Sunday, February 19, 2012

သက္ကံရွာဟောင်းသို့ တစ်ခေါက်(၁)

         “ မောင်ရေ..မနက်ဖြန်မေတို့.မန်းလေးဆင်းရအောင်.မောင်အားတယ်မဟုတ်လား.ဘုရားဖူးပေါ့မောင်
ရယ်. အကြီးကောင်က အရင်တစ်ခေါက်သူ့ကို ဖျားလို့ ထားပစ်ခဲ့တာကို မကျေနပ်ဖူးလုပ်နေတာ...”
       “ အာ.အားတယ်တော့ ဘယ်ဟုတ်မလဲမေရယ်..မနက်ဖြန် တနင်္ဂနွေဆိုပေမယ့်.. စစ်သားဆိုတော့တာဝန်
က နယ်ပယ် ၊အချိန်ကန့်သတ်လို့ရတာမှမဟုတ်ပဲ..24 hour stand by ပေါ့ကွ..။ဒါပေမယ့်အားဖို့တော့များမယ်
ထင်တယ်...။ ဌာနမှူးကိုသတင်းပို့ကြည့်ုလိုက်ဦးမယ်လေ...”
       “ အင်း .. ဒါနဲ့. ဟိုတစ်ခေါက်က ကိုမိုးတို့က ၀ိုင်ပုလင်းတွေမှာတဲ့ဟာ ယူသွားရမယ်..။သူတို့မှာတဲ့ အလယ်
ပင်လိန်က ၀ိုင်မရခဲ့ဘူးမောင်ရဲ့... အဲဒီဟိုဘက်က သက္ကံဆိုတဲ့ ရွာက ၀ိုင်ကိုရခဲ့တာ ..သက္ကံဝိုင်ကတော့မေ
လည်းမကြားဖူးဘူး...”
       “ သက္ကံက ၀ိုင်လား.....”
      “ မောင်က သက္ကံကိုရောက်ဖူးလို့လား...”
     “ ဟ .. တို့ဗိုလ်လောင်းဘ၀က SRP , LRP တွေလျှောက်ရင် အဲဒီလမ်းကြောင်းပဲဟ.. .အလယ်ပင်လိန်..၊
ဆေးတစ်လုံး ၊ သက္ကံ ၊ ညောင်ကုန်း.၊ သိမ်အင်း.၊ မိုးကြိုးပစ်.. လမ်းတစ်လျှောက်က ရွာတွေကို အလွတ်ရသေး
တယ်...။ အဲဒီရွာတွေထဲက မှ သက္ကံဆိုတဲ့ ရွာကိုထူးထူးခြားခြားကို သတိရနေတာ...”
      “ ဘာလဲ. သက္ကံသူနဲ့ ဇာတ်လမ်းရှိခဲ့တယ်ပေါ့လေ...”
      အိမ်သူသက်ထားက မင်္သကာသော မျက်လုံးဝိုင်းလေးများဖြင့်  မေးလာသည်..။
      “ ဘယ်ကလာဇာတ်လမ်းရှိရမှာလဲ.မေရဲ့... မောင့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့
တာ မေရဲ့... ”
      “ .ဓနုမလေးလား... ရှမ်းမလေးလား..”
    “ အော် ဒုက္ခပါပဲ.. ဒီမိန်းမကိစ္စမဟုတ်ပါဘူးဆိုနေ.. တစ်ယောက်တည်းချစ်ခဲ့တာသူလည်း မသိတာ မဟုတ်
ပဲနဲ့...”
      “ ဒါဆိုမောင် မေ့ကို ပြောပြရမယ်.. ”
      “ မေ မပြောခိုင်းလည်း . မောင်က ဒီကိစ္စကို ပြောပြမလို့ပဲ.. ခုနားထောင်မှာလား..ဇာတ်လမ်းကနဲနဲတော့
ရှည်တယ်...”
        “ဒါဆိုနေဦးလေ.. မန်းလေးက ပြန်လာမှ ပြောပြ ...မောင်လည်းသေချာပြန်စဉ်းစားထား.ခါတိုင်းပြောနေ
ကျလို.အော်မေ့သွားလို့ ဆိုပြီး. ကြားက ကျန်ခဲ့တာတွေပြန်ပြောတာ သိပ် နားထောင်ရခက်တာပဲ...”
        “ ဟုတ်ပါပြီဗျာ..မေနားထောင်ချင်သလို ဖြစ်အောင်.. မောင်စာအုပ်နဲ့ရေးပြီးမှ ကလေးကိုပုံပြောပြသလို
ပြောပြမယ်ဟုတ်ပြီလား...”
        “ အင်း.. ဟုတ်ပြီ.. ။ ဒါဆို.. မေ မနက်ဖြန်အတွက်ပြင်ဆင်လိုက်ဦးမယ်.. မောင်လည်း ဌာနမှူးဆီခွင့်
တောင်းလိုက်ဦး.. ”
         “ အင်းအင်း... ”
        ကျွန်တော်ထိုနေ့မှစ၍ ကျွန်တော့်ဘ၀တွင် အမှတ်တရများစွာထဲမှာ တစ်စိတ်တစ်ပိုင်းဖြစ်ရုံမျှမက.
ဘယ်သောအခါမှမေ့နိုင်တော့မည့် ထူးခြားဆန်းကြယ်သောဇာတ်လမ်းတစ်ပုဒ်ကို . မှတ်မိသလောက်
 ပြန်လည်ရေးသားဖြစ်ခဲ့ပါတော့သည်.....။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
          
ခရီးတိုထိုးဖောက်ချီတက်တိုက်ခိုက်ခြင်း....။
SRP(Short Range Penetration) သင်ခန်းစာအရ..ကျွန်တော်တို့ ဒုတိယနှစ်ဗိုလ်လောင်းများ..ပြင်ဦးလွင်မြို့
ကို ရွာစဉ်တစ်လျှောက်ဖြတ်သန်း၍ မိုင်(၇၀) ခန့် ခရီးနှင်သည့် သင်ခန်းစာတစ်ခုဖြစ်ပါသည်.။သေနတ်
တစ်လက်..၊ ပေါင် ၄၀ ခန့်ရှိသော..။ စစ်ကျောပိုးအိတ်..၊ ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့်..။ခန္ဓာကိုယ်အနှံ့
အပြားမှာထွက်နေသည့်ချွေးများက ရေညှစ်ချလို့ရနိုင်သည့်အနေအထား.။ ချွေးစိုစို ယူနီဖောင်းများကို နေ
ပူပူမှာ ချီတက်ရပြန်တော့..ခန္ဓာကိုယ်မှာ ဆားတွေအချပ်လိုက်ကြီးဖြစ်နေသည်ဆိုတာ အပြင်ကသူငယ်ချင်း
တွေယုံမှ ယုံပါ့မလားမသိ.။နဂို မဖြူသည့်အသားမှာ အညိုရောင်စိမ့်စိမ့်ဖြစ်နေသည်..။ ဒါပေမယ့် ဗိုလ်လောင်း
ဘ၀ နေလောင်ဒဏ်ဆိုတာ မှု စရာမလိုသည့် အသေးအမွှားထဲမှာပါဝင်သည်.။ခုလို အောက်ဒိုးသင်ခန်းစာမျိုး
များတွင်..။ ကိုယ့်ရိက္ခာကိုယ်သယ် .ကိုယ့် အုပ်စုနဲ့ကိုယ်ချက်စားကြရသည်.။ညဖက်တဲထိုးပြီးအိပ်ကြရသည်.။
ဆောင်းတွင်းဆို တုန်ပေရော့ပဲ..။ သို့ရာတွင် ယခု ထွက်လာသော SRP ကတော့ မိုးရာသီဖြစ်ရာ. သိပ်မချမ်း
သော်လည်း မိုးမရွာအောင် ဆုတောင်းနေရသည်.။ မိုးရွာပါက ခရီးမတွင်လှချေ. .။ အိတ်ကြီးများတနင့်တစ်ပိုး
နှင့် လဲလျှင်လည်းတော်တော်နှင့် မထနိုင်..။ ဗွက်များပေပါကလည်း .အတော်ဒုက္ခရောက်သည်မို့ မိုးကိုတော့
ကြောက်ကြသည်.။ ဒီ  အောက်ဒိုးကံကောင်းသည်က မိုးမရွာခြင်းပင်ဖြစ်သည်.။ သို့ရာတွင် နေအတော်ပင်ပူ
သဖြင့် လူပင်ပန်းလှသည်.။
        “ မိုးသက်...  မင်း ခုနနားတုန်းက အဒေါ်ကြီးပေးလိုက်တဲ့ သရက်သီးရှိသေးလား...”
       “ ဟေ.. အော်အေး.ရော တစ်လုံးအသစ်ရှိတယ်...”
       “ ဟိုအသေးလေးရော... ”
      “ အဲဒါက ငါကိုက်ထားပြီးသားမို့လို့. မင်းကိုအသစ်ပေးတာ...” 
      “ အာ မင်းကလည်း တောစိတ်ပေါက်နေပါပြီ.. ပေးပေး အသစ်ကိုသိမ်းထားလိုက်...။မင်းကိုက်ပြီးသားဘာ
ဖြစ်လဲ..။ တက်နင်းထားတာမှမဟုတ်တာ...”
       သူငယ်ချင်းဖြစ်သူ ကုတင်ချင်းကပ်လျက်..အေးမောင်မောင်ဟိန်းက.လာတောင်းသဖြင့် အင်းယားရွာ
မှာ ခနနားနေစဉ်.. ကျွန်တော်တို့နားသော အိမ်မှအန်တီကြီးက ကျွန်တော်တို့ကိုလာပေးသော သရက်သီး
သုံးလုံးထဲမှ တစ်လုံးကိုပေးလိုက်ပါသည်.။
      ဗိုလ်လောင်းများအောက်ဒိုးထွက်လျှင် . . ရပ်ရွာထဲမှဖြတ်သွားရသည်က ရှားပါးပါသည်.။ ရံဖန်ရံခါဖြတ်
သွားလျှင်လည်း .. ရွာမှ ရွာသားများမှ တစ်ရုန်းရုန်းဖြင့် ထွက်ကြည့်ကြ၊ မုန့်ထုပ်တွေဝေကြ...၊ရေတွေထွက်
တိုက်ကြ..၊ကလေးတွေကလည်း တုတ်ကလေးတွေကို သေနတ်တွေလိုကိုင်ပြီး ဘေးကနေ ပြေးလိုက်ကြ.ဖြင့်
ကြည်နူးစရာတော့ကောင်းသည်. ။မေမြို့အနီးတစ်ဝိုက်တွင်.ရှမ်း၊ဓနုရွာလေးတွေ ကများသည်.။သူတို့ကလည်း
ဗိုလ်လောင်းလေးများကိုချစ်ကြသည်..။သို့ရာတွင်.. ရွာအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မည်စိုးသောကြောင့်
ယခုလို SRP , LRP များမှ အပ ရွာနှင့်ကင်းကင်း ၊ ခပ်လှမ်းလှမ်းနေရာများတွင်သာ လေ့ကျင့်လေ့ရှိကြသည်။
       “ မင်း စာမေးပွဲဖြေနိုင်လား... သူငယ်ချင်း..”
      “ အင်း.ဒီလိုပါပဲ. ပရယ်တီကယ်ဖြေတုန်းကကွာ.. Scope ကြည့်နေတုန်းနောက်ကတစ်ယောက်က မင်း
အလှည့်ဆိုပြီး. ပခုံးကိုပုတ်လိုက်တာ.. လန့်ပြီး မျက်လုံးနဲ့.. Scope စောင်းနဲ့ထိသွားလို့ နာသွားတယ်၊
အဲဒါနဲ့ငါလည်း ဘယ်ဘက်နဲ့ပြောင်းကြည့်နေတုန်း..အဖြေလွှာထပ်တဲ့ မောင်က..၀င်တိုက်သွားတာဘယ်ဘက်
လည်း ထပ်ထိသွားပြန်ရော..။အဲဒါ အဖြေလွှာလည်းထပ်ရော.. တို့မေဂျာက အခန်းစောင့်ဗိုလ်ကြီး.က မင်းည
က မအိပ်ဘူးမလား . မျက်လုံးတွေရဲနေတယ်ဆိုတော့.. ဘာပြောရမှန်းမသိတာနဲ့..ဟုတ်ကဲ့ လို့ပဲဖြေလာခဲ့
တယ်...”
          ကျွန်တော်က ပရယ်တီကယ်ဖြေတုန်းက.. အဖြစ်အပျက်ကို ပြန်ပြီးစမြုံ့ပြန်ပါသည်.။ နောက်မှသူငယ်
ချင်းများရယ်ကြသည်..။ 
     “ မင်းကလည်း ကြံဖန်ပြီးတော့ ကို ဖြစ်နေတာပဲ.. ။အဲဒါကြောင့်မင်းကိုဂျီပီလို့ခေါ်တာ နည်းတောင်နည်း
သေးတယ်...”
      ကျွန်တော့် ကို သူငယ်ချင်းများက ဂျီပီဟု နာမည်ပြောင်ခေါ်ကြသည်.။ တကယ်တမ်းဂျီပီဆိုသည်မှာ..
ဗိုလ်လောင်းအချင်းချင်းသာသိကြသော နာမည်ပြောင်တစ်ခုဖြစ်ပါသည်.။G=General( နေရာတကာ ။အထွေ
ထွေ.၊ယေဘုယျအားဖြင့်. ကြိုက်သလိုပြန်လို့ရသည်.။ ) P= ပုံမလာ.. ။ အားလုံးပေါင်းလိုက်တော့.နေရာတကာ
ပုံမလာသော..တစ်လွဲကောင် .. ဆိုသော အဓိပ္ပာယ်တစ်ခုထွက်လာသည်..။တကယ်တမ်းကျွန်တော်ထိုနာ
မည်ပြောင်ကိုရခဲ့တာက ကျွန်တော်ပုံမလာ၍မဟုတ်ပါ.။ ထိုနာမည်မျိုးရှိသော ဖိုင်နယ်ရီးယား အစ်ကိုတစ်ဦး
နှင့်ရုပ်ချင်းဆင် တူသည်ဟု ဆိုသောကြောင့်.. လက်ဖက်မကမ်း၊ ကင်ပွန်းမတပ်ပဲ . နာမည်အပိုင်စားရလိုက်
ခြင်းဖြစ်ပါသည်.။
      “ ရှေ့ရွာက ပင်လိန်နော်.. ဟုတ်လား မိုးသက်..”
       “ အာ ဘယ်ဟုတ်မလဲ.. ရှေ့ရွာက နောင်လိုင်ပါဟ.. ။ နိုင်နိုင်းနဲ့စိုးမြတ်နန္ဒာတို့တောင် မော်ဒယ်မြို့သူ
လာရိုက်သွားသေးတယ်...။ ဟိုးရှေ့မှာ ပြပြလေးမြင်နေရတဲ့ညောင်ပင်ကြီးက.. အဲဒါ နိုင်နိုင်းနဲ့ စိုးမြတ်နန္ဒာ
ချိန်းတွေ့တဲ့ညောင်ပင်ကြီး.. ။ဇာတ်ကားထဲမှာတောင်. . ။ နောင်တော်တွေ ထွင်းသွားတဲ့ အရာတွေပါသေး
တယ်..”
      “ သြော်.. သြော်...”
    ဘယ်ရမလဲ..။ ကိုယ်က မြို့ခံဆိုတော့ . မရောက်ဖူးသော်ငြား တစ်ခေါက်သွားပြီးကတည်းက မြေပုံက မျက်စိ
ထဲမှာ မြင်နေသည်..။ ဘာပြီးရင်ဘာ ဆိုတာ ဒက်ကနဲပြောလို့ရနေသည်.။
         ရှေ့ရွာ ရောက်တော့ အဲဒီကျွန်တော်ညွှန်းခဲ့သည့်ညောင်ပင်ကြီးအောက်မှာ ခနနားကြသည်.။ဟန်းကော
တွေဖွင့်ပြီးထမင်းစားကြသည်..။ ပြီးတော့ ပါသလောက် အလှူငွေတွေသဒ္ဒါ တရားရှိသလောက်ထည့်ဝင်ပြီး
နောင်လိုင်ဘုန်းကြီးကျောင်းကို လှူကြသေးသည်..။ ခေတ္တမျှနားခိုသော်လည်း... ကျွန်တော်နှင့်အေးမောင်
မောင်ဟိန်းက ကုဋီတွေပြေးဆေးလိုက်သေးသည်...။သူက ဓနုလူမျိုး ဘာသာတရားကိုင်းရှိုင်းသည့်နေရာမှာ
ကျွန်တော်နှင့်တွဲမိသည်..။
       အဲဒီကနေ ဆက်တော့ ကုန်းဆင်းကြီးမှာ ခြုံခို / တန်ပြန်ခြုံခို သင်ခန်းစာတွေ လေ့ကျင့်ကြသည်.။ အဲဒီ
နောက်..။ ထုံးဘိုရွာမှာ.. မန္တလေး-လားရှိုးလမ်းမကြီးကိုဖြတ်.၊ပြီးတော့ ရေတံခွန်တွေနှင့်သိပ်ကိုလှသည့်
ရန်ကုန်ဘုန်းကြီးကျောင်း..။ အဲဒီကျောင်းကိုရောက်သွားလျှင်.. ၀ူခုံးကားထဲက နတ်ပြည်ကိုရောက်သွားသလို
ပင် ရေမှုန်ရေမွှားတွေကြားထဲမှာတောင်နံရံကိုတက်သွားတဲ့ကျောက်လှေကားမတ်မတ်လေးကပင်တက်ရ
သည်.။ အလွန်ပင်လှသော ကျောင်းဖြစ်သည်.။ 
             ထိုဘုန်းကြီး ကျောင်းကိုကျော်လျှင်.. ပွဲကောက်ရွာသို့ရောက်သည်..။ပွဲကောက်ရွာမှာ.နာမည်ကြီး
BE ရေတံခွန်ခေါ်. ပွဲကောက်ရေတံခွန်ရှိသည်..။ ဗိုလ်လောင်းဘ၀ လေ့ကျင့်ချိန်ဖြစ်၍ ရေတံခွန်သို့ အနားသီ
ခွင့်မရခဲ့ပါ..။ 
               ပွဲကောက်ရွာမှ ဆက်သွားလျှင်.. အရှေ့ပင်လိန်ရွာကိုရောက်သည်.. ။ပြင်ဦးလွင်မှာမမြင်ရသည့်
ထန်းပင်နှစ်ပင်သုံးပင်တွေ့ရသည်.။ အပူပိုင်းမှာတွေ့ရသည့်. မန်ကျည်းပင်များလည်းရှိသေးသည်..။ ထိုရွာ
ကချောင်းထဲမှာ ဗိုလ်လောင်းများရေချိုးခွင့်ပေးသည်.။သေနတ်ကလေးများလွယ်ကာ အလှည့်ကျ ရေသွားချိုး
ကြသည်..။ အရှေ့ပင်လိန်ရွာမှ ၀ိုင်သည် ပြင်ဦးလွင်တစ်ဝိုက်တွင်နာမည်ကြီးသည်..။ ကားသမားများပုလင်းကို
ဒါဇင်လိုက်မှာကြသည်.။ အပတ်မပါသည့် ၀ိုင်ဟုနာမည်ကြီးသည်.။ ဆိုင်တွင်တင်ထားသော..ပါကင်လှလှ
ဝိုင်ထက် အဆပေါင်းများစွာကောင်းကြောင်းသိရသည်.။ကျွန်တော်တစ်ငုံခန့်သောက်မိသည်.။ ချိုမွှေး၍
လည်ချောင်းထဲတွင်ပူဆင်းသွားသော ၀ိုင်ဖြစ်သည်.။ နာမည်ကြီးလည်းကြီးလောက်ပါရဲ့ဟုတွေးမိသေးသည်.။
နောက်ပိုင်းတော့ မသောက်ဖြစ်တော့..။ ထိုနေ့ညက ပင်လိန်ဘုန်းကြီးကျောင်းဝင်းထဲမှာတည်းခိုကြသည်.။
               နောက်ရက်မနက် အရှေ့ပင်လိန်ကနေ ဆက်ထွက်တော့...အလယ်ပင်လိန်.၊ ပြီးတော့ . ပြည်သူ့ဘ
ဝလေ့လာရေး..ကျွန်တော်တို့ ဆည်မြောင်းတူးပေးခဲ့သည့် ဆေးတစ်လုံးရွာ..။ အဲဒီကနေ အကျော်မှာ သက္ကံ
ဆိုသော ရွာကလေးတစ်ရွာရှိသည်...။ထိုရွာအကျော်သို့ရောက်လျှင် ခေတ္တမျှ နားလေ့ရှိသည်..။ဒီ SRP တွင်
လည်းနားမည်မှာသေချာသလောက်ဖြစ်သည်.။ မနားလို့လဲ မရတော့။. ပင်လိန်မှာ ကျွန်တော်ရေဘူး ရေဖြည့်
ရန်မေ့လာသည်..။ မနားလျှင် ကျွန်တော် အပြေးတက်ဖြင့် အိမ်တစ်အိမ်အိမ်မှာ ၀င်ဖြည့်ရမည်...။
               တစ်ဖြည်းဖြည်းနှင့်သက္ကံရွာကလေးကို ဖြတ်လာသည်..။ နားမည့်အရိပ်အယောင်မပြသေး .. ကျွန်
တော် မနားဘူးအထင်ဖြင့်.. ။ လမ်းဘေးအိမ်တစ်အိမ်သို့ အကူအညီတောင်းကာ ရေဖြည့်သည်.။ပြန်ထွက်
ကာ စစ်ကြောင်းထဲပြန်ဝင်၍ ဆက်သွားပြန်သည်.။ ရွာကို၂ဖာလုံခန့်ကျော်သွားမှ.. စစ်ကြောင်းက ရပ်သွား
သည်.။ 
           “ ရွှီး.. နားမယ်ဟေ့.. ရှေ့က ဗိုလ်လောင်းတွေ..”
         “ နည်းပြအရာရှိတစ်ဦးက ခရာတွတ်၍ ရှေ့ က မောင်များကိုလှမ်းအော်သည်.။ကံကောင်းချင်တော့
ကျွန်တော်တို့ တပ်စု နားသည့်နေရာက ဇရပ်ကလေးတစ်ဆောင်ရှိသည်..။သို့ရာတွင်ကံဆိုးချင်တော့..ကျွန်
တော် အရိပ်ခိုဖို့ရာနေရာမရ..။သို့နှင့်..ဇရပ်လေး၏ အနောက်ဖက် မလှမ်းမကမ်း မှာ..ရှိသည့်သစ်ပင်ရိပ်အုပ်
အုပ်ကလေး နောက်က ကျောက်တုံးကလေး တစ်တုံးပေါ်ကိုထိုင်ချလိုက်သည်..။ ကျောပိုးအိတ်ကို..ဘေးမှာချ
သည်.။ ရေဘူးကိုထုတ်သောက်ရင်း ဟိုဟိုသည်သည် မျက်စိကစားကြည့်တော့..။ကျွန်တော်ထိုင်ချခဲ့သည့်
ကျောက်တုံးကလေးပေါ်မှာ.. အတော်ရှေးကျသော မြန်မာစာလုံးများကိုတွေ့ရသည်..။အေးမောင်မောင်ဟိန်း
ကိုခေါ်မည်လုပ်သေးသည်.။သို့သော် သူ့ကိုအနီးနားတွင်မတွေ့ရပါချေ..။ ဘယ်ရောက်နေသည်မသိ.။
       အိတ်ကပ်ထဲက ကင်းသော့တွဲ(ဓါး၊ ခေါင်းဘီး၊ နဖာကလော်တံ၊ ကတ်ကျေး၊ ဇာကနာ၊ မွှေးညှပ်၊ လက်
သည်းညှပ် ၊စသည်တို့အစုံပါဝင်သော သော့တွဲများကိုဗိုလ်လောင်းများ ဆောင်ထားလေ့ရှိသည်..)ကိုထုတ်
၍ ခြစ်ကြည့်ရာ.. ။ ထင်ရှားသောမြန်မာစာလုံးများကိုဖတ်၍ ရလာသည်..။ ကျောက်တုံးတွင်ရေးထားသည်
က ..
                        “ သကံ္ကရွာမ..”
         စိတ်ထဲမှာတော့ ဒီကျောက်တုံး၏ သက်တမ်းကို တွက်ချက်နေမိသည်.။ သို့ရာတွင်မိမိ မကျွမ်းကျင်မရင်း
နှီးသော အကြောင်းအရာဖြစ်လေရာ စိတ်ထဲတွင် မပါလှချေ..။လူကလည်းပင်ပန်းနေပြီဖြစ်ရာ.ကျောပိုးအိတ်
ပေါ်တွင် လှဲချလိုက်ရင်းမမျှော်လင့်ပဲ မှေးကနဲအိပ်ပျော်သွားတော့သည်..။

ဆက်လက်ဖတ်ရှုပါရန်...။



ရေးသားသူ : မိုးသက် // 2:23 PM
အမျိုးအစား:

4 comments:

  1. ဒုတိယ အပိုင်းကိုမျှော်နေသည်။

    ReplyDelete
  2. ဒုတိယပိုင်းစောင့်နေပါတယ်ဗျို့

    ReplyDelete
  3. အင်တိတ်တူလေူးးးးးးးးးးMay 19, 2012 at 9:06 AM

    မိုက်သဟ..ဒုတိယပိုင်းတင်လေကွာ...

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List