Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, October 31, 2023

ကြွေ...

 


ငယ်ငယ့်ကို မတွေ့ရတာ ကြာပြီ။ သူငယ်ချင်းတွေက သူ့မင်္ဂလာဆောင်ကိစ္စတွေအတွက် အလုပ်ရှုပ်နေတယ်လို့ပြောတယ်။ ၅ နှစ်တာ Relationship တစ်ခုရဲ့ အဆုံးမှာ ဘာတစ်ခုမှ မဖြစ်ခဲ့သလို အေးဆေးလွန်းတဲ့ ငယ်ငယ့်ကိုလည်း နားမလည်ဘူး။ လူတစ်ယောက်ရဲ့ ဘဝမှာ တခြားလူတစ်ယောက်ကို ဘဝထဲက ထုတ်ပစ်ဖို့ အဲ့ဒီလောက်တောင် လွယ်တယ်ဆိုတာ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး။ မုန်းနေသေးရင်တောင် စိတ်ထဲမှာ ရှိနေသေးတယ်၊ အချစ်ရော အမုန်းရော ဘာမှ မရှိတဲ့ Neutral ဖြစ်သွားခဲ့ရင် ဘဝထဲက လုံးဝ ပျောက်သွားပြီတဲ့။ ဒီအချိန်ကာလ တိုတိုလေးအတွင်းမှာ ငယ်ငယ့်ဆီမှာ ကျနော့်အတွက် အချစ်ရော အမုန်းရော တကယ်ပဲ မရှိတော့တာလားဆိုတာ ကျနော်မတွေးတတ်ဘူး...။

အဲ့ဒီနေ့ညနေက မိုးနည်းနည်းအုံ့နေတယ် ပြီးတော့ ကျနော် အဲ့ဒီနေ့က ဖျားနေခဲ့တာကို မှတ်မိတယ်။ အိမ်နားက ဆေးဆိုင်မှာ ဆရာဝန်ညွှန်းတဲ့ ဆေးမရှိလို့ တော်တော်လှမ်းတဲ့နေရာထိ လမ်းလျှောက်မိသွားပြီး Medicare မှာ သွားဝယ်ရတယ်။ ဆေးဆိုင်မှာ လူနည်းနည်းကျနေလို့ နည်းနည်းစောင့်ရင်းနဲ့ မိုးတွေ ရွာလာမှ ထီးမပါလာမှန်းသတိရတယ်။ အဲ့ဒီလို တစ်ခုခုကိစ္စရှိတိုင်း ရည်းစားကို လှမ်းပြီး အခြေအနေပြောပြဖို့ရာ ငယ်ငယ့်ကို ဒီနေ့ဖုန်းခေါ်လို့မရဘူးဆိုတာ သတိရသွားတယ်။ ငယ်ငယ်က နေပြည်တော်ကပြန်လာတဲ့ အမြန်လမ်းတစ်နေရာမှာ သူ့အစ်မနဲ့ အတူတူရှိနေမယ်လို့ ကြိုပြောထားခဲ့တာပဲ။
ခဏတော့ မိုးနည်းနည်း စဲသွားတယ်။ ကျနော် နားချင်နေပါပြီ။ အခန်းထဲမှာ လှဲပြီး နားနားနေနေနေချင်လို့ အပြင်ထွက်လာပြီး Grab ခေါ်ဖို့လုပ်တယ်။ နည်းနည်း ကြာမယ့်ပုံပြလို့ ဘေးနားက လမ်းကြိုလမ်းကြားထဲမှာရှိတဲ့ Local Taxi သမားတွေ ရှာတယ်။
Hold on!!!!
ပန်းဆိုင်ဘေးနားက လမ်းကြားထဲမှာရပ်ထားတာ ငယ်ငယ့်ကားပဲ။ ပြန်ရောက်နေတာလား။ ဖုန်းခေါ်လိုက်ရမလားတွေးမိပေမယ့် တစ်ခုခုကို တွေးလိုက်မိတာ ကြောင့် ဖုန်းမခေါ်ဖြစ်တော့ဘူး။ အဲ့ဒီနား မျက်နှာချင်းဆိုင်က G&G ထဲကို ဝင်တယ်။ ချောင်းဆိုးပြီး လည်ချောင်းတွေနာနေပါလျက် Mevius တစ်ဘူးဝယ်တယ်။ ငွေရှင်းပြီး အမိုးအောက်မှာတင် စီးကရက်တစ်လိပ်ထုတ်ပြီး မီးညှိတယ်။ ထွက်လာတော့ မိုးတွေ သည်းလာတယ်။ ကျနော် ဟူဒီခေါင်းစွပ်ကို ခေါင်းမှာ စွပ်လိုက်ပေမယ့် တပ်ထားတဲ့ မျက်မှန်ကို မိုးရေတွေ တည့်တည့်လာစင်နေတယ်။ အမြင်အာရုံသိပ်မသဲကွဲတော့ဘူး။ အထဲပြန်ဝင်ပြီး မိုးခိုချင်စိတ်လည်း မရှိတော့ဘူး။
မိုးရေစက်တွေကြောင့် ၁ ဖွာ ၂ ဖွာပဲ သောက်ရသေးတဲ့ စီးကရက်မီးလည်း ငြိမ်းသွားပြီ။ မိုးရေထဲမှာတင် ကျနော် နောက်တစ်လိပ်ကို အယောင်ယောင်အမှားမှားနဲ့ ထုတ်နေမိတယ်။ နောက်တော့ လက်လျှော့လိုက်တယ်။ တစ်ကိုယ်လုံး ရွှဲနစ်ပြီး အဲ့ဒီနေရာမှာတင် မလှုပ်မယှက်ရပ်နေမိတယ်။
"ကောင်လေး အထဲလာလေ"
ပန်းဆိုင်က အန်တီကြီးက လှမ်းခေါ်ပေမယ့် ကျနော် မတုံ့ပြန်မိဘူး။ ဗျစ်တောက်ဗျစ်တောက်ပြောသံကြားလိုက်သေးလား သိပ်မသဲကွဲ။ လောလောဆယ် အိမ်ပြန်ချင်စိတ်လည်းမရှိသေး။ ဒီနေရာမှာ ကျနော် ငယ်ငယ့်ကို စောင့်နေရမှာလား။ သူငယ်ချင်းတချို့ သတိပေးတဲ့ စကားတွေကို မသိကျိုးကျွံပြုခဲ့တာမှားနေခဲ့တာလား ဘာကိုမှ မရေရာ။ အဲ့ဒီနေရာမှာ မတ်တတ်ရပ်ရင်း မလှုပ်မယှက်ဖြစ်နေတာ ဘယ်လောက်ကြာဦးမှာလဲ။ ၁၅ မိနစ်ကနေ နာရီဝက် နောက် လေးဆယ့်ငါးမိနစ်...
ကျနော် စိတ်ပြန်စုစည်းမိသွားတဲ့အချိန်မှာ ကျနော့်ရှေ့ကားမှတ်တိုင်နားမှာရပ်လိုက်တဲ့ ကားတစ်စီးကြောင့်ပဲ။ အမြင်အာရုံဟာ ဝါးနေပေမယ့် ကိုယ်တကယ် မြတ်မြတ်နိုးနိုးစွဲလန်းခဲ့ရတဲ့လူအပေါ် အရိပ်ကလေးကအစ မှတ်မိနေတာမျိုးကို ကြုံဖူးကြတယ်မဟုတ်လား။ ထီးကလေးတစ်ချောင်းအောက်ကနေ အမျိုးသားတစ်ယောက်နဲ့ အတူတူ ဆင်းလာတဲ့ အဖြူရောင်မိန်းမလှလေးဟာ ဘယ်သူလဲဆိုတာသိရဖို့ ကျနော့်မျက်မှန်တွေကို ရေပြန်သုတ်ဖို့ မလိုခဲ့ပါဘူး။
အိပ်မက်တွေထဲအထိ စွဲလန်းခဲ့ရတဲ့ ရယ်သံလွင်လွင်လေးတွေကို မမျှော်လင့်တဲ့နေရာမှာ ကြားခဲ့ရပေမယ့် ကျနော် မအံ့ဩခဲ့ပါဘူး။ မိုးသည်းထဲမှာ ရူးသလိုကြောင်သလိုရပ်နေတဲ့ Mask တပ်ထားတဲ့ ရွှဲရွှဲနစ်နစ်လူဟာ ကျနော်ဖြစ်နေမယ်လို့ ငယ်ငယ် ဘယ်ထင်ပါ့မလဲ။ ရည်ရည်မွန်မွန်ပုံစံပေါက်တဲ့ အမျိုးကောင်းသား ပြန်သွားတဲ့အချိန်မှာ ငယ်ငယ်ဟာ သူ့ကားကလေးပေါ် ပြန်တက်လို့ ကျနော်ရှိနေမှန်းသူမသိတဲ့ လမ်းကြားလေးထဲကနေ ငြိမ့်ငြိမ့်ကလေး ပြန်မောင်းထွက်သွားခဲ့ပါပြီ။
ကျနော် အိမ်ကို ဘယ်အချိန်ပြန်ရောက်ခဲ့သလဲ ကျနော် မမှတ်မိပေမယ့် ငယ်ငယ့်ဆီက "ပင်ပန်းလို့ အစောကြီးအိပ်တော့မယ်နော်" ဆိုတဲ့ SMS လေးရောက်လာတဲ့အချိန် ထွန်းနောင်ဆင့်ရဲ့ "ကြွေ" သီချင်းကို ဆက်တိုက်ဖွင့်ထားခဲ့တာကို တော့ ကောင်းကောင်းကြီး မှတ်မိနေခဲ့ပါတယ်။

မိုးသက်ဦးလွင်
July 8, 2023



 

My Blog List