Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, September 5, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း (၁)

နေပြည်တော်ဘူတာသို့ရထားက နီးကပ်လာသည်.။ ရထားအရှိန်မသေခင်မှာပင် ရထားပေါ်သို့ အထမ်းသမားတွေ ပြေးတက်လာကြသည်..။ "ငါ့သား မင်းသံသေတ္တာနဲ့ ခရီးမသွားဖူးသေးလို့ပါ " ဆိုသော အဖေ့စကားကို ကြားမိလိုက်ပြီး ပြုံးမိလိုက်သေးသည်.။ ဘယ်နေရာမှာမှ မဆန့်သော မိမိ ဗိုလ်လောင်းဘဝကတည်းက Issue သံသေတ္တာကြီးကိုမြင်သွားဟန်တူသည့် အသားညိုမှောင်မှောင် လူခပ်တုတ်တုတ်ဖြင့် အင်္ကျီချွတ်ထားသည့်အထမ်းသမား တစ်ယောက်မှ ကြည်း - ***** ဒုတိယဗိုလ် ဟိန်းလင်းထွန်း ဟု ရေးထားသောသေတ္တာကြီးကို ကြည့်၍...
"ဗိုလ်ကြီး သေတ္တာသယ်မှာလား..."
"ဟုတ်ကဲ့ သယ်မှာ"
ရထားရပ်သွားသည်နှင့် ထိုအထမ်းသမားကြီးမှ မိမိသေတ္တာကို မရမက ဆွဲမပြီးပခုံးပေါ်တင်သည်..။
"ဗိုလ်ကြီး မရိုမသေလေး ကျွန်တော့် ပခုံးပေါ်တင်ပေးပါလားခင်ဗျ.."
"အော် ဟုတ်ကဲ့"
တင်ပေးနေရင်း စိတ်ထဲမှာတော့ ဖျားသွားသည်..။ သံသေတ္တာက ရိုးရိုးသံသေတ္တာအသေးလေး မဟုတ်.။ ဗိုလ်လောင်း ဘဝက ထုတ်ပေးထားသော အမြင့် ၂ ပေခန့်ရှိသည့် သံသေတ္တာကြီး ဖြစ်သည်.။ ထိုထဲမှာ ပစ္စည်းတွေက အပြည့်အသိပ် ထည့်ထားသည်.။ မန်းဘူတာမှာ ကိုယ်တိုင် မပြီး တင်ခဲ့စဉ်က တူဝရီး၂ ယောက်မပြီးတင်သည်ကိုပင် လက်တွေ နီရဲနေအောင် မ ရသည်ကို သတိရမိလိုက်သည်..။
"ဖြည်းဖြည်းမ ဗျာ.. သေတ္တာကလေးတယ်.."
"ဟုတ်.ဟုတ်ကဲ့. ရပါတယ်.."
သူ့အသံကြားမှ သူလည်း အတော်လေးပင်စွာမနေရသည်ကို သတိထားလိုက်မိသည်..။
ရထားပေါ်က သူက ရှေ့ကဆင်းသည် မိမိက နောက်က..။
တွန်းလှည်းတွေနားရောက်သည့်အချိန်အထိ အတော်လှမ်းလှမ်းထိ သူထမ်းလိုက်ရသည်..။ 
တွန်းလှည်းပေါ်သေတ္တာတင်ပြီးတော့...
"ဗိုလ်ကြီးလက်ထဲက အိတ်ကိုပါ ဒီပေါ်တင်လိုက်ပါ..။ ကျွန်တော်တွန်းသွားလိုက်မယ်.။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါရင် ထုတ်ထား လိုက်ပေါ့..."
"ရပါတယ်ဗျာ.."
ဘာပစ္စည်းမှ ထုတ်မနေတော့ပဲ တွန်းလှည်းပေါ်က သေတ္တာစောင်းပေါ်တွင် လက်ကဆွဲလာသော အိတ်ကို တင်လိုက် သည်..။
တကယ်တော့ တွန်းလှည်းကလည်း ဘူတာကြီးအပြင်ထိ သွား၍ မရပါ..။ ဘူတာကြီးအထွက်ရောက်တော့ သူထပ်ထမ်း ရပြန်သည်.။
"ဘယ်မှာချပေးရမလဲ ဗိုလ်ကြီး.."
"ဟိုက လက်ဖက်ရည်ဆိုင်ဘေးနားအထိ ပို့ပေးပါဗျာ..."
ရာသီဥတုကလည်း အတော်ပူသည်..။ နေ့လည် ၁ နာရီ ကျော်ကျော်အချိန်တွင် ကီလို ၄၀ လောက်လေးသော သေတ္တာ ကြီး ကို နေပြည်တော် ဘူတာကြီးရှေ့က လက်ဖက်ရည်ဆိုင်ဘေးအထိ သူပို့ပေးသည်..။
သေတ္တာကို ခက်ခက်ခဲခဲ ချပြီးနောက် သက်ပြင်းချရင်း ချွေးတွေကို သုတ်ရှာသည်..။
"ဘယ်လောက်ပေးရမလဲ ဆရာ..."
"ဆရာ" ဟု သုံးလိုက်တော့ သူက ရယ်ကျဲကျဲဖြင့်...
"၁၀၀၀ ပါခင်ဗျာ"
ပိုက်ဆံအိတ်ကို ထုတ်ပြီး တစ်ထောင်တန် ၃ ရွက် ထုတ်လိုက်သည်..။
"ရော့ဗျာ.. ကျွန်တော်သေတ္တာက အတော်ကိုလေးပါတယ်..။ ခင်ဗျားအဝေးကြီးထမ်းလာရတာ ၃၀၀၀ ယူလိုက်ပါ.."
အားနာသော မျက်ဝန်းအစုံဖြင့် ပိုက်ဆံကို လှမ်းယူသည်..။
ပြီးတော့ ထွက်မသွားသေးပဲ ပိုက်ဆံကိုတစ်လှည့် ကျွန်တော့်ကို တစ်လှည့်ကြည့်နေသည်..။ နောက်တော့ တစ်ထောင်တန် တစ်ရွက် ကျွန်တော်ဖက် ပြန်ကမ်းပေးရင်း
"ကျွန်တော် နှစ်ထောင်ပဲ ယူပါ့မယ်ဗိုလ်ကြီး ၁၀၀၀ ဆိုတာ လေးလို့ယူတာပါ .။ တစ်ခြားသူတွေဆိုရင် ၅၀၀ ပဲ ယူပါတယ်..."
"ယူထားလိုက်ပါဗျာ... ကျွန်တော်သေတ္တာ ဘယ်လောက်လေးလဲ ကျွန်တော်သိပါတယ်.."
ကျွန်တော် ပြန်ကမ်းပေးတော့ အားနာသည့်မျက်နှာထား၊ တုန်ရီနေသော လက်ဖြင့် ပြန်ယူသည်..။ သေတ္တာ မ လာရ၍ တုန်နေ သည်လား..။ အားနာစွာ ချီတုံချတုံဖြစ်နေသည်လားမသိ..။
ကျေးဇူးတင်ပါတယ် ဟုသူပြောသည်လားမသိ.. တစ်စုံတစ်ခုကို ဗလုံးဗထွေးပြောလိုက်သေးသည်..။ ပါးစပ်က စကားလုံး၏ အစပိုင်းတွင်ပင် ပျောက်ကွယ်သွားသည်.။ ကျေးဇူးတင်သည့်မျက်နှာဖြင့် တစ်ဖက်သို့လှည့်ကာ ထွက်သွားသော ကာယလုပ်သားကြီး၏ ညိုမှောင်သော ကျောကုန်းက ဘူတာရုံထဲက ပျားပန်းခတ်မျှထွက်လာသော လူအုပ်ကြီးထဲမှာ ပျောက်ကွယ်သွားတော့သည်..။
သူထွက်သွားတော့ ကျွန်တော် အအေးတစ်လုံးနှင့် ရှမ်းခေါက်ဆွဲတစ်ပွဲမှာသည်..။ မှာထားတာတွေ ရောက်မလာသေး ခင်. ဆိုင်ထဲက အများပြည်သူသုံးဖုန်းကိုသွားသည်.။
တယ်လီဖုန်းနံပတ်များကိုနှိပ်...
"တီ.. တီ.. ဟဲလို ဗိုလ်မှူးလားခင်ဗျာ.. ကျွန်တော် ဟိန်းလင်းထွန်းပါ... အခု နေပြည်တော်ဘူတာကို ရောက်ပါပြီ ခင်ဗျ.."
ဖုန်းချပြီး မိမိဝိုင်းမှာ ပြန်ထိုင်ကာ အအေးကို တစ်ငုံစုပ်လိုက်သည်..။
အော် နေပြည်တော် ဆိုတာ ဒါကြီးပါလား....။
ဘဝကတော့ စပြီ ဟု စိတ်ထဲမှာ တွေးလိုက်မိတော့သည်...။
----------------------------------ဆက်ပါဦးမည်------------------------------။



ရေးသားသူ : မိုးသက် // 11:36 AM
အမျိုးအစား:

8 comments:

  1. အင်း...
    ချဲလင့်အတွက် တုန့်ပြန်တာလား ဘာလားတော့ မသိ။ ဖတ်လို့ အလွန်ကောင်းပါ့။
    ဘာအတွက်ဖြစ်ဖြစ် ဘလော့ပေါ် ပို့စ်တွေ ရောက်လာပြီဆို ၀မ်းသာပြီးသား။
    အဲလို ဘ၀အတွေ့အကြုံစစ်စစ်တွေကို ဖတ်ချင်နေတာ။
    ဒါပေမဲ့ အခန်းဆက်ရေးသူတိုင်း တစ်ဝက်တစ်ပျက်နဲ့ လက်စ မတတ်နိုင်တတ်ကြဘူး။
    ကမိုးသက်ကတော့ ဆုံးခန်းတိုင်လိမ့်မယ်လို့တော့ မျှော်လင့်ရပါ၏။

    ReplyDelete
    Replies
    1. ဟီးဟီး လာမယ်လေ သူကြီးမင်းရဲ့

      Delete
  2. အဲ ဘ၀အစရဲ့ ​နောက်​ဆက်​တွဲကို ​စောင့်​​မျှော်​​နေမယ်​ ​မောင်​​လေး​ရေ ... :)

    ReplyDelete
  3. နေပြည်တော်ဘူတာမှာ တန်းလန်းကြီးရပ်ထားတယ်..
    ဆက်ရန်များ မျှော် ^_^
    @Ahthu

    ReplyDelete
  4. ဟဲ့..နင် 10 ယောက် တက်ဂ် ဦးလေ.. ငါ့ကိုလည်း ပါ အောင် ပြန် တက်ဂ်နော်..ဟီးးး

    ReplyDelete
  5. မိုးသက်ရေ... ကိုရီးယားကားတွေလို စာဖတ်သူတွေကို ဆန့်ငင်ငင်ဖြစ်အောင် ပညာပေးပြန်ပြီလား .. :P သူကြီးမင်းပြောသလို စိန်ခေါ်ပွဲအတွက်မဟုတ်ရင် နောက်တစ်ပုဒ်ရေးရမယ်နော် ဟာဟ စာမေးပွဲပြီးပြီဟုတ်?

    ReplyDelete
  6. ဗက ဗက ချဲလင့်လေးခေါ်ထားတယ်မသိမှာဆိုးလို့လာပြောတာ
    နင့်သေတ္တာကြီးကိုစိတ်ထဲမှာငါပါထမ်းကြည့်တာ ပိသွားတယ်ဟေ့

    ReplyDelete
  7. လာလည်​ဖတ်​ရှူသွားပါတယ်​...

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List