Friday, June 21, 2013
မနက်စောစော...
            ခပ်ဝေးဝေးဆီက ရောင်နီလည်းပျို့လာလေပြီ..။ မိုးလင်းသည်ထိ နေလေ့ရှိသော သူ့အကျင့်အတိုင်း  ကော်ဖီ ခါးခါးတစ်ခွက်ကို သောက်နေကျ ပုံစံအတိုင်းပင် ဖျော်လိုက်သည်.။ ကော်ဖီခွက်ကိုတစ်ဖက် ကုလားထိုင်ကို တစ်ဖက် ကိုင်က လသာဆောင်သို့ထွက်သည်.။ နေမင်း၏ ရှေ့တော်ပြေး သံတော်ဆင့် များဖြစ်သော နီစွေးစွေးရောင်နီတို့ကို လှမ်းမျှော်ကြည့်သည်.။ လက်ထဲက ကော်ဖီကိုတစ်ကျိုက်ငုံလိုက်သည်.။ သူ့ပုံစံက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်ရှိသည်.။ ဟုတ်သည်.။ ဒီလို အချိန်မျိုးဆိုလျှင် ..သူ့ရဲ့ “သူမ” ကို သူမျှော်လေ့ရှိသည်.။ အရောင်အ၀ါများ နှင့် နေ့တစ်နေ့၏ ရှင်သန်ထမြောက်ခြင်းဆုံးချိန်အထိ လောကကြီး၏ အိပ်ယာထချိန် (သို့) သူ၏ အိပ်ယာဝင်ချိန်များတွင် သူ “ သူမ ” ကိုမျှော်လေ့ရှိသည်.။ သူမျှော်သည့်နေ့တိုင်း သူမ ပေါ်မလာတတ်ပါချေ.။ ကံအကောင်းဆုံးဟု သူထင်မိသော ရှားပါးနေ့ရက်များတွင်မူ သူ၏ “ သူမ” က လေ၏ လျင်မြန်ခြင်း မျိုးဖြစ်ရောက်လာတတ်ပြီး ရုတ်ချည်းပင် ပျောက်ကွယ်သွား တတ်လေသည်.။ တစ်ခါတစ်ရံတွင် အချိန် အတိုင်းအတာတစ်ခုထိ သူ့အတွက် ရှိနေတတ်သည်.။ သူပြောလိုသော ရင်ထဲမှ စကားတို့ကို ခွန်းတုံ့မဆိုသာ..။ ၀တ်ကျေတမ်းကျေ အဆင့်ထက် အနည်းငယ်မျှသာ ပိုလွန်သော တစ်စုံတစ်ရာကို သူ့အတွက် ချန်သွားစမြဲဖြစ်၏.။
            ယခုလည်း သူစောင့်နေသည်.။ သူ၏ “ သူမ” ကတော့ ပေါ်မလာသေး. ။ မဝေးလှသော အတိတ်ရဲ့အရိပ်တွေက သူ့ဘေးမှာ ၀ိုင်းရံလျက်.သူ့ကို နောက်ပြောင်ကျီစားသကဲ့သို့ ရှိလေသည်.။ သူမကို စတင်တွေ့ရှိခဲ့သည့်နေ့ရက်များကို သူပြန်လည်ရေတွက်ကြည့်နေသည်.။ ထိုအချိန်တုန်းက သူ့စိတ်တွေက ရေသေအိုင်ရဲ့ အနားသတ်တွေလို လှုပ်သည်မ ကျ၊ ငြိမ်သည် မကသည့်ရာသီဥတုမျိုး.။ သူသက်ပြင်းကိုဖြည်းညှင်းစွာချလိုက်သည်.။ မပွင်တစ်ပွင့် နှုတ်ခမ်းများမှာ သူမနာမည်ကို ဖွဖွရွတ်သည်.။ ကော်ဖီကိုနောက်ထပ်တစ်ကျိုက်ငုံမိချိန်တွင်..ခေါင်းထဲက အတိတ်ပုံရိပ်တွေက အစီအရီ ထွက်ပေါ်လာပြန်သည်.။
            သူမကိုစတင်တွေ့ရှိစဉ်က သူမဆီမှ နွေးထွေးမှုတစ်စုံတစ်ရာကို ရရှိဖူးသည်.။ သူ့ဘ၀မှာ မကြုံစဖူး ထူးခြားလှ သောနွေးထွေးမှုမျိုး.။ လူ့ဘုံခန်းဝါမှာ နောက်ထပ်ရှိဦးမည်ဟု သူမယုံကြည်သောနွေးထွေးမှုမျိုး။ ထိုနွေးထွေးမှုကိုသူ ငတ် မွတ်ခဲ့သည်.။ တပ်မက်ခဲ့သည်.။ မြတ်နိုးခဲ့သည်.။ ထာဝစဉ် ပိုင်ဆိုင်လိုခဲ့သည်.။ ဒါပေမယ့် သူမကမလိုက်လျောခဲ့..။ ဘာကြောင့်လဲဆိုတာကို သူသိသည်.။ သို့ရာတွင်... သူ့နှလုံးသားနှင့် သူ့အသိစိတ်တွေက စွမ်းအားခြင်းမညီမျှခဲ့.။ နောက်ဆုံးတော့ သူအရူးတစ်ယောက်ပမာဖြစ်ခဲ့သည်.။ သို့ရာတွင် သူ့ကိုယ်သူလိမ်ညာရင်းပင် ဆက်လက်ရပ်တည်နေခဲ့ သည်.။ ထို့နောက်ပိုင်းသူ့မှာ အကျင့်တစ်ခုရလာသည်.။ ထိုအကျင့်က ယခုကဲ့သို့ မနက်ခင်းတိုင်း သူမကိုစောင့်မျှော်ရခြင်း ပင်ဖြစ်သည်.။
            သူတွေးနေရင်းပင် သူမကအလင်း၏လျှင်မြန်ခြင်းမျိုးဖြင့်ပေါ်လာသည်.။ သုံးနေကျအသုံးအနှုန်းဖြင့်ပင် ခရီးဦးကြို ခြင်းကိုပြုသည်.။ အသက်မပါသော အလင်းတစ်စုံဖြင့် သူမက ပြုံးသည်.။ ရုတ်ချည်းပဲ သူမက ထွက်ခွာဟန်ပြုသည်.။ သူမ ကိုသူ တားဆီးရန်ကြိုးစားသည်.။ သူမက နှုတ်ဆက်စကားကိုဆို၍ စကားတုံ့ပြန်ပင်မစောင့်ပဲ. လားရာအရပ်သို့နှင်သည်.။ ပွေ့ဖက် ဖမ်းယူသော သူ့လက်များမှာ ဗလာချည်းနှီးသာ ကျန်ခဲ့ပြန်သည်.။
            သူရုတ်တရတ် ယိုင်လဲမတတ်ဖြစ်သွားသည်.။ သူစောင့်ခဲ့ရသည့်ရက်ပေါင်းများအတွက် အဖြေတစ်ခုက ရလဒ် မပီပြင်ခဲ့.။ သူမ၏ အမည်နာမကို ရွတ်ဆိုတိုင်တန်း၍ အရူးတစ်ယောက်သဖွယ် မြည်တမ်းမိလေသည်.။ သူ့မျက်လုံးများကေ၀၀ါးလာသည်.။ ခံစားချက်တို့ မြစ်ဖျားခံရာအရပ်မှ စကားလုံးများက နှုတ်ဖျားတွင်ပင် သေဆုံးသွားကြသည်.။ ချမ်းစိမ့်သော ကြမ်းပြင်တွင် ဒူးထောက်ကျသည်.။ သူမကတော့ အရိပ်အယောင်မျှပင် မမြင်ရအောင်ဝေးသွားပြီ.။
            နောက်ရက် မနက်စောစောတွင်. သူ့အလောင်းကို လသာဆောင်တွင် မိတ်ဆွေများက တွေ့ကြရသည်.။ သူ့အ လောင်းဘေးတွင် သူမနာမည်ကို ထပ်တစ်လဲလဲရေးထားသော စာရွက်အပိုင်းအစများပျံ့ကြဲလျက်ရှိလေသည်.။ ချုပ်ငြိမ်း သွားသော သူ့ဇီဝိန်ဝိဥာဉ်ထဲတွင် သူ၏ “ သူမ ” မသိခဲ့သော သူမအတွက် ရွတ်ဆိုဦးညွတ်ရာ သံစဉ်များပါတစ်ပါတည်း ပါသွားကြောင်း..သူမတော့ သိဟန်မတူပါချေ..။
                                                                                                                             မိုးသက်ဦးလွင်
Saturday, May 11, 2013
ခုတစ်လော (၂)
          ပူဟေ့ ပူကြ.. ရေဆူမှတ်အထိပူကြ.. ။
          အခန်းထဲမှာ စွပ်ကျယ်တောင် မကပ်နိုင်တာတစ်ပတ်ခန့်ရှိချေပြီ.။ အပူချိန်က +၁၄ဒီဂရီ ဆဲလ်ဆီးယပ်စ် ပဲရှိသည်.။ သို့သော် ဆောင်းတုန်းက ကွေးကောက်အောင်ချမ်းထားသော အရှိန်ဖြင့် ယခု အချိန် စိတ်ထဲမှာ အတော်ပူလှပြီ။ ပြည်တော်ပြန်ရင် မည်သို့နေမည်မသိ.. ။
          ခုတစ်လော ငမိုးစာမရေးဖြစ်တာ တော်တော်ပင်ကြလှပြီ.။ မည်သို့ရေးဖြစ်ပါမည်နည်း .။ သင်္ကြန်ကာလ အပြီးကနားလိုက်သည်မှာ အနားလွန်သွားသည်.။ ကြားထဲမှာ စာတမ်းတွေ၊ စာမေးပွဲ တွေနှင့်က အလုပ်ရှု့ပ်နေ သေးသည်.။ ကိုယ်ကိုယ်တိုင်က ကွန်ပျူတာ ဖက်အားသန်၍  ပရိုဂရမ်းမင်း လုပ်ရမည်ထင်သော နာနိုအီလက်ထရွန်းနစ်ကို ယူလိုက်ကာမှ တစ်လောကလုံးတွင် စာသင် အသန်ဆုံးသော ဆရာ၊ စေတနာကောင်းလွန်း တတ်စေချင်လွန်း၊ စာမေးပွဲဖြေလွန်းသော ဆရာနှင့်တည့်တည့်တိုးသည်.။ စိတ်ညစ်၍ မဟုတ်ပါ.။ နဂိုကမှ ဘန်ကီမွန်းနှင့် နင်လားငါလား အလုပ်ရှုပ်လှသူသည် ဆရာ့အပေါ်တွင် တာဝန်မကျေမည် စိုးလှ၍ သာဖြစ်သည်.။ အခြားသူငယ်ချင်းများ လေးနှစ်လုံးတွင် တစ်ကြိမ်သာဖတ်ရသော စာတမ်းကို ငမိုးတို့က တစ်နှစ် နှစ်ကြိမ်ဖတ်ရသည်ကပင် ၀မ်းသာရမလိုလို၊ ၀မ်းနည်းရမလိုလို.။
          အမှန်က ယနေ့ အမေများနေ့အတွက် ကဗျာရေးရန်ကြံခြင်းဖြစ်သည်.။ မနေ့က စာရေးရန်ကြံတော့ ဧည့်သည်တွေရောက်နေ၍ အခန်းက ဆူဆူညံညံဖြစ်နေသောကြောင့် .။ အာရုံက တည်မရ.။ သို့နှင့် BHG မှ ကို Bug Lab ညွှန်းသည့် ပထမဆုံးမြန်မာဟက်ကာဇာတ်ကား ဆိုသည့် ရင်ဘတ်ဖွင့်သည့်သော့ ကိုကြည့်မိသည်။ ပထမဆုံးအခန်း မီးခံသေတ္တာကို အောင်ရဲလင်းက ဖွင့်သည့်အခန်း၊ ဒုတိယ အခန်းမှာ မြန်မာကားများထုံးစံ အတိုင်း ဘယ်မင်းသားလာလာ ဘေးက သူငယ်ချင်းလုပ်ရသည့် ဟာသ သရုပ်ဆောင်သူငယ်ချင်းများနှင့် ဘယ်မင်းသမီးလာလာ ဘေးတီးပေးသည့် အရံမင်းသမီးများနှင့် အတူတူ ဆိုင်မှာဟေးဟားလုပ်ကြသည်.။ နောက်တစ်ခန်းချိန်းတော့ ဖွေးဖွေး၊ နှင့် အောင်ရဲလင်း ဆိုင်မှာ၊ တတိယတစ်ခန်းက မင်းသားမွေးနေ့ဆိုင်မှာ.။ ဇာတ်ကားက စပင်မစရသေး.။ လေးခန်းရှိသေးသည် .။ သုံးခန်းက ဆိုင်မှာ.။ သို့နှင့်ဆက်မကြည့်ဖြစ်တော့ ။ မျက်စိမှေးလာသလိုလို ရှိသည်နှင့် စောစောအိပ်ဖြစ်သွားသည်.။
          ဟိုးနေ့က ကိုမင်းဧရာ(နွေတေးရှင်) နှင့်စကားပြောဖြစ်သေးသည်.။ မြန်မာကဗျာရေးသူတွေ နည်းပါး လာကြောင်းနှင့် မြန်မာကဗျာရေး၍ပင် လှောင်ခံရကြောင်းကြားရတော့ ငမိုးလည်း စိတ်မကောင်းမိ.။ အမှန်က ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကို ဒီလိုဆက်ဆံသူတွေရှိခဲ့ဖူးသည်.။ သို့ပေတည့် ငမိုးအကျင့်က ကိုယ့်ကို နစ်နာအောင်လုပ်သွား၊ ပြောသွားရင် သိချင်မှ သိသည်.။ သိလျှင်လည်း နာချင်မှ နာသည်.။ သို့ အတွက် ငမိုးကို ဂျောက်ချ သူများ နည်းနည်းတော့ စိတ်ညစ်ရလေ့ရှိသည်.။ တစ်ခုတော့ရှိသည်.။ ငမိုးချစ်သော၊ ခင်သော မိတ်ဆွေ အသိအကျွမ်းများ ခံလာရလျှင်တော့ မထိန်းနိုင်လောက်အောင် ဒေါသဖြစ်မိလေ့ရှိသည်.။ ငမိုးကို ပုဂ္ဂိုလ်ရေးအရ လာဆဲလျှင် ခံကောင်းခံနိုင်မည်ဖြစ်သော်လည်း အသိုင်းအ၀ိုင်း နှင့်ချီ၍ ပြောလျှင်ကား ဒေါသဖြစ်လေ့ရှိသည်.။ ဆိုက်ကိုသင်သော အရာရှိက အပြင်စွဲတွေများသည် ဟုပြောဖူးသည်.။ သူများဖက် က သိပ်တွေးလွန်းသည်ဟုလည်းဆိုသည်.။ ဘာလဲတော့ သိပ်နားမလည်ပါ.။ ဒါပေမယ့် မိမိနှင့်ပတ်သတ်သူကို ထိလျှင်တော့ ငမိုးက သူများထက်ပိုနာတတ်သည်မှာ အမှန်ပင်ဖြစ်သည်.။
          ရုရှားလူမျိုးတွေ အားကစားလိုက်စားတာ ယခင်က ပြောပြီးဖြစ်သည်.။ မနှစ်က မကြုံခဲ့ရသည့် ပြိုင်ပွဲ  တစ်ခု ဒီမှာလာကြုံရသည်.။ အဲဒါက ဂိုး(၁၀၀) ဘောပွဲဖြစ်သည်.။ ဌာန တွေပေါင်းပြီး အသင်း ရှစ်သင်းခွဲသည်.။ ထိုအသင်းရှစ်သင်းကို Random ခေါက်ပြီး အပြာလေးသင်း အနီလေးသင်းခွဲပေးလိုက်သည်.။  ထိုလေးသင်းက ဆယ်မိနစ်တစ်သင်းကျ လဲပြီး ကန်ရသည်.။ နိုင်သည့်အသင်းက လဲလိုသည့်အချိန် လဲရသည်.။ ဂိုးမသွင်းနိုင် သည့်အသင်းက ဆယ်မိနစ်တစ်ကြိမ်လဲရသည်.။ ဂိုး(၁၀၀) မပြည့်မချင်း ညလုံးပေါက် နောက်ရက်အထိ ကန်ကြသည်.။ သူတို့ လူမျိုးများ အားကစားနှင့်ပတ်သတ်လျှင် တော်တော်လေး ရူးသွပ်ကြသည်ကို သတိထား မိသည်.။ ခုနောက်ပိုင်းလေ့လာကြည့်မိတော့  သူတို့ လူမျိုးတော်တော်များများက ကွန်မျူနစ်ဆန်ဆန် စိတ်ဓါတ် တွေရှိ ကြသည်.။ ရုပ်ဝတ္ထုပိုင်း ကို သိပ်အသားပေးသည်.။ ကံဆိုသည်ကိုမယုံ.၊ ဘာသာမဲ့တွေလည်းများသည်.။ ဘာသာရှိသူများကလည်း ဘာသာရေးထက် ကိုယ်လုပ်မှ ကိုယ်ရမည် ဆိုသည်ကိုသာ ခေါင်းထဲမှာရှိသည်.။ ကိုယ့်လူမျိုးကလွဲရင် မည်သည့်လူမျိုးမှ လူမထင်.။ ငမိုးတို့ မြန်မာနိုင်ငံမှာလို နိုင်ငံခြားသားများကို အရေးပေး၊ အထင်ကြီးသည့် စိတ် ၊ တစ်ပြားသားမှ မရှိ.။ ငါတို့ လူမျိုးသာအကောင်းဆုံး၊ အတော်ဆုံး၊ ဆိုသည့် စိတ်တွေက ရှိသည်.။ တစ်ခုတော့ ရှိသည်.။ သူတို့က သွေးနားထင်ရောက်နေတာ မဟုတ်ပဲ.. အမြဲတမ်း တိုးတက်အောင် ကျင့်ကြံနေကြတာတွေက ထိုစိတ်ဓါတ်တွေကို ပိုတိုးအောင် လုပ်နေသည့်အလားပင်ဖြစ်သည်.။ ကျောင်းသား တိုင်းအားကစားလုပ်သည်.။ အနည်းဆုံးတော့ ဘောလုံးကွင်းကို ပတ်ပြေးနေသူများဖြစ်သည်.။ သူတို့ လူမျိုးများတွင်လည်း ပျင်းသူ မရှိ၍တော့မဟုတ်.။ ပျင်း၍ အားကစားမလုပ်လျှင် စာမေးပွဲ ရလဒ်စာအုပ်မှာ လက်မှတ်ထိုးမပေး၊ ထိုအခါ ကြံ့ခိုင်ရေးမှတ် မရလျှင် နွေရာသီ ကျောင်းသားစခန်းတွင် ပြန်ဖြေပေရော့ ပဲ.။ ရေရှည်ဆွဲပြီး. ကိုယ့်အတွက် အကျိုးဖြစ်မယ့်ဟာမျိုးတွေကို စိတ်ဝင်စားသည်.။ ဥပမာ သက်လုံရစေမည့် ၊ ရွရွပြေးတာမျိုး၊ ကိုယ်စီသန်မာမှု(ဒိုက်ထိုး၊ ဘားခို၊ အိပ်ထမတင်) လုပ်တာမျိုးတွေကို အမြဲလုပ်ကြသည်.။
          ယနေ့ အမေများနေ့ဖြစ်သည်. ။ ဘုရားခန်းမ၀င်ခင် အမေ့အတွက် ကဗျာတစ်ပုဒ်လောက်တော့ ရေးဦးမည် စိတ်ကူးထားသည်.။ ဒါမှ မဟုတ်ရင် စာလေးတစ်စောင်လောက်ဖြစ်ဖြစ်ပေါ့.။ စိတ်ကတော့ နည်းနည်း ပြန်ကြည်နေပါပြီ.။ ဟိုတစ်လောက ဖြစ်ခဲ့သည့်  ပြဿနာအရပ်ရပ်ကြောင့် စာပေလောကကြီးကို ရေနွေးဖျော ချင်စိတ်တွေ ပေါက်မိတာကိုတော့ ခွင့်လွှတ်ပေးကြမည်ထင်သည်.။ ခုတော့လည်း ကိုယ့်ပတ်ဝန်းကျင်က လူတွေက လူလိမ္မာတွေချည်းမို့ ကွကို ဖြည့်တွေးပြီးကျေနပ်နေတာကပင် ကျေနပ်စရာတစ်ခု ဖြစ်နေလေသည်.။
Sunday, March 24, 2013
မျက်ပြေပါတော့ ချစ်သက်လျာ
ကျွမ်းစ သက်လျာ.
အသာအထိတ် ၊ ၀ဠာသိပ်တည့်
တိုးတိတ်ချစ်ကြင်၊ ပြစ်မမြင်ပဲ.
သန့်စင်ချစ်ခြင်း ၊ အပြစ်ကင်းသည့်
သက်နှင်းသက်ပုံ၊ သက်ကုန်ကုန်ဖြင့်
သက်စုံအပ်သည့် ချစ်သက်လျာ...
ပြေတော့ သက်လျာ...
မဟာမြေကြီး၊ 
အထီးဆန်ဆန်၊ 
အရံမပါ၊ ဤမြေလွှာ၌
သက်လျာမျက်ရှ၊ ထိုခဏသည်
သောကမီးလျှံ ၊ ရင်ဝဆန်၍
တစ်ဖန် အောက်ဆင်း၊ ဒုက္ခတွင်း၌
လက်ငင်းကြီးစွ၊ မျက်ရည်ခသည်.
ထိုမျှစွမ်းသော ချစ်သက်လျာ...
ရင်မှသက်လျာ ချစ်သက်လျာသည်..
သဒ္ဒါကြည်ဖြူ၊ ရည်တူစိတ်သန်း
ပင်ပန်းလည်းဖြေ၊ တွေဝေလည်းပျောက်
စိတ်နောက်လည်းကြည်၊ ပထ၀ီ၌
အရယ်အပြုံး၊ စိတ်နှလုံးကို
ချယ်မှုန်းသမှု၊ စင်အောင်ပြု၍
ယခုဆက်နှင်း၊ ပေလွှာသွင်းကို..
ရင်တွင်းအပြည့်၊ ချစ်မျက်စိဖြင့်..
ရှုကြည့်စေချင်၊ သံတော်တင်သည်.။
ဖတ်မြင်ခဏ ၊ တဒင်္ဂ၌
ဒုက္ခမကင်း၊ ဤရင်တွင်းကို.
ချစ်ခြင်းသည်းထန်၊ မိုးဝဿန်ဖြင့်
မြန်စွာသွန်းဖြိုး၊ အေးရိပ်ကိုးစေ
ချစ်မိုးသက်လျာ ချစ်သက်လျာ...
                                         မိုးသက်ဦးလွင်
                                     ၂၄.၃.၂၀၁၃ ညနေ ရှစ်နာရီ ငါးမိနစ်
ကိုမင်းဧရာ တို့ ကိုကိုမောင်(ပန်းရနံ့)တို့နဲ့တော့ မယှဉ်ကြေး.. :D ကျွန်တော့်ရဲ့ မြင်ဆရာတွေပါ..။
Saturday, March 9, 2013
ဆရာစား
          ကိုဌေး လက်က သူရဲ့ HP Laptop ကွန်ပျူတာလေးရဲ့ Touch pad လေးပေါ်မှာ တစ်ရွေ့ရွေ့သွားနေ သည်.။ ဟိုနားတို့ လိုက် ၊ သည်နားတို့ လိုက်ဖြင့် . ။ မိုးသက် ကတော့ ဘယ်သောအခါမျှ Touch Pad ကို သုံးလေ့မ ရှိ.။ မောက်စ်ဖြင့် ရွှီးတောက် ရွှီးတောက် လုပ်ရသည်ကိုသာ သဘောခွေ့လှသည်.။ တစ်ချက်တို့လိုက် ပွတ်ဆွဲ လိုက်လုပ်ရသည်ကို သိပ်ပြီး စိတ်မရှည်လှ.။
          “ ညီလေးက Programming ပိုင်းကိုပဲ ဆက်လုပ်မယ်ဆိုရင်တော့ ကိုယ်ပြောသလောက်နဲ့မရဘူးနော်.။ ပြီးတော့ ညီလေး လိုင်းတစ်ခုခုကိုရွေးရမယ်.။ Web Design လား၊ Web Application လား၊ Security လား.၊ ဒါမှမဟုတ်ရင် Software Developer လား.။ ကိုယ့်ဖာသာ စာတော့ အများကြီးဖတ်ဖို့ လိုလိမ့်မယ်.။ ပြီးတော့ အင်္ဂလိပ်စာ လည်းကျေမှ ရမယ် ၊ အင်္ဂလိပ်စာအုပ်တွေများများဖတ်ညီလေး.၊ အစပိုင်းတော့ အခက်အခဲတွေ့မှာ ပဲ ကိုယ်လည်း မင်းကို စာအုပ်တွေပေးထားတာတွေရှိတယ်.။ အဲဒီထဲမှာ အကုန်လုံး Methodology တွေအကုန် ပါတယ်.။ သူတို့က ဆရာစား မချန်ဘူးကွ.။ အကုန်ပြောပြ ထားတာ. ”
          “ ကိုဌေး .. ဆရာစားဆိုတာ ဘာကိုပြောတာလဲ ဟင်. ”
          မိုးသက် နားဝေတိမ်တောင်ဖြင့်မေးတော့ ကိုဌေးက ပြုံးသည်.။
          “ ဆရာစားဆိုတာ ပြောရရင် ဆရာကပညာ အကုန်မသင်ပေးပဲ သူ့အတွက် အကွက်ချန်ထားတာပေါ့. ။ ပြောရရင် သူ့ကိုမီမှာ စိုးလို့ ချန်ထားတဲ့သဘောပေါ့.။ အဲဒါ ဆရာမပီသ တာပဲညီရ.။ ကိုယ်မင်းကို သင်မပေး ခဲ့တာတွေရှိကောင်း ရှိလိမ့်မယ်.။ ဒါပေမယ့် အဲဒါက ညီ့ကိုသင်ပေးတာထက်စာရင် ကိုယ်တိုင်လေ့လာ ဖို့ လမ်း ကြောင်းပေးတာက ပိုသင့်တော်မယ်ထင်လို့ ကိုယ်က မသင်ပေးတာ. နားလည်လား. ”
          “ ဟုတ်ကဲ့ ကိုဌေး ”
          ဟုတ်ကဲ့ သာပြောလိုက်ရသည်။ တကယ်တော့မိုးသက် ကိုဌေး ပြောသည့် ဆရာစားကို ကောင်း ကောင်း အဓိပ္ပာယ်မပေါက်ခဲ့ပါ.။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
          မိုးသက် ကျောင်းပြီးတော့ မာစတာ အမှတ်မီသဖြင့် မာစတာ ဆက်တက်ဖြစ်သည်.။ ကွန်ပျူတာ မာစတာ သမားဖြစ်တော့ စာတော့ တော်တော်ဖတ်ရသည်။ မျက်မှောက်ဖြစ်နေသည့် နည်းပညာရပ်ဝန်းက အကြောင်း တွေ မိမိတို့ မသိသေးသော အချက်အလက်တွေကို မျက်ခြေမပျက်အောင် ကြည့်နေရသည်. ။
          ကျောင်းတက်နေရင်းပင် အပြင်မှာ အခန်းလေးတစ်ခု ငှားပြီး စတူဒီယိုလေးတစ်ခု ကို ၀ါသနာတူသူငယ် ချင်းများနှင့်အတူ ဖွင့်ဖြစ်ခဲ့သည်.။ မိုးသက် က ငယ်ငယ်ကတည်းက ဂစ်တာတီးတာဝါသနာပါသည်.။ ကျောင်း မှာက တည်းက ပွဲတွေဘာတွေရှိရင် မိုးသက်တို့ အမြဲတမ်း တီးခဲ့ဆိုခဲ့ကြသည်.။ ယခုလည်းမိုးသက်တို့ စတူဒီယို လေးက ကိုယ့် ဖာသာ တီးခတ်အသံသွင်းဖို့ လုပ်ထားခြင်းသာဖြစ်သည်.။
          ယခုလည်း ကျောင်းတုန်းက သူငယ်ချင်းတွေချည်း စုထားတာဖြစ်သည်.။ Mixing ကိုလည်း မိုးသက် ပဲလုပ် သည်.။ မိုးသက်က ကွန်ပျူတာ အသံဖမ်းခြင်း ၊ တီးခတ်ခြင်း များကိုလည်း ၀ါသနာပါပါ လေ့လာဖူး သည်ကိုး.။
          တစ်ရက်ကျတော့ မိုးသက်တို့ မာစတာကျမှ သိသော သူငယ်ချင်းတစ်ယောက် ကစတူဒီယိုကို ရောက် လာသည် ။ ကျော်မင်းဆိုသော ထိုသူငယ်ချင်းက မိုးသက်တို့ အဖွဲ့နှင့် သိပ်မပေါင်းလှ .။ နေပုံထိုင်ပုံ သိပ် မကြိုက် လှ၍ မိုးသက်လည်း မရောဖြစ်.။ မျက်မှန်းတမ်းမိရုံလောက်သာရှိသည်.။ မိုးသက်သိပ်လိုလိုလားလား မရှိသော်လည်း အခြား  သူငယ်ချင်းများမျက်နှာနှင့် သူ့ကို စတူဒီယိုအဖွဲ့ထဲ ထည့်လိုက်ရသည်.။
          နောက်ပိုင်းတော့ သူနဲ့ မိုးသက်နည်းနည်းတော့ရင်းနှီးလာသည်.။ ပေါင်းကြည့်တော့လည်း နားလည်ပေးနိုင် သော ကိစ္စများသာဖြစ်၍ မိုးသက်သိပ်ပြီး မစိမ်းတော့ပဲ. ရင်းရင်းနှီးနှီးပေါင်းဖြစ်သည်.။ နောက်ပိုင်းသူက Mixing ၀ါသနာပါသည်. ဆိုသောကြောင့် မိုးသက်သူ့ကို သင်ပေးရသည်.။
          “ အသံက ကူးပြီးရင် Filter ကို အဆုံးထိ မထားနဲ့ Noise Gate ကို နည်းနည်းပဲထား.။ တော်ကြာပင်ကို သံအရမ်းတိုးသွားရင် လုပ်ရခက်တယ်သူငယ်ချင်း.၊ ပြီးတော့ Drum သံတွေဆိုရင်လည်း ဘယ်ညာ Pan ပေးဖို့ မမေ့နဲ့. ”
          “ အင်း..မိုးကြီး မင်းက တော်တော်ကျွမ်းတာပဲကွ..၊ ပြီးရင် ငါ့ကို Piano Key စီတာလေးပြောပြဦးနော် ”
          မိုးသက်သူ့ကို သင်ပေးရတာ မခက်လှပါ.။ သူကလည်း ခပ်ထုံထုံထဲကမဟုတ်လို့လဲ ပါပါလိမ့်မည်.။ နောက် ပိုင်းသူ့ကို မိုးသက် လုပ်စရာမလိုပဲ မျက်နှာလွှဲလို့ရသည်အထိ ကျွမ်းကျင်လာသည်.။ ကျောင်းမှ သူငယ်ချင်းအချို့ Sample အခွေတွေလုပ်တာပဲဖြစ်ဖြစ် ၊ ခွေကြမ်းသွင်းတာပဲဖြစ်ဖြစ် မိုးသက် မအား ချိန်တွင် သူကိုယ်တိုင်လုပ်နိုင် လာသည်.။
          နောက်တစ်ပတ်လောက်ကြာတော့ မိုးသက်သူငယ်ချင်း ထက်အောင် နှင့် အပြင်မှာဆုံဖြစ်ကြသည်.။
         “ မိုးကြီး. မင်းတို့ စတူဒီယိုက ကျော်မင်းဆိုတဲ့ကောင်က ကြော်ငြာတွေလိုက်ကပ်နေတယ်.ကျောင်းမှာ သိလား.၊ အဲဒါမင်းတို့ စတူဒီယိုလား . ”
          “ ဟေ.. မဟုတ်ဘူးဟ..၊ ဒီကောင်နဲ့မတွေ့တာ ၂ ပတ်လောက်ရှိနေပြီ.. စတူဒီယိုကိုလည်း မလာဘူး.”
          “ အေး.. အခု သူ့ဖာသာသပ်သပ် ဖွင့်နေတာနေမှာ. ”
          “ သြော်..ဟုတ်မယ်သူငယ်ချင်းရာ.. ငါလည်း သူနဲ့တွေ့မှပဲ မေးလိုက်တော့မယ်. ”
 ပြောသာပြောလိုက်ရသည်. မိုးသက် စိတ်ထဲမှာ သိပ်တော့မကောင်းလှ..။ အမှန်တကယ်ဆိုလျှင့် အကျိုး အကြောင်းလေးတော့ ပြောသင့်သည်ထင်သည်.။ နောက်ရက်တော့ သူကပ်သည့် ကြော်ငြာမှ လိပ်စာ အတိုင်း သူ့ စတူဒီယို သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်.။
“ ကျော်မင်း.. မင်းဘာတွေလုပ်နေလဲ သူငယ်ချင်း.. ”
“ ငါလား. အခု ဒီမှာလေ.. အပ်ထားတဲ့အခွေတွေလုပ်နေတာ.။ ကျောင်းကကောင်တွေကလည်းကွာ ဆိုလိုက်ကြတာ.။ ငါ့မှာ လက်ကိုမလည်ဘူး. ”
စာရင်းစာအုပ်နှင့် စီဒီချပ်များကို လက်ဖြင့်ပုတ်ပြရင်း ကျော်မင်းက ဆိုသည်. ။ ပြီးတော့ နောက်လှည့်ပြီး မိုးသက်ကို မထီသော အကြည့်ဖြင့်ကြည့် ပြီး ဆက်ပြောသည်.။
“  အားကျနေတာလား. ၊ ကြိုးစားပေါ့ကွာ ” တဲ့.။
          မိုးသက်အံ့သြသွားမိသည်.။ သူ့ကိုလည်း ဘာမှ ဆက်မပြောဖြစ်တော့..။ အံ့သြခြင်းတွေ တစ်ပွေ့တစ် ပိုက်နှင့် အိမ်ကို ပြန်လာမိသည်.။ လမ်းတစ်လျှောက်လုံး ဒီလိုလူတွေရှိသေးသလားဆိုတာ ဆက်တွေးမိသည်.။ အိမ်ကိုရောက်သည့်အခါ အိမ်ကခွေးက ထွက်ကြိုသလားမကြိုသလားဆိုတာလည်း မသိမိ ၊ မမြင်မိတော့.၊ ဘယ်အချိန်ရှိပြီးလဲ ဟု စိတ်မရှည်သလိုလိုမေးတတ်သည့် အမေ့အသံကိုလည်း မကြားမိတော့.။ ဒီလိုလူမျိုးကို မိမိတတ်သမျှ အိတ်သွန်ဖာမှောက် သင်ပေးခဲ့တာ မှန်သလား၊မှားသလား လည်း ဝေခွဲမရတော့.။ “ ဆရာစားဆိုတာ ပြောရရင် ဆရာကပညာ အကုန်မသင်ပေးပဲ သူ့အတွက် အကွက်ချန်ထားတာပေါ့. ။ ပြောရရင် သူ့ကိုမီမှာ စိုးလို့ ချန်ထားတဲ့သဘောပေါ့.။ အဲဒါ ဆရာမပီသ တာပဲညီရ ” ဆိုသည့် ကိုဌေးစကားက လည်းနားထဲက မထွက်.။
Tuesday, February 19, 2013
ဒီည...
ည...
သက်ပြင်းနဲ့သက်မ
တစ်လှည့်စီ ချ ရတဲ့ ည...။
တစ်ရာ့တစ်ကြိမ်မြောက် စီးမျောလို့..
စိတ်ထဲမရောမိဖို့..
မနောမှာ စွဲနေတဲ့ Album တစ်ခု
ထပ်တစ်လဲလဲ ရှုမိ နေတဲ့ည..။
လွမ်းရချည့် ကျွမ်းရချည့်..
မသိ..မသိခြင်းတွေနဲ့...
မရှိ. မရှိ တဲ့သူကို တမ်းတ နေမိတဲ့ည..။
ကြွေရချည့် သေရချည့်..
အဖြေကမရှိတဲ့ ပုစ္ဆာသက်သက်နဲ့...
တစ်ရွာ၊ တစ်ကမ္ဘာရယ်နဲ့..
အခါခါညည်းမိတဲ့ည...။
သူ ဆွဲသား ခဲ့တဲ့စည်းတစ်ကြောင်းတဲ့..
မြင်လို့တောင် မကောင်း...
ရင်ဘတ်အဟောင်းထဲက..
ပြောင်းလဲ မှုက အသစ်...
အစစ်မှ အစစ်လို့..
ဖြစ်တည်မှုတွေ ကိုယ်တိုင်သိနေတဲ့ည...။
နိမိတ်ပုံ ဆိုညည်း..
လေထဲက ဂစ်တာကိုတီးလို့...
စိတ်ထဲကပဲသီချင်းဆို..
ရူးသလိုလို ဖြစ်မိတဲ့ည...။
သွေးလန့်လို့ယောင်ယမ်း..
မျှော်မှန်းကာ တမ်းတ..
ရင်မှာ တစ်သသ နဲ့..
အလွမ်းတွေဖုန်ထ..
ကိုယ့်ရင်ကိုယ် သပ်ချ နေရတဲ့ည...။
အလွမ်းကိုကျောခင်း..
လေညှင်းကခြုံလွှာ..
ဆောင်းညကမ္ဗလာနဲ့        
နှင်းတွေကြားမှာထိုင်ပြီး
တောင်းပန်ကာတိုးလျှိုး
တစ်ခုသော မိုးကို တမ်းတ ခဲ့တဲ့ည...။
Sunday, February 10, 2013
အမေ...
          ပေါ့ပါးသော ခြေလှမ်းများကို စည်းချက်ကျကျ ပင်ပြေးလွှားနေပါ၏ .။ အမှောင်ထဲ၌ပင် မြင်ရလောက် အောင် သဘာဝတရားက သူမ ကို ဖန်တီးပေးထားရကား ၊ ခပ်လှမ်းလှမ်းမှ မီးရောင်ပျပျသည် သူမ လှုပ်ရှားရန် အတွက် အထူးပင် လုံလောက်နေပေသည်.။ ၀မ်းမီးက တစ်ရိပ်ရိပ်တောက်နေသလောက်..မီးဖွားပြီးစ နှင့်မမျှတ သောလှုပ်ရှားမှု အတွက် မသင့်တော်မှန်းသိလျက်နှင့် သူမ အထူးပင်တက်ကြွ နေလေသည်.။
          သူမ တို့အမျိုး၏ ထုံးစံအတိုင်းပင် လင်ယောက်ျားဖြစ်သူက သားသမီးမွေးသည်နှင့် သူမကို လုံးဝ လှည့် မကြည့်တော့ချေ.။ ရင်သွေးအတွက် ဆိုသည့် အသိက သူမ ၏ အင်အားများကို တိုးပွားစေရုံသာမက နောက် သို့ မလှည့်လိုသော စိတ်ဓါတ်ကိုပါ တစ်ပါတည်း ပေးလေသည်.။
          သူမကား ဤ အရပ်ဒေသ က မဟုတ်ချေ. ။ ဟိုးတောင်ခြေ ရွာထဲမှာသူမ မွေးခဲ့သည်.။ ထိုရွာထဲမှာပဲ  ကြီးပြင်းခဲ့သော်လည်း သူမ၏လင်ယောက်ျားနှင့် အကြောင်းပါပြီးနောက်ပိုင်း ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ လာရင်း လယ်တဲပျက်တစ်ခုမှာ သူမ မီးဖွားခဲ့ရသည်.။ မီးဖွားပြီးစ သွေးနု သားနုဘ၀ဖြင့် စားရေးသောက်ရေး အခက် အခဲ ရှိလာသောအခါ သူမ စွန့်စားရန် ကြံစည်မိခြင်းဖြစ်သည်.။
          တောင်ပေါ်က အိမ်ကြီးနှင့်ပတ်သတ်၍ သူမ တစ်ခါမှမစွန့်စားခဲ့ဖူးချေ.။ ထိုအိမ်ကြီး အတွင်းတွင် သူမ၏ ဦးလေးတစ်ဦး ကွယ်လွန်ခဲ့ဖူးသည်ဟု မိခင်က ပြောခဲ့ဖူးသည်.။ ထိုအိမ်ကြီး၏ ၀င်းနံရံကလည်း လွန်စွာခိုင်ခံ့လှ သည်.။ဖြစ်နိုင်လျှင် သူမ ထိုအိမ်ကြီး အနားသီဖို့ပင် စိတ်မကူး.။ အန္တရာယ်ကို အားလုံးက ရင်ဆိုင်ရင်ဝန်လေးကြ သည့်နည်းတူ သူမသည်လည်း အန္တရာယ် အငွေ့အသက်ကို ချဉ်းကပ်ရန် စိတ်မကူးမိ.။ သို့ရာတွင် ယခု မူကား အရာရာကို ဘေးချိတ်၍ သူမ အစာအတွက် စွန့်စားရတော့မည်.။ အရေးကြီးသည်က သူမ အစာစားရမှ နို့မ ပြတ်သေးသော သားငယ်တို့အတွက် နို့ချိုတိုက်ကျွေးနိုင်မည်.။ အဓိကက အစာရဖို့.။
          အိမ်ကြီးရခိုင်၏ နောက်ဖေးတွင် မလွယ်ပေါက်တစ်ခုရှိသည်ကို သူမ မနေ့က သိထားခဲ့သည်.။ ထို့အ တွက် ညနေက သူမ ထိုမလွယ်ပေါက်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်.။ အပြန်အတွက်မူ မှုစရာ မလိုပေ.။ ခြံစည်းရိုးလွတ်နေသော ၀က်ခြံပေါက်သည်.အစာဝနေချိန်တွင် သူမအတွက် ခုန်ကျော်ထွက်ဖို့ ခဲယဉ်းသည့် အရာ မဟုတ်ကြောင်း သူမ သိထားသည်.။
          ထုံးစံအတိုင်းပင် ခါတိုင်းရက်များကဲ့သို့ အိမ်ကြီးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်.။ အစားအစာရ နံ့များရရှိရာ အဆောင်ဖက်သို့ သူမခြေလှမ်းများက ဦးတည်သည်.။ တစ်ခါမှ မလွဲဖူးသည့် သမိုင်းအစဉ်အလာ နည်းတူ စားသောက်ဆောင်သို့သာ တန်းတန်းမတ်မတ်ရောက်သည်.။ သဘာဝက ပေးသည့် အတတ်ပညာအ ချို့က ဒီနေရာမှ လွန်စွာအသုံးကျလေ့ရှိသည်. ။ ကြာကြာပင် မရှာလိုက်ရ. ။ တွေ့ပြီ..။
          စားပွဲပေါ်သို့ခုန်တက်လိုက်သည်.။ သို့ရာတွင် ရနံ့များထွက်ပေါ်နေရာ ဟင်းများကို အုပ်ဆောင်းဖြင့် အုပ် ထားသည်.။ မည်မျှပင် လိမ္မာပါးနပ်ပါစေ.။ အုပ်ဆောင်းများကို ဖယ်ရှားရာတွင် ဒုက္ခတွေ့တတ်တာကို သူမ သတိရ မိသည်.။  ကြိုးစား၍ တွန်းသည်.။ နေရာ အနည်းငယ်ရွေ့သည်.။ အုပ်ဆောင်း အုပ်ထားသည့် ကြားမှ စားသောက်ဖွယ်ရာများကို  သူမ တွေ့လိုက်ရသည်.။ အားတက်သွားသည်.။ နည်းနည်း အားထည့်ပြီး ထပ်တွန်း လိုက်သည်.။ အားလွန်သွားကြောင်း သူမ နောက်ကျမှ သိလိုက်သည်.။
          “ ခွမ်း .. ချလွမ်း ”
          “ ဟာ..ဟေ့ကောင်တွေ.လာကြဟေ့. ”
          သွားပြီ. သူမ နောက်ကျသွားပြီ.။ သူမ၀င်ရောက်လာသော စားသောက်ဆောင်အခန်းတံခါး က ဂျိမ်းကနည်း ပိတ်သွားသည်.။ သူမစားပွဲပေါ်မှ  လျင်မြန်စွာ ခုန်ဆင်းပြီး ပြတင်းပေါက်တစ်ခုအနားကို ပြေးသည်။ ပြတင်းပေါက် တံခါးများပါ ပိတ်ကုန်သည်.။ ဘယ်လိုဖြစ်တာလဲ စဉ်းစားလို့မရခင် နောက်ဆုံးကျန်သော တံခါးမ ကြီး နားမှာ တုတ်တစ်ချောင်း ကိုင်ထားသော လူတစ်ဦး၏ အရိပ်ကို တွေ့လိုက်ရသည်.။
          “ ခွပ်. ခွပ်.”
          ခေါင်းကိုထိသွားသည်မှာ သေချာသလောက်ရှိသည်. ။ သူမ မျက်လုံးများပြာဝေသွားသည်.။ ဘယ်ဖက် မျက်လုံးအထက်နားမှာ ပူနွေးသော အရည်တွေ စိုစွတ်လာသည်.။ သူမ သွေးရူးသွေးတမ်းနှင့် ပြေးသည်.။ သူမ အသက်ရှင်မှ ဖြစ်မည်.။ ဒါမှ သူမ ရင်သွေးလေးတွေ နို့စို့ရမည်.။ သူမ မရှိလျှင်…..။
          ပြေးနေရင်းပင်. ။ ပြင်းထန်သော တုတ်ချက်တစ်ချက်က သူမ ဦးခေါင်းကို တည့်တည့်မတ်မတ်ထိ သည်။ ပြေးရင်းပင် ပုံလျက် လဲသွားသည်.။ ခြေတွေလက်တွေက လှုပ်လို့မရ ။ မျက်လုံးတွေက အရည်တွေပိတ် နေသည်.။ဝါးတားတားအမြင်အာရုံထဲမှာ လူရိပ် နှစ်ခု ၀င်လာသည်. ။ တစ်ယောက်က သူမကို ရိုက်ခဲ့သည့် သူ ၊ နောက်တစ်ယောက်က တောင်းတစ်လုံးနှင့်.။
          လွတ်တစ်ချက် မလွတ်တစ်ချက် သတိတရားထဲမှာ.သူမ သေရတော့မည်ကို သိနေသည်.။ အာခေါင်ထဲ မှာ ဘယ်က၀င်လာမှန်းမသိသော အရည်တွေ ပြည့်နေသည်.။ ဆတ်ဆတ်တုန်နေသော ခြေလက်များက ထိန်း သိမ်းရ ခက်လောက်အောင် အကြော အချင်တွေ ရုန်းကန်လှုပ်ရှားနေသည်.။ သေခြင်းတရားကို ရင်ဆိုင်နေရင်း ရင်သွေးငယ်လေးများ ဆိုသည့် အသိက သူမအသိထဲ ဒိတ် ကနဲဝင်ရောက်လာသည်.။
          သူမ နောက်ဆုံးကျန်ခဲ့သည့် အားအင်ကို စုသည်.။ ခပ်ပြင်းပြင်ဝင်သက်ထွက်သက် များနှင့် ဟောဟဲ ဆိုက်နေသော အသက်ရှုသံများက နောက်ဆုံးအားအင်အတွက် အရှိန်ယူနေကြသည်.။ စောစောက တွေ့လိုက် ရသော တောင်း ကိုင်ထားသည့် လူ အနားသို့ ထိုင်အချတွင် နောက်ဆုံး အားအင် ဖြင့် ကုန်းရုန်းထကာ ခုန် ထွက်လိုက်သည်.။
          “ ဟာ.. ပြေးပြီဟ. လုပ်ကြဦး . လုပ်ကြဦး.”
          သူမ ပြေးထွက်ရာနောက်သို့ ဆက်လက်လိုက်လား ၊ မလိုက်လား လှည့်မကြည့်နိုင်တော့ပါ.။ မျက်စိအ  မြင်အာရုံ မရှိတော့ သူ တစ်ယောက် အတွက် ခြံစည်းရိုး ကို ဘယ်လို ခုန်ကျော်ခဲ့လည်း သူမ ကို သူမ မဆန်း စစ်တတ် တော့ ပါချေ.။
          ခြံအပြင် ဖက်သို့ရောက်ရှိပြီး သူမ အားအင်တွေ ကုန်ခန်းခဲ့ပြီးဖြစ်ကြောင်းသိလိုက်သည်.။ နားထဲမှာ  ရင်သွေးငယ်လေး များ၏ အသံကို ကြားရသည်.။ သူတို့ ပျော်နေကြလား၊ ၀မ်းနည်းနေရော့လား.၊ မဝေခွဲ နိုင် တော့.။ သားတို့ အတွက် အမေ ကြိုးစားခဲ့တယ်…..။ ဒါပေမယ့်.. အမေ.. မအောင်မြင်ခဲ့ဘူး.။  သူမ ပြောသမျှ  အသံ ထွက်မလာ.။ ရင်ထဲမှာ တစ်လှိမ့်လှိမ့်တက်လာသော ဆူညံမှုကြီးဖုံးလွမ်းသွားသော အခါ..တွင် တစ်သိမ့်သိမ့် လှိုက်၍ တုန်ခါနေသော သူမ၏ ခန္ဓာကိုယ် ငြိမ်သက်သွားတော့သည်.။
+++++++++++++++++++++++++++++++++++++++++++++++++++
          “ ဒီမှာတွေ့ပြီဟေ့.။ ဟေး မိုးသက်. ဓါတ်မီးယူခဲ့ကွာ.. ”
          “ ဟုတ်ကဲ့ ကိုငယ်..”
          ကိုငယ်အနားကိုရောက်တော့ ဓါတ်မီးကို မြှောက်ပြလိုက်သည်.။ နှစ်ယောက်စလုံး ဟာ ကနဲ ဖြစ်သွား သည်.။ မိုးသက်တို့ မြင်လိုက်ရတာက သွေးချင်းချင်းနီသော ဒဏ်ရာ များဖြင့် သေဆုံးနေတဲ့ ခွေးမ ကြီးတစ် ကောင်.။ ခွေးမကြီး အလောင်းက နို့တွေကို တစ်အီအီမြည်ရင် စို့နေကြသော ခွေးပေါက်စကလေး ငါးကောင်.။
          ခွေးကလေးများကို ခွေးမကြီးအလောင်းကနေ ခက်ခက်ခဲခဲ ဖြုတ်ယူကြရသည်.။
          “ အော်. ..ခွေးသားအုပ်မ မို့လို့ ဒီလောက် အသက်ပြင်းတာကိုးကွ….။ အမေဆိုတာ ဒီလိုပါပဲ. ။ သားသမီးအတွက် အသက်စွန့်ပြီး အစာရှာတာပဲ.။ ငါမှားသွားတယ် အငယ်ကောင်..”
          ကိုငယ်က စိတ်မကောင်းခြင်းကြီးစွာဖြင့် ဆိုသည်.။ မိုးသက်စိတ်ထဲက ခပ်တိုးတိုးရွတ်မိလိုက်သည်.။
          သြော်…။ ဘယ်ဘုံ၊ ဘယ်ဘ၀ပဲ ရောက်နေနေ.၊ အမေ..ဆိုတာ အမေပါပဲလေ..….။
++++++++++++++++++++++++++++++++++++++++++++++++++++++
မနက်ဖြန် ဖေဖော်ဝါရီ ၁၁ ရက်နေ့ က အမေ့မွေးနေ့ပါ.။ အမေ့ကို တိရစ္ဆာန်နဲ့ နှိုင်းတာမဟုတ်ပါဘူး.။
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်အားလုံးကိုရဲ့ဂုဏ်ကိုရေးလိုတာပါ.။ အရေးအသားက နည်းနည်းလိုမယ်ထင်တယ်။
ဒါပေမယ့် ဒါက တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ.။ ဖြည့်ဖတ်ကြပေါ့.။
Saturday, February 2, 2013
သဘောလောက်ပြောရရင်..
            မော်စကို ဆောင်းညက ရတု ဖွဲ့ဖို့ မမီတော့ ပြီ  .။ သုည အပေါ် ၁ ဒီဂရီ ဆိုကတည်းက ကွင်းထဲမှာ ဘောကန်ရန် လူစုဖို့ပင် မလို.။ ညကြီးသန်းခေါင် ဘောကန်သူများကို အရူး လို့ ခေါ်ချင်ခေါ်ကြပါစေပေါ့.။ သူတို့ လူမျိုးများကတော့ အားကစားကို ခုံမင်လွန်းလှသည်.။ အနုတ် ၂၀ ဒီဂရီနားကပ်နေသည်ကိုပင် ဘောလုံးကွင်း ပတ်ပြီး အပြေးကျင့်သူက ကျင့်တုန်း.။ ဒါတောင် အားကစားသမားမဟုတ်.။ သာမာန်ကျောင်းသား ပင်.။
          ဒီနေ့ညကမှ ထူးထူးဆန်းဆန်း ခြောက်ကပ်နေသည်.။ အခန်းထဲက “ ဆည်းလည်းသံ” လို့ နာမည် တိတ်တခိုးပေးထားသော သူငယ်ချင်း က ကျောင်းတကာ ပတ်၍ လည်နေသည်.။ မနေ့ကထိ ဆူတုန်း၊ ညံတုန်း ၊ ဒေါပွရတုန်း.။
ငမိုးတို့ ရဲ့ ၁၅ ပေပတ်လည် သုံးယောက်ခန်းလေးထဲမှာ ဆည်းလည်းလေး ကနှစ်လုံး ရှိသည်.။ အခု ဆည်းလည်းတစ်လုံး ကျောင်းပတ်နေတုန်း.။ တစ်လုံးက ဖျားနေသည်.။ ဖျားနေသည့် တစ်ယောက်က ကျန်းမာရေး အင်မတန်ကောင်းသည်.။ မနှစ်က ငမိုးတို့ တစ်ကျောင်းလုံး ဖျားကြတုန်းက သူတစ်ယောက်တည်း ထူထူထောင်ထောင် နှင့် အခန်းပတ်ကာ လူမမာစာတွေ လိုက်စားသူ ဖြစ်သည်.။ ငမိုးကတော့ မော်စကိုကို နှစ်ရက်ဆက်တိုက် သွားပြီး လမ်းတကာ ပတ်သွားနေသည်ကို ပင် ခုထိမဖျားသေး.။ လောလောဆယ် အခန်းက အင်မတန် တိတ်ဆိတ်ပြီး နေလို့ထိုင်လို့ အင်မတန်ကောင်းနေသည်.။ လတ်တလော အခြေအနေအရ စားပွဲပေါ်မှာ ဖောက်လက်စ အာလူးကြော်တစ်ထုပ် နှင့် Lipton Tea တစ်ဘူး. ရှိသည်.။ စိတ်ထဲမှာ ၀တ္ထုရေးချင် စိတ်ပေါ်နေသည်.။ အတွေးကားမရှိ.။ မကြာမကြာ ဦးနှောက်ထဲတွင် ပေါ်တတ်သည်.။ သို့သော် အခြား အလုပ် တွေကြား မှာ အဲဒီအတွေးတွေ ညပ်ညပ်ပါသွားလေ့ရှိသည်.။ ဖဘကို ဖွင့်ထားမိသည်.။  စတေး တပ်စ် တင် မည်လုပ်သည်..။ ရေးသင့် မရေးသင့် ချိန်ရသေးသည်.။ ရေးလိုက်ဖျက်လိုက်.၊ ပြန်ရေးလိုက်.၊ တစ်ခါတစ်ခါ ရေးပြီးတင်ပြီးမှ  လူမမြင်ခင် ပြန်ဖျက်.။
ယနေ့လည်း ဘလော့ပတ်ဖြစ်သေးသည်.။ ကိုယ့်အစ်မ အရင်းလို ချစ်ရှာသော အစ်မကန်ဒီ ဘလော့ မှစာကို ခုထိ သဘောကျနေတုန်း.။ မင်္ဂလာဆောင်ကို မြန်မာထုံးစံဖြင့် အကျဉ်းချုံးလုပ်လိုသော ငမိုး အစ်မ .။ ဘယ်နေရာကိုပဲရောက်ရောက် ဘာပဲရောက်ရောက်… မြန်မာစိတ် မပျောက်သွားတာကိုက လေးစားဖို့ကောင်းနေပြီ.။ ဖဘ မှာဖြစ်ဖြစ် ဘာဖြစ်ဖြစ် နေရာတကာ မပါပဲ ကိုယ်ဖျောက်နေတတ်တာကို သတိထားမိသည်.။ ဘာပဲ ပြော ပြော ငမိုးလည်း လိမ္မာသူတွေနှင့် ပေါင်းရသည်မှာ စိတ်ချမ်းသာလှသည်.။ တစ်နေ့က မန်းမှ အဒေါ်နှင့် စကိုက် ခေါ်ပြီး စကားပြောဖြစ်ကြသည်.။ ငမိုးတို့ အမျိုးထဲ အရက်သောက်သူမရှိ ၊ ယောက္ခမ-ချွေးမ/သားမက် မတည့် တာမရှိ၊ အမှုအခင်းပွေလီ မရှိ၊ လူမှုရေး အရှုပ်အရှင်းမရှိ ဟု ကိုယ့် အမျိုးကိုယ်ဖော်ပြီး နှစ်ယောက်သား သဘောကျ မိ ကြသည်.။ ကိုယ့် ငါးချဉ်ကိုယ် ချဉ်ခြင်း ဖြစ်ချင်ဖြစ်ပါစေ.။ ငမိုးလည်း မိမိ အမျိုးထဲကလို  လိမ္မာ သူများသာ ရွေးပေါင်းခြင်းဖြစ်သည်.။
တစ်ရက်တစ်ရက် ဖဘ တွင် အချိန်ကုန်ရသည်မှာ သိပ်တော့ အဆင်မပြေလှ .။ လောလောဆယ်တော့ အလုပ်တော်တော် လုပ်မိသည်ဟုဆိုရမည်.။ http://seinlanmyay.org  Joomla ဆိုက်ကို လောလောဆယ် ငမိုးကိုင်နေရသည်.။ နဂို ၀က်ဘ်မာစတာ လုပ်သွားသည့် စင်ကာပူ မှ အစ်ကိုက တော်တော်ကို တော်ပါသည်.။ အစစအရာရာ အဆင်သင့် သုံးရုံ ဖြစ်အောင် လုပ်သွားပေးသည်.။ လိုအပ်သည့် နှိုးဆော်စာများ ၊ ဂုဏ်ပြုလွှာ များ၊ အလှူမှတ်တမ်းများအားလုံး ကိုသေချာ ထည့်ထားပေးသည်.။ ဘလော့နှင့် ၀က်ဘ်ဆိုက်က သဘောတရားခြင်းတော့ အတူတူပင်ဖြစ်သည်.။ သို့ရာတွင် ၀ဘ်ဆိုက် ဆိုသည့် အမျိုးက Control Panel တစ်ခုလုံးကိုယ့်လက်ထဲမှာ ထားရသည်.။ Hosting ကအစ ကိုယ့်ဖာသာ၊ တည်ဆောက်ပုံနှင့် Database ကအစ ကိုယ့်ဖာသာ တည်ဆောက်ရတော့ အဲဒါတွေတော့ရှုပ်သည်.။ လုံခြုံရေးအပိုင်းကတော့ ငမိုးလည်း နည်းနည်းပါးပါး တီးမိခေါက်မိရှိသလောက်တော့ လုပ်ရသည်.။ ဘာပဲပြောပြော ဖဘပေါ်မှာ အချိန် ကုန် တာ ထက် စာရင် နတ်လူသာဓုခေါ်မည်ဟု ကွကို ဖြေသိမ့်ရသည်.။
ငမိုးနိုင်ငံရေး မလုပ်ပါ.။ တစ်ခါတစ်ခါ စိတ်တိုသည့် အခါတော့ဝင်ရေးတတ်ပါသည်.။ စစ်သားလည်း နိုင်ငံရေးလုပ်ခွင့် မရှိပါ.။ ဒါတောင် မဆီမဆိုင် ငမိုးကို MyanmarExpress ကဟု စွတ်စွဲသူက ရှိသေးသည်.။ ငမိုးဖာသာ MyanmarExpress လည်းမဟုတ်ပါ.၊ ဒေါက်တာ ဆိတ်ဖွားလည်းမဟုတ်ပါ.။ သူတို့ ဘယ်သူမှန်းလည်း ငမိုးမသိပါ.။ တစ်ခါကလည်း ဘင်္ဂလီအရေးက Myanmar Striker ဆိုက်က လူ တစ် ယောက်ကို  ဘင်္ဂလီ ဟု Myanmar Express ကတင်၍ ငမိုးကို လာရောက်ဆက်သွယ် တောင်းပန်တာ ခံရသေးသည်.။ ငမိုးဘာတတ်နိုင်မည်နည်း.။ ထိုသူက ပြောသေးသည်.။ Myanmar Express ကမော်စကိုမှ ထောင်ထားသည်ဖြစ်၍ ဆက်သွယ်ပေးပါရန် (သို့) ထိုပုံဖြုတ်ခိုင်း ပေးပါရန် ဖြစ်သည်.။ ငမိုးလည်း မသိ. ။ ရှေ့မီ နောက်မီ စီနီယာများကို စုံစမ်းရသည်.။ ကျောင်းအသီးသီးကို မေးရသည်.။ ဘယ်ကျောင်းမှာ မှ အဖြေမပေါ်၊ စီနီယာရှေ့မီ နောက်မီတွေလည်း သေချာ မသိ.ဆိုတော့ ငမိုးလည်း မတတ်နိုင်ပါ.။ ဒီကမဟုတ်ဟု ပြောသော် လည်းထိုသူ မယုံသလိုလို နှင့်တော့ လက်လျှော့သွားပုံရသည်.။
အသိတွေထဲမှာ ငမိုးရဲ့ အချစ်ရေးကို လာလာမေးကြသူရှိသည်.။ ဖြစ်နိုင်လျှင် လက်မ အောက်စိုက်ပြီး လည်ပင်းတွင် ဆွဲထားရမည်ထင်သည်.။ ဖြေရလွန်းမက ဖြေရတော့လည်း မဖြေချင်တော့.။ ငမိုးလည်း ကိုယ့်ကိုယ်ကို တစ်မျိုးတစ်မည်တော့ ခံစားရသည်.။ အကြောင်းမသိသူများကတော့ တစ်နှစ်လေးယောက် ပွေလှသည့်အကောင်ဟု ထင်မည် ဖြစ်သည်.။ အကြောင်း မသိဆိုကတည်းက ကိုယ့်ကို မခင်ကြ သူ တွေ ဖြစ် သည်.။ ကိုယ့်ကို မခင်မှတော့  ကိုယ့်ကို ထင်ချင်ထင်ကြပါစေ.။ အချင်းချင်း ယုံကြည်လျှင် တော်ပါပြီ.။ ကိုယ့် တွင်လည်း အစ်မနှင့် ညီမ နှင့်။. သူများသားသမီးကို ပွေချင် ရှုပ်ချင် အပျော်ကြံချင် စိတ်ငမိုးတွင် ရှိမရှိ  အချင်း ချင်း သိကြလျှင်ပင် ကျေနပ်လှပြီဖြစ်သည်.။ ကြာတော့ လူလည်း ထုံပေပေဖြစ်ပြီး. ဖဘ ပေါ်တွင် ဖီလင်တက်ပြီးရှယ်ယာ လုပ်ကြသော အချစ်ဒဿနများကို ကြည့်ရင်းသာ ရယ် ချင်လှတော့သည်.။ သို့သော်လည်း အနုပညာ စိတ်က ကြာကြာမခံနိုင်.။ ဟိုတစ်လောက လာသွားသည့် ကိုမင်းဧရာ(နွေတေးရှင်) ရဲ့ ကဗျာ များအလွန်ကောင်းသည်.။ မြန်မာကဗျာ ငတ်နေသော ငမိုး ရေငတ်တုန်း ရေတွင်းထဲ ကျသလို ပင်ဖြစ်မိသည်.။ မော်ဒန်ဆို ကိုအလင်းသစ်၊ မြန်မာဆို ကိုမင်းဧရာ၊ ၀တ္ထုဆို အစ်မမဒမ်ကိုး၊ သရော်စာ ဆိုလျှင် ဦးအိကု၊ အလှအပ ဘာညာ ဆို မကန်ဒီ ၊ ခရီးသွားဗဟုသုတ ဆို မကွန် ၊ သူ့နေရာနှင့်သူ ဖေးဘ ရိတ် ထားရသည်.။ ကျန်သူတွေ လည်း သဘောမကျ၍ မဟုတ်ပါ.။ ငမိုးဘလော့ရဲ့ လင့်ခ် ချိတ် ထား သူ တွေ အ ကုန်လုံးက ငမိုးရဲ့ ဖေးဘရိတ်တွေချည်းပဲဖြစ်သည်.။
ရှေ့လတွင် ငမိုးရဲ့ မွေးသမိခင် မွေးနေ့ ရှိသည်.။ အမေ့ကိုတောင်းပန်စရာတစ်ခုရှိသည်.။ တစ်ချိန်က ငမိုးရည်ရွယ်ပြီး ဒီဘလော့မှာပင် သူ့နာမည်အကြိမ်ကြိမ်ရေးခဲ့သူ တစ်ဦး အကြောင်း အမေနှင့်ပြောစဉ်က မတော်လိုက်ရ သည့် ယောက္ခမ မိသားစု တစ်စုလုံးမွေးနေ့ တွေ ငမိုးအလွတ်ရကြောင်းပြောမိသည်.။ အမေ က ငမိုးတို့ မိသားစု မွေးနေ့တွေပြန်မေးတော့ ငမိုးဆိုသည့် ငတိက အမေ့ မွေးနေ့မှ လွဲ၍ ကျန်သည့် မွေးနေ့ အကုန်လုံးကို မှတ်မိသည်. ။ အမေ့ မွေးနေ့တစ်ခုတည်း မေ့နေသည်.။ အမေ ၀မ်းနည်းသွားသည်.။ ငမိုး လည်း သိသည်.။ တစ်ခါတစ်ခါ လိမ္မာအောင် နေလျက်နှင့် ထိုသို့ မှားသည့် အမှားတွေက ခွင့်လွှတ်ရခက် ၊ ဖြေ သိမ့် ရ ခက်တွေ ဖြစ်နေတတ်ပါသည်.။
စာလည်းရှည်ချေပြီ.။ ဖျားနေသည့် သူငယ်ချင်းကုတင်မှ လူးလိမ့်ညည်းငြူသံကြားသည်.။ Enter ခေါက်သံခပ်ကျယ်ကျယ်ကြောင့် နိုးလာပြီးထင်သည်.။ ပါးစပ်ထဲ ဘာမှ မရှိပါပဲလျက် ပလပ်ပလပ်နှင့် လေ တွေ ၀ါးနေသည်..။ အိပ်ပျော်သွားလျှင်တော့ အဖျားကျမှာ သေချာသည်.။ ဒီတစ်ပတ်လုံး ငမိုးပို့စ်ပြန်တင်ဖြစ်သည်မှာ  အလွန်ပျော်သည်.။ ကွန်မန့်များမြင်တော့လည်းပျော်ပါသည်.။ ဘလော့ဂါ ဟု ကွကို အမည်ခံထားသူများအဖို့ ကွန်မန့် ကိုတွေ့ရသော ပီတိသည်. စာရေးဆရာများ စာမူခ ရသော ပီတိထက် လျော့မည် မထင်ပါကြောင်း..။
                                                                                                   လေးစားလျက်
                                                                                                       မေမြို့မိုး
Sunday, January 27, 2013
ခုတစ်လော(၁)
နံပတ်(၁) - 
      ဒိုင်ယာရီ မရေးဖြစ်တာကြာခဲ့ပြီ.. ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ဖာသာ မှတ်သားတဲ့အတိတ်ကို ပြန်
မြင်မယ့် လူတစ်ယောက်ကို မနာကျင်စေချင်လို့ပေါ့.။ ကြာခဲ့ပြီဆိုတာတောင် နောက်ဆုံးရေးခဲ့တဲ့နေ့က 
၁-၁-၂၀၁၃ ဆိုတော့ သိပ်မကြာဖူးပေါ့.။ မထူးပါဘူး.။ ပြန်ရေးရမှာပါပဲ.။ စောစောကတည်းက စမူဆာနဲ့
ပေါက်စီဆိုတာ ဘယ်လိုလုပ်ထပ်တူကျမလဲနော့..။ လောလောဆယ် ကိုယ့်ထက် အရေးကြီးတာတွေအများ
ကြီးပဲ ကျွန်တော်ကတော့အေးဆေးပါ..။ အလှည့်အပြောင်းတွေကို နားလည်နေပြီ..။ အကောင်းဆုံးနေမယ်။
မိဘကလွဲရင် အစားထိုးမရဘူးဆိုတာ မရှိပါဘူးနော့.။
နံပတ် (၂) -
       ပရဟိတ အသင်းအစည်းအဝေးမှာ ကျွန်တော် ရာထူးတိုးသွားတယ် :D။ ရာထူးတိုးတယ်ဆိုပေမယ့်
တာဝန်ပေးခံရတာပေါ့.။ အင်တာနက်တာဝန်ခံ ဆိုတော့ ကျွန်တော် Joomla ဆိုက်ကိုင်ရဦးမယ်.။ လော
လောဆယ် Coding ကို မလုပ်ဖြစ်တာ သိပ်ကြာနေပြီ ..။ ဆိုတော့ ကျွန်တော်စာပြန်ဖတ်ရလိမ့်ဦးမယ်.။ 
တော်သေးတာပေါ့ .။ စာမေးပွဲပြီးသွားလို့.. ။ ဘာပဲပြောပြော ပင်ပန်းရလည်း ကိုယ့်ကြောင့် လူတွေစိတ်ချမ်း
သာရရင်ကျေနပ်ပါတယ်.။ ကျွန်တော်တို့ အလုပ်က မကောင်းတဲ့အလုပ်မှ မဟုတ်တာ..။
နံပတ်(၃) -
       ကျွန်တော်ကသာ ကိုယ်အသုံးမကျလို့ ဘလော့မှာ လူမ၀င်တိုင်း Facebook ကို အပြစ်တင်နေတာ.။ 
တကယ့် တကယ် Facebook မှာ အစ်မမဒမ်ကိုး၊ ဦးအိကု တို့ ပျောက်သွားပြီ. ။ ကျွန်တော်လည်း ပြန်ကြား
ရေး လုပ်ဖို့သာ သုံးနေရတယ်.။ (တကယ်တော့မပြတ်နိုင်တာလဲ ပါပါတယ်. )။ အစ်မကန်ဒီတို့လို Silence လုပ် နေနိုင်ရင်လည်းအကောင်းသားပေါ့.။ ဒါပေမယ့်...။အင်း.. တစ်ဖြည်းဖြည်းတော့လျှော့ရမှာပေါ့လေ.။
နံပတ်(၄) -
       ခုတစ်လော ကိုကိုးတို့ရေးတဲ့ မိုင်တိုင်(၂၀) တို့ ၊ ကြယ်စင် ဆယ့်တစ် တို့ ခေတ်စားနေတယ်.။ ပွင့်ပွင့်
လင်းလင်းပြောရရင် အားကျပါတယ်..။ ကျွန်တော့်လက်ကို ကျွန်တော်သိတယ်.။ အတိုထက် အရှည်ကို 
ပိုအားသန်မိတယ်.။ အဲဒီအရှည်တောင် လောလောဆယ် တို့လို့တန်းလန်းဖြစ်နေတယ်.။ ကျိန်းသေတာက
တော့ လူတော်တော်များများက ၀တ္ထုတိုလေးတွေပဲ ပိုသဘောကျမှာပဲ.။ အတိုလေးတွေပြန်ရေးရဦးမယ်.။ 
ဝတ္ထုနဲ့ပတ်သတ်ပြီးတော့ပဲ ဒီဘလော့လေးက စလာတာကိုး..။ 
နံပတ်(၅) -
      ခုတစ်လော Facebook မှာ Message Box ကနေ လိုက်ပို့တဲ့ Ware တွေရှိနေတယ်.။ အဲဒီကောင်တွေ
ကိုရှင်းဖို့ သိပ်မခဲယဉ်းပါဘူး.။ ခဲယဉ်းတာက ဒီလင့်ခ်လေးကို Like လုပ်ပေးပါ.။ Share ပေးပါဆိုတာ တွေ
ပဲ.။ ကိုယ်ကြိုက်ရင် ကိုယ် Like ပေါ့.။ တစ်ချက်လောက်ကြည့်ပေးပါဆိုလည်း တော်သေးတယ်.။ သဘော
ကျရင် ၊ Like သင့်ရင် Like မှာပေါ့.။ Like ရုံမက တစ်ခြားသူကို ပြချင်ရင် Share ပေးမှာပေါ့.။ အခုဟာက
အရည်အချင်းပြိုင်ပွဲတွေ ၊ အလှအပပြိုင်ပွဲတွေထက် ၊ အားမနာလျှာမကျိုးပြိုင်ပွဲတွေနဲ့တူနေတယ်.။
နံပတ်(၆) -
     ဟိုနေ့က တွေ့ရသေးတယ်.။ ကလေးလေးတစ်ယောက်ကို ခြေသလုံးက အရှိုးရာလေးတွေ ပြပြီး ဆရာ
မ ကိုတရားစွဲတဲ့ ကိစ္စ..။ အဲဒီဆရာမ ဘယ်လိုဖြစ်သွားမလဲ.။ မြန်မာနိုင်ငံက ဆရာမပဲ.။ ရိုက်မှာပဲ.။ ကျွန်
တော်တို့ တုန်းက လည်းရိုက်ခံကြရတာပဲ.။တရားစွဲဖို့ ဝေလာဝေး ၊ စိတ်ထဲကတောင် မငြိုငြင်ခဲ့ဖူးဘူး.။ 
ချစ်ကြောက်ရိုသေပဲ.။ အဲဒီလိုတရားစွဲတဲ့ မိဘ ဆိုတာ ငယ်ငယ်က ဆရာ၊ဆရာမ ရိုက်တဲ့အခါ မကြိုက်တဲ့သူ
တပည့်သက် မကြေခဲ့သူလို့ ထင်မိတယ်.။ ဒီကိစ္စနဲ့ပတ်သတ်ပြီး US ကသူငယ်ချင်းတစ်ယောက်နဲ့ ငြင်းရ
သေးတယ်.။ မတူတာကို ယှဉ်လို့မရပါ.။ သူတို့နိုင်ငံကလူတွေက ခံယူချက်ကိုက ကောင်းပါတယ်.။ 
ကိုယ့်လူမျိုးအကြောင်းကိုယ်သိပေါ့.။ အရှေ့တိုင်းသားနဲ့ အနောက်တိုင်းသား စိတ်ထားကို မတူကြပါဘူး.။
ကိုယ့်လူမျိုးက ဘာသာတရားမှာကိုက ငရဲဆိုတဲ့ အကြောက်တရားနဲ့ထိန်းပြီးသား.။ ကျွန်တော်တို့ ဆရာမ
ကိုတစ်ခါမေးဖူးတယ်.။ သူတို့ဘာသာမှာလည်းရှိတဲ့ ငရဲ ဆိုတာကိုယုံမယုံပေါ့.။ ဆရာမက မယုံဘူးလို့ပဲ
ပြောတယ်.။ ဒါဖြင့်ရင် ခင်ဗျား ဘာဖြစ်လို့ အရက်မသောက်တာလဲ.လို့မေးတော့.။ မကောင်းမှန်းသိလို့ 
မသောက်တာတဲ့.။ ကျွန်တော်တို့ လူမျိုးထဲမှာ ငရဲ ဆိုတာ မရှိရင်၊ ဒါမှ မဟုတ် မယုံကြရင် ဘယ်လောက်
တောင် အထိန်းအကွပ်မဲ့လိုက်ကြမလဲ.။ ဒီက လူမျိုးတွေ ၁၀၀ မှာ ၉၀ က ငရဲကို မယုံကြဘူး.။ ကိုယ့်အသိ
စိတ်ဓါတ်နဲ့ကိုယ် ထိန်းကြသူတွေ..၊ တကယ်တော့ သီလ ဆိုတာ ဘာသာရေးဆိုင်ရာ ဥပဒေပါပဲ.။
နံပတ်(၇) -
       အမေများနေ့မှာ အမေ့ဆီလည်း ဖုန်းမဆက်လိုက်ရဘူး.၊ အစည်းအဝေးက နေ့လည် ၁၂ နာရီက စ
ပြီး ည ၇ နာရီခွဲမှပြီးတယ်.။ ကျွန်တော်တို့ အစည်းအဝေးဆိုတာ အကြီးတစ်ယောက်ကပြောပြီး နောက်က
နေ စိတ်မပါလက်မပါ လိုက်နားထောင်နေတာမျိုးမဟုတ်ဘူး.။ အားလုံးက ကိုယ့်သဘောကိုယ် ထပြောပြီး
အဆင်မပြေတာတွေ အခက်အခဲတွေကို တစ်ခါတည်း ပေါင်းစည်းပြီး သဘောတူဖြေရှင်းကြတာ.။ အားလုံး
က ပြောကြ.၊ ဆွေးနွေးကြတော့ကြာလို့ ကြာမှန်းမသိပါဘူး.။ သိပ်ပြီးထိရောက်တယ်..။
နံပတ်(၈) -
      ကျွန်တော်လည်း ရန်သူတွေများနေတယ်.။ Facebook ကို တစ်ခြားနေရာက ၀င်တာ ၃၊ ၄ ကြိမ်ရှိနေ
ပြီ.။ ဒါပေမယ့် ကျွန်တော့်ပတ်စ်ဝက်သိနေရင်တောင် ၀င်လို့မရအောင်လုပ်ထားတာ..။ ပျက်သွားလည်း
သိပ်တော့ ဂရုမစိုက်ဘူး.။ ဖြစ်သမျှ အကြောင်းအကောင်းချည်းပဲ ဆိုတာ ရင်ထဲမှာစွဲသွားပြီ.။ ဘာဖြစ်ဖြစ်
နှမြောတဲ့စိတ်လည်း နည်းလာတယ်.။ အကောင်းဖက်ကို ယူတတ်သွားပြီ.။ ခြေတွေလက်တွေ ရှိနေတာပဲ.။
တစ်ခါတစ်ခါ ဆယ်သိန်းလောက်ဆုံးရှုံးသွားတာဟာ သိန်းတစ်ထောင်လောက်မြတ်ဖို့ ဖြစ်နေတတ်တာကို 
သိနေတယ်.။ အဲဒီလောက် မြတ်ဖို့မလိုပါဘူး.။ အဲဒီလို စည်းစိမ်တွေလည်း သိပ်မမက်ဘူး.။ အဓိကက 
စိတ်ချမ်းချမ်းသာသာနဲ့. သူတစ်ပါးအကျိုးမယုတ်မယ့် ကိုယ်ထင်ရာကိုယ်လုပ်နေနိုင်ဖို့ ပဲ လို့ထင်တယ်.။
လူပဲနော့ ကိုယ်ထင်ရာမှ ကိုယ်မလုပ်ရရင် လူဖြစ်ရကျိုးဘယ်နပ်ပါ့မလဲ.။
နံပတ်(၉) -
      အခု ဒီစာရေးတော့ ၀င်းဒိုးကို တတိယ အကြိမ်ပြန်တင်ထားတာ.။ ကျွန်တော့်စိတ်က သဘောမကျတဲ့
အလုပ်ဆိုရင် စိတ်တိုင်းမကျမချင်းပြန်ပြင်ချင်တာ.။ ဘယ်လောက် အချိန်ပေးရပေးရ.ပေါ့.။ကိုယ့်ဖာသာ
ဆိုရင် အဲဒီလိုပါပဲ.။ သူများကိုတော့ အားနာတတ်တာ တစ်ခါတစ်ခါ လုပ်ရကိုင်ရ ခက်သလိုပဲ.။ သူများ
ကျောင်းကို သွားရင် လာရင်တောင် အားနာနေလို့ တစ်ချို့ကိစ္စတွေ နှောင့်နှေးရတာရှိတယ်.။ သူများအကူ
အညီကိုလည်း သိပ်မယူချင်ဘူး.။ ကိုယ့်အားကိုယ်ပဲ ကိုးတာများတယ်.။ တစ်ချို့က ဇွတ်ကိုဝင်ရောပြီး 
ဖင်ပုတ်ခေါင်းပုတ်နဲ့ လုပ်သွားတဲ့ ကိစ္စတွေက ကျွန်တော့် အတွက် ခက်ခဲတာများတယ်.။ ကိုယ်ကိုယ်တိုင်
က အားနာတတ်တော့ အားမနာလျှာမကျိုးလုပ်သူတွေကိုလည်းမျက်စိ စပါးမွှေးစူးသလိုလိုဖြစ်မိတယ်.။
နံပတ်(၁၀)
ရင် ၀င်းဒိုးပြန်တင်ရင် အရင် ကိုယ့်ဖာသာ Customize လုပ်ထားတဲ့ Themes လေးတွေပြန်ရတတ်တယ်.။
ပြီးတော့ Log on Wallpaper ကအစပေါ့.။ ပြီးတော့အရင့်အရင် Previews တွေမှာဖြစ်တဲ့ Themes ချိန်း
လိုက်ရင် ဇော်ဂျီဖောင့်ပျောက်သွားတာလည်း မရှိတော့တာတွေ့ရတယ်.။ ၀င်းဒိုး7 ထက်လည်း သိသိသာ
သာပေါ့ပါတယ်.။
နံပတ်(၁၁)
      ဒီနေ့ရထားစီးတော့ ရထားခကို ကျောင်းသားကဒ်ပြပြီးဝယ်ရင် တစ်ဝက်ပဲပေးရတယ်.။ ဒီနိုင်ငံမှာ 
ကျောင်းသား တွေက အထူးအခွင့်အရေးရတာကိုတွေ့ရတယ်.။ပြတိုက်အများစုက ကျောင်းသားများအ
တွက် ၀င်ကြေးပေးရန်မလိုပါဘူး.။ ပေးရရင်လည်း တစ်ဝက်ပဲ ကျလေ့ရှိတယ်.။ ရဲဖမ်းရင်လည်းကျောင်း
သားကဒ် ပြတာနဲ့ အလိုလို လွှတ်ပေးလေ့ရှိတယ်.။ ဒီမှာလည်း ကျောင်းသားတွေက လူယဉ်ကျေးတွေများ
တယ်.။  ကျောင်းသွားရင် မြန်မာကားထဲက ကျောင်းသားတွေလို ကန်တင်းမှာထိုင်ပြီး ဟေးလားဝါးလား
လုပ်နေတာ မျိုးတွေ မရှိကြဘူး.။ အတန်းချိန်မီဖို့အရေးတစ်ယောက်နဲ့တစ်ယောက် နှုတ်တောင်မဆက်နိုင်ပဲ
ပြေးလွှားပြီး အတန်းတက်နေကြတာများတယ်.။ စည်းကမ်းလည်းရှိကြတယ်.။ သူတို့ဆီက သင်ကြားတဲ့ပုံက
ဆရာနဲ့တပည့်ရင်ဘောင်တန်းပြီး အပြန်အလှန် ဆွေးနွေးကြတာများတယ်.။ သူတို့ စိတ်က ဆရာဆိုတဲ့
စိတ်ထက်.. လူကြီးလူကောင်းအချင်းချင်း လေးလေးစားစား စကားပြောသလိုပဲ.။ ကြားထဲမှာ ဘာအလွှာမှ
မရှိတာ သေချာတယ်.။
Monday, January 7, 2013
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ....
         “ သူငယ်ချင်း အလှူငွေလေးထည့်ပါဦး ၊ တတ်အားသ၍ပေါ့…”
 ကုတင်ပေါ်မှာ လှဲနေသော မျိုးကိုကိုက အိပ်ယာထဲမှ ထသည်..။ နံရံတွင် ချိတ်ထားသော ကုတ် အကျီင်္ အိတ်ကို စမ်းရင်း ပြန်ပြောသည်.။
            “ အင်းသူငယ်ချင်း ထည့်မယ်လေ..ရူဘယ် (၂၀၀) ထည့်မယ် ၊  ဒါနဲ့ဘာအတွက်လဲ သူငယ်ချင်း ..”
            “ ရွှေစင်မင်း သီလရှင်သင် ပရဟိတ ဂေဟာအတွက်ပါသူငယ်ချင်း ၊အဲဒီမှာ မိဘမဲ့ ၁၂ နှစ်အောက် ကလေး ငယ် တွေနဲ့.. သီလရှင်ဆရာလေးတွေ ကို လှူဒါန်းဖို့ပါ. စုစုပေါင်း ကျောင်းအိပ်ကျောင်းစား ပညာသင်(၅၂၀) ရှိပြီးတော့ ၊ အပြင် က ပညာသင်တဲ့သီလရှင် ဆရာလေး (၃၁၅)ပါးရှိတယ်.၊ကိုရင်လေး အပါး(၈၀) ရှိပါတယ်သူငယ်ချင်း.”
            “ အော်..အင်းသူငယ်ချင်း.. အဲဒါက ဘယ်မှာရှိတာလဲ.”
            “ အင်း ပြင်ဦးလွင်မှာပါသူငယ်ချင်း.. ရပ်ကွက်ကြီး(၁)၊၁၃ညံကွဲရပ်ကွက်၊ မှာပါ…၊ ပြင်ဦးလွင်ကစည်ပေမယ့်  အဲဒီနေရာက တော်တော်ကို ချောင်ကျ တဲ့နေရာမှာရှိတဲ့အပြင် အလှူရှင်တွေရှားပါးတဲ့အတွက် အခက်အခဲတွေအများကြီးရှိနေပါတယ်.။ သူတို့အတွက်တစ်ရက် စားသောက်ရေး ကုန်ကျမှုက ပျမ်းမျှ အားဖြင့် ဆန် ၄ အိတ် နဲ့ ဆီ ၂ ပိဿာလောက် ကုန်ကျပါတယ်.။ ပြင်ဦးလွင်ဆိုတော့ကွာ. ဟင်းသီးဟင်းရွက်တော့ပေါတာပေါ့.။ ဒါပေမယ့် ဆန်၊ဆီ၊ ဆား အစရှိတာတွေ ရှားလွန်းတဲ့အခါကျတော့ မလုံလောက်နိုင်ဘူးဖြစ်နေတယ်.။ အဲဒီနေရာလေးကို ငါတို့ စိမ်း လန်းမြေ က လှူချင်လို့ပါ…”
        “ အေး သူငယ်ချင်း.ငါစိတ်ဝင်စားသွားပြီကွ.။ မင်း အလုပ်မများဘူးဆိုရင်ငါ့ကို စိမ်းလန်းမြေ အကြောင်းနဲနဲ ရှင်းပြပါလား.”
 “ အင်းသူငယ်ချင်း. ငါအားပါတယ်.။ မင်းဒီလို စိတ်ဝင်စားလို့ ငါအရမ်းဝမ်းသာပါတယ်.။ကျန်တဲ့သူငယ် ချင်း တော်တော်များများက အလှူငွေကောက်တဲ့အခါ ဘာကြောင့်လှူတယ်.၊ ဘယ်ကိုလှူတယ်ဆိုတာကို စိတ်မ၀င်စားကြဘူး. ၊ ပြီးပြီးရောဆိုပြီး အလှူငွေထည့်လိုက်ကြတာများတယ်.၊ ငါတို့က လစဉ်လတိုင်း အလှူငွေတွေကောက်ပြီးတော့ ဘယ် ကို လှူဒါန်းတယ်ဆိုတာ မသိလိုက်ကြဘူးလေ.”
            ကျွန်တော်စိမ်းလန်းမြေအကြောင်းကို ဆက်လက်ရှင်းပြသည်.။
            “ စိမ်းလန်းမြေက စတည်ထောင်ကတည်းက ရည်ရွယ်ချက်ကြီး(၃) ခုနဲ့ပေါ့ကွာ..။ အဲဒါတွေကတော့ …
(၁)ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သူများအတွက် ထိရောက် သော ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်၊
(၂)ပညာကို လိုလားပါလျက် မတတ်နိုင်သူများအတွက် ကောင်းမွန်သော ပညာရေးစောင့်ရှောက်မှုများပေးရန်၊
(၃)"ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်၊    ဆိုပြီးတော့ပေါ့ သူငယ်ချင်းရာ..”
            “ ဟုတ်လား..သိပ်ကောင်းတဲ့ရည်ရွယ်ချက်တွေပဲသူငယ်ချင်း.မင်းတို့ ဘာတွေလုပ်ခဲ့ပြီးပြီလဲ ဘာတွေ  ဆက် လုပ် ဖို့ ရှိလဲ ဆိုတာ ဆက်ရှင်းပြပါဦးကွာ..”
            ကျွန်တော့် မျိုးကိုကိုကို လွန်ခဲ့သော နှစ်များအတွင်း စိမ်းလန်းမြေ စတင် ဖြစ် ပေါ်လာ ပုံကို ဆက် တိုက် ရှင်း ပြ ဖြစ်ခဲ့သည်.။
စိမ်းလန်းမြေဟူသည်
စိမ်းလန်းမြေရဲ့ အစ ...
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ မြို့လယ်လမ်းဆုံမှ ဖောင်ကြီးမြို့သို့ သွယ်တန်းထားသော ကတ္တရာခင်းလမ်းလေး၏ အလယ်လောက်နေရာ တွင် လှည်းကူးမြို့ဆီလည်းမမီ ဖောင်ကြီးမြို့သို့ လည်းမနီးပဲ ညောင်တုန်း ဟု အမည်ရသော ရွာလေးတည်ရှိနေ၏။ ထိုရွာလေးအနီး အင်ကြင်း တောင်ခြေတွင် မြန်မာ့မြေပေါ်မှာ စီးပွားရှာ ခဲ့သော ထိုင်ဝမ်တရုတ် သူဌေးတစ်ဦးက မြေဧကများစွာ ဝယ်ယူပြီး မိဘမဲ့ကလေးငယ် များ အတွက် ပရဟိတကျောင်းတစ်ကျောင်း တည်ပေးခဲ့လေသည်။ ထိုကျောင်း လေးမှာ "မြန်မာ စိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ" ဟု အမည်တွင် လေသည်။ တရုတ်သူဌေး ပြည်တော်အပြန်တွင် ထိုကျောင်း လေးမှာထောက်ပံ့ပေး မည့်သူမဲ့စွာ အခက်ကြုံရရှာတော့သည်။
ကျောင်းအုပ်ဆရာမကြီးမှနေ၍ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာကြီး ဦးလှမိုးအား ဖွင့်ဟတိုင်ပင်ရင်း အကူအညီတောင်းခံခဲ့ရာ လစဉ်တိုင်း အတွက် ကျပ်၈သိန်းဖြင့် ခက်ခက်ခဲခဲ လည်ပတ်နိုင်ခဲ့ပြန်သည်။ သို့ရာတွင် ကျောင်းမှ ကလေးငယ်များ ဖျားနာမှုများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ထိထိရောက်ရောက် ပေးနိုင်ရန် မလွယ်ကူခဲ့ပေ။ မြို့နှင့် ဝေးလွန်းလှသဖြင့် မည်သူကမျှလည်း ထိုကျောင်းသို့ မလာလိုခဲ့ကြ။ ထို့ကြောင့်ပင် ဆရာကြီးဦးလှမိုးမှ ကမ်းလှမ်းဖိတ်ခေါ်စကား ဆိုလာ သောအခါ ဆရာဝန်လူငယ် ကိုစိုင်းကလူငယ်ပီပီ စိတ်အားတက်ကြွ စွာဖြင့် သမားကောင်း စိတ်ဓာတ်ကိုပြကာ လက်ခံကုသပေးဖို့ တာဝန်ယူလိုက် လေသည်။
            အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထိုကျောင်းကလေးဆီ သွားရောက်ပြီး ဆေးကုသမှု ပေးခဲ့ရာတွင် ထိုကျောင်းမှ ကျောင်းသူကျောင်းသားများ သာမက ရွာထဲမှလူနာများ၊ ထိုမှတဆင့် ရွာနီးချုပ်စပ်မှ လူနာများပါ အားကိုး တကြီးဖြင့် လာရောက်ခဲ့ကြသည်။ သမားကောင်းစိတ်ဓာတ်ဖြင့် နာဖျားနေသော လူနာများကို မပစ်ပယ် ရက်သော ကိုစိုင်းတစ်ယောက် အကြီးအကျယ် အခက်ကြုံရလေပြီ။ သူ့အတွက် ပံ့ပို့ပေးထားသော ဆေး ပစ္စည်းများက ကျောင်းမှကလေးများကို ကုသရန်အတွက်သာ ဖြစ်သဖြင့် မလုံလောက်နိုင်တော့ပေ။ ထို့ကြောင့် ဆရာကြီးဦးလှမိုးထံ မည်သည့် ဆေးဝါးမှ ထောက်ပံ့ပေးရန်မလို၊ မိမိက လူအားသာမက ဆေးဝါးပါ စိုက်ထုတ်၍ ကုသပေးပါမည်၊ ရွာသူရွာသားများကိုပါ ကုသခွင့်ပြုပါဟု ခွင့်ပန်လိုက်ပြီး လူအား သာမက ဆေးဝါးများပါ စိုက်ထုတ်ကုသ ပေးခဲ့ လေ၏။
            တစ်ပတ်တစ်ရက်ဖွင့်သော ကိုစိုင်း၏ ဆေးခန်းလေးက ထိုအနီးနား ရွာနီးချုပ်စပ်၏ အားကိုးရာဖြစ်လာသဖြင့် တစ်ယောက်တည်းနှင့် မည်သို့မျှ မနိုင်နိုင်တော့။ လူနာနှင့်ဆရာဝန် အားမျှနိုင်ဖို့ သူငယ်ချင်းဖြစ်သူ ကိုညီကို အကူအညီတောင်းခံ ခဲ့ရတော့သည်။ သမားကောင်း ပီသခဲ့ကြသော သူငယ်ချင်းနှစ်ယောက်သားတို့ တနင်္ဂနွေနေ့တိုင်း လူနာများနှင့် မမောနိုင်၊ မပမ်းနိုင် လုံးပမ်းရင်း ကုသပေးခဲ့ကြ၏။ ထိုသို့ ကုသ ပေးရန်အတွက် သူတို့သူငယ်ချင်း နှစ်ယောက်၏ ပုံမှန်ဆေးခန်းထိုင် ဝင်ငွေသာမက၊ မုန့်ဖိုးများပါ စိုက်ထုတ်ထည့်သွင်း ခဲ့ကြရသည်။ သို့သော် လည်း မြို့ဆေးခန်းများနှင့် အလှမ်းဝေးလှသော ကျေးလက်နေ ရွာသူ ရွာသားများ၏ အားကိုးအားထားမှုများကြားမှာ သူတို့နှစ်ယောက်၏အား များကလည်းလုံလောက်မှု မရှိနိုင်ခဲ့။ ထို့ကြောင့် မိခင်ကျောင်းတော်သို့ ပြန်သွားကာ အခြေအနေကို ပြောပြရင်း တတ်အားသမျှ ကူညီဖို့ပြောခဲ့ရာ ကျောင်းမပြီးသေးသော ဆရာဝန်လောင်းလေးများက ငွေအား၊ လူအားဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီပေး ခဲ့ကြသည်။ ၄င်းဆရာဝန်လောင်းများနှင့် ဆက်စပ်ပြီး တခြားသော ကျောင်း၊ တက္ကသိုလ် အသီးသီးမှလည်း စေတနာရှင် ကျောင်းသူကျောင်းသား ကြယ်ပွင့်များ အစင်းစင်း လင်းလက် လာသော အခါတွင် ကိုစိုင်းစတင်ခဲ့သော ဆေးခန်းလေးမှာ ငွေအား၊ လူအား ပြည့်စုံစွာဖြင့် လည်ပတ်နိုင်ခဲ့တော့သည်။
            ငွေအား၊ လူအား တောင့်တင်းလာပြီးနောက်တွင် ပရဟိတစိတ်ဓာတ်တို့ ထက်သန်သော လူငယ်များပီပီ အခြားသော ပရဟိတလုပ်ငန်းများကိုပါ အဖွဲ့လေးဖွဲ့ပြီး လုပ်ဆောင်လိုစိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။ သို့ဖြင့် လိုအပ်သောနေရာတွင်၊ လိုအပ်သောသူအတွက်၊ လိုအပ်သောအရာကို တတ်အားသမျှ ပေးစွမ်းချင်ကြသော စိတ်ဓာတ်တို့ ထပ်တူကျချိန်တွင် ပရဟိတ အဖွဲ့လေးတစ်ခု စတင်တည်ထောင် ဖြစ်ကြသည်။ "မြန်မာစိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ" မှ စတင်ခဲ့သဖြင့် စိမ်းလန်းမြေဟုပင် အမည်ပေး ခဲ့ ကြသည်။
အင်ကြင်းတောင်အခြေက "မြန်မာစိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ"
စိမ်းလန်းမြေရဲ့ ရည်ရွယ်ချက်များ …
ထိုအဖွဲ့လေးက အထူးတလည် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်များမှာ
(၁)ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သူများအတွက် ထိရောက် သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရန်၊
(၂)ပညာကို လိုလားပါလျက် မတတ်နိုင်သူများအတွက် ကောင်းမွန်သော ပညာရေးစောင့်ရှောက်မှုများ ပေးရန်၊
(၃)"ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်၊ ဟူ၍ သတ်မှတ်ခဲ့ကြသည်။
စိမ်းလန်းမြေရဲ့ ပထမ ခြေလှမ်း …
စိမ်းလန်းမြေအဖွဲ့ အသစ်စက်စက်လေးသည် တစ်ခုသောနေ့ရက်မှာ အမှန်တကယ်ပင် စတင်သက်ဝင် လှုပ်ရှား လာခဲ့တော့၏။ " မြန်မာ စိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ " တည်ရှိရာ ညောင်တုန်း ရွာအနီး အင်ကြင်းတောင်ကြီးမှ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး အရိပ်ရအပင်များကို စိုက်ပျိုးခဲ့ကြသော နေ့လေးပင် ဖြစ်တော့သည်။ အင်ကြင်းတောင်ပေါ်ရှိ ခြုံနွယ်ပိတ်ပေါင်းတို့ကြောင့် မြွေအန္တရာယ်၊ နွေကာလတွင် မီးဘေး အန္တရာယ်များ စိုးရိမ်ရသဖြင့် အခကြေးငွေပေးပြီး ရှင်းလင်းရန် ဆရာကြီးဦးလှမိုးမှ စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့။ ထို့ကြောင့် စိမ်းလန်းမြေ မောင်နှမများမှ ဦးစီးကာ ညောင်တုန်းရွာတွင်း ဆေးကုဆင်းရင်းမှ အရိပ်ရအပင်များ၏ ပတ်ဝန်းကျင်ကို အကျိုးပြုပုံ အကြောင်း တစ်အိမ်တက်ဆင်း ဆွေးနွေးရှင်းပြ အကူညီ တောင်းခံခဲ့ ကြသည်။" စေတနာသည် ရောင်ပြန်ဟပ်မြဲဖြစ်၏ " ဟူသော ဆိုရိုး စကားသည် တကယ်လက်တွေ့ကြုံစဉ်တွင် ကြက်သီးထသည်အထိ ကြည်နူးဝမ်းသာစေခဲ့လေ၏။ အကူအညီ တောင်းခံထားသော နေ့ရက် မှာတွင် ရွာလုံးကျွတ်မျှ အဘိုးအဘွားများပါ မနေကြပဲ အကူအညီပေးရန် လာရောက်ခဲ့ကြသည်။ ဤအဖွဲ့လေး၏ကျေးဇူးကို တပြန်တလှည့် ဆပ်ခွင့် ရချင်နေကြရှာသော အဘိုးအဘွားတို့ကို တောင်းပန်ပြီး လုပ်အားပေး လာသောအဖွဲ့များကို ကျွေးမွေးရန်အတွက် ချက်ပြုတ်နေသည့် နေရာ တွင်သာ ကူညီပေးဖို့ရန် မေတ္တာရပ်ခံခဲ့ကြရသည် အထိပင်။
ယနေ့ စိမ်းလန်းမြေ …
ထိုသို့စတင်ဖြစ်တည်ခဲ့သော စိမ်းလန်းမြေ ပရဟိတအဖွဲ့သည် ယခုအခါ တွင် အဖွဲ့ဝင်အသစ်များ တစ်တပ်တစ်အား ပါဝင်လာကြသဖြင့် မိတ္ထိလာနှင့်၊ရန်ကုန် အဖွဲ့ခွဲ(၁)(၂) စသဖြင့် အဖွဲ့ခွဲများခွဲကာ အကူအညီ လိုအပ်သော နေရာများဆီသို့ ထိထိရောက်ရောက် ထဲထဲဝင်ဝင် အကူအညီပေးနိုင်ရေး ကြိုးစားလုပ်ဆောင်လျက် ရှိနေပြီဖြစ်သည်။ စားဝတ်နေရေး အခက်အခဲ များ၊ သဘာဝဘေးဒုက္ခ ကျရောက်မှုများကြောင့် ဝမ်းနည်း မျက်ရည် ကျနေသူများ၏ မခြောက်သေးသော မျက်ရည်အချို့ကို တတ်စွမ်းသမျှ တိတ်စေ၊ခြောက်စေ နိုင်ခဲ့ပြီဖြစ်သည်။ 
ထို့အပြင် အဖွဲ့ပိုင် အင်တာနက်စာမျက်နှာဖွင့်လှစ်ခါ လုပ်ဆောင်ချက် များကို တင်ပြပေးနိုင်ခဲ့သဖြင့် ပြည်ပမှလည်း အဖွဲ့ဆီသို့ အဖွဲ့ဝင် များအဖြစ် ဝင်ရောက်လာကြရာ စင်္ကာပူအဖွဲ့ခွဲ၊ မလေးရှားအဖွဲ့ခွဲ ၊ဂျပန်အဖွဲ့ခွဲ နှင့် မော်စကို အဖွဲ့ခွဲဟူ၍ ထပ်တိုးပွားများနိုင်ခဲ့သည်။ ရှေ့ဆက်၍လည်း မိမိတို့ ဦးတည် ရည်ရွယ်ထားသည့် အတိုင်း မသွေမဖယ် မတိမ်းမစောင်းစေဘဲ အမိမြေ အတွက် တတ်အားသမျှ ပေးဆပ်ကာ ရှေ့ဆက်နေဦးမည် ဖြစ်သည်။ 
စိမ်းလန်းမြေ၏ လှူဒါန်းထောက်ပံ့မှု မှန်သမျှသည် အဖြူစင်ဆုံးသော စေတနာများ၏ စီးဆင်းရောင်ပြန် ဟပ်မှုများသာ ဖြစ်ပါသည်။ အလှူ ကိုခုတုံးပြု၍ တစ်စုံတရာရယူလိုမှု စသည့် အနှောင်အဖွဲ့၊ အရောင် အဆင်း လုံးဝ (လုံးဝ) ကင်းစင်သော ပရဟိတစိတ်ဓာတ် စစ်စစ်များဖြင့် လှူဒါန်းမှုများ ဖြစ်ပါသည်။ စိမ်းလန်းမြေ ပရဟိတအဖွဲ့သို့ ဝင်ရောက် ရန်အတွက် ပရဟိတစိတ်ဓာတ် ပြည့်ပြည့်ဝဝရှိရန်သာ လိုအပ်ပါသည်။ အသွေး အရောင်၊ အဆင့်အတန်း ခွဲခြားခြင်း မရှိဘဲ ၊ အများအကျိုးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်လိုသူတိုင်းကို ဝမ်းမြောက်စွာ ကြိုဆိုပါသည် ဆိုသည့်အကြောင်းကို..ကျွန်တော်မျိုးကိုကို ကို တတ်နိုင်သမျှ ရှင်းပြပေးခဲ့သည်.။
            “ ငါတကယ်သဘောကျသွားပြီသူငယ်ချင်းရာ ၊ မင်းတို့ ရှေ့ဆက် ပြီးတော့ ရော ဘာတွေဆက်လုပ် သွား ဖို့ရှိသေး လဲ သူငယ်ချင်း ၊ အဖွဲ့ဝင်ကရော ဘယ်လောက်လောက်ရှိနေပြီလဲ ”
            “ အင်း သူငယ်ချင်း. အခု တော့ အဖွဲ့ဝင်အင်အား (၆၀၀) ကျော်ရှိနေပြီကွာ.။ ပြီးတော့ ရှေ့ဆက်လုပ်ဖို့ ရည်ရွယ်ထားတာတွေကတော့ အများကြီးပေါ့ လောလောဆယ် ငါတို့ရဲ့ အနီးဆုံး စီမံကိန်းက ပြင်ဦးလွင် အနီးစခန်း နားမှာ သိန်း(၅၀၀) မတည်ပြီးကျောင်းတစ်ကျောင်းကို အရင်ဆုံးဆောက်ဖို့ရှိပါတယ်သူငယ်ချင်း။ အဲဒီကျောင်းမှာ နောက်ပိုင်းဆိုရင် မူလတန်းကနေ အထက်တန်းအထိ အခမဲ့ ပညာသင်ပေးနိုင်ဖို့ အထိရည်ရွယ်ထားပါတယ်.။ အဲဒီကျောင်းမပြီးခင်မှာလည်း ငါတို့ ဒီနှစ် လုပ်ဆောင်ထားသလို မိတ္ထီလာမှာ အခမဲ့ ပညာသင်ကျောင်း ကို အဆောင်ရော မြေကွက်ပါ ငှားရမ်းပြီး တာဝန်ယူထားတဲ့ဆယ်တန်းကျောင်းသူ ကျောင်းသားပေါင်း (၂၁) ယောက်ရှိပါတယ် ။ အဲဒီထဲက  ကျောင်းသူကျောင်းသားတွေထဲက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဆက်တက်မယ်ဆိုရင် တက္ကသိုလ်တက်တဲ့အထိပါ တာဝန်ယူမှာပါ သူငယ်ချင်း .”
 “ ဟာ မင်းတို့ရဲ့ စီမံကိန်းက အကြီးကြီးပဲနော်..။ တကယ်ကို ပညာရေးစောင့်ရှောက်မှုပေးနိုင်တာပဲ ၊ လေး စား တယ် သူငယ် ချင်းရာ..၊ ကျန်းမာရေးစောင့်ရှောက်မှုကရော… ”
  “ အင်း သူငယ်ချင်း ၊ ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ ငါတို့အခုလောလောဆယ် စိမ်းလန်းမြေ ပရဟိတ အခမဲ့   ဆေးကုခန်း(၂)ခု ရှိပါတယ်.။ နောက်ထပ်ပြီး စိမ်းလန်းမြေ အခမဲ့ဆေးရုံကိုပါ ထပ်ပြီးဆောက်သွားဖို့ ရှိပါ တယ် သူငယ်ချင်း.”
        “..အရမ်းဝမ်းသာတယ်သူငယ်ချင်းရာ..၊ ရော့ အလှူငွေ (၃၀၀) ထည့်လိုက်မယ်သူငယ်ချင်း.၊ အများကြီးလှူချင်တယ်ကွာ.။ ဒီလ ပစ္စည်းဝယ်လိုက်လို့ပါ.။ နောက်လ နောက်လ တွေကျရင် ငါဒီ ထက်ပိုပြီး လှူမယ်သူငယ်ချင်းရာ..”
 “ ကျေးဇူးတင်ပါတယ်သူငယ်ချင်းရာ.. မင်းတို့၊ ငါတို့ လှူဒါန်းတဲ့ပိုက်ဆံတွေက ငိုနေတဲ့ ပြည်သူတွေရဲ့ မျက်ရည် တစ်စက် ကို ဖြစ်ဖြစ် တိတ်စေ နိုင်မယ်ဆိုရင် ငါတို့မင်းတို့ လှူဒါန်းရကျိုးနပ်ပါတယ်သူငယ်ချင်းရာ…။ဒီလို စီမံ ကိန်းတွေ မှမဟုတ် ပါ ဘူး.။  မြန်မာနိုင်ငံမှာ ဖြစ်သမျှ ကိစ္စတွေ၊ သဘာဝ ဘေးအန္တရာယ်တွေမှာလည်း မင်းတို့ ငါတို့ ပါဝင် လှူဒါန်းနိုင် ပါ တယ်.။  ကျေးဇူးအများကြီးတင်တယ်သူငယ်ချင်းရာ.. ”
    “ ရပါတယ်ကွာ.. ငါတို့လည်း မင်းလို လိုက်ပြီး လုပ်မပေးနိုင်ပေမယ့် ၊ တတ်နိုင်တဲ့ဖက်က ကူညီနိုင်လို့ ၀မ်းသာမိပါတယ်.”
 ကျွန်တော် အလှူငွေ ကောက်ပြီး ပြန်လာတော့ ည ၂ နာရီ ထိုးတော့မည်.။ လူက ပေါ့ပါး လန်း ဆန်းနေ သည်။   ကော်ရစ်ဒါကိုဖြတ်တော့ ဟိုးအဝေးက မော်စကိုမီးရောင်များကိုလှမ်းမြင်ရသည်.။
  မဝေးတော့ပါ.။ ကျွန်တော်တို့ချစ်သော ကျွန်တော်တို့၏ အမိမြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့တစ်ဟုန်ထိုး တိုးတက် လာပါလိမ့်မည်.။ ထိုသို့တိုးတက်ရာတွင် တိုးတက်တက်မှု နှေးကွေးသော ကျေးလက်ဒေသများနှင့် အခြား သဘာ ၀ဘေး အန္တရာယ် များ ၊ အခက်အခဲများအတွက် စိမ်းလန်းမြေသည်လည်း အမြဲ အဆင်သင့် ရှိနေ ပါလိမ့် မည်.။
            မနေ့ကပင် ဒဿမအကြိမ်မြောက်အစည်းအဝေးအတွင်း ညီငယ်တာဝန်ခံအသစ်များကို စိမ်းလန်းမြေ တာ ၀န်များ ကို လက်ဆင့်ကမ်း လက်ခံထမ်းဆောင်ခဲ့ကြသည်.။ သူတို့ရဲ့အားအင်တွေက နိုင်ငံ အတွက် တစ်ဖက် တစ် လမ်း မှ ကူညီ ရန် အသင့်ရှိနေကြပြီးဖြစ်သည်.။သူတို့၏အားအင်များဖြင့် စိမ်းလန်းမြေသည်ယခုထက်ပို၍ ပို၍ နိုင်ငံ့အကျိုးကိုဆက်လက် သယ် ပိုးနိုင်ပါလိမ့်မည်..။
ပီတိကြောင့်လား.၊ မော်စကို အအေးဒဏ်ကြောင့်လားမသိ၊ ကျွန်တော် ကြက်သီးဖြန်းကနဲ ထမိလေတော့သည်. ။
                                                                                                              မေမြို့မိုး
Thursday, December 27, 2012
အမွှေးဆုံး စံပယ်
အော်.. ဒီဇင်ဘာသူ..
ပီပြင်စွာတူညီကြ..
ချစ်ခြင်းလှပကြသူတွေ.
ဂျက်ရဲ့လွင်ပြင်၊ လွင်ပြင်ရဲ့ဂျက်
တစ်ချက်မလဲ..
အမြဲမလွတ်.၊ အစွဲမကျွတ်ဘူးဆိုချင်ဆို..
လွင်ပြင့် ချစ်ဇနီးကိုတော့..
တစ်ခါတစ်လေတောင် မမဲ့ စေဖို့..
(သူများတွေအားကျလောက်အောင်)
ကဗျာတွေထဲတော့ ချစ်မ၀တုန်း..။
ရှေးကထုံးတမ်း
ပန်းထဲကစံပယ်
နန်းလည်မှာပန်းစံပယ်မပန်ထိုက်ဘူးဆိုကြသလား...။
ဆိုက ဆိုပါစေ..
ကဗျာဥယျာဉ် ၊ စာဥယျာဉ်
အနုပညာလွင်ပြင်ထဲမှာတော့...
ပန်းစံပယ်..
အဆန်းတကြယ်နဲ့...
ခန့်ထည်စွာ အမွှေးဆုံး...။
မေမြို့မိုး
(အစ်မဂျက်မွေးနေ့ ၂၈-၁၂-၂၀၁၂ နေ့အတွက်ရေးထားပေးတာပါ..။  ကဗျာလေးက အရှည်ကြီးရေးဖို့
အစကလုပ်ထားပါသေးတယ်.။ ကဗျာ ပုံစံပြောင်းသွားတာနဲ့ ဒီပုံစံက အတိုပုံစံဖြစ်သွားတာပါ.။)
My Blog List