“ နင်အဲဒါတွေလျှောက်မတီးနဲ့ဦး.. ။ ဒိုရေမီဖာကိုအရင်ကျင့်ပါဆိုနေ...ပြောထားတာကိုပြောလို့
မရဘူး..”
လက်ထိပ်ကိုခပ်ဆတ်ဆက် အခေါက်ခံလိုက်ရသောကြောင့်..နူးညံ့သောလက်ဖမိုးလေး.သွေးခြည်
ဥမတတ်ဖြစ်သွားသည်.။နာကျင်စိတ်ကို.ချုပ်ထိန်းရင်းနှုတ်ခမ်းလေးကိုပေါက်ထွက်မတတ် ဖိကိုက်လိုက်
သည်.။
“ နင်ကလည်းဖြည်းဖြည်းမလုပ်ဘူး..သူ့ကိုယ်သူဆရာများမှတ်နေလားမသိဘူး...”
မေ.သူ့ကိုတကယ်ပင်စိတ်ဆိုးမိပါသည်.။ စေတနာနဲ့ခေါက်တာပဲဆိုတာတော့သိပါသည်..။ ဒါပေမယ့်.. ဒီလိုခေါက်ခံရတာသိပ်တော့မကျေနပ်.. ။ နေရာတကာ သူကအလျှော့ပေးသော်လည်း သူတစ်ခုခု သင်ပေးရတော့မည်ဟုဆိုလျှင်ဆရာစိတ်ကပေါက်ပေါက်လာတတ်သည်..။ချစ်သူတစ်ယောက်၏ကြင်နာမှုတွေ
ပျောက်သွားပြီး. ဆရာတစ်ယောက်၏ ဂရုဏာဒေါသောလေးတွေ ပါလာတတ်သည်..။ဒီတော့မေနည်းနည်း
နာမည်ပေါ့..။ဒါပေမယ့် ကိုယ်က တတ်ချင်တာဆိုတော့ သူ့ကိုအလျှော့ရတော့သည်..။
“ ဒိုရေ မီဖာပဲတီးနေတာ လေးရက်ရှိသွားပြီ.. တစ်ခြားဟာ တက်ပေးပါတော့ဟာ. ငါလည်းတော်တော်
တီးတတ်နေပြီပဲ.. နင့်သူငယ်ချင်းယောက်ျားလေးတွေတောင်ငါ့လောက်မတီးတတ်တဲ့သူတွေအများကြီးပဲ..”
တစ်ခါတစ်ခါ မေသူ့ကို စိတ်ရှုပ်သည့်လေသံ ဖြင့်ပြောမိတိုင်း..သူ့မျက်နှာချက်ခြင်းညှိုးငယ်သွား
တတ်ပါသည်..။ငါက ငါမှာရှိသမျှ ပညာတွေအကုန်လုံး နင့်ကို ပေးပစ်လိုက်ချင်တာ.. တရုတ်ကားထဲကလို
အတွင်းအားတွေပေးသလိုမျိုး..ကွန်ပျူတာထဲကလို. Copy-Paste လုပ်လို့ မရတာလဲ နင်အသိပဲ..ဆိုတဲ့.
စကားကိုသာကြားရမြဲ.. ။ သူမေ့ကိုဘယ်လောက်ချစ်တယ် ဆိုတာ မေသိပါသည်.. ။အဲဒီလိုပြောလိုက်
တိုင်းလည်း မေသူ့ကိုအကြင်နာပိုရမြဲပါ..။ ဒါပေမယ့် မေ့အကျင့်က တော်ရုံသင့်ရုံတတ်လျှင်ကျေနပ်တတ်
သည်..။ သူကတော့ ဒီလိုမဟုတ်.. ။ပညာရပ်တစ်ခုကိုရေဆုံးရေဖျားထိ သင်ပေးချင်သည်.. ။ သူ့စေတနာ
ကပင် ဆရာလုပ်ချင်သော သူတစ်ယောက်ရဲ့စေတနာပဲလား.. ။ မိန်းကလေးတန်မဲ့ ဂစ်တာ ရစ်သမ်ကို
ညက်ညက်ညောညော တီးတတ်နေတာကို .. လိဒ် အတီးထပ်သင်ပေးနေသည်..။ နင်ဘယ်အချိန်ထိသင်
မှာလဲ ဆိုတော့.. တစ်သက်လုံးသင်ပေးမှာ ဟုပြုံးပြီးပြန်ပြောသည်..။ ဘယ်အချိန်မှရပ်မှာလဲ.. ။ငါလည်း
ဂစ်တာတီးစားမှာမဟုတ်ဘူးရပ်ပါတော့ ဆိုတော့.. City FM ထဲက ဂစ်တာတီးသည့်တူးတူးမာလောက်
တီးတတ်ရင် ရပ်မည်တဲ့.. သေရချည်ရဲ့.. ။ လောလောဆယ်တော့..မေ တစ်သက်လုံးအမြတ်တနိုးထား
သည့် ဘယ်ဘက်က လက်သည်းအရှည်တွေညှပ်လိုက်တာ ကြာပြီ..။ဘယ်ဘက်လက်ကလေးက အသား
မာများပင်တက်နေပြီ..။
တစ်ခါတစ်ခါ မေစိတ်ကြည်နေတဲ့အခါမျိုးမှာ..သူ့ကို သူခေါ်စေချင်သလို..မောင်လို့ ခေါ်ပါသည်..။အဲ
ဒီအခါမျိုးမှာ. သူ့မျက်နှာကပြုံးပြီး..မေ့မျက်နှာကိုစိုက်ကြည့်နေတတ်သည်.. ။ဖီလင်တက်သွားတာလား
ဘာလဲ မသိ..မျက်လုံးကိုမှေးစင်းပြီး. ရွှန်းရွှန်းစားစားကြည့်နေတတ်သည်..။ အဲဒီလိုကြည့်ပြန်ရင်လည်း
မေ မနေတတ်ပြန်..။ သူနဲ့မေနဲ့က များသောအားဖြင့်တော့ နင်နဲ့ငါနဲ့ပဲပြောတာများပါသည်. ။ဘာလို့လဲ
ဆိုတော့ မေတို့ က ငယ်ငယ်လေးကတည်းက သူငယ်ချင်း တွေဖြစ်ကြသည်ကိုး..။
သူဂစ်တာတီးတာအလွန်နားထောင်လို့ကောင်းသည်...။ မေဂစ်တာ မတီးတတ်ခင်တုန်းက.ရစ်သမ်၊
ဆိုတာ ဘာမှန်းမသိ.၊ ပလက်ကင် တို့ဘာတို့တော့အစ်ကိုတွေ ၊သူငယ်ချင်းတွေပြောတာကြားဖူးသည်.။
သူ ဂစ်တာတီးစသင်ပေးမှ သူတီးပြတာတွေကို သိရသည်..။ကလပ်စစ်ကယ် ဆိုတာ ဘယ်လို. လိဒ်ကဘယ်
လို.၊ ဖင်းဂါးပစ်ကင် ကဘယ်လို အစရှိသဖြင့်..။သူကလည်း အားလုံးကို မတတ်ကျွမ်းရင်တောင် အားလုံးကို
နည်းနည်းပါးပါးအခြေခံလောက်တော့တီးတတ်သူဖြစ်သည်..။
“ ချိုမြတဲ့သံစဉ်တွေကို နားဆင်တဲ့သူတွေဆီပေးဆပ်နိုင်ဖို့အတွက်.. ဂစ်တာတီးသူရဲ့ ဘယ်ဘက်လက်
တစ်စုံကတော့ အသားမာတတ်ပေးရတာပဲမေရဲ့.. ၊ အဲဒီလိုပေးဆပ်ခြင်းဆန်တဲ့ တူရိယာမို့လို့. မောင်က
ဂစ်တာကို စွဲစွဲလမ်းလမ်း ကြိုက်ခဲ့တာ..” အဲဒါ သူအမြဲပြောတဲ့စကားဖြစ်သည်.။ သူ့ဘ၀မှာ ဂစ်တာက
တစ်စိတ်တစ်ပိုင်းပါဝင်နေသည်..။ ဂစ်တာနှင့်သူနှင့်ခွဲထားလို့မရ ဟုဆိုဖူးသည်...။တစ်ခေါက်က မေသူ့ကို
မေနှင့်ဂစ်တာ ဘယ်သူ့ကိုပိုချစ်သလဲ ဟု မေးဖူးသည်.။ သူက ပြုံးစေ့စေ့ဖြင့်ဆိုသည်..။
“ ဂစ်တာမရှိရင် မောင်တော့ရူးမှာကွ. ” ဟုဆိုသည်.. ။ မေနှုတ်ခမ်းစူပြီးစိတ်ဆိုးဖို့ကြံတော့..
“ မေ မရှိရင်တော့... မောင်ရူးရုံတင်မကဘူး သေမယ်ထင်တယ်..” တဲ့.. အဲဒီလိုနောက်ပိုင်းမှလျှောချသွား
တတ်သည်..။
ရာသီဥတုသာယာသော စနေနေ့များတွင်မေတို့ နှစ်ယောက် ကန်တော်ကြီးထဲကိုသွားတတ်ကြသည်.။
ဂစ်တာတစ်ယောက်တစ်လုံးနှင့်. မက္ကဆီကိုထင်းရှုးပင်ကြီးနောက်ဖက်က သစ်ပင်လေးအောက်မှာဂစ်တာ
လက်ချာပို့ချမြဲ..။ ပျော်ဖို့တော့ကောင်းသည်..။ သူငယ်ချင်းတွေက မေတို့အတွဲကို. ။ အားကျကြသည်.ရိုမန်း
တစ်ဆန်သည်ဟု ဆိုသည်..။ မေကတော့.. ဂစ်တာတီးတိုင်း သူဆိုတာကိုသာနားထောင်ချင်လှသည်.။ သူ
သီချင်းဆိုလျှင် ခံစားချက် အပြည့်နှင့်ဆိုတတ်၍သီချင်းက တစ်မျိုးမျိုးတော့နားထောင်၍ကောင်းတတ်သည်.။
တစ်ယောက်က ရစ်သမ်တီးလျှင် တစ်ယောက်က လိဒ်တီး.. တစ်ယောက်က လိဒ်တီးလျှင်. တစ်ယောက်က
ရစ်သမ်တီး ဟန်ကျနေသည်..။
တစ်ခါတစ်ခါ သူက သုံးလေးယောက်စာ ကိုတစ်ယောက်တည်းဖြင့်တီးသည်ဆိုသော.. ဖင်းဂါးပစ်ကင်
များတီးပြတတ်သည်..။ မေအားကျသော်လည်း သူ့လို မျိုးတီးတတ်ချင်၍သင်ခိုင်းလျှင်သူက ဤ မုန်းစရာ
ကောင်းသော ဒိုရေမီဖာကို သာပြန်ကျင့်ခိုင်းသည်.။ ဒိုရေမီဖာမနိုင်ပဲ.. ကလပ်စစ်ကယ်လိုင်းဖက်ကို ကူး
လို့မရဘူး လေ. တဲ့.. နောက်တော့လည်းရလာမှာပါ လို့ မေတွေးမိသည်..။
တစ်ရက်က ဖြစ်သည်.. ကန်တော်ကြီးထဲရောက်မှ မိုးတွေအရမ်းရွာသည်..။ (မှတ်မှတ်ရရ အဲဒီနေ့က
Valentine Day မရောက်ခင် သုံးရက်အလို.ဖေဖော်ဝါရီ ၁၁ ရက်နေ့ဖြစ်သည်.။ )မေတို့ ဂစ်တာ အိတ်
ကြီးတွေလွယ်ပြိး ဘယ်မှ သွားလို့မရသည်နှင့်. အင်ကြင်းကျောက်ပြတိုက်ကြီးထဲသွားထိုင်ကြသည်..။
ပထမဆုံးအကြိမ်အဖြစ် . . ဂစ်တာမတီးပဲ .စကားတွေပြောဖြစ်ကြသည်......။သူပြောတဲ့စကားတွေကို
မေကြားရသည်..။ ဒါပေမယ့် သူ့မျက်နှာမှာ တစ်ခုခု ရှိနေသလိုလို..အရိပ်အယောင်တွေတွေ့နေရသည်.။
ပြိုတော့မည့်မိုးလို..ဖြစ်နေသည်..။
“ မောင် . နေမကောင်းဘူးလားဟင်.. ”
“ ကောင်းပါတယ် မေ.. မောင်ဘာမှ မဖြစ်ဘူး.. ”
အဲဒီနေ့က မေသူ့ကိုတော်တော်စိတ်ပူမိသော်လည်း ... လန်းလန်းဆန်းဆန်း ဖြစ်ကာပြုံးရွှင်သွားသော သူ့
မျက်နှာကြောင့်....စိတ်အေးရတော့သည်.. ။
အဲဒီနေ့က သူမှတ်မှတ်ရရ မေ့အတွက်သီချင်းတစ်ပုဒ်ကို ဆိုပြသည်...။ သီချင်းက မေ တို့ငယ်ငယ်က
စိုင်းထီးဆိုင်ဆိုခဲ့သည့် သီချင်းတစ်ပုဒ်.. “ မေမြို့မိုး..”.. ။ မေ ဆရာစိုင်းခမ်းလိတ်ရေးသောသီချင်းများကို
သဘောကျသည်.. ။စာသားများအင်မတန်ကောင်းသည်...။ မေလည်း သီချင်းကိုရနေသည်ဖြစ်ရာ.. သူ
နှင့်အတူတူ လိုက်ဆိုဖြစ်သည်...။
“ လိုက်ဆိုရုံနဲ့မရဘူး.. အဲဒီသီချင်းကို ကော့ဒ်ရော နုတ်စ်ရောရှာထားနော် ဟုတ်ပြီလား.မနက်ဖြန်
ကျရင် ပြန်တီးပြရမယ်.. ”
တီးနေရင်းနဲ့သူပြောလိုက်မှ အရှိန်ကပျက်သွားသည်...။အင်းအင်း ဟုခေါင်းညိတ်ပြလိုက်မှသူ့ပြုံးပြီး
ဟိုဘက်လှည့်သွားသည်..။ မေတို့ ဆက်စကားမပြောဖြစ်တော့ချေ...။
နောက်ရက်မနက်.. သူရောက်မလာပါ.. ။ မေ ဖုန်းဆက်ကြည့်တော့..သူသိပ်နေမကောင်းဟု ဆိုသည်.။
စိတ်မပူပါနှင့်..ခိုင်းထားသည့် အလုပ်များကိုပြီးအောင်လုပ်ပါ..ဟုပြောတော့. သိပ်မဖျားပါဘူးဟုထင်မိသည်။
မေလည်း Valentine နေ့ပြီးနောက်တစ်ရက် တော့သူ့ဆီ သွားမည် ဆိုကာမှ သူကရောက်လာသည်..။
ဂစ်တာလည်း မပါ.. ။ပုံစံကနေမှကောင်းသေးရဲ့လားမသိ..။ ဖျော့တော့နေသည်..။
“ မေရေ.. ပြောစရာရှိလို့..ငါ သဘက်ခါလောက် မေမေတို့နဲ့ စင်ကာပူကိုလိုက်သွားမလို့..
တစ်မိသားစုလုံးသွားတာဆိုတော့..လိုက်သွားမလို့ကွာ.. မကြာပါဘူး.. နင့်မွေးနေ့အမီငါပြန်လာခဲ့
မယ်နော်...”
“ နင်ကျန်းမာရေးကိုလည်းဂရုစိုက်ဦးနော်..လူက အရိုးပဲရှိတော့တယ်..နဲနဲလေးနေကောင်းမှသွားတာ
မဟုတ်ဘူး... ”
မေသူ့ကိုဆူလိုက်ပါသေးသည်.. မေ့မွေးနေ့ က ၅ လပိုင်း ၃ ရက်နေ့ဆိုတော့.. သူသိပ်တော့ကြာ
မည်မဟုတ်ပါ..။
“ ပြန်လာရင် မုန့်ဝယ်လာခဲ့နော်.. ” .
သူ့မျက်နှာ သိသိသာသာ ညှိုးသွားတာကိုတွေ့လိုက်ရပါသည်...။
“ တွေ့လား မုန့်ကျွေးဆိုတော့ ဖြစ်သွားတဲ့မျက်နှာက.. ” ဆိုတော့ သူက ပြန်ပြုံးပြပြန်ပါသည်.။အသက်
တော့သိပ်မပါလှချေ..။
အဲဒီနေ့က မေ သူ့ထံမှ ရတောင့်ရခဲ့ လက်ဆောင်တစ်ခု ရလိုက်သည်.. ။အဲဒါက သူချစ်သူဘ၀တစ်
လျှောက်လုံး ၁ ခါသာပေးဖူးတဲ့.. အနမ်းလေးတစ်ခုပင်ဖြစ်ပါသည်....။
+++++++++++++++++++++++++++++++++++++++++++++++++++++++
သူသွားပြီး ၃ ၄ ရက်ကြာတဲ့အထိ သူ့ထံမှ အဆက်အသွယ်မရပါ.. .။သူ မအားလို့ဖြစ်မှာပါလေ..ဟု
နားလည်ပေးကြည့်သည်.. တစ်ပတ်. နှစ်ပတ်လောက်ကျမှ. မေးလ်တစ်စောင်ဝင်လာသည်..။ သူမအား
သဖြင့်ဖုန်းမဆက်နိုင်သေးကြောင်း..၊ မွေးနေ့ မမီလျှင်လက်ဆောင်ကိုပို့လိုက်မည် ဖြစ်ကြောင်း .မေးလ်
ထဲတွင်ရေးထားသည်..။ မေ နည်းနည်းတော့ ဒေါသထွက်သွားသည်.။ ကိုယ့်ချစ်သူတစ်ယောက်ရဲ့မွေးနေ့
ပွဲကို မလာနိုင်ဘူး ဆိုလျှင် စောစောကတည်းက ကတိမပေးပါနှင့်လား..။ရှိစေဦးတော့ သူလာမှ ရန်တွေ့
ပစ်မည်ဟု တေးထားလိုက်သည်..။
နောက်ပိုင်းတွေလည်း ဖုန်းမလာပါ.. ။မေးလ်များသာ တစ်စောင်ပြီးတစ်စောင်ဝင်သည်..။
သူပြောတဲ့စကားတွေက ရှေ့နောက်မညီချင်သလိုလိုဖြစ်လာသည်..။ သူမှ ဟုတ်ရဲ့လားလို့ထင်ချင်စရာ
တွေဖြစ်လာသည်..။ မဖြစ်နိုင်ဘူးဆိုတာ မေ့အတွက် မခိုင်လုံတော့သလိုဖြစ်လာသည်..။ နောက်ကွယ်မှာ
ဘယ်သူတွေရှိနေသလဲ.။ ဒါမေ့သိက္ခာကို သူစော်ကားလိုက်တာ..။ မေ့ကိုသူချိုးသွားတာ..။ဘာတွေအငြှိုး
အတေးတွေများရှိခဲ့လို့လဲ..။ ယောက်ျားတွေက အကြောင်းမရှိပဲနဲ့ ဒီလိုလုပ်ရင် နောက်အသစ်တစ်ယောက်
တွေ့တာဖြစ်နိုင်ကြောင်း.. ပြောသူကပြောလာသည်.။မေဘယ်လိုလုပ်ရမှာလဲ.. ။ ငါနင့်ကိုချစ်ခဲ့တာ ဒီလို
ခံစားဖို့မဟုတ်ဘူး..။ ဘာတွေ မဖြောင့်ဖြူးခဲ့လို့လဲ. ။ဒီလောက်သာယာနေတဲ့...အချစ်လမ်းကို ဘာကြောင့်
သွေဖယ်ချင်ရတာလဲ..။ မေ ကိုယ်တိုင် အရူးတစ်ယောက်လို မြည်တမ်းမိတော့သည်.။

၃-၅-၂၀၁၀..။
မေ့မွေးနေ့.. ။
လာမှာမဟုတ်သော လူတစ်ယောက်ကို တွေးမိ၍ ကိုယ့်ကိုယ်ကိုပင်ဒေါသထွက်ချင်သလိုလိုဖြစ်မိသည်.။
ဖေဖေနှင့်အတူ.သူငယ်ချင်းများမလာခင်. ကိတ်မုန့်ကိုသွားယူမည်လုပ်သည်.. မနေ့ကတည်းကယူရမည်
ဖြစ်သော်လည်း..ညက ဟိုလူ့ဆီ ဖုန်းဆက်၍ ဖိတ်ရ. ဒီလူ့ဆီဖုန်းဆက်၍ ဖိတ်ရနှင့်. .. အလုပ်တော်တော်
ရှုပ်သွားသည်....။ သွားမယူဖြစ်လိုက်...။ ပြီးခဲ့တဲ့မွေးနေ့တုန်းက သူနဲ့ပဲ တစ်နေကုန်ရှိခဲ့သည်..။ သူကိုယ်
တိုင်ပဲ မေ့ကို.. အဘိုးကြိးအဘွားကြီးဖြစ်တဲ့အချိန်အထိဆိုတဲ့အထိမ်းအမှတ် အဘိုးကြီးအဘွားကြီးအရုပ်
ကလေးတွေလက်ဆောင်ပေးခဲ့သည်..။သူပေးတဲ့လက်ဆောင်လေးတွေက အဓိပ္ပါယ်တစ်ခုခု တော့ရှိ
တတ်သည်.. ။ နောက်ပြီးသွားပွတ်တံတစ်ချောင်း.. ။ အဓိပ္ပါယ်က “မရှိမဖြစ် ”တဲ့...။
မေတွေးရင်းဖြင့်ပင် မျက်ရည်ကဝေ့တက်လာသည်..။ သူပေးတဲ့ လက်ဆောင်လေးတွေကိုပြန်ကြည့်
ရင်းပင် မေ မွေးနေ့ကိုပင်ဂရုမစိုက်ပဲငိုမိသည်..။သူဘာဖြစ်လို့လိမ်ခဲ့တာလဲ..။ သူဘာဖြစ်လို့ မေ့ကိုဒီလိုနာ
ကျင်အောင်လုပ်ခဲ့ရတာလဲ. ။တကယ်တော့ အဲဒီမျက်ရည်က ဒေါသအလျောက်ငိုသောမျက်ရည် ဖြစ်သည်။
သူ့ကို မေ နာကျည်းသည်..။ ကမ္ဘာမှာ မေအမုန်းဆုံးလူက သူ .. ။သူ့မျက်နှာကို ဒီတစ်သက် မမြင်ချင်
လောက်အောင် မုန်းသည်.။ မုန်းသည်..။ မုန်းသည်..။
မွေးနေ့ကိတ်သွားသယ်တော့ လမ်းမှာ အသုဘကားတန်းကြီးနှင့်တွေ့နေ၍ တစ်ခြားလမ်းက ရှောင်
မောင်းကြရသည်..။ မကြည့်လိုသည်ထက်.. သူငယ်ချင်းများ. လာလျှင်မတွေ့မည် ..နောက်ကျမည်ကိုစိုး
၍ ဖြစ်သည်..။.ပြီးတော့မွေးနေ့ကိတ်ကို သယ်လာပြီး အိမ်မှာ သူငယ်ချင်းများကိုစောင့်သည်...။
ဘယ်သူမှ မလာကြချေ.. ။ ၁၀ နာရီထိုးခါနီးမှ.မန္တလေးက သူငယ်ချင်းများတက်လာကြ၍ ပွဲစည်သွားသည်။
ညနေပိုင်း..ကျတော့သူတို့မန္တလေး ပြန်ဆင်းသွားသည်..။ ငယ်သူငယ်ချင်းများဘာလို့မလာကြပါလိမ့်..။
သူမနေ့က သေသေချာချာဖိတ်ပါသည်.။ စိတ်တော့ သိပ်မကောင်း.. မိချေ.။မအားဘူးဆိုလျှင်လည်းအကျိုး
အကြောင်းလေးပြောရန်သင့်သည်..။ဘာပဲဖြစ်ဖြစ်ညနေရောက်တော့ . မေ ၀ါဝါ တို့ဘက်ကို ထွက်လာခဲ့
သည်..။
“ နင်တို့ကလည်းနေနိုင်တယ်နော်.. ငါ့မွေးနေ့ကိုမလာကြဘူး....”
ဝါ၀ါက မေ့ကို အဓိပ္ပါယ်တစ်မျိုးဖြင့်လှမ်းကြည့်သည်..။ မျက်လုံးတွေက နီရဲနေသည်..။
“ ဟယ် ၀ါဝါ နင်ငိုထားတာလား.. ”
မေထပ်မေးသည်..။
ဝါ၀ါက မေ့ကိုဖက်လိုက်သည်.. ။ ဖက်ထားရင်းနှင့်မှ ၀ါဝါ့နောက်ကျောမှာ ချထားသော.နာရေးမှကမ်းသည့်
ယပ်တောင်လေး ပေါ်မှစာကို မေမြင်လိုက်သည်..။
မောင်မိုးသက်.
အသက်(၂၂)နှစ်...။

၃-၅-၂၀၁၁..။
ဟက်ပီးဘက်ဒေးသီဆိုပြီး ဖယောင်းတိုင်များကိုမှုတ်လိုက်သည်..။ သူငယ်ချင်းများကလက်ခုပ်သြဘာ
တီးကြသည်..။ ကိတ်မုန့်ကိုလှီးပြီးလိုက်ခွံ့သည်...။ဖြစ်ချင်တော့ ကိတ်မုန့်က တစ်တုံးပိုနေသည်.....။
သူရှိနေရင်သိပ်ကောင်းမှာပဲ ဟုတွေးမိသည်..။ ဦးနှောက်ကင်ဆာရောဂါနှင့် စင်ကာပူမှာဆေးသွားကု
ရင်း.. သေဆုံးသွားခဲ့သောချစ်သူကိုတွေးမိပြီး ၀ဲတက်လာသောမျက်ရည်ကို သုတ်ပစ်လိုက်သည်..။
“ ညီမလေး ရေ.ညီမလေး.. မေသော်တာတို့ အိမ်လားမသိဘူး..”
အိမ်ရှေ့မှာအစ်ကိုကြီးတစ်ယောက်.. ။
“ ဟုတ်ကဲ့ ရှင့် ကျွန်မ ကမေသော်တာပါ...”
“ ဟုတ်ကဲ့.. လွန်ခဲ့တဲ့နှစ် ၂ လပိုင်းက ကိုမိုးသက်က. ညီမလေးအတွက် ဂစ်တာတစ်လက် အပ်သွားတယ်..
အဲဒါကို.သူက ပြီးခဲ့တဲ့ နှစ်၅ လပိုင်းမှာ ဂစ်တာ မပြီးခဲ့ရင်.. ဒီနှစ်မှပေးပေးပါ ဆိုလို လာပေးတာပါ.. ”
သားရေအိတ်အဖြူကလေးဖြင့် ထည့်ထားသော.. ဂစ်တာ ကလေးကို...ကားပေါ်မှချပေးသည်..။
မေတုန်ရီနေသောလက်အစုံဖြင့်.. ဂစ်တာလေးကိုလက်ခံသည်...။မျက်ရည်များက အတားအဆီးမဲ့စွာကျ
လျက်..။ ဂစ်တာကုမ္ပဏီမှလူက နားမလည်စွာကြည့်ပြီးပြန်သွားသည်..။
မေဂစ်တာလေးကို အခန်းထဲယူလာသည်.. အိပ်အဖြူလေးကိုဖွင့်သည်.. အထဲက ဂစ်တာလေးက
ပန်းနုရောင်လေး...။ မောင်သေချာ. အော်ဒါမှာသွားတာဖြစ်မည်....။အိုးပေါ်မှာ မေ့ကိုချစ်တဲ့မောင်..
လို့စာလုံးစောင်းကလေးများဖြင့်.ရေးထားသည်...။Pletctrum လေးကိုဖြုတ်သည်.....။ကြိုးကညှိပြီးသားဖြစ်
သည်...။မျက်ဝန်းမှာ မျက်ရည်များက ကျနေသည်.. မျက်လုံးထဲမှာ မောင့်ကိုမြင်နေသည်..။
“ လက်သန်းကို အားပါမှရမယ်.. ကုတ်ပြီး ဆွဲချလိုက် .. ဒါမှ မဟုတ်ရင်အပေါ်ကိုတွန်းတင်လိုက်..”
“ အသံ မဆုံးခင်မှာ Hammer ကို ၂ချက်ကနေ ၃ ချက်၎ချက်အထိပေါက်လို့ရတယ်. အဲဒါ ကလပ်စစ်
သဘောတရားတွေပဲ..”မောင့်အသံကိုကြားနေရသည်...
မေတစ်ယောက်...ဂစ်တာလေးကိုသာ အယောင်ယောင်အမှားမှားဖြင့်တီးခတ်မိတော့သည်...............။

ဝတ္ထုတိုကောင်းလေးပါ
ReplyDeleteခံစားဖတ်ရှုသွားပါတယ်အကိုရေ
စိတ်မကောင်းစရာပဲ... အစ်ကိုက စာရေးကောင်းတယ်နော်...
ReplyDeleteညီမလည်း ဂစ်တာကိုချစ်တယ်.. တီးတတ်လားဆိုတော့ မတီးတတ်ဘူး..
ဂစ်တာတီးတတ်တဲ့သူ့ကိုလည်း ချစ်တယ် :P :P (ကြော်ငြာတွေ ပါလာပြီ အဟီး)
ခံစားရတယ် အရေးအသားအရမ်းကောင်းတယ်
ReplyDelete