Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, September 10, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း(၃)

ဖျက်မရသော နောင်တ
---------------------------------------
အဲဒီနေ့က သောကြာနေ့ဖြစ်သည်.။ ဒီစာကိုရေးတဲ့အချိန် ထိုစဉ်ကရေးသော ဒိုင်ယာရီစာအုပ်က မြန်မာ နိုင်ငံက အိမ်မှာကျန်နေခဲ့သည်.။ သို့အတွက် ဘယ်ရက်လဲ ဆိုတာတော့ အတိအကျမမှတ်မိ..။ ထုံးစံအတိုင်း ညနေ မြက်ရှင်း Fatigue အပြီးမှာ တန်းဖြုတ်သည်..။ စားရိပ်သာမှာ သွားစားသူစားကြသည်..။ အောက်က ဈေးတန်းမှာ ယမကာမှီဝဲရင်း စားသူက စားကြသည်..။ မိမိက စားရိပ်သာမှာ စားပြီးမှ အောက်ဈေးတန်းမှာ ဖုန်း ဆက်ရန် ဆင်းလာခဲ့သည်…။
ထိုစဉ်က တောင်ညိုကသင်တန်းကျောင်းမှာ သင်တန်းသားများအတွက် လိုင်းဖုန်းချိတ်မထား၊ ယခုကဲ့ သို့ လက်ကိုင်ဖုန်းများ ပေါပေါလောလော ရှိသော ခေတ်အခါမျိုး မဟုတ်သဖြင့် သင်တန်းက ကဒ်ဖုန်း စီစဉ်ပေးထားသည်.။ Prepaid ကဒ်မျိုးဖြစ်သည်.။ ဖုန်းဆက်လိုလျှင် ဖုန်းကဒ်မှ ကုဒ်ကို ရိုက်ထည့်ပြီး ဆက်ရန် ဖြစ်သည်.။ တစ်နာရီကဒ်၊ နှစ်နာရီကဒ် စသည်ဖြင့် ရှိသည်..။
ထိုနေ့က ဖုန်းဆက်ပြီး ညနေ Surprise check လူစစ်တန်းစီချိန်တွင် သင်တန်းကျောင်း တန်းစီရာနေရာ သို့ ပြန်တက်လာခဲ့သည်.။ တန်းစီချိန်တွင် တန်းခွဲ(၂)မှ အနော်ရထာ(၁၀) မှ ကျောင်းဆင်းသောသူငယ်ချင်း ရဲကျော် (အမည်လွှဲ) မှ အနည်းငယ် မူးယစ်နေသည်ကို သတိထားမိသည်..။ စောစောကတည်းက မိမိနှင့် အစေးမကပ်သူ ဖြစ်၍သော်လည်းကောင်း၊ မိမိမှလည်း စည်းကမ်းဖောက်သူကို ကိုယ်တိုင်လည်း မနှစ်မျို့သည်ကြောင့်သော် လည်းကောင်း စိတ်ထဲ အနည်းငယ် အချဉ်ပေါက်နေမိသည်..။ လူစစ်နေရင်း သူက မိမိဖက်သို့ အကြည့်နှင့် ဆုံ လေသော် မိမိမှ မကြည်ဟန် တစ်ချက်ပြန်ကြည့်လိုက်သည်ကို သတိရသည်..။
တန်းဖြုတ်ချိန်တွင် ကျွန်တော် ပေါ်တီကိုအောက်မှ အထွက်  အဆိုပါသူငယ်ချင်းမှ နောက်က ဆွယ်တာ အင်္ကျီကို ဆွဲထားသည်…။ ကျွန်တော်မှ ဆွဲထားသောလက်ကို ပုတ်ချလိုက်ပြီး…
“ မင်းမူးနေရင်. အေးအေး ဆေးဆေးနေ ရဲကျော်”
ဟု တစ်ခွန်းပြောပြီး ရှောင်ထွက်လာခဲ့သည်..။ နောက်မှ ဆဲသံ တစ်ချက်ကြားလိုက်၍ စိတ်က ထောင်းကနဲ ဖြစ်သွားသော်လည်း နောက်ပြန်မလှည့်ကြည့်ဖြစ်..။
တန်းဖြုတ်ပြီးတော့ အိပ်ဆောင်ဘေးက သက်သာဆိုင်မှာ ကော်ဖီဝင်သောက်ရင်း ခဏထိုင်သည်…။ လူတွေ အင်မတန်စည်နေသည့်ကြားမှ ရဲကျော်ကိုရှာသည်..။
ပွင့်လင်းစွာပြောရပါလျှင်မူ ကျွန်တော့်အနေဖြင့် ကြိုတင်ကြံစည်မှု တစ်ခုကို ပြုလိုက်မိသည်ဟု ဝန်ခံရပါ လိမ့်မည်.။ ငယ်စဉ်ကတည်းက ရန်ဖြစ်ခြင်းကို တားမြစ်ထားခြင်း၊ မည်သူမှားမှား ရန်ဖြစ်သည်ကို လက်မခံသော မိဘ နှစ်ပါးလက်ဝယ်တွင်ကြီးပြင်းလာသော ကျွန်တော်သည် ရန်ဖြစ်ရာတွင် လက်သွက်လိမ့်မည်မဟုတ်၊ ခံရမည် ဆိုသည်ကို သိသည်..။ ထို့ကြောင့်ပင်လားမသိ.. ကျွန်တော် ထောင်ချောက်တစ်ခု ဆင်ခဲ့မိသည်..။
သက်သာဆိုင် အရှေ့မှာ ခုံအပုတွေခင်းထားသည်.။ ကျွန်တော်က ရှေ့ခြမ်းဆိုင်ထောင့်မှာ ခုံအပုဖြင့်ထိုင်နေသည်..။  ရဲကျော်နှင့် သူ့သူငယ်ချင်း ခပ်ဟော့ဟော့ တစ်ယောက်က ခုံအမြင့်ပေါ်မှာ ..။ သူကတော့ ကျွန်တော် ချောင်းနေခဲ့သည်ကို သိလိမ့်မည်မဟုတ်..။ ကျွန်တော်ကတော့ သူ့ကို မြင်သည်.။
ကော်ဖီကိုလက်စသတ်ပြီး ကျွန်တော်နှင့် အတူတူ ထိုင်နေသော ဖြိုးပိုင်ကို၊ ပြည့်ဖြိုးမောင်တို့ကို ခဏစောင့် ရန်ပြောသည်..။ လက်ပတ်နာရီကို ချွတ်ပြီးပြည့်ဖြိုးမောင်ကို ပေးလိုက်သည်.။ ကျွန်တော် ဘာလုပ်မည်ကို မသိသော ပြည့်ဖြိုးမောင်က နားမလည်စွာ ပြန်ကြည့်သည်.။ ကျွန်တော် ထရပ်လိုက်ပြီး ရဲကျော်တို့ ထိုင်နေသော ဝိုင်းသို့သွားသည်.။ ရဲကျော်နှင့် စကားပြောနေသည်က ကျွန်တော်တို့ တပ်က သူငယ်ချင်း ရဲလွင်မျိုး..။
“ ပါကြီးဟေ့ကောင်. ပိုက်ဆံပါရင် ဆေးလိပ်လေးဘာလေး ဝယ်တိုက်ပါဦး.. ငါ့မှာ ပိုက်ဆံမရှိတော့ဘူး”
အမှန်တော့ ကျွန်တော့်မှာ ပိုက်ဆံပါသည်..။ အထက်ပါစကားကို ကျွန်တော် မြင်ပြင်းကတ်စရာကောင်း လောက်အောင် အသံတစ်မျိုးဖြင့် လုပ်ပြောလိုက်ခြင်းဖြစ်သည်..။
ရဲလွင်မျိုးက ပိုက်ဆံထုတ်ပေးပြီး..
“ မင်းသွားဝယ်လိုက်လေ ငါစောင့်နေမယ်..”
သူနှင့် စကားပြောနေသော ရဲကျော်က ရီဝေဝေအကြည့်ဖြင့်ကြည့်ပြီး…
“ ဟေ့ကောင်… ရော့ ငါ့အတွက် ဝယ်လာခဲ့ကြားလား.. သူတောင်းစား.. ”
“မင်း ဘယ်လို ပြောလိုက်တယ်. ဟေ့ကောင်…”
ရဲကျော်က ကျွန်တော်ဆင်သည့် ခွင့်အတွင်းသို့ တည့်တည့်ပင် ဝင်လာခဲ့လေပြီ...။
“မင်းကို ငါဆေးလိပ်သွားဝယ်ခိုင်းနေတာ ကြားလား.. ဟေ့ကောင်…”
ကျွန်တော် ပုဆိုးကို ခပ်တိုတို ပြင်ဝတ်လိုက်သည်..။
“ရဲလွင်မျိုး ခဏဖယ်စမ်းပါ…”
ရဲလွင်မျိုးက အခြေအနေကို သတိပြုမိပုံမရသေး..။ ကျွန်တော်က သူ့ကို တွန်းဖယ်လိုက်ပြီး ခုံပေါ်မှာထိုင်နေသော ရဲကျော်ကို အားကုန် ဆောင့်ကန်ချလိုက်သည်..။ ဆိုင်ထောင့်ထိ ခုံရော လူပါ ဒလိမ့် ကောက်ကွေး..။ ကြွေခွက်ဖြင့် ကောက်ပစ်မိလိုက်သေးသည်လား ကျွန်တော် ကောင်းကောင်း မမှတ်မိ..။ ရဲကျော် ဘေးက သူငယ်ချင်းက ကျွန်တော့်ကို ဆွဲသလိုလိုနှင့်ဝင်ချုပ်သည်..။ နောက်စေ့ဖြင့် ပြန်တိုက်လိုက်၍ ပြန်လန်သွားသည်..။ နောက်တော့ ချုပ်သည့်ကောင်က တစ်ချက်ထိုးသည်။ ခေါင်းငုံ့လိုက်၍ ချိုစောင်းကို ထိသည်.။
အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့ ကျွန်တော်ဘော်ဒါ ဖြိုးပိုင်ကိုတို့၊ ပြည့်ဖြိုးမောင်တို့က ဝိုင်းဆွဲကြသည်..။ DSTA က အစ်ကိုတွေကပါ ဝင်ဆွဲကြတော့ အားလုံးပြီးသွားပြီး အိပ်ဆောင်သို့ ပြန်လာကြ သည်.။ ကျွန်တော် အိပ်ဆောင်ရောက်ပြီး သိပ်မကြာခင် ရဲကျော် ကျွန်တော့် အခန်းကို ရောက်လာသည်.။ နောက်တော့ အပြန်အလှန် စကားပြောရင်း စိတ်ပြေသွားကြသည်..။ နောက်ထပ် ထိုးဖို့လည်း မလွယ်တော့။ အဆောင်မှာမို့ ဆွဲမယ့်သူတွေက အရံသင့်စောင့်နေကြသည်ကိုး..။ လူကတော့ ကိုယ့်ကိုယ်ကိုယ် နောင်တ ရနေပါသည်.။ အလစ်အငိုက်လုပ်ခဲ့သည့် ကိုယ့်ကိုယ်ကိုယ်လည်း ယောကျာ်းမပီသမှုအတွက် ရှက်ရွံ့နေမိပါသည်.။
နောက်ရက် မနက်ကျတော့ တန်းပေါင်းစီမှာ တပ်ရေးဗိုလ်ကြီးက သမပါတော့သည်..။
“ မနေ့က ဗျူဟာဆိုင်မှာ ရန်ဖြစ်တဲ့ အရာရှိ (၂) ယောက်ထွက်လာခဲ့”
ထွက်သွားတော့ ကျွန်တော် တစ်ယောက်တည်း..။ ရဲကျော်က မနက်ခင်း တာဝန်တစ်ခုဖြင့် ဂိုဒေါင်ကို ရောက်နေသည်..။
“မင်း မာစတာပါသလား…”
“ဟုတ်ကဲ့ ပါပါတယ်ခင်ဗျ.”
“ဖြန်း…”
ဘယ်ဖက်ပါးတစ်ခြမ်း ပူထူသွားသည်.. ။ အပြစ်က စိတ်ထဲမှာ နောင်တရနှင့်ပြီး ဖြစ်၍ အရိုက်ခံလိုက်ရမှ ကျေနပ်သလိုလို၊ နေသာထိုင်သာရှိသလိုလို ဖြစ်သွားသည်..။ မာစတာပါသလား အရင်မေးသည်မှာ ယခင် ပြဿနာအနည်းငယ် ဖြစ်သူတိုင်း မာစတာပါသူများ ဖြစ်နေ၍ မာစတာပါသူများ သင်တန်းမှ စောစောပြန်ရမည်ကို သိ၍ အပြစ်ဖောက်တတ်ခြင်းကြောင့် ဖြစ်သည်..။  
ညဖက် Study ဝင်တော့ သင်တန်းမှူးထံ သူငယ်ချင်း(၂) ယောက် PT dress ဖြင့် တန်းအပ်ရသည်.။ တန်းစီရာပေါ်တီကို လှေကားထစ်ကို နှစ်ယောက်သား ပခုံးဖက်၍ အတက်အဆင်း ခုန်ရသည်..။ အတက်အဆင်း(၁၀၀) ပြည့်လျှင် သတင်းပို့ သည်.။ ထိုင်ထ(၁၀၀) ဆက်လုပ်သည်.။ ထိုင်ထ(၁၀၀) ပြည့်လျှင် သတင်းပို့သည်၊ အတက်အဆင်း(၁၀၀) ပြန်ခုန်ရ ပြန်သည်..။ Limit မရှိ..။ အခြားသူများ Night study ၃ နာရီပြည့်၍ ထွက်လာတော့မှ တန်းဖြုတ်ပေးတော့သည်..။ တန်းဖြုတ်ပေးချိန်တွင် နှစ်ယောက်သား ညဖက်ကြီး ရေချိုးကန်ဘေးမှာ ချွေးတစ်လုံးလုံးနှင့် ရေချိုးရင်း အပြန်အလှန် တောင်းပန်စကား ဆိုကြသည်..။ ထိုအချိန်မှ စ၍ သင်တန်းဆင်းချိန်အထိ ရဲကျော်နှင့် ကျွန်တော် အတော်ပင် တွဲမိသွားတော့သည်..။
သင်တန်းမှာ မထင်မှတ်သူများနှင့်လည်းဆုံရသေးသည်…။ သင်တန်းစဝင်ခါစ ကျွန်တော်တို့ ပြင်ဦးလွင် အလက(၁) မှ ကိုရဲမင်းဦးနှင့် ဆုံသည်.။ သူ(၈)တန်းမှာ ကျွန်တော်(၆) တန်း၊ သူက DSTA တက်ရာ ကျောင်းဆင်း တော့ အတူတူဆင်းကြသည်..။ ဝိုင်အိုမှာ ပြန်ဆုံမိကြသည်..။ တန်းခွဲချင်းလည်း အတူတူကိုး.။ နောက်တစ် ယောက်က ကျွန်တော့် စီနီယာလည်းဟုတ်၊ အစ်ကိုလည်း ဟုတ်သော ကိုထက်ဇာနည်(စတသ-၄၆)ဖြစ်သည်..။ အောက်ဗျူဟာဆိုင်မှ ပြန်တက်လာချိန်တွင် သင်တန်းကျောင်းရှေ့က လမ်းမှာ ဆုံဖြစ်ကြသည်..။ တွေ့တွေ့ချင်း တအံ့တသြနှုတ်ဆက်ပြီး.. ညီအစ်ကိုတွေ မပြန်ခင် အောက်ဆိုင်မှာ စားကြသောက်ကြ သေးသည်.။ ကျွန်တော်က တော့ ထုံးစံအတိုင်း ယမကာ မသောက်ဖြစ်ခဲ့ပါ..။ နောင်တော်ကျွေးသော ထမင်းကိုသာ စားဖြစ်ခဲ့ပါသည်..။
သင်တန်းဆင်းလက်မှတ်နှင့် ကံမဆုံသော ကျွန်တော်မှာ သင်တန်းဝက်ရောက်ချိန်မှာပင် သင်တန်းကျောင်းမှ တပ်ခေါက်ပြီး ပြန်ခဲ့ရပါတော့သည်..။ အကြောင်းမှာ ကျွန်တော်တို့ မာစတာပါသူ များကို မဟာသိပ္ပံအရည်အချင်းစစ်သင်တန်းအချိန်မီ တက်ရောက်နိုင်ရေးအတွက် ခြေလျင်တပ်စုမှူးသင်တန်း အပတ်စဉ်(၁၈၀) ခေါ်ယူလိုက်ခြင်းကြောင့်ပင်ဖြစ်ပါသည်.။ ထို့ကြောင့် သင်တန်းခုလတ်၌ ပင်ရပ်နားခဲ့ရပြီး အမှတ်တရများစွာရှိသော တောင်ညိုမြေမှ  အမှတ်တရများစွာရှိသော ရပ်စောက်မြေသို့ ခရီးဆန့်ခဲ့ရပါတော့သည်..။



ရေးသားသူ : မိုးသက် // 7:39 PM
အမျိုးအစား:

2 comments:

  1. ရင်ထဲ မျိုသိပ်ထားတာ များလာရင် ပေါက်ကွဲပစ်လိုက်တာမျိုးက စိတ်ထဲ ရှင်းသွားတတ်ပါတယ်။
    မပေါက်ကွဲသရွေ့  မီးတောင်ကြီး ရင်ထဲမျိုထားရသလို တအုံနွေးနွေးနဲ့ ဘာမှ ဆက်မလုပ်ချင်တတ်တော့ပါဘူး။ ပူလောင်လွန်းတဲ့အတွက်။
    ဒါပေမဲ့ ထိန်းချုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

    ReplyDelete
  2. မိုးသက်သည်မဒမ်ကိုးမောင်ဟုမပြောရ အကြံတော်တော်ကြီးပေသည်
    ငါနောက်တစ်ခါ ခုံအမြင့်တွင်မထိုင်တော့ တွေ့လျှင်ခုံအားကန်မည်စိုးသောကြောင့်ဖြစ်ပေသည် :P

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List