Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, June 21, 2016


မနှင်ဘဲ နောက်လှည့်ပြန်ခဲ့သည်...

မိုးသက်ဦးလွင်        

            Marshell အမှတ်တံဆိပ် နားကြပ်ကို နားမှာတပ်လိုက်သည်..။ ဒီလိုအချိန်ဆိုရင် မိုးလွင် လုပ်ငန်း စပြီ..။ ကွန်ပျူတာ ဒက်စ်တော့ပ် ပေါ်က အသံဖမ်း ဆော့ဖ်ဝဲလ်လေး၏ အိုင်ကွန်ကို မောက်စ်နှင့် ဒဘယ်ကလစ် ခပ်သွက် သွက်ကလေးဖွင့်လိုက်သည်။ ပြီးခဲ့တဲ့အပတ်ကမှ မိုးလွင်၏ စတူဒီယို က ကွန်ပျူတာတွေကို လိုအပ်သည့် အသံဖမ်းပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများဖြည့်ထားတော့ သွက်လက်နေလိုက်တာ...။

            နားထဲက ကြားနေရသည့်အသံကို နားစိုက်နားထောင်၍ လိုအပ်သည်များ ပြန်လည် ပြင်ဆင်ရသည့် Mixing အလုပ်ကတော့ လွယ်တော့မလွယ်..။ ဂီတသဘောတရားများနှင့် စတူဒီယိုသုံးပစ္စည်းများကို နားလည် မှအဆင်ပြေသည်။ တကယ့်တကယ်တွင် စတူဒီယိုသုံးပစ္စည်းများက တန်ဖိုးမနည်းလှ..။ ပစ္စည်းကောင်းလျှင် ကောင်းသလို စတူဒီယို တစ်ခုလျှင် သိန်းရာကျော်ကုန်ကျသည်။ မိုးလွင်အခန်းလေးကတော့ ဈေးနှုန်းအရ သင့်တင့်ပြီး လိုက်လျောညီထွေ ဖြစ်မည့် ပစ္စည်းအသေးလေးများနှင့် အများစုကိုတော့ ကွန်ပျူတာသုံးသက်သက်ပါဝင်သည့် ဆော့ဖ်ဝဲလ်လေးနှင့်သာ ပြန်လည် တည်းဖြတ်သည်..။ ဤသည်ကိုပင် သည်ဆော့ဖ်ဝဲလ် လေးကို ၄၉၉ ဒေါ်လာပေးဝယ် လိုက်ရသည်။

            အာ.. တကယ်ချာတိတ်ပဲ.. ဒီနားမှာ တံတွေးမြိုတဲ့အသံပါလာသေးသကိုး..။ လက်ရှိသီချင်းကို Mix down ဆွဲနေရင်း အဆိုတော်ကောင်လေး၏ တံတွေးမျိုသံပါလာသေးသည်။ အတီးပိုဒ်တွင်မို့ လွယ်လွယ်ကူကူ ဖြတ်ထုတ် လိုက်ရ၍ တော်သေးသည်။  အဆုံးကို Fade out နှင့် ဖြည်းဖြည်းချင်း တိုးရင်း ပျောက်သွားအောင် လုပ်..။

            သီချင်းပြင်နေရင်း Lazy Club တီးဝိုင်းမှ ဂစ်တာသမား ဆရာနိုင်ဇော်ရေးသည့် စာတစ်ပုဒ်ကို သွားသတိရ မိပြန်သည်။ သူ့တပည့်များတီးခတ်နေစဉ် သူက သီချင်းနုတ်စာရွက်မှာ FADE လို့ စာလုံးအကြီးများ ဖြင့် အဆုံးသတ်မှာ ရေးထားသတဲ့..။ Fade ဆိုတာက သီချင်းအဆုံးမှာ အသံမသတ်လိုက်ဘဲ ဖြည်းဖြည်းချင်း တိုးပြီး ပျောက်သွားသည့် ပုံစံမျိုးဖြစ်သည်..။ အသံဆုံးပစ်လိုက်ပြီး တီးလုံးဖြင့်ဆုံးသွားသည်ကိုတော့ Fine လို့ ရေးလေ့ရှိသည်။ ဆရာနိုင်ဇော် ထိုသို့ရေးထားတော့ ရွှေဉာဏ်တော်စူးရောက်သည့် တပည့်ကျော်များက ကော့ဒ် ရေးထားသည် မှတ်ပြီး F.. A.. D.. E ကော့ဒ်လေးခုကို ဆက်တိုက် တီးခတ်လိုက်ကြသတဲ့..။ ဖတ်တုန်းက မိုးလွင်မှာ ရယ်လိုက်ရတာ...။

            လွင့်သွားသောစိတ်ကို ပြန်စုစည်းပြီး အလုပ်ထဲမှာ နှစ်ထားလိုက်သည်။ ဒီအလုပ်က စိတ်ပျံ့လွင့်၍ အဆင်မပြေ.။ စိတ်နှစ်ထားမှ စူးစိုက်မှု ကောင်းမည်၊ ထိုမှသာ မိမိဖန်တီးသောသီချင်း များ၊ ဂီတများ တန်းဝင်မည်..။ အဆင်ပြေမည်..။ 

            စိတ်နှစ်လိုက်တော့ နာရီဝက်လောက်အကြာမှာ Beta အဆင့်လောက် ဖြစ်မည့် အကြမ်းထည် သီချင်း တစ်ပုဒ်ရသည်..။ မနက်ဖြန် အဆိုတော်လာမှ ပြပြီး ကြိုက်မကြိုက် ပြန်မေးရဦးမည်..။ ခဏနားပြီး ခြေဆန့် လက်ဆန့်လုပ်ဖို့ အခန်းကျဉ်းလေးအပြင်ကိုထွက်လိုက်တော့ ညီတော်မောင်က အလိုက်သိစွာ ဆေးလိပ်နှင့် မီးခြစ်ကို ကမ်းရင်း စကားဆိုသည်..။

            "ခုနက ကိုမိုး အထဲဝင်နေတုန်း ကောင်မလေးတစ်ယောက်လာသေးတယ်..။ ချောတာမှ မှုံနေတာပဲ..။ ခဏစောင့်နေသေးတယ်.။ ကိုမိုး အလုပ်ရှုပ်နေတယ်ဆိုလို့ မနက်ဖြန်မှ လာမယ်ဆိုပြီး ထွက်သွားတာ ခုတင်ပဲ."

            "ဟေ့ကောင်.. အငယ်ကောင်.. စားချင်တာစား အာရုံတော့ လာမစားနဲ့..."

            အထိုင်များ၍ ဇက်ကြောတက်နေခြင်းကြောင့် စိတ်ပေါက်နေသည့်အထဲ အငယ်ကောင်က နောက်သလိုလို လုပ်နေသည်...။

            "အာ.. ဟုတ်တယ် ကိုမိုး ကျွန်တော်မနောက်ဘူး.. အတည်ပြောနေတာ...နောက်က လိုက်ကြည့်ရင် တောင် မီဦးမယ်ထင်တယ်.. "

            ဒီကောင့်ပုံစံကြည့်ရတာတော့ အတည်ပြောနေသည့်ပုံပါ.။

            "နောက်ကတော့ လိုက်မကြည့်တော့ပါဘူး..။ သီချင်းအပ်မလို့လာတာနေမှာပေါ့ မနက်ဖြန်လာရင် တွေ့မှာပေါ့ကွာ... "

            ဆေးလိပ်ငွေ့များကို ဟူး ကနဲ မှုတ်ထုတ်လိုက်သည်..။

            ဘာရယ်မဟုတ်..။ အမှတ်မထင် လှမ်းကြည့်လိုက်မိသည့် လမ်းထောင့်မီးပွိုင့်က မီးလုံးကလေး ဝါနေသည်...။ သတိထားပါဆိုသည့် သင်္ကေတ၊ မီးမနီခင် ရောက်ရာအရပ်မှာ ရပ်ထားလိုက်သင့်သော အချက်ပြ.။ ထုံးစံအတိုင်း မီးမနီခင် အမြန်ဖြတ်မောင်းကြသည့် ဆိုင်ကယ်၊ ကားများက သုံးလေးငါးစင်းမက...။ တစ်ဖက်က မီးစိမ်းကြောင့် အရှိန်မြှင့်မောင်းဝင်လာသည့် ယာဉ်များနှင့် ပွတ်ကာသီကာ...။ ဆဲရေးတိုင်းထွာသံ များကြားလိုက်မိလေသလား ထင်လိုက်မိသည်..။ မတိုက်မိတာပင်ကံကောင်း..။

            ခုတော့ မီးပွိုင့်ကလေးနီသွားပြီ... ။ စောစောက တစ်ဖက်ခြမ်းလမ်းမှ မီးနီစဉ်က ရပ်ထားသော ယာဉ်များကား မီးစိမ်းသောကြောင့် ဥဒဟို ပြေးလွှားလျက်.။

-----------------------------------------------------------------------------------------------

            "ဆိုးတော့ မဆိုးဘူးဗျ..။ ဒါပေမယ့် အသံနည်းနည်းခြောက်နေသလားလို့.."

            " Reverb(လိုဏ်သံ) မှာ Wet(အသံစိုစွတ်မှု) နည်းနည်းလျှော့ထားလို့ပါ.။ Delay (နောက်တွဲသံ) လည်း နည်းနည်း ပြန်စွက်ပေး မယ်လေ.။ ဒါက အကြမ်း"

            "အော်..."

            အဆိုတော်ချာတိတ်က သူ့သီချင်းသူ နားထောင်ပြီး သဘောအတော်ကျနေသည်.။ နောက်ကို ပြန်ပြန်ပို့ ပြီး သုံးလေးခေါက် ပြန်နားထောင်နေသည်.။

            "ကျွန်တော် တံတွေးမြိုတာ အသံနည်းနည်းထွက်သွားတယ်ထင်တယ်..အဲဒါမပါတော့ဘူးနော်.."

            "ဟုတ်တယ် အဲဒါ..ဖြတ်ထုတ်လိုက်တယ်"

            "ဟဲဟဲ. ကျေးဇူးပါ ကိုမိုးကြီး..။ ဒါဆို အချောက ဘယ်နေ့ရမလဲ..."

            "မနက်ဖြန်ညနေပိုင်းလောက် လာခဲ့လေ ညီ... ကိုယ်အပြီးလုပ်ပြီး စီဒီပါ ခုတ်ထားပေမယ်..။ ရှိုးပွဲမှာပါ ဆိုလို့ရအောင် တီးလုံးသပ်သပ်ပါထည့်ထားပေးမယ်.."

            "ဟုတ်ကဲ့ကိုမိုးကြီး.. မနက်ဖြန်ကျမှပဲ လက်ဖက်ရည်တိုက်တော့မယ်..."

            "အော် ရပါတယ်ကွာ..."

            အဆိုတော်ကောင်လေးက ပြောပြောဆိုဆိုဖြင့် ထသည်...။

            သူပြန်သွားမှ အခန်းအပြင်ထွက်ပြီး ဆေးလိပ်ကို ပါးစပ်တွင်တပ်၍ မီးညှိလုညှိခင်တွင်...

            "ကိုမိုး.. ဒီမှာဧည့်သည်..."

            အငယ်ကောင့်အသံကြား၍ အပေါက်ဝဖက်ကို မော့ကြည့်လိုက်သည်...။

            ပါးစပ်မှာတပ်ထားသော ဆေးလိပ်ပြုတ်ကျသွားသည်..။

            "ရွှေရည်... ရွှေရည်မဟုတ်လား..."

            "ကိုမိုး..."

            ရင်ထဲမှာ ငြိမ့်ကနဲ ဖြစ်သွားပြီးကာမှ ဗုံးတစ်လုံးအနီးကပ်ပေါက်ကွဲသွားသလို ဆူညံသွားပြီး တစ်စုံတစ်ခု ကို သတိရမိလိုက်သောကြောင့် အတွေးရော လူပါ ယာယီရပ်တန့်သွားသည်..။

            "ရှာလိုက်ရတာ ကိုမိုးရယ်... ရွှေရည် ပြီးခဲ့တဲ့ လကမှ ဂျပန်က ပြန်ရောက်တယ်...။ ကိုမိုး နေနိုင်တယ်နော်.. လုံးဝ အဆက်အသွယ်မလုပ်ဘူး..."

            "မဟုတ်ဘူး ရွှေရည်.. ကိုယ်ရှင်းပြမယ်.."

            "ဆင်ခြေတွေမပေးပါနဲ့ ကိုမိုး.. လူလာတာတောင် ထိုင်ပါဦးမပြောဘူး..။ ရွှေရည်ထိုင်လို့ရတယ်မဟုတ် လား..."

            ရွှေရည်က ပြောပြောဆိုဆိုဖြင့် ဘေးကခုံတွင် ဝင်ထိုင်လိုက်သောကြောင့် ပြောရမည့် စကားစ ပြတ် သွားသည်...။

            "ကိုယ်တို့ အပြင်သွားပြီး တစ်ခုခု စားရင်းနဲ့ စကားပြောကြတာပေါ့ ရွှေရည်..."

            "ကောင်းသားပဲ.. ရွှေရည်ကားပါလာတယ်..ဒီနေ့တော့ ကိုမိုးကို ရွှေရည်ကျွေးပါ့မယ်..."

            တစ်ချိန်က နှလုံးသားချင်းအရင်းနှီးဆုံး လူနှစ်ဦးမို့ ထူးထူးခြားခြား မငြင်းမိ...။ ရွှေရည့်ကို တွေ့လိုက်စဉ် က မိမိရင်ထဲမှာ လှိုက်ကနဲပျော်မြူးသွားတာ..။ ရင်ခုန်သံတွေ ဗြောင်းဆန်သွားတာ ရွှေရည်သိမည် ထင်သည်။ သူသိမှာပါ..။ သိနေမှာပါလေ..။

            ကျောင်းက အိုင်တီမေဂျာမှာ ကွင်းဖြစ်သည့် မန္တလေးသူ ရွှေရည်နှင့် သပိတ်ကျင်းက ကျောင်းလာတက်သည့် တောသား မိုးလွင် ဘယ်လိုဘယ်ပုံ ချစ်သူ ဖြစ်သွားကြသည်ဆိုသည်မှာ ပြန်တွေးတိုင်း ရင်သိမ့်တုန်ရဆဲ..။ မိမိက အနုပညာနှင့်ပတ်သတ်လျှင် ဝါသနာထုံလွန်းလှသည်။ ကျန်တာ မက်လောက်စရာ ဘာမှမရှိ.။ ရွှေရည်ကတော့ ရုပ်ရည်ချောမောသလောက်မိဘများက မန္တလေးမှာ မြို့မျက်နှာဖုံးတွေ..။ ကျောင်းနီးချုပ်စပ်ထိ သတင်းမွှေးသည့် ရွှေရည်နှင့် မိမိ ချစ်သူ ဖြစ်သွားတော့ ဘယ်သူမှလည်း မယုံနိုင်..။ ချစ်သူဖြစ်သွားကြတော့လည်း မိုးမမြင်လေမမြင်..။ ကျောင်းနားက မန္တလေးတောင်၊ ရွှေကျောင်းကြီး၊ ကုသိုလ်တော်ဘုရား မှသည် တောင်သမန်အင်းဖက်၊ ကန်တော်ကြီး၊ ကျောက်ဆည် ရွှေသိမ်တော်၊ ရွှေကူကြီးဘုရား၊ စစ်ကိုင်း၊ မင်းကွန်း မြသိန်းတန်အထိ မိမိတို့ ခြေရာတွေထပ်ခဲ့ကြသည်...။ ဒါပေမယ့်...။

            "ကိုမိုး.. ဘာတွေစဉ်းစားနေတာလဲ.. ဆင်းတော့လေ..."

            ရွှေရည်က ကားကို လမ်းဘေးမှာ ရပ်ပြီးနေပြီ..။ မိမိက အတွေးများစွာဖြင့် ရောက်လို့ ရောက်မှန်းပင် မသိလိုက်..။

            ဆိုင်တွင်ကို မိုးလွင်တို့ ဝင်လာတော့ လူတွေဝိုင်းကြည့်ကြသည်..။ ဘုရင်မသဖွယ် ကြွားဝံ့သည့် ရွှေရည်နှင့် တစ်နေကုန် စတူဒီယိုမှာ အခန်းအောင်းရာက ထလာသည့် မိုးလွင်၏ ပေတီပေစုတ်ပုံစံကို မြင်ယောင်သာ ကြည့်ကြပါတော့...။

            "မီနူးက နှစ်ခုတောင်လား..."

            "မန်ညူးလုပ်ပါ ကိုမိုးရဲ့..။ ဟုတ်တယ်.. တစ်ခုက စားစရာတွေ...။ တစ်ခုက သောက်စရာသက်သက်.. ကိုမိုးဘာသောက်မလဲ..."

            "ဟုတ်ပါပြီ ကိုယ် ရွှေရည့်လောက် အင်္ဂလိပ်စာမကောင်းတာ ရွှေရည်သိပါတယ်.။ ဘာမှ မသောက် တော့ဘူးရွှေရည်... ကိုယ် မသောက်တာ ကြာပြီ..."

            "မသောက်လည်းနေပေါ့.. ရွှေရည်ကတော့ Mojito (ပူစီနံရွက်နှင့် သံပုရာရောထားသော ယမကာရောလေ့ ရှိသည့် အအေးတစ်မျိုး) သောက်မယ်..."

            ယမကာထည့်မှာလား မေးစရာမလိုပါ..။ အရင်ကတည်းက အတော် ဆိုရှယ်ဆန်သည့် ရွှေရည့်အကြောင်းကို သိပြီးသား.။ မိုးလွင် ရွှေရည့်ကို ဘယ်ကစရှင်းပြရမလဲ ဆိုတာကို စကားလုံး စီနေမိသည်..။

            "ကိုမိုး တစ်ခုခု မှာလေ... Mojito ပဲသောက်မလား.. မှာလိုက်မယ် ယမကာ မထည့်နဲ့ပေါ့..."

            "ရွှေရည် ကိုယ်ပြောစရာရှိတယ်..."

            "ပြီးမှပြော.. ခုလောလောဆယ် ဘာမှ မပြောနဲ့ ရွှေရည် ကိုယ့်မျက်နှာကို အေးအေးဆေးဆေး ထိုင်ကြည့်ချင်သေးတယ်..."

            "မဟုတ်သေးဘူး ရွှေရည်.. ကျွတ်.."

            မိမိက ပြတ်သားနိုင်ပါ့မလား..မိုးလွင် ပြန်တွေးကြည့်နေမိသည်..။ စိတ်ထဲမှက တကယ့်ဝိရောဓိ..။ တစ်ဖက်မှာ မိမိအသက်တမျှချစ်ခဲ့ဖူးသော အချစ်ဦး. တစ်ဖက်မှာ...။

            "ကိုမိုး တကယ်ကြီးတော်တော်ပိန်သွားတယ်..."

            "အင်း ရွှေရည်. ရွှေရည်ကတော့ ပိုလှလာပါတယ်..."

            သူမ ပြုံးသည်..။ မိုးလွင် ရင်ထဲမှာ ဗလောင်ဆူလာပြန်သည်..။ အဲဒီအပြုံးတွေထဲမှာ ကျရှုံးခဲ့ရသည့် အချိန်များ..။ အဲဒီအပြုံးကလေးကို သူပိုင်ပစ္စည်းကဲ့သို့ ခြယ်လှယ်နိုင်ခဲ့သော ရက်များ.။ အဖြစ်အပျက်များက မနေ့တစ်နေ့ကလို ပြန်မြင် လာသည်...။ အချစ်ဆုံးဖြစ်သော အချစ်ဦးရွှေရည့်ကို ကိုယ်ဘယ်လို ပြောထွက်ရက် ပါ့မလဲ...။

            "ရွှေရည် ဂျပန်မှာကတည်းက အမြဲတမ်း ကိုမိုးကို သတိရနေခဲ့တာ..။ အင်တာနက်မှာလည်းရှာခဲ့တယ်.။ ဆက်သွယ်ဖို့လည်း အမြဲကြိုးစားခဲ့တယ်..။ ဒါပေမယ့် ကိုမိုးသိပ်ရက်စက်တာပဲ...။ ရွှေရည့်ကို အဆက်အသွယ် လုံးဝ မလုပ်ခဲ့ဘူးနော်..."

            "အာ အဲဒီလို မဟုတ်ပါဘူးရွှေရည်.. ကိုယ်ရှင်းပြပါ့မယ်..."

            "ဆင်ခြေတွေ မလိုချင်ဘူးကိုမိုး... ကိုမိုး ရွှေရည့်ကို အချစ်တွေ ပေါ့နေပြီမဟုတ်လား.။ အနေဝေးတာနဲ့ သွေးအေးသွားပြီမဟုတ်လား..။ ရွှေရည့်ကို ပြောစမ်းပါ ကိုမိုး.. ပြောလိုက်ပါ..။ ဒီမှာ.ဒီမှာ Mojito နောက် တစ်ခွက် ပေးပါဦး..."

            ရွှေရည်က ပြောပြောဆိုဆို နောက်တစ်ခွက်ထပ်မှာသည်..။ စားပွဲပေါ်မှာ ကလပ်ခွက်ကလေးတွေများ လာပြီ..။ တစ်ခွက်.. နှစ်ခွက်.. သုံးခွက်.. လေးခွက်.. နောက်...။

            အပြင်မှာ အတော်မှောင်နေပြီ...။

            "ရွှေရည် မင်းသိပ်မူးနေပြီ.. ပြန်ရအောင်..."

            "မပြန်ဘူး.. ကိုမိုး. ရွှေရည် သောက်ဦးမှာ..."

            "လာပါ ရွှေရည် ကိုယ့်ကိုချစ်တယ်ဆိုရင် ပြန်ရအောင်နော်..."

            ဘာလို့ ဒီမေးခွန်းကိုမေးလိုက်မိလည်း စဉ်းစားမရ..။

            "ကိုမိုး ရွှေရည့်ကို ချစ်လား..."

            "အင်းအင်း ချစ်တယ် ချစ်တယ်...ပြန်ရအောင်နော် ဟုတ်ပြီလား"

            ပြောပြီးမှ ရင်ဘတ်ထဲမှာ စူးကနဲ ဖြစ်သွားသည်..။ နောင်တရမိသလိုလိုလည်း ဖြစ်သွားသည်..။

            "ကားသော့ရော ရွှေရည်.. ကားသော့ပေးဦး..."

            ရွှေရည်က မျက်စိမဖွင့်ဘဲ ဆလင်းဘတ် အိတ်ကိုပုတ်ပြသည်..။ ဆလင်းဘတ်အိတ်ထဲမှာ ကားသော့ ကိုရှာလိုက်ပြီး ရွှေရည့်ကိုတွဲလိုက်သည်..။ ရွှေရည့်ကိုကားပေါ်သို့တွဲတင်လိုက်ပြီးမှ မောင်းသူဘက်အခြမ်းမှ ကားထဲသို့ ဝင်သည်..။

            "ရွှေရည် အခုဘယ်မှာနေတာလဲ..."

            "Swam မှာ ...."

            ဗလုံးဗထွေးပေမယ့် ပီပီသသကြားရသည်ကိုပင် ကျေးဇူးတင်လိုက်မိသည်..။ မိုးလွင် သက်ပြင်းတစ်ခု ကို ချလိုက်မိသည်..။

            Mandalay Swam Hotel ရောက်တော့ Reception မှာ ရွှေရည့်နာမည်နှင့် အခန်းကိုမေးသည်..။ မှတ်ပုံတင်ပေးပြီး အခန်းသို့ ဝင်သည်..။ အခန်းထဲရောက်တော့ ရွှေရည့်ကို ဆိုဖာပေါ်သို့တွဲတင်သည်..။

            "ကိုမိုး... ကိုမိုး.."

            "အင်း ကိုယ်ရှိတယ် ရွှေရည်..."

            "ရွှေရည်တို့....တစ်သက်လုံး အတူတူ.. အတူတူ နေကြရအောင်နေ.. ဘယ်တော့မှ မခွဲတော့ဘူး နော်..."

            ရင်ထဲမှာ မီးတောင်တွေ ပေါက်ကွဲနေသည်..။ ဒွိဟတွေလွန်ဆွဲနေသည်...။ ချစ်သူရယ်...။ အို.. ဘာမှ မဆုံးဖြတ်ရသေးခင်... ရွှေရည့်ကို နမ်းမိလျက်သား..။ ပြီးတော့...

            ရွှေရည်ဖက်တာတွေ ပိုပြီးတင်းကြပ်လာတာ သတိထားမိသည်..။ အနမ်းတွေ ပိုစိတ်လာတာကို လည်း သတိထားမိသည်။ အဆုံးစွန်ဆုံး အခြေအနေတစ်ခုကို ကျွံဝင်လုဆဲဆဲ အလိုတူအလိုပါ ချစ်သူတို့၏ ပွေ့ချီနမ်းရှုပ်မှုနှင့် ခန္ဒာကိုယ်ယိမ်းယိုင်သွားမှုတွင် ချွတ်လက်စ မိုးလွင် အင်္ကျီထဲက လက်ကိုင်ဖုန်းက ကြမ်းပြင်ပေါ် ဒေါက်ကနဲ ပြုတ်ကျသည်  ကောက်ယူလိုက်တော့ Notification မီးလုံးအပြာကလေးလင်းနေသည်..။ အသက်ရှုရပ်မတတ်ဖြစ်သွားသည်..။ စိတ်ထဲက မီးတောက်တွေကို ရေဖြင့်လောင်းချလိုက်သလို ရှဲကန အရှိန်သေသွားသည်..။ ရွှေရည့်ကို ကုတင်ပေါ် သို့တွဲပို့လိုက် ပြီးမှ ဖုန်း Screen ကို ဖွင့်လိုက်သည်.။

            Viber မှာ မက်ဆေ့ချ်ဝင်နေသည်..။

            "မောင်.. သားသားကျောင်းအပ်ဖို့ ကိစ္စအဆင်ပြေလား.. သဘက်ခါမနက်စောစော ကျွဲဆည်ကန် ကားဝင်းမှာ လာခေါ်နော်.. မေမေနေမကောင်းလို့ ညဖက် ဖုန်းမပြောဖြစ်တော့ဘူး... ဒါပဲနော် ကျန်းမာရေးဂရုစိုက်"

            ခေါင်းထဲမှာ တစ်စုံတစ်ခုကို သိလိုက်သည်..။ မှားတော့မလို့...။ မိမိဘဝနှင့်ချီ၍ မှားတော့မလို့ပါလား..။ ခင်ပွန်းတစ်ယောက်၏ ဂုဏ်သိက္ခာ၊ ဖခင်တစ်ယောက်၏ ဂုဏ်သိက္ခာတွေ ပြိုကျဖို့ လက်မတင်ကလေးပါလား..။

            မိုးလွင် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်..။ စားပွဲပေါ်က အရန်သင့်တွေ့ရသည့် Sticky Paper စာရွက် အပိုင်းအစကလေးကို ဖြုတ်ယူပြီး မိမိပြောမထွက်ခဲ့သည့်စကားလုံးများကို ခပ်သွက်သွက်ချရေးလိုက်သည်...။

            သို့...

            ရွှေရည်...

            .................. ။

---------------------------------------------------------------------------------------------------

            "ကိုမိုးကိုလာခေါ်တဲ့ အစ်မက ချောတယ်နော်..."

            "အင်း..."

            "ခု သူ အဲဒီမှာကျန်ခဲ့တယ်ပေါ့..."

            "အင်း..."

            "မသိပါဘူး ကျနော်က နီးနီးနားနားပဲ သွားတယ်မှတ်နေတာ...။ ဆိုင်ပိတ်ပြီး ဘောလုံးပွဲကြည့်မလို့ တီဗွီဖွင့်နေတုန်း ကိုမိုးဆီက ဖုန်းဝင်လာလို့ လာခေါ်တာပဲ..."

            "အင်း..."

            "အာ မီးဝါတော့မယ် ..."

            အငယ်ကောင်က လီဗာနင်း၍ မီးဝါစဉ် ဖြတ်ကူးမည့်အရိပ်အယောင်ပြသည်...။

            "အငယ်ကောင် ရပ်ထားလိုက်တော့..."

            "အာ ဘာလို့လဲ ကိုမိုးရ.. လွတ်ပါတယ်..."

            "ရပ်ထားလိုက်ပါကွာ..."

            အငယ်ကောင်က နားမလည်စွာ မိုးလွင်ကို ပြန်ကြည့်သည်...။

            "တချို့ကိစ္စတွေက လွတ်တယ်ဆိုပြီး ဇွတ်ဝင်လို့ မရဘူးကွ... ကိုယ့်သိက္ခာကိုယ် ထိန်းရမှာ..."

            မိုးလွင် မျက်လုံးများက ငေးငေးငိုင်ငိုင်..။ အငယ်ကောင်ကို မကြည့်ဘဲ သူ့ဖာသာ တစ်လုံးချင်း ဆက်ပြောသည်...။

            "ဟုတ်တယ်...ကိုယ့်သိက္ခာကိုယ် ထိန်းရမှာ..."

            ကားထဲမှာ Big Bag ၏ "ပြဇာတ်မဟုတ်သောပြဇာတ်"သီချင်းဖွင့်ထားသည်.။

            "မကမ်းမယ့် လက်တစ်ဖက်မျှော်လင့်သူ.. မသွားမယ့်လမ်းကို ကြိုဖောက်ပြီး.. မပြီးဘဲကားချ ဇာတ်သိမ်းတော့.. မနှင်ဘဲ နောက်လှည့်ပြန်ခဲ့သည်.... လေပြည်ညင်းလည်း မတိုက်ခတ်ပါ... တေးသံချိုချို မပျံ့လွင့်ပါ.. လက်ခုပ်တီးသူ လူမရှိပါ... တကယ်လည်းပြဇာတ် မဆန်ခဲ့ပါ..."

                                                                                                            မိုးသက်ဦးလွင်

၂၀၁၆၊ ဇူလိုင်လထုတ် မြဝတီမဂ္ဂဇင်း

         



         





            



ရေးသားသူ : မိုးသက် // 12:22 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List