Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, September 9, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း(၂)

          Land Rover ကားကလေးသည် ကွန်ကရစ်လမ်းမပေါ် ပြေးလွှားနေပါသည်..။ ထိုလမ်းကိုပန်းခင်းလမ်း ဟု ခေါ် ကြောင်း ကျွန်တော့် အဒေါ်၏ အမျိုးသား ဗိုလ်မှူးက ပြောပြသည်..။
            “ဒါကတော့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ပေါ့ကွာ… နောက် မင်းတပ်မှာအနေကြာသွားတဲ့အခါ တပ်ရင်းမှူးဆီ သတင်းပို့ပြီး တို့ဆီ ညအိပ်ညနေ လာလည်ပေါ့…”
            “ ဟုတ်ကဲ့ခင်ဗျာ”
            နေပြည်တော်ရဲ့ ကားလမ်းမကြီးက တကယ်ပင် အကျယ်ကြီးတွေဖြစ်သည်။ ရာသီဥတုကတော့ အတော် ပင်ပူသည်။ မိမိကကားဖြင့်သွားနေသော်လည်း နေပူစပ်ခါးမရှောင် ထမ်းပိုးနေသည့် ဘဝတွေကို မြင်ရတော့ စိတ်ထဲက တစ်မျိုးတစ်မည် ဖြစ်မိသည်..။ မိမိမှာ ဝန်ထမ်းသားသမီး ဖြစ်ပါလျက် မကောင်းမြစ်ထာ၊ ကောင်းရာ ညွှန်လတ်၍ အတတ်သင်စေခဲ့သည့် မိဘများ၊ သင့်ရာအပ်ပို့ ခဲ့သည့် ဆရာများကြောင့် မိမိဂုဏ်ယူနိုင်သော တိုင်းပြည်ဝန်ထမ်းတစ်ဦး ဖြစ်နေသည်ကို သတိရသည်…။ မိမိ ပထမဆုံးကြုံရမည့် တပ်နှင့်ပတ်သတ်၍ စဉ်းစားမိတော့ နည်းနည်းတော့ စိုးရိမ်မိနေသေးသည်..။ ဘာပဲဖြစ်ဖြစ်လေ… ငါအကောင်းဆုံးကြိုးစားပြီး အဆင်ပြေမှာပါ..။
            “ ဒါက အင်းဝဘဏ်.. မင်းတို့ လခ ထုတ်ရင် ဒီမှာ ထုတ်ရမယ်.. ဒါနဲ့ ချက်စာအုပ်က အိမ်ကိုပေးထားခဲ့ တာလား”
            “မပေးခဲ့ဘူးခင်ဗျာ ကျွန်တော် ယူလာပါတယ်…”
            “အေး… အသောက်အစား၊ အပျော်အပါးရှောင်ပေါ့ညီလေးရာ… တပ်မှာ ဖြစ်သမျှ ဖြစ်စဉ်တွေရဲ့ ၉၀ ရာနှုန်းက အရက်ကြောင့်ကွ …”
            “ဟုတ်ကဲ့ခင်ဗျ…”
            “တောင်ညိုထိတော့ ငါတို့မပို့တော့ဘူးကွာ… မင်းကို တောင်ညိုကားပေါ်တင်ပေးလိမ့်မယ်… အဲဒီမှာ မင်းတို့ တပ်က လုံခြုံရေး ဂိတ်က လမ်းပေါ်တင် ရှိပါတယ်…”
            “ဟုတ်ကဲ့ ဗိုလ်မှူးခင်ဗျာ ရပါတယ်..”
            ပျဉ်းမနား ဈေးဖက်ကို ကွေ့ဝင်လိုက်သည်..။ ပျဉ်းမနားဈေးက အတော်ပင်စည်ကားသည်..။ ရာသီဥတု ပူပူထဲက ဘဝတွေ ထပ်တွေ့ရပြန်သည်..။
            ရွှေမြို့တော် ဟု ရေးထားသော Lite Ace ပစ်ကပ်ကားတွေတွေ့သည်..။ တောင်ညို ဟု ရေးထားသည်..။ ကားပေါ်က မိမိသံသေတ္တာကို ကားသမားနှင့် တောင်ညိုကားက ဆရာ အတူမတင်ကြသည်..။
            “ဗိုလ်ကြီးသေတ္တာကြီးက လေးလှချည်လား.. အတော်မ ယူရတယ်..”
            ကားဆရာက မချိုမချဉ် ဆိုတော့ ဘူတာက အထမ်းသမားကြီးကို သတိရမိပြန်သည်…။ ကျွန်တော့်ကို လိုက်ပို့သည့် အဒေါ်တို့ လင်မယားလည်း ပြန်သွားသည်…။ ခေါင်းခန်းမှာ နေရာရသည် ဆိုတော့ ရှေ့မှန်ကို ဖြတ်၍ နေစူးနေသော မျက်နှာကို အုပ်၍ ပူစပ်ပူလောင် ထိုင်နေရသည်…။
            “ကျော်လင်းရေ ဒီမှာ ရှေ့မှန်ကို တာလပတ်စလေး ခဏ အုပ်ထားပေးဦး.. ရှေ့ခေါင်းခန်းထဲက ဗိုလ်ကြီး နေပူမစိုးလို့….”
“ရပါတယ်ဗျာ ထားလိုက်ပါ…၊ ဒါနဲ့ တာလပတ်စ အုပ်ဦးမယ်ဆိုတော့ ခင်ဗျားတို့ကားက ကြာဦးမှာလား…”
“ကြာတော့ မကြာပါဘူး.. မိနစ် နှစ်ဆယ်လောက်ပေါ့.. ဗိုလ်ကြီး .. ဟိုဟိုသည်သည် ဈေးခဏ ပတ်ချင်လည်း ပတ်ပေါ့… နောက်မိနစ်နှစ်ဆယ်လောက်မှ ပြန်လာခဲ့ပေါ့ဗျာ… ဒီမှာ ထိုင်နေရတာ နေပူပါတယ်”
သို့နှင့် ပျဉ်းမနားဈေးထဲ ဟိုဟိုသည်သည်ပတ်ပြီး Mp4 player လေးတစ်ခု ဝယ်ဖြစ်ခဲ့သည်.။ ကျန်တာတော့ ဘာမှ မဝယ်ဖြစ်..။ ဈေးတစ်ပတ်ပတ်ပြီး ကားပေါ်တက် ကားစထွက်နှင့် ခရီးဆက် ဖြစ်ခဲ့ပြန်လေသည်.။
            တောင်ညိုလမ်းတစ်လျှောက်လုံး မိမိစကားမပြောဖြစ်၊ အီလက်ထရွန်းနစ်ဆိုင်က မေတ္တာလက်ဆောင် သွင်းပေးလိုက်သော သီချင်းများနားထောင်ရင်းပင် လိုက်ပါလာသည်..။ လမ်းတစ်လျှောက် ဟိုငေးသည်ငေးဖြင့်..။ “ရှု မဆုံးတော့သည်.. စိမ်းလဲ့လဲ့သစ်ပင်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြည်လွင်” ဆိုသည့် သီချင်းကို စိတ်တွင်းမှာ သတိရသည်..။ ချက်ချင်းပင်မိမိအတွေးကို ဘရိတ်ပြန်အုပ်သည်..။ သည်အရပ်က လယ်ကွင်းတွေက တမျှော်တခေါ် စိုက်ကြသည်မဟုတ်..။ လယ်ကွင်းတွေကိုလည်း အနည်းအပါးသာတွေ့ရသည်..။ ဖုန်ကတော့ အတော်ပင်ထူသည်..။ ကျွဲရှင်းရွာဆိုသည့် ဆိုင်းဘုတ်မှစ၍ ကားပြတင်းမှန်ကို ပိတ်လိုက်ရသည်..။
            “ဖုန်ကတော့ လွှတ်ပေါတယ် ဗိုလ်ကြီးရေ…”
            ကားဆရာက မမေးပါပဲလျက် အားနာဟန်ဖြင့်ဆိုသည်..။ “လွှတ်” ဆိုသည့်စကားမှာ အင်မတန်၊ အဆမတန်၊ အလွန် စသည့် ဒေသန္တရစကားဖြစ်သည်..။ ဒီအရပ်မှာက မျှစ်ချဉ်ကို မျှစ်ရှင် ဟု ခေါ်ကြသည့်အရပ် ပေကိုး..။
            မအူလေးပင်၊ မရမ်းခုံ စတာတွေ ကျော်လာပြီးမှ တောင်ညိုကို ရောက်သည်..။ တောင်ညိုကိုရောက်တော့ ညနေ စောင်းနေပြီ..။
            “ဗိုလ်ကြီး ဒါဗိုလ်ကြီးတို့ တပ်က ဂိတ်ပဲ…”
            ကားဆရာက ကားကို ဂိတ်နားလမ်းဘေးမှာ ကပ်ချပြီး ဆိုသည်..။
            “ဆရာကြီး ဒီမှာ ဆရာကြီးတို့ တပ်က ဗိုလ်ကြီး အသစ်တစ်ယောက်ပါတယ်…”
            ဂိတ်တဲထဲက စွပ်ကြယ်နှင့် တစ်ယောက် သေတ္တာကိုလာမသည်..။
            “ဆရာကြီး သေတ္တာကို..ဂိတ်ထဲသာထည့်ထားလိုက်တော့ဗျာ”
            “အာ.. ဗိုလ်ကြီး ကျနော်က ဆရာကြီး မဟုတ်ဘူး. တပည့်ပါ… ”
            စစ်တက္ကသိုလ်မှာရှိစဉ်အခါက အခြားအဆင့်မှန်သမျှကို ဆရာကြီးဟုသာ ခေါ်ခဲ့ဖူးသည်..။ စစ်တက္ကသိုလ်က စစ်သည် အသိုင်းအဝိုင်းအများစုက လူကဆရာကြီး မဟုတ်လျှင်ပင် မိမိဖာသာဆရာကြီးတွေ မဟုတ်လား။ သည်တော့ ကျွန်တော် လွဲမှားသည်မှာ ထူးတော့ မထူးဆန်း..။
            ဂိတ်တဲထဲမှာ ရှပ်အင်္ကျီအဖြူနှင့် ရူပါသန့်သန့် အရာရှိတစ်ဦးက ကြိုဆိုသည်..။
“အေး ညီလေး ထိုင်ကွာ.. ကိုယ်တို့တုန်းကလည်း အမှတ်(----)လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း ကြီးကို ခုလိုပဲ ပေကြောင်ပေကြောင်နဲ့ ရောက်လာခဲ့တာပေါ့ကွာ… ခဏနေ တပ်က လာကြိုလိမ့်မယ် ကိုယ် ဖုန်းဆက်ထားတယ်…”
            သူဘယ်အပတ်စဉ်ကလည်းတော့ ဗိုလ်လောင်းဘဝ စစ်တက္ကသိုလ် အမေ့ဝမ်းမှ ကျွတ်ခါစ ဝက်စ်မိ နေသေး ၍ မမေးရဲသေးပါ..။ ပြောပုံဆိုပုံအရတော့ စီနီယာပိုင်းထဲက တစ်ဦးဟုတော့ သုံးသပ်လိုက်မိသည်..။ (နောင်အခါသိရသည်မှာ ထို အစ်ကိုမှာ ငမိုးတို့ထက် တစ်ပတ်စဉ်သာကြီးသော နောင်တော် ကိုရန်နိုင် ဖြစ်ကြောင်း သိရသည်။ ထိုအခါမှ ပြန်ပြောမိရင် ညီအစ်ကိုတတွေ ရယ်မောရသေးသည်…။)
            ခဏကြာတော့ တပ်ကကားလာကြိုသည်…။ တပ်ပေါ်ရောက်တော့ တပ်မှာ မီးတွေပျက်နေသည်..။
            အရာရှိ ရိပ်သာရှေ့မှာ ကားရပ်ပြီး အထုပ်အပိုးတွေချသည်..။ ကျွန်တော့် အတွက် အစွန်ဆုံးက အခန်းတစ်ခန်းရသည်.။ ပစ္စည်းများချပြီး ရိပ်သာက ထမင်းချက်ရဲဘော်က အိပ်ရာခင်း၊ အခန်းတွင်း သန့်ရှင်းရေး လာလုပ်ပေးသည်..။
            “ရဲဘော်ရှားတော့ Best Man မပေးနိုင်တော့ဘူးဗိုလ်ကြီးရ..။ ဗိုလ်ကြီးတို့ ဗိုလ်ကြီးအသစ် ၅ ယောက်အတွက် ကျွန်တော်က Best man ပဲ.. ဗိုလ်ကြီး ခိုင်းစရာရှိရင် တပည့်ကို ခိုင်းပါ.. ခဏလေး ဗိုလ်ကြီး  ကျွန်တော် ဖယောင်းတိုင် သွားထွန်းလိုက်ဦးမယ်…”
            “ဟုတ်ပြီ.. ဒါနဲ့ မင်းနာမည်ဘယ်သူလဲ…”
            “ကျွန်တော့်နာမည် လွင်ဦးပါ ဗိုလ်ကြီး…”
            “အော် အေးအေး…”
            ကျောင်းဆင်းခါစက ထုတ်ပေးလိုက်သည့် အရာရှိ လက်စွဲစာစောင်မှာ ရဲဘော်များက နာမည်ခေါ်တာကို ကြိုက်သည် ဟု ဖတ်ဖူးမှတ်ဖူးထားသည်…။ အထက်အရာရှိက မိမိနာမည်ကို ဂရုတစိုက်မှတ်သားထားသည်ကို သဘောကျသည့် သဘောပင်ဖြစ်သည်..။
            လောလောလတ်လတ် ခင်းထားသည့် အိပ်ရာပေါ်မှာမှောင်မည်းမည်းနှင့် လှဲနေရင်း ဖယောင်းတိုင် ကိုစောင့်နေမိသည်.။ တစ်ချိန်တည်းမှာပင် မိမိနှင့် စတင်မိတ်ဆက်လာသည့် ပတ်ဝန်းကျင်အသစ်ကို စူးစမ်းနေမိသည်..။ အရာရှိရိပ်သာ မှ တစ်ဖက်သည် ကျွန်းတောကြီး သက်သက်ဖြစ်သည်.။ ပဲခူးရိုးမထိ ဆက်သွားသည်လား ကျွန်တော်မပြောတတ်..။ တောင်တောင်အီအီတွေးနေရင်းမှာပင် ရိပ်သာရှေ့မှာ ဆိုင်ကယ် ရပ်သံကြားလိုက်ရသည်..။
            “ ဟေ့. ဟိုကောင်လေး.. လွင်ဦး.. လာဦး”
            “ဟုတ်ကဲ့ဗိုလ်ကြီး.. ဒီမှာ ဟိုက အသစ်ရောက်လာတဲ့ ဗိုလ်ကြီး အခန်းကို ဖယောင်းတိုင် သွားပို့လိုက် ဦးမယ်.. ”
            “ဒီကောင်တွေက မနက်ဖြန်မှ သတင်းပို့ရမှာမဟုတ်လား.. ရတယ် သွားမပို့နဲ့တော့ ငါသူ့ကို တပ်က သက်သာဆိုင် ခေါ်သွားလိုက်မယ်.. သူ့ကို သွားခေါ်ချေ…”
လွင်ဦး လာခေါ်ချိန်အထိ ကျွန်တော် မစောင့်တော့ပါ..။ အခန်းပြင်သို့ထွက်ပြီး ပေါ်တီကိုဆင်ဝင်အောက် ဆိုင်ကယ်အထိ ထွက်လာခဲ့လိုက်တော့သည်..။
“ ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်တော် ဟိန်းလင်းထွန်းပါ. ၅၂ ကပါခင်ဗျ…”
“ အော် အေးအေး ရိပ်သာမှာ မီးလည်းပျက်နေတယ်.. လာငါနဲ့ သက်သာဆိုင်လိုက်လာခဲ့ ဆိုင်ကယ်ပေါ်တက်… ဟိုရောက်တော့ စကားအေးအေးဆေးဆေး ပြောကြတာပေါ့ကွာ..”
ဆိုင်ကယ်ပေါ်တက်ပြီး ရိပ်သာကထွက်ခဲ့ကြသည်..။ ရုံးနှင့်ရိပ်သာကြား အောင်ဇေယျ ရိပ်သာ ဆိုသည့် အဆောက်အဦးရှေ့မှာ ခဏရပ်သည်…။
“ညွန့်ဝင်း ပြန်ရောက်နေပြီလား မသိဘူး.. ဒီကောင့်ဆိုင်ကယ်ရပ်ထားတာတွေ့တယ်.. ညွန့်ဝင်းရေ.. ညွန့်ဝင်း.. ”
အစွန်ဆုံးအခန်းတံခါးပွင့်သွားပြီး.. စွပ်ကျယ်အဖြူ၊ ယူနီဖောင်းဘောင်းဘီဖြင့် အဝတ်အစားလဲရင်း တန်းလန်း အရာရှိတစ်ဦးထွက်လာသည်..။
“ကျွန်တော် တိုင်းရုံးက အခုမှ ပြန်ရောက်တာ သက်သာဆိုင်သွားမလို့မဟုတ်လား.. အစ်ကိုတို့ သွားနှင့်ကြလေ.. ကျွန်တော် နောက်မှပဲ လိုက်လာခဲ့မယ်…နောက်က ရောက်လာတဲ့ အငယ်လေးလား..”
“အေးဟုတ်တယ်.. ဒါဆို မင်းပြီးမှသာ အေးအေးဆေးဆေးလိုက်လာခဲ့တော့…”
နှစ်ယောက်သား ဆိုင်ကယ်နှင့် ဆက်သွားကြသည်..။ တပ်ပေါက်ဝကို ကျော်ပြီးမှ ဖယောင်းတိုင်မီးတွေ ထွန်းထားသည့် ဆိုင်တစ်ဆိုင်သို့ရောက်သည်..။
“ဟော.. ဗိုလ်ကြီးမင်းထက်တို့ လာပြီ…”
ဆိုင်တွင်းသို့ ဝင်ထိုင်ကြသည်..။ ဆိုင်က ကော်ဖီမစ်နှင့် အအေးလောက်၊ ခေါက်ဆွဲခြောက်လောက်သာ ရမည့် အိမ်ဆိုင်သာသာ ဖြစ်သည်..။ စောစောက ဆိုင်ထဲက အမျိုးသမီးကြီး ရေရွတ်သံအရ မိမိကို ခေါ်လာသူမှာ ကိုမင်းထက် ဖြစ်ရမည်..။
“ကဲ ထိုင်… ဒေါ်ရခိုင်မ ဆေးလိပ်တစ်ပွဲနဲ့ ကော်ဖီ (၂) ခွက် ချ ဗျာ..”
သို့နှင့် မိမိတို့ စကားပြောဖြစ်ကြသည်..။
“ဆိုစမ်းပါဦး မင်းက ဘယ်နယ်ကလဲ…”
“ဟုတ်ကဲ့ အစ်ကိုကြီး ပြင်ဦးလွင်ကပါခင်ဗျ…။ အဖေက စစ်တက္ကသိုလ်ရူပဗေဒဌာနက ဓာတ်ခွဲခန်းမှူး ဒုအရာခံဗိုလ်ပါ..”(ထိုစဉ်က အဖေဒုအရာခံဗိုလ်ကာလဖြစ်သည်)။
“ အေး မင်းတို့တော့ ငါနဲ့ စတွေ့တာပဲ…။ ငါ့နာမည်တော့ သိပြီမဟုတ်လား…”
“ဟုတ်ကဲ့ အစ်ကိုကြီး .. ကိုမင်းထက်ပါ…”
“အေး.. မင်းတို့စစ်သည်တော်ကျင့်ဝတ်တွေ၊ ဆောင်ပုဒ်တွေကျက်ထား.. အထူးသဖြင့် စစ်သည်တော် ကျင့်ဝတ် .. တစ်ခြားသိသင့်တာတွေလည်း ကျက်ထား.. မင်းတို့ ဒုဗိုလ် ၅ ယောက် ဆုံတဲ့အခါ ငါမေးမယ် ကြားလား..”
“ဟုတ်ကဲ့ပါ . အစ်ကိုကြီး..”
“ရရော ရရဲ့လား…”
“ရပါတယ်ခင်ဗျ.. ”
“နံပတ် စဉ်လိုက်ဆိုရင်ရော…”
“နံပတ်တွေရော တွဲပြီးတော့တော့ မကျက်ဖူးဘူးခင်ဗျ..”
“အေး နံပတ်တွေရော ကျက်ထား.. ငါက အားရင် အားသလို တွေ့ရင် တွေ့သလို စာမေးတတ်တယ်..၊ မှတ်ထား .. နောက်ပြီး ငါက နောက်ကျတာမကြိုက်ဘူး၊ ယူနီဖောင်း စုတ်ပြတ်နေအောင် ဝတ်တာ မကြိုက်ဘူး..။ မင်းတို့ အရာရှိ ဖြစ်နေပြီ.. အရာရှိနဲ့ တူအောင်နေ..။ မင်းတို့ ဗိုလ်လောင်းဘဝ ဘယ်လိုပဲ နေခဲ့နေခဲ့.. အရာရှိဖြစ်ပြီး အရာရှိလို မနေရင် ငါနဲ့တွေ့မယ်.. ကြားလား .. ဆိုစမ်းပါဦး.. ရသေးရဲ့လားလို့… စစ်ဝတ်တန်ဆာ ဝတ်ဆင်ရခြင်း၏ အကျိုးကျေးဇူး ဘယ်နှချက်ရှိလဲ.. ”
“ဟုတ်ကဲ့ခင်ဗျ…ဆယ်ချက်ရှိပါတယ်… စည်းဝန်ပွားများ၊ စိတ်မြင့်မားတက်၊ တပ်ဂုဏ်မြှင့်ပြု၊ ညီစည်းမှုရ၊ သပ်နစ်ကျနှင့်၊ တပ်သားအချင်းချင်း၊ မခွဲခြားခြင်းဖြင့်၊ လွယ်စွာလှုပ်ရှား၊ ခေါင်းဆောင်ထား၊ ရာမှတ် ခြင်ယင်ဆူးညှောင့်ခလုတ်ဒဏ်မှ ကာကွယ်ထား၊ စစ်ဝတ်ဝတ်ခြင်း ကျေးဇူးများ ပါ..။ ”
“အေး.. မင်းမဆိုးဘူးကွ… ငါမေးဖူးတဲ့ထဲမှာ အများဆုံးမှန်ဖူးတာ ဆယ်ချက်ဆိုတာပဲ မှန်ဖူးတယ်… အချက်တွေ မပြောပြတတ်ဘူး..”
နောင်တော်က ချီးကျူးတော့ နည်းနည်းတော့ ပီတိဖြစ်မိပါသည်..။ တကယ်တော့ အထက်ပါကဗျာမှာ မိမိ ကိုယ်တိုင် ရေးပြီး ကျက်ထားခြင်းဖြစ်၍ စွဲနေခြင်းသာ ဖြစ်ပါသည်..။
ခဏကြာတော့ ကိုညွန့်ဝင်းရောက်လာပါသည်…။ သူ့က တပ်မတော်နည်းပညာတက္ကသိုလ် အပတ်စဉ် (၉) မှ ဆင်းသူ ဖြစ်သည်.။ လက်ရှိ တပ်ထောက်ဗိုလ်ကြီးတာဝန်ယူထားသူ ဖြစ်ပါသည်..။
“ဟေး.. မီးလာပြီ…”
မီးလာတော့ ဆိုင်ထဲက ကလေးတွေ အော်ကြသည်…။ တီဗွီဖွင့်သူဖွင့်၊ ခုံဆွဲသူဆွဲ… ။ မိမိကတော့ ခုမှ ရောက်သူ ဖြစ်၍ ကော်ဖီကိုသာ ငုံ့သောက်နေမိသည်..။
“ညီလေး… ဆေးလိပ်သောက်တတ်ရင် သောက်…”
“ဟုတ်ကဲ့အစ်ကို…”
ဆေးလိပ်တစ်လိပ်နှိုက်၍ ပါးစပ်မှာတပ်ပြီး မီးညှိသည်..။
“ဆေးလိပ်လည်း သောက်တတ်တာပဲလား..။ အရက်ရော သောက်လား..။ ”
“ဟုတ်ကဲ့ တစ်ခါတစ်လေတော့ ကြုံတဲ့အခါမျိုးမှာ သောက်ပါတယ်.. ကိုယ့်ဖာသာတော့ ရည်ရွယ်ပြီး သောက်လေ့မရှိပါဘူး…”
“မင်းကောင်လေးတွေက ချိုလေးတွေနဲ့ ညွန့်ဝင်းရေ… ကြိတ်ထားမှ တော်ကာကျမယ်…”
စီနီယာက ပြုံးစိစိ ဖြင့် ဆိုသော်လည်း … ကျွန်တော်ကတော့ မချိပြုံးနှင့်ပါ..။ တကယ်တော့ ကျွန်တော် တပ်မှာ ရှိခဲ့သည့် တစ်နှစ်ခွဲခန့် ကာလ အတွင်း အရက်တစ်ခါမှ မသောက်ခဲ့ကြောင်းပါ…။
နောက်ရက် မနက်ကျတော့ ကျွန်တော်တို့ အပတ်စဉ်က သူငယ်ချင်းတစ်ယောက် ထပ်ရောက်လာသည် အောင်ဇေယျက ဆင်းသည့် စည်သူအောင်၊ နောက်တော့ အလျှိုလျှိုထပ်ရောက်လာပြီး လူစုံသွားသည်…။ နောက်ရက် မနက် တပ်မမှူးနှင့်တွေ့ပြီး တပ်မမှူးက စကားပြောသည်…။ နောက်တော့ တပ်ပြန်လာပြီး ကိုယ်စီ တာဝန်များ ခွဲဝေကြသည်..။ စည်သူအောင်က ဗဟိုကင်းနှင့် တပ်ရင်းသာယာလှပရေး၊ ရဲအောင်က လယ်၊ ငြိမ်းဇော်ဦးက ကြက်ခြံ၊ ရဲလွင်မျိုးက ရိပ်သာ၊ ကျွန်တော်က ရုံးနှင့် ကွန်ပျူတာ တာဝန်ခံ..။
တပ်မှာနေရင်း အငြိမ်းမနေ..။ အားနေလျှင် ကျွန်တော် စာဖတ်သည်..။ နေ့ခင်းနေ့လည် ပူအိုက်သော အချိန်တွင် ဘယ်လောက် အိပ်ချင်အိပ်ချင်၊ ဘယ်လောက် အလုပ်ပါးပါး ကျွန်တော် ရိပ်သာမပြန်၊ လက်ဖက်သုတ်တစ်ပွဲ၊ ဆေးလိပ်တစ်ပွဲ၊ ကော်ဖီတစ်ခွက်နှင့် စာဖတ်သည်..။ (LCD မဟုတ်သော ကွန်ပျူတာ Screen မှ စာတွေ လှိမ့်ဖတ်ရင်း မျက်စိမှုန်သထက်မှုန်လာသည်ကို မာစတာတက်ရင်း ဆေးစစ်မှ မိမိ မျက်လုံးအခြေအနေကို သိရတော့သည်) ရုံးကကွန်ပျူတာထဲတွင် မာစတာ တက်နေသော အပတ်စဉ်(၅၀)မှ အစ်ကိုထည့်သွားသည့် ကွန်ပျူတာ စာအုပ်တွေဖတ်သည်..။ ကျောင်းဆင်းခါနီး ကွန်ပျူတာမေဂျာက သူငယ်ချင်း မိုးမင်းဇော် ဆီက တောင်းလာသည့် HTML စာအုပ်ကို အလွတ်နီးနီးရအောင် ဖတ်သည်..။ ကိုယ့်ဖာသာ Offline Website တစ်ခု ရေးကြည့်သည်…။ ရေးနေရင်းမှာပင် ပထမဆုံး သင်တန်း သွားရဖို့ ပေါ်လာသည်..။ ဝိုင်အို ဟုခေါ်ကြသည့် လေကြောင်းရန် ကာကွယ်ရေး Young officer course ဖြစ်သည်..။ သင်တန်းက မိမိတို့ တပ်နှင့် မလှမ်းမကမ်း ..။ ကားနှင့် သွားလျှင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ထက် ပိုမသွားရ..။
သင်တန်းမှာ ပြည်တွင်းဖြစ် ပခုံးထမ်းဒုံးစနစ်ကို စသင်ရသည်..။ အနီအောက်ရောင်ခြည်သုံး အပူလှိုင်း အာရုံခံစနစ်ကို ဖတ်ရတော့ ကျွန်တော် အလွန်စိတ်ဝင်စားသွားသည်..။ လက်ချာစာအုပ်တွေ ရကတည်းက သဘောကျစွာ ဖတ်သည်..။ ဒုံးယာဉ်အချက်အလက်များ၊ ဒုံးပြွန်အချက်အလက်များကား အလွတ်ရနေချေပြီ..။ ကျွန်တော်တို့ တန်းခွဲစာမေးပွဲဖြေတော့ ကျွန်တော်က နံပတ်(၁) ၊ ဒုတိယက ကျွန်တော်တို့ အပတ်စဉ်မှ လေ့ကျင့်ရေးထူးချွန်ဆုရသည့် သူငယ်ချင်း..။ ကျွန်တော်က ထုံးစံအတိုင်း ကဗျာတွေစပ်ပြီး ကျက်သည်..။ ကျွန်တော့်ကဗျာတွေကို နည်းပြ အရာရှိက သဘောကျသဖြင့် တောင်းသွားသည်..။

သင်တန်းကျောင်းမှာ သင်တန်းသားကို နည်းပြများက အလွန်ညှာတာသည်..။ ညီအစ်ကိုတွေလို ဆက်ဆံရေးပင်ဖြစ်သည်..။ တန်းစီလျှင် ပေါ်တီကိုအောက်မှာသာ စီသည်..။ ယမကာအနည်းငယ် သောက်ခွင့်ပြုသည်.။ သက်သာဆိုင်တန်းများမှာ ဝယ်၍ရသည်.. သို့သော် ကျွန်တော် မသောက်။ တကယ်တော့ မကြိုက်၍ မသောက်ခြင်းဖြစ်သည်..။ သို့ပါလျက် မိမိက မပတ်သတ်ပဲ မိမိကို လာနွယ်တတ်သည့် ပြဿနာ က မထင်မှတ်ပဲ ပေါ်လာတော့သည်..။
ဆက်လက်ဖော်ပြပါမည်။
မိုးသက်ဦးလွင်



ရေးသားသူ : မိုးသက် // 6:25 PM
အမျိုးအစား:

5 comments:

  1. တပ်တွေထဲမှာချင်း ၃ကိုသတိအရဆုံးဘဲ မိုးသက်ရေးတာဖက်ပြီးငါတော့ တပ်ပြန်သတိရတော့တာဘဲ

    ReplyDelete
  2. ကျန်တဲ့အပိုင်းများ မျှော်.... :D
    မိုးသက်အကြောင်းအားလုံးပြီးရင် မောင်လေးကိုဖတ်ခိုင်းအုန်းမယ်။

    ReplyDelete
  3. မင်းတပ်ဆိုလို့ ဗစ်တိုရီးယားတောင် တက်ခဲ့တာလေးကိုအမှတ်ရသလို ဒီဇာတ်လမ်းလေးတွေကို ဖတ်ပြီးတော့ တီတင့်အစ်ကိုကြီးဆီက မကြာခဏကြားဘူးနေတဲ့ ရဲဘော်ရဲဘက် ညီနောင်များအကြောင်း ပြန်သတိရသွားတယ်...

    ReplyDelete
  4. ကဗျာစပ်ပြီး စာကျက်တတ်ပုံလေး သူကြီးမင်းနဲ့ တူတယ်။း)
    စာမေးပွဲတွေမှာ ဒီနည်းက အတော်အသုံးဝင်တယ်။

    ReplyDelete
  5. ကျနော် လာဖတ်သွားတယ်နော် ကမိုးသက်။ များများဆက်ရေးဖို့လည်း အားပေးပါတယ်ဗျ။

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List