Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, January 6, 2015

ခုတလော (၄)

(၁)
၂၆ ရက်နေ့ည နေပြည်တော်-မန္တလေး ကားလက်မှတ်ဖြတ်တော့ နောက်ကျသွားတာနဲ့ ကားလိုက်ရှာရင်း တစ်ခါမှ မစီးဖူးတဲ့ ဇာနည်ဘွား နဲ့ စီးဖြစ်တယ်.။ ကားပေါ်မတက်ခင် စောင့်နေရင်းနဲ့ ကိုယ်နဲ့အတူ စီးမယ့် ခရီးသည်လေးငါးယောက်က ကားဂိတ်ရှေ့မှာ မူးပြီးဆူညံနေတော့ အနှောက်အယှက်ဖြစ်မိတယ်.။ ကားစစီး တော့ကိုယ့်နံပတ်က ၁၄ ။ ဘယ်ဖက်အခြမ်းပြတင်းဘေးက ခုံပါ.။ ကားထွက်ပြီးသိပ်မကြာခင် ပုဂံကားကနေ ပြောင်းလာတဲ့ခရီးသည်တစ်ယောက် က အလယ်ခုံပဲ ရလို့ ပြဿနာရှာတယ်.။ ကားလိုင်းက Service သိပ်မကောင်းပေမယ့် ကားသမားနဲ့ ဝန်ထမ်းတွေက ဆက်ဆံရေးမဆိုးပါဘူး.။ အတော်တောင်းပန်ပြီး အဆင်ပြေအောင်လုပ်ပေးတာတွေ့ရတယ်။ နောက်ထပ်တကယ့် ပြဿနာက ကားစထွက်ကတည်းက နောက်နားက လူ ၂ ယောက် က ဆေးလိပ်သောက်တဲ့ ကိစ္စပါ.။ အဲကွန်းကားစီးပြီး ဆေးလိပ်သောက်တာ ဘယ်လောက်စုတ်ပဲ့လဲဗျာ.။ လူက ပြောချင်ပေမယ့် ထိန်းထားရတယ်.။ ကားစပယ်ယာက သတိပေး ပါတယ်။ ၃ ခါလောက် ပြောပြီးတဲ့အချိန်မှာ ကျွန်တော့်နောက်ခုံက အမျိုးသမီးကြီးက ဆေးလိပ်နံ့တွေ သူမခံနိုင်တော့ လို့ပါ လို့ ပြောပြီး ငိုတယ်.။ ကျွန်တော်စိတ်မထိန်းနိုင်တော့လို့.. "ကားဆရာ ဆေးလိပ် သောက်တဲ့ ခုံက လူတွေရဲ့ မှတ်ပုံတင်နံပတ်၊ နာမည် ကျွန်တော့်ကို လာပေး.. ကျွန်တော် တရားစွဲမယ်.." လို့ ထပြောလိုက်မှ နည်းနည်း ငြိမ်သွားတယ်.။ ကျွန်တော် ထပြောလိုက်တဲ့အချိန် နောက်က ပွစိပွစိ အသံ ကြားရလို့ လှည့်ကြည့်လိုက်တော့ ဆေးလိပ်သောက်ပြီး ပွစိပွစိပြောရင်းကားကြမ်းခင်းနဲ့ မီးသတ်နေတဲ့ တစ်ယောက်က စစ်ဂျာကင်နဲ့.။ နောက်တစ်ယောက်က သူ့ဘေးက..။ ကျွန်တော် လှည့်ကြည့်လိုက်မှ ငြိမ်သွားတယ်.။
ကျွန်တော် ပြန်ထိုင်တော့ ကျွန်တော့်ဘေးက တပ်ကုန်းကတပ်လာတဲ့ ကုလားလေးက "အစ်ကို ဓားနဲ့ ထိုးခံနေရမယ်နော်" တဲ့.။ ဓားနဲ့ ထိုးလည်း မတတ်နိုင်တော့ဘူး.။ ကိုယ့်မှာ တာဝန်မကင်းဘူး လို့ ခံစားရလို့ ထပြောတာပဲ.။ မိတ္ထီလာမှာနားတော့ ဒေါသက မပြေသေးဘူး.။ စောစောက စစ်ဂျာကင်နဲ့လူဆီသွားပြီး "ခင်ဗျားတပ်ကလား.." လို့ သွားမေးတော့. "မဟုတ်ပါဘူးဗျာ..ဘာဖြစ်လို့လဲ"  လို့ ပြေပြေလည်လည် ပြန်မေးတယ်.။ သူ့ဂျာကင်က Issue ထုတ်ပေးတာတော့ မဟုတ်ဘူး.။ ဂုတ်မှာ ဇစ်နဲ့ ဟာမျိုး..။ "ခင်ဗျား ဆေးလိပ်မသောက်နဲ့လေဗျာ ကားထဲမှာ အမျိုးသမီးတွေရော၊ အသက်ကြီးတဲ့သူတွေရော၊ ကလေးတွေရော ရှိနေတာ နားမလည်ဘူးလား.." ဆိုမှ.. " ငါမနေနိုင်လို့ပါကွာ.." တဲ့.။ သူမဟုတ်တဲ့ မျက်နှာထားမျိုးနဲ့ ပြေပြေလည်လည်ပြန်ပြောတော့ နည်းနည်းတော့ စိတ်ပြေသွားတယ်.။ တမင်လုပ်တာမဟုတ်ပဲ တကယ်ကို မသိတတ်တာ လို့ ပဲ သတ်မှတ်လိုက်မိတယ်..။ 

(၂)
ဟိုးနေ့က နတ်မောက်သွားတဲ့ လမ်းအကြောင်းရေးတယ်လေ..။ အဲဒီမှာ ထူးခြားတာတစ်ခုတွေ့တယ်.။ အပြန်နေ့ခင်းဖက် လင်းလင်းချင်းချင်းမှာ ပြန်လာမှ တွေ့တာပါ.။ မကွေးတိုင်းဒေသကြီးမှ နှုတ်ခွန်းဆက်သ ပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးအထိ လမ်းတွေ စုတ်ပြတ်နေပြီး၊ မန္တလေးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဆိုတဲ့ နေရာက စလို့ လမ်းတွေ ကောင်းလာတာပဲ.။ တကယ့်ကို တိတိရိရိကြီးနော်.။ ဆိုင်းဘုတ်လေးယှဉ်ထားတဲ့ နေရာက လမ်းကောင်းနဲ့ လမ်းဆိုးဆက်ကြောင်းကြီးပေါ့..။ ဘာတွေကွာသွားလဲမသိ.။ တိုင်းဒေသကြီး စည်ပင်တွေ ကွာလို့ နေမပေါ့လို့ပဲ တွေးလိုက်မိတယ်.။

(၃)
"ခွေးလှေးခုန်လို့ ဖုန်မထ" တို့ "ပျက်စီးနဲ့ ဖျက်ဆီး" တို့ က ခဏခဏ ပြောလွန်းလို့ အီနေပြီ.။ လက်ရေးမှာ ခဏခဏ မှားတာက ရ နဲ့ ၇ သိပ်မှားတာပဲ.။ ရကောက်ကို အဆန်ပါမှ ဖတ်ရတာ အရသာရှိသလို ခံစားရတယ်.။ ရကောက်ကို ၇ နဲ့ ရေးရင် ပေါက်ကရ ဥပမာတွေထွက်လာတတ်တယ်.။ မြန်မာစာဆရာ တစ်ယောက် ပြောဖူးတဲ့ ဥပမာကို သတိရတယ်.။ 
ကလေးနေမကောင်းလို့ ဖအေက တိုင်းရင်းဆေးခန်းသွားပြတော့ တိုင်းရင်းဆေးဆရာက ဆေးပေးပြီး ဆေးညွှန်းရေးပေးလိုက်တယ်.။ "ဤဆေးကို မနက်တစ်ကြိမ် ညတစ်ကြိမ်ေ၇ွးစေ့ခန့် သောက်ပါ " ဆိုပြီးတော့.။ ရွေးစေ့ကိုေ၇ွးစေ့ လို့ ရေးတော့ ကလေးအဖေက ဂွေးစေ့ လို့ ဖတ်လိုက်တယ်.။ ကံကောင်း တာက ဆေးတော့ မတိုက်မိဘူး.။ ဆရာ့ဆီ ပြန်လာမေးတယ်.။ "ဆရာ့ဆေးညွှန်းထဲက ဂွေးစေ့က ကျွန်တော့်ဂွေးစေ့လား ကလေးဂွေးစေ့လား" တဲ့။
အဲဒီလို ပေါက်ကရဥပမာတွေ အများကြီးရှိတယ်.။ တပ်မတော်ဗိုလ်ရွေးအဖွဲ့ (OTT) ကို တပ်မတော် ဗိုလ်ဂွေးအဖွဲ့လို့ ဖတ်မိတာမျိုးတွေပေါ့..။ 

(၄)
ဒီတစ်ခေါက်ရန်ကုန်သွားရတာ တော်တော်အကျိုးရှိသွားတယ်။ မဂ္ဂဇင်းတိုက်က အယ်ဒီတာတွေနဲ့ တွေ့ဖြစ်တယ်.။ ဂျာနယ်က အယ်ဒီတာတွေနဲ့လည်းတွေ့ဖြစ်တယ်.။ အကောင်းဆုံးကတော့ ကဗျာဆရာ တွေနဲ့ တွေ့ပြီး စကားတွေ အများကြီးပြောဖြစ်တာပဲ.။ မရည်ရွယ်ပဲ ကိုတီဇက် အိမ်မှာ ကဗျာဆရာတွေ ဆုံတုန်း ကဗျာရွတ်ကြတော့.ကိုလူဘုန်းက သူ့ရဲ့ မီဒီယာမလေးမိုးသံစဉ်(သို့)ငါတို့ရဲ့ မျှော်လင့်ချက် ရောင်ခြည် ကဗျာကို ရွတ်ရင်းနဲ့ ငိုတော့ ကိုသုလင်းဝေကြီး ကလည်း ငို၊ ကိုယ်ကလည်း မျက်ရည်မဆည် နိုင်။ အနုပညာမှာ ယူနီဖောင်းတွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစည်းအရုံးတွေ မရှိပါလား ဆိုတာ တွေးမိတယ်။

(၅)
ကျွန်တော် မြန်မာပြည်ပြန်ရောက်ကတည်းက မုန့်ဟင်းခါးစစ်စစ်ကို မန်းလေးရောက်မှ စားခဲ့ရတယ်.။ ရန်ကုန်မှာလည်း ကျနော်နေတဲ့ နေရာနားက ဆိုင်က မုန့်ဟင်းခါးဖက် အခြောက်ကို ပြုတ်တဲ့ဟာမျိုး၊ နေပြည်တော်ရောက်တော့လည်း ရုံးကဆိုင်မှာ ရောင်းတာက မုန့်ဟင်းခါးဖက်အခြောက်ကို ပြုတ်တဲ့ဟာမျိုး ။ ၂၇ ရက်နေ့မနက် မန်းလေးရောက်တော့ သိပ်စောနေတာနဲ့ ဘူတာကြီးအောက်က ဆိုင်မှာ မုန့်ဟင်းခါး စားတော့ လျှာပေါ်တင်သွားတဲ့အချိန် ညှစ်မုန့်ဖက်စိမ်းရဲ့ အနံ့ကို တန်းသိလိုက်တယ်.။ စားလို့ကောင်း လိုက်တာ.။ တကယ်ပါ. ။ အစားအသောက်နဲ့ပတ်သတ်ပြီး သိပ်ပြီးဇီဇာကြောင်ရွေးချယ်လေ့မရှိပေမယ့် အဲဒီမုန့်ဟင်းခါး ကိုတော့ တကယ်ကို အရသာခံပြီး စားဖြစ်ခဲ့တယ် ..။

တော်ပြီ..။
(MT)



ရေးသားသူ : မိုးသက် // 9:31 AM
အမျိုးအစား:

2 comments:

  1. မိုးသက်ပြောသလိုပဲ မြန်မာကမ္ဗည်းတွေ တတ်နိုင်သလောက်မှန်မှန်ရေးသင့်တယ်နော်။ ဖေ့ဘုတ်မှာဆိုရင် နောက်ရင်းပြုရင်းနဲ့ မြန်မာစာတွေအတော်လွဲနေပြီ....
    မိုးသက်ရဲ့ဥပမာလေးက ဟာသမြောက်တယ် .... ဟာဟ။
    ဒီကနေ့တောင် အိမ်မှာမုန့်ဟင်းချက်တယ် မိုးသက်နောက်တစ်ခေါက်ရောက်ရင် ဖုန်းဆက်နော်။

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List