လောကဓါတ်တစ်ခွင်သည် မဲမဲ မှောင်လျက်ရှိသည်.။ နေ့ခင်းက မပူသောကြောင့် ညခင်းသည်လည်း မသာ လှချေ.။ ခပ်ထိုင်းထိုင်းဥတုနှင့် လိုက်ဖက်ညီသော လရောင် မှုန်ဝါးဝါးသည် တိမ်ညိုများကြား ပုန်းလျှိုး ကွယ်လျှိုးဖြင့် သူရဲဘောကြောင်လျက်ရှိသည်.။
ငမိုးကား ကံကောင်းလှသူတည်း..။ အဆောင်သစ်သို့ ပြောင်းရွှေ့ပြီးသကာလ. နေရာထိုင်ခင်း ရွေးချယ် ကြလေရာ ကံကောင်းသူ ငမိုးသည် မီးဖိုခန်းနှင့် ကပ်လျက်အခန်းသို့ကျလေရာ အခန်းတွင်း၌ ညှော် နံ့ တသင်းသင်းရှိလေသည်.။ တစ်ဖန် .. ဘုရားခန်းအတွက် အခန်းတစ်ခန်း ဖယ်ရပြန်လေရာ ပိုထွက်လာ သော လူ(၂) ယောက်မှ တစ်ယောက်ကို လက်ခံရ ပြန်၏။ အများတကာ (၂) ယောက်ခန်းတွင် နှပ် နေရချိန် ငမိုးတို့ (၃) ယောက်မှာ မူ (၂) ယောက်ခန်းအတွင်း ညှော်နံ့ကလေး တသင်းသင်းဖြင့် နေရ ပြန် လေသည်.။ အခန်းတွင်းရှိ “ မိုးကျရွှေကိုယ်” သူငယ်ချင်းမှာ အေးဆေး ငြိမ်သက်သူ ဖြစ်၍ တော်ပေသေး သည်.။
ကျောင်းကား ဖွင့်ချေပြီ..။ ဖွင့်ဖွင့်ချင်းဆောက်နှင့်ထွင်းထက်ပင် မဖွင့်ခင် ကြိုထွင်းထားနှင့်သော ငမိုး တို့ ဆရာသည်. နွေကျောင်းပိတ်ရက် အတွင်းပင် ဖုန်းဆက်၍ အိမ်စာပေးလေရာ. ဆရာပေးသောစာတမ်း ကို ကျောင်းဖွင့်စရက်တွင်ပင် တင်ရပြန်လေသည်.။ ဂျူနီယာများ ရောက်လာ၍ မှင်ဖြင့် နေနေသော်လည်း လူမှာမူ ခနော်ခနဲ့ ဖြင့် အားပြတ်လုလု ဖြစ်နေလေသည်.။
ထိုသို့ ကျတ်သရေ မင်္ဂလာအပေါင်းနှင့် ခညောင်းသော အချိန်အခါသမယတွင် အထူးပင် မအားလပ် လှသော ငမိုးထံသို့ တဂ်ပို့စ် တစ်ပုဒ်ထပ်မံရောက်လာလေသည်.။ ရေးလိုသော်လည်း အချိန်မပိုသော ငမိုး တစ်ယောက် တစ်လောက နွေလ ပို့ထားသော တဂ်ပို့စ်ပင် မစရသေး..။ ယခု တဂ်ခံရပြန်သောအခါ ဗျာ များသွားပြန်လေသည်.။ တဂ်ကား ဘလော့ဒေး .ဟူ၏.။
မည်သူက ထွင်လိုက်သည်မသိ..။ စီနီယာများလည်း ဖြစ်၊ ငမိုးကို ဆူ၊ အော်၊ ဖဲ့၊ နောက်၊ ကလိကလိ လုပ်လေ့ရှိကြသော စီနီယာ အစ်ကို အစ်မများ ဖြစ်ကြသည့်. အစ်မမဒမ်ကိုး၊ အစ်မသကြားပိန်၊ ဘမှုံ၊ ကိုမောင်တစ်ခြမ်း(တစ်ခြမ်းကြွက်ကိုက်ခံရဟူ၏) တို့က ဘလော့ဒေးဟု တညီတညွတ်တည်း ဆိုကြကုန်၏.။ တတ်နိုင်သမျှ လူမသိသူမသိ တိတ်တိတ်ကလေး ပုန်းနေသော ငမိုးမှာ ခြေခင်းလက်ခင်း မသာသော အခါ ဘယ်တုန်းကတုန်း ဟု အရူးကွက်နင်းမည် ကြံ၏.. စာမေးပွဲရှိသလိုလို၊ ကွန်ပျူတာ ပျက်သလိုလို လုပ်မည်ကြံသေး၏ .။ ယနေ့မူ ပေါ်ချေပြီ.။ အားလုံး မေ့နေကြပြီ ထင်သော် လည်း ဘမှုံ ဖော်ချေပြီ..။ ငမိုး ချောင်ခိုနေတာ လူမိချေပြီ..။
ဤ ပို့စ်မရေးမီ တစ်ရက်က ချစ်အစ်မ သကြားပိန်နှင့် စကားပြောဖြစ်သေးသည်.။ မြန်မာပြည်ကို လွမ်းသည် ဟုတစ်ခွန်းဟ ရုံရှိသေး..။ ရည်းစားဘယ်တုန်းက ရသတုန်း တန်းမေးသည်.။ မိမိပင် ဖျားသွား သည်.။ နင်ရေးတာတွေကြည့်ပြီး ငါတန်းသိတယ်. ဟု အတတ်ပြောလေသည်.။ မိမိထက် ထမင်းစော စား လာမှန်း သတိရသည်.။ အစ်မဖြစ်သူ၏ လူကဲခတ် skill ကိုလည်း ဖျားချင်ချင် ဖြစ်သွားသည်.။ မိမိမှာ ယခု ထိ Public ထုတ်ပြရ နိုးနိုး၊ တိတ်တိတ်ကလေးပဲ ထားရနိုးနိုး ချိန်နေတုန်း.။ အစ်မတော် လုပ်သူက သိနေ ချေပြီ.။ အနှီငမိုးကား လူရိုးတည်း...။ သို့ရာတွင် မိမိကိုယ်ကိုယ် မူ လူလည်ဟု ထင်မိလေသည်.။ အမှန်စင်စစ်မူကား ငမိုး၏ နုံကွက်၊ အကွက်များအပြင် အခြား အကြောင်းချင်းရာ များလည်း ရှိသင့် သလောက် ရှိနေသေး၏.။
ငယ်စဉ်ကလေးဘ၀က ခဲဖျက်နှာခေါင်းထဲ ၂ ခါဝင်၊ ပြောင်းဖူးစေ့တစ်ခါဝင်၊ လည်ချောင်းထဲ ဆယ်ပြား စေ့ တစ်ခါဝင်သည့် ဇာတ်လမ်းများကား လူတိုင်းသိပြီးဖြစ်၏.။(ရေးပြီးဖြစ်သည်.) ။ လူမသိသေး သော အကြောင်းအရာ များစွာထဲတွင် ငမိုး ဖွတ်မေ့ ပုတတ်မေ့ အလွန်မေ့တတ်ကြောင်းလည်း ပါသေး၏ ။ သတိထား၍ နေပါသော်လည်း ယခုအထိ မျက်မှန်မကြာခဏ မေ့ကျန်၍ ကျောက်သင်ပုန်းမှ စာကို မမြင်ရ သောကြောင့် အဆောင်ရောက်မှ ပြန်ကူးရသည့် ရက်ပေါင်းလည်း မနည်းတော့.။ သို့ရာတွင် မေ့သည်ကား ယခုမှ မဟုတ်. ။ ငယ်စဉ်တောင်ကျေး ဟိုသည်ပြေး ဘ၀ကတည်းက မေ့တတ်ခြင်း ဖြစ်သည်.။ တစ်ခါက စာဖတ်သန်သူ ငမိုး စာအုပ်အငှားဆိုင်မှ ငှားရမ်းထားသော စာအုပ်ကို ပြန်သွားအပ်သည်.။ အပြန်တွင် အပ် နှံပြီးသော စာအုပ် ပြန်ပါလာလေသည်။ မိမိကိုယ်ကိုယ် စိတ်တိုမိရကား စက်ဘီးဖြင့် နောက်တစ်ကြိမ် ပြန်သွားအပ်သော အခါတွင်မူ၊ အပြန်တွင် စီးသွားသော စက်ဘီးမေ့ကျန်ရစ်ပြန်လေသည်.။ ထိုမျှ လောက် မေ့သော ငမိုးသည်.တပ်မတော်နည်းပညာဗိုလ်လောင်းသင်တန်းအတွက် ၀င်ခွင့်ဖြေ ဆိုသော အခါတွင် ခုံနံပတ် မေ့၍ နာရီဝက်နောက်ကျမှ ဖြေဆိုရလေသည်..။
စစ်တက္ကသိုလ်ရောက်သောအခါတွင်မူ မိမိကိုယ် မိမိ ပြန်လည် ပြုပြင်ရလေသည်.။ သားတော်မောင် အကြောင်းကို ကောင်းစွာ သိရှိသော ဖခင်သည်.။ အဝေးပြေးကားစီးတိုင်း၊ တက္ကစီ စီးတိုင်း ကားနံပတ်ကို သေချာစွာ မှတ်၍ အိမ်တွင် ပြန်လည်စစ်ဆေး၏.။ စစ်တက္ကသိုလ်ရောက်သောအခါ မေ့လျော့ သော အကျင့်က အတော်ပင် လျော့ပါးသွားလေသည်.။ သို့ရာတွင် အလျှင်းပျောက်သွားသည်ကား မဟုတ်၊ ရံဖန် ရံခါ အလုပ်ရှုပ်သော ၊ အလျင်လိုသော အခါများတွင် တစ်ဖန်ပေါ်ပေါက်လာတတ်ပြန်လေသည်.။
မိမိအကြောင်းကို မိမိပြန်လည် သုံးသပ်နေခြင်းသက်သက် ဖြစ်လေသည်..။ တစ်နည်းအားဖြင့် ဆိုရပါမူ မိမိလာရာလမ်းသို့ နောက်ကြည့်မှန်မှ ပြန်ကြည့်ခြင်းဖြစ်လေရာ. နောက်ကြောင်းပြန်လှည့်သူဟု မစွပ်စွဲရန် မူ အထူးအရေးကြီး၏.။ ငမိုးဘလော့ကိုလာသူများမှာလည်း ငမိုးအကြောင်းကို ပါးစပ်ဟလျှင် အူဘယ်နှခွေ ရှိမှန်းသိသူများချည်း ဖြစ်လေရာ.“ ဟင်...လာလာချည်သေး..လုပ်တော့ တလွဲ..” ဟု ထုတ်မပြောရုံသာ ရှိ၍ တကယ်တမ်းမှာမူ.. “ နင်ဟာလေ.. အမှတ်သည်းချေကို မရှိဘူး..” စသဖြင့် ဆူပူငေါက်ငန်း ကြလေ သည်.။
ယခုတစ်လော ဖွဘုတ်တွင် တနင်္လာသမီးလေး ခ၀၀ အထူးခေတ်စား၏.။ ၁၉၉၄ ဂျူလိုင် ၂၁ တွင် မွေးသူ ဖြစ်ရာ ဂျူလိုင်ဖွားဖြစ်၍ ဥာဏ်ရည်ထက်မြက်ခြင်း၊ ရုပ်ရည်ချောမော ခြင်းမှာ အထူး ပြောရန် မလို.။ အထူးသဖြင့် ဂျူလိုင် ၂၀ ၀န်းကျင်မွေးသူများမှာ အထူးပင် ထူးချွန်ပြောင်မြောက်၍ ချောမော လှပ ကြသည်ဟု ကမ္ဘာ့ နက္ခတ်ဆရာကြီးများက တညီတညွတ်တည်း ဆိုကြသည်..။ ခ၀၀၏ ရုပ်ဆင်းသဏ္ဍာန် မှာ ထူးခြား၏.။ တစ်ခါမြင်လျှင် နောက်တစ်ခါ ထပ်ကြည့်ချင်မည့် ရူပါမျိုးဖြစ်၏.။ အချို၊ အချဉ်၊ အငန် ပြည့်စုံသော ဟင်းတစ်ခွက်ကဲ့သို့.. အပိုအလိုမရှိ၊ ပြည့်စုံလှသည့် ရုပ်ရည်မျိုးဖြစ်လေ၏.။ အနှီလုံမငယ်သည်. အင်ဒိုမယ် နှင့် ဓါတ်ပုံတွဲရိုက်ကာ ချီးမွှမ်းခန်းဖွင့်သည့် ကိစ္စဖြင့် မြန်မာဟက်ကာများဖြင့် ပြဿနာ တက်ပြန်လေရာ...မည်သို့ပင် ဆိုစေကာမူ မိမိ အမျိုးကို နိုင်စေလိုသော ငမိုးသည်. ခ၀၀ နှင့် ဟက်ကာများ ကြား အပူတပြင်း စေ့စပ် ညှိနှိုင်းရပြန်လေသည်.။ ငမိုး၏ ကြိုးပမ်းအားထုတ်မှုကြောင့် လူဇင်ဘတ်မယ်အနိုင်ရခါနီးမှ သီသီကလေး ကပ်နိုင်သွားလေသည်.။သို့ဖြစ်လေရာ. အဆိုပါဆုကို ခ၀၀ ရရှိခဲ့လျှင် ငမိုး ကြောင့်ဟု မှတ်ယူကြပါကုန်..။
ပေါက်ကရရေးစရာကား မထွက်တော့ချေပြီ.။ ခေါင်းကား နောက်ကျိကျိရှိချေ၏..။ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှင်မူ မျက်စိတစ်ဖတ်မှိတ်ပြမည်ဖြစ်သည်.။ ဘလော့ဒေးသည်လည်း ဘလော့ဒေးသာ ဖြစ်၏.။ မိမိမှာ မနှစ်ကလည်း အဘယ်သို့ သွား “ သေ” နေသည်ကို မမှတ်မိ.။ ဘလော့ကား ၂ နှစ်ပြည့်လုချေပြီ..။ အခြားသူများရေးသော ပို့စ်များကား အနှစ်သာရ အပြည့် ရှိလှချေသည်.။ ပေါက်ကရကောင် ငမိုးရေးသော ပေါက်ကရစာသည်... ပေါက်ကရ အစု အဝေးတစ်ခုသာ ဖြစ်ချေသည်.။ ထိုအစုအဝေးများ မျောပါနေသော ပေါက်ကရ စီးကြောင်းတစ်ခု သည် မည်သည့်အချိန်အထိ ရပ်တန့်ခြင်းကင်းလျက် မျောပါနေဦးမည် ဆိုသည်မှာမူ.....။
~မိုးသက်ဦးလွင်~











