Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, February 10, 2013

အမေ...


          ပေါ့ပါးသော ခြေလှမ်းများကို စည်းချက်ကျကျ ပင်ပြေးလွှားနေပါ၏ .။ အမှောင်ထဲ၌ပင် မြင်ရလောက် အောင် သဘာဝတရားက သူမ ကို ဖန်တီးပေးထားရကား ၊ ခပ်လှမ်းလှမ်းမှ မီးရောင်ပျပျသည် သူမ လှုပ်ရှားရန် အတွက် အထူးပင် လုံလောက်နေပေသည်.။ ၀မ်းမီးက တစ်ရိပ်ရိပ်တောက်နေသလောက်..မီးဖွားပြီးစ နှင့်မမျှတ သောလှုပ်ရှားမှု အတွက် မသင့်တော်မှန်းသိလျက်နှင့် သူမ အထူးပင်တက်ကြွ နေလေသည်.။
          သူမ တို့အမျိုး၏ ထုံးစံအတိုင်းပင် လင်ယောက်ျားဖြစ်သူက သားသမီးမွေးသည်နှင့် သူမကို လုံးဝ လှည့် မကြည့်တော့ချေ.။ ရင်သွေးအတွက် ဆိုသည့် အသိက သူမ ၏ အင်အားများကို တိုးပွားစေရုံသာမက နောက် သို့ မလှည့်လိုသော စိတ်ဓါတ်ကိုပါ တစ်ပါတည်း ပေးလေသည်.။
          သူမကား ဤ အရပ်ဒေသ က မဟုတ်ချေ. ။ ဟိုးတောင်ခြေ ရွာထဲမှာသူမ မွေးခဲ့သည်.။ ထိုရွာထဲမှာပဲ  ကြီးပြင်းခဲ့သော်လည်း သူမ၏လင်ယောက်ျားနှင့် အကြောင်းပါပြီးနောက်ပိုင်း ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ လာရင်း လယ်တဲပျက်တစ်ခုမှာ သူမ မီးဖွားခဲ့ရသည်.။ မီးဖွားပြီးစ သွေးနု သားနုဘ၀ဖြင့် စားရေးသောက်ရေး အခက် အခဲ ရှိလာသောအခါ သူမ စွန့်စားရန် ကြံစည်မိခြင်းဖြစ်သည်.။
          တောင်ပေါ်က အိမ်ကြီးနှင့်ပတ်သတ်၍ သူမ တစ်ခါမှမစွန့်စားခဲ့ဖူးချေ.။ ထိုအိမ်ကြီး အတွင်းတွင် သူမ၏ ဦးလေးတစ်ဦး ကွယ်လွန်ခဲ့ဖူးသည်ဟု မိခင်က ပြောခဲ့ဖူးသည်.။ ထိုအိမ်ကြီး၏ ၀င်းနံရံကလည်း လွန်စွာခိုင်ခံ့လှ သည်.။ဖြစ်နိုင်လျှင် သူမ ထိုအိမ်ကြီး အနားသီဖို့ပင် စိတ်မကူး.။ အန္တရာယ်ကို အားလုံးက ရင်ဆိုင်ရင်ဝန်လေးကြ သည့်နည်းတူ သူမသည်လည်း အန္တရာယ် အငွေ့အသက်ကို ချဉ်းကပ်ရန် စိတ်မကူးမိ.။ သို့ရာတွင် ယခု မူကား အရာရာကို ဘေးချိတ်၍ သူမ အစာအတွက် စွန့်စားရတော့မည်.။ အရေးကြီးသည်က သူမ အစာစားရမှ နို့မ ပြတ်သေးသော သားငယ်တို့အတွက် နို့ချိုတိုက်ကျွေးနိုင်မည်.။ အဓိကက အစာရဖို့.။
          အိမ်ကြီးရခိုင်၏ နောက်ဖေးတွင် မလွယ်ပေါက်တစ်ခုရှိသည်ကို သူမ မနေ့က သိထားခဲ့သည်.။ ထို့အ တွက် ညနေက သူမ ထိုမလွယ်ပေါက်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်.။ အပြန်အတွက်မူ မှုစရာ မလိုပေ.။ ခြံစည်းရိုးလွတ်နေသော ၀က်ခြံပေါက်သည်.အစာဝနေချိန်တွင် သူမအတွက် ခုန်ကျော်ထွက်ဖို့ ခဲယဉ်းသည့် အရာ မဟုတ်ကြောင်း သူမ သိထားသည်.။
          ထုံးစံအတိုင်းပင် ခါတိုင်းရက်များကဲ့သို့ အိမ်ကြီးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်.။ အစားအစာရ နံ့များရရှိရာ အဆောင်ဖက်သို့ သူမခြေလှမ်းများက ဦးတည်သည်.။ တစ်ခါမှ မလွဲဖူးသည့် သမိုင်းအစဉ်အလာ နည်းတူ စားသောက်ဆောင်သို့သာ တန်းတန်းမတ်မတ်ရောက်သည်.။ သဘာဝက ပေးသည့် အတတ်ပညာအ ချို့က ဒီနေရာမှ လွန်စွာအသုံးကျလေ့ရှိသည်. ။ ကြာကြာပင် မရှာလိုက်ရ. ။ တွေ့ပြီ..။
          စားပွဲပေါ်သို့ခုန်တက်လိုက်သည်.။ သို့ရာတွင် ရနံ့များထွက်ပေါ်နေရာ ဟင်းများကို အုပ်ဆောင်းဖြင့် အုပ် ထားသည်.။ မည်မျှပင် လိမ္မာပါးနပ်ပါစေ.။ အုပ်ဆောင်းများကို ဖယ်ရှားရာတွင် ဒုက္ခတွေ့တတ်တာကို သူမ သတိရ မိသည်.။  ကြိုးစား၍ တွန်းသည်.။ နေရာ အနည်းငယ်ရွေ့သည်.။ အုပ်ဆောင်း အုပ်ထားသည့် ကြားမှ စားသောက်ဖွယ်ရာများကို  သူမ တွေ့လိုက်ရသည်.။ အားတက်သွားသည်.။ နည်းနည်း အားထည့်ပြီး ထပ်တွန်း လိုက်သည်.။ အားလွန်သွားကြောင်း သူမ နောက်ကျမှ သိလိုက်သည်.။
          “ ခွမ်း .. ချလွမ်း ”
          “ ဟာ..ဟေ့ကောင်တွေ.လာကြဟေ့. ”
          သွားပြီ. သူမ နောက်ကျသွားပြီ.။ သူမ၀င်ရောက်လာသော စားသောက်ဆောင်အခန်းတံခါး က ဂျိမ်းကနည်း ပိတ်သွားသည်.။ သူမစားပွဲပေါ်မှ  လျင်မြန်စွာ ခုန်ဆင်းပြီး ပြတင်းပေါက်တစ်ခုအနားကို ပြေးသည်။ ပြတင်းပေါက် တံခါးများပါ ပိတ်ကုန်သည်.။ ဘယ်လိုဖြစ်တာလဲ စဉ်းစားလို့မရခင် နောက်ဆုံးကျန်သော တံခါးမ ကြီး နားမှာ တုတ်တစ်ချောင်း ကိုင်ထားသော လူတစ်ဦး၏ အရိပ်ကို တွေ့လိုက်ရသည်.။
          “ ခွပ်. ခွပ်.”
          ခေါင်းကိုထိသွားသည်မှာ သေချာသလောက်ရှိသည်. ။ သူမ မျက်လုံးများပြာဝေသွားသည်.။ ဘယ်ဖက် မျက်လုံးအထက်နားမှာ ပူနွေးသော အရည်တွေ စိုစွတ်လာသည်.။ သူမ သွေးရူးသွေးတမ်းနှင့် ပြေးသည်.။ သူမ အသက်ရှင်မှ ဖြစ်မည်.။ ဒါမှ သူမ ရင်သွေးလေးတွေ နို့စို့ရမည်.။ သူမ မရှိလျှင်…..။
          ပြေးနေရင်းပင်. ။ ပြင်းထန်သော တုတ်ချက်တစ်ချက်က သူမ ဦးခေါင်းကို တည့်တည့်မတ်မတ်ထိ သည်။ ပြေးရင်းပင် ပုံလျက် လဲသွားသည်.။ ခြေတွေလက်တွေက လှုပ်လို့မရ ။ မျက်လုံးတွေက အရည်တွေပိတ် နေသည်.။ဝါးတားတားအမြင်အာရုံထဲမှာ လူရိပ် နှစ်ခု ၀င်လာသည်. ။ တစ်ယောက်က သူမကို ရိုက်ခဲ့သည့် သူ ၊ နောက်တစ်ယောက်က တောင်းတစ်လုံးနှင့်.။
          လွတ်တစ်ချက် မလွတ်တစ်ချက် သတိတရားထဲမှာ.သူမ သေရတော့မည်ကို သိနေသည်.။ အာခေါင်ထဲ မှာ ဘယ်က၀င်လာမှန်းမသိသော အရည်တွေ ပြည့်နေသည်.။ ဆတ်ဆတ်တုန်နေသော ခြေလက်များက ထိန်း သိမ်းရ ခက်လောက်အောင် အကြော အချင်တွေ ရုန်းကန်လှုပ်ရှားနေသည်.။ သေခြင်းတရားကို ရင်ဆိုင်နေရင်း ရင်သွေးငယ်လေးများ ဆိုသည့် အသိက သူမအသိထဲ ဒိတ် ကနဲဝင်ရောက်လာသည်.။
          သူမ နောက်ဆုံးကျန်ခဲ့သည့် အားအင်ကို စုသည်.။ ခပ်ပြင်းပြင်ဝင်သက်ထွက်သက် များနှင့် ဟောဟဲ ဆိုက်နေသော အသက်ရှုသံများက နောက်ဆုံးအားအင်အတွက် အရှိန်ယူနေကြသည်.။ စောစောက တွေ့လိုက် ရသော တောင်း ကိုင်ထားသည့် လူ အနားသို့ ထိုင်အချတွင် နောက်ဆုံး အားအင် ဖြင့် ကုန်းရုန်းထကာ ခုန် ထွက်လိုက်သည်.။
          “ ဟာ.. ပြေးပြီဟ. လုပ်ကြဦး . လုပ်ကြဦး.”
          သူမ ပြေးထွက်ရာနောက်သို့ ဆက်လက်လိုက်လား ၊ မလိုက်လား လှည့်မကြည့်နိုင်တော့ပါ.။ မျက်စိအ  မြင်အာရုံ မရှိတော့ သူ တစ်ယောက် အတွက် ခြံစည်းရိုး ကို ဘယ်လို ခုန်ကျော်ခဲ့လည်း သူမ ကို သူမ မဆန်း စစ်တတ် တော့ ပါချေ.။
          ခြံအပြင် ဖက်သို့ရောက်ရှိပြီး သူမ အားအင်တွေ ကုန်ခန်းခဲ့ပြီးဖြစ်ကြောင်းသိလိုက်သည်.။ နားထဲမှာ  ရင်သွေးငယ်လေး များ၏ အသံကို ကြားရသည်.။ သူတို့ ပျော်နေကြလား၊ ၀မ်းနည်းနေရော့လား.၊ မဝေခွဲ နိုင် တော့.။ သားတို့ အတွက် အမေ ကြိုးစားခဲ့တယ်…..။ ဒါပေမယ့်.. အမေ.. မအောင်မြင်ခဲ့ဘူး.။  သူမ ပြောသမျှ  အသံ ထွက်မလာ.။ ရင်ထဲမှာ တစ်လှိမ့်လှိမ့်တက်လာသော ဆူညံမှုကြီးဖုံးလွမ်းသွားသော အခါ..တွင် တစ်သိမ့်သိမ့် လှိုက်၍ တုန်ခါနေသော သူမ၏ ခန္ဓာကိုယ် ငြိမ်သက်သွားတော့သည်.။
+++++++++++++++++++++++++++++++++++++++++++++++++++
          “ ဒီမှာတွေ့ပြီဟေ့.။ ဟေး မိုးသက်. ဓါတ်မီးယူခဲ့ကွာ.. ”
          “ ဟုတ်ကဲ့ ကိုငယ်..”
          ကိုငယ်အနားကိုရောက်တော့ ဓါတ်မီးကို မြှောက်ပြလိုက်သည်.။ နှစ်ယောက်စလုံး ဟာ ကနဲ ဖြစ်သွား သည်.။ မိုးသက်တို့ မြင်လိုက်ရတာက သွေးချင်းချင်းနီသော ဒဏ်ရာ များဖြင့် သေဆုံးနေတဲ့ ခွေးမ ကြီးတစ် ကောင်.။ ခွေးမကြီး အလောင်းက နို့တွေကို တစ်အီအီမြည်ရင် စို့နေကြသော ခွေးပေါက်စကလေး ငါးကောင်.။
          ခွေးကလေးများကို ခွေးမကြီးအလောင်းကနေ ခက်ခက်ခဲခဲ ဖြုတ်ယူကြရသည်.။
          “ အော်. ..ခွေးသားအုပ်မ မို့လို့ ဒီလောက် အသက်ပြင်းတာကိုးကွ….။ အမေဆိုတာ ဒီလိုပါပဲ. ။ သားသမီးအတွက် အသက်စွန့်ပြီး အစာရှာတာပဲ.။ ငါမှားသွားတယ် အငယ်ကောင်..”
          ကိုငယ်က စိတ်မကောင်းခြင်းကြီးစွာဖြင့် ဆိုသည်.။ မိုးသက်စိတ်ထဲက ခပ်တိုးတိုးရွတ်မိလိုက်သည်.။
          သြော်…။ ဘယ်ဘုံ၊ ဘယ်ဘ၀ပဲ ရောက်နေနေ.၊ အမေ..ဆိုတာ အမေပါပဲလေ..….။


++++++++++++++++++++++++++++++++++++++++++++++++++++++


မနက်ဖြန် ဖေဖော်ဝါရီ ၁၁ ရက်နေ့ က အမေ့မွေးနေ့ပါ.။ အမေ့ကို တိရစ္ဆာန်နဲ့ နှိုင်းတာမဟုတ်ပါဘူး.။
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်အားလုံးကိုရဲ့ဂုဏ်ကိုရေးလိုတာပါ.။ အရေးအသားက နည်းနည်းလိုမယ်ထင်တယ်။
ဒါပေမယ့် ဒါက တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ.။ ဖြည့်ဖတ်ကြပေါ့.။

         



ရေးသားသူ : မိုးသက် // 10:52 AM
အမျိုးအစား:

14 comments:

  1. မိခင်ကသားသမီးအပေါ်ထားရှိတဲ့မေတ္တာကိုပိုမိုပေါ်လွင်အောင်ဖော်ကျူးထားတာ ခံစားရတယ်
    အရမ်းကောင်းတယ် ဆက်ကြိုးစားပါ

    ReplyDelete
  2. ကောင်း၏ အမေဟာ မိုးသက်မေမေးလည်းကျန်းမာပျော်ရွှင်ပါစေနော်

    ReplyDelete
  3. မိခင်မေတ္တောကိုဖေါ်ကျူးထားတဲ့ဝတ္ထုတိုကောင်းလေးတစ်ပုဒ်အားပေးသွားပါတယ်မိုးသက်မေမေလည်းမွေးနေ့မှစချစ်သောမိသားစုနှင့်အတူကျန်းမာပျော်ချမ်းမြေ့ပါစေလို့ဆုတောင်းလိုက်ပါတယ် ခင် တဲ့အန်တီလေးမေခင်

    ReplyDelete
  4. ကိုယ်ကျိုးစွန့်ပြီး စွမ်းအားရှိသလောက် ပေးဆပ်တာ မိခင်ပေါ့ မိုးသက်ရေ။
    မိုးသက်ရဲ့ မာတာမိခင် ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာရက်မြတ်လေးဖြစ်ပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ဖတ်ရတာ တကယ့်အဖြစ်အပျက်မို့လားမသိ ခံစားရတယ်.။ အမေကတော့ လောကမှာ နှိုင်းစရာမရှိတဲ့ မေတ္တာရှင်ပါပဲ ..။

    ReplyDelete
  6. ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့
    အမ ဆုတောင်းပေးတယ်နော်
    မိုးသက် မေမေ ကို ပြန်ပြောပြ လိုက်ပါနော်..

    ReplyDelete
  7. မောင်လေးရေ...ဖတ်ပြီးတော့ အမဖြင့်မျက်ရည်တောင် ၀ဲမိတယ်...
    အမေတွေဆိုတာလေ...အဲလိုပါပဲ...အမေတွေရဲ့မေတ္တာကို ဘယ်လိုပြောပြရမလဲ
    ဘယ်လိုအရာတွေနဲ့ နှိုင်းယှဉ်ပြရမလဲ မသိနိုင်လောက်အောင်ပါပဲ...
    အမလဲ ခု မေချစ်ပဲ....သိလား...မေ့ကို အမအရမ်းချစ်တယ်..
    အမဘ၀မှာ အမေ့ထက်အရေးကြီးတာမရှိဘူးဆိုတာ ကြာလေပိုသိလာလေပဲ..
    မောင်လေး မေမေလဲ မွေးနေ့မှာ ကျန်းမာပျော်ရွှင်ပြီး လိုရာဆန္ဒတွေပြည့်ဝပါစေလို့
    အမဆုတောင်းပေးလိုက်ပါတယ်နော်....အန်တီ့ကိုလဲ ပြောပြလိုက်ပါနော်...:)))
    ခင်တဲ့ မိုးနတ်
    (မောင်လေးရဲ့ အရေးအသားလေးတွေ သိပ်ကောင်းတယ်...
    အပိုအလို သိပ်မရှိဘူးလို့ အမတော့ယူဆမိတယ်...
    ဆက်လက်ထုဆစ်နိုင်ပါစေ မောင်လေးရေ...:))

    ReplyDelete
  8. ၀မ်းနည်းတယ် ဟင့် :(

    ReplyDelete
  9. ရေးထားတာ ကောင်းတယ်။ အမေ့မေတ္တာကို ထင်ရှားပေါ်လွင်စေပါတယ်။

    ကျနော်က ရုပ်မချောတော့ ချက်ဘောက်မှာ မရေးခဲ့တော့ဘူး။း)
    Followers ၀င်ခဲ့တယ်။ လင့်ချိတ်ဖို့ မ သွားတယ်။း)

    ReplyDelete
  10. နောက်တစ်ကြော့ထပ်ပြီးတော့ကို ဖတ်သွားတယ်ဗျာ
    မိဘရဲ့ မေတ္တာကိုရေးသွားတာ ဘာတွေနဲ့ မထပ်မကွန့်ဘဲနဲ့ ပီပီသသ ရေးဖွဲ့သွားနိုင်လို့ ချီကျူးတယ်။

    ReplyDelete
  11. အမေ့ကိုတောင် လွမ်းသွားတယ် ..မောင်လေးရေ..:(

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List