မော်စကို ဆောင်းညက ရတု ဖွဲ့ဖို့ မမီတော့ ပြီ .။ သုည အပေါ် ၁ ဒီဂရီ ဆိုကတည်းက ကွင်းထဲမှာ ဘောကန်ရန် လူစုဖို့ပင် မလို.။ ညကြီးသန်းခေါင် ဘောကန်သူများကို အရူး လို့ ခေါ်ချင်ခေါ်ကြပါစေပေါ့.။ သူတို့ လူမျိုးများကတော့ အားကစားကို ခုံမင်လွန်းလှသည်.။ အနုတ် ၂၀ ဒီဂရီနားကပ်နေသည်ကိုပင် ဘောလုံးကွင်း ပတ်ပြီး အပြေးကျင့်သူက ကျင့်တုန်း.။ ဒါတောင် အားကစားသမားမဟုတ်.။ သာမာန်ကျောင်းသား ပင်.။
ဒီနေ့ညကမှ ထူးထူးဆန်းဆန်း ခြောက်ကပ်နေသည်.။ အခန်းထဲက “ ဆည်းလည်းသံ” လို့ နာမည် တိတ်တခိုးပေးထားသော သူငယ်ချင်း က ကျောင်းတကာ ပတ်၍ လည်နေသည်.။ မနေ့ကထိ ဆူတုန်း၊ ညံတုန်း ၊ ဒေါပွရတုန်း.။
ငမိုးတို့ ရဲ့ ၁၅ ပေပတ်လည် သုံးယောက်ခန်းလေးထဲမှာ ဆည်းလည်းလေး ကနှစ်လုံး ရှိသည်.။ အခု ဆည်းလည်းတစ်လုံး ကျောင်းပတ်နေတုန်း.။ တစ်လုံးက ဖျားနေသည်.။ ဖျားနေသည့် တစ်ယောက်က ကျန်းမာရေး အင်မတန်ကောင်းသည်.။ မနှစ်က ငမိုးတို့ တစ်ကျောင်းလုံး ဖျားကြတုန်းက သူတစ်ယောက်တည်း ထူထူထောင်ထောင် နှင့် အခန်းပတ်ကာ လူမမာစာတွေ လိုက်စားသူ ဖြစ်သည်.။ ငမိုးကတော့ မော်စကိုကို နှစ်ရက်ဆက်တိုက် သွားပြီး လမ်းတကာ ပတ်သွားနေသည်ကို ပင် ခုထိမဖျားသေး.။ လောလောဆယ် အခန်းက အင်မတန် တိတ်ဆိတ်ပြီး နေလို့ထိုင်လို့ အင်မတန်ကောင်းနေသည်.။ လတ်တလော အခြေအနေအရ စားပွဲပေါ်မှာ ဖောက်လက်စ အာလူးကြော်တစ်ထုပ် နှင့် Lipton Tea တစ်ဘူး. ရှိသည်.။ စိတ်ထဲမှာ ၀တ္ထုရေးချင် စိတ်ပေါ်နေသည်.။ အတွေးကားမရှိ.။ မကြာမကြာ ဦးနှောက်ထဲတွင် ပေါ်တတ်သည်.။ သို့သော် အခြား အလုပ် တွေကြား မှာ အဲဒီအတွေးတွေ ညပ်ညပ်ပါသွားလေ့ရှိသည်.။ ဖဘကို ဖွင့်ထားမိသည်.။ စတေး တပ်စ် တင် မည်လုပ်သည်..။ ရေးသင့် မရေးသင့် ချိန်ရသေးသည်.။ ရေးလိုက်ဖျက်လိုက်.၊ ပြန်ရေးလိုက်.၊ တစ်ခါတစ်ခါ ရေးပြီးတင်ပြီးမှ လူမမြင်ခင် ပြန်ဖျက်.။
ယနေ့လည်း ဘလော့ပတ်ဖြစ်သေးသည်.။ ကိုယ့်အစ်မ အရင်းလို ချစ်ရှာသော အစ်မကန်ဒီ ဘလော့ မှစာကို ခုထိ သဘောကျနေတုန်း.။ မင်္ဂလာဆောင်ကို မြန်မာထုံးစံဖြင့် အကျဉ်းချုံးလုပ်လိုသော ငမိုး အစ်မ .။ ဘယ်နေရာကိုပဲရောက်ရောက် ဘာပဲရောက်ရောက်… မြန်မာစိတ် မပျောက်သွားတာကိုက လေးစားဖို့ကောင်းနေပြီ.။ ဖဘ မှာဖြစ်ဖြစ် ဘာဖြစ်ဖြစ် နေရာတကာ မပါပဲ ကိုယ်ဖျောက်နေတတ်တာကို သတိထားမိသည်.။ ဘာပဲ ပြော ပြော ငမိုးလည်း လိမ္မာသူတွေနှင့် ပေါင်းရသည်မှာ စိတ်ချမ်းသာလှသည်.။ တစ်နေ့က မန်းမှ အဒေါ်နှင့် စကိုက် ခေါ်ပြီး စကားပြောဖြစ်ကြသည်.။ ငမိုးတို့ အမျိုးထဲ အရက်သောက်သူမရှိ ၊ ယောက္ခမ-ချွေးမ/သားမက် မတည့် တာမရှိ၊ အမှုအခင်းပွေလီ မရှိ၊ လူမှုရေး အရှုပ်အရှင်းမရှိ ဟု ကိုယ့် အမျိုးကိုယ်ဖော်ပြီး နှစ်ယောက်သား သဘောကျ မိ ကြသည်.။ ကိုယ့် ငါးချဉ်ကိုယ် ချဉ်ခြင်း ဖြစ်ချင်ဖြစ်ပါစေ.။ ငမိုးလည်း မိမိ အမျိုးထဲကလို လိမ္မာ သူများသာ ရွေးပေါင်းခြင်းဖြစ်သည်.။
တစ်ရက်တစ်ရက် ဖဘ တွင် အချိန်ကုန်ရသည်မှာ သိပ်တော့ အဆင်မပြေလှ .။ လောလောဆယ်တော့ အလုပ်တော်တော် လုပ်မိသည်ဟုဆိုရမည်.။ http://seinlanmyay.org Joomla ဆိုက်ကို လောလောဆယ် ငမိုးကိုင်နေရသည်.။ နဂို ၀က်ဘ်မာစတာ လုပ်သွားသည့် စင်ကာပူ မှ အစ်ကိုက တော်တော်ကို တော်ပါသည်.။ အစစအရာရာ အဆင်သင့် သုံးရုံ ဖြစ်အောင် လုပ်သွားပေးသည်.။ လိုအပ်သည့် နှိုးဆော်စာများ ၊ ဂုဏ်ပြုလွှာ များ၊ အလှူမှတ်တမ်းများအားလုံး ကိုသေချာ ထည့်ထားပေးသည်.။ ဘလော့နှင့် ၀က်ဘ်ဆိုက်က သဘောတရားခြင်းတော့ အတူတူပင်ဖြစ်သည်.။ သို့ရာတွင် ၀ဘ်ဆိုက် ဆိုသည့် အမျိုးက Control Panel တစ်ခုလုံးကိုယ့်လက်ထဲမှာ ထားရသည်.။ Hosting ကအစ ကိုယ့်ဖာသာ၊ တည်ဆောက်ပုံနှင့် Database ကအစ ကိုယ့်ဖာသာ တည်ဆောက်ရတော့ အဲဒါတွေတော့ရှုပ်သည်.။ လုံခြုံရေးအပိုင်းကတော့ ငမိုးလည်း နည်းနည်းပါးပါး တီးမိခေါက်မိရှိသလောက်တော့ လုပ်ရသည်.။ ဘာပဲပြောပြော ဖဘပေါ်မှာ အချိန် ကုန် တာ ထက် စာရင် နတ်လူသာဓုခေါ်မည်ဟု ကွကို ဖြေသိမ့်ရသည်.။
ငမိုးနိုင်ငံရေး မလုပ်ပါ.။ တစ်ခါတစ်ခါ စိတ်တိုသည့် အခါတော့ဝင်ရေးတတ်ပါသည်.။ စစ်သားလည်း နိုင်ငံရေးလုပ်ခွင့် မရှိပါ.။ ဒါတောင် မဆီမဆိုင် ငမိုးကို MyanmarExpress ကဟု စွတ်စွဲသူက ရှိသေးသည်.။ ငမိုးဖာသာ MyanmarExpress လည်းမဟုတ်ပါ.၊ ဒေါက်တာ ဆိတ်ဖွားလည်းမဟုတ်ပါ.။ သူတို့ ဘယ်သူမှန်းလည်း ငမိုးမသိပါ.။ တစ်ခါကလည်း ဘင်္ဂလီအရေးက Myanmar Striker ဆိုက်က လူ တစ် ယောက်ကို ဘင်္ဂလီ ဟု Myanmar Express ကတင်၍ ငမိုးကို လာရောက်ဆက်သွယ် တောင်းပန်တာ ခံရသေးသည်.။ ငမိုးဘာတတ်နိုင်မည်နည်း.။ ထိုသူက ပြောသေးသည်.။ Myanmar Express ကမော်စကိုမှ ထောင်ထားသည်ဖြစ်၍ ဆက်သွယ်ပေးပါရန် (သို့) ထိုပုံဖြုတ်ခိုင်း ပေးပါရန် ဖြစ်သည်.။ ငမိုးလည်း မသိ. ။ ရှေ့မီ နောက်မီ စီနီယာများကို စုံစမ်းရသည်.။ ကျောင်းအသီးသီးကို မေးရသည်.။ ဘယ်ကျောင်းမှာ မှ အဖြေမပေါ်၊ စီနီယာရှေ့မီ နောက်မီတွေလည်း သေချာ မသိ.ဆိုတော့ ငမိုးလည်း မတတ်နိုင်ပါ.။ ဒီကမဟုတ်ဟု ပြောသော် လည်းထိုသူ မယုံသလိုလို နှင့်တော့ လက်လျှော့သွားပုံရသည်.။
အသိတွေထဲမှာ ငမိုးရဲ့ အချစ်ရေးကို လာလာမေးကြသူရှိသည်.။ ဖြစ်နိုင်လျှင် လက်မ အောက်စိုက်ပြီး လည်ပင်းတွင် ဆွဲထားရမည်ထင်သည်.။ ဖြေရလွန်းမက ဖြေရတော့လည်း မဖြေချင်တော့.။ ငမိုးလည်း ကိုယ့်ကိုယ်ကို တစ်မျိုးတစ်မည်တော့ ခံစားရသည်.။ အကြောင်းမသိသူများကတော့ တစ်နှစ်လေးယောက် ပွေလှသည့်အကောင်ဟု ထင်မည် ဖြစ်သည်.။ အကြောင်း မသိဆိုကတည်းက ကိုယ့်ကို မခင်ကြ သူ တွေ ဖြစ် သည်.။ ကိုယ့်ကို မခင်မှတော့ ကိုယ့်ကို ထင်ချင်ထင်ကြပါစေ.။ အချင်းချင်း ယုံကြည်လျှင် တော်ပါပြီ.။ ကိုယ့် တွင်လည်း အစ်မနှင့် ညီမ နှင့်။. သူများသားသမီးကို ပွေချင် ရှုပ်ချင် အပျော်ကြံချင် စိတ်ငမိုးတွင် ရှိမရှိ အချင်း ချင်း သိကြလျှင်ပင် ကျေနပ်လှပြီဖြစ်သည်.။ ကြာတော့ လူလည်း ထုံပေပေဖြစ်ပြီး. ဖဘ ပေါ်တွင် ဖီလင်တက်ပြီးရှယ်ယာ လုပ်ကြသော အချစ်ဒဿနများကို ကြည့်ရင်းသာ ရယ် ချင်လှတော့သည်.။ သို့သော်လည်း အနုပညာ စိတ်က ကြာကြာမခံနိုင်.။ ဟိုတစ်လောက လာသွားသည့် ကိုမင်းဧရာ(နွေတေးရှင်) ရဲ့ ကဗျာ များအလွန်ကောင်းသည်.။ မြန်မာကဗျာ ငတ်နေသော ငမိုး ရေငတ်တုန်း ရေတွင်းထဲ ကျသလို ပင်ဖြစ်မိသည်.။ မော်ဒန်ဆို ကိုအလင်းသစ်၊ မြန်မာဆို ကိုမင်းဧရာ၊ ၀တ္ထုဆို အစ်မမဒမ်ကိုး၊ သရော်စာ ဆိုလျှင် ဦးအိကု၊ အလှအပ ဘာညာ ဆို မကန်ဒီ ၊ ခရီးသွားဗဟုသုတ ဆို မကွန် ၊ သူ့နေရာနှင့်သူ ဖေးဘ ရိတ် ထားရသည်.။ ကျန်သူတွေ လည်း သဘောမကျ၍ မဟုတ်ပါ.။ ငမိုးဘလော့ရဲ့ လင့်ခ် ချိတ် ထား သူ တွေ အ ကုန်လုံးက ငမိုးရဲ့ ဖေးဘရိတ်တွေချည်းပဲဖြစ်သည်.။
ရှေ့လတွင် ငမိုးရဲ့ မွေးသမိခင် မွေးနေ့ ရှိသည်.။ အမေ့ကိုတောင်းပန်စရာတစ်ခုရှိသည်.။ တစ်ချိန်က ငမိုးရည်ရွယ်ပြီး ဒီဘလော့မှာပင် သူ့နာမည်အကြိမ်ကြိမ်ရေးခဲ့သူ တစ်ဦး အကြောင်း အမေနှင့်ပြောစဉ်က မတော်လိုက်ရ သည့် ယောက္ခမ မိသားစု တစ်စုလုံးမွေးနေ့ တွေ ငမိုးအလွတ်ရကြောင်းပြောမိသည်.။ အမေ က ငမိုးတို့ မိသားစု မွေးနေ့တွေပြန်မေးတော့ ငမိုးဆိုသည့် ငတိက အမေ့ မွေးနေ့မှ လွဲ၍ ကျန်သည့် မွေးနေ့ အကုန်လုံးကို မှတ်မိသည်. ။ အမေ့ မွေးနေ့တစ်ခုတည်း မေ့နေသည်.။ အမေ ၀မ်းနည်းသွားသည်.။ ငမိုး လည်း သိသည်.။ တစ်ခါတစ်ခါ လိမ္မာအောင် နေလျက်နှင့် ထိုသို့ မှားသည့် အမှားတွေက ခွင့်လွှတ်ရခက် ၊ ဖြေ သိမ့် ရ ခက်တွေ ဖြစ်နေတတ်ပါသည်.။
စာလည်းရှည်ချေပြီ.။ ဖျားနေသည့် သူငယ်ချင်းကုတင်မှ လူးလိမ့်ညည်းငြူသံကြားသည်.။ Enter ခေါက်သံခပ်ကျယ်ကျယ်ကြောင့် နိုးလာပြီးထင်သည်.။ ပါးစပ်ထဲ ဘာမှ မရှိပါပဲလျက် ပလပ်ပလပ်နှင့် လေ တွေ ၀ါးနေသည်..။ အိပ်ပျော်သွားလျှင်တော့ အဖျားကျမှာ သေချာသည်.။ ဒီတစ်ပတ်လုံး ငမိုးပို့စ်ပြန်တင်ဖြစ်သည်မှာ အလွန်ပျော်သည်.။ ကွန်မန့်များမြင်တော့လည်းပျော်ပါသည်.။ ဘလော့ဂါ ဟု ကွကို အမည်ခံထားသူများအဖို့ ကွန်မန့် ကိုတွေ့ရသော ပီတိသည်. စာရေးဆရာများ စာမူခ ရသော ပီတိထက် လျော့မည် မထင်ပါကြောင်း..။
လေးစားလျက်
မေမြို့မိုး












