် ဖတ်သည်..။ ကိုယ့်ဖာသာ Offline Website တစ်ခု ရေးကြည့်သည်…။ ရေးနေရင်းမှာပင် ပထမဆုံး သင်တန်း သွားရဖို့ ပေါ်လာသည်..။ ဝိုင်အို ဟုခေါ်ကြသည့် လေကြောင်းရန် ကာကွယ်ရေး Young officer course ဖြစ်သည်..။ သင်တန်းက မိမိတို့ တပ်နှင့် မလှမ်းမကမ်း ..။ ကားနှင့် သွားလျှင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ထက် ပိုမသွားရ..။
သင်တန်းမှာ ပြည်တွင်းဖြစ် ပခုံးထမ်းဒုံးစနစ်ကို စသင်ရသည်..။ အနီအောက်ရောင်ခြည်သုံး အပူလှိုင်း အာရုံခံစနစ်ကို ဖတ်ရတော့ ကျွန်တော် အလွန်စိတ်ဝင်စားသွားသည်..။ လက်ချာစာအုပ်တွေ ရကတည်းက သဘောကျစွာ ဖတ်သည်..။ ဒုံးယာဉ်အချက်အလက်များ၊ ဒုံးပြွန်အချက်အလက်များကား အလွတ်ရနေချေပြီ..။ ကျွန်တော်တို့ တန်းခွဲစာမေးပွဲဖြေတော့ ကျွန်တော်က နံပတ်(၁) ၊ ဒုတိယက ကျွန်တော်တို့ အပတ်စဉ်မှ လေ့ကျင့်ရေးထူးချွန်ဆုရသည့် သူငယ်ချင်း..။ ကျွန်တော်က ထုံးစံအတိုင်း ကဗျာတွေစပ်ပြီး ကျက်သည်..။ ကျွန်တော့်ကဗျာတွေကို နည်းပြ အရာရှိက သဘောကျသဖြင့် တောင်းသွားသည်..။

သင်တန်းကျောင်းမှာ သင်တန်းသားကို နည်းပြများက အလွန်ညှာတာသည်..။ ညီအစ်ကိုတွေလို ဆက်ဆံရေးပင်ဖြစ်သည်..။ တန်းစီလျှင် ပေါ်တီကိုအောက်မှာသာ စီသည်..။ ယမကာအနည်းငယ် သောက်ခွင့်ပြုသည်.။ သက်သာဆိုင်တန်းများမှာ ဝယ်၍ရသည်.. သို့သော် ကျွန်တော် မသောက်။ တကယ်တော့ မကြိုက်၍ မသောက်ခြင်းဖြစ်သည်..။ သို့ပါလျက် မိမိက မပတ်သတ်ပဲ မိမိကို လာနွယ်တတ်သည့် ပြဿနာ က မထင်မှတ်ပဲ ပေါ်လာတော့သည်..။
ဆက်လက်ဖော်ပြပါမည်။
မိုးသက်ဦးလွင်



Friday, September 5, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း (၁)

နေပြည်တော်ဘူတာသို့ရထားက နီးကပ်လာသည်.။ ရထားအရှိန်မသေခင်မှာပင် ရထားပေါ်သို့ အထမ်းသမားတွေ ပြေးတက်လာကြသည်..။ "ငါ့သား မင်းသံသေတ္တာနဲ့ ခရီးမသွားဖူးသေးလို့ပါ " ဆိုသော အဖေ့စကားကို ကြားမိလိုက်ပြီး ပြုံးမိလိုက်သေးသည်.။ ဘယ်နေရာမှာမှ မဆန့်သော မိမိ ဗိုလ်လောင်းဘဝကတည်းက Issue သံသေတ္တာကြီးကိုမြင်သွားဟန်တူသည့် အသားညိုမှောင်မှောင် လူခပ်တုတ်တုတ်ဖြင့် အင်္ကျီချွတ်ထားသည့်အထမ်းသမား တစ်ယောက်မှ ကြည်း - ***** ဒုတိယဗိုလ် ဟိန်းလင်းထွန်း ဟု ရေးထားသောသေတ္တာကြီးကို ကြည့်၍...
"ဗိုလ်ကြီး သေတ္တာသယ်မှာလား..."
"ဟုတ်ကဲ့ သယ်မှာ"
ရထားရပ်သွားသည်နှင့် ထိုအထမ်းသမားကြီးမှ မိမိသေတ္တာကို မရမက ဆွဲမပြီးပခုံးပေါ်တင်သည်..။
"ဗိုလ်ကြီး မရိုမသေလေး ကျွန်တော့် ပခုံးပေါ်တင်ပေးပါလားခင်ဗျ.."
"အော် ဟုတ်ကဲ့"
တင်ပေးနေရင်း စိတ်ထဲမှာတော့ ဖျားသွားသည်..။ သံသေတ္တာက ရိုးရိုးသံသေတ္တာအသေးလေး မဟုတ်.။ ဗိုလ်လောင်း ဘဝက ထုတ်ပေးထားသော အမြင့် ၂ ပေခန့်ရှိသည့် သံသေတ္တာကြီး ဖြစ်သည်.။ ထိုထဲမှာ ပစ္စည်းတွေက အပြည့်အသိပ် ထည့်ထားသည်.။ မန်းဘူတာမှာ ကိုယ်တိုင် မပြီး တင်ခဲ့စဉ်က တူဝရီး၂ ယောက်မပြီးတင်သည်ကိုပင် လက်တွေ နီရဲနေအောင် မ ရသည်ကို သတိရမိလိုက်သည်..။
"ဖြည်းဖြည်းမ ဗျာ.. သေတ္တာကလေးတယ်.."
"ဟုတ်.ဟုတ်ကဲ့. ရပါတယ်.."
သူ့အသံကြားမှ သူလည်း အတော်လေးပင်စွာမနေရသည်ကို သတိထားလိုက်မိသည်..။
ရထားပေါ်က သူက ရှေ့ကဆင်းသည် မိမိက နောက်က..။
တွန်းလှည်းတွေနားရောက်သည့်အချိန်အထိ အတော်လှမ်းလှမ်းထိ သူထမ်းလိုက်ရသည်..။ 
တွန်းလှည်းပေါ်သေတ္တာတင်ပြီးတော့...
"ဗိုလ်ကြီးလက်ထဲက အိတ်ကိုပါ ဒီပေါ်တင်လိုက်ပါ..။ ကျွန်တော်တွန်းသွားလိုက်မယ်.။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါရင် ထုတ်ထား လိုက်ပေါ့..."
"ရပါတယ်ဗျာ.."
ဘာပစ္စည်းမှ ထုတ်မနေတော့ပဲ တွန်းလှည်းပေါ်က သေတ္တာစောင်းပေါ်တွင် လက်ကဆွဲလာသော အိတ်ကို တင်လိုက် သည်..။
တကယ်တော့ တွန်းလှည်းကလည်း ဘူတာကြီးအပြင်ထိ သွား၍ မရပါ..။ ဘူတာကြီးအထွက်ရောက်တော့ သူထပ်ထမ်း ရပြန်သည်.။
"ဘယ်မှာချပေးရမလဲ ဗိုလ်ကြီး.."
"ဟိုက လက်ဖက်ရည်ဆိုင်ဘေးနားအထိ ပို့ပေးပါဗျာ..."
ရာသီဥတုကလည်း အတော်ပူသည်..။ နေ့လည် ၁ နာရီ ကျော်ကျော်အချိန်တွင် ကီလို ၄၀ လောက်လေးသော သေတ္တာ ကြီး ကို နေပြည်တော် ဘူတာကြီးရှေ့က လက်ဖက်ရည်ဆိုင်ဘေးအထိ သူပို့ပေးသည်..။
သေတ္တာကို ခက်ခက်ခဲခဲ ချပြီးနောက် သက်ပြင်းချရင်း ချွေးတွေကို သုတ်ရှာသည်..။
"ဘယ်လောက်ပေးရမလဲ ဆရာ..."
"ဆရာ" ဟု သုံးလိုက်တော့ သူက ရယ်ကျဲကျဲဖြင့်...
"၁၀၀၀ ပါခင်ဗျာ"
ပိုက်ဆံအိတ်ကို ထုတ်ပြီး တစ်ထောင်တန် ၃ ရွက် ထုတ်လိုက်သည်..။
"ရော့ဗျာ.. ကျွန်တော်သေတ္တာက အတော်ကိုလေးပါတယ်..။ ခင်ဗျားအဝေးကြီးထမ်းလာရတာ ၃၀၀၀ ယူလိုက်ပါ.."
အားနာသော မျက်ဝန်းအစုံဖြင့် ပိုက်ဆံကို လှမ်းယူသည်..။
ပြီးတော့ ထွက်မသွားသေးပဲ ပိုက်ဆံကိုတစ်လှည့် ကျွန်တော့်ကို တစ်လှည့်ကြည့်နေသည်..။ နောက်တော့ တစ်ထောင်တန် တစ်ရွက် ကျွန်တော်ဖက် ပြန်ကမ်းပေးရင်း
"ကျွန်တော် နှစ်ထောင်ပဲ ယူပါ့မယ်ဗိုလ်ကြီး ၁၀၀၀ ဆိုတာ လေးလို့ယူတာပါ .။ တစ်ခြားသူတွေဆိုရင် ၅၀၀ ပဲ ယူပါတယ်..."
"ယူထားလိုက်ပါဗျာ... ကျွန်တော်သေတ္တာ ဘယ်လောက်လေးလဲ ကျွန်တော်သိပါတယ်.."
ကျွန်တော် ပြန်ကမ်းပေးတော့ အားနာသည့်မျက်နှာထား၊ တုန်ရီနေသော လက်ဖြင့် ပြန်ယူသည်..။ သေတ္တာ မ လာရ၍ တုန်နေ သည်လား..။ အားနာစွာ ချီတုံချတုံဖြစ်နေသည်လားမသိ..။
ကျေးဇူးတင်ပါတယ် ဟုသူပြောသည်လားမသိ.. တစ်စုံတစ်ခုကို ဗလုံးဗထွေးပြောလိုက်သေးသည်..။ ပါးစပ်က စကားလုံး၏ အစပိုင်းတွင်ပင် ပျောက်ကွယ်သွားသည်.။ ကျေးဇူးတင်သည့်မျက်နှာဖြင့် တစ်ဖက်သို့လှည့်ကာ ထွက်သွားသော ကာယလုပ်သားကြီး၏ ညိုမှောင်သော ကျောကုန်းက ဘူတာရုံထဲက ပျားပန်းခတ်မျှထွက်လာသော လူအုပ်ကြီးထဲမှာ ပျောက်ကွယ်သွားတော့သည်..။
သူထွက်သွားတော့ ကျွန်တော် အအေးတစ်လုံးနှင့် ရှမ်းခေါက်ဆွဲတစ်ပွဲမှာသည်..။ မှာထားတာတွေ ရောက်မလာသေး ခင်. ဆိုင်ထဲက အများပြည်သူသုံးဖုန်းကိုသွားသည်.။
တယ်လီဖုန်းနံပတ်များကိုနှိပ်...
"တီ.. တီ.. ဟဲလို ဗိုလ်မှူးလားခင်ဗျာ.. ကျွန်တော် ဟိန်းလင်းထွန်းပါ... အခု နေပြည်တော်ဘူတာကို ရောက်ပါပြီ ခင်ဗျ.."
ဖုန်းချပြီး မိမိဝိုင်းမှာ ပြန်ထိုင်ကာ အအေးကို တစ်ငုံစုပ်လိုက်သည်..။
အော် နေပြည်တော် ဆိုတာ ဒါကြီးပါလား....။
ဘဝကတော့ စပြီ ဟု စိတ်ထဲမှာ တွေးလိုက်မိတော့သည်...။
----------------------------------ဆက်ပါဦးမည်------------------------------။



 

My Blog List