Sunday, January 15, 2012

ကျွန်တော်မှတ်မိသမျှပြန်ပြောရလျှင်...

      ကျွန်တော်ဒီစာကိုစရေးတော့ စက်တင်ဘာ ၂၅ ရက်နေ့ဖြစ်သည်..။ ပိုမိုတိကျစွာပြောရပါမည်ဆိုလျှင်
ကျွန်တော်တို့မော်စကိုစရောက်သည့်၂၃ ရက်မြောက်နေ့ ၊တနင်္ဂနွေနေ့ဖြစ်သည်..။ကျွန်တော့်၏ တစ်ဝမ်းကွဲညီမ
လေးတွိတွိ ၏ ၁၈ နှစ်ပြည့်မွေးနေ့လည်းဖြစ်သည်..။မနေ့ကအကြောင်းကိုညကပင်ရေးရန်ကြံသေးသည်..။
သို့ရာတွင် မနေ့ညကအလုပ်များနေသဖြင့် ယနေ့မှသာရေးဖြစ်တော့သည်..။
            ကျွန်တော်အမှန်အတိုင်းမကွယ်မ၀ှက်တမ်းသာပြောရမည်ဆိုပါလျှင် မော်စကိုမြို့တွင်ကျွန်တော် မပျော်
နိုင်သေးပါ..။ အတော်ပင်ပျော်နေကြသောသူငယ်ချင်းများကိုအားနာ၍သာ လျှင် ပျော်ချင်ယောင်ဆောင်နေရ
သည်..။ရှင်းရှင်းပြောရလျှင် ကျွန်တော့်ရင်ထဲမှ မေ နှင့် ခွဲခွာခဲ့ရခြင်းအပေါ် မည်သို့ဖြေသိမ့်ရမည်ကိုမတွေးတတ်
နိုင်သည့်ကာလတစ်ခုဟုပြောရမည့်ကာလဖြစ်သည်..။ကျွန်တော့်အကျင့်တစ်ခုမှာမည်သို့ပင်ပျော်မြူးစေကာ
မူအိနြေ္ဒ ပျက်လောက် အောင်ပျော်မြူးခြင်းမရှိသော်လည်းစိတ်ထိခိုက် လျှင်လည်းဟန်မဆောင်နိုင်လောက်
အောင် သိသာလေ့ရှိတတ်သည်.။ထို့ကြောင့်ကျွန်တော်မပျော်ပိုက်ရခြင်းအကြောင်းအရင်းကို အခြားသူငယ်ချင်း
များမသိအောင် အတော်ပင် ကြိုးစားခဲ့ရသည်..။
            မနေ့ကလည်းထုံးစံအတိုင်းပင်ကျွန်တော်စိတ်ညစ်နေခဲ့သည်..။မော်စကိုစံတော်ချိန်၃ နာရီလောက်တွင်
ကျွန်တော့်ရဲ့ သူမအွန်လိုင်းပေါ်တက်လာသည်..။ကျွန်တော်နှင့်စကားပြောရင်းသူမပြောသောအချို့စကားများ
ကိုကျွန်တော်ဘ၀င်မကျ ..။ စိတ်ထဲမှာစနိုးစနောင့်ဖြစ်ရင်းကျန်နေခဲ့သည်..။ညနေပိုင်းတွင် ကျွန်တော် မြန်မာ
နိုင်ငံမှာကတည်းကသူငယ်ချင်းတစ်ဦးဖြစ်သောအောင်ဆက်ပိုင်ထွန်းကလာခေါ်သည်..။အခြားသူငယ်ချင်းအ
ချို့နှင့် မော်စကိုမြစ်အနီးပန်းခြံသို့သွားရန်ဖြစ်သည်။မသွားတော့ဟုစိတ်ကူးမိသော်လည်း စိတ်ပြေလက်ပျောက်
သဘောဖြင့် လိုက်သွားခဲ့သည်..။
            ပန်းခြံကအတော်ပင်ဝေးသည်..Metro(Метро)ခေါ်မြေအောက်ရထားသုံးဆင့်စီးရသည်..။ရုရှားနိုင်ငံ
တွင်မြေအောက်ရထားမှာအတော်ပင် အရေးပါသောဆက်သွယ်ရေးယာဉ်တစ်ခုဖြစ်သည်..။ကျွန်တော်တို့ မြေ
အောက်ရထားဘူတာကိုရောက်တော့
လက်မှတ်ဝယ်ရသည်..။လက်မှတ်မှာ မြန်မာနိုင်ငံကလိုစက္ကူစာရွက်များ
မဟုတ်ပါ.။ကဒ်ထူပြားလေးတစ်ပြားဖြစ်သည်..အထဲတွင်Sensorတုံ့ပြန်နိုင်သောICပြားလေးထည့်ထားသည်။
အပေါက်ဝတွင်လူတစ်ယောက်ထွက်စာအပေါက်ကလေးများရှိသည်..။ထိုအရှေ့ရှိTouch Screen ပေါ်သို့ကဒ်
ပြားလေးတင်လိုက်မှတံခါးကပွင့်သွားခြင်းဖြစ်သည်..။တစ်နိုင်ငံလုံးSensorစနစ်ကိုတွင်တွင်ကျယ်ကျယ်သုံးကြ
တာတွေ့ရသည်.။ရောက်ရောက်ချင်းနေ့က ကျွန်တော့်အခန်းဖော် ဝေဠုအောင် ဆေးလိပ်သောက်၍ အခန်းထဲရှိ
Smoke sensorထမြည်သည်ကိုသတိရမိသည်..။
            မြေအောက်ရထားတွင် စီးမည့်ပလတ်ဖောင်းပေါ်ရောက်တော့..အနောက်တိုင်း၏ ကျွန်တော်မကြိုက်
သောဓလေ့စရိုက်တစ်ခုကိုစတင်တွေ့မြင်ရသည်..။အဘိုးကြီး၊ အဘွားကြီးများ..။ ဘယ်သောအခါမျှ ပြုစုစောင့်
ရှောက်ခြင်းမရှိ။ မိမိတို့ဖာသာပင်လုပ်ကိုင်စားသောက်ကြရသည်..။အချို့က လက်ထိုးသိုးမွှေးခြေအိတ်ကလေး
များ၊ အချို့ လက်လုပ်ပစ္စည်းများကိုလမ်းဘေးတွင်ရောင်းချကြသည်..။ မြေအောက်ရထားအချို့ဘူတာများ
သည် ..ဘူတာအတွင်းမြေအောက်အတွင်းသို့ဆင်းပြီးသည့်တိုင် ထပ်မံ၍ အောက်သို့ထပ်ဆင်းရသေးသည်ကို
တွေ့ရသည်..။အချို့နေရာများတွင် မြေအောက် ပေသုံးလေးရာခန့်ပင် စက်လှေကားဖြင့်ဆင်းရသည်..။စက်လှေ
ကားထိပ်မှ အောက်သို့ အဆုံးကိုမမြင်ရ..။ထိုမျှပင် ရှည်လျှားမြင့်မားသည်..။ထို့အပြင် မတ်စောက်စွာဆောက်
ထားရုံသာမက..မြေအောက်မှာဖြစ်သည့်အတွက် ဘေးတွင်လုံးဝန်းသောနံရံကြီးများသာရှိသည်..။ကျောင်းမှာ
ကြည့်ခဲ့ရသော RESIDENT EVIL ဇာတ်ကားကိုပင် အမှတ်ရမိပါသေးသည်..။
            မြေအောက်ရထားသုံးဘူတာခန့်ကျော်မှ ကျွန်တော်တို့သွားရမည့် ပန်းခြံကိုရောက်သည်..။ရုရှားနိုင်ငံ၏
ထုံးစံတစ်ခုကပန်းခြံ၊ ကစားကွင်း အစရှိရာနေရာများတွင်ဝင်ကြေးပေးရဆောင်ရခြင်း၊ ကင်မရာခွန်ဆောင်ရခြင်း
မရှိပေ..။ပန်းခြံအတွင်းသို့မရောက်မီလမ်းဘေးတွင်လည်းအတော်ပင်အသက်ကြီးနေသောအဘိုးကြီး၊အဘွား
ကြီးများကိုတွေ့ရပြန်သည်..။ထုံးစံအတိုင်းတိုလီမုတ်စလေးများချရောင်းလျက်..။ဒီပန်းခြံကိုဘာပန်းခြံခေါ်လဲ
မေးသောအခါ အစ်ကိုကြီး မှ ပန်းသီးပင်များပေါများလွန်း၍ မြန်မာများကတော့ပန်းသီးပန်းခြံဟုသာခေါ်ဝေါ်ကြ
ကြောင်းပြောပြသည်..။အင်းကောင်းပါ့ ပန်းသီးပန်းခြံဆိုတော့လည်းပန်းသီးပန်းခြံပေါ့..။

(၀ဲမှယာ)ကိုချမ်းငြိမ်းထွန်း၊ကျွန်တော်၊အောင်ဆက်ပိုင်ထွန်း၊ဇေယျာလွင်၊(နောက်မှကွယ်နေသူမှာမင်းဟိန်းဇော်ဖြစ်သည်)
            ပန်းခြံကအတော်ပင်ကျယ်ဝန်းသည်..။ကျွန်တော်တို့ပြင်ဦးလွင်ကကန်တော်ကြီးဥယျာဉ်ကိုသတိရမိ
သည်..။တစ်ဆက်တည်းမှာပင်သူမနှင့်ပျော်မြူးခဲ့သည့်အကြောင်းများကခေါင်းထဲဝင်လာ၍စိတ်တွင်းမှတမ်း
တမိနေသေးသည်..။အဲဒီနားကမြက်ခင်းပြင်ပေါ်မှာဓါတ်ပုံတွေရိုက်ကြသည်..။ရုရှားများကတော့ထုံးစံအတိုင်း
မဆိုင်သလို..။အနောက်တိုင်းသားများ၏လက္ခဏာများဖြစ်သောဟိတ်ဟန်များ၊အေးစက်မှုများကိုတွေ့နေရဆဲ။
တစ်ခုတော့ရှိသည်..။ရုရှားနိုင်ငံကကလေးလေးများကတော့အတော်ပင်ချစ်စရာကောင်းသည်..။အသားဖြူ၍
ဖြစ်မည်ဟုဇေယျာလွင်ကထင်ကြေးပေးသည်..။အရုပ်ကလေးများနှင့်ပင်တူနေသေးတော့၏..။ကျွန်တော်က
တော့ရောက်စကတည်းကသူမကိုနေ့စဉ်မပြတ်သတိရနေရသည့်အချိန်တွင်ချစ်စရာကောင်းသောကလေးများ
နှင့်ကလေးကြိုက်အရုပ်ကလေးများတွေ့လျှင်ပို၍ပို၍ပင်သတိရမိနေတော့သည်..
            ရှေ့ကို၁၅မိနစ်ခန့်လျှောက်ကြသည်..။လမ်းညွှန်ဆိုင်းဘုတ်တစ်ခုတွေ့သည်..Рикаလို့ရေးထားသည်။
Рикаသည်မြန်မာလိုမြစ်ဖြစ်သည်..။ရှေ့မှာမော်စကိုမြစ်ရှိတယ်ဟုကိုချမ်းငြိမ်းထွန်းကပြောသည်..
သိပ်မလျှောက်ရပါ..။မြက်ခင်းပြင်ကြီးအဆုံးမှာကမ်းနားလမ်းနှင့်အဲဒီအဆုံးမှာမြစ်ပြင်ကြီးကိုတွေ့ရသည်..။မော်စ
ကိုမြို့ရဲ့သွေးကြောပါတကား..။ဒါပေမယ့်ကျွန်တော့်အထင်သူတို့လူမျိုးများကတော့ဒီမြစ်ကြီးကိုအပန်းဖြေဖို့က
လွဲ၍ကျန်နေရာများတွင်မသုံးလောက်ဟုထင်မိသည်..။ဘာကြောင့်လဲဆိုတော့..ကွေ့ဝိုက်နေသည့်မြစ်ရေအ
လျဉ်သည် ကြည်လင်သန့်ရှင်းနေလို့ပါပဲ..။



မော်စကိုမြစ်ကမ်းနံဘေးမှာအမှတ်တရ(မင်းသားပေါ့ဗျာ)
            ဆက်ပြီးကျွန်တော်တို့မြစ်ကမ်းဘေးမှာဓါတ်ပုံတွေရိုက်ကြသည်..။ကိုချမ်းငြိမ်းထွန်းကသူ့အတွေ့အကြုံ
များကိုရှင်းပြသည်..။ရုရှားလူမျိုးများသည်အေးစက်စိမ်းကားသည်ဟုထင်ရသော်လည်းအနောက်တိုင်းသား
များပီပီတာဝန်သိစိတ်ရှိကြောင်း၊ပန်းခြံထဲတွင်ဆေးလိပ်မသောက်ရရေးထားပါက..လုံးဝမသောက်သည့်အပြင်
ဆေးလိပ်သောက်နေသူရှိပါကလည်းရဲသို့ဖုန်းဆက်တိုင်ကြားတတ်လေ့ရှိကြောင်း..၊စသဖြင့်အစုံအစုံပါ
ပန်းခြံထဲတွင်လည်းအနောက်တိုင်းယဉ်ကျေးမှုဖြစ်သောအနမ်းပန်းချွေနေကြသောစုံတွဲများကိုတွေ့ခဲ့သေးသည်။
သူတို့ယဉ်ကျေးမှုပင်ဖြစ်လင့်ကစားအရှက်အကြောက်တရားကြီးမားသောမြန်မာမျက်စိထဲတွင်တော့အမြင်မ
တော်တာအမှန်ပဲဖြစ်ပါသည်..အနောက်ကိုရွှေ့၊အရှေ့ကိုမျှော်စာအုပ်ကိုရေးသားသောဒေါက်တာရဲနိုင်
ကတော့အနောက်တိုင်းအနမ်းသည်ရမ္မက်ဆန်သည်..။အရှေ့တိုင်းမှအနမ်းသည်သာမိမိချစ်မြတ်နိုးသူ၏
ကိုယ်သင်းရနံ့ကိုအမြတ်တနိုးရှုရှိုက်သည့်အတွက်ပို၍ကဗျာဆန်သည်ဟုရေးသားခဲ့သည်..(ဘယ်ဟာကပို၍
ကဗျာဆန်သနည်းတော့ကျွန်တော်သိခွင့်မရှိသေးတာအမှန်ပါ..)
            ဆက်လက်၍မြစ်ပြင်တစ်လျှောက်ဓါတ်ပုံရိုက်ကြသည်..။သူတို့လူမျိုးများကကျန်းမာရေးကိုအတော်ပင်
လိုက်စားကြသည်ဟုပြော၍ရသည်..။လမ်းသွားရင်းပင်အပြေးလေ့ကျင့်နေသူများကိုတစ်ဦးစ၊နှစ်ဦးစတွေ့ရ
သည်.။ကိုချမ်းငြိမ်းထွန်းရှင်းပြမှုအရဆောင်းတွင်းအခါတွင်ဤမြစ်ပြင်တစ်ပြင်လုံးရေခဲသည်ဟုသိရသည်.
ထိုအချိန်တွင်ရေခဲပြင်စကိတ်စီးသူများဖြင့်စည်ကားတတ်ကြောင်းကိုလည်းသိရသည်..။မော်စကိုအအေးချိန်က
ကြောက်ခမန်းလိလိပါတကား..။တောင်ပေါ်သားဖြစ်သော်လည်းအချမ်းကြောက်သည့်ကျွန်တော်အလိုလိုနေ
ရင်းပင်တွန့်သွားသလိုလို..
            ဆက်လက်၍ကိုချမ်းငြိမ်းထွန်းကသူတို့စတည်းချလေ့ရှိသောနေရာသို့ခေါ်သွားမည်ဟုဆိုသည်..
ကမ်းနားလမ်းမှအပေါ်သို့ထပ်မံတက်ရပြန်သည်..။လှေကားထစ်လေးများနှင့်ရေမြောင်းလေးများကိုပင်ကဗျာ
ဆန်စွာဖောက်လုပ်ထားသည်ပဲ..။အမှတ်တရဖြစ်အောင်ဓါတ်ပုံရိုက်ခဲ့သေးသည်..။နီစွေးသော၊၀ါထိန်သော၊သစ်
ရွက်များကိုလည်းအမြင်ထူးဆန်းစွာတွေ့ခဲ့ရသည်.။ဓါတ်ပုံကတော့ကင်မရာအားမရှိ၍စိတ်ရှိလက်ရှိမရိုက်နိုင်ခဲ့ပါ။
ရောင်စုံသစ်ရွက်များနှင့်အတူ…


 မြစ်ကမ်းဘေးလမ်းကပြန်တက်တဲ့လှေကားလေးပေါ်မှာ...

ဆက်လက်၍ထိုလှေကားမှအထက်သို့ထပ်တက်သွားကြသည်..။ရှေးဟောင်းဘုရားရှိခိုးကျောင်းကြီးတစ်ခုသို့
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်..။၁၆ရာစုခန့်မှဖြစ်မည်ထင်သည့်ကျောက်သားပကတိဖြစ်နေသော
တိုင်ကြီးများကိုပါတွေ့ခဲ့ရသည်..။ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးကမော်စကိုကရင်မလင်နန်းတော်မှာရှိသည်
ဟုငယ်ငယ်ကတော့မြန်မာစာထဲမှာသင်ခဲ့ရသည်.။ထိုဘုရားရှိခိုးကျောင်းကခေါင်းလောင်းကြီးကလည်းအတော်
ပင်ကြီးမားသည်ကိုတွေ့ခဲ့သည်။ထိုရုရှားနိုင်ငံရှိခေါင်းလောင်းကြီးနှစ်လုံးမှာတီး၍မရမြေပေါ်တွင်ဒီအတိုင်းချ
ထားရသည်..။တီး၍ရသောခေါင်းလောင်းထဲများတွင်မူကျွန်တော်တို့အမိမြေမှ မင်းဖြူမှန်မှန်ပြောသည့်မင်းကွန်း
ခေါင်းလောင်းကြီးကအကြီးဆုံးဖြစ်သည်.။




















ရှေးဟောင်းဘုရားကျောင်းရှေ့က မင်းဟိန်းဇော်..
            အဲဒီနေရာကရှုခင်းတော်တော်ပင်လှသည်.။မြစ်ပြင်နှင့်ခပ်လှမ်းလှမ်းကတိုက်တာများကိုတွေ့ရသည်။
VIEW POINT လို့ခေါ်မလား ၊ရှုခင်းသာလို့ပဲခေါ်မလားထိုင်ခုံလေးတွေချထားတာလည်းတွေ့ရသည်။ထိုဘုရား
ရှိခိုးကျောင်းရဲ့ရှေ့တည့်တည့်မှာမယ်နုအုတ်ကျောင်းနဲ့ခပ်ဆင်ဆင်တူသည့် ရုရှားအုတ်ကျောင်းအိုကြီးတစ်ခု..။
ဘာကြီးလဲဟုဇေယျာလွင်မှမေးသည်တွင် ကျွန်တော်ကအန်းနာအုတ်ကျောင်းဟုဖြေလိုက်သည်..။သကောင့်
သားကအဟုတ်အမှတ်ဖြင့် အန်းနာအုတ်ကျောင်း၊အန်းနာအုတ်ကျောင်းဟုတစ်ဖွဖွရွတ်နေဆဲ…။





















ရှေးဟောင်းအုတ်ကျောင်း(ကျွန်တော့်အခေါ် အန်းနာအုတ်ကျောင်း)ဘေးကျောက်စာတိုင်မှ မော်စကို
မြစ်ကိုဤသို့ရှုမြင်ရသည်..။

            အဲဒီနေရာကနေပြန်ထွက်ဖြစ်တော့ စောစောကဘုရားကျောင်းထဲကဖြတ်ပြီးထွက်ကြသည်.။သူတို့ဆီက
အပင်တွေ(ကျွန်တော်နာမည်မခေါ်တတ်)အရွက်ကကနေဒါနိုင်ငံအလံနှင့်ခပ်ဆင်ဆင်တူသည်..။အဲဒီလိုအပင်
တွေချည်းပေါက်နေသည့်နေရာမှာလည်းဓါတ်ပုံပတ်ရိုက်ကြပြန်သည်။ထိုနေရာကတကယ်ကိုအိပ်မက်ဆန်သော
နေရာဖြစ်သည်..။သန့်ရှင်းသပ်ရပ်၍ကျောက်ပြားလေးတွေစီထားပုံကတကယ်ပင် မျက်စိထဲမှာလှနေသည်..။         
            သူတို့ဆီမှာကကလေးသူငယ်များကိုဦးစားပေးသည်..။မြို့နေရာတိုင်းတွင် ကလေးကစားကွင်းများရှိကြ
သည်..။အားလပ်ရက်တွင်ကလေးများကိုပန်းခြံများသို့တကူးတကလာရောက်ပို့ဆောင်ရင်းအပန်းဖြေကြသည်
ကိုတွေ့ရသည်.။သို့ရာတွင်သတိထားမိသည့်တစ်ချက်ကကလေးများချော်လဲသောအခါ၌ဖြစ်စေ၊အကြောင်းတစ်
စုံတစ်ရာကြောင့်ဖြစ်စေငိုယိုပါက လုံးဝ(လုံးဝ)ချော့မြူခြင်းမရှိသည်ကိုပင်ဖြစ်သည်..။အေးစက်၍ နွေးထွေးမှုမရှိ
သော၊ မိမိကိုယ်ကိုယ်အားကိုးလိုသောစိတ်ဓါတ်မျိုးကိုကလေးဘ၀ကပင်ရိုက်သွင်းခံခဲ့ကြရ၍လားမသိ.။တည်ငြိမ်
အေးဆေးသော၊ လူကြီးလူကောင်းပီသသော၊သို့ရာတွင်တစ်ဖက်မှကြည့်လျှင်လည်းဟိတ်ဟန်ကြီးမားသော..၊
ရင်းနှီးဖော်ရွေမှုမရှိသော၊လူမှုရေးကိုတာဝန်နှင့်မရောသောစာအုပ်ကြီးသမားများဖြစ်လာကြမည်ထင်သည်..။
ကျွန်တော်လက်ရှိတွေ့နေရသည်မှာထိုကဲ့သို့ဖြစ်မည်ဟုသုံးသပ်ရသည်..။
            အဲဒီနေရာကဆက်သွားသောအခါရှေးဟောင်းအိမ်အိုလေးတစ်လုံးကိုတွေ့ရပြန်သည်.။အဲဒီရှေ့တွင် ကျောက်
ဆူးအကြီးကြီးတစ်ခုချထား၍ ဓါတ်ပုံရိုက်ခဲ့ကြသေးသည်..။သူတို့၏ဓလေ့စရိုက်များမှာတစ်ခုအပါအ၀င်
ဖြစ်သည်ကလူအုပ်စုလိုက်လာ၍ ဓါတ်ပုံရိုက်မည်ဆိုပါကကူညီရိုက်ပေးတတ်လေ့ရှိခြင်းပင်ဖြစ်သည်..။ထိုနေရာ
တွင်လည်းကျွန်တော်တို့အုပ်စုကိုယောကျာ်းကြီးတစ်ယောက်မှ ဓါတ်ပုံရိုက်ပေးခဲ့ပါသည်..။ဒီလိုတော့လည်းထင်
သလောက်မဆိုးပါဟုတွေးမိသေးသည်..။




















ရှေးဟောင်းအိမ်အိုလေးရှေ့ကကျောက်ဆူးကြီးများပေါ်မှာ..။
            ရှေ့ကိုဆက်သွားကြတော့ပန်းသီးပင်များချည်းအတန်းလိုက်စိုက်ထားသောနေရာကိုရောက်သွားသည်.။
ဓါတ်ပုံရိုက်ချင်သေးသော်လည်းကိုချမ်းငြိမ်းထွန်းကအပြန်မှရိုက်ဖို့ပြောသည်နှင့် ကင်မရာကိုပြန်သိမ်းလိုက်ရ
သည်..။
            ရှေ့ဆက်သွား၍ တံတားလှေကားကလေးတစ်ခုကိုဖြတ်၍ လျှိုတစ်ခုထဲသိုဆင်းရပြန်သည်..။အလို.ပီဘိ
ရုရှားပြည်ပါတကား..။ဒီနေရာတွင်ဓါတ်ပုံရိုက်၍ သူငယ်ချင်းများကိုပြလျှင် ရုရှားမှာရိုက်ထားသည်ဆိုလျှင်ပင်ယုံ
နိုင်ဖွယ်မရှိ.။အဲဒီနေရာလေး၏ပုံသဏ္ဍာန်ကကျွန်တော်တို့ဗိုလ်လောင်းဘ၀ကOUTDOORသင်ခန်းစာထွက်သည့်
တောအုပ်ကလေးများနှင့်ခပ်ဆင်ဆင်တူသည်..။ပကတိတောစစ်စစ်ဖြစ်သည်..။ရုရှားလူမျိုးများက အဆိုပါနေရာ
ကိုအလွန်အမင်းပင်ကြိုက်နှစ်သက်ကြကြောင်းကိုချမ်းငြိမ်းထွန်းမှပြောပြသည်..။စမ်းချောင်းလေးတွေ့သည်နှင့်
လက်တစ်ဖက်ကိုထုတ်၍စိမ်ကြည့်လိုက်သည်..။စစိမ်ကာစတွင်မသိသာသော်လည်းတစ်ဖြည်းဖြည်းဖြင့် လက်
ကောက်ဝတ်အရိုးထဲထိကျဉ်တက်လာသည်ကိုတွေ့ရသည်။ကြာကြာမစိမ်နိုင်၍ လက်ကိုပြန်သိမ်းလိုက်ရသည်..။
ထိုနေရာတွင်အခြားသူများဓါတ်ပုံရိုက်ကြသေးသည်..။ ပြန်မည်အလုပ်မှာရုရှားတစ်ယောက်ကဆေးလိပ်လာ
တောင်းသည်နှင့်မင်းဟိန်းဇော်ဆီကဆေးလိပ်တောင်း၍ ပေးလိုက်ရသည်..။ဒါကသူတို့လူမျိုးထုံးစံဖြစ်သည်..။
မည်သူမဆို ဆေးလိပ်တောင်းကြသည်..။ကျွန်တော်တို့မှလည်းတောင်းခွင့်ရှိသည်..။ကျွန်တော့်အထင် ရုရှားလူ
မျိုးများ၏ ၈၀%ခန့်သည် ဆေးလိပ်သောက်ကြသည်ဟုယူဆရသည်..။၁၈နှစ်ပြည့်ပြီးသူတိုင်းမိန်းမ၊ယောကျာ်း
အားလုံးနီးပါးကဆေးလိပ်သောက်ကြသည်ကိုတွေ့ရသည်။ ဆေးလိပ်သောက်ခြင်းသည်ပင်နိုင်ငံ့ယဉ်ကျေးမှု
တစ်ရပ်လိုဖြစ်နေသည်..။
            အဲဒီနေရာကပြန်ထွက်လာတော့ကျွန်တော်ပြောသည့်ပန်းသီးပင်တန်းမှာဓါတ်ပုံရိုက်ကြသည်။ကျွန်တော့်
အထင် သူတို့နိုင်ငံမှာပန်းသီးပင်ကအတော်ပင်ပေါများသည်..။စားပင်မစားကြဟုထင်မိသည်..။ကျွန်တော်တို့
ရွှေမြန်မာများကတော့ ဘောလုံးသွားကန်တိုင်းပန်းသီးများခူးစားကြသည်။ဘယ်သူမှမစားပေမယ့် ပန်းသီးဆို
တာက မြန်မာနိုင်ငံမှာဈေးကြီးသီးနှံများတွင်ပါဝင်နေသည်မဟုတ်လား..။




















 ပန်းသီးပင်တန်းများကြားက မြက်ခင်းပေါ်မှာ…
           
        ပန်းသီးပင်တန်းက ပြန်ထွက်တော့ သွားစရာနေရာကကုန်နေပြီဖြစ်ရာ.ပြန်ဖို့လုပ်ကြသည်..။အပြန်တွင်
လည်းထုံးစံအတိုင်းမြေအောက်ရထားဖြင့်ပင်ပြန်လာခဲ့ကြသည်..။အဆောင်နားကКахоская(မြန်မာအသံထွက်
ကာဟိုးစကားယား)ဘူတာအထွက်တွင် မြန်မာတော်တော်များများကနှစ်ခြိုက်ကြသောШаурма(ရှာအူးရ်မား)
ခေါ်တာဂျစ်ကစ္စတန်မုန့်တစ်မျိုးစားကြသေးသည်..။Шаурмаဆိုတာကတော့ အသားများများ၊ဂေါ်ဖီထုပ်၊ခရမ်း
ချဉ်သီး၊ရုရှားနိုင်ငံ၏သင်္ကေတဟုပြောနိုင်သည့် သခွားချဉ်၊စသည်တို့ကိုနံပြားကဲ့သို့ဂျုံပြားခပ်ကြီးကြီးထဲတွင်
ထည့်လိပ်ကာမီးပြန်ကင်ထားသောအသားညှပ်နံပြားတစ်မျိုးဖြစ်သည်..။အသားက၀က်သားဖြစ်သည်..။သူတို့
လုပ်ထားပုံကလည်းစနစ်ကျသည်..။ဝက်သားကိုအလွှာလိုက်သံချောင်းဖြင့်ထိုး၍ကင်ထားသည်။ ပြီးမှဓါးဖြင့်လှီး
ချခြင်းဖြစ်သည်..။မြန်မာတော်တော်များများက ကြိုက်ကြခြင်းမှာ မြန်မာပါးစပ်ဖြင့်အစပ်အဟပ်တွေ့၍ဖြစ်ပါလိမ့်
မည်..။ကျွန်တော်သည်လည်းШаурмаကို နှစ်ခြိုက်စွာစားတတ်သူတစ်ဦးပင်ဖြစ်ပါသည်..။
Шаурмалလုပ်ရန်အတွက် ၀က်သားများကိုဤသို့တံစို့ထိုး၍ ကင်ထားရသည်..။


ကျွန်တော်နှစ်ခြိုက်တဲ့ Шаурма..

အဆောင်ပြန်ရောက်တော့ ညနေ၈ နာရီခွဲပါတော့မည်.။နေကလည်း၈နာရီခွဲလောက်မှဝင်သည်ဖြစ်ရာ..
အတော်ပင်ဖြစ်ပါသည်..။ကျွန်တော်ရေမိုးချိုးပြီးထမင်းစားကစောစောစီးစီးနားရန်ကြံစည်နေစဉ် ခေါင်းတွင်းသို့
အသိတစ်ခုဝင်လာခဲ့ပါသည်..။အဲဒါကတော့ ဆရာမАлёнаСегревнаပေးထားသည့်အိမ်စာများမပြီးသေးဆို
တာပင်ဖြစ်ပါသည်..။ထို့ကြောင့်အနားယူရန်အကြံကိုမောင်းထုတ်လိုက်ရပြီးစာကြည့်စားပွဲသို့ဝင်ထိုင်ဖြစ်လိုက်
ပါတော့သည်ခင်ဗျား….။



ရေးသားသူ : မိုးသက် // 10:19 AM
အမျိုးအစား:

4 comments:

  1. မော်စကိုမြစ်ကမ်းနံဘေးကမင်းသားကိုအားပေးရင်း
    ဘာစာလုံးမှန်းမသိဘဲမုန့်မှန်းတော့သိရတဲ့Шаурма
    ဆိုတာကြီးကိုသရေယိုသွားတယ်ဗျို့..:P

    ReplyDelete
  2. အဲ့ ပန်းသီးပန်းခြံလေးကို တကယ်ရောက်သွားသလိုပဲ အစ်ကိုရေ..
    ဓာတ်ပုံလေးတွေနဲ့ တင်တာ သဘောကျတယ်
    ရဲဘော် ဆက်လုပ် :P

    ReplyDelete
  3. မိုက်ဒလယ်ကွာ။

    ReplyDelete
    Replies
    1. ပျော်စရာကောင်းတယ်..ေ၇ာက်တုန်းေ၇ာက်ခိုက်တပျော်တစ်ပါးး

      Delete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List