Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Thursday, November 2, 2023

နွေအိပ်မက်တစ်ခုအကြောင်း

    

 


ပုလဲကွန်ဒိုအောက်ရောက်တော့ မနွေဖုန်းကို တန်းခေါ်တော့တာပဲ။ သူဖုန်းမကိုင်ပါဘူး။ ဖုန်းကို အမြဲတမ်း ၂ ခါ ထပ်မနည်းခေါ်ရတဲ့ မနွေဟာ ပုံမှန်အခြေအနေလို့ ယူဆလို့ပဲလား။ သူ့ဇာတ်ရှုပ်တွေကို တစ်နည်းနည်းနဲ့ ကျနော်သိသွားတာကို ရိပ်မိလို့လား တော့မသိပါဘူး။ ၂ ခါလောက်ခေါ်ပြီး လောင်နေတဲ့ ကိုယ့်စိတ်ကိုယ် ထိန်းတဲ့အနေနဲ့ Lotteria ထဲဝင်ပြီး ကြက်ကြော်စားရင်း စောင့်နေရမလား တွေးမိပေမယ့် ကျနော်လက်ရှိဖြစ်နေတဲ့ Mood က ကြက်ကြော်စားပြီး အေးအေးဆေးဆေးစောင့်စရာ ဘာအကြောင်းမှ ရှိမနေခဲ့ဘူး။ ဒါကလည်း သူ့မျက်နှာကို နောက်ဆုံး မြင်ရတာပဲလို့ ကျနော်ကိုယ်တိုင် သိနေလို့လည်း ဖြစ်မှာပါ။

မှတ်မိသလောက်ဆိုရင်တော့ အဲ့ဒီအချိန်က သူ့မျက်နှာကို မြင်ရင် စိတ်ပြေသွားမှာစိုးတာရော၊ ကျနော်ပြောသင့်ပြောထိုက်ပြောကို ပြောရမယ့် စကားတွေကို မေ့သွားမှာစိုးတာကြောင့်ရော စိတ်ထဲမှာ ဘယ်လို စကားလုံးတွေနဲ့ နာနာကျည်းကျည်းပြောပစ်လိုက်ရမလဲ ဆိုတာကိုပဲ တွေးနေမိတော့တာ။
အိတ်ထဲက စီးကရက်ကို ထုတ်ပြီး မီးညှိတယ်။ ၂ ဖွာလောက်ဖွာပြီးတဲ့အချိန်မှာ ဖုန်းဝင်လာတယ်။ မနွေဆီကတော့ မဟုတ်ဘူး။ ရန်ကုန်ရောက်နေတာလား လှမ်းမေးတဲ့ ဘော်ဒါအစ်ကိုတစ်ယောက်ဆီကပါ။ အလုပ်ကိစ္စကြောင့်လာတာလို့ ခပ်ပြတ်ပြတ်ပြောပြီး ကျနော့်မူရင်း ရည်ရွယ်ချက်ကို Focus ပြတ်သွားမှာစိုးလို့ ပြီးမှ ပြန်ဆက်မယ့်အကြောင်းပါ ပြောလိုက်တယ်။
နောက် ၁၀ မိနစ်လောက်အကြာ ကျနော် ဒုတိယစီးကရက်ကို မီးညှိပြီးတော့မှ ဖုန်း တစ် Call ထပ်ဝင်လာတယ်။ Nway လို့ Nick name ပေးထားတဲ့ Contact ထဲမှာပေါ်နေတဲ့ပုံက စင်ကာပူမှာတုန်းက သူပြေးပြေးနေကျ Bedok Reservior ကြီးဘေးက လမ်းမှာ မနက်ခင်း ဘောင်းဘီတိုလေးနဲ့ ရိုက်ထားတဲ့ (ကျနော်သိပ်သဘောကျခဲ့ဖူးတဲ့) ကျနော့်ဆီ ပို့ပေးဖူးတဲ့ ပုံပေါ့။
"မိုးသက် ဘယ်မှာလဲ" တဲ့။ "ဟဲလို ဟဲလို" နှစ်ခွန်းထပ်ပြီး လို့ ညုတုတု တောင် မပြောတော့ဘူးဆိုတော့ ကျနော် ရောက်နေတာ သူသိလောက်ပြီပေါ့။ ပြီးတော့ ကျနော်ဘာမှ မဖြေခင် "ကားပါကင်ဖက် လာခဲ့" တဲ့။
ကားပါကင်ကိုရောက်တော့ Heineken ဘူးလေးတစ်ဘူးကိုင်ထားပြီး အတော်မူးနေတဲ့(ဟန်ဆောင်ထားတဲ့) ပုံစံနဲ့ ဆီးကြိုတယ်။
"မိုးသက် ငါလေ အောင်ကိုကို့ ကိုလည်း မဖြတ်နိုင်ဘူး နင်မရှိဘဲလည်း မနေနိုင်ဘူး" တဲ့။ ငိုသံကြီးနဲ့။
သူ့မျက်နှာမှာ မျက်ရည်ကျနေလား မကျနေသလားတောင် ကျနော် မကြည့်နိုင်ခဲ့ဘူး။ ကျနော်က ဒီကိစ္စမှာ ရည်းစားမရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သတ်မိတာနဲ့တင် တစ်ချိန်ချိန်မှာ သူ့ရည်းစား ကျနော့်စီနီယာတစ်ယောက် ပေါ်လာမယ်ဆိုတာ အလိုလို ကြိုသိနိုင်စွမ်းလည်း မရှိခဲ့။ ခေါင်းထဲမှာ စီစဉ်ထားတဲ့ စကားလုံးတွေက ကျနော်နှုတ်ခမ်းပေါ်တင် ကျဆုံးသွားတယ်။
"နင် ရူးနေလား။ ငါ့အချိန်တွေ ဘာလို့ လာဖြုန်းခဲ့တာလဲ။ စောင်အာရုံလာမနောက်နဲ့ကွာ။ နင့်မျက်နှာကိုလည်း ငါထပ်မမြင်ချင်တော့ဘူး။ သွားတော့..."
ကျနော့်အသံလည်း တုန်နေတာ ကိုယ့်ကိုယ်ကို သိပါတယ်။
ပြောပြီးပြီးချင်း သူငိုချလိုက်တဲ့ အသံကို ကြားပေမယ့် တကယ်ငိုမငို ကျနော် မသိတော့ဘူး။ အဲ့လိုအမျိုးသမီးတွေမှာ တကယ်ဝမ်းနည်းခံစားတတ်တဲ့ စိတ်ရှိမယ်ဆိုတာ ကျနော် မယုံဘူး။
ပြောပြီးပြီးချင်း ကျနော် လမ်းမပေါ်တက်တယ်။ Taxi တစ်စီးတားလိုက်တယ်။ ကျနော်တည်းနေကျ ရန်ကင်းထဲက ဟိုတယ်ကို ပြန်တယ်။
တကယ်လည်း အဲ့ဒီနေ့က မနွေမျက်နှာကို နောက်ဆုံး မြင်ခဲ့တာပါပဲ။
ကိုအောင်ကိုကိုနဲ့တော့ သင်တန်းတစ်ခုမှာ တစ်ကြိမ်ပြန်တွေ့ခဲ့တယ်။ ဆရာသမားက အိမ်ထောင်ကျသွားပါပြီ။ မနွေနဲ့တော့ မဟုတ်ဘူး။ သူ့ရွာက ငယ်ချစ်နဲ့ ပြန်ယူလိုက်တာ။ သင်တန်းမှာ သောက်ရင်းစားရင်း ညီအစ်ကိုတွေ စကားပြန်ပြောဖြစ်တဲ့အချိန် ကိုယ့်ဆရာကတော့ (မူးနေလို့လားမသိ) တစ်ခွန်းတော့ ပြောတယ်။ "နွေဦးခင်က မင်းကို တကယ်ချစ်တာကွ" တဲ့။
အဲ့ဒီစကားကိုပြောတဲ့အချိန် ကိုအောင်ကိုကို မျက်နှာက ဘယ်လိုအနေအထားရှိနေလဲ ကျနော် မမှတ်မိဘူး။ ကိုယ့်ရည်းစားက ဘတ်တာခံခဲ့ရတဲ့ မအူမလည် ချာတိတ်တစ်ယောက်ကို ရိ ပြီးပြောတာမျိုးလား။ သူ့ရည်းစားဟောင်းကိုယ်စား အားနာလို့ စိတ်ဖြေစရာတစ်ခုအနေနဲ့ ပြောပေးတာလား ဆိုတာကိုတော့ ဘုရားပဲ သိပါလိမ့်မယ်။

မိုးသက်ဦးလွင်
ဇွန် ၂၆, ၂၀၂၃



ရေးသားသူ : မိုးသက် // 2:14 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List