Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Thursday, September 11, 2014

ဟိုအတိတ်ကို မမျိုသိပ်ဘဲ ဆိုရလျှင်...


       ချစ်လှစွာသော အစ်မကန်ဒီရဲ့ တဂ်ပို့စ်လေးပါ..။ အစ်မကလည်း ကျွန်တော် ဗိုက်ဗာမှာ တစ်ဂျီဂျီ လုပ်နေတာ အမြင်ကတ်လို့နဲ့ တူပါတယ်.။ အချိန်ကိုက်ကို တဂ်လိုက်ပါတယ်.။ အစကတော့ ငြင်းဦးမလို့ ပါပဲ..။ ဟိုအခန်းဆက်ကလည်း တို့လို့ တန်းလန်းကိုး..။ ဒါပေမယ့် ကျွန်တော် မရေးတာကြာတဲ့ ဒီကြားထဲ ဟိုလိုဒီလို ဆောင်းပါးမကျ ဘာမကျ ပြောတာလေးတွေ မရေးဖြစ်တာကြာလို့ပါ..။ Labels တွေထဲမယ် ဆိုရင် ရောက်တတ်ရာရာပေါ့နော်.။ တကယ်တော့ ဒီအကြောင်းလေးကို ရေးမယ်လို့ စဉ်းစားမိတာက Blog Day ကတည်းကပါ.။ ဒါပေမယ့် အခုမှ ပဲ ရေးဖြစ်ပါတော့တယ်..။
      အဲ.. ဒီအကြောင်းဆိုမှ .. ကျွန်တော်ရေးမှာ ဘာအကြောင်းပါလိမ့်..။ သြော်.. မှတ်မိပြီ..။ ကျွန်တော့်ရဲ့ မော်စကိုရောက်ခါစ ဘလော့စရေးခါစ အကြောင်းလေးတွေပေါ့.။ ကျွန်တော် မော်စကိုစရောက်တော့ ၂၀၁၁ အောက်တိုဘာ ၃ ရက်နေ့ပေါ့နော်..။ အစကတော့ ကိုယ်က စာရေးမယ်လို့ ဆုံးဖြတ်ထားတာ မရှိဘူး.။ ပထမဆုံး ဖတ်မိတာက အစ်မမဒမ်ကိုးနဲ့ ကိုရင်ရေးတဲ့ မဒမ်ကိုး ဘလော့လေးကိုပါ.။ အဲဒီထဲက မဒမ်ဖတ်ဖို့၊ ကိုရင်ဖတ်ဖို့ ဆိုတဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျီစယ်ထားတာလေးတွေ အင်မတန် သဘောကျခဲ့တာ.။ ကိုယ်စာရေးမယ်ကြံရင် သူတို့ အရေးအသားတွေကြည့်တဲ့အခါ စိတ်အားငယ်ရတယ်.။ အစ်မတို့ စာရေးတာ အရမ်းကောင်းတာကိုး..။ (အင်း .. ခုတော့ သူတို့လည်း သိပ်ပြီး မကျီစယ်ကြတာကြာပြီ..) နောက် မကွန် ရေးတဲ့ ခရီးသွားမှတ်တမ်းတွေ ဖတ်မိတယ်.။ ကျွန်တော် စာစရေးတော့ မမေသိမ့်သိမ့်ကျော်ရဲ့ MOBA ဆိုတဲ့ Ning ဆိုက်ပေါ့.။ အဲဒီမှာ ကျွန်တော့်စာတွေက Top Blogs တွေထဲမှာ အမြဲပါတော့ ချော့ကလတ်ကျူးပစ်လေးနဲ့ အစ်မ ဂျက် တို့က ဘလော့တစ်ခု လုပ်ပြီး ရေးဖို့ အကြံပေးတယ်.။ အဲဒီအချိန်မှာ ကျွန်တော် ဘလော့ စရေးနေပါပြီ.။  ဒါပေမယ့် နည်းပညာ ဘလော့ပေါ့လေ.။
        မေမြို့မိုးလို့ အမည်ပေးထားတဲ့ ဒီဘလော့လေးကို ၂၀၁၁ ဒီဇင်ဘာ ၁၀ ရက်နေ့မှာစ ရေးဖြစ်တယ်. ။တန်းပလိတ်တွေလည်း အမျိုးမျိုးပြောင်း၊ ဘလော့လင့်ခ်တွေလည်း အမျိုးမျိုးပြောင်းရင်း ဖြူဖြူ စင်စင်နဲ့ ဣနြေ္ဒရရလေး လှတဲ့ ဒီတန်းပလိတ်လေးမှာ အထိုင်ကျသွားတော့တယ်..။ နာမည်ကိုလည်း စာအုပ်ထုတ်ခါနီး ဆရာစိုင်းခမ်းလိတ်ရဲ့ Privacy နဲ့ ငြိတာကြောင့် မိုးသက်ဦးလွင်လို့ ပြောင်းလိုက်တယ်.။
       ဘလော့စရေးခါစက ရယ်ရတယ်.။ ကျွန်တော် ဘလော့ပတ်ရင် ကိုယ်နဲ့မသိတဲ့သူတွေဆိုရင် မိန်းကလေး ဆို ညီမလေးလို့ပဲ ခေါ်တယ်.။ ကျွန်တော် ညီမလေးလို့ ခေါ်တဲ့ အစ်မမြတ်ကြည်တို့၊ အစ်မချိုချဉ်တို့၊ ဆိုရင် ကျွန်တော့်ကို အစ်ကို၊ အစ်ကိုနဲ့ :D .။ နောက်မှ မွေးနေ့တွေ သိလာမှ လိုက်ရှင်းပြရတော့ ဆူခံရရော..။
     ဘာလိုလိုနဲ့ ကျွန်တော် ပြန်ဖို့ရက်ကလည်း ၁၄ ရက်ပဲ လိုပါတော့တယ်..။ ကျွန်တော်လေ. ဖြစ်နိုင်ရင် ဒီမောင်နှမ အသိုင်းအဝိုင်းထဲက ထွက်မသွားချင်ဘူး.။ အားလုံးနဲ့ အတူတူ ဆုံချင်နေမိတယ်.။ ကိုယ်က မောင်ငယ်လေး တစ်ယောက်လို အစ်မတွေ အစ်ကိုတွေကို ဆိုးချင်၊ ရစ်ချင်တဲ့ စိတ်လေးဖြစ်နေမိတယ် ထင်တယ်.။ တကယ်ပါ..။ (ဒီစာရေးတဲ့အချိန် ကျွန်တော် ဝမ်းနည်းသလိုလို ဖြစ်နေတယ်) .။ ကျွန်တော် အစ်မချိုချဉ်၊ အစ်မ မဒမ်ကိုး၊ အစ်မကျူတီ တို့ ဆူတာတွေ ခံချင်သေးတယ်.။ သူတို့ကိုလည်း စနောက် နေချင်သေးတယ်.။
      ဒါပေမယ့် စစ်သားဘဝကတော့ သိတဲ့အတိုင်းပေါ့ဗျာ..။ နေရာနဲ့ အချိန် ကန့်သတ်လို့မရဘူးလေ.။ သွားဆိုတဲ့နေရာကို သွားခိုင်းတဲ့အချိန်မှာ သွားရမယ် မဟုတ်လား..။ ဘဝ အစစ်အမှန်ထဲကို ပြန်သွားရမယ် လို့ ကျွန်တော် မဆိုချင်ဘူး.။ ကျွန်တော်တို့အတူတူ စနောက် ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ဘဝ အတု လို့ မပြောရက်လို့၊ ပြောမထွက်လို့ပါ..။ ဒါဟာ တဒင်္ဂလိုပဲ.။ ဒါပေမယ့် အမြဲပဲ သတိရနေမိမှာပါ..။ မြန်မာနိုင်ငံကို ပြန်သွားတဲ့ ကိုမောင်မောင်(မြစ်ဆုံ) စာမရေးနိုင်တော့တာကို သတိထားမိတယ်.။ ကျွန်တော်လည်း မသေချာဘူး.။ ဒါပေမယ့် ကျွန်တော် အားတဲ့အခါတိုင်း အစ်ကိုတွေ အစ်မတွေကို ဆက်သွယ်ဦးမှာပါ.။
     ဒီနိုင်ငံမှာလည်း အမှတ်တရတွေ အများကြီးပါ..။ ရောက်ခါစက သွားခဲ့တဲ့ နေရာတွေ။ ဘာသာစကား နားမလည်ခင်က အမှားမှား အယွင်းယွင်းအဖြစ်အပျက်တွေ၊ စိမ်းကားအေးစက်တဲ့ လူမျိုးတွေထဲက ကြုံတောင့်ကြုံခဲ နွေးထွေးတဲ့ နှလုံးသားရှိတဲ့ သူငယ်ချင်းတွေ..။ တစ်ခါတစ်ခါ စိတ်တိုရ၊ တစ်ခါတစ်ခါ သဘောကျရ တဲ့ ဥရောပ ဓလေ့ထုံးတမ်းတွေ၊ အေးစက်တဲ့ နှင်းပွင့်တွေနဲ့ အေးစက်တဲ့ မျက်နှာတွေ ဒါတွေ အကုန်ကို တစ်သက်စာ ထားခဲ့ရတော့မယ်လေ..။
       ဒီမောင်နှမတွေ အားလုံးအတွက် ကျွန်တော်ဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းရဲ့ အမှတ်အသား ဖြစ်နိုင်ပါတယ်.။ ကျွန်တော့် အတွက်တော့ ဒီမောင်နှမတွေက ဘဝရဲ့အစိတ်အပိုင်းတစ်ခုထက် ပိုပါတယ်.။ ကျွန်တော်ရဲ့ အခြားဖက်က ကျွန်တော်တစ်ယောက်ရဲ့ မိသားစုတွေပါ..။ ကျွန်တော် ဒီလိုပဲ အမြဲတွေးထားမိတယ်.။
ဘယ်တော့မှ မမေ့တဲ့ အရာလေးတွေရှိတယ်...။
- အစ်မမဒမ်ကိုး ဓားနဲ့ သိုင်းချတဲ့ ပုံကို ခုထိ မမေ့ဘူး..။
- မေတ္တာဖြင့် အန်တီတင့် ဆိုတဲ့ ကွန်မန့်လေးကို ဘယ်တော့မှ မမေ့ဘူး...။
- No myanmar font လို့ Custom message တင်ထားတဲ့ အစ်မကွန်ရဲ့ Google Talk လေးကို မမေ့ဘူး.။
- ကျောက်မီးသွေးရထားကိုစီးလို့ ကျွန်တော်သွားတော့မယ် မခင်စောအေး ဆိုတဲ့ ကိုရင့်အကောင့်ကို မမေ့ဘူး.။
- ကျွန်တော်တို့ အားလုံးရဲ့ Virtual Character အဖြစ် လူတွေ စိတ်ဝင်စားခဲ့ကြတဲ့ မခင်သီတာကို မမေ့ဘူး.။
- ၂-၅-၁၉၈၈ က မကန်ဒီမွေးနေ့ ဆိုတာ ဘယ်တော့မှ မမေ့ဘူး.။
- အမွှေးဆုံး စံပယ်ဆိုတဲ့ မဂျက်မွေးနေ့ကဗျာလေးကို ဘယ်တော့မှ မမေ့ဘူး..။
- ကော်ဖီခါးခါးကြိုက်ပြီး စတိုင်အရမ်းမိုက်တဲ့ မမိုးငွေ့ရဲ့ အိန်ဂျယ်ကို ဘယ်တော့မှ မမေ့ဘူး..။
- ကွန်မန့်ရေးသူတွေနာမည်ကို တေးထပ်ရေးပြီး Reply တဲ့ တုံးဖလားရွာသူကြီးမင်းကို ဘယ်တော့မှ မမေ့ဘူး..။
- ကိုမောင်တစ်လုံး၊ ကိုမောင်နှစ်လုံးနဲ့ လက်ဝဲ၊ နွေလ ညီအစ်ကိုတွေကို ဘယ်တော့မှ မမေ့ဘူး.။
တစ်ခြား မမေ့စရာအကြောင်းအရာတွေအများကြီးရှိပါသေးတယ်.။
ခဏလောက် ပျောက်သွားတဲ့အခါ ကျွန်တော့်ကိုလည်း ဘယ်သူမှ မမေ့ကြဘူးလို့ ယုံကြည်နေမိတယ်.။ ကျွန်တော် ဘယ်နေရာရောက်နေနေ အားလုံး သတိမထားမိတဲ့အချိန်..တစ်ချိန်ချိန်မှာပေါ့..အားလုံးဆီကို “ဘွား”ကနဲ ပြန်ပေါ်လာမယ် ဆိုတာကြိုပြောဖို့ လိုမယ်မထင်ပါဘူးနော်..။


ချစ်ခြင်းအားဖြင့်(ကိုငှက်စကားလုံးယူသုံးထားသည်)
မိုးသက်ဦးလွင်
(၁၂-၉-၂၀၁၄)



ရေးသားသူ : မိုးသက် // 7:11 PM
အမျိုးအစား:

8 comments:

  1. ရင်ထဲမှာ နင့်ကနဲနေအောင် ဝမ်းနည်းမိတယ်မိုးသက်ဦးလွင်ရေ...။ ခွဲခွာခြင်းဆိုတာ ကျန်ခဲ့သူရောချန်ခဲ့သူရော အားလုံးလွမ်းရတာပါ။ ကွန်မန့်မပေးဖြစ်ပေမဲ့ စာတွေအမြဲလာဖတ်ဖြစ်နေပါတယ်နော်။ဘွား ကနဲ ပြန်ပေါ်လာမဲ့အချိန်မှာ အား ကနဲ့ လန့်ရအောင်မျှော်နေမယ်နော်။
    ခင်တဲ့
    နန်းရွှေမှုံ။

    ReplyDelete
  2. ဘယ်မတုန်းငါ့ချဲလင့်ပိုစ့် :/ ဟွန့်

    ReplyDelete
  3. မကျီစယ်တော့တာ ယောကျာ်းဆိုတဲ့အမျိုးကကြာကြာပေါင်းဟောင်းလေသတည်းဖြစ်ကြတာကိုးဟဲ့ ရင်ခုန်သံတွေမနုရွတော့ဘူးလေ ဟင်းဟင်းး ( ပြောရင်းနဲ့ ငရုတ်ကျည်ပွေ့နဲ့ထုသတ်ချင်တဲ့စိတ်ပေါက်လာပြန်ပြီ ညကအရှိန်မသေသေးလို့ )

    အပြန်ဆက်ဖြစ်လိုက်ဦးမယ် ဒါဖဲ

    ReplyDelete
  4. ၀မ်းနည်းစရာကြီး ဖြစ်အောင် ရေးတတ်တယ်။
    စာရေးဆရာတွေအတွက် ဘ၀ကပေးတဲ့ အတွေ့အကြုံများလေ ပိုကောင်းလေပါ။
    မော်စကို ကုန်ကြမ်းက ကမိုးသက်အတွက် စာလုံးများစွာ ရသွားပါပြီ။ တကယ့်လက်တွေ့ဘ၀တွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ ဖတ်လို့အလွန်ကောင်းတဲ့ စာအုပ်ကောင်းတွေ သေချာပေါက် ထွက်ပေါ်လာဦးမှာပါ။
    ခွဲရတော့မယ်ဆိုရင် ဘယ်နေရာ ဘယ်ဌာနဘဲဖြစ်ဖြစ် ယုတ်အဆုံး အနေဆင်းရဲလှတဲ့ တောင်တန်းဒေသကနေ ခွဲခွါလာရတဲ့အခါမှာတောင် ၀မ်းနည်းမှုတွေ တနင့်တပိုး ဖြစ်တတ်ကြပါတယ်။ ကမ္ဘာကြီးက ကျဉ်းလာပါပြီ။ ဝေးနေပေမဲ့ နီးနေကြဦးမှာပါ။

    ReplyDelete
  5. ရငိထဲထိအောင်ရေးတတ်တယ်မိုးသက်ရေ
    မမေ့ဘူးဆိုတာကိုသိခဲ့ရလို့ ၀မးသာကြည်နူးမိပြန်တယ်

    ReplyDelete
  6. မြန်မာပြည်ပြန်ရောက်လို့ ပို့စ်လေးတွေ မတင်ဖြစ်တော့ဘူးရယ်လို့တော့ အကြောင်းမပြပါနဲ့ မိုးသက်ရေ.... ဘလော့ရွာလေးကို အမြဲသတိတရရှိတယ်ဆိုရင်ဖြင့် ဘလော့လေးကို အသက်ဆက်ပြီး ရှင်သန်ခွင့်ပေးလိုက်ပါ...ဘွားကနဲ ပြန်ပေါ်လာမယ့်နေ့ကိုစောင့်မျှော်ရင်း...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  7. အေးလေ မြန်မာပြည်ရောက်လဲ ပို့စ်တွေတင်နိုင်ပါတယ်အေ အကြောင်းတော့မပြနဲ့နော် မောင်မိုးသက်... အိန်ဂျယ်ကိုမမေ့ဘူးဆိုလို့ ကျေးဇူးတင်စကားလာပြောရင်း ပြန်ခါနီးဝမ်းနည်းသလိုလို အင့်ရွှတ်...လာငိုသွားတယ် ဟင့်...။

    ReplyDelete
  8. နွေးထွေးတဲ့ မေတ္တာရိပ်မြုံလေးကို ခပ်ဝေးဝေးကနေ လှမ်းမြင်လိုက်ရသလို ခံစားရတယ် ကမိုးသက်ရေ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List