Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, October 15, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း (၄)



ရှမ်းပြည်နယ်မှာ လေးလတာ
          နေပြည်တော်မြို့မဈေးမှထွက်ခွာလာသော ပအို့ဝ်ထိပ်တန်း မှန်လုံအမြန်ယာဉ်သည် ရာဇဌာနီ လမ်းမကြီးမှ တဆင့် ဘောဂသီရိကားကြီးဝင်းသို့ တစ်လိမ့်လိမ့်ပြေးနေသည်..။ အချိန်က ညနေ ၅ နာရီ ခွဲခန့်ရှိချေပြီ။ ကားပေါ်မှာ ပါလာသည်က ကျွန်တော်၊ ကျွန်တော်တို့ တပ်မှ ရဲအောင်နှင့် အခြား တပ်စုမှူးသင်တန်းတက်မည့်သူများ၊ တပ်ခွဲမှူးသင်တန်း၊ ရင်းမှူးသင်တန်းသို့ သွားမည့် အရာရှိများပါလာသည်..။ နေပြည်တော်တောင်ကြီး ခရီးစဉ်သွား သောယာဉ်ပေါ်တွင်ဖြစ်၍ အရပ်သားတစ်ဝက်၊ တပ်မတော်သား တစ်ဝက်လောက်ပါလာသည်…။ ကားစထွက်ကတည်း ကတည်းက အချင်းချင်း မိတ်ဆက်ကြရင်း စတသ (၃၇)၊ မှ စတသ(၅၂) အထိ အင်တိတ် အစုံဖြစ်နေ၍ အချင်းချင်း မိတ်ဆက်ကြရင်း၊ ကျောင်းတော်မှ အလွမ်းပြေဟာသများ ပြောကြရင်းပင် ဘောဂသီရိကားဝင်းသို့ ရောက်လာခဲ့ ကြသည်.။
            တပ်မှထွက်မလာခင် ကျွန်တော့်ကို သေသေချာချာမှာလိုက်သော တပ်ရင်းမှူးစကားကြောင့် ပါလာသော MA-၁၃ သေနတ်နှင့် ကျည်ဆံများကို ကျောပိုးအိတ်တွင်းမှာ ကိုယ်နှင့်မကွာဆောင်ထား၍ ကျန်သည့်ပစ္စည်းများမှာ သံသေတ္တာတစ်လုံး၊ ခရီးဆောင်မြွေရေခွံအိတ် တစ်လုံးဖြစ်သည်..။ MA-၁၃ သေနတ်က  ခပ်တိုတို ကျည်အိမ်အရှည်ဖြင့် နိုင်ငံခြားဇာတ်ကားများထဲမှ အူဇီနှင့် အနည်းငယ်ဆင်သည်.။ ဒင်ကိုဖြုတ်ထား၍လည်းရ၍ ကျောပိုးအိတ်ထဲမှာ ထည့်ထားရတာ အဆင်ပြေ၍ တော်သေးသည်.။ သို့ရာတွင်ပင် ပြောင်းက ထောင်နေ၍ ကျောပိုးအိတ်ကို လွယ်ရတာ ကိုးလိုးကန့်လန့် ဖြစ်နေသေးသည်။ သို့သော် ကိစ္စမရှိ အရေးကြီးတာက မိမိကိုယ်မှ မကွာဆောင်ထားဖို့…။
            ခဏကြာတော့ ကားကို လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ပြီး ဘောဂသီရိ ကားဝင်းမှ ဆက်ထွက်သည်။ စောစောက လမ်းမီးရောင်တွေ ထိန်ထိန်သာနေသော ကွန်ကရစ်လမ်းမကြီး။ ကားပေါ်မှာ ပါလာသော တပ်မတော်သား များနှင့် အချင်းချင်းသာနားလည်သော စကားများဆို၍ စကားစက အမျှင်မပြတ်၊ ခါးသီးမှုများကိုရင်ဖွင့်၍ ရယ်မောစရာ အဖြစ်ပြောင်းလဲကြခြင်းသည်ပင် ချစ်ကြည်သော တပ်မတော်သားအချင်းချင်း၏ ရဲဘော်စိတ်တစ်ခုပင်လား မပြောတတ်။ ခဏကြာတော့ မှောင်ရိပ်သန်းလာသော ပတ်ဝန်းကျင်အရိပ်အယောင်ကြောင့် မျက်လုံးများမှေးစင်း၍ အိပ်မောကျသွားတော့သည်။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
            ကျွန်တော် ရုတ်တရတ်နိုးလာတော့ သာစည်ရောက်နေပြီ.။ ဟိုးဖက်ဆက်သွားလျှင် ရွာငံသည် ရှမ်းပြည်နယ် တောင်ပိုင်းပင်ဖြစ်သည်။ သည်နေရာသည် မန္တလေးတိုင်း၏ နောက်ဆုံးပင်ဖြစ်သည်။ သာစည်မှာ ကားရပ်နား၍ ညစာ စားကြသည်။ ထုံးစံအတိုင်း ရှမ်းသွေးတစ်ဝက်ပါသူ ကျွန်တော်စားခဲ့သည်က ရှမ်းခေါက်ဆွဲပင်ဖြစ်သည်။ ကားပေါ်က ပြန်ထွက်တော့ စပျစ်သီးဝယ်ရန်ကြံသည်။ ငယ်စဉ်ကတည်းက မိခင်ဈေးသွားလျှင် ခြင်းတောင်းလိုက်ဆွဲရုံမှ လွဲ၍ မည်သည့်ပစ္စည်းက မည်သည့်အလေးချိန်တွင် မည်မျှခန့်ပါဝင်သည်ကို စိတ်မဝင်စားခဲ့သော ကျွန်တော် အခက်ကြုံရပြီ။ များနေမည်စိုးသည်ကြောင့် အစိတ်သားကို ငွေ(၄၀၀) ကျပ်ဖြင့်ဝယ်ယူလာခဲ့သည်။ ထည့်ပေးလိုက်တော့ နည်းနည်းနောနော အထုပ်ကြီးမဟုတ်။ ဝယ်ပြီးမှတော့ မတတ်နိုင်။ မိမိနှင့် အတူထိုင်သည့် သူငယ်ချင်းက စပျစ်သီး သိပ်မကြိုက်ဟုဆို၍ မိမိဖာသာ တစ်ကိုယ်တည်း စားရတော့သည်.။
            ကားပြန်ထွက်တော့ စပျစ်သီးထုပ်ကို ကိုင်ကာ ကားပေါ်တက်၍ တစ်လမ်းလုံး စပျစ်သီးမြုံ့ရင်း လိုက်ပါလာခဲ့ သည်။ တကယ်စားတော့လည်း ခပ်ချဉ်ချဉ် စပျစ်သီးကို ကျွန်တော် ထင်သလောက်မစားနိုင်။   ကားပေါ်မှ မဆင်းခင်က တည်းက အမေတို့ အမျိုးတွေအသံဝဲဝဲလေးတွေကြားရသည်။ ပါးမို့မို့ရဲရဲလေးများ၊ ဘာစကားပြောပြော၊ “ဟုတ်ကဲ့ရှင့်” “ရပါတယ်ရှင့်” ဟုထည့်ပြောတတ်သော ရှမ်းမလေးများကို မြင်လာရပြီဖြစ်သည်။ သြော် ရှမ်းပြည်နယ် ဆိုတာ ဒါပါလား၊ ရှမ်းမလေးတွေ ဆိုတာ ဒါမျိုးပါလား ဟု တွေးတောသဘောကျရသည်။ မိမိသည်လည်း ပြင်ဦးလွင်သား စစ်စစ်ဖြစ်လေရာ ရှမ်းမလေးများကို အစိမ်းသက်သက်မဟုတ်..။ ရှမ်းကြိုက်သည်က နွားချောဖြစ်ချင် ဖြစ်ပါစေ.။ ရှမ်းပြည်နယ်က ရှမ်းမလေးများက မိမိမျက်စိထဲ ပိုသိမ်မွေ့နေသည်။ ပိုယဉ်လွန်းနေသည်။ ပိုစွဲမက်ဖွယ် ကောင်းနေသည်။
သိပ်မမောင်းရတော့ဘူး ဆိုသည့်စကားကြောင့်မိမိ နောက်ထပ် ခရီးကို ထပ်မအိပ်ဖြစ်တော့..။ အလင်းရောင်ကလည်း ပျိုးလာပြီကိုး.။ ကလောမြို့မှ ကြိုဆိုပါ၏ ဆိုသည့် ဆိုင်းဘုတ်မှာ ခေါင်းထောင်မိသည်။ ဤနေရာ ဤ ဒေသမှာ စစ်ဦးစီးတက္ကသိုလ်ရှိသည်ဟု OTT မဝင်ခင်က ဖတ်မှတ်ဖူးခဲ့သည်.။ ဟိုဟိုသည်သည် လိုက်ရှာသော်လည်း အမှောင်ထုကြောင့် ရှာမတွေ့ခဲ့ပါ.။ ကလောမြို့က မိမိတို့ ပြင်ဦးလွင်နှင့်အပြိုင် အင်မတန်နေချင့်စဖွယ် အေးချမ်းသော တောင်စခန်းမြို့ဟု သိထားခဲ့သည်.။ ကားလမ်းညာဖက်က ချိုင့်ဝှမ်းတစ်ခုလုံး အိမ်လေးများက အပြည့်။ မသဲမကွဲမြင်ရသော အလင်းရောင်မှာပင် အိပ်ရာနိုးစ ကလောမြို့လေးက လှလွန်းနေသည်ပဲ။
မအိပ်တော့ဘူး ဟု ကြံရွယ်ထားသော်လည်း မည်သို့မည်ပုံပြန်အိပ်ပျော်သွားသည်မသိ.။ သူငယ်ချင်းများက နှိုးမှ နိုးတော့သည်.။ မိမိ ရောက်တော့ ရပ်စောက်ဖက် ခွဲသည့် ရွှေညောင်လမ်းခွဲရောက်နေပြီ..။ မိမိတို့ ကားတစ်ဆင့် ပြန်ပြောင်းရ ပြန်သည်.။ မှန်လုံကားပေါ်မှ ပစ္စည်းများကို ချ၊ မိမိတို့ အုပ်စုလိုက် စီးလုံးငှားထားသည့် ဟိုင်းလပ်ကားပေါ်တင်ကြသည်။ အချင်းချင်း ပစ္စည်းမေ့ကျန်မည်စိုးသဖြင့် သတိပေးကြရသေးသည်။ ရပ်စောက်သွားသည့်လမ်းကတော့ တောင်တက်တောင်ဆင်းလမ်းနည်းပါးသည်.။ တကယ်တော့ ရပ်စောက်သည် တောင်ပေါ်က မြေပြန့်မြို့ကလေးဆန်ဆန်ဖြစ်နေသည်။ လမ်းမှာ ခေတ္တနားသည်.။ ဝက်သားနှင့် ရှမ်းခေါက်ဆွဲ စားရန်ကြံမိသော်လည်း တို့ဟူးနွေးနှင့် တို့ဟူးကြော်ကိုသာ နှစ်ခြိုက်စွာစားခဲ့မိပါသည်.။
ရပ်စောက်ကိုရောက်တော့ မိုးစင်စင်လင်းနေပြီ.။ မိခင်ကပါ လိုက်ပို့သော သူငယ်ချင်းတစ်ယောက်၏ မိခင်နှင့် တွေ့သည်။ မိမိတို့ သင်တန်းသို့ သွားရောက်သတင်းပို့ပြီး လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်နိုင်ရန် Outpass ပြန်လွှတ်ပေးကြောင်းသတင်းပေးသည်။ ထို့ကြောင့် အချိန်မဆိုင်းပဲ တပ်မတော် တိုက်ခိုက်ရေးကျောင်း(ဗထူး) ဆိုသည့် ဆိုင်းဘုတ်ကြီးအတွင်း သို့ ကားငှား၍ ထပ်မံချီတက်ခဲ့ကြတော့သည်။
စစ်ချီဝတ်စုံဖြင့် ရဲစိတ်ရဲမာန်တက်ကြွနေသော စစ်သည်တစ်ဦးပုံစံ ရုပ်တုဖြင့် တန်းပေါင်းစီကွင်းကြီး၏ အပေါ်ဖက် တွင်သတင်းပို့ကြရသည် မိမိက တန်းခွဲ(၁) ရှေ့ခြမ်း လှေကားဘေးက ကပ်လျက်အခန်းဖြစ်သည်။ အခန်းရလျှင် ရခြင်း အထုပ်အပိုးများထားကာ အိပ်ရာခင်းကျင်း၍ မေးစမ်းကြည့်တော့ သတင်းပို့ပြီးသူ အရာရှိများ တပ်ပြင်ပြန်လည်ထွက်ခွင့် မရှိကြောင်းသိရသည်။ ထိုအခါမှ ရပ်စောက်မြို့ထဲတွင် တွေ့ခဲ့သော သူငယ်ချင်း၏ မိခင်မှ မိမိတို့ သတင်းမပို့ပဲ အပျော်လွန်၍ အုပ်ချုပ်မှု ဖြစ်စဉ်များဖြစ်ပွားမည်စိုးသောကြောင့် အမြန်သတင်းပို့စေခဲ့ခြင်းဖြစ် ကြောင်း သိရတော့သည်။
ခဏကြာတော့ မိမိအခန်းဖော်ရောက်လာသည်။ မိမိနေရမည့်အခန်းမှာ ၂ ယောက်ခန်းဖြစ်၍ မိမိနှင့် အတူ နေရသူမှာ တနတအမှတ်စဉ်(၁၂) မှ ကိုပြည့်ဖြိုးပိုင်(နောင်အခါတွင် သူ၏ကျောင်းသားနံပတ်(၄) ကို အစွဲပြု၍ ကိုလေး ဟုသာခေါ်ကြသည်) ဖြစ်နေသည်။ ကိုလေးနှင့် ကျွန်တော်မှာ တောင်ညိုတွင် YO တက်ခဲ့စဉ်က ဂစ်တာတီးဖော်တီးဖက်၊ ဖြစ်ဖူးပြီး တောင်ညိုမှာကတည်းက တပ်စုမှူးသင်တန်းတွင် တစ်ဆောင်တည်းကျလျှင် ကောင်းလိမ့်မည်ဟု ဆိုခဲ့ဖူးကြသည်။ ယခုအခါတွင် ကံအားလျော်စွာပင် တစ်ခန်းတည်း လာကျနေသည်။ အကြောင်းသိချင်း၊ ဝါသနာတူချင်း ဖြစ်လေရာ အဆင်ပြေသွားသည်။ (ကိုလေးသည် ကျွန်တော့်ကို Lead guitar တီးခတ်နည်း သင်ပေးခဲ့သည့် သင်ဆရာ၊ မြင်ဆရာတစ်ဦးဖြစ်သည်။)
ထို့နောက် မိမိတို့ ပါလာသော လက်နက်ခဲယမ်းများကို ဗိုလ်သင်တန်းကျောင်း ဗဟိုကင်းတွင် သွားရောက် အပ်နှံကြရသည်။ အပြန်တွင် စစ်ဝတ်ပစ္စည်းဈေးတန်းကြီးကို တွေ့ရသည်။ မိမိမှာ စစ်ဝတ်ပစ္စည်းအစုံအလင် ပါလာသောကြောင့် အခက်အခဲမရှိ၊ ဘာတစ်ခုမှ မပါလာသူပင် ထိုဈေးတန်းမှာ စောင်၊ ခေါင်းအုံးမှ အစ အီကွစ်မင့်၊ ရေဘူး၊ ရေပုံအထိ အစုံအလင် ရသည်။ အသစ်မဟုတ်၊ တစ်ပတ်ရစ်များဖြစ်သည်။ ဝယ်ယူပြီးသုံးစွဲနိုင်သည်။ သင်တန်းပြီးဆုံးလျှင် ထိုဈေးသည်များ ထံပင် သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခဲ့နိုင်သည်။ ရောင်းသူ၊ ဝယ်သူ နှစ်ဖက်စလုံး သဘောကျသည့် Win-Win စနစ်ပင်ဖြစ်သည်။ မိမိလည်း ပေါက်တူးတစ်လက်နှင့် ရေပုံးတစ်ပုံး ဝယ်ယူလာခဲ့တော့သည်။ သို့ရာတွင် ညနေတန်းစီချိန်မှစ၍ သင်တန်းကျောင်း၏ အစဉ်အလာများကို စတင်ထိတွေ့ မိတ်ဆက် ရပါတော့သည်။

ဆက်လက်ဖော်ပြပါမည်။

မိုးသက်ဦးလွင်



ရေးသားသူ : မိုးသက် // 5:58 AM
အမျိုးအစား:

3 comments:

  1. ခရီးစဉ်လေးစိတ်ဝင်တစားဖတ်သွားပြီ အသားညိုညို ရှမ်းလေး မိုးသက်ရေ... :P
    ပေါက်တူး ရေပုံးဝယ်တယ်ဆိုလို့ ဖက်ထိတ်အတွက်လား ... ဟာဟ

    ReplyDelete
  2. မနေ့ညကတည်းကfacebookမှာတင်တာတွေ့တယ်။blogမှာဖတ်ချင်လို့ကိုအရောက်လာဖတ်တယ် :D

    ReplyDelete
  3. ဖဘ မှာတွေ့နေတာ မဖတ်ဖြစ်ဘူးမိုးသက်ရေ
    ခုမှဖတ်ရတာ စိတ်ဝင်စားစရာတွေပြည့်နေတဲ့ မိုးသက်အကြောင်းလေးတွေ
    မကြီးလဲ ရွှေညောင်မှာ ၂နှသ်ကျော်လောက်နေခဲူ့းတယ်လေ ဖေဖေအမတယောက်ရှိတယ် ခုထိရှိသေးတယ် ဗထူးကိုလဲရောက်ဖူးတယ် သင်တန်းကျောင်းတွေပဲတွေ့နေရတယ်နော်----နောက်ဆက်တင်မှာသင်တန်းအကြောင်းတွေပဲလား? စိတ်ဝငစားစွာနဲ့စောင့်နေပါတယ်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List