Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Sunday, July 29, 2012
ကျုပ်တို့ အသိုင်းအ၀ိုင်း
တော်လို့မဟုတ် ၊ ပျော်လို့မဟုတ်.
တတ်လို့ မဟုတ် ၊ ငတ်လို့မဟုတ်.
ဝါသနာတစ်ခုကိုထမ်းပိုးထားတဲ့
လူတန်းစေ့ ဦးနှောက်ပိုင်ရှင်များရယ်ပါ...။
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ..
အယ်ဒီတာမရှိ ၊ ကော်ပီကြမ်းမရှိ
လေထန်ကုန်းမရှိ ၊ စာမူခမရှိ
စာဖတ်သူက အယ်ဒီတာ..
Comment ဆိုတာ စာမူခ..
ကြော်ငြာဆိုတာမရှိ..
မော်ဒယ် ဆိုတာ နတ္တိ..
ကိုယ်တိုင်တွေး
ကိုယ်တိုင်ရေး
ကိုယ်တိုင်ရွေး
ကိုယ်တိုင် တည်းဖြတ်
ကိုယ်ပဲဓါတ်ပုံဆရာ
ကိုယ်ပဲ မော်ဒယ်
ကိုယ်ပဲ သတင်းထောက်
ကိုယ့်ကိုယ်ကိုယ်ပြန်အင်တာဗျူး...။
ဒါပေမယ့်
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ
အချင်းချင်းဖေးမ...
ညီအစ်ကိုမောင်နှမတွေလို..
သူပျော်ရင်ကိုယ်ပျော်.
ကိုယ်ဝမ်းနည်းရင် သူစိတ်မကောင်း..
သက္ကရာဇ်တွေဟောင်းခဲ့ကြတယ်...
ဒီလစာမူမပါလို့ ၀မ်းမနည်းရဘူး..
မဂ္ဂဇင်းတိုက်သွားဖို့ လမ်းစရိတ်မကုန်ရဘူး..
တစ်နယ်တစ်ကျေးကိုရောက်နေသူတွေတောင်..
အိတ်ထဲက ပိုက်ဆံ ကုန်သွားလို့ဝမ်းမနည်းဘူး..
C Box က နှုတ်ဆက်စကားတွေနဲ့ ပြုံးပျော်လို့ရသေးတယ်..
ကျုပ်တို့ မှာ အသွေးအသားရှိတယ်
စံချိန်မှီ ရင်ခုန်သံတွေရှိတယ်..
အဆင့်မီ.ခံစားချက်တွေရှိတယ်..
အနုပညာ ဆိုတာ ...
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာလည်း
ပြည့်ပြည့်၀၀မြင်ရမယ်...။
ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ
ကျုပ်တို့က
ကမ္ဘာ့ရွာမောင်နှမတွေ...
စာပေနယ်က ခွဲထွက်လာသူတွေ..
ပေမီဒေါက်မီ ခံစားတတ်သူတွေ..
ကမ္ဘာ့ဂေဟ စနစ်မှာမပါဝင်တဲ့
ပီတိစားသတ္တ၀ါတွေပေါ့...
အဲဒါ...
ကျုပ်တို့ အသိုင်းအ၀ိုင်း...။
ရေးသားသူ : မိုးသက် // 6:27 PM
အမျိုးအစား:
22 comments:
  1. ဘလော့ဂါအကြောင်း သိကောင်းစရာလေးတွေ ထိထိမိမိလေးပါ မေမြို့မိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. အရမ်းကောင်းတဲ့ ကဗျာ အရမ်းမှန်တဲ့ကဗျာပဲမေမြို့မိုးရေ ။
    ReplyDelete
  3. ဖေ့ဘွတ်မှာ ဖတ်ပြီးသား ပြန်လာဖတ်သွားသည် ဒါပဲ :P
    ReplyDelete
  4. ညီလေးရေ ကဗျာလေးတော်တော်ကောင်းတယ်
    ReplyDelete
  5. တော်လို့မဟုတ် ၊ ပျော်လို့မဟုတ်.
    တတ်လို့ မဟုတ် ၊ ငတ်လို့မဟုတ်.
    လူတန်းစေ့ ဦးနှောက်ပိုင်ရှင်များရယ်ပါ.-------
    ဟုတ်လိုက်လေခြင်းပါကွယ် ကောင်းလွန်းလို့ ဘာပြောရမလဲမသိတော့ဘူး
    ReplyDelete
  6. သဘောကျသည်။ရန်ကုန်မှာတောင်ဆရာမမြသွေးနီတို.လုပ်ကျမယ့်ပွဲရှိတယ်ထင်တယ်။online mediaနဲ.printmedia အကြောင်းပြောကြမှာ။ငါ့မောင်ကဗျာလေးသာပြလိုက်ရရင်တော့လား။
    ReplyDelete
  7. အန်တီလေးမေခင်July 30, 2012 at 2:32 AM
    ကောင်းလိုက်တယ်ကဗျာလေးပါ
    အားပေးသွားပါတယ်နော်
    အန်တီကတော့စာမူခလေးယူပီးပြန်သွားပီနော်
    ခင်တဲ့အန်တီလေးမေခင်
    ReplyDelete
  8. မြတ်နိုးသူ(MUFL)July 30, 2012 at 2:35 AM
    အချင်းချင်းဖေးမ...
    ညီအစ်ကိုမောင်နှမတွေလို..
    သူပျော်ရင်ကိုယ်ပျော်.
    ကိုယ်ဝမ်းနည်းရင် သူစိတ်မကောင်း..
    သက္ကရာဇ်တွေဟောင်းခဲ့ကြတယ်...
    ဒီလစာမူမပါလို့ ၀မ်းမနည်းရဘူး..
    စာမူတိုက်သွားဖို့ လမ်းစရိတ်မကုန်ရဘူး..
    တစ်နယ်တစ်ကျေးကိုရောက်နေသူတွေတောင်..
    အိတ်ထဲက ပိုက်ဆံ ကုန်သွားလို့ဝမ်းမနည်းဘူး..
    C Box က နှုတ်ဆက်စကားတွေနဲ့ ပြုံးပျော်လို့ရသေးတယ်..
    ဟုတ်လိုက်တာနော်အစ်ကို
    ကဗျာလေးတော်တော်ဖတ်လို့ကောင်းတယ်
    အားပေးသွားပါတယ်နော်
    ReplyDelete
  9. တကယ်မှန်တဲ့ ကဗျာလေးပဲ...
    ReplyDelete
  10. ကျုပ်တို့အသိုင်းအဝိုင်းကသူတွေအများစုက
    အသည်းကွဲဖူးကြတယ်လို့လည်း
    ထည့်ေ၇းဦးလေ.မိုးသက် :P
    ReplyDelete
  11. အဲသည့်အသိုင်းအ၀ိုင်းမှာ တအိမ်တက်ဆင်းလိုက်လည်တက်တဲ့သူတစ်ဦးမှ နှုတ်ခွန်းဆက်သွားပါတယ်။
    (လီယို)
    ReplyDelete
  12. ဒီလိုနဲ့ပဲ...ဒီအသိုင်းဝိုင်းလေးထဲက ဘယ်တော့မှမထွက်သွားနိုင်ဘူးဆို ပိုမှန်မယ် မောင်လေး..:):)
    ReplyDelete
  13. ကောင်းလိုက်တဲ့အရေးအသား....
    ငါ့သူငယ်ချင်းလို့ မပြောရဘူး....:PPP
    အားပေးသွားတယ် သယ်ရင်းရေ...:-)
    ReplyDelete
  14. ဘလော့ဂ်ထိလိုက်ပြီး ထပ်ဖတ်သွားသည် :D
    ReplyDelete
  15. ထိတယ်ညီလေးရာ အမှန်တွေထောက်ပြထားတာ
    ပြုံးမိတယ် ပြီးတော့ အရမ်းကြိုက်တယ်ကွာ
    ReplyDelete
  16. ဘလော့ဂါလူငယ်များရဲ့ ရင်ဘတ်များစွာကို ကိုယ်စားပြုတဲ့ ကဗျာ...။
    ReplyDelete
  17. မောင်လေးရေ
    ဒီည မေတင်လိုက်တဲ့ ဗုဒ္ဓဘာသာဝင်တိုင်း ကန့်ကွက်ပေးတာလေးကို ကျေးဇူးပြုပြီး ဝင်ဖတ်ပေးပါ။ ရှယ်ပေးပါ။ ဝိုင်းဝန်းကန့်ကွက်ပေးပါ။
    ReplyDelete
  18. ဒီအသိုင်းအ၀ိုင်းလေးထဲ...အံဝင်ဂွကျဖြစ်ဖို့..ကြိုးစားနေရင်း...ချွတ်ချော်တိမ်းစောင်းမှုများနဲ့..ဒီအသိုင်းအ၀ိုင်းထဲမှာ အထာကျဖို့....အကွက်ရွှေ့နေရတဲ့...ကျောက်မဲက.၀ိုင်းတော်သားတစ်ဦးကလဲ..လာရောက်ပါဝင်ဆင်နွှဲအားပေးသွား ပါတယ်ဗျာ....
    ReplyDelete
  19. စာမူခ မစ ခဲ့ပါတယ် ဗျာ.......
    ရှယ်ယာ လည်းလုဎ်သွားပါတယ် မေမြို့မိုးရေ့.............!
    ReplyDelete
  20. " တော်လို့မဟုတ် ၊ ပျော်လို့မဟုတ်....တတ်လို့ မဟုတ် ၊ ငတ်လို့မဟုတ်....." ရေးချင်လို့ရေးတယ်... :P
    အလကားစတာ.... ဘလော့ဂါတွေရဲ့ ရင်ကိုထင်ဟပ်တဲ့ ကဗျာလေးပဲ ညီ....ကောင်းတယ်ဗျား...........။
    ReplyDelete
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......
My Blog List