စမြင်ခါစက ကလိကလိဖြစ်နေသလောက် ရေးမယ်ရေးမယ်နဲ့ အလုပ်တွေကြားထဲ ညပ်ညပ်ပါသွားတဲ့ ကိစ္စလေးတစ်ခု သတိရသွားတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Facebook ပေါ်မှာ မကြာခဏ တက်လာတတ်တဲ့ မြန်မာစကားပုံများရဲ့ အဓိပ္ပာယ်ဆိုတဲ့ စာအရှည်ကြီးများပါ။ ကျနော်မှတ်မိသလောက်၊ မယားနေစ ကြောင်သေမှ၊ လင်နေစ ဆင်သေမှ ဆိုတဲ့ စကားပုံတွေရဲ့ မူရင်းအဓိပ္ပာယ်ဆိုတာရယ်။ "အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်" ဆိုတာတွေကို မိမိသဘောနဲ့ လျှောက်ပြင်၊ အဓိပ္ပာယ်တွေဖွင့်ပြီး "အသီးမှာ တစ်ရက်၊ အသားမှာ ထက်ဝက်၊ အရွက်မှာ လက်ဖဲ့" ဆိုတဲ့ စာရေးဆရာက ပြောသလိုလို၊ ဆရာတော်က မိန့်သလိုလို ဗဟုသုတ အတုအယောင်တွေနဲ့ စာအရှည်ကြီးတွေရေးလာကြတာပါ။
မယားနေစ ကြောင်သေမှ ဆိုတဲ့ အဓိပ္ပာယ်ဟာ တစ်ချိန်က သားကိုသခင်၊ လင်ကိုဘုရားဆိုတဲ့ မဟာဖိုဝါဒကြီးစိုးခဲ့တဲ့ မြန်မာ့လူမှုဝန်းကျင်မှာ အမျိုးသမီးက ခင်ပွန်းသည်ကို ကြောက်ရွံ့ရိုကျိုးလာအောင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ရင်းပြီး အိမ်ထောင်ဦးစီး အာဏာပြရတဲ့ အဓိပ္ပာယ်ကို ဆိုလိုပါတယ်။ စာအရှည်ကြီးထဲကပါသလို သဝန်ကြောင်၊ ဘာကြောင်၊ ညာကြောင် (မှတ်မှတ်ရရ အဲ့ဒီ ကြောင်တွေထဲမှာ ခေတ်ပေါ် ဗန်းစကားဖြစ်တဲ့ ဖွန်ကြောင်ဆိုတာတောင် ပါတယ်နဲ့တူပါတယ်။) အဲ့ဒီလိုတွေမလုပ်ရဘူးဆိုတဲ့ ဆုံးမစာလိုလို၊ ရှေးစကားလိုလို ဘာလိုလိုနဲ့ ဖျက်ထားတာပါ။
နောက်တစ်ခု အသီးမှာ တစ်ရက်၊ အသားမှာ ထက်ဝက်၊ အရွက်မှာ လက်ဖဲ့ ဆိုတာကတော့ ပိုဆိုးသွားပါပြီ။ မူရင်း မြန်မာစကားပုံက အင်မတန်ရိုးရှင်းပါတယ်။ အသီးတွေထဲမှာ အနံ့အရသာ အကောင်းဆုံးဖြစ်ပြီး ရာဇဝင်နိပါတ်တော်တွေအထိ သရက်သီးပါဝင်တဲ့ ဇာတ်တွေ အများဆုံးရှိလောက်အောင်ကို ထူးခြားလို့ အသီးတွေရဲ့ ဘုရင်လို့ သတ်မှတ်ခံရတဲ့ သရက်သီး၊ အဆီ၊ အခေါက်၊ အသားတွေနဲ့ အချိုအရသာကဲလွန်းတဲ့ ဝက်သားနဲ့ ခါးသက်တဲ့ အရသာဖြစ် ပေမယ့် ဆေးဖက်ဝင်သလို၊ သုတ်စားလို့လည်းရ၊ လက်ဖက်ရည်အချိုအခါး စတာတွေပြုလုပ်လို့လည်းအဆင်ပြေပြီး မင်္ဂလာအခမ်းအနားတွေ၊ ပွဲတွေမှာ အမြတ်တနိုး ဧည့်ခံကျွေးမွေးရာမှာ မဖြစ်မနေသုံးရတဲ့ လက်ဖက် စတာတွေကို တင်စားပြီး ခေါ်တဲ့ အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက် ဆိုတဲ့ စကားပုံကို အချို့သော စာရေးကောင်းသူတွေ မိမိဖာသာ တီထွင်ဖန်တီးထားတဲ့ စကားပုံတွေနဲ့ ဖျက်ဆီးနေကြတာပါ။
အဲ့ဒီလိုစာတွေကို အတုအယောင်ဗဟုသုတ(Pseudo Knowledge) လို့ခေါ်ပါတယ်။ အဲ့ဒီလို သုတအတုအယောင်တွေ ခေါင်းထဲမှာ အင်မတန်များပြီး လူတကာကို ဆရာလိုက်လုပ်နေတဲ့လူတွေကို Pseudo-intellectual လူတွေလို့ခေါ်ပါတယ်။ အဲ့ဒီလူတွေဟာ အသိပညာ(သို့) အတတ်ပညာတစ်ခုခုကို တတ်မြောက်အောင် စနစ်တကျ လေ့လာဖို့ထက် လူပြိန်းတချို့ဆီက ဗဟုသုတ ကြွယ်ဝတယ်ဆိုတဲ့ အထင်ခံရနိုင်တဲ့အချက်အလက်တွေကိုပဲ စုဆောင်းမှတ်သားပြီး ဖြန့်ဝေတတ်ပါတယ်။
ကျနော်တို့ပတ်ဝန်းကျင်မှာ၊ လူမှုကွန်ရက်တွေမှာ Pseudo-Intellectual ပုဂ္ဂိုလ်တွေ အင်မတန်များလာပါတယ်။ တချို့ လူငယ်လူရွယ် ခေတ်ပညာတတ်တွေတောင် သူတို့ရေးသားတဲ့ Pseudo knowledge တွေကို အမှန်ထင်နေကြတာပါ။ မြန်မာစကားပုံတွေဟာ ခေတ်ကို ပြပါတယ်။ မြန်မာ့သမိုင်းကို ပြပါတယ်။ မြန်မာ့ရိုးရာ ပုံပြင်တွေကို ညွှန်းပါတယ်။ မြန်မာစကားပုံတွေကိုကြည့်ရင် မြန်မာ့ဓလေ့နဲ့ မြန်မာ့လူမှုဝန်းကျင်ကို မြင်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ ဒေသပေါက်ပင်တွေနဲ့ စိုက်ပျိုးရေးသီးနှံ အစားအသောက်တွေကို စေ့ငုနိုင်ပါတယ်။ အဲ့ဒီလို တန်ဖိုးကြီးမားတဲ့ မြန်မာ့စကားပုံတွေရဲ့ မူရင်းအဓိပ္ပာယ်တွေကို ပျက်အောင် သုတအတုအယောင်တွေနဲ့ ဖျက်ဆီးနေတာက အတော်လေး အန္တရာယ်ကြီးတယ်လို့ မြန်မာစာကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်အနေနဲ့ မြင်မိကြောင်းပါခင်ဗျာ။


0 comments:
Post a Comment
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......