Wednesday, July 10, 2013
သူနှင့် ကျွန်တော်
သူနှင့် ကျွန်တော် စတင်သိကျွမ်းခဲ့သည်မှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က မဟုတ်ခဲ့ချေ..။ စစ်တက္ကသိုလ် အနော်ရထာတပ်ရင်း ဒုတိယနှစ်မှ အမှတ် (၁၁) တပ်ခွဲနှင့် (၁၂) တပ်ခွဲ တစ်ခြမ်းစီ အတူနေ ကြ သော ငါးထပ် အိပ်ဆောင်ကျမှ အိပ်ဆောင်တူချင်း အဖြစ် စတင် မျက်မှန်းတမ်းမိခြင်းဖြစ်လေသည်.။ သုံးနှစ် သင်ကြားရသော ခေတ်ဖြစ်သည့်အားလျော်စွာ စီနီယာဝမ်း ဟုခေါ်တွင်သော ဒုတိယနှစ်ဗိုလ်လောင်းဘ၀ နှစ်ကုန်ပိုင်း အချိန်တွင်မူ သူနှင့် ရင်းနှီးလာခဲ့သည်.။ သို့ရာတွင် အကျွမ်းတ၀င်တော့ မရှိလှ.။
တတိယနှစ် ဗိုလ်လောင်းဘ၀ နှစ်စမှ ကျွန်တော်တို့ တပ်ခွဲ အောင်စစ်သည်ဆောင်သို့ မပြောင်းမီ ကာလ အတောအတွင်း တွင်မူ သူနှင့် အထိုက်အလျောက်ရင်းနှီးလာခဲ့သည်.။ ဂစ်တာတီးဝါသနာပါသူ များဖြစ် လေရာ. အချင်းချင်း ရင်းနှီးမှုရှိခဲ့ကြသည်.။ သူဝယ်ထားသော ဂစ်တာကလည်း ကျွန်တော်တို့ အိပ်ဆောင်တွင် အသံအကောင်းဆုံးဟု သတ်မှတ်ကြသည် ဖြစ်လေရာ. ဂစ်တာကောင်းမြင်လျှင် မနေနိုင်သော ကျွန်တော့်အ တွက် သူ့အခန်းသို့ဝင်ချည် ထွက်ချည်ရှိခဲ့သည်.။ သို့နှင့်ပင် ကျွန်တော်တို့ အဆောင်မပြောင်းခင် အောင်ပြည့်ဖြိုးငြိမ်းဟုခေါ်သော သူ၊ ကျွန်တော်၊ စိုင်းမျိုးသူ၊ မင်းမင်းထွန်းနှင့် သီဟတင်ငွေ (ယခုညီမင်းထွဋ်) တို့ပေါင်း၍ သုံးနှစ်သုံးမိုး ဟူသော အခွေတစ်ခွေတစ်ခု လုပ်ရန် စီစဉ်ခဲ့ကြဖူးသည်.။
ထို့နောက် အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်တို့ သုံးနှစ်သုံးမိုး အခွေလေး လူမသိသူမသိပင် ပျက်သွားခဲ့သည်…။ နောက်ပိုင်း ကျောင်းဆင်း ပြီးသည်အထိ ထိုကိစ္စ ပြန်မစ ဖြစ်ကြတော့…။ မိမိမှာလည်း အပေါင်း အဖော်သစ်များဖြင့် သူနှင့် အဆက်အသွယ်မရဖြစ်ခဲ့..။ သို့ရာတွင် မိမိ လေးစားချစ်ခင်သော သူငယ်ချင်းများ အမှတ်တရ ရေးသားထားသော စာအုပ်တွင်မူ သူ့လက်ရေး သေးသေးလေးတွေ ကျန်နေခဲ့သည်.။ ကျွန်တော်ရေးခဲ့သော “ ငါဘယ်ဘုံမှာလဲ” ဆိုသည့် ဆောင်းပါးမှ “ လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးခေါင်းအုံး ဖြစ်သည်” ဆိုသည့်စကားလေးကို သူ ရေးပေးခဲ့ဖူးသည်ကို မှတ်မိနေသေးသည်.။
သို့နှင့် သုံးနှစ်သုံးမိုးပြီးတော့ ပြန်တမ်းဝင်အရာရှိများအဖြစ် ချယ်ရီမိခင်ကို နှုတ်ခွန်းဆက်ပြီး မြန်မာ နိုင်ငံ တစ်လွှားသို့ အမိန့်နှင်ရာ လွှင့်ကြတော့သည်.။ ထိုအထိ သူနှင့် ကျွန်တော်က အရင်းနှီးဆုံးမဖြစ်ကြသေး.။ အဆက်အသွယ်လည်း မရှိကြ.။ သို့ရာတွင် ၂၀၁၀ ဖေဖော်ဝါရီမှာ ကျွန်တော်တို့ မဟာသိပ္ပံအရည်အချင်းစစ် သင်တန်းတက်ရောက်ရန် အဆင့်မီသူများ ဗထူးတပ်မြို့မှာ ခြေလျင် တပ်စုမှူးသင်တန်းတက်ဖို့ ဖြစ်လာသည်.။ PC ဟု အလွယ်ခေါ်ကြသော သင်တန်းဖြစ်သည်.။ PC ရောက်တော့ သူနှင့်ကျွန်တော် ပြန်တွဲမိကြသည်.။ ထိုအချိန်တုန်းက သူက ကျွန်တော့်ကို ကွန်ပျူတာ ပြန်သင်ပေးသူ.။ ရုံးလုပ်ငန်းကျွမ်းကျင်သူ၊ ဖိုတိုရှော့ လို ဆော့ဖ်ဝဲလ်များကို ကောင်းကောင်း သုံးတတ်သူ.။ ထိုအချိန်ထိ မိမိက မြန်မာလက်ကွက်ကို အံကြိတ်ရိုက်နေရ တုန်း.။ (ထိုအချိန်က ကျွန်တော် ကိုဌေးလင်းနှင့် မတွေ့သေး) ။ သူနှင့် တွဲဖြစ်ကြရင်း. သူ့စိတ်ဓါတ် သူ့အကြောင်းတွေကို ပိုပို သိလာသည်.။ သူကလည်း မိမိလို စာဖတ်ဝါသနာပါသူ၊ မိမိထက်သာသည်က ကိုယ်ရည်ကိုယ်သွေး.။ သူငယ်ချင်း ငါးယောက်လုပ်ငန်းတစ်ခုခုကို လုပ်ဖို့ တိုင်ပင်ကြပြီဆိုပါတော့ ။ သူက အလိုလိုနေရင်းမည်သူမျှ မသတ်မှတ်ပါပဲ ခေါင်းဆောင်ဖြစ်သွားသည်.။ သူပြောသမျှ နှုတ်ထွက်စကားက သြဇာတိက္ကမ ရှိနေသည်.။ ဒီအချက်တွေက ကျွန်တော် သူနှင့်ယှဉ်လို့မရသောအချက်.။
“ လူတစ်ယောက်ရဲ့ စိတ်ကိုအကဲခတ်ရတာ လွယ်တယ်ကွ..။ တစ်ချို့လူတွေက နည်းနည်းဇီဇာကြောင် တယ်.။ ဥပမာ သူတို့ ပစ္စည်းကို ယူကိုင်တာမျိုးဆိုရင် မကြိုက်ဘူးကွ.။ အဲဒီလိုလူတွေက ပေါင်းမကြည့်ရင် သိပ်မသိသာဘူး.။ ကိုယ်နဲ့သိပ်မပေါင်းဖြစ်တဲ့သူကို အကဲခတ်ချင်ရင်ကျတော့ အဲဒီလို အမှတ်တရ ပစ္စည်းတွေ ကို ကိုင်ကြည့်ရတယ်.”
“ ဟေ.. ဘယ်လို.ကိုင်ကြည့်ရမယ်လား..ဟုတ်လား အောင်အောင်.”
ကျွန်တော် အံ့သြစွာပြန်မေးမိသည်.။
“ အင်းဟုတ်တယ်..။ လူတစ်ယောက်ကွာ သေတ္တာရှင်းနေတယ်.။ သူ့ကောင်မလေးပုံထည့်ထားတဲ့ Album တစ်ခု၊ ဒါမှမဟုတ်.တစ်ခြားတစ်ခုခုပေါ့ကွာ .. မင်းက ဘာရယ်မဟုတ်ဘူး.။ ကိုင်ကြည့်လိုက်တယ်.။အဲဒီ လိုကိုင်ကြည့်လိုက်တဲ့ အခါကျရင် မကြိုက်တဲ့သူက မင်းကို စကားတစ်ခုခု အရင်းမရှိ အဖျားမရှိ ထပြောလိမ့် မယ်.။ ဒါမှမဟုတ်ရင် သူက သီချင်းတစ်ခုခု ညည်းလိမ့်မယ်.။ အဲဒီလိုမှ မလုပ်ခဲ့ရင် သူက သူ့အလုပ်ထဲကို အာရုံထားချင်ယောင် သိသိသာသာကို ဆောင်လိမ့်မယ်.သူငယ်ချင်းရ..”
“ ဟား မင်းက သေချာလှချည်လား..ငအောင်ရ.”
“သေချာတာပေါ့.။ မင်း အဲဒီလို လုပ်လိုက်တဲ့အခါ သူ့စိတ်ထဲက စိတ်လှုပ်ရှားမှု တစ်ခုက သာမာန်ထက် မြင့်သွားလေ့ရှိတယ်.။ အဲဒီအခါ Output အဖြစ် ခုနက ငါပြောတဲ့ အမူအယာတွေ ထွက်လာတာပဲ..”
သူပြောခဲ့သော စကားများ .။
ကျွန်တော်အရင်က ခုံခေါက်သည့်အကျင့်ရှိသည်.။ အဆောင်မှာ ဂစ်တာစုတီးကြပြီဆိုလျှင် ကျွန်တော် ဂစ်တာ မတီးသည့်အလှည့်များတွင် ကျွန်တော်က Drum beat အတိုင်း ခုံကို ခေါက်လေ့ရှိသည်.။ ထိုအကျင့် တစ်ခုရှိသည်.။
“ ခုံမခေါက်နဲ့ သူငယ်ချင်း.။ ခုံခေါက်တာ၊ ဒူးနှံ့တာ.။ ပါးစပ်ကို တင်းတင်းမစေ့ပဲ ခပ်ဟဟ လေးဖြစ်နေ တာမျိုးက Will power ရဲ့ ယိုပေါက်တွေကွ..” တဲ့..။
          ရွှေအကြောင်း ဖယောင်းသက်သေ ဆိုသော်ငြား လူအကြောင်းသိရန်မူ ပေါင်းကြည့်မှ သိလာရသည်.။ မိမိတို့ သူငယ်ချင်းအုပ်စု အတွင်း ပေါင်းသင်းတာ ကြာလာသောအခါ တစ်ယောက်အကြောင်းတစ်ယောက်ကို သိလာရသည်.။ မည်သူက မိုးထဲလေထဲတွင် အနစ်နာခံလုပ်ပေးနိုင်သူ.၊ မည်သူက အတ္တကြီးသူ စသည်ဖြင့်.။ ထိုသို့ ပင် ရင်းနှီးလာရင်း တစ်ယောက်အကြောင်း တစ်ယောက်သိလာကြသလို သူနှင့် ကျွန်တော် ပို၍ ရင်းနှီး လာခဲ့သည်.။ သူနှင့် ကျွန်တော်က သွေးမနီးသားမစပ်၊ သူက မော်လမြိုင်သား၊ ကျွန်တော်က မေမြို့သား ။ သို့ပေတည့် ညီအစ်ကိုတွေလို ဖြစ်လာကြသည်.။
          ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျွန်တော် ပြင်ဦးလွင်ကို ဘာသာစကားသင်တန်းတက်ဖို့ ရောက်သည်.။ သူက ကျွန်တော့် အိမ်မှာတည်းသည်.။ အမေကပင် ခပ်တည်တည်နေ၍ စိတ်ရင်းကောင်းသော အောင်အောင့်ကို သဘောကျနေသေးသည်.။ သို့ရာတွင် ကံဆိုးစွာဖြင့် မိမိတို့ အပတ်စဉ်မှ ရုရှားသို့ လွှတ်သော အသုတ်တွင် သူတို့ Chemistry မေဂျာ မခေါ်.။ တစ်မေဂျာလုံး ကျန်ခဲ့ရသည်.။ ဒီမလာခင်သူက လိမ်လိမ်မာမာ နေဖို့ မှာလိုက်သေးသည်.။
          “ အေးဆေးပါကွာ.. ။ ငါ့အကြောင်းမင်းသိပါတယ် ငအောင်ရာ..၊ မင်းသာ ငါမပြန်လာခင် မိန်းမ ယူဖို့ စိတ်မကူးနဲ့.။ မင်းမင်္ဂလာဆောင် ငါတက်ချင်သေးတယ်..”
          ကိုယ့်လူရဲ့ ဇ ကို သိသူပီပီ လှမ်းနောက်ခဲ့သေးသည်.။ သူက သူ့ ဘ၀တစ်ဆစ်ချိုးကွေ့များတွင် မိန်းက လေး များစွာတို့၏ စိတ်ဝင်စားမှု ခံရသူကိုး.။
          နောက်ပိုင်း ကျွန်တော် ဒီရောက်တော့ သူနှင့် မတွေ့ဖြစ်တော့.။ အစပိုင်းကတော့ သူတို့ အေးအေးချမ်း ချမ်းဖြစ်နေသည်ကိုကြားရသည်.။ တာဝန်များဖြင့်မအားမလပ်၍ တစ်ခါတစ်ရံမှ လာနှုတ်ဆက်ရှာသည်.။ ပြီး ခဲ့သည့်နှစ်က KIA နှင့် တိုက်ပွဲများဖြစ်တော့ သူ ကျည်သင့်၍ ဆေးရုံတက်ရသည်.။ ကံအားလျော်စွာ ဘာမှ မဖြစ်ခဲ့.။ အသေးစားခွဲစိတ်မှုမျှ ဖြင့် ပြီးခဲ့သည်.။ နောက်ပိုင်း သတင်းတွေကြားလာရသည်.။ မနှစ်က ဖြစ်ခဲ့ သမျှ တိုက်ပွဲအားလုံးမှာ Fighter အကျဆုံးတပ် က သူတို့တပ် ဖြစ်နေသည်.။ အရာရှိငယ်တွေ၊စစ်သည် အကျ အဆုံး တွေ ကြားလာရသည်.။ သကောင့်သားဘာမှ မဖြစ်ဖို့တော့ ဆုတောင်းနေမိသည်.။ မိမိနှင့် တစ်ခွဲတည်း ဆင်းသူ တွေ.ကျသူကျ၊ ပြတ်သူပြတ်၊ အသိတွေထဲက အသက်ပေးလှူသွားသူတွေ ရှိလာတော့ ညီအစ်ကိုရင်းလို ဖြစ်သော သူ့ကို စိတ်ပူရသည်.။
          တွေ့တော့လည်း ဒီနေ့မှပင် ပြန်တွေ့သည်.။ သူတင်ထားသော ဓါတ်ပုံက ဆံပင်တစ်ထွာလောက်၊ မုတ် ဆိတ်မွှေး၊ ပါးသိုင်းမွှေး ဗရဗျစ်နှင့် ပီဘိ တောစစ်သားကြီး၊ အာဂစစ်သားကြီး အသွင်.။ ရှေ့တန်းဆိုသည့် အရိပ် လက္ခဏာတွေဖြင့်.။ မိမိမှာ အားကျရုံကျ၍၊ မိမိကိုယ်ကိုယ်ပင် ရှက်ရွံ့သလိုလို.ဖြစ်မိသည်.။ “ ငါဘာလုပ်နေတာ လဲ ” ဟု ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်.။ သူအစ်မ တပ်ကို ရောက်နေကြောင်းပြော၍ သူနှင့်စကား ပြောဖြစ် မှ မိမိနှင့် ပထမနှစ်က ဘေးချင်းကပ်လျက် ထိုင်ခဲ့သူ သူငယ်ချင်း တိုက်ပွဲကျသွားကြောင်းနှင့် သူရဘွဲ့ချီးမြှင့် ခံရ  ကြောင်း၊ ရန်သူအလုံးအရင်း ချီတက်လာသည်ကို ရင်ဆိုင် ကုန်းမှ မဆုတ်တမ်းခံစစ်ဖြင့် အသေခံ တိုက်သွားကြောင်းကြားရတော့ ဂုဏ်ယူမိသလို စိတ်လည်း မကောင်းမိ.။
          စကားတွေပြန်ပြောရင်း မိမိ မျက်ရည်ကျမိသည်.။ မသေမပျောက်ကောင်း ပြန်တွေ့သည့် သူငယ်ချင်း ကို တွေ့ရသည့် ၀မ်းသာမျက်ရည်၊ နောက်တစ်ခုက အသက်ပေးသွားသော သူငယ်ချင်း အတွက် စိတ်မကောင်းသည့် မျက်ရည်.။
          ဘာပဲဖြစ်ဖြစ်လေ..။ စစ်သားပေပဲ.။ တိုင်းပြည်တာဝန် ဆိုသည်က တာဝန်၊ နယ်ပယ်၊ အတိုင်း အတာ ၊ အချိန် ကန့်သတ်လို့ရသည်မှ မဟုတ်ပဲ.။ ဟယ်ရီပေါ့တာ ကားကြိုက်သူ၊ ခင်ဌေးရီဟု နောက်ခေါ်ကြသည့် ကိုရီးယား မင်းသမီး Kim Tae Hee ကို ရူးသွပ်စွဲလမ်းသူ သူငယ်ချင်း…။ Dota ဂိမ်းကျွမ်းကျင်သူ၊ ဂစ်တာ တီးကောင်းသူ၊ ကျွန်တော်ဆေးလိပ်သောက်သည်ကို မကြိုက်သူ၊ သေရွာပြန် သူရဲကောင်းမှတ်တမ်းဝင်မည့် သူငယ်ချင်း.။
          သူ့အကြောင်းတွေ တွေးနေရင်း. ဂုဏ်ယူစွာပင် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်း မိတော့သည်.။ 
(ရှေ့တန်းမှ ပီဘိ စစ်သားကြီးအသွင်နှင့် နောက်တန်းပြန်ကာ တပ်သို့အလည်လာသော အစ်မဖြစ်သူ နှင့် ပျော်မွေ့နေသောပုံ ဖြစ်ပါသည်.။ မူရင်းဓါတ်ပုံရှင်များဖြစ်သော သူငယ်ချင်းအောင်ပြည့်ဖြိုးငြိမ်းနှင့် အစ်မဖြစ်သူ မစုမြတ်ငြိမ်းကို ခွင့်တောင်းပြီး ဖော်ပြပါသည်.)
Thursday, July 4, 2013
သရဲနှစ်ကောင်
      ၂၀၀၉ ၏ သင်္ကြန်နားနီးသော စနေည တစ်ည ။
          ပူလိုက်သည်မှာ ဆိုဖွယ်ရာမရှိ. ။ ပြင်ဦးလွင်မို့သာ တော်သေးတော့သည်.။ ငမိုးတို့ အောင်စစ်သည် ဆောင်မှာ ငါးထပ်ဆောင်သစ်ကြီးဖြစ်ပြီး ဖိုင်နယ်ရီးယားများက ၂ ယောက်တစ်ခန်း နေရသည်.။ ပြတင်းပေါက် များဖွင့်ထား၍ လေ၀င်နေသော်လည်း ပူလွန်း၍ စောင်မကပ်နိုင်.။ ငမိုးနှင့် တစ်ခန်းတည်းနေသူက မန်း က ငမိုးဘော်ဒါ ရန်နိုင်ဦး.။ သကောင့်သားကတော့ တရှူးရှူးနှင့် အိပ်နေလေပြီ.။ ငမိုးကတော့ မျက်စိကြောင် သလိုလို ဖြစ်နေ၍ အိပ်၍ မရ.။
          ခံတွင်းချဉ်သလို ဖြစ်လာသည်နှင့် လက်က Desk ခုံထဲကို အလိုလိုလက်ရောက်သွားသည်.။ နေ့ခင်းက နှပ်ထားသော “ အတို” လေးများရှိလိုရှိငြား ဟိုဟိုသည်သည် လျှောက်စမ်းကြည့်လိုက်သည်.။
          “ တွေ့ပြီကွ…”
          “ အာ.. ငမိုး..မင်းကလည်းကွာ. ဘာတွေ့တာတုန်း ..”
          တစ်ဖက်ကုတင်မှာ အိပ်နေသော ရန်နိုင်ဦးက ရှုးရှုးရှဲရှဲဖြင့် လန့်နိုးလာသည်.။
          “ ဟီး.. ငါယောင်ပြီး အသံထွက်သွားလို့..သားကြီး. အစက ပြန်အိပ်.အစက ပြန်အိပ်..”
          “ မင်းကွာ.. များနေပြီ.”
          သကောင့်သားက အိပ်ယာက လူးလဲထကာ ဒန်ရေဘူးထဲက ရေကို မော့သောက်နေသည်.။
          “ ဘယ်နှနာရီရှိပြီလဲ..ငမိုး..”
          “ ဟေ.. ၁၂ ခွဲတော့မယ်…”
          ငမိုး ဒင်းကိုကြည့်ရင်း ဒင်းမျက်နှာက အရိပ်အယောင်တစ်မျိုးကို ဖမ်းမိလိုက်သည်.။ ထင်သည့်အတိုင်း ပင် ပေါက်ကရအတွေးက ဒင်းပါးစပ်က မဖုံးနိုင်မဖိနိုင် ထွက်ကျလာသည်.။
          “ မိုးကြီး ဟရောင်.. မင်းရယ် ငါရယ်.. သရဲလိုက်ခြောက်ရအောင်.. ”
          “ ဟဲဟဲ.. လုပ်လိုက်လေ ကြာသလားလို့..”
          ဒါမျိုးဆို နှစ်ခါ မခေါ်ရသော ငမိုး၏ အကြည့်က ဟ နေသော သံလော်ကာ ဒုတိယအဆင့်ထဲမှာ ထည့် ထားသော ပစ္စည်းတစ်ခုပေါ် ရောက်သွားသည်. ။
          သံလော်ကာထဲမှာထည့်ထားတာက သင်္ကြန်တွင်း တပ်ဖို့ ပြင်ဦးလွင်ဈေးထဲက ၀ယ်ထားသည့် သရဲပုံ ရာဘာ မျက်နှာဖုံးပျော့ပျော့ကြီး..။
++++++++++++++++++++++++++++++++++++++++++++++++++++++
        အစွန်ဆုံးအခန်းဖြစ်သည့်. အခန်း(၆)က စကြည့်ကြသည်.။ နှစ်ယောက်စလုံးက မျက်နှာဖုံးကိုယ်စီနှင့် စောင်ကြား ကြီး တွေခြုံလျက်။ ဗယာကြော်ဟု  အမည်ပြောင်ခေါ်သည့် ငမိုးနယ်သား ကျော်ဆန်းမျိုး၊နှင့် လူမှန်ကြီးက အပြင် ကိုလှမ်းကြည့်သည်.။
          “ ဟေ့ကောင်လူရှုပ်တွေ.။ ငါတို့ အခန်းက တစ်ယောက်မှ ဆေးလိပ်မသောက်ဘူး..”
          “ အွန်.. မင်းတို့ကလည်း လူမြင်တာနဲ့ ဆေးလိပ်တောင်းမယ်များ မှတ်နေလားမသိဘူး.။ ဒါနဲ့ ငါတို့ မှန်း ဘယ်လိုလုပ်သိ.တာတုန်း နယ်သားရ..”
          ဗယာကြော်က ပါးစပ်ထဲကို လက်ညှိုးထိုးပြသည်။ အံတိုနေပြီ ဆိုသည့်သဘော..။
        မခြောက်ရသေး၊ ဈေးဦးမပေါက်သေးသည့် အရောင်းထိုင်း အဲလေ.. အခြောက်ထိုင်း သရဲ နှစ်ကောင် စိတ်ဓါတ်နည်းနည်းကျသွားသည်.။
       သို့ပေတည့် ဇွဲမလျှော့ပဲ အဆောင်နောက်ခြမ်းဖက် ဆက်သွားကြသည်.။ အခန်းတိုင်းလိုလို အိပ်နေကြ သည်.။ ကျောင်းဆင်းပွဲ ဓါးကိုင်ဗိုလ်လောင်း စာရင်းတွင် ပါမည့်အရေး ကြိုးစားနေသည့် မင်းမင်းတို့ အခန်းက ၂ ယောက်ကတော့ Table Lamp လေးတွေနဲ့ စာကျက်လို့ကောင်းတုန်း.။ ဒါမျိုးကတော့ ငမိုးတို့က နားလည်မှုရှိပါသည်.။ သူငယ်ချင်းစာကျက် တာကို မနှောက်ယှက်ပါ.။ ဒီတစ်ခန်းမရတော့ နောက်တစ်ခန်းပေါ့.။
       ကြည့်ပါဦး.။ ငမိုးတို့ အပတ်စဉ်နှင့်ပေါင်းဆင်းသည့်. ကိုဥာဏ်ကြီး .။ အိပ်နေလိုက်တာ ပုဆိုးကလည်း လည်ပင်းစွပ်လို့.။ အောက်က ဘောင်းဘီပါလို့သာ တော်သေးတော့သည်.။ ဒီလူကြီးကတော့ ခြောက်သည့် သရဲ သာ စိတ်ဓါတ်ကျသွားမည်.။ နိုးမည့်ပုံမပေါ်.။ နောက်တစ်ခန်း…။
         ငမိုးတို့ နောက်တစ်ခန်းမရောက်ခင် ကံကောင်းထောက်မ စွာနှင့် ပစ်မှတ်အသစ်ပြောင်းသွားသည်.။ အိမ်သာထဲမှ ရေဆွဲချသံကြားရသည်.။ သေချာပြီ.. ညကြီးသန်းခေါင် အိမ်သာထတက်သည့် သူကတော့ ငမိုးတို့ ပစ်မှတ် ဖြစ်ပေရော့..။
          ရန်နိုင်ဦးကို လက်တို့လိုက်တော့ သကောင့်သားက အနေအထားနားလည်သည်.။ ဘေးက ဂျီအီးလမ်း လေးထဲ အရင်ဝင်သွားသည်.။ ငမိုးကနောက်က… ။
          ခြေသံနှင့်အတူ. သီချင်းဆိုသည့် အသံဝါကြီးက အရင်ထွက်ပေါ်လာသည်.။
“ မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်.. အမေ.. .. မွေးမေကျေးဇူး . ဆပ်ဖူးချင်တယ် အမေ.. ”
          ဟား.. နေအောင်…။ ငမိုးဝမ်းသာသွားသည်.။ နေအောင်က တပ်ခွဲမှာ အတော်စလို့ ကောင်းသည့် လူစားမျိုး.။ လူက လူမှန်. ။ ရေတာရှည်သား ။ အသားညှိုညှို ပုပုပြတ်ပြတ်နှင့် စရင်လည်း အတော် စိတ်တို တတ်သည်.။ ငမိုးတို့ ကလည်း အဲဒီလိုလူမှ စချင်တာ..။
          “ ဟေ့ရောင်လေး..ဟား.. ဟား..ဟား..”
          “ အား..အီး.. ဟာ.. ဟရောင်.. ”
          နေအောင်ကြီး လန့်သွားရှာသည်ထင့် .။ ဒူးများပင်ပျော့ခွေ သွားသည်.။
          “ ဟာ.. များပီ. သေချင်းဆိုးတွေ.။ တွေ့မယ်.. ထိုးမှာ…”
          နေအောင်က နောက်ကလိုက်.။ငမိုးတို့က ရှေ့ကပြေး..။ ထိုသို့ အဆောင်ပေါ်မှာ အုံးအုံးကျက် ကျက် ဖြစ်နေချိန်တွင်.. ပထမထပ်မှာ ပ-နှစ် ကင်းသမား၏ .. ရပ်-ဘယ်သူလဲ ဆိုသည့် ကင်း Challenge သံကို သတိမထားလိုက်မိပါချေ.။
++++++++++++++++++++++++++++++++++++++++++++++++++++++
          ငမိုးတို့ကလည်း အခန်းထဲထိပြေးသည်.။ နေအောင်ကြီးကလည်း အခန်းထဲထိ လိုက် ထိုးသည်.။ ထိုသို့ တစ်ရုန်းရုန်းဖြစ်နေချိန်တွင်. ရှေ့ခြမ်းနောက်ခြမ်းရှိ ဖိုင်နယ်ရီးယားများကလည်း အကုန်နိုးလာကာ အခန်းထဲမှာ ပြုံ လာကြသည်.။ ရယ်သူက ရယ်.။ ၀င်လုံးသူက ၀င်လုံးနှင့် ပျော်မြူးနေကြခိုက်…။
          “ ဗိုလ်ကြီးမျိုးမော်လာပြီ.. ဗိုလ်ကြီးမျိုးမော် လာပြီ..”
          ဖိုင်နယ်ရီးယား တစ်ယောက် တပ်လှန့်လိုက်သည် နှင့် အားလုံးငြိမ်ကျသွားသည်.။ တပ်ခွဲမှူး အရာရှိ၏ ရှုးဖိနပ် ခွာသံက ရှေ့ခြမ်းကို ရောက်နေပြီ.။ ခုချိန်ကျမှ ဖိုင်နယ်ရီးယားများက မိမိအခန်းကို ပြန်ပြေးဖို့လည်း မဖြစ် နိုင်တော့ ချေ.။ လောလောဆယ် အခန်းထဲမှာ အယောက် ၂၀ ထက် လျော့မည် မထင်.။
          တပ်ခွဲမှူး အရာရှိ ဗိုလ်ကြီးမျိုးမော်က ငမိုးတို့ အခန်းထဲ တန်းတန်းမတ်မတ်ပင်ဝင်လာသည်.။
          “ ရှေ့ကြည့်”
          အင်တိတ်ကိုင်အပွိုင့်မန့်ဗိုလ်လောင်းက အမိန့်ပေးသည်.။ အရာရှိက လက်ပြလိုက်ပြီး…
          “ ခုနက ညံနေတာ ဒီအခန်းလားကွ.. ”
          ဖိုင်နယ်ရီးယားများ အားလုံးက သံပြိုင်ဖြင့် ..
          “ ဟုတ်ပါတယ်..” ဆိုပြီးမှ.. တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ…
          “ မဟုတ်ပါဘူး.”
          “ ဟေ ဘယ်လို လဲကွ. မင်းတို့က ဟုတ်ပါတယ်တွေရော မဟုတ်ပါဘူးတွေရော..၊ ဟရောင် မိုးသက် မင်းပြောစမ်းကွာ..”
          ပြဿနာ အရပ်ရပ်တို့၏ မြစ်ဖျားခံရာကို ကြိုတင်သိနှင့်ပြီးသည့် အလား “ ဒါမျိုးတွေငါရိုးနေပြီ ငမိုး” ဆိုသည့် အကြည့်မျိုးဖြင့် ဗိုလ်ကြီးမျိုးမော်က မေးသည်.။
          ထိုအချိန်မှာ ငမိုးတို့က လျင်သည်.။ စောင်ကြားနှင့်မျက်နှာဖုံးကို သူမလာခင်ကတည်းက လော်ကာထဲ လုံးထည့်ထားလိုက်ပြီးဖြစ်ရာ စစ်ဆွယ်တာလေးနှင့် အိပ်ရာဝင် ၀တ်စုံဖြင့်..
          “ ဟုတ်ကဲ့ ဗိုလ်ကြီး ရန်နိုင်ဦး ဗိုက်နာတယ်ဆိုလို့ ဖိုင်နယ်ရီးယားတွေ လာကြည့်နေတာခင်ဗျ.”
          “ ဟေ ဘယ်လိုဖြစ်တာလဲကွ.. ဟေ့ကောင် ရန်နိုင်ဦး ဘယ်လိုဖြစ်တာလဲ..”
           သကောင့်သားကလည်း သုံးမွှာပူးကို ဗိုက်မခွဲပဲ မွေးထားသည့် မိခင်လို မချိမဆန့်မျက်နှာပေးဖြင့် ပြန်ကြည့်သည်.။ အရာရှိက သူ့ကို ဆက်မမေးတော့ပဲ. ကျန်သည့် ဖိုင်နယ်ရီးယားများဖက်သို့လှည့်၍…
          “ ဒီကောင် ဘာဖြစ်တာလဲ..သိလား..”
          “ မသိဘူးဗိုလ်ကြီး ညနေက ပီတီချိန်တုန်းက ဒီကောင် နာရီပတ်ထားလို့ ဗိုလ်ကြီး ဂျွမ်းထိုးခိုင်းပြီးက တည်းက အဲ့လိုဖြစ်တာထင်တယ်..”
          ငမိုးက ရုပ်တည်ကြီးဖြင့် ၀င်ဖြေသည်.။ ဗိုလ်ကြီးမျိုးမော်က မျက်နှာတည်သွားသည်.။ တကယ်များလား ဆိုသည့် အသိဖြင့် တပည့်အပေါ် စိုးရိမ်စိတ်ဝင်သွားသည့် မျက်နှာပေါ်လာသည်.။  ဆက်မမေးပဲ အခန်းထဲကို လျှောက်ကြည့်နေသည်.။ ဖြစ်ချင်တော့ စာအုပ်စင်ပေါ်က ဆေးကဒ်ကလေးကို သွားတွေ့သည်.။ ကောက်ကိုင် ကြည့်ပြီး …
          “ ဒါက ဘာဆေးကဒ်လဲ.”
          “ သူဗိုက်နာရင် သောက်တဲ့ဆေးပါဗိုလ်ကြီး.။ တရုတ်ဆေးထင်တယ်.။ တရုတ်စာတွေပါတယ်.”
          အရာရှိက မသင်္ကာသာမျက်လုံးများဖြင့် ဆေးပြားခပ်ကြီးကြီး ဖြစ်နေသော အဆိုပါဆေးကဒ်ကို နမ်းကြည့်ပြီးသောအခါတွင်…
          “ ဟေ့ကောင် ငမိုး..ဒါက ကလေးစားတဲ့ နို့ပြားကဒ်ကြီးကွ..”
          “ အာ.. ဟုတ်ဘူးဗိုလ်ကြီး..မှားသွားလို့.. အဲ့ဆေးကဒ်က ကုန်ပြီထင်တယ်…”
          “ အေး နောက်တစ်ခါ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေမသောက်နဲ့.. ဆေးခန်းလိုက်.. လိုအပ်ရင် ဆေးရုံတက်..ကြားလား…”
          အရာရှိက ပြောပြောဆိုဆို ဟိုလှန်သည်လှန်ရှာနေပြန်သည်.။ ငမိုးစိတ်ထဲက မတွေ့ပါစေနဲ့ မတွေ့ပါစေနဲ့ ဟု အတန်တန် ဆုတောင်းနေသည့်ကြားမှ…
          “ ဂလွမ်း.” (သံလော်ကာဖွင့်သံ)
          “ ဟာ..ဒါတွေက ဘာတွေတုန်း..”
          သွားပြီ.. မျက်နှာဖုံးနှင့် စောင်ကြားတွေတွေ့ကုန်ပြီ.။
          “ ဟင်းဟင်း ငါထင်တယ်.. မိုးသက်တို့ ရန်နိုင်ဦးတို့ အခန်းမှာ ဖြစ်တယ်ဆိုကတည်းက ဒီကိစ္စက ဒီလို ပဲ ဆိုတာ ငါသိတယ်..ကဲ..အခန်းထဲကကောင်တွေ တန်းစီစမ်း..”
          တန်းစီပြီးတော့ အရာရှိက ဆက်ပြောသည်.။
          “ အေး သင်္ကြန်နားနီးတော့ ကြိုပြောမယ်.။ ငါ့တပ်ခွဲက အက အဖွဲ့ ဆုရအောင်လုပ်ကြားလား.။ ပြီးတော့ သင်္ကြန်ဆိုပြီး ရောင်တော်ပြန်လွှတ်ပြီး ဟိုဟိုသည်သည် သွားမယ်မကြံနဲ့..။ အထူးသဖြင့် ပြင်ဦးလွင်သားတွေ.။ ကြားလား မိုးသက်. မင်းက အဓိက. ပြီးတော့ နောက်..ဒီလို ပေါက်ကရလေးဆယ် ပြဿနာတွေမကြားချင်ဘူး.. ငါနဲ့က အကြောင်းမဟုတ်ဘူး. တပ်ရင်းမှူးသာဆိုရင် မင်းတို့ အရေးယူခံရမယ်. ”
          “ ဟုတ်”
          “ နောက်ပြီးတော့ မင်းတို့ First Year လေးတွေကိုလည်း ခေါ်ခေါ် မစကြပါနဲ့. ။ ရောက်ခါစက နင်ဂျာ လုပ်ခိုင်းတာ ဘယ်ကောင်တွေလဲကွ ဟေ..။ မိုးသက် မင်းပဲ မဟုတ်လား..”
          “ ဗျာ ဗိုလ်ကြီး.. အာ့ ဟိန်းစစ်နိုင်တို့ပါ.။ ကျွန်တော် မဟုတ်ဘူး ခင်ဗျ..”
          သူကလည်း တစ်ဆိတ်ရှိ ဒီငမိုးပဲ လာလာရန်ရှာနေသည်.။
          “ အေး ဟုတ်ပြီ… ကျန်တဲ့  ဖိုင်နယ်ရီးယားတွေ မနက်ဖြန် မနက်(၈) နာရီ တန်းစီမယ်.။ ၃ နာရီ အထိ Outpass ရမယ်.။ သရဲခြောက်တဲ့ နှစ်ကောင်.။ မင်းတို့ နှစ်ယောက် Outpass မထွက်နဲ့.။ မင်းတို့အင်တိတ် ဘုရားတရားလုပ်တဲ့ကောင်တွေဆီက ပုတီး တစ်ယောက်တစ်ကုံးယူလာခဲ့. ငါနဲ့ ပုတီး စိတ်ရမယ်. ..ကြားလား”
          “ ဟုတ်”
          “ ကုတင်ပေါ်က ဗိုက်နာချင်ယောင်ဆောင်တဲ့ကောင်.. မင်းရောပါတယ်…ကြားလား ..”
          “ ဟုတ်.”
+++++++++++++++++++++++++++++++++++++++++++++++++++
          နောက်ရက်မနက်စောစောတွင် အနော်ရထာစုပေါင်းတန်းကွင်းအတွင်း Outpass Dress ရွှေကြယ်သီး ပြောင်ပြောင် ၊ ရှူးဖိနပ်လက်လက် များကြားတွင် ပုတီး တစ်ယောက်တစ်ကုံးကိုင်ကာ တန်းစီ နေသော ငမိုးနှင့် ရန်နိုင်ဦးတို့ကို စိတ်မသက်သာဖွယ်ရာ တွေ့ရှိရပါလေသည်.။
 (ခြေလျင်တပ်စုမှူးသင်တန်းတွင် ရေးသားခဲ့သော နှင်းခချယ်ရီ လွမ်းပန်းချီ လုံးချင်းဝတ္ထုရှည်မှ)
                                                                                                    မိုးသက်ဦးလွင်
Monday, July 1, 2013
ဒီည (၂)
သက်ပြင်းနဲ့ သက်မ
ချတာချင်းမတူ.
ဘ၀လာခြင်းလည်းမတူသူမို့…
အပူဂယက်တွေနဲ့..
အဆူသက်သက် ဖြစ်နေတဲ့ည…
အရူးမီးဝိုင်း..
ညည်းတိုင်းလည်းမပျော်
ပျော်ရာကလည်း မတော်ခဲ့…
မျှော်သာမျှော်ပေါ်မလာသူကို
(အရူးတစ်ယောက်သာသာနဲ့)
အခါခါခေါ်ခဲ့ရတဲ့ည…။
ငြိမ်နေတဲ့ သဏ္ဍာန်
ပုံမှန်တဲ့ စည်းချက်.
ရိုက်ခတ်တဲ့ နှလုံးသား.
သူ့စကားတွေနဲ့ပဲ လာနှိုး..
သူ့စကားတွေကြောင့်ပဲ.. ဘ၀ ဆိုးခဲ့တဲ့ည..
တော်ပါတော့မိုး..
ထပ်ရွာရင် ဒီထက်ဆိုးမယ်လို့…
တိုးလျှိုးလို့တောင်းပန်..
ကိုယ့်ရင်ဘတ်မှာ ဗြောင်းဆန်ခဲ့တဲ့ည.။
ကိုယ်စိတ်ကိုချိုး…
(ဝေဒနာထပ်မတိုးဖို့..)
(အကြင်နာရစ်မပျိုးဖို့..)
(ဝေဒနာသိပ်ဆိုးလို့…)
မိုးများပဲသည်းထန်
သူဆိုတဲ့ ရွှေဘုံစံကြောင့်…
ဒဏ်ရာတွေကြီးစိုး..
(ကိုယ့်ရင်ကိုယ်ရှို့ဖို့)
ကိုယ်တိုင်မီးပျိုးခဲ့တဲ့ည..။
ပြိုမှာလားမိုး..
အညှိုးကုဋေကုဋာ…
မိုးတွေရွာနေခဲ့ပေမယ့်…
အခါခါ ယောင်ယမ်း..
စွဲလမ်းရင်း သွေးပျက်ခဲ့တဲ့ည…။
Thursday, June 27, 2013
လက်ကမ်းကြိုရင်း မိတ်ဆက်ပါရစေ...
          ရောက်တတ်ရာရာ ဆိုတဲ့ Label အောက်က ပို့စ်တွေကို မရေးခဲ့တာကြာခဲ့ပါပြီ.။ ၀တ္ထု နဲ့၊ ကဗျာ လောက်ပဲရေးဖြစ်ပြီးကျန်တဲ့ အက်ဆေးနဲ့ ဆောင်းပါးတွေလည်း မရေးဖြစ်တာ သိပ်ကြာနေပြီ.။ ဟိုဟိုသည်သည် မသွားဖြစ်တာလဲ ကြာလို့ပါ.။ နောက်ထပ် ဘယ်လိုငြင်းငြင်း ဘယ်သူမှ မယုံမယ့်အတူတူ ဖဘ မှာ အချိန်ကုန် နေတာလဲ ပါတယ်လို့ ပွင့်လင်းစွာ ၀န်ခံပါရစေ.။(၀န်မခံလည်း သိပြီးသားမဟုတ်လား ^_^) နောက်ပိုင်းတော့ ပုံမှန်အတိုင်းဆက်ရေးသွားဖို့ရှိပါတယ်.။ ဘယ်သူမှ လာမဖတ်ကြလည်း ကိုယ့်မောင်နှမတွေပဲ ဖတ်ကြပေါ့နော့။
          ကဲ. ဒီလိုကြီး ပလ္လင်ခံလိုက်တော့ ရောက်တတ်ရာရာပို့စ်တစ်ပုဒ် ရေးမယ်ထင်သွားမလားမသိဘူး.။ အမှန်က ရောက်တတ်ရာရာတော့မဟုတ်ပါဘူး.။ ငမိုးတို့ရဲ့ “ ကျုပ်တို့အသိုင်းအ၀ိုင်း” လေးထဲကို မရဲတစ်ရဲ ခြေလှမ်း များနဲ့ ၀င်လာတဲ့ ငမိုးရဲ့ သူငယ်ချင်းဆိုလည်း ဟုတ်၊ ညီမ ဆိုလည်းဟုတ်တဲ့ “မြရိပ်ဇင်(ဆေး-၂) ” ဆိုတဲ့ ဘလော့ဂါ ဆရာဝန်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ.။ သူ့ရဲ့ Blog လိပ်စာကတော့ http://myayeikzin.blogspot.comဖြစ်ပါတယ်.။ သူကတော့ Facebook မှာ Fan Page တစ်ခုရေးနေတာ တော့ အချိန်အတိုင်းအတာတစ်ခုရှိပေမယ့် ငမိုးတို့ ဘလော့ဂါတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပုံ၊ (အင်း သိပ်ချစ်ကြတာ. ^_^) ၊ သံယောဇဉ်ရှိကြပုံတွေကို သဘောကျ လေးစားလို့၊ ဘလော့ဂါ အသိုင်းအ၀ိုင်း ထဲကို တိုးဝင်လာသူပေါ့.။ (အမှန်က ငမိုးမြှောက်ပေးတာလဲပါတာပေါ့လေ..) ။
          အမှန်က ကွကိုလည်း လေနေတာကြာပေါ့.။ ကျောင်းပိတ်တော့ လူလည်း ကွကို အနားပေးထားတယ်။ လောလောဆယ်တော့ ငမိုးရဲ့ Activities တွေက ဘာမှတော့သိပ်မရှိလှပါဘူး.။ လောလောဆယ် ဖတ်နေတဲ့ စာအုပ်က ကျော်ဝင်းရဲ့- စိန်ခေါ်ကြသူများစာအုပ်၊ Facebook မှာတော့ ကိုမျိုးဆက် စာတွေနဲ့ သူပြောတဲ့ အကြောင်းအရာတွေကို အကျယ်ဖတ်နေတယ်.။ နေ့တိုင်းနီးပါး ဘောလုံးကန်နေတယ်.။ ဆေးလိပ်ဖြတ် ခါနီးမှ တပ်ချုပ်ကြီးလက်ဆောင်ပေးသွားတဲ့ ပြည်တွင်းဖြစ်ဆေးလိပ်ကလေးတွေ မနည်းမများလေး သုံးဆောင်နေ တယ်.။ အချစ်ဆုံး ဂါဒီယန်က ပြည်တော်ပြန်သွားပြီ.။ ငမိုးတို့လည်း ပြန်ဖို့ နီးလာပြီ.။ ခါတိုင်းထက် ပို့စ်ကျဲဖို့ ပိုနီးလာတာပေါ့.။ ကံကြမ္မာဆိုတာကလည်းရှိသေးတော့ မိုးသက်ဦးလွင် ဘလော့လေး ပိုင်ရှင်မဲ့ချင်လည်းမဲ့သွား မပေါ့လေ.။ ဒါပေမယ့် ဘယ်နေရာရောက်ရောက်၊ ဘယ်အခြေအနေရောက်ရောက်. တစ်ချိန်က ကျင်လည် ပျော်မြူးခဲ့ဖူးတဲ့.နေရာလေးက ညီအစ်ကိုမောင်နှမများအားလုံးကို သတိရနေမယ်ဆိုတာ ပြောဖို့ မလိုလှဘူးထင် တယ်.။ ခင်ရာဆွေမျိုးတွေဆိုပေမယ့် ကျွန်တော့်ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ကျွန်တော့် မောင်နှမ တွေ အမြဲပါနေတယ်ဆိုတာ အားလုံးသိကြမှာပါ.။ တစ်နေ့နေ့ပေါ့. ။ ကျွန်တော် အားလုံးနဲ့ တစ်ချိန်ချိန်မှာ ဆုံချင်တယ်.။ မပိုင်တဲ့ မနက်ဖြန်တွေအကြောင်းကို ဥပေက္ခာပြုရင်းပေါ့လေ.။
Sunday, June 23, 2013
ဆုတောင်း
မြေပြင်ဂယက်၊ အိုးထိန်းစက်သို့
သွက်သွက်ခါရမ်း၊ မျက်ရည်ခမ်းမည့်
အလွမ်းညတို့လွန်ပါစေ...။
ရင်မှပုံရိပ်၊ ခြောက်လှန့်ထိတ်၍
တို့ဆိတ်ကျီစား၊ ထင်မှတ်မှားသည့်
ခြောက်ခြားညတို့လွန်ပါစေ...။
ပူဆွေးလှိုက်ဖို၊ ယိုင်လဲပြို၍
အငိုသက်သက်၊ အရှိုက်ခက်သည့်
အိပ်ပျက်ညတို့လွန်ပါစေ...။
Saturday, June 22, 2013
သူက ကျွန်တော့်သူရဲကောင်း
နှစ်သစ်ကိုကူး..
အတာကျူးချိန်မှာသူ့ကိုမွေးတယ်...
သြရသဆိုတဲ့သူ...
အိမ်မှာ အပူတွေ မလိုချင်ခဲ့သူပေါ့...။
မိဘကချို့တဲ့ပေမယ့်
ပညာဥာဏ်မချို့တဲ့ခဲ့သူ...
လောကကို မဲ့ပြုံးပြုံးလို့...
အချိန်ကို သုံးတတ်သူ...
နှလုံးမှာစွဲ...
ခိုင်ကြည်စွာမြဲနေတာက...
မယိုင်လဲတဲ့ ယုံကြည်မှုတွေနဲ့သူ...။
ညစ်ထေးတဲ့လောက...
ခြစားမှုတွေဗလဗွထဲက...
ကိုယ့်စိတ်ကိုရှင်း..
ကိုယ့်ဘ၀ကို အသက်သွင်းလို့...
(မရိုးသားမှုဆိုတာတွေနဲ့)
ခပ်ကင်းကင်းနေခဲ့သူ...။
အင်ဂျင်နီယာပညာ..
တက်ရောက်ဖို့ အခွင့်သာပေမယ့်
ဟာသွားတဲ့ မိသားစု
နာသွားတဲ့ နေစားမှုတွေအတွက်..
အပြုသဘောသက်သက်..
သူ့အနာဂါတ်တွေကိုရင်း..
ဆူးတွေခင်းတဲ့လမ်းကိုပဲရွေးခဲ့တဲ့သူ...။
အခွင့်အရေးတဲ့...
မယူလည်း ပေးသူတွေ..
ပြေးယူစရာမလိုအောင်..
အလျှိုလျှိုအ၀၀
ဖေးမခဲ့ပေမယ့်...
သူ့ရင်က သိက္ခာ...
အသပြာတစ်ပြားနဲ့မှ မလဲခဲ့သူ...။
သူ့ကိုကိုယ်နင်း...
အချင်းချင်းသစ္စာဖောက်...
ဒီလိုမှခရီးရောက်တဲ့ခေတ်...
အသစ်အသစ်တွေနဲ့...
အဖြစ်အဖြစ်တွေ စုံခဲ့လည်း...
လူနုံလို့ပဲ နှိမ့်ချ..
လူအလို့ပဲ တိုက်ခိုက်..
မိုက်မိုက်မဲမဲ ရိုးသားခဲ့သူ...။
အိမ်ထောင်သက်မွေး..
အရွယ်လေးရချိန်...
မိဘတို့ဝန်တာ..
အစဉ်သာအလေးပေးခဲ့သူ...
Diary နေ့တိုင်းရေး..
သူပြောတဲ့အပြောကလေးက..
(အံမယ်)
သိပ္ပံမောင်ဝ အားကျလို့တဲ့..။
အရယ်အပြုံးကလေးသောလို့
သူခဏခဏပြောတဲ့ Favoriteက
သူသိပ်သိပ်မက်တဲ့
အဘွားအိမ်ကထမင်း..
ထူးအိမ်သင်သီချင်းနဲ့...
(သူပိုင်ဆိုင်တဲ့)
မိကျောင်းစက်ဘီးကလေးတစ်စင်း တဲ့...။
အရစ္စတိုတယ် နဲ့ပလေတိုအစ..
ရာဆာအာရာဖက်နဲ့. မာရလင်းမွန်ရိုးအဆုံး.
သူ့မျက်နှာသဲ့သဲ့ပြုံးလို့..
သူ့ရုံးက ယူယူလာတဲ့
Newsweek မဂ္ဂဇင်းထဲက
အင်္ဂလိပ်အသံအနေအထားအကျနဲ့...
ကျွန်တော့်ကို ဖတ်ဖတ်ပြခဲ့တာ ခုထိမှတ်မိနေတုန်း..။
သတင်းစာတစ်စောင်နဲ့ ရေနွေးကြမ်းတစ်အိုးကို သူ့ကမ္ဘာလို့မှတ်ထားနိုင်သူ...
သူ့မိသားစုနဲ့ သူ့မိခင်ကို သူ့ဘ၀ကြီးလို့ ထင်ထားနိုင်သူ..
သူ့ဘ၀တစ်လျှောက်လုံး ရှိခဲ့တဲ့ ရူပဗေဒဌာနကို သူ့ လောကကြီးလို့ ယူဆထားတတ်သူ...
ကိုယ့်ထက်မြင့်သူတွေအများကြီးမြင်နေပေမယ့်.. သူ့ထက်နိမ့်သူတွေကိုပဲ ရှာဖွေကြည့်ရှုစောင့်ရှောက်တတ်သူ...။
သူ့မှာ မက်လောက်စရာ ရာထူးဂုဏ်သိမ်တွေမရှိဘူး..
ဒါပေမယ့်သူ့မှာရှိတဲ့ ရိုးသားမှုဂုဏ်ရည်ကို သူဂုဏ်ယူတယ်...
သူ့မှာ မော်ကြွားစရာ ချမ်းသာကြွယ်ဝမှုတွေမရှိဘူး..
ဒါပေမယ့် သူ့မှာရှိတဲ့ဖြူစင်မှုအတိပြီးတဲ့ မိသားစုဘ၀ကို သူရောင့်ရဲ တယ်...။
သူ့မှာ လူတိုင်းကငေးလောက်တဲ့ ရုပ်ရည်ရူပကာမျိုးမရှိဘူး..
ဒါပေမယ့် သူ့မှာရှိတဲ့ (ဘယ်သောအခါမှ) ဖုံးကွယ်မရတဲ့ ဖြောင့်မတ်မှုတွေအတွက် သူကျေနပ်တယ်..။
အလို...
သူ....
သူကကျွန်တော့် သူရဲကောင်း...။
Friday, June 21, 2013
မနက်စောစော...
            ခပ်ဝေးဝေးဆီက ရောင်နီလည်းပျို့လာလေပြီ..။ မိုးလင်းသည်ထိ နေလေ့ရှိသော သူ့အကျင့်အတိုင်း  ကော်ဖီ ခါးခါးတစ်ခွက်ကို သောက်နေကျ ပုံစံအတိုင်းပင် ဖျော်လိုက်သည်.။ ကော်ဖီခွက်ကိုတစ်ဖက် ကုလားထိုင်ကို တစ်ဖက် ကိုင်က လသာဆောင်သို့ထွက်သည်.။ နေမင်း၏ ရှေ့တော်ပြေး သံတော်ဆင့် များဖြစ်သော နီစွေးစွေးရောင်နီတို့ကို လှမ်းမျှော်ကြည့်သည်.။ လက်ထဲက ကော်ဖီကိုတစ်ကျိုက်ငုံလိုက်သည်.။ သူ့ပုံစံက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်ရှိသည်.။ ဟုတ်သည်.။ ဒီလို အချိန်မျိုးဆိုလျှင် ..သူ့ရဲ့ “သူမ” ကို သူမျှော်လေ့ရှိသည်.။ အရောင်အ၀ါများ နှင့် နေ့တစ်နေ့၏ ရှင်သန်ထမြောက်ခြင်းဆုံးချိန်အထိ လောကကြီး၏ အိပ်ယာထချိန် (သို့) သူ၏ အိပ်ယာဝင်ချိန်များတွင် သူ “ သူမ ” ကိုမျှော်လေ့ရှိသည်.။ သူမျှော်သည့်နေ့တိုင်း သူမ ပေါ်မလာတတ်ပါချေ.။ ကံအကောင်းဆုံးဟု သူထင်မိသော ရှားပါးနေ့ရက်များတွင်မူ သူ၏ “ သူမ” က လေ၏ လျင်မြန်ခြင်း မျိုးဖြစ်ရောက်လာတတ်ပြီး ရုတ်ချည်းပင် ပျောက်ကွယ်သွား တတ်လေသည်.။ တစ်ခါတစ်ရံတွင် အချိန် အတိုင်းအတာတစ်ခုထိ သူ့အတွက် ရှိနေတတ်သည်.။ သူပြောလိုသော ရင်ထဲမှ စကားတို့ကို ခွန်းတုံ့မဆိုသာ..။ ၀တ်ကျေတမ်းကျေ အဆင့်ထက် အနည်းငယ်မျှသာ ပိုလွန်သော တစ်စုံတစ်ရာကို သူ့အတွက် ချန်သွားစမြဲဖြစ်၏.။
            ယခုလည်း သူစောင့်နေသည်.။ သူ၏ “ သူမ” ကတော့ ပေါ်မလာသေး. ။ မဝေးလှသော အတိတ်ရဲ့အရိပ်တွေက သူ့ဘေးမှာ ၀ိုင်းရံလျက်.သူ့ကို နောက်ပြောင်ကျီစားသကဲ့သို့ ရှိလေသည်.။ သူမကို စတင်တွေ့ရှိခဲ့သည့်နေ့ရက်များကို သူပြန်လည်ရေတွက်ကြည့်နေသည်.။ ထိုအချိန်တုန်းက သူ့စိတ်တွေက ရေသေအိုင်ရဲ့ အနားသတ်တွေလို လှုပ်သည်မ ကျ၊ ငြိမ်သည် မကသည့်ရာသီဥတုမျိုး.။ သူသက်ပြင်းကိုဖြည်းညှင်းစွာချလိုက်သည်.။ မပွင်တစ်ပွင့် နှုတ်ခမ်းများမှာ သူမနာမည်ကို ဖွဖွရွတ်သည်.။ ကော်ဖီကိုနောက်ထပ်တစ်ကျိုက်ငုံမိချိန်တွင်..ခေါင်းထဲက အတိတ်ပုံရိပ်တွေက အစီအရီ ထွက်ပေါ်လာပြန်သည်.။
            သူမကိုစတင်တွေ့ရှိစဉ်က သူမဆီမှ နွေးထွေးမှုတစ်စုံတစ်ရာကို ရရှိဖူးသည်.။ သူ့ဘ၀မှာ မကြုံစဖူး ထူးခြားလှ သောနွေးထွေးမှုမျိုး.။ လူ့ဘုံခန်းဝါမှာ နောက်ထပ်ရှိဦးမည်ဟု သူမယုံကြည်သောနွေးထွေးမှုမျိုး။ ထိုနွေးထွေးမှုကိုသူ ငတ် မွတ်ခဲ့သည်.။ တပ်မက်ခဲ့သည်.။ မြတ်နိုးခဲ့သည်.။ ထာဝစဉ် ပိုင်ဆိုင်လိုခဲ့သည်.။ ဒါပေမယ့် သူမကမလိုက်လျောခဲ့..။ ဘာကြောင့်လဲဆိုတာကို သူသိသည်.။ သို့ရာတွင်... သူ့နှလုံးသားနှင့် သူ့အသိစိတ်တွေက စွမ်းအားခြင်းမညီမျှခဲ့.။ နောက်ဆုံးတော့ သူအရူးတစ်ယောက်ပမာဖြစ်ခဲ့သည်.။ သို့ရာတွင် သူ့ကိုယ်သူလိမ်ညာရင်းပင် ဆက်လက်ရပ်တည်နေခဲ့ သည်.။ ထို့နောက်ပိုင်းသူ့မှာ အကျင့်တစ်ခုရလာသည်.။ ထိုအကျင့်က ယခုကဲ့သို့ မနက်ခင်းတိုင်း သူမကိုစောင့်မျှော်ရခြင်း ပင်ဖြစ်သည်.။
            သူတွေးနေရင်းပင် သူမကအလင်း၏လျှင်မြန်ခြင်းမျိုးဖြင့်ပေါ်လာသည်.။ သုံးနေကျအသုံးအနှုန်းဖြင့်ပင် ခရီးဦးကြို ခြင်းကိုပြုသည်.။ အသက်မပါသော အလင်းတစ်စုံဖြင့် သူမက ပြုံးသည်.။ ရုတ်ချည်းပဲ သူမက ထွက်ခွာဟန်ပြုသည်.။ သူမ ကိုသူ တားဆီးရန်ကြိုးစားသည်.။ သူမက နှုတ်ဆက်စကားကိုဆို၍ စကားတုံ့ပြန်ပင်မစောင့်ပဲ. လားရာအရပ်သို့နှင်သည်.။ ပွေ့ဖက် ဖမ်းယူသော သူ့လက်များမှာ ဗလာချည်းနှီးသာ ကျန်ခဲ့ပြန်သည်.။
            သူရုတ်တရတ် ယိုင်လဲမတတ်ဖြစ်သွားသည်.။ သူစောင့်ခဲ့ရသည့်ရက်ပေါင်းများအတွက် အဖြေတစ်ခုက ရလဒ် မပီပြင်ခဲ့.။ သူမ၏ အမည်နာမကို ရွတ်ဆိုတိုင်တန်း၍ အရူးတစ်ယောက်သဖွယ် မြည်တမ်းမိလေသည်.။ သူ့မျက်လုံးများကေ၀၀ါးလာသည်.။ ခံစားချက်တို့ မြစ်ဖျားခံရာအရပ်မှ စကားလုံးများက နှုတ်ဖျားတွင်ပင် သေဆုံးသွားကြသည်.။ ချမ်းစိမ့်သော ကြမ်းပြင်တွင် ဒူးထောက်ကျသည်.။ သူမကတော့ အရိပ်အယောင်မျှပင် မမြင်ရအောင်ဝေးသွားပြီ.။
            နောက်ရက် မနက်စောစောတွင်. သူ့အလောင်းကို လသာဆောင်တွင် မိတ်ဆွေများက တွေ့ကြရသည်.။ သူ့အ လောင်းဘေးတွင် သူမနာမည်ကို ထပ်တစ်လဲလဲရေးထားသော စာရွက်အပိုင်းအစများပျံ့ကြဲလျက်ရှိလေသည်.။ ချုပ်ငြိမ်း သွားသော သူ့ဇီဝိန်ဝိဥာဉ်ထဲတွင် သူ၏ “ သူမ ” မသိခဲ့သော သူမအတွက် ရွတ်ဆိုဦးညွတ်ရာ သံစဉ်များပါတစ်ပါတည်း ပါသွားကြောင်း..သူမတော့ သိဟန်မတူပါချေ..။
                                                                                                                             မိုးသက်ဦးလွင်
Saturday, May 11, 2013
ခုတစ်လော (၂)
          ပူဟေ့ ပူကြ.. ရေဆူမှတ်အထိပူကြ.. ။
          အခန်းထဲမှာ စွပ်ကျယ်တောင် မကပ်နိုင်တာတစ်ပတ်ခန့်ရှိချေပြီ.။ အပူချိန်က +၁၄ဒီဂရီ ဆဲလ်ဆီးယပ်စ် ပဲရှိသည်.။ သို့သော် ဆောင်းတုန်းက ကွေးကောက်အောင်ချမ်းထားသော အရှိန်ဖြင့် ယခု အချိန် စိတ်ထဲမှာ အတော်ပူလှပြီ။ ပြည်တော်ပြန်ရင် မည်သို့နေမည်မသိ.. ။
          ခုတစ်လော ငမိုးစာမရေးဖြစ်တာ တော်တော်ပင်ကြလှပြီ.။ မည်သို့ရေးဖြစ်ပါမည်နည်း .။ သင်္ကြန်ကာလ အပြီးကနားလိုက်သည်မှာ အနားလွန်သွားသည်.။ ကြားထဲမှာ စာတမ်းတွေ၊ စာမေးပွဲ တွေနှင့်က အလုပ်ရှု့ပ်နေ သေးသည်.။ ကိုယ်ကိုယ်တိုင်က ကွန်ပျူတာ ဖက်အားသန်၍  ပရိုဂရမ်းမင်း လုပ်ရမည်ထင်သော နာနိုအီလက်ထရွန်းနစ်ကို ယူလိုက်ကာမှ တစ်လောကလုံးတွင် စာသင် အသန်ဆုံးသော ဆရာ၊ စေတနာကောင်းလွန်း တတ်စေချင်လွန်း၊ စာမေးပွဲဖြေလွန်းသော ဆရာနှင့်တည့်တည့်တိုးသည်.။ စိတ်ညစ်၍ မဟုတ်ပါ.။ နဂိုကမှ ဘန်ကီမွန်းနှင့် နင်လားငါလား အလုပ်ရှုပ်လှသူသည် ဆရာ့အပေါ်တွင် တာဝန်မကျေမည် စိုးလှ၍ သာဖြစ်သည်.။ အခြားသူငယ်ချင်းများ လေးနှစ်လုံးတွင် တစ်ကြိမ်သာဖတ်ရသော စာတမ်းကို ငမိုးတို့က တစ်နှစ် နှစ်ကြိမ်ဖတ်ရသည်ကပင် ၀မ်းသာရမလိုလို၊ ၀မ်းနည်းရမလိုလို.။
          အမှန်က ယနေ့ အမေများနေ့အတွက် ကဗျာရေးရန်ကြံခြင်းဖြစ်သည်.။ မနေ့က စာရေးရန်ကြံတော့ ဧည့်သည်တွေရောက်နေ၍ အခန်းက ဆူဆူညံညံဖြစ်နေသောကြောင့် .။ အာရုံက တည်မရ.။ သို့နှင့် BHG မှ ကို Bug Lab ညွှန်းသည့် ပထမဆုံးမြန်မာဟက်ကာဇာတ်ကား ဆိုသည့် ရင်ဘတ်ဖွင့်သည့်သော့ ကိုကြည့်မိသည်။ ပထမဆုံးအခန်း မီးခံသေတ္တာကို အောင်ရဲလင်းက ဖွင့်သည့်အခန်း၊ ဒုတိယ အခန်းမှာ မြန်မာကားများထုံးစံ အတိုင်း ဘယ်မင်းသားလာလာ ဘေးက သူငယ်ချင်းလုပ်ရသည့် ဟာသ သရုပ်ဆောင်သူငယ်ချင်းများနှင့် ဘယ်မင်းသမီးလာလာ ဘေးတီးပေးသည့် အရံမင်းသမီးများနှင့် အတူတူ ဆိုင်မှာဟေးဟားလုပ်ကြသည်.။ နောက်တစ်ခန်းချိန်းတော့ ဖွေးဖွေး၊ နှင့် အောင်ရဲလင်း ဆိုင်မှာ၊ တတိယတစ်ခန်းက မင်းသားမွေးနေ့ဆိုင်မှာ.။ ဇာတ်ကားက စပင်မစရသေး.။ လေးခန်းရှိသေးသည် .။ သုံးခန်းက ဆိုင်မှာ.။ သို့နှင့်ဆက်မကြည့်ဖြစ်တော့ ။ မျက်စိမှေးလာသလိုလို ရှိသည်နှင့် စောစောအိပ်ဖြစ်သွားသည်.။
          ဟိုးနေ့က ကိုမင်းဧရာ(နွေတေးရှင်) နှင့်စကားပြောဖြစ်သေးသည်.။ မြန်မာကဗျာရေးသူတွေ နည်းပါး လာကြောင်းနှင့် မြန်မာကဗျာရေး၍ပင် လှောင်ခံရကြောင်းကြားရတော့ ငမိုးလည်း စိတ်မကောင်းမိ.။ အမှန်က ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကို ဒီလိုဆက်ဆံသူတွေရှိခဲ့ဖူးသည်.။ သို့ပေတည့် ငမိုးအကျင့်က ကိုယ့်ကို နစ်နာအောင်လုပ်သွား၊ ပြောသွားရင် သိချင်မှ သိသည်.။ သိလျှင်လည်း နာချင်မှ နာသည်.။ သို့ အတွက် ငမိုးကို ဂျောက်ချ သူများ နည်းနည်းတော့ စိတ်ညစ်ရလေ့ရှိသည်.။ တစ်ခုတော့ရှိသည်.။ ငမိုးချစ်သော၊ ခင်သော မိတ်ဆွေ အသိအကျွမ်းများ ခံလာရလျှင်တော့ မထိန်းနိုင်လောက်အောင် ဒေါသဖြစ်မိလေ့ရှိသည်.။ ငမိုးကို ပုဂ္ဂိုလ်ရေးအရ လာဆဲလျှင် ခံကောင်းခံနိုင်မည်ဖြစ်သော်လည်း အသိုင်းအ၀ိုင်း နှင့်ချီ၍ ပြောလျှင်ကား ဒေါသဖြစ်လေ့ရှိသည်.။ ဆိုက်ကိုသင်သော အရာရှိက အပြင်စွဲတွေများသည် ဟုပြောဖူးသည်.။ သူများဖက် က သိပ်တွေးလွန်းသည်ဟုလည်းဆိုသည်.။ ဘာလဲတော့ သိပ်နားမလည်ပါ.။ ဒါပေမယ့် မိမိနှင့်ပတ်သတ်သူကို ထိလျှင်တော့ ငမိုးက သူများထက်ပိုနာတတ်သည်မှာ အမှန်ပင်ဖြစ်သည်.။
          ရုရှားလူမျိုးတွေ အားကစားလိုက်စားတာ ယခင်က ပြောပြီးဖြစ်သည်.။ မနှစ်က မကြုံခဲ့ရသည့် ပြိုင်ပွဲ  တစ်ခု ဒီမှာလာကြုံရသည်.။ အဲဒါက ဂိုး(၁၀၀) ဘောပွဲဖြစ်သည်.။ ဌာန တွေပေါင်းပြီး အသင်း ရှစ်သင်းခွဲသည်.။ ထိုအသင်းရှစ်သင်းကို Random ခေါက်ပြီး အပြာလေးသင်း အနီလေးသင်းခွဲပေးလိုက်သည်.။  ထိုလေးသင်းက ဆယ်မိနစ်တစ်သင်းကျ လဲပြီး ကန်ရသည်.။ နိုင်သည့်အသင်းက လဲလိုသည့်အချိန် လဲရသည်.။ ဂိုးမသွင်းနိုင် သည့်အသင်းက ဆယ်မိနစ်တစ်ကြိမ်လဲရသည်.။ ဂိုး(၁၀၀) မပြည့်မချင်း ညလုံးပေါက် နောက်ရက်အထိ ကန်ကြသည်.။ သူတို့ လူမျိုးများ အားကစားနှင့်ပတ်သတ်လျှင် တော်တော်လေး ရူးသွပ်ကြသည်ကို သတိထား မိသည်.။ ခုနောက်ပိုင်းလေ့လာကြည့်မိတော့  သူတို့ လူမျိုးတော်တော်များများက ကွန်မျူနစ်ဆန်ဆန် စိတ်ဓါတ် တွေရှိ ကြသည်.။ ရုပ်ဝတ္ထုပိုင်း ကို သိပ်အသားပေးသည်.။ ကံဆိုသည်ကိုမယုံ.၊ ဘာသာမဲ့တွေလည်းများသည်.။ ဘာသာရှိသူများကလည်း ဘာသာရေးထက် ကိုယ်လုပ်မှ ကိုယ်ရမည် ဆိုသည်ကိုသာ ခေါင်းထဲမှာရှိသည်.။ ကိုယ့်လူမျိုးကလွဲရင် မည်သည့်လူမျိုးမှ လူမထင်.။ ငမိုးတို့ မြန်မာနိုင်ငံမှာလို နိုင်ငံခြားသားများကို အရေးပေး၊ အထင်ကြီးသည့် စိတ် ၊ တစ်ပြားသားမှ မရှိ.။ ငါတို့ လူမျိုးသာအကောင်းဆုံး၊ အတော်ဆုံး၊ ဆိုသည့် စိတ်တွေက ရှိသည်.။ တစ်ခုတော့ ရှိသည်.။ သူတို့က သွေးနားထင်ရောက်နေတာ မဟုတ်ပဲ.. အမြဲတမ်း တိုးတက်အောင် ကျင့်ကြံနေကြတာတွေက ထိုစိတ်ဓါတ်တွေကို ပိုတိုးအောင် လုပ်နေသည့်အလားပင်ဖြစ်သည်.။ ကျောင်းသား တိုင်းအားကစားလုပ်သည်.။ အနည်းဆုံးတော့ ဘောလုံးကွင်းကို ပတ်ပြေးနေသူများဖြစ်သည်.။ သူတို့ လူမျိုးများတွင်လည်း ပျင်းသူ မရှိ၍တော့မဟုတ်.။ ပျင်း၍ အားကစားမလုပ်လျှင် စာမေးပွဲ ရလဒ်စာအုပ်မှာ လက်မှတ်ထိုးမပေး၊ ထိုအခါ ကြံ့ခိုင်ရေးမှတ် မရလျှင် နွေရာသီ ကျောင်းသားစခန်းတွင် ပြန်ဖြေပေရော့ ပဲ.။ ရေရှည်ဆွဲပြီး. ကိုယ့်အတွက် အကျိုးဖြစ်မယ့်ဟာမျိုးတွေကို စိတ်ဝင်စားသည်.။ ဥပမာ သက်လုံရစေမည့် ၊ ရွရွပြေးတာမျိုး၊ ကိုယ်စီသန်မာမှု(ဒိုက်ထိုး၊ ဘားခို၊ အိပ်ထမတင်) လုပ်တာမျိုးတွေကို အမြဲလုပ်ကြသည်.။
          ယနေ့ အမေများနေ့ဖြစ်သည်. ။ ဘုရားခန်းမ၀င်ခင် အမေ့အတွက် ကဗျာတစ်ပုဒ်လောက်တော့ ရေးဦးမည် စိတ်ကူးထားသည်.။ ဒါမှ မဟုတ်ရင် စာလေးတစ်စောင်လောက်ဖြစ်ဖြစ်ပေါ့.။ စိတ်ကတော့ နည်းနည်း ပြန်ကြည်နေပါပြီ.။ ဟိုတစ်လောက ဖြစ်ခဲ့သည့်  ပြဿနာအရပ်ရပ်ကြောင့် စာပေလောကကြီးကို ရေနွေးဖျော ချင်စိတ်တွေ ပေါက်မိတာကိုတော့ ခွင့်လွှတ်ပေးကြမည်ထင်သည်.။ ခုတော့လည်း ကိုယ့်ပတ်ဝန်းကျင်က လူတွေက လူလိမ္မာတွေချည်းမို့ ကွကို ဖြည့်တွေးပြီးကျေနပ်နေတာကပင် ကျေနပ်စရာတစ်ခု ဖြစ်နေလေသည်.။
Sunday, March 24, 2013
မျက်ပြေပါတော့ ချစ်သက်လျာ
ကျွမ်းစ သက်လျာ.
အသာအထိတ် ၊ ၀ဠာသိပ်တည့်
တိုးတိတ်ချစ်ကြင်၊ ပြစ်မမြင်ပဲ.
သန့်စင်ချစ်ခြင်း ၊ အပြစ်ကင်းသည့်
သက်နှင်းသက်ပုံ၊ သက်ကုန်ကုန်ဖြင့်
သက်စုံအပ်သည့် ချစ်သက်လျာ...
ပြေတော့ သက်လျာ...
မဟာမြေကြီး၊ 
အထီးဆန်ဆန်၊ 
အရံမပါ၊ ဤမြေလွှာ၌
သက်လျာမျက်ရှ၊ ထိုခဏသည်
သောကမီးလျှံ ၊ ရင်ဝဆန်၍
တစ်ဖန် အောက်ဆင်း၊ ဒုက္ခတွင်း၌
လက်ငင်းကြီးစွ၊ မျက်ရည်ခသည်.
ထိုမျှစွမ်းသော ချစ်သက်လျာ...
ရင်မှသက်လျာ ချစ်သက်လျာသည်..
သဒ္ဒါကြည်ဖြူ၊ ရည်တူစိတ်သန်း
ပင်ပန်းလည်းဖြေ၊ တွေဝေလည်းပျောက်
စိတ်နောက်လည်းကြည်၊ ပထ၀ီ၌
အရယ်အပြုံး၊ စိတ်နှလုံးကို
ချယ်မှုန်းသမှု၊ စင်အောင်ပြု၍
ယခုဆက်နှင်း၊ ပေလွှာသွင်းကို..
ရင်တွင်းအပြည့်၊ ချစ်မျက်စိဖြင့်..
ရှုကြည့်စေချင်၊ သံတော်တင်သည်.။
ဖတ်မြင်ခဏ ၊ တဒင်္ဂ၌
ဒုက္ခမကင်း၊ ဤရင်တွင်းကို.
ချစ်ခြင်းသည်းထန်၊ မိုးဝဿန်ဖြင့်
မြန်စွာသွန်းဖြိုး၊ အေးရိပ်ကိုးစေ
ချစ်မိုးသက်လျာ ချစ်သက်လျာ...
                                         မိုးသက်ဦးလွင်
                                     ၂၄.၃.၂၀၁၃ ညနေ ရှစ်နာရီ ငါးမိနစ်
ကိုမင်းဧရာ တို့ ကိုကိုမောင်(ပန်းရနံ့)တို့နဲ့တော့ မယှဉ်ကြေး.. :D ကျွန်တော့်ရဲ့ မြင်ဆရာတွေပါ..။
Saturday, March 9, 2013
ဆရာစား
          ကိုဌေး လက်က သူရဲ့ HP Laptop ကွန်ပျူတာလေးရဲ့ Touch pad လေးပေါ်မှာ တစ်ရွေ့ရွေ့သွားနေ သည်.။ ဟိုနားတို့ လိုက် ၊ သည်နားတို့ လိုက်ဖြင့် . ။ မိုးသက် ကတော့ ဘယ်သောအခါမျှ Touch Pad ကို သုံးလေ့မ ရှိ.။ မောက်စ်ဖြင့် ရွှီးတောက် ရွှီးတောက် လုပ်ရသည်ကိုသာ သဘောခွေ့လှသည်.။ တစ်ချက်တို့လိုက် ပွတ်ဆွဲ လိုက်လုပ်ရသည်ကို သိပ်ပြီး စိတ်မရှည်လှ.။
          “ ညီလေးက Programming ပိုင်းကိုပဲ ဆက်လုပ်မယ်ဆိုရင်တော့ ကိုယ်ပြောသလောက်နဲ့မရဘူးနော်.။ ပြီးတော့ ညီလေး လိုင်းတစ်ခုခုကိုရွေးရမယ်.။ Web Design လား၊ Web Application လား၊ Security လား.၊ ဒါမှမဟုတ်ရင် Software Developer လား.။ ကိုယ့်ဖာသာ စာတော့ အများကြီးဖတ်ဖို့ လိုလိမ့်မယ်.။ ပြီးတော့ အင်္ဂလိပ်စာ လည်းကျေမှ ရမယ် ၊ အင်္ဂလိပ်စာအုပ်တွေများများဖတ်ညီလေး.၊ အစပိုင်းတော့ အခက်အခဲတွေ့မှာ ပဲ ကိုယ်လည်း မင်းကို စာအုပ်တွေပေးထားတာတွေရှိတယ်.။ အဲဒီထဲမှာ အကုန်လုံး Methodology တွေအကုန် ပါတယ်.။ သူတို့က ဆရာစား မချန်ဘူးကွ.။ အကုန်ပြောပြ ထားတာ. ”
          “ ကိုဌေး .. ဆရာစားဆိုတာ ဘာကိုပြောတာလဲ ဟင်. ”
          မိုးသက် နားဝေတိမ်တောင်ဖြင့်မေးတော့ ကိုဌေးက ပြုံးသည်.။
          “ ဆရာစားဆိုတာ ပြောရရင် ဆရာကပညာ အကုန်မသင်ပေးပဲ သူ့အတွက် အကွက်ချန်ထားတာပေါ့. ။ ပြောရရင် သူ့ကိုမီမှာ စိုးလို့ ချန်ထားတဲ့သဘောပေါ့.။ အဲဒါ ဆရာမပီသ တာပဲညီရ.။ ကိုယ်မင်းကို သင်မပေး ခဲ့တာတွေရှိကောင်း ရှိလိမ့်မယ်.။ ဒါပေမယ့် အဲဒါက ညီ့ကိုသင်ပေးတာထက်စာရင် ကိုယ်တိုင်လေ့လာ ဖို့ လမ်း ကြောင်းပေးတာက ပိုသင့်တော်မယ်ထင်လို့ ကိုယ်က မသင်ပေးတာ. နားလည်လား. ”
          “ ဟုတ်ကဲ့ ကိုဌေး ”
          ဟုတ်ကဲ့ သာပြောလိုက်ရသည်။ တကယ်တော့မိုးသက် ကိုဌေး ပြောသည့် ဆရာစားကို ကောင်း ကောင်း အဓိပ္ပာယ်မပေါက်ခဲ့ပါ.။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
          မိုးသက် ကျောင်းပြီးတော့ မာစတာ အမှတ်မီသဖြင့် မာစတာ ဆက်တက်ဖြစ်သည်.။ ကွန်ပျူတာ မာစတာ သမားဖြစ်တော့ စာတော့ တော်တော်ဖတ်ရသည်။ မျက်မှောက်ဖြစ်နေသည့် နည်းပညာရပ်ဝန်းက အကြောင်း တွေ မိမိတို့ မသိသေးသော အချက်အလက်တွေကို မျက်ခြေမပျက်အောင် ကြည့်နေရသည်. ။
          ကျောင်းတက်နေရင်းပင် အပြင်မှာ အခန်းလေးတစ်ခု ငှားပြီး စတူဒီယိုလေးတစ်ခု ကို ၀ါသနာတူသူငယ် ချင်းများနှင့်အတူ ဖွင့်ဖြစ်ခဲ့သည်.။ မိုးသက် က ငယ်ငယ်ကတည်းက ဂစ်တာတီးတာဝါသနာပါသည်.။ ကျောင်း မှာက တည်းက ပွဲတွေဘာတွေရှိရင် မိုးသက်တို့ အမြဲတမ်း တီးခဲ့ဆိုခဲ့ကြသည်.။ ယခုလည်းမိုးသက်တို့ စတူဒီယို လေးက ကိုယ့် ဖာသာ တီးခတ်အသံသွင်းဖို့ လုပ်ထားခြင်းသာဖြစ်သည်.။
          ယခုလည်း ကျောင်းတုန်းက သူငယ်ချင်းတွေချည်း စုထားတာဖြစ်သည်.။ Mixing ကိုလည်း မိုးသက် ပဲလုပ် သည်.။ မိုးသက်က ကွန်ပျူတာ အသံဖမ်းခြင်း ၊ တီးခတ်ခြင်း များကိုလည်း ၀ါသနာပါပါ လေ့လာဖူး သည်ကိုး.။
          တစ်ရက်ကျတော့ မိုးသက်တို့ မာစတာကျမှ သိသော သူငယ်ချင်းတစ်ယောက် ကစတူဒီယိုကို ရောက် လာသည် ။ ကျော်မင်းဆိုသော ထိုသူငယ်ချင်းက မိုးသက်တို့ အဖွဲ့နှင့် သိပ်မပေါင်းလှ .။ နေပုံထိုင်ပုံ သိပ် မကြိုက် လှ၍ မိုးသက်လည်း မရောဖြစ်.။ မျက်မှန်းတမ်းမိရုံလောက်သာရှိသည်.။ မိုးသက်သိပ်လိုလိုလားလား မရှိသော်လည်း အခြား  သူငယ်ချင်းများမျက်နှာနှင့် သူ့ကို စတူဒီယိုအဖွဲ့ထဲ ထည့်လိုက်ရသည်.။
          နောက်ပိုင်းတော့ သူနဲ့ မိုးသက်နည်းနည်းတော့ရင်းနှီးလာသည်.။ ပေါင်းကြည့်တော့လည်း နားလည်ပေးနိုင် သော ကိစ္စများသာဖြစ်၍ မိုးသက်သိပ်ပြီး မစိမ်းတော့ပဲ. ရင်းရင်းနှီးနှီးပေါင်းဖြစ်သည်.။ နောက်ပိုင်းသူက Mixing ၀ါသနာပါသည်. ဆိုသောကြောင့် မိုးသက်သူ့ကို သင်ပေးရသည်.။
          “ အသံက ကူးပြီးရင် Filter ကို အဆုံးထိ မထားနဲ့ Noise Gate ကို နည်းနည်းပဲထား.။ တော်ကြာပင်ကို သံအရမ်းတိုးသွားရင် လုပ်ရခက်တယ်သူငယ်ချင်း.၊ ပြီးတော့ Drum သံတွေဆိုရင်လည်း ဘယ်ညာ Pan ပေးဖို့ မမေ့နဲ့. ”
          “ အင်း..မိုးကြီး မင်းက တော်တော်ကျွမ်းတာပဲကွ..၊ ပြီးရင် ငါ့ကို Piano Key စီတာလေးပြောပြဦးနော် ”
          မိုးသက်သူ့ကို သင်ပေးရတာ မခက်လှပါ.။ သူကလည်း ခပ်ထုံထုံထဲကမဟုတ်လို့လဲ ပါပါလိမ့်မည်.။ နောက် ပိုင်းသူ့ကို မိုးသက် လုပ်စရာမလိုပဲ မျက်နှာလွှဲလို့ရသည်အထိ ကျွမ်းကျင်လာသည်.။ ကျောင်းမှ သူငယ်ချင်းအချို့ Sample အခွေတွေလုပ်တာပဲဖြစ်ဖြစ် ၊ ခွေကြမ်းသွင်းတာပဲဖြစ်ဖြစ် မိုးသက် မအား ချိန်တွင် သူကိုယ်တိုင်လုပ်နိုင် လာသည်.။
          နောက်တစ်ပတ်လောက်ကြာတော့ မိုးသက်သူငယ်ချင်း ထက်အောင် နှင့် အပြင်မှာဆုံဖြစ်ကြသည်.။
         “ မိုးကြီး. မင်းတို့ စတူဒီယိုက ကျော်မင်းဆိုတဲ့ကောင်က ကြော်ငြာတွေလိုက်ကပ်နေတယ်.ကျောင်းမှာ သိလား.၊ အဲဒါမင်းတို့ စတူဒီယိုလား . ”
          “ ဟေ.. မဟုတ်ဘူးဟ..၊ ဒီကောင်နဲ့မတွေ့တာ ၂ ပတ်လောက်ရှိနေပြီ.. စတူဒီယိုကိုလည်း မလာဘူး.”
          “ အေး.. အခု သူ့ဖာသာသပ်သပ် ဖွင့်နေတာနေမှာ. ”
          “ သြော်..ဟုတ်မယ်သူငယ်ချင်းရာ.. ငါလည်း သူနဲ့တွေ့မှပဲ မေးလိုက်တော့မယ်. ”
 ပြောသာပြောလိုက်ရသည်. မိုးသက် စိတ်ထဲမှာ သိပ်တော့မကောင်းလှ..။ အမှန်တကယ်ဆိုလျှင့် အကျိုး အကြောင်းလေးတော့ ပြောသင့်သည်ထင်သည်.။ နောက်ရက်တော့ သူကပ်သည့် ကြော်ငြာမှ လိပ်စာ အတိုင်း သူ့ စတူဒီယို သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်.။
“ ကျော်မင်း.. မင်းဘာတွေလုပ်နေလဲ သူငယ်ချင်း.. ”
“ ငါလား. အခု ဒီမှာလေ.. အပ်ထားတဲ့အခွေတွေလုပ်နေတာ.။ ကျောင်းကကောင်တွေကလည်းကွာ ဆိုလိုက်ကြတာ.။ ငါ့မှာ လက်ကိုမလည်ဘူး. ”
စာရင်းစာအုပ်နှင့် စီဒီချပ်များကို လက်ဖြင့်ပုတ်ပြရင်း ကျော်မင်းက ဆိုသည်. ။ ပြီးတော့ နောက်လှည့်ပြီး မိုးသက်ကို မထီသော အကြည့်ဖြင့်ကြည့် ပြီး ဆက်ပြောသည်.။
“  အားကျနေတာလား. ၊ ကြိုးစားပေါ့ကွာ ” တဲ့.။
          မိုးသက်အံ့သြသွားမိသည်.။ သူ့ကိုလည်း ဘာမှ ဆက်မပြောဖြစ်တော့..။ အံ့သြခြင်းတွေ တစ်ပွေ့တစ် ပိုက်နှင့် အိမ်ကို ပြန်လာမိသည်.။ လမ်းတစ်လျှောက်လုံး ဒီလိုလူတွေရှိသေးသလားဆိုတာ ဆက်တွေးမိသည်.။ အိမ်ကိုရောက်သည့်အခါ အိမ်ကခွေးက ထွက်ကြိုသလားမကြိုသလားဆိုတာလည်း မသိမိ ၊ မမြင်မိတော့.၊ ဘယ်အချိန်ရှိပြီးလဲ ဟု စိတ်မရှည်သလိုလိုမေးတတ်သည့် အမေ့အသံကိုလည်း မကြားမိတော့.။ ဒီလိုလူမျိုးကို မိမိတတ်သမျှ အိတ်သွန်ဖာမှောက် သင်ပေးခဲ့တာ မှန်သလား၊မှားသလား လည်း ဝေခွဲမရတော့.။ “ ဆရာစားဆိုတာ ပြောရရင် ဆရာကပညာ အကုန်မသင်ပေးပဲ သူ့အတွက် အကွက်ချန်ထားတာပေါ့. ။ ပြောရရင် သူ့ကိုမီမှာ စိုးလို့ ချန်ထားတဲ့သဘောပေါ့.။ အဲဒါ ဆရာမပီသ တာပဲညီရ ” ဆိုသည့် ကိုဌေးစကားက လည်းနားထဲက မထွက်.။
My Blog List