ဟိုးတစ်နေ့က စာတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဘယ်နှခုနှစ်မတိုင်မီက လူတွေက မီတာ ၂၀၀ ကို ဘယ်နှစက္ကန့်နဲ့ပြေးဖို့ မဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြတဲ့အကြောင်း၊ လူတစ်ယောက်က အဲ့ဒီစံချိန်ကို ချိုးပြသွားပြီးတဲ့အချိန်ကျ သိပ်မကြာခင်မှာ သူ့စံချိန်ကို ချိုးတဲ့လူတွေ ထပ်ပေါ်လာတဲ့အကြောင်း။ ကိုယ်က မလိုတဲ့ ဂဏန်းတွေ သိပ်မမှတ်တတ်လို့ Records တွေမမှတ်မိပေမယ့် သူရေးထားတာ အဲ့ဒီသဘော။ သူ့ဆိုလိုရင်းက လူတွေက စိတ်ထဲက မဖြစ်နိုင်ဘူးထင်တာတွေကို Limit တစ်ခုထားထားတော့ အဲ့ဒီထက် မကျော်ကြတာ။ ဖြစ်နိုင်တယ်ဆိုတဲ့ အသိဝင်လာတာနဲ့ အဲ့ဒီ Limit ကို ကျော်သွားနိုင်တဲ့ အကြောင်း၊ စိတ်ဓာတ်ခွန်အားပေါ့။
အဲ့ဒီစာဖတ်ရတဲ့အချိန် ဆယ်တန်းတုန်းကအကြောင်းကို သတိရတယ်။ ဆယ်တန်းမတက်ခင်က မန္တလေးက အဘိုးလေးတို့က သူတို့ဘော်ဒါဆောင်မှာထားဖို့ မေမြို့ထိ တက်ခေါ်တယ်။ လမ်းမှာ အဘိုးလေးက ပြောလာတာ။
"မင်းကတော့ ပြိုင်ဘက်တွေတွေ့နေပြီကွ။ ပိုင်ခန့်ကြီးနဲ့ ကောင်းကိုကိုမောင်ဆိုတဲ့ တစ်ယောက်က ရေသည်ပြဇာတ် ခက်ဆစ် ၁၅၇ လုံးကို တစ်ထိုင်တည်းနဲ့ အရကျက်ပြီး လာပြန်တာ။ မင်းလည်းအဲ့လိုရရင် မုန့်ဖိုး ၃၀၀၀ ပေးမယ်ကွာ" တဲ့။ ပိုင်ခန့်ဆိုတာက ၁၃ ကျောင်းက၊ ၉ တန်းတုန်းက ကျနော်နဲ့ တိုင်းအဆင့် ကျပန်းစကားပြောပွဲမှာ မဟာအောင်မြေကိုယ်စားပြု လာပြိုင်တဲ့ သူငယ်ချင်း (အခုသွားဆရာဝန်) ဆိုတော့ သူနဲ့က သိတယ်။ စာလည်း တော်တယ်။ ကောင်းကိုကိုမောင်ဆိုတဲ့ သူငယ်ချင်းကိုတော့ မသိသေး မမြင်ရသေး။ အရင်ဆုံးတွေးမိတာက သူတို့တောင် ကျက်လို့ရတယ်ဆိုတာ ဒါက ကျက်လို့ရတဲ့ဟာဖြစ်မှာပဲ ဆိုတဲ့အတွေး။ မုန့်ဖိုး ၃၀၀၀ ကို အရမ်းမက်တယ်တော့မဟုတ်ပေမယ့် ဒါက သိက္ခာပိုင်းဆိုတော့ ကျက်ရမယ်ဆိုတဲ့ အတွေးတော့ရှိတာပေါ့။
မန်းလေးအိမ်ရောက်တော့ ၄ နာရီ။ ပိုင်ခန့်ကြီးက အဆောင်ရှေ့က ရေတမာပင်တွေနားမှာ အာပြဲကြီးနဲ့ စာအော်ကျက်နေတာ၊ ကျနော့်ကို မြင်တော့ ပြုံးပြပြီး လူကောင်သေးသေးကျနော့် ပခုံးကို သူ့လက်ဝါးအကြီးကြီးနဲ့ ဘုတ် ကနဲ ပုတ်ပြီး နုတ်ဆက်တယ်။ နောက်သူပဲ ကျနော့်သေတ္တာကိုမ အပေါ်ထပ်ကိုတင်ပေးတယ်။ အပေါ်မှာ အိပ်ရာဘာညာခင်း၊ အဝတ်အစားလဲပြီးတာနဲ့ စာအုပ်ယူပြီး တန်းကျက်ရတော့တာ။ ၄ ခွဲလောက်ပေါ့။
နောက် ၈ နာရီလောက်ကျတော့ ကျနော် အဲ့ဒီရေသည်ပြဇာတ်ရဲ့ ခက်ဆစ် ၁၅၇ လုံးကို ဆရာမဒေါ်စန်းစန်းမြင့်ဆီ သွားပြန်တော့တာ။ ပထမ တစ်ခေါက်က မေ့တာတွေ များနေလို့ ဆရာမက ပြန်လွှတ်တယ်။ နောက်တစ်ခါကျတော့ ၁၅၇ လုံး ကရောကပါး = "ကတိုက်ကရိုက်၊ အလောတကြီး" ကနေ ဧကရာဇ် = "တစ်ပါးတည်းသောမင်း " အထိ ပြန်ပြီးတဲ့အချိန်မှာ အဘိုးလေးက ၃၀၀၀ မုန့်ဖိုးပေးတယ်။ အဲ့ဒီကျမှ ကျနော်သိတာက ပိုင်ခန့်ရော ကောင်းကိုကိုမောင်ရောက အဲ့ဒီအချိန်ထိ ကျက်တုန်း၊ တကယ်လည်း မရကြသေးဘူး။
နောက် ညပိုင်းကျတော့ ပိုင်ခန့်ကြီးလည်း ရသွားတယ်။ မောင်ကောင်းလည်း ရသွားတယ်။ ပြောချင်တာက မဖြစ်နိုင်ဘူးထင်ရတဲ့ အရာကို ဒါကြီးက သူများလုပ်ပြီးသားကြီး ဖြစ်ကိုဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ဝင်အောင် အဘိုးလေး(ဆရာကြီး) က ကျနော့်ကို တစ်ဖက်လှည့်နဲ့ ယုံကြည်ချက်သွင်းပေးလိုက်တာ။
အဲ့ဒီ ယုံကြည်စိတ်က တကယ်ထူးဆန်းတယ်။ အစောပိုင်း အင်တာနက်သုံးတဲ့လူတွေ မှတ်မိကြမယ်ထင်တယ်။ Flappy bird ဆိုတဲ့ Game လေးတစ်ခုရှိတယ်။ Vertical Pile တွေကြားမှာ ငှက်ကလေးကို ဆန့်ငင်ဆန့်ငင်နဲ့ ခုန်ရတာ။ Pile တစ်ခု ကျော်ဖို့ကို မလွယ်တာ။ Pile တစ်ခုကျော်ရင် ၁ လို့ စ မှတ်တာ။ ၃ တို့ ၄ တို့ရရင် အကောင်ပဲ။ ကျနော်တို့ သူငယ်ချင်းတစ်စု ကျောင်းမှာ အားတိုင်း အဲ့ဒီဂိမ်းကို ဆော့ရင်း ၁၀~ ၁၅ ပတ်ချာလည်လောက်ရောက်လာကြတယ်။ အဲ့ဒီအချိန် ကျနော်နဲ့ ဝက်ကြီးလို့ နာမည်ပြောင်ပေးထားတဲ့ ကျနော်နဲ့ ФФКА ဌာနတူ မျိုးမြတ်သန့်ဆိုတဲ့ သူငယ်ချင်းနဲ့ အချင်းချင်း ပြိုင်နေကြတာ။ ဘာကြေးမှတော့မဟုတ်ဘူး ယောက်ျားလေးချင်း သိက္ခာကြေးပေါ့လေ။
ဂိမ်းက အတော်လေး ခက်တော့ ကျောင်းအပြန် အဆောင်မှာပါ ဆော့ပြီး Hightest score ကို နောက်ရက် မနက်ပြပြီး ပြိုင်ကြတယ်။ အဲ့ဒါလည်း သူမသာ ကိုယ်မသာဖြစ်နေတာနဲ့ တစ်ရက် ကျနော့်က ညစ်ဖို့ ကြံတယ်။ Root ဖောက်ထားတဲ့ ကျနော့် Sony Xperia ဖုန်းလေးထဲက Data ဖိုင်တွေထဲ PC နဲ့ချိတ်ပြီး System File တွေထဲ ဝင်ရှာတယ်။ ရှာတော့ အဲ့ဒီ Highest score ကို xml file ထဲမှာ Integer Value နဲ့ သိမ်းထားတာ တွေ့ပါရော။ အဲ့ဒီမှာ ကျနော် 80 လို့ပြင်လိုက်တယ်။
ပုံမှန်ဆို ကျနော်တို့ ၂ ကောင်လုံးဟာ ၂၀/ ၂၅ ထက်ပိုမရဘူး။ ကျနော့်ရဲ့ Highest score က ၈၀ ဖြစ်နေပြီ။ နောက်ရက်မနက်ကျတော့ ကျနော်က ဝက်ကြီးကို ပြတယ်။ ငါမနေ့ညက ၈၀ ထိရောက်သွားတယ်ပေါ့။
ဝက်ကြီးက မျက်နှာပျက်သွားတယ်။ ဒီကောင် အဲ့နေ့က စာသင်ခန်းနောက်ကျောမှာ၊ အိမ်သာထောင့်မှာ၊ အဆောင်မှာ၊ သူ့အခန်းမှာ တကုတ်ကုတ်နဲ့ ဆော့နေတာ။
ညနေကျတော့ ကျနော်ဈေးမသွားခင် သူ့ရဲ့ HTC ဖုန်းလေးကို လာပြတယ်။
WTF... ဒီကောင့် Highest Score က ၁၀၁ ဖြစ်နေပြီ။
ဒီကောင်ရော ကျနော့်လို Cheat ထားတာလားလို့ မေးရအောင်လည်း အဲ့လိုမဟုတ်ဘူး။ ဒီကောင်က သူ့ဖုန်းသူ Root ဖောက်ဖို့နေနေသာသာ ကွန်ပျူတာက Uninstall ကို ယူနီစတော၊ Adobe ကို အဒုတ် လို့ ဖတ်တဲ့ အုပ်စုက။
အဲ့ဒါနဲ့နောက်ရက် ကျနော့် Highest score ကို ၁၉၀ ကျော်ထိ ရွှေ့တယ်။ ဒီကောင့်ကိုသွားပြတယ်။ ဆရာသမား အသေအလဲဆော့ပြီး ၂၀၀ ကျော်ထိ ရောက်သွားတယ်။ ကျနော်သူနဲ့ ဆက်မပြိုင်တော့ဘူး။ သူနိုင်သွားတယ်ဆိုတာ ကျနော့်စိတ်ထဲက အသိအမှတ်ပြုလိုက်တယ်။ (အဲ့ဒါပြီး ကျနော်ကိုယ့်ဖာသာ ပြန်ဆော့ကြည့်တော့ ၃၅ လား ၄၀ လား ရတာ) ယောက်ျားချင်းချင်း၊ သူငယ်ချင်းအချင်းချင်းဆိုတော့ ပါးစပ်ကတော့ အရှုံးမပေးဘူးပေါ့။ ဒါပေမယ့် ဒီစာကို သူမဖတ်ရခင်အထိ ကျနော် Cheat ခဲ့တယ်ဆိုတာ သူသိမှာမဟုတ်။ ဒါပေမယ့် ကျနော့် Highest score ကို ကြည့်ပြီး ဒါကြီးက ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကြီးကို ဒီကောင်ရသွားတာ။
လူတွေရဲ့ ယုံကြည်ခြင်း စိတ်ခွန်အားက အတော်အရေးကြီးတယ်။ မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုတွေးနေရင် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြီးက ဖြစ်နိုင်တဲ့ သာမန်အရာတစ်ခုပါ လို့ ယုံကြည်သွားတဲ့တစ်နေ့ဟာ အကုန်ဖြတ်ကျော်သွားနိုင်တဲ့အရာတွေချည်းပါပဲ။


0 comments:
Post a Comment
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......