ခပ်ဝေးဝေးဆီက ရောင်နီလည်းပျို့လာလေပြီ..။ မိုးလင်းသည်ထိ နေလေ့ရှိသော သူ့အကျင့်အတိုင်း ကော်ဖီ ခါးခါးတစ်ခွက်ကို သောက်နေကျ ပုံစံအတိုင်းပင် ဖျော်လိုက်သည်.။ ကော်ဖီခွက်ကိုတစ်ဖက် ကုလားထိုင်ကို တစ်ဖက် ကိုင်က လသာဆောင်သို့ထွက်သည်.။ နေမင်း၏ ရှေ့တော်ပြေး သံတော်ဆင့် များဖြစ်သော နီစွေးစွေးရောင်နီတို့ကို လှမ်းမျှော်ကြည့်သည်.။ လက်ထဲက ကော်ဖီကိုတစ်ကျိုက်ငုံလိုက်သည်.။ သူ့ပုံစံက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်ရှိသည်.။ ဟုတ်သည်.။ ဒီလို အချိန်မျိုးဆိုလျှင် ..သူ့ရဲ့ “သူမ” ကို သူမျှော်လေ့ရှိသည်.။ အရောင်အ၀ါများ နှင့် နေ့တစ်နေ့၏ ရှင်သန်ထမြောက်ခြင်းဆုံးချိန်အထိ လောကကြီး၏ အိပ်ယာထချိန် (သို့) သူ၏ အိပ်ယာဝင်ချိန်များတွင် သူ “ သူမ ” ကိုမျှော်လေ့ရှိသည်.။ သူမျှော်သည့်နေ့တိုင်း သူမ ပေါ်မလာတတ်ပါချေ.။ ကံအကောင်းဆုံးဟု သူထင်မိသော ရှားပါးနေ့ရက်များတွင်မူ သူ၏ “ သူမ” က လေ၏ လျင်မြန်ခြင်း မျိုးဖြစ်ရောက်လာတတ်ပြီး ရုတ်ချည်းပင် ပျောက်ကွယ်သွား တတ်လေသည်.။ တစ်ခါတစ်ရံတွင် အချိန် အတိုင်းအတာတစ်ခုထိ သူ့အတွက် ရှိနေတတ်သည်.။ သူပြောလိုသော ရင်ထဲမှ စကားတို့ကို ခွန်းတုံ့မဆိုသာ..။ ၀တ်ကျေတမ်းကျေ အဆင့်ထက် အနည်းငယ်မျှသာ ပိုလွန်သော တစ်စုံတစ်ရာကို သူ့အတွက် ချန်သွားစမြဲဖြစ်၏.။
ယခုလည်း သူစောင့်နေသည်.။ သူ၏ “ သူမ” ကတော့ ပေါ်မလာသေး. ။ မဝေးလှသော အတိတ်ရဲ့အရိပ်တွေက သူ့ဘေးမှာ ၀ိုင်းရံလျက်.သူ့ကို နောက်ပြောင်ကျီစားသကဲ့သို့ ရှိလေသည်.။ သူမကို စတင်တွေ့ရှိခဲ့သည့်နေ့ရက်များကို သူပြန်လည်ရေတွက်ကြည့်နေသည်.။ ထိုအချိန်တုန်းက သူ့စိတ်တွေက ရေသေအိုင်ရဲ့ အနားသတ်တွေလို လှုပ်သည်မ ကျ၊ ငြိမ်သည် မကသည့်ရာသီဥတုမျိုး.။ သူသက်ပြင်းကိုဖြည်းညှင်းစွာချလိုက်သည်.။ မပွင်တစ်ပွင့် နှုတ်ခမ်းများမှာ သူမနာမည်ကို ဖွဖွရွတ်သည်.။ ကော်ဖီကိုနောက်ထပ်တစ်ကျိုက်ငုံမိချိန်တွင်..ခေါင်းထဲက အတိတ်ပုံရိပ်တွေက အစီအရီ ထွက်ပေါ်လာပြန်သည်.။
သူမကိုစတင်တွေ့ရှိစဉ်က သူမဆီမှ နွေးထွေးမှုတစ်စုံတစ်ရာကို ရရှိဖူးသည်.။ သူ့ဘ၀မှာ မကြုံစဖူး ထူးခြားလှ သောနွေးထွေးမှုမျိုး.။ လူ့ဘုံခန်းဝါမှာ နောက်ထပ်ရှိဦးမည်ဟု သူမယုံကြည်သောနွေးထွေးမှုမျိုး။ ထိုနွေးထွေးမှုကိုသူ ငတ် မွတ်ခဲ့သည်.။ တပ်မက်ခဲ့သည်.။ မြတ်နိုးခဲ့သည်.။ ထာဝစဉ် ပိုင်ဆိုင်လိုခဲ့သည်.။ ဒါပေမယ့် သူမကမလိုက်လျောခဲ့..။ ဘာကြောင့်လဲဆိုတာကို သူသိသည်.။ သို့ရာတွင်... သူ့နှလုံးသားနှင့် သူ့အသိစိတ်တွေက စွမ်းအားခြင်းမညီမျှခဲ့.။ နောက်ဆုံးတော့ သူအရူးတစ်ယောက်ပမာဖြစ်ခဲ့သည်.။ သို့ရာတွင် သူ့ကိုယ်သူလိမ်ညာရင်းပင် ဆက်လက်ရပ်တည်နေခဲ့ သည်.။ ထို့နောက်ပိုင်းသူ့မှာ အကျင့်တစ်ခုရလာသည်.။ ထိုအကျင့်က ယခုကဲ့သို့ မနက်ခင်းတိုင်း သူမကိုစောင့်မျှော်ရခြင်း ပင်ဖြစ်သည်.။
သူတွေးနေရင်းပင် သူမကအလင်း၏လျှင်မြန်ခြင်းမျိုးဖြင့်ပေါ်လာသည်.။ သုံးနေကျအသုံးအနှုန်းဖြင့်ပင် ခရီးဦးကြို ခြင်းကိုပြုသည်.။ အသက်မပါသော အလင်းတစ်စုံဖြင့် သူမက ပြုံးသည်.။ ရုတ်ချည်းပဲ သူမက ထွက်ခွာဟန်ပြုသည်.။ သူမ ကိုသူ တားဆီးရန်ကြိုးစားသည်.။ သူမက နှုတ်ဆက်စကားကိုဆို၍ စကားတုံ့ပြန်ပင်မစောင့်ပဲ. လားရာအရပ်သို့နှင်သည်.။ ပွေ့ဖက် ဖမ်းယူသော သူ့လက်များမှာ ဗလာချည်းနှီးသာ ကျန်ခဲ့ပြန်သည်.။
သူရုတ်တရတ် ယိုင်လဲမတတ်ဖြစ်သွားသည်.။ သူစောင့်ခဲ့ရသည့်ရက်ပေါင်းများအတွက် အဖြေတစ်ခုက ရလဒ် မပီပြင်ခဲ့.။ သူမ၏ အမည်နာမကို ရွတ်ဆိုတိုင်တန်း၍ အရူးတစ်ယောက်သဖွယ် မြည်တမ်းမိလေသည်.။ သူ့မျက်လုံးများကေ၀၀ါးလာသည်.။ ခံစားချက်တို့ မြစ်ဖျားခံရာအရပ်မှ စကားလုံးများက နှုတ်ဖျားတွင်ပင် သေဆုံးသွားကြသည်.။ ချမ်းစိမ့်သော ကြမ်းပြင်တွင် ဒူးထောက်ကျသည်.။ သူမကတော့ အရိပ်အယောင်မျှပင် မမြင်ရအောင်ဝေးသွားပြီ.။
နောက်ရက် မနက်စောစောတွင်. သူ့အလောင်းကို လသာဆောင်တွင် မိတ်ဆွေများက တွေ့ကြရသည်.။ သူ့အ လောင်းဘေးတွင် သူမနာမည်ကို ထပ်တစ်လဲလဲရေးထားသော စာရွက်အပိုင်းအစများပျံ့ကြဲလျက်ရှိလေသည်.။ ချုပ်ငြိမ်း သွားသော သူ့ဇီဝိန်ဝိဥာဉ်ထဲတွင် သူ၏ “ သူမ ” မသိခဲ့သော သူမအတွက် ရွတ်ဆိုဦးညွတ်ရာ သံစဉ်များပါတစ်ပါတည်း ပါသွားကြောင်း..သူမတော့ သိဟန်မတူပါချေ..။
မိုးသက်ဦးလွင်
So touching :'( .. I do know that kind of feeling of character in this story .
ReplyDelete