မန္တလေးဆိုတဲ့ အမည်ကို ကြားရင် မန္တလေးသားမဟုတ်တဲ့လူတွေတောင် ရင်ထဲမှာ နွေးသွားကြသတဲ့။ မန္တလေးဟာ အဲ့ဒီလိုရင်းနှီးချင်စရာကောင်းတဲ့မြို့။ မန္တလေးဟာ ဖော်ရွေတယ်၊ နှစ်လိုဖွယ်ရှိတယ်၊ အစားအသောက်ကောင်းကောင်းတွေရှိတယ်။ မန္တလေးရဲ့ ရင်ခွင်မှာအထက်တန်းအောင်ခဲ့ရတဲ့ ကျနော့်အတွက်တော့ မန္တလေးဟာ အမေလိုချစ်ရတဲ့ အဒေါ်လိုမြို့။ မန္တလေးလို့တွေးလိုက်ရင်လည်း ပျော်ရွှင်စရာ၊ ရင်ခုန်ညွတ်နူးစရာ မှတ်ဉာဏ်နဲ့ အခိုက်အတန့်တွေပဲကျနော့်မှာ ရှိခဲ့တာ။
အဲ့ဒီနေ့က ဒီလိုနေ့ပဲပေါ့။ မတ်လ ၂၈ ရက်နေ့ သောကြာနေ့ကြီးပါ။ ကျနော်တို့ ဌာနတစ်ဖွဲ့လုံး ကလောကိုရောက်နေကြတာ။ ကျနော်နဲ့ တခြားအကြီး ၁ ယောက်၊ ကျန်းမာရေးနဲ့ ကျန်ခဲ့တဲ့ အငယ်တစ်ယောက်ပဲ ဌာနမှာ ရှိနေကြတယ်။ ကျနော်က အရေးကြီးတဲ့ System တစ်ခု နိုင်ငံခြားနဲ့ချိတ်ဆက်ပြီး Update လုပ်နေလို့ လိုက်မသွားတာ။ မနက်ခင်း ပုံမှန်အတိုင်း ရုံးတက်ကြတယ်။ စာပေဌာနမှာ Academic ပိတ်ခါနီး တက်ကြွနေတဲ့ ဗိုလ်လောင်းလေးတွေနဲ့ နွေရာသီ ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ထားလို့ လာတက်ကြတဲ့ ကလေးတွေ အသံပဲ ကြားနေရတဲ့ သာမန် နွေရာသီနေ့လေးတစ်နေ့ပါ။
နေ့လည် ထမင်းစားပြီး ရုံးပြန်ရောက်တယ်။ ၁၂ နာရီ ခွဲလောက်ထိ Remote ဝင်လာမယ့် နိုင်ငံခြားက အဖွဲ့ကို စောင့်နေတုန်း နိုင်ငံခြားအဖွဲ့က သူတို့ Technical Error လေးရှိတဲ့အတွက် နောက်ရက်မှ ချိတ်ဆက်နိုင်မယ်ဆိုတာ ပြောလို့ တစ်ရုံးလုံးက စက်တွေ လိုက်မပိတ်ခင် Coffee လေးဖျော်ဦးမယ်လို့ တွေးနေတုန်း ၁၂ နာရီ ၄၆ မိနစ်မှာ ဖျောက်ကနဲ မီးက ပြတ်သွားတယ်။ စက်တွေက UPS တွေအကုန် ညှောင် ကနဲ အော်တော့ "ဟာကွာ မီးကလည်း လုပ်ပြီ" ဆိုပြီး ထလိုက်တဲ့အချိန်မှာ ဝုန်းဝုန်းဝုန်းဝုန်း ဆိုတဲ့ အသံတွေကြားတယ်။ ပုံမှန်ဆို အပေါ်ထပ်မှာ ဗိုလ်လောင်းတွေ စာသင်ခန်းချိန်းတဲ့အခါ ပြေးလွှားသွားကြတဲ့ အသံအတိုင်းပဲထင်လို့ ကော်ဖီဖျော်ဖို့ ရေနွေးအိုးဆီ ထသွားတဲ့အချိန်မှာပဲ ဘဝမှာ မကြုံစဖူးကြမ်းတမ်းလွန်းတဲ့ လှုပ်ခတ်မှုကြီး ရောက်လာပါတော့တယ်။
အင်မတန်ခိုင်မာပါတယ်ဆိုတဲ့ စာပေဌာန ကွန်ပျူတာဝင်းကြီးတစ်ခုလုံးက လေးထောင့်ပုံစံ စာပေဌာန ၄ ထပ်ဆောင်ကြီးဟာ ဘေးဘယ်ညာတင်မက အပေါ်အောက်ပါ လူးလွန့်နေပြီး ခုံတွေပေါ်မှာရှိတဲ့ Dual Monitor အတွဲကြီးတွေဟာ ပြုတ်ကျတော့မည့်အလား ဝေါကနဲ ဝေါကနဲ ယိမ်းထိုးနေပါတော့တယ်။
ကျနော်တို့ ဌာနက ဘာသာတရားကိုင်းရှိုင်းသူ ဗိုလ်မှူးဟာ ညီလေးတို့ မပြေးနဲ့ဆိုပြီး ဘုရားစာ အကျယ်ကြီး ရွတ်နေပေမယ့် လှုပ်ခတ်မှုကြီးဟာ စက္ကန့်ပိုင်းလောက် မရပ်မနားလှုပ်လာတဲ့အခါမှာတော့ ဖိနပ်တောင် မစီးနိုင်ဘဲ အပေါ်ထပ်ကနေ အောက်ထပ်ကို ဖိနပ်တောင် မစီးနိုင်ဘဲ ဆင်းပြေးကြပါတော့တယ်။
အောက်ကွင်းထဲကိုရောက်တော့ သင်တန်းလာတက်တဲ့ ကလေးတွေ ငိုနေကြပြီး အမျိုးသမီးစစ်မှုထမ်းတချို့လည်း ငိုနေကြပါတယ်။ ကျနော်တို့နဲ့ကပ်လျက် ဘူမိဗေဒဌာနက လက်ထောက်ကထိက ဗိုလ်ကြီးတစ်ယောက်ကတော့ ငလျင်အကြောင်း တခြားလူတွေထက် ပိုသိသူပီပီ After Shock တွေထပ်လာနိုင်ကြောင်း သိတဲ့အတွက် လှေကားပေါ်က မြန်မြန်ဆင်းမလာတဲ့ ဗိုလ်လောင်းတွေကို အော်ဟစ်ဆဲဆိုနေပါပြီ။
ကျနော်တို့ကမ္ဘာကြီးမှာ သက်တမ်းအကြီးရင့်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံးဟာ ပထဝီမြေကြီးပါပဲ။ ကမ္ဘာကြီးရဲ့ ကိုယ်ပိုင်ကိုယ်ခန္ဓာဖြစ်တဲ့ မြေကြီးဟာ အမြဲယုံကြည်စိတ်ချရတယ်။ လေယာဉ်နဲ့ ပျံနေရင်တောင် မြေပြင်ပေါ် ပြန်ဆင်းလာရင် Safe ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ရေထဲမှာ ကူးနေရင်သော်လည်းကောင်း၊ ရေယာဉ်တစ်မျိုးမျိုးနဲ့ မောင်းနှင်နေရင်သော်လည်းကောင်း ကမ်းပေါ်ပြန်တက်(မြေပြင်ပေါ်ပြန်ရောက်) မှ လုံခြုံစိတ်ချရပြီလို့ ယုံကြည်ခံစားရတယ်။ နေထိုင်စရာ အဆောက်အဦတွေ မြေပြင်မှာ အုတ်မြစ်ချတယ်။ သစ်ပင်ကြီးတွေဟာ မြေပြင်မှာ ပေါက်ရောက်တယ်။ ပြောင်းလဲမှုအနည်းဆုံးနဲ့ အတည်ငြိမ်ဆုံးဟာ ပထဝီမြေကြီးပါပဲ။
ငလျင်လှုပ်တဲ့နေ့က စိတ်ထဲမှာ အလုံခြုံဆုံးလို့ ခံစားရတဲ့ မြေပြင်နဲ့ အနီးဆုံးနေရာမှာနေနေပါလျက်နဲ့ သွင်သွင်လူးနေတဲ့ မြေပြင်ကြီးဟာ ကျနော်တို့ရဲ့ အားကိုးစရာပျောက်သွားသလို ခံစားရတယ်။ ဘာသာရေးတွေ၊ ဖန်ဆင်းရှင်တွေကို ခဏမေ့ထားလိုက်ရင် အလုံခြုံအတည်ငြိမ်ဆုံး ကမ္ဘာမြေကြီးဟာ လှိုင်းလို လူးနေတာကြီးက ရူးချင်စရာကောင်းသလို ဒီအန္တရာယ်ကြီးကို ဘယ်လို ခုခံအားနဲ့၊ ဘယ်လိုခိုင်မာမှုနဲ့မှ ကာကွယ်လို့မရဘူးလို့ ခံစားရတဲ့ စိတ်ဒဏ်ရာကြီးက အတော်ကို ဆိုးပါတယ်။
နောက် ငလျင်ငြိမ်သွားတဲ့အထိ ထိုင်နေကြပြီး ဖုန်းကို ဖွင့်ကြည့်လိုက်မှ မန္တလေးမှာ အိမ်တွေ အလုံးလိုက်ပြိုပြီး လူတွေပိကြတယ်ဆိုတာ တက်လာနေပါပြီ။ သတင်းကို မြင်မြင်ချင်း မန္တလေးမှာ တိုက်တွေတောင် ပြိုတယ် တဲ့ ဆိုတာလေးလောက်ဖတ်ပြီး အိမ်လေးငါးလုံးလောက် ပြိုသွားတယ်လောက်ပဲ ထင်ခဲ့တာပါ။
ဖုန်းအားမကုန်ခင် သတင်းတွေထပ်တက်လာတော့ ကျနော်တို့ ထင်ထားတာထက် အခြေအနေပိုဆိုးရုံမက ဘဝတစ်သက်တာမှာ တစ်ခါမှ မကြုံဖူးလေသော ကြောက်စရာကပ်ဘေးကြီးကြောင့် မန္တလေးဟာ မြို့ပျက်ကြီးလို ဖြစ်သွားရကြောင်း သိရတော့တာပါပဲ။
လျှပ်စစ်မီးတွေပျက်၊ Infrastracture တွေ အကုန် ထိကုန်လို့ ရုံးတွေပိတ်ထားတဲ့ ဧပြီလ ၁ ရက်နေ့ မနက်ခင်းလောက်မှာ ဌာနက ကျန်းမာရေးမကောင်းလို့ ကျန်ခဲ့တဲ့ မန္တလေးသား ညီလေးက ဖုန်းဆက်ပါတယ်။ အစ်ကို အလှူငွေထည့်ဦးမလား ကျနော်တို့ မန္တလေးကို သွားကူမလို့ တဲ့။ အေး ညီလေး ဘယ်လောက်ရပြီလဲ ဆိုတော့ ၁၇ သိန်းလောက်ရှိတယ် တဲ့။ အဲ့ဒီ မတိုင်ခင် ကျနော် အလှူလုပ်တုန်းက ဘာလိုလို ပြောပါဆိုတဲ့လူတွေကို သတိရသွားပြီး နေဦးညီလေး အစ်ကို့ သူငယ်ချင်းတွေ အသိတွေက အကူအညီလိုရင်ပြောလို့ပြောထားတာ မေးဦးမယ် ဆိုပြီး ကျနော် အလှူခံကြည့်ပါတယ်။ ကျနော့် အလှူခံပို့စ်ဟာ Public မတင်ဘဲ Friends Only နဲ့ ပဲ အလှူခံခဲ့တာပါ။ ကြုံတုန်းပြောရရင် ကျနော် အလှူခံရမှာ ကြောက်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေတင်မက ကျနော်ဟာ ငွေကိုင်ရမှာ အင်မတန်ကြောက်လို့ဖြစ်ပါတယ်။
အဲ့ဒီလိုနဲ့ ကျနော် အလှူခံကြည့်တဲ့အခါ နာရီပိုင်းအတွင်း သိန်း ဆယ်ဂဏန်းအထိ တိုးလာတဲ့အတွက် ကျနော်တို့ အလှူပစ္စည်းဝယ်နေတဲ့လူတွေကို ခဏတားရပါတယ်။ ကားမှာသုံးတဲ့ ဆီရှားပါးနေတဲ့အချိန် ပိုက်ဆံတိုးလာလိုက် ထွက်ဝယ်လိုက် လုပ်နေလို့ မဖြစ်တဲ့အတွက်ပါ။ အံ့ဩစရာကောင်းလောက်အောင်ပဲ ညနေ ၄ နာရီခန့်မှာ ကျနော့်လက်ထဲ သိန်း ၅၀ နီးပါး ရောက်လာပါပြီ။ ညနေကလည်းစောင်းလာပြီမို့ ဈေးဝယ်တာကို လက်စသတ်ရပါတယ်။ ပစ္စည်းရှိတဲ့လူက ပစ္စည်းလှူ၊ တချို့ ဆိုင်ရှင်တွေက တစ်ရှူးတွေလှူကြပါတယ်။ ကျနော်တို့ တွေးထားတဲ့အတိုင်း Rescuer တွေအတွက် တစ်ထုပ်၊ အမျိုးသမီးတွေအတွက် လစဉ်သုံးပါတဲ့အထုပ်က တစ်ထုပ်၊ အမျိုးသားများအတွက် လစဉ်သုံးမပါတဲ့အထုပ်က တစ်ထုပ်။ အချိုရည်၊ ခေါက်ဆွဲခြောက်၊ Wet Tissues, စတာလေးတွေစုကြပါတယ်။
ပထမတစ်ကြိမ် အဝယ်
ဒုတိယတစ်ကြိမ် ထပ်ဝယ်
Wet Tissue တွေက ၆ ကွက်ထဲက မူဆလင်ဆိုင်တစ်ဆိုင်က လှူလိုက်တာပါ
(လှူသမျှကုသိုလ်တွေ ရပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ)

အထုပ်တွေခွဲထုတ်ပြီး ကားပေါ်တင်
အလှူငွေတွေက ထပ်ပြီး ဝင်နေတဲ့အတွက် နေ့လည်စာတစ်နပ် ထပ်လုပ်ဖို့ ပြင်ဦးလွင် မြို့အဝင်က View Corner ဆိုင်ကို ပြေးရပါတယ်။ ဆိုင်က အစ်ကိုက ကျနော်နဲ့ ကျောင်းနေဘက်(တစ်တန်းကြီး) ပါ။ ကျနော်တို့ သွားမယ်ပြောတဲ့အခါ ငယ်ငယ်ကတည်းက ဒါမျိုးကိစ္စတွေမှာ ပါနေကျဆိုင်ရှင်အစ်ကိုက ကျနော်တို့ကို ယုံကြည်တဲ့အတွက် ၅ သိန်း ထပ်ထည့်ပြန်ပါတယ်။ သူ့ဆိုင်မှာ ကျနော်တို့ လူ ၇၀၀ စာ နေ့လည်စာ မှာပါတယ်။ သူတို့က ဆိုင်ကို ချက်ချင်း အရောင်းပိတ်ချလိုက်ပြီး ဆိုင်ထဲမှာ စားနေသူမှ အပ ကျန်တဲ့လူတွေကို လက်မခံတော့ဘဲ ချက်ချင်း ချက်ပြုတ်ကြပါတော့တယ်။ (ကျေးဇူးတင်ပါတယ် View Corner မိသားစုခင်ဗျာ)။
နောက်ရက်မနက်မှာ ကျနော်တို့ ဆိုင်ကိုရောက်တဲ့အချိန်မှာ ဆိုင်က ကျနော်တို့ Order ကို မပြီးသေးပါဘူး။ ဒါတောင် မနေ့ညကတည်းက ညနက်ထိ ပြင်ဆင်ပြီး မနက်အစောကြီး ထလုပ်နေကြတာပါ။ စေတနာကောင်းလွန်းတဲ့ အစ်ကိုနဲ့ အစ်မက လူ ၈၂၀ စာ ပြင်ပေးထားပါတယ်။ (၅ သိန်း လှူပြီးတဲ့အပြင်ကိုပါ)။ ကျနော်တို့ပါလာတဲ့ခွေးဘီလူးကားလေးတစ်စင်းဟာ လူ ၈၂၀ စာ နေ့ခင်းစာဘူးတွေ မဆန့်မပြဲဖြစ်ရတဲ့အပြင်ကို ပါလာတဲ့ အိမ်စီးကားတွေရဲ့ နောက်ဖုံးတွေမှာပါ ထည့်ရပါတော့တယ်။
(ကျနော်တို့ရောက်တဲ့အထိ မပြီးသေးလို့ အထုပ်ဝင်ထုပ်ကူနေကြတာ)
ခွေးဘီလူးကားနဲ့ မဆန့်ဆန့်အောင် တင်ရ။ ပိပြီး ပြဲသွားမှာစိုးလို့ ကတ်ထူပုံးတွေထဲ ထပ်ထည့်ရပြန်
နောက်ဆုံးပိတ်လိုက်တဲ့ ပုံ
မန္တလေးကို ဆင်းဖို့ စိုးရတနာဌေးမှာ ဆီထည့်တော့လည်း အလှူကားမှန်းသိတာနဲ့ ဆီဖိုးကို တစ်ဝက်သာယူပြီး ထည့်ပေးပြန်ပါတယ်။ အရေးအကြောင်းဆို လက်မနှေးကြတဲ့ ကိုယ့်လူမျိုးတွေကိုယ် ကြည့်ပြီး မျက်ရည်ကျမတတ် ဝမ်းသာရပြန်ပါတယ်။
မန္တလေးကိုရောက်ရောက်ချင်း ကြိုတင်သတင်းစုံစမ်းထားတဲ့အတိုင်း မန္တလေးတက္ကသိုလ်ဝင်းထဲကို အရင်သွားခဲ့ပါတယ်။ ကျနော့် အဖေနဲ့ အမေတက်ခဲ့တဲ့ မန္တလေးတက္ကသိုလ်၊ မြန်မာပြည်သိန်းတန်နဲ့ စိုင်းထီးဆိုင်၊ လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း၊ ကေအေတီတို့ ထွက်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ကြီးက မြင်ရက်စရာတောင် မရှိတော့ပါဘူး။ ငလျင်လှုပ်နေရင်း မီးပါသင့်ခဲ့ရတဲ့ ပင်မဆောင်ကြီးဟာ အင်မတန်အကျည်းတန်နေပါပြီ။
ကျနော်တို့ ကြိုတင်စုံစမ်းထားတဲ့ ငလျင်ဘေးသင့် ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေရှိတဲ့ နေရာကိုရောက်တော့ တကယ်ဘေးသင့်နေသူတွေဟာ မန္တလေးတက္ကသိုလ်ကထက် ဗန်းမော်တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေဖြစ်နေတာတွေ့ရပါတော့တယ်။ မန္တလေးတက္ကသိုလ်က ဝန်ထမ်းအများစုဟာ နီးစပ်ရာမှာ အိမ်ရှိတဲ့အတွက် အိမ်တွေမှာနေကြပေမယ့် စစ်ဘေးသင့်နေတဲ့ ဗန်းမော်မြို့က ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမများနဲ့ ကျောင်းသူတွေဟာ ခိုကိုးရာမဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြတာပါ။
အိမ်ထောင်သည်တွေစုတဲ့နေရာတွေကို အရင်သွားလှူခဲ့ပြီး အပျိုတွေနဲ့ ဆရာမတွေ စုနေကြတဲ့ မြတမာဆောင်ကို ရောက်ပါတယ်။ အဲ့ဒီမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်နေတဲ့ Wet Tissues တွေနဲ့ အမျိုးသမီးသုံးပစ္စည်းပါတဲ့ မိန်းကလေးအထုပ်တွေကို လှူဖြစ်ခဲ့ပါတယ်။
မီးသင့်ထားတဲ့ ကျောင်းဆောင်ကြီး
မြတမာဆောင်ရဲ့ အခြေအနေ
မြတမာဆောင်
အိမ်ထောင်သည် တက္ကသိုလ်ဝန်ထမ်းများအား ကူညီစဉ်
ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးနှင့်ကျောင်းသူများအတွက်
အမျိုးသမီးသုံးပစ္စည်းများ ၁၀၀ စာလှူဒါန်း
Rescuer များအတွက် နန်းတော်ရှေ့လူမှုကူညီရေးအသင်းအတွက် ထောက်ပံ့ငွေ လှူဒါန်း
ဆက်လက်ပြီး ကျုံးပတ်ချာလည်မှာရှိတဲ့ ဒုက္ခသည်တွေကို လှူဖို့သွားကြတဲ့အခါ ကျနော်တို့ အခက်တွေ့ပါတော့တယ်။ တချို့တချို့တွေဟာ ဒုက္ခသည်ဆိုတာထက် သဘာဝဘေးအန္တရာယ်ကြုံရတိုင်းရောက်လာတဲ့ ကျူးအဖွဲ့တွေဖြစ်နေတာတွေပါ။ ကျနော်တို့ လှူတဲ့အခါ တန်းမစီဘဲ ဝင်လုကြပါတယ်။
တကယ်က ကျုံးပတ်ပတ်လည်က ဒုက္ခသည်နဲ့ ကျူးနဲ့ ရောနေတာပါ။ အဲ့ဒါအမှန်ပါပဲ။ ဒုက္ခသည်တွေက တကယ့်ဒုက္ခရောက်နေတဲ့ မျက်နှာကြောင့် ဘာမှ မတွေးနိုင်ဘူး၊ မဖြစ်မနေလာစီရရင်လည်း မျက်နှာငယ်လေးတွေနဲ့။ ကျူးတွေကတော့ ကားတွေလာတိုင်း ပျော်မြူးပြီး လုတောင်းကြ၊ တိုးတောင်းကြတယ်။
ကျနော်တို့ စားစရာတွေ လာတန်းစီတဲ့ထဲမှာ တရုတ်ကလေးမလေး ၂ ယောက်က ပစ္စည်းကိုသေသေချာချာယူပြီး "ကျေးဇူးတင်ပါတယ်ရှင့်" လို့ပြောသွားတာ၊ ကျနော်တို့ ထမင်းဘူးဝေတဲ့ လူ ၅၀၀ ကျော် အတန်း ၃ တန်းလုံးမှာ ကျေးဇူးတင်ပါတယ် အပြောခံရတာ အဲ့ဒီ တစ်ကြိမ်ပဲရှိခဲ့ပါတယ်။ လောကနီတိထဲက စာတစ်ပိုဒ်လိုပါပဲ ။ "အမျိုးကောင်းသားသမီးသည် ဒုက္ခရောက်သော်လည်း ကောင်းသော အပြုအမူကို မစွန့်" ဆိုသလိုပါပဲ။ ဒီကလေးတွေဟာ အခြေအနေမဲ့လေးတွေ မဟုတ်ခဲ့ကြတာ သိသာနေပါတယ်။ သူတို့မှာ မဖြစ်လို့သာ လာတန်းစီရပေမယ့် တချို့တချို့သော လူတွေနဲ့ ယှဉ်လုဖို့ အတော်သတ္တိမွေးခဲ့ရပုံပါ။ ကျနော်တို့ ဝေနေတဲ့အချိန် ဝင်လည်း မလုရဲ။ သူတို့ ဘဝတွေဟာ နေ့ချင်း ညချင်း လမ်းဘေးရောက်လာလို့ အဖြစ်အပျက်တွေကို လက်မခံနိုင်သေးတဲ့ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတာပါ။ လက်လှမ်းမီသလောက် ကိုယ်တိုင်သွားပေးခဲ့ပေမယ့် လက်ထဲက အထုပ်မြင်တာနဲ့ အုပ်လိုက်ကြီး ဝိုင်းလိုက်ပြီး မပေးမချင်း လမ်းမဖယ်တဲ့ စိတ်ညစ်စရာလူတွေကြောင့် ထိထိရောက်ရောက် မကူညီနိုင်ခဲ့တာကိုလည်း စိတ်ထဲ မကောင်းပါဘူး။
အဲ့ဒီတုန်းက ကျနော်တင်ခဲ့တဲ့ ပို့စ်က ဒီလိုပါ။
"မြောက်ပြင်ဖက်မှာ နေ့လည်စာတွေ ဝေနေတဲ့အချိန် ၇၈ ၇၉ ကြားလောက်ထင်ပါတယ်။ မိသားစုတစ်စု ခွေးလေးလည်းပါတယ်။ ကျုံးဘေးသံပန်းဘေးမှာ ငြိမ်ပြီးထိုင်နေကြတယ်။ လိုက်ပို့တဲ့အစ်ကိုကို လှမ်းပြောတော့ မိသားစုလိုက် ထွက်လာကြတာနေမယ်တဲ့။ ဘာပစ္စည်းမှ မပါကြဘူး။ ဖျာလေး ၂ ချပ်မှာ။ အထုပ်လေး ၂ ထုပ် ၃ ထုပ်နဲ့။ လူပုံတွေက အခြေအနေမဲ့ပုံတွေမဟုတ်ဘူး။ ဒီပုံစံက သူတို့အတွက် အသားလည်းကျမနေဘူး။ ဝင်လည်းတန်းမစီရဲဘူး၊ လူတန်းကြီးဖက်ကိုပဲ ငေးနေတယ်။ သူတို့လိုအပ်နေတယ်ဆိုတာကို မြင်နေရတယ်။
ကျနော်က ကျနော့်မှာ အကျင့်တစ်ခုရှိတယ်လို့ ရေးဖူးပါတယ်။ ကျနော်က လူတွေနဲ့ လုပြီး ယူရမှာမျိုးကို ကျနော်မလုပ်ရဲဘူး၊ မလုပ်ရက်ဘူး။ (တကယ် မငတ်ဖူးသေးလို့လည်း ဖြစ်နိုင်ပါတယ်။) ကျနော်က အဲ့ဒီလို တောင်းယူရဲတဲ့ သတ္တိမရှိဖူးဘူး။ အလှူတွေဘာတွေမှာ ပိုက်ဆံကျဲရင်တောင် မလုရဲတဲ့လူမျိုး။ ဘာနေ့ညာနေ့တွေမှာ သူငယ်ချင်းတွေ၊ အကြီးတွေဆီ မုန့်ဖိုးဘာညာလည်း မတောင်းရဲဘူး။ အဲ့ဒီလိုလူမျိုး ။
သူတို့မိသားစုမှာ အဲ့ဒီလိုအငွေ့အသက်မျိုး မြင်ရတယ်။ သူတို့လိုအပ်နေတယ်။ လူအုပ်ကြီးထဲကလို ပျော်ပျော်ပါးပါး လာစီပြီး အတင်းလုတောင်းဖို့သတ္တိလည်းရှိမနေဘူး။ ကျနော် ကားပေါ်ကတည်းက မြင်နေရတယ်။
နောက် အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်အတွက် သီးသန့်အထုပ်လေးယူပြီး သွားပေးတော့ အဲ့ဒီက အန်တီက ဝမ်းနည်းတဲ့ မျက်နှာနဲ့ မျက်ရည်လည်ပြီး ကျေးဇူးတင်ပါတယ်ကွယ် လို့ အသံတုန်တုန်နဲ့ပြောတယ်။ ကျနော် ဆက်မကြည့်နိုင်ဘူး။ အဲ့ဒီခံစားချက်ကို ကျနော်သေသေချာချာသိနေလို့ပါ။
နေ့လည်စာတွေသွားပေးဖို့ ရှေ့ကားပေါ်က ချဖို့တွေးသေးတယ်။ အဲ့ဒီနားမှာ ဘာကားလာလာ နေရာလုပြီးတောင်းမယ့် ကလေးတွေက ကျနော့်လက်ကိုသေသေချာချာ ကြည့်နေကြလို့ ဒီတိုင်းပဲ ထားလိုက်တယ်။
စိန်ပန်းဖက်က အပြန်မှာလည်း အဲ့လိုပဲ။ လမ်းတော့ သေချာမှတ်ခဲ့တယ်။ လမ်း ၇၀၊ ၂၆ ဘီလမ်းနဲ့ ၂၇ လမ်းကြားက အရိပ်လေးတွေအောက်မှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတာ။ အဲ့ဒါ ချက်ချင်းလက်ငင်း ဘာမှ မပါဘဲ လမ်းဘေးရောက်သွားတဲ့ မိသားစုတွေလို့ အတူတူသွားတဲ့ အစ်ကိုကပြောတော့ မြောက်ပြင်ဖက်က ကျနော်အထုပ်သွားကမ်းခဲ့တဲ့ မိသားစုကို ပြန်မြင်မိတယ်။ အပြန်ဖြစ်နေတော့ အထုပ်တွေက ဘုံးအိုးကို သွားမယ့်အဖွဲ့ဆီ ထည့်ပေးလိုက်ပြီ။ ဘာမှ ပေးစရာမရှိတော့ဘူး။
အကယ်၍များ ကျနော့်လိုခံစားချက်နဲ့လူတွေ ပါခဲ့တယ်ဆိုရင် အဲ့ဒီလို လုယက်တောင်းတဲ့ လူတွေကြားထဲ ဝင်မတိုးရဲတဲ့ မိသားစုတွေကို နည်းနည်းစီလောက်ကူညီခဲ့ကြပါဦးဗျာ။" ဆိုပြီးတော့...။
နောက် ကျနော်တို့ ထမင်းစားတစ်ဖြုတ်နားပါတယ်။ ပြီးတော့ Rescuer တွေအတွက် စားစရာတွေထပ်လှူပါတယ်။
သွားရမယ့်နေရာတွေက အတော်များနေတဲ့အတွက် လူခွဲပြီး သွားကြပါတယ်။ ဌာနက ညီလေးနဲ့ သူ့အမျိုးသမီးက ဆေးရုံကြီးနဲ့ မလွန်ဖက်ကို သွားပါတယ်။ ကျနော်နဲ့ မန္တလေးက လာကြိုတဲ့ ကိုထက်အောင်လင်းတို့ အဖွဲ့က စိန်ပန်းဖက်ကို သွားပါတယ်။ မန္တလေးသားအစ်ကိုက ကျနော့်ကို တစ်မြို့လုံး ပတ်ခေါ်သွားတဲ့အတွက် စိတ်မချမ်းမြေ့စရာ အုတ်ပုံတွေကို မြင်ခဲ့ရပါတယ်။ တချို့ လမ်းတွေဟာ ဝင်လို့မရတော့ဘူး၊ တချို့ လမ်းတွေဟာ အပုပ်နံ့တွေနဲ့ပါ။
ဒါက ကျုံးတောင်ဖက် Rescue အဖွဲ့တွေ ထိန်းပေးလို့ တန်းလေးတော့ စီကြတယ်
အဆင်ပြေကြပါစေ
Rescue Team အတွက် (သူတို့မိသားစုတွေလည်း ဒုက္ခရောက်နေတဲ့ကြားက ထွက်ကူနေရတာပါ)
၇၇ လမ်းပေါ်က အိမ်တစ်လုံး
အသက်ရှင်ကျန်သူ မရှိတော့ဘူးလို့ယူဆရင် အဲ့ဒီလို တူးထုတ်ပစ်တော့တာပဲတဲ့။
မိသားစုကလည်း လက်ခံလိုက်ပြီဆိုတဲ့အချိန်ပေါ့နော်။
တချို့တွေမှာ တစ်အိမ်လုံး လက်ခံသဘောတူမယ့်လူတောင် ကျန်ပါ့မလား????
ကျနော့်မှာ မေးခွန်းများစွာနဲ့ပါ
တပ်ကလည်း Tent တွေလာထိုးပါတယ်။ ခက်တာက တကယ့်မိသားစုတွေ နေရာမရရှာကြတာတွေအတော်များပြီး ထုံးစံအတိုင်း ကျူးတွေ နေရာလုကြတယ်ဆိုပါတယ်။
လမ်း(၃၀) ပေါ်က ဆိုးဆိုးရွားရွားပြိုကျနေတဲ့တိုက်ကြီး
ပြိုကျမသွားပေမယ့် မဖြစ်မနေဖြိုရတော့မယ့် တိုက်
ဆေးရုံကြီးမှာ သွားလှူတော့ ပုံမှန်ဆို အလှူရှင်ဆီက လက်မခံတဲ့ သူနာပြုဆရာမညီမလေးတွေပါ
လာယူကြတယ်။
တစ်မြို့လုံးနီးပါးပျက်စီးသွားတဲ့အချိန် သူတို့ မိသားစုတွေလည်း သက်သာမယ်မထင်ပါ။
သူတို့ခမျာ မိသားစုတွေကိုထားခဲ့ပြီး တခြားလူတွေအတွက် လာကူညီနေရတာ။
တစ်ပူပေါ် နှစ်ပူဆင့်ရှာတဲ့ လူနာနဲ့ လူနာရှင်တွေပါ
ရေကားကြီးများနဲ့ သုံးရေ လိုက်ဖြန့်နေတဲ့ ကဗျာဆရာ ကိုစစ်ငြိမ်းနဲ့ မစုစန် တို့ ဇနီးမောင်နှံဆီ
ပါဝင်အားဖြည့်ပေးပြီး ငလျင်ဒဏ်ဆိုးဆိုးဝါးဝါးခံရပြီး ဥပုသ်စောင့်နေတဲ့ အစ္စလာမ်ဘာသာဝင် ထောင်ကျော် သေဆုံးခဲ့ရတဲ့ အမရပူရ ဗုံးအိုးရွာလေးအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပေးခဲ့ပါတယ်။
မန္တလေးက ပြန်လာတော့ ကျနော့် စိတ်တွေ အဆင်မပြေတော့ပါဘူး။ ကျနော်တို့ ပေးခဲ့တဲ့ ပစ္စည်းနဲ့ ထမင်းထုပ်တွေက သူတို့အတွက် အသုံးရောတည့်ပါ့မလားဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ ကျနော်တို့ ပေးခဲ့တဲ့ မဖြစ်စလောက်လေးဟာ သူတို့အတွက် ၂ ရက်ခံပါ့မလား။ ၃ ရက်သုံးရပါ့မလားဆိုတာမြင်လာတယ်။ အမေရိကန်သံရုံးလမ်းကြားထဲက ဘယ်အလှူခံဆီမှာ သွားမတောင်းရဲတဲ့ ဖျာလေးတစ်ချပ်၊ လူ ၄ ယောက် ခွေးလေးတစ်ကောင်နဲ့ မိသားစုတွေကို မြင်လာတယ်။ ဘဝမှာ ပိုင်ဆိုင်မှု ဘာမှ မရှိတဲ့ ကျနော်သာ သူတို့နေရာမှာဆို လပိုင်းလောက် ကြိုးစားပြီး လက်ရှိအခြေအနေပြန်ရောက်နိုင်သေးတယ်ဆိုတဲ့ အတွေးကြီးနဲ့ ငါသာဖြစ်လိုက်ရမှာဆိုတဲ့ ကြောင်တောင်တောင် စိတ်ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ မိသားစုတစ်ခုပဲ ဖြစ်ဖြစ် ငါသွားခေါ်ရမလားဆိုတဲ့ စိတ်မျိုးတွေ၊ ညဖက်လည်း အိပ်မပျော်တော့ဘဲ စိတ်ရော ကိုယ်ရော တစ်ပတ်ကျော်လောက် နားလိုက်မှ အဆင်ပြေသွားခဲ့ပါတယ်။
ငလျင်ကာလမှာ သင်ခန်းစာရော ကျနော်တို့လူမျိုးတွေရဲ့ ပြုပြင်ဖို့လိုတဲ့ စိတ်ထားတွေကိုရော ဆဝါးခဲ့မိတာတွေ အများကြီးပါ။ ကျနော်တို့ နိုင်ငံသားတွေ လူမျိုးရေးအရ မုန်းတီးခဲ့ကြတဲ့ နိုင်ငံကြီးတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ကျနော်တို့နိုင်ငံကို ချက်ချင်းရောက်ချလာပြီး လူအား၊ ငွေအားတွေနဲ့ ကူညီခဲ့ကြတာမြင်ရသလို ကိုယ့်နိုင်ငံသားချင်းဖြစ်ပေမယ့် ကိုယ်ရောက်နေတဲ့နိုင်ငံတကာကနေ အဖွဲ့အစည်းပေါင်းစုံ၊ လူပေါင်းစုံကို ဟိုလို မလုပ်လို့၊ ဒီလို ဖြစ်ရသလား စသည်ဖြင့် အပြစ်ချည်းပဲ တင်နေတဲ့ လူတွေကိုလည်း မြင်ခဲ့ရပါတယ်။ အမြတ်ထုတ် အကြံအဖန်လုပ်ပြီး အကျိုးအမြတ်ရဖို့ ကြိုးစားနေတဲ့ လူတိရစ္ဆာန်အချို့ကို မြင်ရသလို၊ ဘာသာ/လူမျိုး မခွဲဘဲ ရောက်ရာအရပ်ကနေ ရတဲ့နည်းနဲ့ ကူညီခဲ့ကြတဲ့ ချစ်စရာလူတန်းစားအစုံကိုလည်း မြင်ခဲ့ရပါတယ်။
ကျနော်တို့က လူသားတွေပါ။ နာကျင်တတ်တယ်၊ ဝမ်းနည်းတတ်တယ်။ ချစ်လည်းချစ်တတ်၊ မုန်းလည်း မုန်းတတ်ပါတယ်။ တရုတ်ပြည်က ကယ်ဆယ်ရေးအဖွဲ့က ခွေးကလေး ၂ ကောင် ကိုယ့်လူမျိုးတွေကို ကယ်ဆယ်ရင်း Heat stroke နဲ့ ဆုံးသွားတဲ့အခါ နှမျောတသဖြစ်ရပါတယ်။ ရုရှားကယ်ဆယ်ရေးသမားတွေကို သူတို့ ကယ်ခဲ့တဲ့ မိသားစုက မုန့်ထုပ်လေးတွေနဲ့ လာကျေးဇူးပြုတဲ့အခါ ကြည်နူးလို့ ငိုရပါတယ်။ ဗီယက်နမ် ကယ်ဆယ်ရေးသမားတွေ ကိုယ့်အိုး/ကိုယ့်ခွက်နဲ့ လာ (ဒုက္ခသည်နိုင်ငံကို ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးကြတာ) ကိုယ့်ဖာသာ ဈေးဝယ်ပြီး ချက်စား၊ မြန်မာပြည်က ဈေးသည်တွေက ပိုက်ဆံ မယူဘဲ ဇွတ်အတင်းထည့်ပေးတာတွေမြင်တော့ မျက်ရည် ကျရပြန်ပါတယ်။
ရက်စက်ပြင်းထန်လွန်းတဲ့ ငလျင်ဖြစ်ရပ်ကြီးအပြီးမှာ ကျနော်တို့ဟာ ကိုယ့်လူမျိုး/ ကိုယ့်ဘာသာသည် အလွန်ကောင်း၊ အလွန်မှန်ပြီး၊ တခြားလူမျိုး၊ တခြား ဘာသာတွေဟာ နိမ့်ကျတယ်/ အယူမှားတယ်ဆိုတာမျိုးတွေ မတွေးကြဘဲ ကယ်ဆယ်ရေးလုပ်ပေးခဲ့ကြတဲ့ နိုင်ငံတွေကို နိုင်ငံတော်အဆင့်ကျေးဇူးတင်ဖို့တွေ ပြန်တွေးဖြစ်ခဲ့ပါတယ်။ (အခု ဒီစာပြန်ရေးရင်းနဲ့ကို ကျနော် မျက်ရည်ကျနေမိပါတယ်)။ လူတွေဟာ ဘယ်လောက်ရက်စက်နိုင်မလဲ ဆိုတာ ထိုင်ကြည့်နေရတဲ့ အချိန်ကာလမျိုးမှာ လူတွေဟာ ဘယ်လောက် ကူညီတတ်သလဲ? လူတွေဟာ တခြားလူတွေအတွက် ဘယ်လောက် အနစ်နာခံတတ်သလဲ ဆိုတာတွေ တောက်လျှောက်မြင်နေရခြင်းဟာ ကျနော့်အတွက် ဘဝမှာ ရှင်သန်ရကျိုးနပ်ပါပြီ လို့ တွေးဖြစ်သွားတဲ့ အခိုက်အတန့်ပါပဲ။
မန္တလေးဟာ သဘာဝဘေးဒဏ်၊ စစ်ဒဏ်တွေကြောင့် အတိတ်မှာ အကြိမ်ကြိမ်လဲကျဖူးပါတယ်။ လဲကျတိုင်းလည်း အကြိမ်ကြိမ် ရုန်းထနိုင်ခဲ့ပါတယ်။ မန္တလေးရဲ့ အားအင် မန္တလေးရဲ့ ဝိဉာဉ်တွေဟာ ဒီစိတ်တွေနဲ့ပဲ ပြန်ထ ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ယုံကြည်ခဲ့ပါတယ်။
မိုးသက်ဦးလွင်
(၂၈-၃-၂၀၂၆, မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်တွင်ရေးသည်)
ဤကမ္ဘာမြေတွင်
ချစ်ခြင်းမေတ္တာ နှင့်
ဥာဏ်ပညာ မှတပါး
အခြား အလေး
အမြတ်ပြုအပ်ရာ
မည်သည့်အရာမှမရှိ၊
ခန္တာဆိုတာ
ချစ်ခြင်းမေတ္တာနှင့်
ဉာဏ်ပညာကို
သယ်ဆောင်တဲ့
ယာဉ်ရထားတစီး
မျှသာဖြစ်ပါသည်။
( ထူးအိမ်သင် )
မှတ်ချက်။ ကျနော်နဲ့ ကျနော့်ညီလေးတို့ မိသားစုအနေနဲ့ ဝိုင်းဝန်းကူညီလှူဒါန်းကြတဲ့ မိတ်ဆွေတွေရဲ့ စုပေါင်းအားကြောင့် ၆,၀၇၅,၉၄၄ ကျပ်အပြင် ရေသန့်ဘူး ၁၀၀၀, ဓာတ်ဆား ၁၀၀၀ လှူဒါန်းနိုင်ခဲ့ပါတယ်။
အလှူရှင်စာရင်းနဲ့ အသုံးစာရင်းကို ဒီ Google Sheet မှာ ကြည့်နိုင်ပါတယ်။
https://docs.google.com/spreadsheets/d/1rV1FcJAikDzWGXYXXB-TxApOCacYtE_25PVISYrQhd0/edit?gid=0#gid=0
0 comments:
Post a Comment
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......