Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Monday, April 23, 2012

သားနဲ့ အမေ...

            ( ရေးထားတာတော့ကြာပြီခင်ဗျ.. စာစီစာကုံးကလေးနဲ့ ပိုတူနေတယ်.။ပုံစံကသပ်သပ်ကွဲထွက်နေ
တယ်.။)
                 
ကျွန်တော့်ရဲ့ အမေပေါ့..။ (ရှိခိုးဦးချကန်တော့လျက်ပါအမေ..)
အမေပို့စ်ဆိုပေမယ့် အဖေမပါရင် စိတ်ဆိုးမှာစိုးလို့.. ။ ကျွန်တော့်ရဲ့
အလေးစားဆုံးပုဂ္ဂိုလ်ပေါ့...။

သားနဲ့ အမေ..ဟုတ်သည်..။သား သည် အမေ အတွက် ရင်နှစ်သည်းခြာ..။ မြန်မာ စကားမှာ ဆိုရိုးလိုလိုတစ်
ခုရှိသည်..။သားများကို အမေ များက ပိုချစ်၍ သမီးများကို အဖေများက ပိုချစ်သည်ဆိုတာပဲ ဖြစ်ပါသည်.။
ဒီစကား မှန်မမှန်တော့ မသိပါ..။ တကယ်တမ်းကတော့ သားသမီး ကို မိဘတိုင်းကချစ်သည်..။တောင်းဆိုးပ
လုံးဆိုးသာပစ် ရိုးထုံးစံရှိ ၍ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ ဟု ဆိုထားသည်မဟုတ်ပါလား..။တကယ်ပင် မိဘများက သား သမီးများ အပေါ် ချစ်မြတ်နိုးကြသည်..။ မချစ်ပဲ နေနိုင်ပါရိုးလား ..။သား သမီးကို မိခင် က အသက်ဖြင့်ရင်း၍ မွေးဖွား ခဲ့ကြရသည်..။ တီတီတာ တာ မပြောနိုင်ခင် မိမိ အလိုရှိရာကို မပြောတတ်ခင်က တည်းကသားသမီး များအပေါ် မိဘများက ဘာကိုအလိုရှိသည် .မည်သို့ ဖြစ်လိုသည် ကိုအလိုလိုသိကြသည်
ပဲ..။
          ကျွန်တော့်ပြောစကား မှန်မမှန်ကို သုံးသပ်ကြည့်စေချင်ပါသည်..။ကျွန်တော် ပြောချင်သည်ကသားနှင့်
အမေတို့ရဲ့ စိတ်ချင်းဆက်သွယ်မှု..။သိပ္ပံပညာ အရ ဖြေရှင်း ၍ မရသောကိစ္စရပ်များ ဤကမ္ဘာ တွင် အများ အပြားရှိသည်..။ထိုကိစ္စရပ်များတွင် ကျွန်တော် အထက်တွင်တင်ပြခဲ့သော သားသမီး နှင့် မိဘစိတ်ချင်းဆက်
သွယ် မှုလည်းအပါအ၀င်ဖြစ်သည်..။ အယူသီးမှု တစ်ခု ဟု မှတ်ယူမည်လား..။ ဒါက တော့ တစ်ဖက်စွန်း
ရောက်သည့်ကိစ္စ တစ်ခု မဟုတ်ပါ ..။ သားသမီးနှင့်မိဘ ဆက်ဆံရေးသည်. အလွန်ရိုးစင်းလှသော လူမှုရေး
ဆက်ဆံမှု တစ်ခုဖြစ်သည် ..။တစ်ဖက်တွင်လည်း အလွန်ပင်သိမ်မွေ့ သော အလွန်ပင် နက်ရှိုင်းလှသော
မေတ္တာတရားတို့ ၏ ဆန်းကြယ်မှု များလည်းပါဝင်နေပေသည်..။ကျွန်တော် တစ်ခုလောက်ရှင်းပြပါရစေ..။
လူမဆိုထားနှင့် တိရစ္ဆာန်ဖြစ်သော ပင်လယ် လိပ်မ ကြီး များကိုကြည့်ပါ..။ လိပ်မကြီးသည် .ပင်လယ်ကမ်းစပ်
သာင်ပြင်တစ်နေရာတွင် သဲကျင်းယက်၍ ဥများ ဥချခဲ့သည်..။သို့ရာတွင် မည်သည့်အခါမှ ပြန်လာခဲ့ခြင်းမရှိ။
ထိုဥများကိုဒီအတိုင်းသာပစ်ထားခဲ့သည်..။ဥ များ အကောင်ပေါက်ချိန် တန်သော်.. သူ့ဖာသာ ဒီအတိုင်းသာ အကောင်ပေါက်လာကြသည်..။လိပ်ပေါက်ကလေးများ မှာလည်း ပင်လယ်လှိုင်းတက်ချိန်တွင်မိမိတို့ဖာသာ
ပင် ပင်လယ်ထဲသို့ ပြန်လည်ဆင်းသက် ကြရသည်..။ သို့ရာတွင် ထူးခြားလှသော အချက်တစ်ချက်ရှိသည်..။ အဆိုပါ မိခင်လိပ်မကြီးအားလူများ ကြောင့်ဖြစ်စေ..၊ အခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ သေဆုံး
သွားပါက အဆိုပါလိပ်ပေါက်ကလေးများ ဥမပေါက်လာ ကြခြင်းပင်ဖြစ်သည်...။ ထိုအရာကား သိပ္ပံပညာ ဖြင့်
ဖြေရှင်း၍ မရနိုင်သော အချက်တစ်ချက်ပင်ဖြစ်သည်..။စိတ်ချင်း ဆက်သွယ်မှု ဆိုတာကထိုကဲ့သို့ပင်ဖြစ်
သည်...။
          ကျွန်တော့်အသက် အဲဒီတုန်းက ၁၄ နှစ် ..။ဆိုတော့ကျွန်တော် ၉ တန်း နှစ်က ဖြစ်သည်။အမေ့ဘက်
ကအဘွား ဆုံးသည် ဟုကြေးနန်းရရခြင်းပင် အမေ၊ကျွန်တော် နှင့် ညီမလေးတို့ အမေ့ဇာတိဖြစ်သောမိုးကုတ်
မြို့သို့ သွားကြသည်..။ မိုးကုတ်မှာ အမေ့ ဆွေမျိုးသားချင်း မောင်နှမတွေရှိသည်..။ကျွန်တော် တို့ကတော့က
လေးသာသာ မျှရှိ၍ မောင်နှမများ ပြန်ဆုံ ခိုက်တွင် မီးပွင့်အောင်ဆော့ ကြသည်..။ အမေတို့ ညီအစ်မတွေ
ကတော့ အဖွား ရက်လည် အထိ အလုပ်ရှုပ်ကြတုန်း ..။တကယ့်ကိစ္စဖြစ်မည့်နေ့က ကျွန်တော်နှင့်တစ်ခန်း
တည်းအိပ်သည့် အစ်ကိုက အိမ်ပြန် နောက်ကျသည်..။ အချိန်ကည ၁၁ နာရီလောက်ရှိမည်.။အမေနှင့်အမေ့
အစ်မကျွန်တော့်အဒေါ်ကဟိုးဘက်အော်ခေါ်လျှင်ကြားနိုင်လောက်သည့်အခန်းမှာရှေးဟောင်းနှောင်းဖြစ်တွေ
ပြောဆိုနေကြသည်.။ဖြစ်ချင်တော့  မီးကလည်း ပျက်နေသည်..။ ဖယောင်းတိုင်ကို ထွန်းထားရင်း ကျွန်တော့်
ခြင်ထောင် အမှတ်မထင် ချလိုက်သည်..။ ခြင်ထောင်ကိုမီးစစွဲသည်..။အခန်းက ဖော်မေကာပလတ်စတစ်ပြား
တွေ တစ်ခန်းလုံးကပ်ထားသည်..။ကျွန်တော် တစ်ယောက်တည်းကျိတ် ငြိမ်း နေရင်း မီးက များသထက်များ
လာသည်..။အခန်း များကလည်း အလုံပိတ် အခန်းများဖြစ်ရာ တံခါးခေါက် သံမှလွဲ၍ အခန်းထဲ တွင်ဂစ်တာ
တီးလျှင်ပင်အပြင်မှ မကြားရ..။ အခန်း နံရံများပင် မီးခိုးစွဲစပြုနေပြီ..။ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိခင်
မှာပင် ..။ အပြင်မှ တံခါးထုရိုက်သံကြားရသည်..။ တံခါး ဖွင့်လိုက်တော့ .. အမေ.။အမေ ကချက်ခြင်းဝင်လာ
ပြီးခြင်ထောင်ကိုဖြုတ်သည်..။ကျွန်တော့် အဒေါ် အမေ့အစ်မက ရေတစ်ပုံးယူလာပြီး ပက်လိုက်မှမီးကဦးကျိုး
သွားသည်..။ထို့နောက်မှ ရေ ၂ပုံးခန့် ထပ်လောင်းလိုက်မှ ...မီးလုံးဝငြိမ်းသွားသည်..။အမေက ကျွန်တော့်ကို
ဖက်၍ငိုပါသည်...။ အမေနှင့်အဒေါ်စကားပြောနေရင်း ညှော်နံ့တစ်ခုရလျှင်ရခြင်း ကျွန်တော့်ကို ဖြတ်ခနဲ သ
တိရ၍ ပြေးလာခြင်းဖြစ်ကြောင် အမေက မျက်ရည်များနှင့်မချိတင်ကဲဆိုသည်.။
          အမေ ဘာ့ကြောင့်ကျွန်တော် ဒုက္ခရောက်နေချိန်မှာ ဒီလိုသိရပါသနည်း..။အမေတို့ နေသောအခန်းနှင့် ကျွန်တော် အိပ်သောအခန်းမှာ တစ်ဆစ်ချိုး အကွေ့ ၂ ခါပြန်ကွေ့မှရောက်သော အနေအထားရှိသည်.။ညှော်
နံ့ထွက်သည်မှာလည်း မိုးကုတ်မြို့သည် ကျောက်တွင်းလုပ်ငန်းနှင့် တောင်ယာ လုပ်ကိုင်စားသောက်သူများ
ပေါများသည်မြို့ပီပီ.တောင်ယာမီးရှို့သည်က ထူးဆန်းသည်မဟုတ်. ။ အခြားအညှော်နံ့များအဖြစ်ထင်စရာ
အကြောင်းလဲရှိသည်.။ မိခင်တစ်ယောက်ရဲ့ သား သမီးအပေါ်သက်ရောက်နေသော..မေတ္တာဓါတ်အဟုန်က သတိပေးလိုက်သည်လား.။ အ ကယ်၍ အမေသာရောက်မလာပါကကျွန်တော် ဒီပို့စ်ကိုပင်တင်နိုင်တော့မည် မဟုတ်ပါ...။ ဒါကကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်ပင်ဖြစ်ပါသည်.။
           ကျွန်တော်တို့သည် လူသားများဖြစ်ပါသည်..။လူမှန်လျှင် ကျေးဇူးသစ္စာကိုစောင့်သိရပါမည်..။ကျေးဇူး
ရှင် များစွာရှိသည့်အနက်မှ အနီးကပ်ဆုံးနှင့် ကျေးဇူးအကြီးမားဆုံးဖြစ်သော မိဘ တို့ ကျွေးမွေးစောင့်ရှောက်
ခြင်းသည် လည်း ကျွန်တော်တို့ မြန်မာ နိုင်ငံ ၏ ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပါသည်..။ ထို့အပြင် ဗုဒ္ဓဘာသာ
မြန်မာလူမျိုးသားသမီးတိုင်း အတွက် သားသမီးဝတ်ငါးပါး ကိုလည်းကျေပွန်စေရာရောက်ပါသည်..။ ယခုအခါ
ကျွန်တော်ရောက်ရှိနေသော ရုရှားနိုင်ငံတွင်မူအနောက်တိုင်း၏ဓလေ့ထုံးစံ အရ ကိုယ့် အားကိုယ်ကိုး ကြသူ
များဖြစ်သည့်အားလျော်စွာ ၁၈ နှစ်ပြည့်သည်နှင့် မိဘကိုစုံကန်ကြပါတော့သည်..။ကျွန်တော်မကြာခဏတွေ့
ရသည်။အသက် ၇၀ ကျော် ၈၀ အဘွားကြီး၊ အဘိုးကြီးများ ...။ မိမိ တို့ ၀မ်းစာအတွက်မိမိတို့ဖာသာရုန်းကန်
ကြရသည်။ကူညီသူမရှိ ၊ ဖေးမသူမရှိ နှင့် အတော်ပင်ဒုက္ခရောက်ကြပါသည်..။ကျွန်တော်တို့ အိုမင်းသွားရင်
ဒီလိုဖြစ်မှာလား လို့ မေးတဲ့သူ မရှိကြဘူးလား ဟု ပင်စဉ်းစားမိလိုက်သည်...။
           အမေ တဲ့...။ ဒီစကားလုံးလေးက အတော်ပင် ရိုးစင်းလှ ပါသည်..။ဒါပေမယ့် ဒီစကားလုံးကပင်ကမ္ဘာ
ပေါ်တွင် အလှပဆုံးနှင့် အဆန်းကြယ်ဆုံး အမွန်မြတ်ဆုံး စကားလုံးလေးဖြစ်ကြောင်းကို မည်သူကငြင်းနိုင်ပါ
မည်နည်း...............။



ရေးသားသူ : မိုးသက် // 12:02 PM
အမျိုးအစား:

17 comments:

  1. ပထမဆုံးသတိထားမိတာက အဖေနဲ့အမေက တော်တော်ရုပ်ဆင်တယ်နော်.. ဖူးစာဖက်အစစ်တွေက ရုပ်ချင်းဆင်တယ်လို့ကြားဖူးတာ မှန်လောက်တယ်. အဲလိုဆင်တဲ့ စုံတွဲတွေ ခဏခဏတွေ့ဖူးတယ်.. ပြီးတော့ မောင်လေးရဲ့ မိဘအပေါ်ထားရှိတဲ့ အချစ်နဲ့ တန်ဖိုးထားမှုကိုလည်း ထင်ထင်ရှားရှားမြင်ရပါတယ်

    ReplyDelete
  2. မောင်လေးကအမေနဲ့တူတယ်နော်..
    အမေ တဲ့...။ ဒီစကားလုံးလေးက အတော်ပင် ရိုးစင်းလှ ပါသည်..။ဒါပေမယ့် ဒီစကားလုံးကပင်ကမ္ဘာ
    ပေါ်တွင် အလှပဆုံးနှင့် အဆန်းကြယ်ဆုံး အမွန်မြတ်ဆုံး စကားလုံးလေးဖြစ်ကြောင်းကို မည်သူကငြင်းနိုင်ပါ
    မည်နည်း...............။

    ReplyDelete
  3. မေမြို့ မိုး အမေကချောလိုက်တာ အရမ်းဘဲ။မျက်လုံး မျက်ခုံးလည်းလှတယ်။

    ReplyDelete
  4. ဖတ်ရတာ ကိုယ်တိုင်ခံစားရသလိုပဲ ။ ကောင်းတယ် သယ်ရင်း ။ ဒါနဲ့ အဖေမပါရင် စိတ်ဆိုးမှာစိုးလို့ဆိုရင် အဖေအတွက် သက်သက် post လေး ထပ်ရေးလိုက်လေ ။ မျှော်နေမယ် သယ်ရင်းရေ...:)

    ReplyDelete
  5. @naymin
    အဖေ့အကြောင်း http://maymyomoe90.blogspot.com/2012/01/blog-post_23.html မှာရေးထားတယ်သူငယ်ချင်း.။

    ReplyDelete
  6. အမေတွေက ကိုယ့်သားသမီးနဲ့ စိတ်ချင်းဆက်နေကြတယ်ထင်တယ်။ အစ်မလည်း ဒီမှာ တစ်ခုခုဖြစ်တယ်ဆို ဘယ်သူမှကိုတောင် အသိမပေးသေးဘူး။ အစ်မအမေက ဖုန်းဆက်ရော။

    ReplyDelete
  7. အမေတွေနဲ့သားသမီးနဲ့ စိတ်ချင်းဆက်နေကြတာမှန်တယ်
    ဘာလို့လဲဆိုတော့ကျွန်တော်ပိုက်ဆံပြက်ခါနီးတိုင်းအမေက
    "သား..ပိုက်ဆံရှိသေးလားလို့ဖုန်းဆက်မေးနေကျလေ.."
    :p

    ReplyDelete
  8. အမေတူသားလေးေ၇ မမကျားလာဖတ်သွားတယ်နော်

    ReplyDelete
  9. ဖတ်ရတာ ရင်ထဲမှာတမျိုးပဲ
    အရေးအသားလေးကောင်းသလို
    အဖြစ်အပျက်ကလေးတွေကို
    စာစီထားတာကလဲအရမ်းပဲ
    ဖတ်လို့ကောင်းတယ် ညီ

    ReplyDelete
  10. ခံစားသွားတယ်အကိုရေ

    ReplyDelete
  11. မိုးသက်ရေ
    အမေ ဆိုတာ လောကကြီးမှာတုနှိုင်းစရာမရှိတဲ့
    လူသားတစ်ဦးပါ..

    ReplyDelete
  12. ဟုတ်တယ်ညီရေ ..... ကမ္ဘာမှာ ဒီစကားလုံးကမရှိလို့မဖြစ်သလို....မိဘတွေရဲ့မေတ္တာတရားဆိုတာလည်း ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ပါဘူးကွာ.....

    ReplyDelete
  13. စာဖွဲ့မကုန်တဲ့ မိဘမေတ္တာပါလားနော်..
    အဲဒီချိန်ကသာ မိုးသက်မေမေသာ ရောက်မလာဘူးဆိုရင် မစဉ်းစားရဲစရာနော်..
    ထူးဆန်းပြီး လေးနက်လှတဲ့ မိဘမေတ္တာကို ဆင်ခြင်မိရပါတယ်။

    ReplyDelete
  14. ညီလေးရေ နောက်ကျမှရောကလာတာ နားလည်ပေးပါ။ပို့လေးကို သေချာဖတ်သွားပါတယ်။စကားမစပ် အမေတူသားထင်တယ်

    ReplyDelete
  15. အားလုံးရဲ့ ထိပ်ဆုံးမှာရှိတဲ့ ဣထိလိင်...

    ReplyDelete
  16. အံ့သြစရာပါပဲ.အဖြစ်အပျက်လေးက...

    ReplyDelete
  17. ဒီစာကို ဖတ်နေချိန်မှာ ကျွန်မ မေမေက ကျွန်မနဲ့အတူ ရှိနေခဲ့တယ်။ မေမေနဲ့အတူတူ အမေအကြောင်းရေးထားတဲ့ စာလေးတစ်ပုဒ်ကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ခင်လျက်
    မြတ်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List