တစ်ခါတစ်ခါ သူ့စိတ်က လွန်လေပြီးတဲ့ အချိန်တစ်ခုကလို ပြန်ဖြစ်သွားတတ်တယ်။ သူသိပ်စိတ်ရှုပ်နေတဲ့အခါမျိုး အဲ့ဒီအချိန်က ထရော်မာတွေ ပြန်ပေါ်လာသလား ကျနော်မပြောတတ်ဘူး။ သူပင်ပန်းတဲ့အခါ ကျနော်လည်း ခက်ခဲခဲ့ရတယ်ဆိုတာကိုတော့ ကောင်းကောင်းကြီး မှတ်မိနေတယ်။
Home » All posts
Tuesday, November 7, 2023
Some random stories (Unknown episode - 2)
Thursday, November 2, 2023
Some random stories (Episode Unknown)
မာဖလာနဲ့ ခေါင်းစွပ်လေး လူကြုံနဲ့ ငါ့လက်ထဲရောက်လာတဲ့ညနေစောင်းက ငါအခန်းထဲမှာ တစ်ယောက်တည်းရယ်နေတာကို မှတ်မိတယ်။ လိုချင်တယ်ဆိုတာ မသိဘဲ လိုချင်နေတဲ့ ပစ္စည်းတစ်ခု ရလိုက်တဲ့ ကလေးတစ်ယောက် ရယ်သလို အူမြူးပြီး ဟက်ဟက်ပက်ပက်ရယ်နေတာ။ ငါတစ်ယောက်တည်းနေတဲ့အခန်းကျဉ်းလေးထဲမှာ ငါဟာ မျက်ရည်ထွက်လောက်အောင်ရယ်တယ်။ ခေါင်းစွပ်နဲ့ မာဖလာရဲ့ နောက်ကွယ်က ဘဝမှာမရစဖူးရခဲ့တဲ့ မေတ္တာတရားတွေအတွက် ငါရယ်တာ။ လူတစ်ကိုယ်လုံး နုံးချိမောဟိုက်သွားတဲ့အထိကို ရယ်မောပစ်လိုက်တာ။ Introvert တစ်ယောက်ရဲ့ လူမမြင်ရာမှာ ခိုးကြောင်ခိုးဝှက်ရယ်ရတဲ့ အရသာကို မင်းတို့နားလည်အောင် ငါဘယ်လိုရှင်းပြရမယ်မသိဘူး။
မထိုးတတ်ထိုးတတ်နဲ့ ထိုးထားတဲ့ မာဖလာလေးက အရောင်အစပ်အဟပ်တွေ မမှန်ဘူး။ ချည်တွေခပ်ကျဲကျဲနဲ့ ခေါင်းစွပ်ကလည်း ငါနဲ့ မတော်ပါဘူး။ ဒါပေမယ့် ငါကြိုက်တယ်။ ငါ့ဘဝမှာ အဲ့ဒီလောက် ကြိုက်ရတဲ့ အရာတွေ မရှိရလောက်အောင်ကို ငါကြိုက်ခဲ့တာ။ အဲ့ဒီကာလက ဆောင်းရာသီ သုံးခုစလုံးကို ငါအဲ့ဒါတွေနဲ့ပဲ ဖြတ်ကျော်ခဲ့တာ။ မေမြို့ရဲ့ ဆောင်းတွင်းမှာ မတော်ဘဲ ကြပ်နေတဲ့ ခေါင်းစွပ်နဲ့ မာဖလာကြောင်ကြောင်ကျားကျားကို ပတ်ပြီး ကော်ဖီပူပူကို ငုံ့သောက်နေတဲ့ အသက် ၃၀ ပတ်ချာလည် မှန်ကြောင်တစ်ကောင် ကို မြင်ဖူးရင် အဲ့ဒါ ငါပါပဲ။
အနေဝေးခြင်းဟာ နာတာရှည်ရောဂါပါပဲ။ ဆူနာမီဒဏ်က ကြံ့ကြံ့ခံနိုင်ခဲ့တဲ့လှေငယ်ဟာ ကမ်းစပ်က နွယ်ပင်လေးနဲ့ ငြိပြီး ကွဲထွက်သွားတဲ့ အခိုက်အတန့်တွေ ငါတို့ဘဝမှာ ကြုံရလေ့ရှိတယ်။ ငါ့ဘဝမှာ ဆောက်ခဲ့ဖူးတဲ့ တခြားသဲအိမ်လေးတွေလိုပဲ အချိန်ကာလကို မမှုခဲ့တဲ့ သဲအိမ်လေးဟာ အကွာအဝေးကြောင့် အစအနမကျန်အောင် တိုက်စားခံလိုက်ရတယ်.. နောက်တော့...။
အဲ့ဒီမနက်က အဲ့ဒီ မာဖလာနဲ့ ခေါင်းစွပ်ကို စက္ကူအိတ်ကလေးထဲမှာ ထည့်တယ်. ။ ငါသွားခဲ့တဲ့ မိဘမဲ့ဘုန်းတော်ကြီးကျောင်းက တစ်ခေါင်းလုံး ဒက်တွေအပြည့်နဲ့ ကိုရင်လေးဟာ ငါပေးတဲ့ ခေါင်းစွပ်အမည်းကို ကြည့်ပြီး ရယ်တယ်။ ဟက်ဟက်ပက်ပက်ကိုရယ်နေတာ။ ပြီးတော့ သူ့ခေါင်းမှာ အစမ်းစွပ်ကြည့်တယ်။ ပြီးတော့ နောက်တစ်ကြိမ် ထပ်ရယ်တယ်။
တချို့ဇာတ်လမ်းတွေဟာ အရယ်နဲ့ စပြီး အရယ်နဲ့ ဆုံးတယ်။ ဒါပေမယ့် Happy Ending ဖြစ်ကို ဖြစ်ရမယ်လို့တော့ ဘယ်ဘုရား၊ ဘယ်ဒေဝါမှာ အာမခံနိုင်စွမ်းမရှိခဲ့ပါဘူး။
- မိုးသက်ဦးလွင်
June 21, 2023
နွေအိပ်မက်တစ်ခုအကြောင်း
ပုလဲကွန်ဒိုအောက်ရောက်တော့ မနွေဖုန်းကို တန်းခေါ်တော့တာပဲ။ သူဖုန်းမကိုင်ပါဘူး။ ဖုန်းကို အမြဲတမ်း ၂ ခါ ထပ်မနည်းခေါ်ရတဲ့ မနွေဟာ ပုံမှန်အခြေအနေလို့ ယူဆလို့ပဲလား။ သူ့ဇာတ်ရှုပ်တွေကို တစ်နည်းနည်းနဲ့ ကျနော်သိသွားတာကို ရိပ်မိလို့လား တော့မသိပါဘူး။ ၂ ခါလောက်ခေါ်ပြီး လောင်နေတဲ့ ကိုယ့်စိတ်ကိုယ် ထိန်းတဲ့အနေနဲ့ Lotteria ထဲဝင်ပြီး ကြက်ကြော်စားရင်း စောင့်နေရမလား တွေးမိပေမယ့် ကျနော်လက်ရှိဖြစ်နေတဲ့ Mood က ကြက်ကြော်စားပြီး အေးအေးဆေးဆေးစောင့်စရာ ဘာအကြောင်းမှ ရှိမနေခဲ့ဘူး။ ဒါကလည်း သူ့မျက်နှာကို နောက်ဆုံး မြင်ရတာပဲလို့ ကျနော်ကိုယ်တိုင် သိနေလို့လည်း ဖြစ်မှာပါ။
Tuesday, October 31, 2023
ကြွေ...
ငယ်ငယ့်ကို မတွေ့ရတာ ကြာပြီ။ သူငယ်ချင်းတွေက သူ့မင်္ဂလာဆောင်ကိစ္စတွေအတွက် အလုပ်ရှုပ်နေတယ်လို့ပြောတယ်။ ၅ နှစ်တာ Relationship တစ်ခုရဲ့ အဆုံးမှာ ဘာတစ်ခုမှ မဖြစ်ခဲ့သလို အေးဆေးလွန်းတဲ့ ငယ်ငယ့်ကိုလည်း နားမလည်ဘူး။ လူတစ်ယောက်ရဲ့ ဘဝမှာ တခြားလူတစ်ယောက်ကို ဘဝထဲက ထုတ်ပစ်ဖို့ အဲ့ဒီလောက်တောင် လွယ်တယ်ဆိုတာ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး။ မုန်းနေသေးရင်တောင် စိတ်ထဲမှာ ရှိနေသေးတယ်၊ အချစ်ရော အမုန်းရော ဘာမှ မရှိတဲ့ Neutral ဖြစ်သွားခဲ့ရင် ဘဝထဲက လုံးဝ ပျောက်သွားပြီတဲ့။ ဒီအချိန်ကာလ တိုတိုလေးအတွင်းမှာ ငယ်ငယ့်ဆီမှာ ကျနော့်အတွက် အချစ်ရော အမုန်းရော တကယ်ပဲ မရှိတော့တာလားဆိုတာ ကျနော်မတွေးတတ်ဘူး...။
Sunday, February 5, 2023
နှစ်ဖက်သောမိဘများနှင့် မင်္ဂလာမောင်နှံတို့မှ ...
Sunday, November 7, 2021
မပျက်သုန်းမီ
ဉာဏ်ပညာရယ် ချစ်ခြင်းတရား အရေးကြီးဆုံး ၂ ခုမှာ တစ်ခုလောက်ပြည့်စုံရင်တောင် လောကကြီးက အသက်ရှူချောင်နေဦးမှာပါ။ ခက်တာကလည်း ခင်ဗျားမှာ တစ်ခုလေးတောင် ရှိမနေတာပဲ။
ဘာတစ်ခုမှ မသိတဲ့လူတစ်ယောက်ကို အရာအားလုံး သိသလိုလို ဟန်ဆောင်နေပေးရလောက်အောင် နိမ့်ကျတဲ့ ခေတ်ကြီးထဲမှာ လက်နက်အားကိုးပြီး လုယူလို့ရတဲ့ အရာတွေထဲ ချစ်ခြင်းမေတ္တာမပါခဲ့ဘူးဆိုတာ ခင်ဗျားကို သိစေချင်လိုက်တာဗျာ။
Friday, May 28, 2021
စည်သွပ်ဘူးတွေ
အဲဒီလိုပေါ့ကွာ… စည်သွပ်ဘူးတွေ..။ တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံ။ စည်သွပ်ဘူးတွေက သံဖြူကိုယ်ထည်နဲ့ ဆိုတော့ ကျန်တဲ့ ဖန်ပုလင်းတွေက အားကျတယ်၊ ပလတ်စတစ်ခွက်တွေက အားကျတယ်၊ လေဖောင်းထုပ်တွေက အားကျတယ်။ စည်သွပ်ဘူးအချင်းချင်းတောင် အကောင်းစားတွေက တစ်စျေး၊ စက်မှုထုပ်တဲ့ စည်သွပ်ဘူးတွေက တစ်စျေးကွ။ စည်သွပ်ဘူးအချင်းချင်းတောင် အဲဒီလိုတွေရှိသေးတယ်။ နောက်တစ်ခုက စည်သွပ်ဘူးကို နေ့စဉ်ဘဝမှာ မစားကြဘူး။ ငတ်တဲ့အချိန်၊ ဒုက္ခရောက်တဲ့အချိန် စားဖို့ သောက်ဖို့လောက်ပဲ Reserve လုပ်ထားကြတာ။ မင်းဟာ စည်သွပ်ဘူးဆိုပါတော့ကွာ။ လူတွေဒုက္ခရောက်တဲ့အချိန်မှာပဲ မင်းအတွက် အလုပ်ရှိသလိုပဲ။ အဲဒီလိုပဲ ကျန်တဲ့အချိန် မင်းက မေ့ထားခံရမယ်။
ခရမ်းချဉ်သီးတွေ ယိုဖြစ်သွားလည်း မင်း စည်သွပ်ဘူးပဲ။ ပြောင်းဖူးစေ့တွေက ပေါက်ပေါက် ဖြစ်သွားလည်း မင်းက စည်သွပ်ဘူးပဲ။ မင်းဟာ ကောင်တာပေါ်က သက်တမ်းအရှည်ဆုံးကောင်။ အရပ်လေးမျက်နှာက ကောင်တွေဘဝ တစ်ဆစ်ချိုးပြောင်းသွား၊ အရာရာတိုးတက်သွားလည်း မင်းက စည်သွပ်ဘူးပဲ။ မင်းဟာ မှန်ကောင်တာထဲ ဝင်ခွင့်မရှိဘူး။ ရေခဲသေတ္တာ ဖရီဇာ ဟာ မင်းအတွက်မဟုတ်ဘူး။ မင်းကို အမြင့်ပေါ်တင်ထားစရာလည်း မလိုဘူး။ ဘာလို့လဲ ဆိုတော့ မင်းဟာ စည်သွပ်ဘူး ဖြစ်နေတာကိုး။
မင်းလိုစည်သွပ်ဘူး ဖြစ်ပေမယ့် တံဆိပ်ကောင်းတဲ့ စည်သွပ်ဘူးကြီးတွေက မင်းကို မညှာဘူး။ အဲ့ကောင်ကြီးတွေက စင်အရှေ့ဆုံးမှာ တင်ထားခံရတယ်။ စည်သွပ်ဘူးချင်းအတူတူ လူကိုအကျိုးပြုချင်ယောင်ဆောင်ကြတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း စာတွေရေးထားလိမ့်မယ်။ လူတိုင်းအတွက် အသင့်ရှိကြောင်း တံဆိပ်ကပ်ထားတယ်။ မင်းလို စက်မှုဇုံထုတ် စည်သွပ်ဘူးမျက်နှာမွဲတွေက ဟိုးနောက်မှာ စီထားခံရမယ်။ စည်သွပ်ဘူးအချင်းချင်းခွဲခြားခံရမယ်။ စည်သွပ်ဘူးအချင်းချင်း တွန်းချခံရမယ်။
မင်းဟာ စည်သွပ်ဘူးပဲ။ မင်းမှာ အနာဂတ်အစီအစဉ်တွေချခွင့်မရှိ၊ ဘဝစိတ်ကူးအိပ်မက်တွေမက်ခွင့်မရှိ၊ ဘဝကို တရားသဖြင့် မြင့်အောင် မြှင့်တင်ခွင့်မရှိ။ Expire Date မကုန်မချင်း စင်ပေါ်ကဆင်းခွင့်အပေးမခံရတဲ့ စည်သွတ်ဘူးတွေရေ...။ မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲကွ။
မိုးသက်ဦးလွင်
၂၀၂၀၊ မေ ၂၉ ။
Saturday, February 6, 2021
ဧည့်သည်
Wednesday, February 3, 2021
ကျွန်တော်ကွေးမိခဲ့တဲ့ လက်ညှိုးလေး
ကောက်ရိုးပုံထဲ ကျပျောက်သွားတဲ့အပ်လို
ငါတို့ ယုံကြည်ချက်ဟာ အစအနရှာမရ(ဘယ်နေ့/ဘယ်အချိန်/ဘယ်လို/ဘယ်လောက်)
အဖြေမရှိတဲ့ မေးခွန်းတွေအတွက်
လွတ်ကျကွဲသွားတဲ့ အရာအားလုံးဟာ ဟိုနား သည်နား တစ်စစီ။
ခံယူချက်တွေ မြင့်မြင့်လာတယ်
တစ်နေ့နေ့မှာ မစင်ပုံကြီးကို ခေါင်းတိုးရဖို့။
မျက်နှာချင်းမဆိုင်မိကြသူတွေမို့
နီးနီးလာဖို့လည်းမရှိ၊ ဘယ်လောက်ဝေးသွားသလဲ မသိနိုင်ကြတော့။
လက်ညှိုးတစ်ချက်ကွေးတတ်ဖို့ ၁၀ နှစ်ကြာမယ်ဆိုရင်တောင်
ကျွန်တော် လက်ညှိုးကွေးတတ်ခဲ့ပါပြီ။
ကျွန်တော်ကွေးမိတဲ့ လက်ညှိုးလေးကိုသာ ပြန်ဆန့်ခွင့်ပေးကြပါတော့ဗျာ။
မိုးသက်ဦးလွင်
(၃-၂-၂၀၂၁)
Tuesday, June 21, 2016
မိုးသက်ဦးလွင်
Marshell အမှတ်တံဆိပ် နားကြပ်ကို နားမှာတပ်လိုက်သည်..။ ဒီလိုအချိန်ဆိုရင် မိုးလွင် လုပ်ငန်း စပြီ..။ ကွန်ပျူတာ ဒက်စ်တော့ပ် ပေါ်က အသံဖမ်း ဆော့ဖ်ဝဲလ်လေး၏ အိုင်ကွန်ကို မောက်စ်နှင့် ဒဘယ်ကလစ် ခပ်သွက် သွက်ကလေးဖွင့်လိုက်သည်။ ပြီးခဲ့တဲ့အပတ်ကမှ မိုးလွင်၏ စတူဒီယို က ကွန်ပျူတာတွေကို လိုအပ်သည့် အသံဖမ်းပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများဖြည့်ထားတော့ သွက်လက်နေလိုက်တာ...။
နားထဲက ကြားနေရသည့်အသံကို နားစိုက်နားထောင်၍ လိုအပ်သည်များ ပြန်လည် ပြင်ဆင်ရသည့် Mixing အလုပ်ကတော့ လွယ်တော့မလွယ်..။ ဂီတသဘောတရားများနှင့် စတူဒီယိုသုံးပစ္စည်းများကို နားလည် မှအဆင်ပြေသည်။ တကယ့်တကယ်တွင် စတူဒီယိုသုံးပစ္စည်းများက တန်ဖိုးမနည်းလှ..။ ပစ္စည်းကောင်းလျှင် ကောင်းသလို စတူဒီယို တစ်ခုလျှင် သိန်းရာကျော်ကုန်ကျသည်။ မိုးလွင်အခန်းလေးကတော့ ဈေးနှုန်းအရ သင့်တင့်ပြီး လိုက်လျောညီထွေ ဖြစ်မည့် ပစ္စည်းအသေးလေးများနှင့် အများစုကိုတော့ ကွန်ပျူတာသုံးသက်သက်ပါဝင်သည့် ဆော့ဖ်ဝဲလ်လေးနှင့်သာ ပြန်လည် တည်းဖြတ်သည်..။ ဤသည်ကိုပင် သည်ဆော့ဖ်ဝဲလ် လေးကို ၄၉၉ ဒေါ်လာပေးဝယ် လိုက်ရသည်။
အာ.. တကယ်ချာတိတ်ပဲ.. ဒီနားမှာ တံတွေးမြိုတဲ့အသံပါလာသေးသကိုး..။ လက်ရှိသီချင်းကို Mix down ဆွဲနေရင်း အဆိုတော်ကောင်လေး၏ တံတွေးမျိုသံပါလာသေးသည်။ အတီးပိုဒ်တွင်မို့ လွယ်လွယ်ကူကူ ဖြတ်ထုတ် လိုက်ရ၍ တော်သေးသည်။ အဆုံးကို Fade out နှင့် ဖြည်းဖြည်းချင်း တိုးရင်း ပျောက်သွားအောင် လုပ်..။
သီချင်းပြင်နေရင်း Lazy Club တီးဝိုင်းမှ ဂစ်တာသမား ဆရာနိုင်ဇော်ရေးသည့် စာတစ်ပုဒ်ကို သွားသတိရ မိပြန်သည်။ သူ့တပည့်များတီးခတ်နေစဉ် သူက သီချင်းနုတ်စာရွက်မှာ FADE လို့ စာလုံးအကြီးများ ဖြင့် အဆုံးသတ်မှာ ရေးထားသတဲ့..။ Fade ဆိုတာက သီချင်းအဆုံးမှာ အသံမသတ်လိုက်ဘဲ ဖြည်းဖြည်းချင်း တိုးပြီး ပျောက်သွားသည့် ပုံစံမျိုးဖြစ်သည်..။ အသံဆုံးပစ်လိုက်ပြီး တီးလုံးဖြင့်ဆုံးသွားသည်ကိုတော့ Fine လို့ ရေးလေ့ရှိသည်။ ဆရာနိုင်ဇော် ထိုသို့ရေးထားတော့ ရွှေဉာဏ်တော်စူးရောက်သည့် တပည့်ကျော်များက ကော့ဒ် ရေးထားသည် မှတ်ပြီး F.. A.. D.. E ကော့ဒ်လေးခုကို ဆက်တိုက် တီးခတ်လိုက်ကြသတဲ့..။ ဖတ်တုန်းက မိုးလွင်မှာ ရယ်လိုက်ရတာ...။
လွင့်သွားသောစိတ်ကို ပြန်စုစည်းပြီး အလုပ်ထဲမှာ နှစ်ထားလိုက်သည်။ ဒီအလုပ်က စိတ်ပျံ့လွင့်၍ အဆင်မပြေ.။ စိတ်နှစ်ထားမှ စူးစိုက်မှု ကောင်းမည်၊ ထိုမှသာ မိမိဖန်တီးသောသီချင်း များ၊ ဂီတများ တန်းဝင်မည်..။ အဆင်ပြေမည်..။
စိတ်နှစ်လိုက်တော့ နာရီဝက်လောက်အကြာမှာ Beta အဆင့်လောက် ဖြစ်မည့် အကြမ်းထည် သီချင်း တစ်ပုဒ်ရသည်..။ မနက်ဖြန် အဆိုတော်လာမှ ပြပြီး ကြိုက်မကြိုက် ပြန်မေးရဦးမည်..။ ခဏနားပြီး ခြေဆန့် လက်ဆန့်လုပ်ဖို့ အခန်းကျဉ်းလေးအပြင်ကိုထွက်လိုက်တော့ ညီတော်မောင်က အလိုက်သိစွာ ဆေးလိပ်နှင့် မီးခြစ်ကို ကမ်းရင်း စကားဆိုသည်..။
"ခုနက ကိုမိုး အထဲဝင်နေတုန်း ကောင်မလေးတစ်ယောက်လာသေးတယ်..။ ချောတာမှ မှုံနေတာပဲ..။ ခဏစောင့်နေသေးတယ်.။ ကိုမိုး အလုပ်ရှုပ်နေတယ်ဆိုလို့ မနက်ဖြန်မှ လာမယ်ဆိုပြီး ထွက်သွားတာ ခုတင်ပဲ."
"ဟေ့ကောင်.. အငယ်ကောင်.. စားချင်တာစား အာရုံတော့ လာမစားနဲ့..."
အထိုင်များ၍ ဇက်ကြောတက်နေခြင်းကြောင့် စိတ်ပေါက်နေသည့်အထဲ အငယ်ကောင်က နောက်သလိုလို လုပ်နေသည်...။
"အာ.. ဟုတ်တယ် ကိုမိုး ကျွန်တော်မနောက်ဘူး.. အတည်ပြောနေတာ...နောက်က လိုက်ကြည့်ရင် တောင် မီဦးမယ်ထင်တယ်.. "
ဒီကောင့်ပုံစံကြည့်ရတာတော့ အတည်ပြောနေသည့်ပုံပါ.။
"နောက်ကတော့ လိုက်မကြည့်တော့ပါဘူး..။ သီချင်းအပ်မလို့လာတာနေမှာပေါ့ မနက်ဖြန်လာရင် တွေ့မှာပေါ့ကွာ... "
ဆေးလိပ်ငွေ့များကို ဟူး ကနဲ မှုတ်ထုတ်လိုက်သည်..။
ဘာရယ်မဟုတ်..။ အမှတ်မထင် လှမ်းကြည့်လိုက်မိသည့် လမ်းထောင့်မီးပွိုင့်က မီးလုံးကလေး ဝါနေသည်...။ သတိထားပါဆိုသည့် သင်္ကေတ၊ မီးမနီခင် ရောက်ရာအရပ်မှာ ရပ်ထားလိုက်သင့်သော အချက်ပြ.။ ထုံးစံအတိုင်း မီးမနီခင် အမြန်ဖြတ်မောင်းကြသည့် ဆိုင်ကယ်၊ ကားများက သုံးလေးငါးစင်းမက...။ တစ်ဖက်က မီးစိမ်းကြောင့် အရှိန်မြှင့်မောင်းဝင်လာသည့် ယာဉ်များနှင့် ပွတ်ကာသီကာ...။ ဆဲရေးတိုင်းထွာသံ များကြားလိုက်မိလေသလား ထင်လိုက်မိသည်..။ မတိုက်မိတာပင်ကံကောင်း..။
ခုတော့ မီးပွိုင့်ကလေးနီသွားပြီ... ။ စောစောက တစ်ဖက်ခြမ်းလမ်းမှ မီးနီစဉ်က ရပ်ထားသော ယာဉ်များကား မီးစိမ်းသောကြောင့် ဥဒဟို ပြေးလွှားလျက်.။
-----------------------------------------------------------------------------------------------
"ဆိုးတော့ မဆိုးဘူးဗျ..။ ဒါပေမယ့် အသံနည်းနည်းခြောက်နေသလားလို့.."
" Reverb(လိုဏ်သံ) မှာ Wet(အသံစိုစွတ်မှု) နည်းနည်းလျှော့ထားလို့ပါ.။ Delay (နောက်တွဲသံ) လည်း နည်းနည်း ပြန်စွက်ပေး မယ်လေ.။ ဒါက အကြမ်း"
"အော်..."
အဆိုတော်ချာတိတ်က သူ့သီချင်းသူ နားထောင်ပြီး သဘောအတော်ကျနေသည်.။ နောက်ကို ပြန်ပြန်ပို့ ပြီး သုံးလေးခေါက် ပြန်နားထောင်နေသည်.။
"ကျွန်တော် တံတွေးမြိုတာ အသံနည်းနည်းထွက်သွားတယ်ထင်တယ်..အဲဒါမပါတော့ဘူးနော်.."
"ဟုတ်တယ် အဲဒါ..ဖြတ်ထုတ်လိုက်တယ်"
"ဟဲဟဲ. ကျေးဇူးပါ ကိုမိုးကြီး..။ ဒါဆို အချောက ဘယ်နေ့ရမလဲ..."
"မနက်ဖြန်ညနေပိုင်းလောက် လာခဲ့လေ ညီ... ကိုယ်အပြီးလုပ်ပြီး စီဒီပါ ခုတ်ထားပေမယ်..။ ရှိုးပွဲမှာပါ ဆိုလို့ရအောင် တီးလုံးသပ်သပ်ပါထည့်ထားပေးမယ်.."
"ဟုတ်ကဲ့ကိုမိုးကြီး.. မနက်ဖြန်ကျမှပဲ လက်ဖက်ရည်တိုက်တော့မယ်..."
"အော် ရပါတယ်ကွာ..."
အဆိုတော်ကောင်လေးက ပြောပြောဆိုဆိုဖြင့် ထသည်...။
သူပြန်သွားမှ အခန်းအပြင်ထွက်ပြီး ဆေးလိပ်ကို ပါးစပ်တွင်တပ်၍ မီးညှိလုညှိခင်တွင်...
"ကိုမိုး.. ဒီမှာဧည့်သည်..."
အငယ်ကောင့်အသံကြား၍ အပေါက်ဝဖက်ကို မော့ကြည့်လိုက်သည်...။
ပါးစပ်မှာတပ်ထားသော ဆေးလိပ်ပြုတ်ကျသွားသည်..။
"ရွှေရည်... ရွှေရည်မဟုတ်လား..."
"ကိုမိုး..."
ရင်ထဲမှာ ငြိမ့်ကနဲ ဖြစ်သွားပြီးကာမှ ဗုံးတစ်လုံးအနီးကပ်ပေါက်ကွဲသွားသလို ဆူညံသွားပြီး တစ်စုံတစ်ခု ကို သတိရမိလိုက်သောကြောင့် အတွေးရော လူပါ ယာယီရပ်တန့်သွားသည်..။
"ရှာလိုက်ရတာ ကိုမိုးရယ်... ရွှေရည် ပြီးခဲ့တဲ့ လကမှ ဂျပန်က ပြန်ရောက်တယ်...။ ကိုမိုး နေနိုင်တယ်နော်.. လုံးဝ အဆက်အသွယ်မလုပ်ဘူး..."
"မဟုတ်ဘူး ရွှေရည်.. ကိုယ်ရှင်းပြမယ်.."
"ဆင်ခြေတွေမပေးပါနဲ့ ကိုမိုး.. လူလာတာတောင် ထိုင်ပါဦးမပြောဘူး..။ ရွှေရည်ထိုင်လို့ရတယ်မဟုတ် လား..."
ရွှေရည်က ပြောပြောဆိုဆိုဖြင့် ဘေးကခုံတွင် ဝင်ထိုင်လိုက်သောကြောင့် ပြောရမည့် စကားစ ပြတ် သွားသည်...။
"ကိုယ်တို့ အပြင်သွားပြီး တစ်ခုခု စားရင်းနဲ့ စကားပြောကြတာပေါ့ ရွှေရည်..."
"ကောင်းသားပဲ.. ရွှေရည်ကားပါလာတယ်..ဒီနေ့တော့ ကိုမိုးကို ရွှေရည်ကျွေးပါ့မယ်..."
တစ်ချိန်က နှလုံးသားချင်းအရင်းနှီးဆုံး လူနှစ်ဦးမို့ ထူးထူးခြားခြား မငြင်းမိ...။ ရွှေရည့်ကို တွေ့လိုက်စဉ် က မိမိရင်ထဲမှာ လှိုက်ကနဲပျော်မြူးသွားတာ..။ ရင်ခုန်သံတွေ ဗြောင်းဆန်သွားတာ ရွှေရည်သိမည် ထင်သည်။ သူသိမှာပါ..။ သိနေမှာပါလေ..။
ကျောင်းက အိုင်တီမေဂျာမှာ ကွင်းဖြစ်သည့် မန္တလေးသူ ရွှေရည်နှင့် သပိတ်ကျင်းက ကျောင်းလာတက်သည့် တောသား မိုးလွင် ဘယ်လိုဘယ်ပုံ ချစ်သူ ဖြစ်သွားကြသည်ဆိုသည်မှာ ပြန်တွေးတိုင်း ရင်သိမ့်တုန်ရဆဲ..။ မိမိက အနုပညာနှင့်ပတ်သတ်လျှင် ဝါသနာထုံလွန်းလှသည်။ ကျန်တာ မက်လောက်စရာ ဘာမှမရှိ.။ ရွှေရည်ကတော့ ရုပ်ရည်ချောမောသလောက်မိဘများက မန္တလေးမှာ မြို့မျက်နှာဖုံးတွေ..။ ကျောင်းနီးချုပ်စပ်ထိ သတင်းမွှေးသည့် ရွှေရည်နှင့် မိမိ ချစ်သူ ဖြစ်သွားတော့ ဘယ်သူမှလည်း မယုံနိုင်..။ ချစ်သူဖြစ်သွားကြတော့လည်း မိုးမမြင်လေမမြင်..။ ကျောင်းနားက မန္တလေးတောင်၊ ရွှေကျောင်းကြီး၊ ကုသိုလ်တော်ဘုရား မှသည် တောင်သမန်အင်းဖက်၊ ကန်တော်ကြီး၊ ကျောက်ဆည် ရွှေသိမ်တော်၊ ရွှေကူကြီးဘုရား၊ စစ်ကိုင်း၊ မင်းကွန်း မြသိန်းတန်အထိ မိမိတို့ ခြေရာတွေထပ်ခဲ့ကြသည်...။ ဒါပေမယ့်...။
"ကိုမိုး.. ဘာတွေစဉ်းစားနေတာလဲ.. ဆင်းတော့လေ..."
ရွှေရည်က ကားကို လမ်းဘေးမှာ ရပ်ပြီးနေပြီ..။ မိမိက အတွေးများစွာဖြင့် ရောက်လို့ ရောက်မှန်းပင် မသိလိုက်..။
ဆိုင်တွင်ကို မိုးလွင်တို့ ဝင်လာတော့ လူတွေဝိုင်းကြည့်ကြသည်..။ ဘုရင်မသဖွယ် ကြွားဝံ့သည့် ရွှေရည်နှင့် တစ်နေကုန် စတူဒီယိုမှာ အခန်းအောင်းရာက ထလာသည့် မိုးလွင်၏ ပေတီပေစုတ်ပုံစံကို မြင်ယောင်သာ ကြည့်ကြပါတော့...။
"မီနူးက နှစ်ခုတောင်လား..."
"မန်ညူးလုပ်ပါ ကိုမိုးရဲ့..။ ဟုတ်တယ်.. တစ်ခုက စားစရာတွေ...။ တစ်ခုက သောက်စရာသက်သက်.. ကိုမိုးဘာသောက်မလဲ..."
"ဟုတ်ပါပြီ ကိုယ် ရွှေရည့်လောက် အင်္ဂလိပ်စာမကောင်းတာ ရွှေရည်သိပါတယ်.။ ဘာမှ မသောက် တော့ဘူးရွှေရည်... ကိုယ် မသောက်တာ ကြာပြီ..."
"မသောက်လည်းနေပေါ့.. ရွှေရည်ကတော့ Mojito (ပူစီနံရွက်နှင့် သံပုရာရောထားသော ယမကာရောလေ့ ရှိသည့် အအေးတစ်မျိုး) သောက်မယ်..."
ယမကာထည့်မှာလား မေးစရာမလိုပါ..။ အရင်ကတည်းက အတော် ဆိုရှယ်ဆန်သည့် ရွှေရည့်အကြောင်းကို သိပြီးသား.။ မိုးလွင် ရွှေရည့်ကို ဘယ်ကစရှင်းပြရမလဲ ဆိုတာကို စကားလုံး စီနေမိသည်..။
"ကိုမိုး တစ်ခုခု မှာလေ... Mojito ပဲသောက်မလား.. မှာလိုက်မယ် ယမကာ မထည့်နဲ့ပေါ့..."
"ရွှေရည် ကိုယ်ပြောစရာရှိတယ်..."
"ပြီးမှပြော.. ခုလောလောဆယ် ဘာမှ မပြောနဲ့ ရွှေရည် ကိုယ့်မျက်နှာကို အေးအေးဆေးဆေး ထိုင်ကြည့်ချင်သေးတယ်..."
"မဟုတ်သေးဘူး ရွှေရည်.. ကျွတ်.."
မိမိက ပြတ်သားနိုင်ပါ့မလား..မိုးလွင် ပြန်တွေးကြည့်နေမိသည်..။ စိတ်ထဲမှက တကယ့်ဝိရောဓိ..။ တစ်ဖက်မှာ မိမိအသက်တမျှချစ်ခဲ့ဖူးသော အချစ်ဦး. တစ်ဖက်မှာ...။
"ကိုမိုး တကယ်ကြီးတော်တော်ပိန်သွားတယ်..."
"အင်း ရွှေရည်. ရွှေရည်ကတော့ ပိုလှလာပါတယ်..."
သူမ ပြုံးသည်..။ မိုးလွင် ရင်ထဲမှာ ဗလောင်ဆူလာပြန်သည်..။ အဲဒီအပြုံးတွေထဲမှာ ကျရှုံးခဲ့ရသည့် အချိန်များ..။ အဲဒီအပြုံးကလေးကို သူပိုင်ပစ္စည်းကဲ့သို့ ခြယ်လှယ်နိုင်ခဲ့သော ရက်များ.။ အဖြစ်အပျက်များက မနေ့တစ်နေ့ကလို ပြန်မြင် လာသည်...။ အချစ်ဆုံးဖြစ်သော အချစ်ဦးရွှေရည့်ကို ကိုယ်ဘယ်လို ပြောထွက်ရက် ပါ့မလဲ...။
"ရွှေရည် ဂျပန်မှာကတည်းက အမြဲတမ်း ကိုမိုးကို သတိရနေခဲ့တာ..။ အင်တာနက်မှာလည်းရှာခဲ့တယ်.။ ဆက်သွယ်ဖို့လည်း အမြဲကြိုးစားခဲ့တယ်..။ ဒါပေမယ့် ကိုမိုးသိပ်ရက်စက်တာပဲ...။ ရွှေရည့်ကို အဆက်အသွယ် လုံးဝ မလုပ်ခဲ့ဘူးနော်..."
"အာ အဲဒီလို မဟုတ်ပါဘူးရွှေရည်.. ကိုယ်ရှင်းပြပါ့မယ်..."
"ဆင်ခြေတွေ မလိုချင်ဘူးကိုမိုး... ကိုမိုး ရွှေရည့်ကို အချစ်တွေ ပေါ့နေပြီမဟုတ်လား.။ အနေဝေးတာနဲ့ သွေးအေးသွားပြီမဟုတ်လား..။ ရွှေရည့်ကို ပြောစမ်းပါ ကိုမိုး.. ပြောလိုက်ပါ..။ ဒီမှာ.ဒီမှာ Mojito နောက် တစ်ခွက် ပေးပါဦး..."
ရွှေရည်က ပြောပြောဆိုဆို နောက်တစ်ခွက်ထပ်မှာသည်..။ စားပွဲပေါ်မှာ ကလပ်ခွက်ကလေးတွေများ လာပြီ..။ တစ်ခွက်.. နှစ်ခွက်.. သုံးခွက်.. လေးခွက်.. နောက်...။
အပြင်မှာ အတော်မှောင်နေပြီ...။
"ရွှေရည် မင်းသိပ်မူးနေပြီ.. ပြန်ရအောင်..."
"မပြန်ဘူး.. ကိုမိုး. ရွှေရည် သောက်ဦးမှာ..."
"လာပါ ရွှေရည် ကိုယ့်ကိုချစ်တယ်ဆိုရင် ပြန်ရအောင်နော်..."
ဘာလို့ ဒီမေးခွန်းကိုမေးလိုက်မိလည်း စဉ်းစားမရ..။
"ကိုမိုး ရွှေရည့်ကို ချစ်လား..."
"အင်းအင်း ချစ်တယ် ချစ်တယ်...ပြန်ရအောင်နော် ဟုတ်ပြီလား"
ပြောပြီးမှ ရင်ဘတ်ထဲမှာ စူးကနဲ ဖြစ်သွားသည်..။ နောင်တရမိသလိုလိုလည်း ဖြစ်သွားသည်..။
"ကားသော့ရော ရွှေရည်.. ကားသော့ပေးဦး..."
ရွှေရည်က မျက်စိမဖွင့်ဘဲ ဆလင်းဘတ် အိတ်ကိုပုတ်ပြသည်..။ ဆလင်းဘတ်အိတ်ထဲမှာ ကားသော့ ကိုရှာလိုက်ပြီး ရွှေရည့်ကိုတွဲလိုက်သည်..။ ရွှေရည့်ကိုကားပေါ်သို့တွဲတင်လိုက်ပြီးမှ မောင်းသူဘက်အခြမ်းမှ ကားထဲသို့ ဝင်သည်..။
"ရွှေရည် အခုဘယ်မှာနေတာလဲ..."
"Swam မှာ ...."
ဗလုံးဗထွေးပေမယ့် ပီပီသသကြားရသည်ကိုပင် ကျေးဇူးတင်လိုက်မိသည်..။ မိုးလွင် သက်ပြင်းတစ်ခု ကို ချလိုက်မိသည်..။
Mandalay Swam Hotel ရောက်တော့ Reception မှာ ရွှေရည့်နာမည်နှင့် အခန်းကိုမေးသည်..။ မှတ်ပုံတင်ပေးပြီး အခန်းသို့ ဝင်သည်..။ အခန်းထဲရောက်တော့ ရွှေရည့်ကို ဆိုဖာပေါ်သို့တွဲတင်သည်..။
"ကိုမိုး... ကိုမိုး.."
"အင်း ကိုယ်ရှိတယ် ရွှေရည်..."
"ရွှေရည်တို့....တစ်သက်လုံး အတူတူ.. အတူတူ နေကြရအောင်နေ.. ဘယ်တော့မှ မခွဲတော့ဘူး နော်..."
ရင်ထဲမှာ မီးတောင်တွေ ပေါက်ကွဲနေသည်..။ ဒွိဟတွေလွန်ဆွဲနေသည်...။ ချစ်သူရယ်...။ အို.. ဘာမှ မဆုံးဖြတ်ရသေးခင်... ရွှေရည့်ကို နမ်းမိလျက်သား..။ ပြီးတော့...
ရွှေရည်ဖက်တာတွေ ပိုပြီးတင်းကြပ်လာတာ သတိထားမိသည်..။ အနမ်းတွေ ပိုစိတ်လာတာကို လည်း သတိထားမိသည်။ အဆုံးစွန်ဆုံး အခြေအနေတစ်ခုကို ကျွံဝင်လုဆဲဆဲ အလိုတူအလိုပါ ချစ်သူတို့၏ ပွေ့ချီနမ်းရှုပ်မှုနှင့် ခန္ဒာကိုယ်ယိမ်းယိုင်သွားမှုတွင် ချွတ်လက်စ မိုးလွင် အင်္ကျီထဲက လက်ကိုင်ဖုန်းက ကြမ်းပြင်ပေါ် ဒေါက်ကနဲ ပြုတ်ကျသည် ကောက်ယူလိုက်တော့ Notification မီးလုံးအပြာကလေးလင်းနေသည်..။ အသက်ရှုရပ်မတတ်ဖြစ်သွားသည်..။ စိတ်ထဲက မီးတောက်တွေကို ရေဖြင့်လောင်းချလိုက်သလို ရှဲကန အရှိန်သေသွားသည်..။ ရွှေရည့်ကို ကုတင်ပေါ် သို့တွဲပို့လိုက် ပြီးမှ ဖုန်း Screen ကို ဖွင့်လိုက်သည်.။
Viber မှာ မက်ဆေ့ချ်ဝင်နေသည်..။
"မောင်.. သားသားကျောင်းအပ်ဖို့ ကိစ္စအဆင်ပြေလား.. သဘက်ခါမနက်စောစော ကျွဲဆည်ကန် ကားဝင်းမှာ လာခေါ်နော်.. မေမေနေမကောင်းလို့ ညဖက် ဖုန်းမပြောဖြစ်တော့ဘူး... ဒါပဲနော် ကျန်းမာရေးဂရုစိုက်"
ခေါင်းထဲမှာ တစ်စုံတစ်ခုကို သိလိုက်သည်..။ မှားတော့မလို့...။ မိမိဘဝနှင့်ချီ၍ မှားတော့မလို့ပါလား..။ ခင်ပွန်းတစ်ယောက်၏ ဂုဏ်သိက္ခာ၊ ဖခင်တစ်ယောက်၏ ဂုဏ်သိက္ခာတွေ ပြိုကျဖို့ လက်မတင်ကလေးပါလား..။
မိုးလွင် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်..။ စားပွဲပေါ်က အရန်သင့်တွေ့ရသည့် Sticky Paper စာရွက် အပိုင်းအစကလေးကို ဖြုတ်ယူပြီး မိမိပြောမထွက်ခဲ့သည့်စကားလုံးများကို ခပ်သွက်သွက်ချရေးလိုက်သည်...။
သို့...
ရွှေရည်...
.................. ။
---------------------------------------------------------------------------------------------------
"ကိုမိုးကိုလာခေါ်တဲ့ အစ်မက ချောတယ်နော်..."
"အင်း..."
"ခု သူ အဲဒီမှာကျန်ခဲ့တယ်ပေါ့..."
"အင်း..."
"မသိပါဘူး ကျနော်က နီးနီးနားနားပဲ သွားတယ်မှတ်နေတာ...။ ဆိုင်ပိတ်ပြီး ဘောလုံးပွဲကြည့်မလို့ တီဗွီဖွင့်နေတုန်း ကိုမိုးဆီက ဖုန်းဝင်လာလို့ လာခေါ်တာပဲ..."
"အင်း..."
"အာ မီးဝါတော့မယ် ..."
အငယ်ကောင်က လီဗာနင်း၍ မီးဝါစဉ် ဖြတ်ကူးမည့်အရိပ်အယောင်ပြသည်...။
"အငယ်ကောင် ရပ်ထားလိုက်တော့..."
"အာ ဘာလို့လဲ ကိုမိုးရ.. လွတ်ပါတယ်..."
"ရပ်ထားလိုက်ပါကွာ..."
အငယ်ကောင်က နားမလည်စွာ မိုးလွင်ကို ပြန်ကြည့်သည်...။
"တချို့ကိစ္စတွေက လွတ်တယ်ဆိုပြီး ဇွတ်ဝင်လို့ မရဘူးကွ... ကိုယ့်သိက္ခာကိုယ် ထိန်းရမှာ..."
မိုးလွင် မျက်လုံးများက ငေးငေးငိုင်ငိုင်..။ အငယ်ကောင်ကို မကြည့်ဘဲ သူ့ဖာသာ တစ်လုံးချင်း ဆက်ပြောသည်...။
"ဟုတ်တယ်...ကိုယ့်သိက္ခာကိုယ် ထိန်းရမှာ..."
ကားထဲမှာ Big Bag ၏ "ပြဇာတ်မဟုတ်သောပြဇာတ်"သီချင်းဖွင့်ထားသည်.။
"မကမ်းမယ့် လက်တစ်ဖက်မျှော်လင့်သူ.. မသွားမယ့်လမ်းကို ကြိုဖောက်ပြီး.. မပြီးဘဲကားချ ဇာတ်သိမ်းတော့.. မနှင်ဘဲ နောက်လှည့်ပြန်ခဲ့သည်.... လေပြည်ညင်းလည်း မတိုက်ခတ်ပါ... တေးသံချိုချို မပျံ့လွင့်ပါ.. လက်ခုပ်တီးသူ လူမရှိပါ... တကယ်လည်းပြဇာတ် မဆန်ခဲ့ပါ..."
မိုးသက်ဦးလွင်
၂၀၁၆၊ ဇူလိုင်လထုတ် မြဝတီမဂ္ဂဇင်း


