Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Saturday, August 30, 2014
ဘလော့ဒေး နှုတ်ဆက်စာ (သို့) I ♥ Blogging
            ဘလော့ဒေး အမှတ်တရတဲ့..။ ရေးသူအများစုက မိမိတို့ ဘလော့ဂါဘဝ ဖြတ်သန်းပုံ အကြောင်းတွေ ရေးကြ၊ သားကြသည်.။ ငမိုးမှာတော့ ရေးချင်သားချင်သော်လည်း သွားကိုက်နေသည်.။ ဖြစ်ပုံက မြန်မာနိုင်ငံမှာကတည်းက သွားဆရာဝန်က အံဆုံးကန့်လန့် ဖြစ်၍ မပေါ့ရန် သေချာ မှာထားသည်.။ မော်စကိုတွင် နေလာသည်မှာလည်း သဘက်ခါဆိုလျှင် ၃ နှစ်ပြည့်ပြီ ဖြစ်သည်။ တစ်ခါမှ ဒုက္ခမပေးဖူးသော သွားက ယခု အခါမှ ထ၍ ဒုက္ခပေးလေသည်..။
            တကယ်တော့ ငမိုးရေးသော ဘလော့ဒေးသည် နှုတ်ဆက်သည့်စာ ဖြစ်သွားနိုင်သည်..။ မကြာမီ ငမိုးလည်း မမြဲသော သင်္ခါရတရားနဲ့အတူ(တလွဲမတွေးပါနဲ့) နေရာမမြဲပဲ ပြည်တော်ပြန်ရတော့မည် မဟုတ်ပါလား..။ (မျက်ရည်မခိုင်သူများ ဆက်ဖတ်ဖို့ စိတ်ကူးရှိလျှင် ပဝါကြိုဆောင်ထားသင့်။) ငမိုးပြည်တော်ပြန် ပြီဆိုကြပါစို့..။ အကြီးကြီး ပြောရလျှင် နိုင်ငံခြား ဆိုတာကြီးမှ မြန်မာနိုင်ငံသို့ ပြန်လာသည်ပေါ့..။ မြန်မာရုပ်ရှင်ကား များထဲမှ အတိုင်းဆိုလျှင် လေယာဉ်ပေါ်မှာ European suit ဆိုတာကြီးနဲ့ မျက်မှန်အနက်ကိုတပ် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လေဆိပ်ပေါက်ဝ တွင်လာရပ်သော မာစီဒီးစ် ကားပေါ်သို့ ပျော်ပျော်ကြီး လိုက်သွားပြီး ကုမ္ပဏီ ထောင်ရုံသာဖြစ်၏..။ သို့သော် ငမိုးတို့ကား ထိုသို့မဟုတ်..။ ကီလို ၃၀ ဝင်အောင် ထိုးသိပ်ထည့်လာသော ခရီးဆောင်အိတ် အကြီးကြီးနှင့် Hand carrier အိပ်ခပ်ကြီးကြီးကို လက်နှစ်ဖက်ကဆွဲ၊ လက်ပ်တော့ထည့်သည့် လွယ်အိတ်က တစ်စောင်းလွယ်ထားသည်နှင့် လမ်းလျှောက်တိုင်း ဒူးကို လာလာတိုက်၊ ကင်မရာအိတ်ကလည်း ဘယ်ဖက်မှာ တွဲလိုတွဲလောင်းနှင့် အတော်ဗြုတ်စဗျင်းတောင်း နိုင်သော ခရီးဖြစ်ပေလိမ့်မည်..။ တစ်ခါ ဒီက ဆောင်းဝင်ခါစ မပူမအေး အနေတော်ကလေးနှင့် ပြန်သွားပြီး ရွှေတိဂုံမြေအရောင် တစ်ကိုယ်လုံး ချွေးများရွှဲနေမည် ကိုလည်း ခံစားမိသေးသည်.။ တစ်ခါ ရှေ့မှ စီနီယာများ ပြောကြားချက်အရ
“မင်းတို့ကို တပ်က FAW ကားကြီးနဲ့ လာကြိုမှာ.. ငါတို့တုန်းကလည်း ဒီလိုပဲ.. အေး ဘေးဘောင်တွေများ သံချေးတောင် တက်နေသေး”
ဆိုတာမျိုးကလည်းရှိသေးသည်..။
“လေဆိပ်ထဲမယ် တန်းစီရဦးမှာ ငါ့ညီရ.. ချွေးတစ်လုံးလုံးနဲ့ ဟိုလူသည်လူက ကွက်ကြည့်ကွက်ကြည့် လုပ်သွားသေး ”
ဆိုတာတွေ..။
မည်သို့ပင်ဆိုစေကာမူ ငမိုးမကြာမီ မြန်မာပြည် ပြန်ရတော့မည်ဖြစ်ပါသည်..။ ချူချာတို့ပြည်တွင် ၃ နှစ် တာကာလပတ်လုံး မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးလုပ်လာရင်း တကယ်ပင် အမျိုးအရင်းအချာတွေလို ရင်းနှီး မိသည့် သံယောဇဉ်များက အမြတ်ပင်..။ တစ်လ ၂ ခါလောက် သားတော်မောင်ကို Internet ကနေ လာကြည့်သည့် အမေတောင် ငမိုးပြလွန်းလို့ ဘလော့ဂါတွေကို သိနေပြီ..။
“ဟဲ.. အဲ့ဒါ ကန်ဒီခိုင်လား… ပိုချောလာတယ်နော်…” “ဟယ်… ငါ့ကို ဒေါ်ကျူတီချက်တဲ့ ဟင်းလေးတွေ ပြပါဦး ချက်ကြည့်ရအောင်”  စသည်ဖြင့် တော်တော်များများကို နာမည်နှင့်လူ တွဲမိနေလေပြီ..။
ငမိုး ဘလော့ဂါဘဝကို စကတည်းက ဒီလူ၊ ဒီလူတွေဆိုတာ တကယ့် အမျိုးများဖြစ်သည်..။ အန်တီတင့်၊ အစ်မဂျက်၊ ချောကလတ်ကျူးပစ်လေး၊ အစ်မမဒမ်ကိုး၊ အစ်မကန်ဒီ၊ မိစံ၊ မပစ်၊ အစ်မမြတ်ကြည်၊ ကိုလွင်ပြင်၊ ဦးအိကု၊ ကိုရင်၊ မျှစ်၊ ဦးဟန်ကြည်၊ သူကြီးမင်း၊ ကိုမင်းဧရာ၊ မစနိုး၊ အစ်မသူသူ၊ လက်ဝဲ၊ မကွန်၊ အစ်မ မိုးငွေ့၊ ကိုအလင်းသစ်၊ ကိုမောင်တစ်လုံး၊ ကိုမောင်နှစ်လုံး၊ အစ်မ မိုးညချမ်း စသည်ဖြင့် ဒီလူတွေကပဲ ကိုယ့်ကို အားပေး နှစ်သိမ့်လာတာဖြစ်သည်၊ ဖေးမ ကူညီလာကြတာဖြစ်သည်..။
ကံဆိုးတာက ခေတ်ပြောင်းသွားတာဖြစ်သည်..။ ငမိုးတို့က ဘလော့ခေတ်မှာ နောက်ဆုံးမျိုးဆက် ဖြစ်ခဲ့ပြီလား ဆိုတာလည်းကောင်းကောင်း မတွေးတတ်.။ သေချာတာကတော့ လက်ဝဲရေးသည့် ပို့စ်ထဲကလို ဘလော့ဆိုတာ လူသူအရောက်အပေါက်နည်းသည့် တောကြီးမျက်မည်းအရပ် ဖြစ်နေပြီလား ဟုပင်တွေးမိသည်။ အခြားသူကိုမေးစရာလို အဖြေကို ကိုယ်တိုင်သိပြီး ဖြစ်သည်…။ ပိုမို Response မြန်သော၊ Facebook ပေါ်မှာ  Emotions အားသန်သော ငမိုးတို့ ပျော်မွေ့နေသည်မှာ ထူးဆန်းသော အရာမဟုတ်၊ တစ်ကြောင်းရေး၊ နှစ်ကြောင်း ရေး ဆိုသည့် “Status” ဆိုသည့် အဓိပ္ပာယ်နှင့် ဘာမှ မသက်ဆိုင်သော စာတိုများနှင့် ပျော်မွေ့နေသည်မှာလည်း ထူးဆန်းသောကိစ္စ မဟုတ်ပေ…။
            နောက်ပိုင်းမှာ သူကြီးမင်းတို့၊ တီတင့်တို့ ဦးဆောင်ပြီး ရေးဟယ်၊ ချွတ်ဟယ် လုပ်တော့မှ ဘလော့လေး လူပြန်စည်လာခြင်းဖြစ်သည်..။ ဒါတောင် ယခင်က Comments ၂၀၊ ၃၀ သမားက လေးငါးခြောက်ခုနှင့် တင်းတိမ် သွားကြရတာ များသည်.။ ယခင်က ၁၀၊ ၁၅ သမားများကတော့ ယခုအခါ နပ်မမှန်ချင်တော့..။ အရင် ရေးဖူးသော ကျုပ်တို့အသိုင်းအဝိုင်း ဆိုသည့် ကဗျာလေး အတိုင်းမူ ကွန်မန့်ဟူသည် ဘလော့ဂါ အတွက် စာမူခ သာ ဖြစ်သည်..။ စာမူခ နည်းလာသောအခါ စာရေးရန် စိတ်မပါကြတော့..။
            ဒီအချိန်အတောအတွင်းမှာ အစ်မကန်ဒီ၊ သူကြီးမင်း၊ အစ်မ မိုးငွေ့၊ အန်တီတင့်တို့ကတော့ လေးစားစရာ ဖြစ်သည်..။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ပို့စ်တော့ ပုံမှန်တင်ကြသည်..။ လောကကြီးမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ မိမိအလုပ်ကိုသာ အာရုံထားသူသည် အောင်မြင်သူ ဖြစ်သည်..။ ဘလော့လောကထဲမှာ ငမိုးတစ်ယောက် မအောင်မြင်သည်မှာ ထိုသို့အကြောင်းများကြောင့်ဖြစ်သည်.။ သို့သော် အထက်ပါ အောင်မြင်သူများ မိမိ ပတ်ဝန်းကျင်မှာ ရှိပါလျက်နှင့် မိမိ ကျန်ခဲ့သည်ကို တွေးမိသောအခါ ရင်ထုမနာ ဖြစ်ရတော့သည်..။
            တကယ်တော့ မကြာခဏတွေးမိသည်မှာ ငမိုးအနေဖြင့် ဒီလူများကို သတိရနေမည် ဆိုတာသာ ဖြစ်သည်..။ ကိုယ့်ကိုယ်ကိုယ် သွေးကြောင်နေတာလားဟု မေးမိတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန် ကျိန်ဆဲမိသည်..။ မင်း စစ်သားမဟုတ်ဘူးလား ဆိုသည့်စကားက ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည့် စကားဖြစ်လေသည်.။ အွန်လိုင်း မရှိတဲ့ အရပ်ရောက်သွားတော့ရော ဘာဖြစ်ပါသနည်း..။ တကယ်တော့ ဘာမှ မဖြစ်ပါ..။ လက်ရှိ အသက် ၂၅ တွင် အသက် ၂၀ လောက်က Offline ဘဝနှင့် နေလာသည်မဟုတ်ပါလား..။ တရားသဘောအရ ကြည့်ရင် အားလုံးက ဧည့်သည်တွေချည်း ဖြစ်လေသည်..။ အားလုံးက သင်္ခါရတွေချည်းသာ ဖြစ်လေသည်.။ သို့ရာတွင် ပါရမီ မရင့်သော ငမိုးသည် ဘလော့ဂါဘဝဟူသော သင်္ခါရလေးကိုမူ နှောင်ဖွဲ့တွယ်တာမိနေလေသည်.။
            ဤစာကိုရေးနေချိန်တွင် ငမိုးစိတ်၌ ဘာကိုပြောလိုသည် ထုတ်ပြော၍ မရ..။ သို့ရာတွင် ရင်အတွင်း၍ ပြောစရာ အပြည့်ရှိလေသည်..။ သို့သော် တစ်လုံးတစ်ပါဒမှ ထွက်မလာ။ နောင်တစ်ချိန်တွင် ငမိုး အချိန်ရသည့်အခါတိုင်း အင်တာနက် လိုင်းမိသည့်အခါတိုင်း ကိုယ်တိုင် ပြုပြင်သုံးစွဲခဲ့သော Blog Template လေးကို ပြန်ကြည့်မိပေမည်။ ယခင်က အမှတ်တရများစွာရှိသော ဘလော့ပို့စ်တို့ကို ပြန်ဖတ်မိချေမည်..။ ချစ်ဖို့ကောင်းစွသော အလေ့အထ ဖြစ်သည့် တဂ်ပို့စ်လေးများကို ပြန်ဖတ်ရင်း သက်ပြင်းချမိပေမည်.။ ငမိုး အိမ်ထောင်ရက်သား ကျသော အခါတွင်မူ ငမိုး၏ ချစ်စွာသော သားငယ်၊ သမီးငယ်တို့ကို “အဖေရုရှားမှာ ရှိတုန်းက ဘလော့တွေရေးခဲ့တယ်ကွ အဲဒီတုန်းက …” ဟု အစချီ၍ တစ်ချိန်က မိမိတို့အသံများဖြင့် စည်ကားသိုက်မြိုက်ခဲ့သော ဘလော့ရွာကြီးအကြောင်း ဆွေးဆွေးမြည့်မြည့်ဖြင့် စမြုံ့ပြန်မိပေမည်…။
တကယ်တော့ အားလုံးကို နှုတ်မဆက်ပဲ တိတ်တိတ်ကလေး ပြန်ထွက်သွားမည်ဟု ရည်ရွယ်ထားခြင်း ဖြစ်သည်.။ မိမိနှင့် ညီအစ်ကိုလိုနေသော ကိုအလင်းသစ်တို့ကတော့ သိကြမည်ဖြစ်သည်.။ ဘာပဲပြောပြော ယနေ့တီတင့် ကျေးဇူးဖြင့် ရေးဖြစ်သွားသော ဘလော့ပို့စ်သည် အားလုံးကို နှုတ်ဆက်သော ပို့စ် ဖြစ်ချင် ဖြစ်လာပါလိမ့်မည်..။ ဘဝ နှင့် ဆန္ဒ ထပ်တူမကျခြင်းကြောင့်ဘလော့ရွာမှ လက်ပြနှုတ်ဆက်သူနှင့် ဘလော့ရွာတွင်မိမိသဘောအတိုင်း ကျန်နေခွင့်ရှိသူ ကျန်ခဲ့သူနှင့် ချန်ခဲ့သူ မည်သူ ပိုလွမ်းသနည်းပြိုင်ကြစတမ်း ဆိုပါလျှင်….။
တော်လို့မဟုတ် ၊ ပျော်လို့မဟုတ်
တတ်လို့ မဟုတ် ၊ ငတ်လို့မဟုတ်.
ဝါသနာတစ်ခုကိုထမ်းပိုးထားတဲ့
လူတန်းစေ့ ဦးနှောက်ပိုင်ရှင်များရယ်ပါ...။
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ..
အယ်ဒီတာမရှိ ၊ ကော်ပီကြမ်းမရှိ
လေထန်ကုန်းမရှိ ၊ စာမူခမရှိ
စာဖတ်သူက အယ်ဒီတာ..
Comment ဆိုတာ စာမူခ..
ကြော်ငြာဆိုတာမရှိ..
မော်ဒယ် ဆိုတာ နတ္တိ..
ကိုယ်တိုင်တွေး
ကိုယ်တိုင်ရေး
ကိုယ်တိုင်ရွေး
ကိုယ်တိုင် တည်းဖြတ်
ကိုယ်ပဲဓါတ်ပုံဆရာ
ကိုယ်ပဲ မော်ဒယ်
ကိုယ်ပဲ သတင်းထောက်
ကိုယ့်ကိုယ်ကိုယ်ပြန်အင်တာဗျူး...။
ဒါပေမယ့် 
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ
အချင်းချင်းဖေးမ...
ညီအစ်ကိုမောင်နှမတွေလို..
သူပျော်ရင်ကိုယ်ပျော်.
ကိုယ်ဝမ်းနည်းရင် သူစိတ်မကောင်း..
သက္ကရာဇ်တွေဟောင်းခဲ့ကြတယ်...
ဒီလစာမူမပါလို့ ၀မ်းမနည်းရဘူး..
မဂ္ဂဇင်းတိုက်သွားဖို့ လမ်းစရိတ်မကုန်ရဘူး..
တစ်နယ်တစ်ကျေးကိုရောက်နေသူတွေတောင်..
အိတ်ထဲက ပိုက်ဆံ ကုန်သွားလို့ဝမ်းမနည်းဘူး..
C Box က နှုတ်ဆက်စကားတွေနဲ့ ပြုံးပျော်လို့ရသေးတယ်..
ကျုပ်တို့ မှာ အသွေးအသားရှိတယ်
စံချိန်မှီ ရင်ခုန်သံတွေရှိတယ်..
အဆင့်မီ.ခံစားချက်တွေရှိတယ်..
အနုပညာ ဆိုတာ ...
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာလည်း 
ပြည့်ပြည့်၀၀မြင်ရမယ်...။
ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ
ကျုပ်တို့က 
ကမ္ဘာ့ရွာမောင်နှမတွေ...
စာပေနယ်က ခွဲထွက်လာသူတွေ..
ပေမီဒေါက်မီ ခံစားတတ်သူတွေ..
ကမ္ဘာ့ဂေဟ စနစ်မှာမပါဝင်တဲ့
ပီတိစားသတ္တ၀ါတွေပေါ့...
အဲဒါ...
ကျုပ်တို့ အသိုင်းအ၀ိုင်း...။
~မိုးသက်ဦးလွင်~
၃၀-၈-၂၀၁၄
(စနေနေ့)
ရေးသားသူ : မိုးသက် // 6:53 AM
အမျိုးအစား:
19 comments:
  1. ဟုတ်ပါ့။ ပီတိလေး စားရဖို့ အခန်းအောင်းသူကြီး ဖြစ်မှန်း မသိဖြစ်သွားတယ်။ အပြင် ထွက်ချင်လည်ချင်စိတ်တောင် ပြန်လည်မွေးမြူရဦးမယ်။
    ReplyDelete
    Replies
    1. ကံမကုန်တဲ့အခါ ဘွားကနဲ ပြန်ပေါ်လာမှာပေါ့ သူကြီးမင်း :D
      Delete
  2. မိုးသက်ရေ စာရေးမယ်ဆိုရင်စိတ်ကူးမလွှဲနဲ့ ရှိတယ်နော် တကယ်ပြောနေတာ နောက်တာဟုတ်ဘူး--------------
    တော်လို့မဟုတ် ၊ ပျော်လို့မဟုတ်
    တတ်လို့ မဟုတ် ၊ ငတ်လို့မဟုတ်.
    လူတန်းစေ့ ဦးနှောက်ပိုင်ရှင်များရယ်ပါ...စဆုံးထိကြိုက်တယ်...
    ReplyDelete
    Replies
    1. ဟုတ်ကဲ့အစ်မ မြန်မာပြည်ရောက်ရင် ရတဲ့နေရာမှာ ရေးနေဦးမှာပါ
      Delete
  3. စာတွေ ဆက်တိုက်ပဲရေးဖြစ်ဖြစ် ကျဲသွားသည်ပဲဖြစ်ဖြစ် ဒီ blogger မောင်နှမတွေရဲ့ ပုံရိပ်နဲ့ နာမည်တွေက ဦးနှောက်နဲ့ နှလုံးသားထဲမှာ သံမှိုရိုက်ထားပြီးသား … :)
    ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ..
    အယ်ဒီတာမရှိ ၊ ကော်ပီကြမ်းမရှိ
    လေထန်ကုန်းမရှိ ၊ စာမူခမရှိ
    စာဖတ်သူက အယ်ဒီတာ..
    Comment ဆိုတာ စာမူခ..
    ကြော်ငြာဆိုတာမရှိ..
    မော်ဒယ် ဆိုတာ နတ္တိ..
    ကိုယ်တိုင်တွေး
    ကိုယ်တိုင်ရေး
    ကိုယ်တိုင်ရွေး
    ကိုယ်တိုင် တည်းဖြတ်
    ကိုယ်ပဲဓါတ်ပုံဆရာ
    ကိုယ်ပဲ မော်ဒယ်
    ကိုယ်ပဲ သတင်းထောက်
    ကိုယ့်ကိုယ်ကိုယ်ပြန်အင်တာဗျူး...။
    ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ
    အချင်းချင်းဖေးမ...
    ညီအစ်ကိုမောင်နှမတွေလို..
    သူပျော်ရင်ကိုယ်ပျော်.
    ကိုယ်ဝမ်းနည်းရင် သူစိတ်မကောင်း..
    သက္ကရာဇ်တွေဟောင်းခဲ့ကြတယ်... (y)
    ReplyDelete
    Replies
    1. ဟုတ်တယ်အစ်မရေ. တကယ့်မောင်နှမအရင်းတွေလိုပါပဲ...
      Delete
  4. မိုးသက်ရေ.. မြန်မာပြည်ရောက်လဲ အဆင်ပြေတဲ့အခါ တစ်ပုဒ်စ နှစ်ပုဒ်စ တင်လို့ရပါတယ်။ ဘလော့လေးကို အမြဲထာဝရ ရှင်သန်ခွင့်ပေးလိုက်ပါလား။ တီတင့်ဆိုရင် အံဆုံးလေးချောင်းလုံး ကန့်လန့်ဖြစ်နေလို့ အသက် ၂၄နှစ်တုန်းက ခွဲပြီးထုတ်လိုက်ရတယ်။ ဆရာဝန်ကပြောတယ် လူပျင်းပုံများ အံဆုံးတောင် ပက်လက်နေတယ်တဲ့ ဟာဟ။ အခုတော့ ဘလော့ရွာကြီးဟာ လူသူအရောက်အပေါက်နည်းတဲ့ တောနက်ကြီးနီးပါးဖြစ်နေတာတော့ အမှန်ပဲ။ ပြည့်ပြည့်စုံစုံလေး ဘလော့ဂါတို့ရဲ့ ခံယူချက် ရပ်တည်ချက်လေးတွေ ရေးသွားတဲ့အတွက် ကျေးဇူးပါ မိုးသက်ရေ.. တစ်ခုတော့ ပြောပါရစေ ဘလော့ဂါတွေနှုတ်ဆက်တာကို လက်မခံနိုင်တာမို့ ခွင့်ပြုပါ ခွင့်လွှတ်ပါနော်
    ReplyDelete
    Replies
    1. ဟီးဟီး ဟုတ်ပါပြီတီတင့်ခင်ဗျ အဆင်ပြေတဲ့အခါတိုင်း ရေးနေဦးမှာပါ...
      Delete
  5. ရွှေပြည်ကြီးကိုလည်း ကိန်းသေမမှတ်ပါနဲ့ မောင်မိုးရယ်...နောက်များဆိုရင် တို့များဆီမှာလည်း အင်တာပျက်တွေဘာတွေ လိုင်းကောင်းလာမှာပါ...လောလောဆယ်အနေအထားကတော့ အောက်တော်ကလည်းသုတ်ရင်း အထက်တော်ကလည်းယိုရင်းဆိုတော့ ခပ်ဖုံးဖုံးကလေးပဲ ကြွတော်မူနေရရှာသကိုး...
    ဦးဟန်ကြည်ကတော့ ကိုယ့်ဘလော့ကို တစ်ခုလုံး ဒေါင်းယူထားလိုက်တယ်...အေးရော ကိုယ်တပင်တပန်းရေးထားတဲ့စာလေးတွေ သူများမဖတ်ချင်နေ ကိုယ့်ဘာသာကိုယ်တော့ ဖတ်ရမှာပဲ...ကိုယ်ပဲသိတဲ့ ကိုယ့်ရတနာလေးတွေကိုး...
    ReplyDelete
    Replies
    1. ဟားဟား ဟုတ်ပ ဦးဟန်ကြည်ရေ ဘလော့ကိုတော့ ဖျက်မပစ်ပါဘူး..။ အဆင်သင့်တဲ့အခါတိုင်း ရေးဖြစ်နေဦးမှာပါ
      Delete
  6. အပေါ်က ဘာဖောင့်နဲ့ရေးထားတာလဲဗျိုးးးးး ဖတ်လို့မရဝူးးးးးး။ ဖတ်ချင်လို့ပါ......ပြင်လို့ရရင်ပြင်ပေးပါအုံနော်........။
    ReplyDelete
    Replies
    1. ဇော်ဂျီနဲ့ပဲ ရေးထားတာပါခင်ဗျာ..။ တစ်ခြား Browser နဲ့ ကြိုးစားကြည့်ပါဦး အဆင်ပြေကောင်းပါရဲ့...
      Delete
  7. Replies
    1. :D အစ်မလည်း ပျောက်နေတာကြာပြီ..
      Delete
    2. ပျောက်ဆို မောင်လေး အာဒမ်နဲ့ ပတ်သက်၍ ဆောင်းပါးလေးတွေ မောင်လေး facebook ဝေါမှာ ရှယ်ကတည်းကပဲ။ ချစ်ချစ်က မောင်လေးတင်တာ တွေ့ပြီး " လူရွေးမမှားစေဖို့" ဆောင်းပါး တမင်တင်ပြီး သူ့ကို ပုတ်ခတ်ပါတယ်ဆိုပြီး ရစ်လွန်းလို့ ဘလော့ပါ ဖျက်လိုက်ရတယ်။ အဲလို။ ဒါကြောင့် မောင်လေး လက်စွပ်အကြောင်း လာမေးတာ စကားတောင်ပြန်ပြောလို့မရဘူး။ Facebook password ကိုလည်း သူကသိနေတယ်။ အဲလို မောင်လေးရေ။ နောက်တော့လည်း ဘလော့ကို ဝါသနာက မဖျက်နိုင်ဘူး။ အဲဒီတော့ ပြန်ဖွင့်၊ သူမသိအောင် ပြန်ရေးတာပါပဲ။ အဆက်အသွယ် တော်တော်ပြတ်သွားတာမို့ အရင်တုန်းကလောက်တော့ ဖတ်တဲ့သူ မများတော့ဘူး။
      Delete
  8. BPP-Challenge လုပ်ထားတယ်။ ထွက်ပြေးမယ်မကြံနဲ့ ကမိုးသက်။း)
    ReplyDelete
    Replies
    1. ပြေးပါဘူး သူကြီးမင်းရယ်.. စာမေးပွဲပြီးရင် ရေးမှာပါ :D
      Delete
  9. ဒီအသိုင်းအ၀ိုင်းလေးကတော့ ဘယ်အချိန်ဖြစ်ဖြစ်နွေးထွေးပါတယ်..။
    ReplyDelete
  10. စာမူခ ဖြစ်မဖြစ်တော့မသိဘူး
    လာဖတ်သွားတယ်ရှင်
    ReplyDelete
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......
My Blog List