Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Wednesday, July 31, 2013
ဖြစ်ကြောင်းရယ်ကုန်စင်....
“ ဘီခန်းမှာ မေးခွန်းခိုးကြည့်လာတယ်တဲ့ သွားမေးကြဦး...”
ဆူဆူညံညံ အသံများဖြင့် ယောက်ျားလေး အိမ်သာ အပေါ့သွားသည့် “ ပန်းခြံ” အတွင်းမှ ဖြစ်ပါသည်.။ 
        ယောက်ျားလေး များက မိန်းကလေးလိုမဟုတ်.။ မေးခွန်းသိလျှင် မျှဝေကြသည်.။ မိန်းကလေးများက ကိုယ်သိလျှင် ကြိတ်ဖြေကြသည်.။ အပေါ်ယံသာပေါင်းကြပြီး စိတ်ထဲမှာတော့ အမြဲတမ်း ပြိုင်ဆိုင်နေကြသည်.။ ဒါက ငမိုးတို့ အားလုံး သိသည့် မိန်းကလေး တို့အကြောင်း.။ 
ဒီနေ့ ဖြေမည်က စာမေးပွဲတော့မဟုတ်.။ စာမေးပွဲနီးလာသဖြင့် သမိုင်း ဓမ္မဓိဋ္ဌာန် မေးခွန်း များအစမ်းဖြေမည်ဟု မနေ့က သမိုင်းဆရာမ ပြောထားသည်.။
ဆိုတော့ ယနေ့ ၁ မှတ်တန်များ ခေါင်းမူးနေအောင်ဖြေရဦးမည်.။ မေးသည့် ဆရာမကလည်း ၀ါရင့် ဆရာမကြီး.။ မေးခွန်းကို ခေါင်းမူးနေအောင် ပညာပြပြီး မေးတတ်သည်.။
           ငမိုး ဘီခန်းဖက် အရောက် ဘီခန်းထဲက ထွက်လာသည့် ငမိုးဘော်ဒါ အိုက်စိုင်း နှင့် တွေ့သည်.။
               “ အိုက်စိုင်း.. မင်း မေးခွန်းတွေကူးခဲ့လား..”
        အိုက်စိုင်းက အေးဆေးပဲဆိုသည့် အထာဖြင့် လက်မထောင်ပြသည်...။
            “ ငါ့ကိုလည်း ပြောဦးလေ..”
အိုက်စိုင်းက ငမိုးလက်ကို ဆွဲသွားပြီး ဟောခန်းကြီး ဘေး ငှက်ပျောပင်တွေနားကျမှ ပြောသည်.။
“ ဒီနေ့မေးမှာက မှန်၊မှား ပဲ ဖြေရမှာကွ.. ငါအကုန်ကြည့်ခဲ့ပြီးပြီ.။ ကြည့်တာမှ Marking scheme ကြီးကိုကို ကြည့်လာတာ..။ နံပတ် (၁) က မှန် ကွာ.။ အောက်က ဟာတွေ တစ်လှည့်စီ မှန်၊ မှား၊ မှန်၊ မှား ပဲ...”
“ ဟာ အိုက်စိုင်းရာ..မင်းဟာက သေချာလို့လားကွာ...”
“ မှားရင်.ငါ့ခေါင်းကို မင်းညီမလေး ထမင်းချိုင့်နဲ့ ရိုက်ကွာ..”
ညီမလေးထမင်းချိုင့်မှာ ကျောင်းတွင် အကြီးဆုံးဖြစ်ပါသည်..။
            ငမိုးနည်းနည်းတော့ ယုံသွားသည်.။ နောက်ထပ် ဘီခန်းဖက်မှ ထွက်လာသူက ရဲလင်းအောင်..။ ငမိုး ထပ်မေးကြည့်တော့ သကောင့်သားကလည်း ထိုနည်းအတိုင်း ပြန်ဖြေသည်.။
              ဟုတ်တော့ ဟုတ်နေပြီ...။ ခါတိုင်းဆိုလျှင် Unseen မေးခွန်းများမေးတိုင်း ငမိုးတို့က နာမည်ကြီး.။ ကျောင်းမှာ ဂျမ်းဘုံဟု ပြောင်ခေါ်ကြသော အိဖူးဝေ တို့၊ ကျယ်ဘော (သိပ္ပံပညာရှင်များသည်ကျယ်ပြန့်သော သဘောထားရှိသူများဖြစ်သည်) ဟု ပြောင်ခေါ်ကြသော ယမင်းသူ(Neon Thet Htar)၊ မနက်ပိုင်းတစ်စုံ ညနေပိုင်းတစ်စုံ ၀တ်သော ဆရာမများအချစ်တော် Thuzar Aye တို့ နှင့်စာလျှင် အကျက်ထက် အဖတ်အားသန်သော ငမိုးက Unseen များ မေးလျှင် ပိုဖြေနိုင်လေ့ရှိသည်.။ သို့ရာတွင် ယခုမူ မေးခွန်းက အတိအကျ ဖြစ်နေလေပြီ.။ ဘာပဲပြောပြော ယနေ့ အတန်းထဲတွင် မိန်းကလေးများ မရှုမလှဖြစ်ပြီး ယောက်ျားလေး အများစု (မှိုကြွသည့် အနည်းငယ်မှ လွဲ၍) အတော်များများ အမှတ်ပြည့်ရလိမ့်မည်ဟု တွက်ထားလိုက်သည်.။
သို့နှင့် စာမေးပွဲခန်းထဲသို့ရောက်ကြသည်.။
           စာမေးပွဲဖြေပြီးသောအခါ... နာရီဝက်အတွင်းဆရာမက အမှတ်စာရင်းကြေငြာသည်. ။
“ ကဲ.. အမှတ်စာရင်း မကြေငြာခင် .. အားလုံးက တော်တော်ကို တော်ကြလို့ ချီးကျူးပါတယ်.. အဲ.. မောင်မိုးသက် ကတော့ ရှေ့ထွက်ခဲ့ပါဦး..”
တိန်..။
ငမိုးနာမည်ခေါ်နေပြီ.။
“ ပြီးခဲ့တဲ့ အပတ်တွေတုန်းက အဆင့်တွေကောင်းပြီး..ဒီတစ်ပတ် အမှန်အမှား အပုဒ် ၂၀ ကို ဘဲဥ မကွဲအောင်ဖြေနိုင်တဲ့ အတွက် ဆုချ မလို့ပါ..”
.
      အွန်..။
          ငမိုး..ရှေ့ရောက်တော့ ဆရာမက အဖြေလွှာကိုပါ ထုတ်ပြသည်.။
      “မင်းဖြေထားတာ မင်းပြန်ကြည့်ပါဦး..”
       ငမိုးမယုံကြည်နိုင်စွာဖြင့် ပြန်ကြည့်သည်.။
 အိ...။
             သွားပြီ..။ ငမိုးစိတ်ထဲ ညီမလေးထမင်းချိုင့်နှင့်ကိုယ့်ခေါင်းကို ရိုက်ပစ်ချင်စိတ် ပေါက်သွားသည်.။
           ငမိုးဖြေထားပုံလေးက သင်းသည်.။
           အပျင်းကြီးလိုက်တာလည်း ပါသည်.။
အောက်ပါ.မေးခွန်းများကို မှန်လျှင် (မှန်) မှားလျှင်(မှား) ဟုဖြေဆိုပါ..။ (မှန်)
၁၉၂၀ ခုနှစ်တွင် ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်.။ (မှား)
အာဠာဝကသခင်ဖိုးလှကြီး မှာ တောင်သူလယ်သမားခေါင်းဆောင်ဖြစ်သည် ။ (မှန်)
စသဖြင့်စသဖြင့်... ..
အပျင်းကြီးပြီး ခေါင်းစဉ်မှန်း မေးခွန်းမှန်း တောင် ပြန်မကြည့်တော့ပဲ ငစိုင်းပြောသည့်အတိုင်း အပေါ်ဆုံးက မှန်..အောက်က တစ်လှည့်စီ မှား.. ဟု ရေးလိုက်လေရာ.....။
ထိုနေ့က မိုးမရွာပါ.။
ထို့ကြောင့် ဖားမအော်ပါ..။
ထို့ကြောင့်...။
ငမိုးတစ်ယောက် ပေါင်မှာ ထင်သော အညိုစင်းလေးသုံးကြောင်းကို ဆုအဖြစ်လက်ခံပြီးသကာလ နောင်အခါတွင် မည်သောအခါမျှ စာမွဲနှင့်ပတ်သတ်လျှင် နင်းကန်အပျင်းမကြီးတော့ဟု ကြီးစွာသော နောင်တတို့ ဖြင့် သန္ဒိဋ္ဌာန်ချမိလေသည်.။
Sunday, July 28, 2013
လျှောက်-လျှောက်-လျှောက်
ဂျူလိုင်ညနေခင်းမှာ လမ်းလျှောက်ထွက်ရင်း...
မေပယ်ရွက်တွေ ကျွန်တော်ခြေထောက်ပေါ်ကို ဖြတ်ပြေးတယ်...
ထီမထင်အကြည့်တွေနဲ့ပေါ့...
လေညင်းက ကတိုက်ကရိုက်..
အလျင်စလိုလေး ဟ တိုက်လို့..
ကျွန်တော့်ကို “ မိုက်ကြည့်”ကြည့်တယ်..။
ကျွန်တော်ပြုံးပြလိုက်တယ်..
အိပ်မက်ထဲက ပုံစံမျိုးနဲ့လေ..။
တစ်ချို့က Black & White.
တစ်ချို့က အဖြူသက်သက်...
ကျောင်းရှေ့က အဘိုးကြီးက မင်္ဂလာပါလို့ နှုတ်ဆက်တယ်...
သူ့လက်ထဲမှာလည်း ကောင်းခြင်းတွေတစ်ပွေ့တစ်ပိုက်..
ဈေးဆိုင်က တာဂျစ်ကြီးက လက်နှစ်ချောင်းထောင်ပြတယ်..
သူ့လက်ကြားထဲမှာ ငြိမ်းချမ်းမှုတွေညှပ်လို့...
အဆောင်အောက်က လုံခြုံရေးအဘိုးအိုက လက်ဆွဲနှုတ်ဆက်တယ်..
သူ့လက်ဝါးထဲမှာ တိတ်တိတ်ဝှက်ပေးလိုက်တာက.. ရင်းနှီးခြင်းတွေ...
ကျွန်တော်ကတော့ ပြုံးနေတုန်းပဲ...
အပြုံးထဲမှာတော့ အဲဒါတွေအကုန်ပါတဲ့ ဗလာသက်သက်တွေ..။
လမ်းများများလျှောက်ပါ..
Stress ကျတယ်...
ဒါဆို စိတ်ညစ်တွေပြုတ်ကျဖို့...
အရက်များများသောက်ရမလား...
အဲ့ဒါ ပါရဂူတန်းက မေးခွန်း...
မင်းအဆင့်နဲ့ မရဘူးတဲ့...
ကျွန်တော့် အဆင့်နဲ့မရတဲ့မေးခွန်းတွေ..
Птица နဲ့ Книга ဘာအမျိုးတော်လဲ...
ဒါကတော့ ဒေါက်တာတန်းမေးခွန်းဖြစ်သွားပြီ....။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဤ သစ္စာစကား ကြောင့် သတ္တ၀ါများချမ်းသာစေ...
မေပယ်ရွက်တွေ ဆောင်းဦးမှာ ကြွေသည်..
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ကော်ဖီခါးခါးသောက်လျှင်ရင်တုန်သည်..
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ကျွန်တော်“ သူမ ”ကို ချစ်သည်.။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သက်သက်သာသာပဲ...
အိပ်မက်ကနိုးတိုင်း ၀မ်းမနည်းတာကြာပြီ..
ကျွန်တော့်ကော်ဖီခွက်လေး ဖြူဖွေးနေပြီ...
ကျွန်တော်လက်သည်း ညှပ်လေး.. ပြန်တွေ့ပြီ..
ကျွန်တော် အိပ်ကပ်ထဲမှာလည်း အလွမ်းတွေပြန်ပြည့်နေပြီ...
သိပ်ပြည့်စုံတာပေါ့ မခင်သီတာ...
သူမ ဆီကချေးငှားထားတဲ့ အပြုံးတစ်ပွင့်ကြောင့်...
ကြိုးမရှိတဲ့ ကျွန်တော့် ဂစ်တာလေးတောင် ခုချိန်ထိ တစ်ဒေါင်ဒေါင်မြည်နေတုန်း...။
~မိုးသက်ဦးလွင်~
(၂၉-၇-၂၀၁၃)
Saturday, July 27, 2013
ကျွန်တော်ဖွင့်ပြောမှရမယ်...
ကျွန်တော် ဖွင့်ပြောမှရမယ်..
သူ့ရဲ့ အသက်ရှုသံနွေးနွေးလေးကို
ကျွန်တော့် ရင်ဘတ်နားမှာထားဖို့...
ကျွန်တော် ဖွင့်ပြောမှရမယ်..
သူ့ရဲ့ ပါးပြင်မို့မို့လေးကို..
ကျွန်တော့် ၀င်သက်ထွက်သက် တို့နဲ့ ရင်းနီးစေဖို့...
ကျွန်တော် ဖွင့်ပြောမှရမယ်..
သူမရဲ့ ပျော်ရွှင်မှုတွေကို...
ကျွန်တော့် နှုတ်ထွက်စကားတွေက ဖန်တီးဖို့....
ကျွန်တော် ဖွင့်ပြောမှ ရမယ် ....
မေ့နေတာမဟုတ်ဘူး...
မြိုသိပ်ထားတာ...
အသက်မရှုတမ်းပြောချင်တဲ့ စကားရဲ့ တစ်စွန်းတစ်စ...
ရင်ခုန်သံ ကမောက်ကမ ဖြစ်တိုင်း လွှတ်ကနဲ ထွက်မိနေတုန်း...
သူမကပဲ ကျွန်တော့်ရဲ့ ဂန္တ၀င်ဆည်းဆာ...
သူမကပဲ ကျွန်တော့်ရဲ့ ကြယ်တွေစုံတဲ့ည..
သူမကပဲ ကျွန်တော့်ရဲ့ ရန်ကုန်မှာသာတဲ့လ...
အဲဒီတော့..
ကျွန်တော် ဖွင့်ပြောမှရမယ်......။
ကျွန်တော့်နှလုံးသားက ကြိုးမပါတဲ့ ဂစ်တာ...
ဒီအတွက် ရင်ခုန်သံ ကီးသံနည်းနည်းကြောင်တယ်...
ကျွန်တော့်နှလုံးသားက Semiconductor
ဒီအတွက် သူလိုရာသုံးဖို့ ပိုအဆင်ပြေမှာပေါ့..
ကျွန်တော့်နှလုံးသားက ကော်ဖီခါးခါး...
တစ်ခါတစ်ခါတော့ ကျွန်တော့်ကြောင့် ရင်တုန်သွားစေချင်တာ..။
အဲဒီတော့..
ကျွန်တော် ဖွင့်ပြောမှရမယ်......။
ကျွန်တော်သိတယ်..
ကျွန်တော် မှောင်နေရင် သူ့ကြောင့်လင်းလာမှာ..
ကျွန်တော် တိတ်ဆိတ်နေရင် သူ့ကြောင့် နိုးကြားလာမှာ..
ကျွန်တော် မဲ့ နေရင် သူ့ကြောင့် ပြုံးရွှင်လာမှာ..
အဲဒီတော့..
ကျွန်တော် ဖွင့်ပြောမှရမယ်......။
ကျွန်တော် ဖွင့်ပြောမှရမယ်......။
ကျွန်တော့်ဖွင့်ပြောမှရမယ်.......။
~မိုးသက်ဦးလွင်~
(၂၈-၇-၂၀၁၃)
Friday, July 26, 2013
အလွမ်းရောင် အနားသတ်...
တိမ်ညိုတွေမလွှမ်း...
လေနီတွေမကြမ်း...
အရာရာမဆန်းပဲနဲ့...
ရင်မှာ လွမ်းနေတာ သူ့ကြောင့်...။
အဲဒီလိုမကြည့်ပါနဲ့လား.ဟန်နီ..
နှလုံးသား တစ်ဆတ်ဆတ်...
အလွမ်းဖျားလေးတက်မှာစိုးနေလည်း...
ကိုယ့်အိပ်မက်တွေက သူ့ဆီမှာ..
သူ့မျက်ဝန်းတွေက ကိုယ့်ဆီမှာ...။
သူ့အနမ်းတို့ စက္ကန့်နဲ့အမျှရနေတဲ့ ၀င်သက်ထွက်သက်ကို ကျွန်တော် မနာလိုဘူး...
သူ့ပါးပြင်ကို မကြာခဏ ထိသပ်ခွင့်ရတဲ့ သူ့တယ်လီဖုန်းကို ကျွန်တော် မနာလိုဘူး...
သူ့မျက်ဝန်းကို အမြဲမြင်တွေ့နေရတဲ့ သူ့မျက်မှန်ကို ကျွန်တော် မနာလိုဘူး...
သူမနဲ့ပတ်သတ်လာရင်.. တိတ်တခိုးချစ်နေတဲ့ ကိုယ့်ကိုယ်ကိုတောင် မနာလိုဘူး...။
သူမက ၀ိုင်ချိုခါးတစ်ခွက်ဆိုရင်..
ကျွန်တော်က မသောက်ခင်က မူးချင်နေသူ..
သူမက နှင်းဆီပန်းတစ်ပွင့်ဆိုရင်...
ကျွန်တော်က မပွင့်ခင်ကတည်းက နမ်းရှိုက်ချင်သူ..
သူမက လမင်းလေးဆိုရင်လည်း ....
ကျွန်တော်က မမြင်ခင်ကတည်းက မော်ဖူးချင်နေသူပေါ့..။
အလွမ်းတွေဖုန်ထ...
(ကိုယ့်ရင်မှာလည်း)
သူ့နာမည်လေး တသသပေါ့.
သောကလည်းမဆို...
သုခလည်း မပိုပဲနဲ့...
အတွေးတွေကို မြိုသိပ်ရင်း..
(ဒီညတော့..)
ကိုယ်အိပ်ဖို့ကြိုးစားနေတုန်းပဲလေ...။
~မိုးသက်ဦးလွင်~
(27-7-2013)
Wednesday, July 10, 2013
သူနှင့် ကျွန်တော်
သူနှင့် ကျွန်တော် စတင်သိကျွမ်းခဲ့သည်မှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က မဟုတ်ခဲ့ချေ..။ စစ်တက္ကသိုလ် အနော်ရထာတပ်ရင်း ဒုတိယနှစ်မှ အမှတ် (၁၁) တပ်ခွဲနှင့် (၁၂) တပ်ခွဲ တစ်ခြမ်းစီ အတူနေ ကြ သော ငါးထပ် အိပ်ဆောင်ကျမှ အိပ်ဆောင်တူချင်း အဖြစ် စတင် မျက်မှန်းတမ်းမိခြင်းဖြစ်လေသည်.။ သုံးနှစ် သင်ကြားရသော ခေတ်ဖြစ်သည့်အားလျော်စွာ စီနီယာဝမ်း ဟုခေါ်တွင်သော ဒုတိယနှစ်ဗိုလ်လောင်းဘ၀ နှစ်ကုန်ပိုင်း အချိန်တွင်မူ သူနှင့် ရင်းနှီးလာခဲ့သည်.။ သို့ရာတွင် အကျွမ်းတ၀င်တော့ မရှိလှ.။
တတိယနှစ် ဗိုလ်လောင်းဘ၀ နှစ်စမှ ကျွန်တော်တို့ တပ်ခွဲ အောင်စစ်သည်ဆောင်သို့ မပြောင်းမီ ကာလ အတောအတွင်း တွင်မူ သူနှင့် အထိုက်အလျောက်ရင်းနှီးလာခဲ့သည်.။ ဂစ်တာတီးဝါသနာပါသူ များဖြစ် လေရာ. အချင်းချင်း ရင်းနှီးမှုရှိခဲ့ကြသည်.။ သူဝယ်ထားသော ဂစ်တာကလည်း ကျွန်တော်တို့ အိပ်ဆောင်တွင် အသံအကောင်းဆုံးဟု သတ်မှတ်ကြသည် ဖြစ်လေရာ. ဂစ်တာကောင်းမြင်လျှင် မနေနိုင်သော ကျွန်တော့်အ တွက် သူ့အခန်းသို့ဝင်ချည် ထွက်ချည်ရှိခဲ့သည်.။ သို့နှင့်ပင် ကျွန်တော်တို့ အဆောင်မပြောင်းခင် အောင်ပြည့်ဖြိုးငြိမ်းဟုခေါ်သော သူ၊ ကျွန်တော်၊ စိုင်းမျိုးသူ၊ မင်းမင်းထွန်းနှင့် သီဟတင်ငွေ (ယခုညီမင်းထွဋ်) တို့ပေါင်း၍ သုံးနှစ်သုံးမိုး ဟူသော အခွေတစ်ခွေတစ်ခု လုပ်ရန် စီစဉ်ခဲ့ကြဖူးသည်.။
ထို့နောက် အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်တို့ သုံးနှစ်သုံးမိုး အခွေလေး လူမသိသူမသိပင် ပျက်သွားခဲ့သည်…။ နောက်ပိုင်း ကျောင်းဆင်း ပြီးသည်အထိ ထိုကိစ္စ ပြန်မစ ဖြစ်ကြတော့…။ မိမိမှာလည်း အပေါင်း အဖော်သစ်များဖြင့် သူနှင့် အဆက်အသွယ်မရဖြစ်ခဲ့..။ သို့ရာတွင် မိမိ လေးစားချစ်ခင်သော သူငယ်ချင်းများ အမှတ်တရ ရေးသားထားသော စာအုပ်တွင်မူ သူ့လက်ရေး သေးသေးလေးတွေ ကျန်နေခဲ့သည်.။ ကျွန်တော်ရေးခဲ့သော “ ငါဘယ်ဘုံမှာလဲ” ဆိုသည့် ဆောင်းပါးမှ “ လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးခေါင်းအုံး ဖြစ်သည်” ဆိုသည့်စကားလေးကို သူ ရေးပေးခဲ့ဖူးသည်ကို မှတ်မိနေသေးသည်.။
သို့နှင့် သုံးနှစ်သုံးမိုးပြီးတော့ ပြန်တမ်းဝင်အရာရှိများအဖြစ် ချယ်ရီမိခင်ကို နှုတ်ခွန်းဆက်ပြီး မြန်မာ နိုင်ငံ တစ်လွှားသို့ အမိန့်နှင်ရာ လွှင့်ကြတော့သည်.။ ထိုအထိ သူနှင့် ကျွန်တော်က အရင်းနှီးဆုံးမဖြစ်ကြသေး.။ အဆက်အသွယ်လည်း မရှိကြ.။ သို့ရာတွင် ၂၀၁၀ ဖေဖော်ဝါရီမှာ ကျွန်တော်တို့ မဟာသိပ္ပံအရည်အချင်းစစ် သင်တန်းတက်ရောက်ရန် အဆင့်မီသူများ ဗထူးတပ်မြို့မှာ ခြေလျင် တပ်စုမှူးသင်တန်းတက်ဖို့ ဖြစ်လာသည်.။ PC ဟု အလွယ်ခေါ်ကြသော သင်တန်းဖြစ်သည်.။ PC ရောက်တော့ သူနှင့်ကျွန်တော် ပြန်တွဲမိကြသည်.။ ထိုအချိန်တုန်းက သူက ကျွန်တော့်ကို ကွန်ပျူတာ ပြန်သင်ပေးသူ.။ ရုံးလုပ်ငန်းကျွမ်းကျင်သူ၊ ဖိုတိုရှော့ လို ဆော့ဖ်ဝဲလ်များကို ကောင်းကောင်း သုံးတတ်သူ.။ ထိုအချိန်ထိ မိမိက မြန်မာလက်ကွက်ကို အံကြိတ်ရိုက်နေရ တုန်း.။ (ထိုအချိန်က ကျွန်တော် ကိုဌေးလင်းနှင့် မတွေ့သေး) ။ သူနှင့် တွဲဖြစ်ကြရင်း. သူ့စိတ်ဓါတ် သူ့အကြောင်းတွေကို ပိုပို သိလာသည်.။ သူကလည်း မိမိလို စာဖတ်ဝါသနာပါသူ၊ မိမိထက်သာသည်က ကိုယ်ရည်ကိုယ်သွေး.။ သူငယ်ချင်း ငါးယောက်လုပ်ငန်းတစ်ခုခုကို လုပ်ဖို့ တိုင်ပင်ကြပြီဆိုပါတော့ ။ သူက အလိုလိုနေရင်းမည်သူမျှ မသတ်မှတ်ပါပဲ ခေါင်းဆောင်ဖြစ်သွားသည်.။ သူပြောသမျှ နှုတ်ထွက်စကားက သြဇာတိက္ကမ ရှိနေသည်.။ ဒီအချက်တွေက ကျွန်တော် သူနှင့်ယှဉ်လို့မရသောအချက်.။
“ လူတစ်ယောက်ရဲ့ စိတ်ကိုအကဲခတ်ရတာ လွယ်တယ်ကွ..။ တစ်ချို့လူတွေက နည်းနည်းဇီဇာကြောင် တယ်.။ ဥပမာ သူတို့ ပစ္စည်းကို ယူကိုင်တာမျိုးဆိုရင် မကြိုက်ဘူးကွ.။ အဲဒီလိုလူတွေက ပေါင်းမကြည့်ရင် သိပ်မသိသာဘူး.။ ကိုယ်နဲ့သိပ်မပေါင်းဖြစ်တဲ့သူကို အကဲခတ်ချင်ရင်ကျတော့ အဲဒီလို အမှတ်တရ ပစ္စည်းတွေ ကို ကိုင်ကြည့်ရတယ်.”
“ ဟေ.. ဘယ်လို.ကိုင်ကြည့်ရမယ်လား..ဟုတ်လား အောင်အောင်.”
ကျွန်တော် အံ့သြစွာပြန်မေးမိသည်.။
“ အင်းဟုတ်တယ်..။ လူတစ်ယောက်ကွာ သေတ္တာရှင်းနေတယ်.။ သူ့ကောင်မလေးပုံထည့်ထားတဲ့ Album တစ်ခု၊ ဒါမှမဟုတ်.တစ်ခြားတစ်ခုခုပေါ့ကွာ .. မင်းက ဘာရယ်မဟုတ်ဘူး.။ ကိုင်ကြည့်လိုက်တယ်.။အဲဒီ လိုကိုင်ကြည့်လိုက်တဲ့ အခါကျရင် မကြိုက်တဲ့သူက မင်းကို စကားတစ်ခုခု အရင်းမရှိ အဖျားမရှိ ထပြောလိမ့် မယ်.။ ဒါမှမဟုတ်ရင် သူက သီချင်းတစ်ခုခု ညည်းလိမ့်မယ်.။ အဲဒီလိုမှ မလုပ်ခဲ့ရင် သူက သူ့အလုပ်ထဲကို အာရုံထားချင်ယောင် သိသိသာသာကို ဆောင်လိမ့်မယ်.သူငယ်ချင်းရ..”
“ ဟား မင်းက သေချာလှချည်လား..ငအောင်ရ.”
“သေချာတာပေါ့.။ မင်း အဲဒီလို လုပ်လိုက်တဲ့အခါ သူ့စိတ်ထဲက စိတ်လှုပ်ရှားမှု တစ်ခုက သာမာန်ထက် မြင့်သွားလေ့ရှိတယ်.။ အဲဒီအခါ Output အဖြစ် ခုနက ငါပြောတဲ့ အမူအယာတွေ ထွက်လာတာပဲ..”
သူပြောခဲ့သော စကားများ .။
ကျွန်တော်အရင်က ခုံခေါက်သည့်အကျင့်ရှိသည်.။ အဆောင်မှာ ဂစ်တာစုတီးကြပြီဆိုလျှင် ကျွန်တော် ဂစ်တာ မတီးသည့်အလှည့်များတွင် ကျွန်တော်က Drum beat အတိုင်း ခုံကို ခေါက်လေ့ရှိသည်.။ ထိုအကျင့် တစ်ခုရှိသည်.။
“ ခုံမခေါက်နဲ့ သူငယ်ချင်း.။ ခုံခေါက်တာ၊ ဒူးနှံ့တာ.။ ပါးစပ်ကို တင်းတင်းမစေ့ပဲ ခပ်ဟဟ လေးဖြစ်နေ တာမျိုးက Will power ရဲ့ ယိုပေါက်တွေကွ..” တဲ့..။
          ရွှေအကြောင်း ဖယောင်းသက်သေ ဆိုသော်ငြား လူအကြောင်းသိရန်မူ ပေါင်းကြည့်မှ သိလာရသည်.။ မိမိတို့ သူငယ်ချင်းအုပ်စု အတွင်း ပေါင်းသင်းတာ ကြာလာသောအခါ တစ်ယောက်အကြောင်းတစ်ယောက်ကို သိလာရသည်.။ မည်သူက မိုးထဲလေထဲတွင် အနစ်နာခံလုပ်ပေးနိုင်သူ.၊ မည်သူက အတ္တကြီးသူ စသည်ဖြင့်.။ ထိုသို့ ပင် ရင်းနှီးလာရင်း တစ်ယောက်အကြောင်း တစ်ယောက်သိလာကြသလို သူနှင့် ကျွန်တော် ပို၍ ရင်းနှီး လာခဲ့သည်.။ သူနှင့် ကျွန်တော်က သွေးမနီးသားမစပ်၊ သူက မော်လမြိုင်သား၊ ကျွန်တော်က မေမြို့သား ။ သို့ပေတည့် ညီအစ်ကိုတွေလို ဖြစ်လာကြသည်.။
          ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျွန်တော် ပြင်ဦးလွင်ကို ဘာသာစကားသင်တန်းတက်ဖို့ ရောက်သည်.။ သူက ကျွန်တော့် အိမ်မှာတည်းသည်.။ အမေကပင် ခပ်တည်တည်နေ၍ စိတ်ရင်းကောင်းသော အောင်အောင့်ကို သဘောကျနေသေးသည်.။ သို့ရာတွင် ကံဆိုးစွာဖြင့် မိမိတို့ အပတ်စဉ်မှ ရုရှားသို့ လွှတ်သော အသုတ်တွင် သူတို့ Chemistry မေဂျာ မခေါ်.။ တစ်မေဂျာလုံး ကျန်ခဲ့ရသည်.။ ဒီမလာခင်သူက လိမ်လိမ်မာမာ နေဖို့ မှာလိုက်သေးသည်.။
          “ အေးဆေးပါကွာ.. ။ ငါ့အကြောင်းမင်းသိပါတယ် ငအောင်ရာ..၊ မင်းသာ ငါမပြန်လာခင် မိန်းမ ယူဖို့ စိတ်မကူးနဲ့.။ မင်းမင်္ဂလာဆောင် ငါတက်ချင်သေးတယ်..”
          ကိုယ့်လူရဲ့ ဇ ကို သိသူပီပီ လှမ်းနောက်ခဲ့သေးသည်.။ သူက သူ့ ဘ၀တစ်ဆစ်ချိုးကွေ့များတွင် မိန်းက လေး များစွာတို့၏ စိတ်ဝင်စားမှု ခံရသူကိုး.။
          နောက်ပိုင်း ကျွန်တော် ဒီရောက်တော့ သူနှင့် မတွေ့ဖြစ်တော့.။ အစပိုင်းကတော့ သူတို့ အေးအေးချမ်း ချမ်းဖြစ်နေသည်ကိုကြားရသည်.။ တာဝန်များဖြင့်မအားမလပ်၍ တစ်ခါတစ်ရံမှ လာနှုတ်ဆက်ရှာသည်.။ ပြီး ခဲ့သည့်နှစ်က KIA နှင့် တိုက်ပွဲများဖြစ်တော့ သူ ကျည်သင့်၍ ဆေးရုံတက်ရသည်.။ ကံအားလျော်စွာ ဘာမှ မဖြစ်ခဲ့.။ အသေးစားခွဲစိတ်မှုမျှ ဖြင့် ပြီးခဲ့သည်.။ နောက်ပိုင်း သတင်းတွေကြားလာရသည်.။ မနှစ်က ဖြစ်ခဲ့ သမျှ တိုက်ပွဲအားလုံးမှာ Fighter အကျဆုံးတပ် က သူတို့တပ် ဖြစ်နေသည်.။ အရာရှိငယ်တွေ၊စစ်သည် အကျ အဆုံး တွေ ကြားလာရသည်.။ သကောင့်သားဘာမှ မဖြစ်ဖို့တော့ ဆုတောင်းနေမိသည်.။ မိမိနှင့် တစ်ခွဲတည်း ဆင်းသူ တွေ.ကျသူကျ၊ ပြတ်သူပြတ်၊ အသိတွေထဲက အသက်ပေးလှူသွားသူတွေ ရှိလာတော့ ညီအစ်ကိုရင်းလို ဖြစ်သော သူ့ကို စိတ်ပူရသည်.။
          တွေ့တော့လည်း ဒီနေ့မှပင် ပြန်တွေ့သည်.။ သူတင်ထားသော ဓါတ်ပုံက ဆံပင်တစ်ထွာလောက်၊ မုတ် ဆိတ်မွှေး၊ ပါးသိုင်းမွှေး ဗရဗျစ်နှင့် ပီဘိ တောစစ်သားကြီး၊ အာဂစစ်သားကြီး အသွင်.။ ရှေ့တန်းဆိုသည့် အရိပ် လက္ခဏာတွေဖြင့်.။ မိမိမှာ အားကျရုံကျ၍၊ မိမိကိုယ်ကိုယ်ပင် ရှက်ရွံ့သလိုလို.ဖြစ်မိသည်.။ “ ငါဘာလုပ်နေတာ လဲ ” ဟု ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်.။ သူအစ်မ တပ်ကို ရောက်နေကြောင်းပြော၍ သူနှင့်စကား ပြောဖြစ် မှ မိမိနှင့် ပထမနှစ်က ဘေးချင်းကပ်လျက် ထိုင်ခဲ့သူ သူငယ်ချင်း တိုက်ပွဲကျသွားကြောင်းနှင့် သူရဘွဲ့ချီးမြှင့် ခံရ  ကြောင်း၊ ရန်သူအလုံးအရင်း ချီတက်လာသည်ကို ရင်ဆိုင် ကုန်းမှ မဆုတ်တမ်းခံစစ်ဖြင့် အသေခံ တိုက်သွားကြောင်းကြားရတော့ ဂုဏ်ယူမိသလို စိတ်လည်း မကောင်းမိ.။
          စကားတွေပြန်ပြောရင်း မိမိ မျက်ရည်ကျမိသည်.။ မသေမပျောက်ကောင်း ပြန်တွေ့သည့် သူငယ်ချင်း ကို တွေ့ရသည့် ၀မ်းသာမျက်ရည်၊ နောက်တစ်ခုက အသက်ပေးသွားသော သူငယ်ချင်း အတွက် စိတ်မကောင်းသည့် မျက်ရည်.။
          ဘာပဲဖြစ်ဖြစ်လေ..။ စစ်သားပေပဲ.။ တိုင်းပြည်တာဝန် ဆိုသည်က တာဝန်၊ နယ်ပယ်၊ အတိုင်း အတာ ၊ အချိန် ကန့်သတ်လို့ရသည်မှ မဟုတ်ပဲ.။ ဟယ်ရီပေါ့တာ ကားကြိုက်သူ၊ ခင်ဌေးရီဟု နောက်ခေါ်ကြသည့် ကိုရီးယား မင်းသမီး Kim Tae Hee ကို ရူးသွပ်စွဲလမ်းသူ သူငယ်ချင်း…။ Dota ဂိမ်းကျွမ်းကျင်သူ၊ ဂစ်တာ တီးကောင်းသူ၊ ကျွန်တော်ဆေးလိပ်သောက်သည်ကို မကြိုက်သူ၊ သေရွာပြန် သူရဲကောင်းမှတ်တမ်းဝင်မည့် သူငယ်ချင်း.။
          သူ့အကြောင်းတွေ တွေးနေရင်း. ဂုဏ်ယူစွာပင် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်း မိတော့သည်.။ 
(ရှေ့တန်းမှ ပီဘိ စစ်သားကြီးအသွင်နှင့် နောက်တန်းပြန်ကာ တပ်သို့အလည်လာသော အစ်မဖြစ်သူ နှင့် ပျော်မွေ့နေသောပုံ ဖြစ်ပါသည်.။ မူရင်းဓါတ်ပုံရှင်များဖြစ်သော သူငယ်ချင်းအောင်ပြည့်ဖြိုးငြိမ်းနှင့် အစ်မဖြစ်သူ မစုမြတ်ငြိမ်းကို ခွင့်တောင်းပြီး ဖော်ပြပါသည်.)
Thursday, July 4, 2013
သရဲနှစ်ကောင်
      ၂၀၀၉ ၏ သင်္ကြန်နားနီးသော စနေည တစ်ည ။
          ပူလိုက်သည်မှာ ဆိုဖွယ်ရာမရှိ. ။ ပြင်ဦးလွင်မို့သာ တော်သေးတော့သည်.။ ငမိုးတို့ အောင်စစ်သည် ဆောင်မှာ ငါးထပ်ဆောင်သစ်ကြီးဖြစ်ပြီး ဖိုင်နယ်ရီးယားများက ၂ ယောက်တစ်ခန်း နေရသည်.။ ပြတင်းပေါက် များဖွင့်ထား၍ လေ၀င်နေသော်လည်း ပူလွန်း၍ စောင်မကပ်နိုင်.။ ငမိုးနှင့် တစ်ခန်းတည်းနေသူက မန်း က ငမိုးဘော်ဒါ ရန်နိုင်ဦး.။ သကောင့်သားကတော့ တရှူးရှူးနှင့် အိပ်နေလေပြီ.။ ငမိုးကတော့ မျက်စိကြောင် သလိုလို ဖြစ်နေ၍ အိပ်၍ မရ.။
          ခံတွင်းချဉ်သလို ဖြစ်လာသည်နှင့် လက်က Desk ခုံထဲကို အလိုလိုလက်ရောက်သွားသည်.။ နေ့ခင်းက နှပ်ထားသော “ အတို” လေးများရှိလိုရှိငြား ဟိုဟိုသည်သည် လျှောက်စမ်းကြည့်လိုက်သည်.။
          “ တွေ့ပြီကွ…”
          “ အာ.. ငမိုး..မင်းကလည်းကွာ. ဘာတွေ့တာတုန်း ..”
          တစ်ဖက်ကုတင်မှာ အိပ်နေသော ရန်နိုင်ဦးက ရှုးရှုးရှဲရှဲဖြင့် လန့်နိုးလာသည်.။
          “ ဟီး.. ငါယောင်ပြီး အသံထွက်သွားလို့..သားကြီး. အစက ပြန်အိပ်.အစက ပြန်အိပ်..”
          “ မင်းကွာ.. များနေပြီ.”
          သကောင့်သားက အိပ်ယာက လူးလဲထကာ ဒန်ရေဘူးထဲက ရေကို မော့သောက်နေသည်.။
          “ ဘယ်နှနာရီရှိပြီလဲ..ငမိုး..”
          “ ဟေ.. ၁၂ ခွဲတော့မယ်…”
          ငမိုး ဒင်းကိုကြည့်ရင်း ဒင်းမျက်နှာက အရိပ်အယောင်တစ်မျိုးကို ဖမ်းမိလိုက်သည်.။ ထင်သည့်အတိုင်း ပင် ပေါက်ကရအတွေးက ဒင်းပါးစပ်က မဖုံးနိုင်မဖိနိုင် ထွက်ကျလာသည်.။
          “ မိုးကြီး ဟရောင်.. မင်းရယ် ငါရယ်.. သရဲလိုက်ခြောက်ရအောင်.. ”
          “ ဟဲဟဲ.. လုပ်လိုက်လေ ကြာသလားလို့..”
          ဒါမျိုးဆို နှစ်ခါ မခေါ်ရသော ငမိုး၏ အကြည့်က ဟ နေသော သံလော်ကာ ဒုတိယအဆင့်ထဲမှာ ထည့် ထားသော ပစ္စည်းတစ်ခုပေါ် ရောက်သွားသည်. ။
          သံလော်ကာထဲမှာထည့်ထားတာက သင်္ကြန်တွင်း တပ်ဖို့ ပြင်ဦးလွင်ဈေးထဲက ၀ယ်ထားသည့် သရဲပုံ ရာဘာ မျက်နှာဖုံးပျော့ပျော့ကြီး..။
++++++++++++++++++++++++++++++++++++++++++++++++++++++
        အစွန်ဆုံးအခန်းဖြစ်သည့်. အခန်း(၆)က စကြည့်ကြသည်.။ နှစ်ယောက်စလုံးက မျက်နှာဖုံးကိုယ်စီနှင့် စောင်ကြား ကြီး တွေခြုံလျက်။ ဗယာကြော်ဟု  အမည်ပြောင်ခေါ်သည့် ငမိုးနယ်သား ကျော်ဆန်းမျိုး၊နှင့် လူမှန်ကြီးက အပြင် ကိုလှမ်းကြည့်သည်.။
          “ ဟေ့ကောင်လူရှုပ်တွေ.။ ငါတို့ အခန်းက တစ်ယောက်မှ ဆေးလိပ်မသောက်ဘူး..”
          “ အွန်.. မင်းတို့ကလည်း လူမြင်တာနဲ့ ဆေးလိပ်တောင်းမယ်များ မှတ်နေလားမသိဘူး.။ ဒါနဲ့ ငါတို့ မှန်း ဘယ်လိုလုပ်သိ.တာတုန်း နယ်သားရ..”
          ဗယာကြော်က ပါးစပ်ထဲကို လက်ညှိုးထိုးပြသည်။ အံတိုနေပြီ ဆိုသည့်သဘော..။
        မခြောက်ရသေး၊ ဈေးဦးမပေါက်သေးသည့် အရောင်းထိုင်း အဲလေ.. အခြောက်ထိုင်း သရဲ နှစ်ကောင် စိတ်ဓါတ်နည်းနည်းကျသွားသည်.။
       သို့ပေတည့် ဇွဲမလျှော့ပဲ အဆောင်နောက်ခြမ်းဖက် ဆက်သွားကြသည်.။ အခန်းတိုင်းလိုလို အိပ်နေကြ သည်.။ ကျောင်းဆင်းပွဲ ဓါးကိုင်ဗိုလ်လောင်း စာရင်းတွင် ပါမည့်အရေး ကြိုးစားနေသည့် မင်းမင်းတို့ အခန်းက ၂ ယောက်ကတော့ Table Lamp လေးတွေနဲ့ စာကျက်လို့ကောင်းတုန်း.။ ဒါမျိုးကတော့ ငမိုးတို့က နားလည်မှုရှိပါသည်.။ သူငယ်ချင်းစာကျက် တာကို မနှောက်ယှက်ပါ.။ ဒီတစ်ခန်းမရတော့ နောက်တစ်ခန်းပေါ့.။
       ကြည့်ပါဦး.။ ငမိုးတို့ အပတ်စဉ်နှင့်ပေါင်းဆင်းသည့်. ကိုဥာဏ်ကြီး .။ အိပ်နေလိုက်တာ ပုဆိုးကလည်း လည်ပင်းစွပ်လို့.။ အောက်က ဘောင်းဘီပါလို့သာ တော်သေးတော့သည်.။ ဒီလူကြီးကတော့ ခြောက်သည့် သရဲ သာ စိတ်ဓါတ်ကျသွားမည်.။ နိုးမည့်ပုံမပေါ်.။ နောက်တစ်ခန်း…။
         ငမိုးတို့ နောက်တစ်ခန်းမရောက်ခင် ကံကောင်းထောက်မ စွာနှင့် ပစ်မှတ်အသစ်ပြောင်းသွားသည်.။ အိမ်သာထဲမှ ရေဆွဲချသံကြားရသည်.။ သေချာပြီ.. ညကြီးသန်းခေါင် အိမ်သာထတက်သည့် သူကတော့ ငမိုးတို့ ပစ်မှတ် ဖြစ်ပေရော့..။
          ရန်နိုင်ဦးကို လက်တို့လိုက်တော့ သကောင့်သားက အနေအထားနားလည်သည်.။ ဘေးက ဂျီအီးလမ်း လေးထဲ အရင်ဝင်သွားသည်.။ ငမိုးကနောက်က… ။
          ခြေသံနှင့်အတူ. သီချင်းဆိုသည့် အသံဝါကြီးက အရင်ထွက်ပေါ်လာသည်.။
“ မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်.. အမေ.. .. မွေးမေကျေးဇူး . ဆပ်ဖူးချင်တယ် အမေ.. ”
          ဟား.. နေအောင်…။ ငမိုးဝမ်းသာသွားသည်.။ နေအောင်က တပ်ခွဲမှာ အတော်စလို့ ကောင်းသည့် လူစားမျိုး.။ လူက လူမှန်. ။ ရေတာရှည်သား ။ အသားညှိုညှို ပုပုပြတ်ပြတ်နှင့် စရင်လည်း အတော် စိတ်တို တတ်သည်.။ ငမိုးတို့ ကလည်း အဲဒီလိုလူမှ စချင်တာ..။
          “ ဟေ့ရောင်လေး..ဟား.. ဟား..ဟား..”
          “ အား..အီး.. ဟာ.. ဟရောင်.. ”
          နေအောင်ကြီး လန့်သွားရှာသည်ထင့် .။ ဒူးများပင်ပျော့ခွေ သွားသည်.။
          “ ဟာ.. များပီ. သေချင်းဆိုးတွေ.။ တွေ့မယ်.. ထိုးမှာ…”
          နေအောင်က နောက်ကလိုက်.။ငမိုးတို့က ရှေ့ကပြေး..။ ထိုသို့ အဆောင်ပေါ်မှာ အုံးအုံးကျက် ကျက် ဖြစ်နေချိန်တွင်.. ပထမထပ်မှာ ပ-နှစ် ကင်းသမား၏ .. ရပ်-ဘယ်သူလဲ ဆိုသည့် ကင်း Challenge သံကို သတိမထားလိုက်မိပါချေ.။
++++++++++++++++++++++++++++++++++++++++++++++++++++++
          ငမိုးတို့ကလည်း အခန်းထဲထိပြေးသည်.။ နေအောင်ကြီးကလည်း အခန်းထဲထိ လိုက် ထိုးသည်.။ ထိုသို့ တစ်ရုန်းရုန်းဖြစ်နေချိန်တွင်. ရှေ့ခြမ်းနောက်ခြမ်းရှိ ဖိုင်နယ်ရီးယားများကလည်း အကုန်နိုးလာကာ အခန်းထဲမှာ ပြုံ လာကြသည်.။ ရယ်သူက ရယ်.။ ၀င်လုံးသူက ၀င်လုံးနှင့် ပျော်မြူးနေကြခိုက်…။
          “ ဗိုလ်ကြီးမျိုးမော်လာပြီ.. ဗိုလ်ကြီးမျိုးမော် လာပြီ..”
          ဖိုင်နယ်ရီးယား တစ်ယောက် တပ်လှန့်လိုက်သည် နှင့် အားလုံးငြိမ်ကျသွားသည်.။ တပ်ခွဲမှူး အရာရှိ၏ ရှုးဖိနပ် ခွာသံက ရှေ့ခြမ်းကို ရောက်နေပြီ.။ ခုချိန်ကျမှ ဖိုင်နယ်ရီးယားများက မိမိအခန်းကို ပြန်ပြေးဖို့လည်း မဖြစ် နိုင်တော့ ချေ.။ လောလောဆယ် အခန်းထဲမှာ အယောက် ၂၀ ထက် လျော့မည် မထင်.။
          တပ်ခွဲမှူး အရာရှိ ဗိုလ်ကြီးမျိုးမော်က ငမိုးတို့ အခန်းထဲ တန်းတန်းမတ်မတ်ပင်ဝင်လာသည်.။
          “ ရှေ့ကြည့်”
          အင်တိတ်ကိုင်အပွိုင့်မန့်ဗိုလ်လောင်းက အမိန့်ပေးသည်.။ အရာရှိက လက်ပြလိုက်ပြီး…
          “ ခုနက ညံနေတာ ဒီအခန်းလားကွ.. ”
          ဖိုင်နယ်ရီးယားများ အားလုံးက သံပြိုင်ဖြင့် ..
          “ ဟုတ်ပါတယ်..” ဆိုပြီးမှ.. တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ…
          “ မဟုတ်ပါဘူး.”
          “ ဟေ ဘယ်လို လဲကွ. မင်းတို့က ဟုတ်ပါတယ်တွေရော မဟုတ်ပါဘူးတွေရော..၊ ဟရောင် မိုးသက် မင်းပြောစမ်းကွာ..”
          ပြဿနာ အရပ်ရပ်တို့၏ မြစ်ဖျားခံရာကို ကြိုတင်သိနှင့်ပြီးသည့် အလား “ ဒါမျိုးတွေငါရိုးနေပြီ ငမိုး” ဆိုသည့် အကြည့်မျိုးဖြင့် ဗိုလ်ကြီးမျိုးမော်က မေးသည်.။
          ထိုအချိန်မှာ ငမိုးတို့က လျင်သည်.။ စောင်ကြားနှင့်မျက်နှာဖုံးကို သူမလာခင်ကတည်းက လော်ကာထဲ လုံးထည့်ထားလိုက်ပြီးဖြစ်ရာ စစ်ဆွယ်တာလေးနှင့် အိပ်ရာဝင် ၀တ်စုံဖြင့်..
          “ ဟုတ်ကဲ့ ဗိုလ်ကြီး ရန်နိုင်ဦး ဗိုက်နာတယ်ဆိုလို့ ဖိုင်နယ်ရီးယားတွေ လာကြည့်နေတာခင်ဗျ.”
          “ ဟေ ဘယ်လိုဖြစ်တာလဲကွ.. ဟေ့ကောင် ရန်နိုင်ဦး ဘယ်လိုဖြစ်တာလဲ..”
           သကောင့်သားကလည်း သုံးမွှာပူးကို ဗိုက်မခွဲပဲ မွေးထားသည့် မိခင်လို မချိမဆန့်မျက်နှာပေးဖြင့် ပြန်ကြည့်သည်.။ အရာရှိက သူ့ကို ဆက်မမေးတော့ပဲ. ကျန်သည့် ဖိုင်နယ်ရီးယားများဖက်သို့လှည့်၍…
          “ ဒီကောင် ဘာဖြစ်တာလဲ..သိလား..”
          “ မသိဘူးဗိုလ်ကြီး ညနေက ပီတီချိန်တုန်းက ဒီကောင် နာရီပတ်ထားလို့ ဗိုလ်ကြီး ဂျွမ်းထိုးခိုင်းပြီးက တည်းက အဲ့လိုဖြစ်တာထင်တယ်..”
          ငမိုးက ရုပ်တည်ကြီးဖြင့် ၀င်ဖြေသည်.။ ဗိုလ်ကြီးမျိုးမော်က မျက်နှာတည်သွားသည်.။ တကယ်များလား ဆိုသည့် အသိဖြင့် တပည့်အပေါ် စိုးရိမ်စိတ်ဝင်သွားသည့် မျက်နှာပေါ်လာသည်.။  ဆက်မမေးပဲ အခန်းထဲကို လျှောက်ကြည့်နေသည်.။ ဖြစ်ချင်တော့ စာအုပ်စင်ပေါ်က ဆေးကဒ်ကလေးကို သွားတွေ့သည်.။ ကောက်ကိုင် ကြည့်ပြီး …
          “ ဒါက ဘာဆေးကဒ်လဲ.”
          “ သူဗိုက်နာရင် သောက်တဲ့ဆေးပါဗိုလ်ကြီး.။ တရုတ်ဆေးထင်တယ်.။ တရုတ်စာတွေပါတယ်.”
          အရာရှိက မသင်္ကာသာမျက်လုံးများဖြင့် ဆေးပြားခပ်ကြီးကြီး ဖြစ်နေသော အဆိုပါဆေးကဒ်ကို နမ်းကြည့်ပြီးသောအခါတွင်…
          “ ဟေ့ကောင် ငမိုး..ဒါက ကလေးစားတဲ့ နို့ပြားကဒ်ကြီးကွ..”
          “ အာ.. ဟုတ်ဘူးဗိုလ်ကြီး..မှားသွားလို့.. အဲ့ဆေးကဒ်က ကုန်ပြီထင်တယ်…”
          “ အေး နောက်တစ်ခါ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေမသောက်နဲ့.. ဆေးခန်းလိုက်.. လိုအပ်ရင် ဆေးရုံတက်..ကြားလား…”
          အရာရှိက ပြောပြောဆိုဆို ဟိုလှန်သည်လှန်ရှာနေပြန်သည်.။ ငမိုးစိတ်ထဲက မတွေ့ပါစေနဲ့ မတွေ့ပါစေနဲ့ ဟု အတန်တန် ဆုတောင်းနေသည့်ကြားမှ…
          “ ဂလွမ်း.” (သံလော်ကာဖွင့်သံ)
          “ ဟာ..ဒါတွေက ဘာတွေတုန်း..”
          သွားပြီ.. မျက်နှာဖုံးနှင့် စောင်ကြားတွေတွေ့ကုန်ပြီ.။
          “ ဟင်းဟင်း ငါထင်တယ်.. မိုးသက်တို့ ရန်နိုင်ဦးတို့ အခန်းမှာ ဖြစ်တယ်ဆိုကတည်းက ဒီကိစ္စက ဒီလို ပဲ ဆိုတာ ငါသိတယ်..ကဲ..အခန်းထဲကကောင်တွေ တန်းစီစမ်း..”
          တန်းစီပြီးတော့ အရာရှိက ဆက်ပြောသည်.။
          “ အေး သင်္ကြန်နားနီးတော့ ကြိုပြောမယ်.။ ငါ့တပ်ခွဲက အက အဖွဲ့ ဆုရအောင်လုပ်ကြားလား.။ ပြီးတော့ သင်္ကြန်ဆိုပြီး ရောင်တော်ပြန်လွှတ်ပြီး ဟိုဟိုသည်သည် သွားမယ်မကြံနဲ့..။ အထူးသဖြင့် ပြင်ဦးလွင်သားတွေ.။ ကြားလား မိုးသက်. မင်းက အဓိက. ပြီးတော့ နောက်..ဒီလို ပေါက်ကရလေးဆယ် ပြဿနာတွေမကြားချင်ဘူး.. ငါနဲ့က အကြောင်းမဟုတ်ဘူး. တပ်ရင်းမှူးသာဆိုရင် မင်းတို့ အရေးယူခံရမယ်. ”
          “ ဟုတ်”
          “ နောက်ပြီးတော့ မင်းတို့ First Year လေးတွေကိုလည်း ခေါ်ခေါ် မစကြပါနဲ့. ။ ရောက်ခါစက နင်ဂျာ လုပ်ခိုင်းတာ ဘယ်ကောင်တွေလဲကွ ဟေ..။ မိုးသက် မင်းပဲ မဟုတ်လား..”
          “ ဗျာ ဗိုလ်ကြီး.. အာ့ ဟိန်းစစ်နိုင်တို့ပါ.။ ကျွန်တော် မဟုတ်ဘူး ခင်ဗျ..”
          သူကလည်း တစ်ဆိတ်ရှိ ဒီငမိုးပဲ လာလာရန်ရှာနေသည်.။
          “ အေး ဟုတ်ပြီ… ကျန်တဲ့  ဖိုင်နယ်ရီးယားတွေ မနက်ဖြန် မနက်(၈) နာရီ တန်းစီမယ်.။ ၃ နာရီ အထိ Outpass ရမယ်.။ သရဲခြောက်တဲ့ နှစ်ကောင်.။ မင်းတို့ နှစ်ယောက် Outpass မထွက်နဲ့.။ မင်းတို့အင်တိတ် ဘုရားတရားလုပ်တဲ့ကောင်တွေဆီက ပုတီး တစ်ယောက်တစ်ကုံးယူလာခဲ့. ငါနဲ့ ပုတီး စိတ်ရမယ်. ..ကြားလား”
          “ ဟုတ်”
          “ ကုတင်ပေါ်က ဗိုက်နာချင်ယောင်ဆောင်တဲ့ကောင်.. မင်းရောပါတယ်…ကြားလား ..”
          “ ဟုတ်.”
+++++++++++++++++++++++++++++++++++++++++++++++++++
          နောက်ရက်မနက်စောစောတွင် အနော်ရထာစုပေါင်းတန်းကွင်းအတွင်း Outpass Dress ရွှေကြယ်သီး ပြောင်ပြောင် ၊ ရှူးဖိနပ်လက်လက် များကြားတွင် ပုတီး တစ်ယောက်တစ်ကုံးကိုင်ကာ တန်းစီ နေသော ငမိုးနှင့် ရန်နိုင်ဦးတို့ကို စိတ်မသက်သာဖွယ်ရာ တွေ့ရှိရပါလေသည်.။
 (ခြေလျင်တပ်စုမှူးသင်တန်းတွင် ရေးသားခဲ့သော နှင်းခချယ်ရီ လွမ်းပန်းချီ လုံးချင်းဝတ္ထုရှည်မှ)
                                                                                                    မိုးသက်ဦးလွင်
Monday, July 1, 2013
ဒီည (၂)
သက်ပြင်းနဲ့ သက်မ
ချတာချင်းမတူ.
ဘ၀လာခြင်းလည်းမတူသူမို့…
အပူဂယက်တွေနဲ့..
အဆူသက်သက် ဖြစ်နေတဲ့ည…
အရူးမီးဝိုင်း..
ညည်းတိုင်းလည်းမပျော်
ပျော်ရာကလည်း မတော်ခဲ့…
မျှော်သာမျှော်ပေါ်မလာသူကို
(အရူးတစ်ယောက်သာသာနဲ့)
အခါခါခေါ်ခဲ့ရတဲ့ည…။
ငြိမ်နေတဲ့ သဏ္ဍာန်
ပုံမှန်တဲ့ စည်းချက်.
ရိုက်ခတ်တဲ့ နှလုံးသား.
သူ့စကားတွေနဲ့ပဲ လာနှိုး..
သူ့စကားတွေကြောင့်ပဲ.. ဘ၀ ဆိုးခဲ့တဲ့ည..
တော်ပါတော့မိုး..
ထပ်ရွာရင် ဒီထက်ဆိုးမယ်လို့…
တိုးလျှိုးလို့တောင်းပန်..
ကိုယ့်ရင်ဘတ်မှာ ဗြောင်းဆန်ခဲ့တဲ့ည.။
ကိုယ်စိတ်ကိုချိုး…
(ဝေဒနာထပ်မတိုးဖို့..)
(အကြင်နာရစ်မပျိုးဖို့..)
(ဝေဒနာသိပ်ဆိုးလို့…)
မိုးများပဲသည်းထန်
သူဆိုတဲ့ ရွှေဘုံစံကြောင့်…
ဒဏ်ရာတွေကြီးစိုး..
(ကိုယ့်ရင်ကိုယ်ရှို့ဖို့)
ကိုယ်တိုင်မီးပျိုးခဲ့တဲ့ည..။
ပြိုမှာလားမိုး..
အညှိုးကုဋေကုဋာ…
မိုးတွေရွာနေခဲ့ပေမယ့်…
အခါခါ ယောင်ယမ်း..
စွဲလမ်းရင်း သွေးပျက်ခဲ့တဲ့ည…။
My Blog List