ဗိုလ်လောင်းဘဝ ရောက်ကြသောခါ
ဗိုလ်လောင်းဘဝ ရောက်ကြသောခါပျော်ပျော်ပါးပါး ကြိုးစားကြောင်းကိုသာ
စိတ်ဓာတ်ခိုင်မာ စိတ်မှာ ရဲရင့်
ပညာထင်ပေါ် စစ်တိုက်တော်
ကျောင်းတော်မှာ ထင်ရှားပါလို့လေး။
စစ်ချီ စစ်ထိုး ရှေးရိုးပညာ
ခေတ်သစ်ပေါင်းဖက် တိုးတက်တဲ့ စစ်ဗျူဟာ
စာပေပညာ ခေတ်မီစွာ သင်ကြား
ဟစ်ကြွေးညာကြေ တိုက်မည်စေ
စစ်မြေမှာ ရဲရင့်ပါလို့လေး ။
စိတ်ဓာတ်ဇွဲပြိုင် ကြံ့ခိုင်ရေးလျှင်
သန်မာမှုပြ ကာယအား ဖွံ့ဖြိုးရန်ပင်
မြန်မြန်လျင်လျင် ရွှင်စွာအားထုတ်
ထိုင်ထ ဖားခုန် လေထီးခုန်
နည်းစုံစွာ လေ့ကျင့်ပါလို့လေး။
ဂုဏ်ဒြပ်မာန်သွေး စစ်ရေးပြတွင်
ယှဉ်ကာဖျဖျ စွမ်းပြကြသည်ပင်
ပန်းပန်းပင်ပင် ကျွမ်းကျင်မှုပြ
ရှေ့ကြည့် ဘယ်ညာ သတိ သက်သာ
ညီညာစွာ လှမ်းတက်ပါလို့လေး။
ပြေးလျက်ကယ်ဘယ်ညာ ညီစွာနင်းတော့သည်။
တွေးလျက်ကယ်မြင်သာ ပြည်မှာလင်းတော့သည်။
ဒီကဗျာလေးကိုတော့ ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ်နှစ်ပတ်လည်နေ့မှာရေးသားပြီး မဂ္ဂဇင်းစာမူအဖြစ်
ရွေးချယ်ခံရတဲ့ကဗျာလေးပဲဖြစ်ပါတယ်..။ တျာချင်းကဗျာအမျိုးအစားဖြစ်ပြီး.. အွန်လိုင်းပေါ်ကို.. ၂၀၁၀ ခုနှစ်
မှာ အပတ်စဉ် ၄၃ မှ နောင်တော်များရဲ့ ၄၃ယောက်မြောက် အမေ့သားများဘလော့မှာ..ဖော်ပြခဲ့ပါတယ်.။ အဲ
ဒီဘလော့မှာ ကျွန်တော့်ရဲ့နာမည်အရင်း. ဟိန်းလင်းထွန်း ဆိုတဲ့နာမည်နဲ့ ဖော်ပြခဲ့တာပါ.။(စာမူတင်တုန်းက
တော့ မုတ်သုံ(ပြင်ဦးလွင်)နဲ့ တင်တာပါ..။ ဘယ့်နှယ့်ကြောင့် ဟိန်းလင်းထွန်းပြန်ဖြစ်သွားလဲမသိပါဘူး...)
မူရင်းကဗျာလေးကိုကြည့်ချင်ရင်ဒီ နေရာမှာကြည့်လို့ရပါတယ်.။(မူရင်းကဗျာမှာ ဗိုလ်လောင်းဘ၀ တက်
ရောက်ကြသောခါ ဖြစ်နေတယ်.။ တကယ်တမ်းက ကျွန်တော်ရေးထားတာ တက်မပါပါဘူး..။ ကွန်ပျူတာ
စာရိုက်တဲ့ ဆရာသမားက ကွန့်လိုက်တယ်ထင်ပါ့.။)
ကဗျာတွေကိုရေးသားတဲ့အခါ.. တစ်ခါတစ်ခါ ကာရံနောက်ကိုလိုက်လွန်းရင်လည်းအရေးအသားက
မလှတော့ဘူး.။တစ်ခါ ဇာတ်လမ်းနောက်ကိုလိုက်လွန်းရင်လည်း.. ကာရံက သိပ်ရှာရခက်တယ်.။ဥပမာပြော
ရမယ်ဆိုရင်. ကျွန်တော် ဒုတိယနှစ်လောက် ရေးခဲ့ဖူးတဲ့ကဗျာတစ်ပုဒ်ပေါ့..။နာမည်က စိတ်လေခြင်းတဲ့...။
စိတ်လေခြင်း..
စားပွဲတွင်ထိုင် ငုတ်တုတ်မှိုင်၍
ငူငိုင်လေးတွဲ့ ခုံကိုနှဲ့သည်
ကင်းမဲ့အာရုံ ၊ စိတ်အစုံသည်
ရှေ့ခုံစွန်းကျော် ၊ နာရီပေါ်သို့
လှမ်းမျှော်ကာကြည့် ၊ စိတ်ပျက်မိသည်..။
အောက်မှာကျန်သေးတယ်. သိပ်မမှတ်မိတော့ဘူး. ။ အဲဒီတုန်းကစာမေးပွဲပြီးခါစ..။ ကျွန်တော်တို့ ဆီမှာ
စာမေးပွဲပြီးတဲ့နေ့လည်း Time Table အရ Study ထိုင်ရတော့. ။ စိတ်လေနေတဲ့အကြောင်းကိုထိုင်ရေးထား
တာ..။
နောက်ထပ် လက်တန်းရေးတဲ့ကဗျာလေးတွေရှိသေးတယ်..။ ပထမနှစ်တုန်းက ကျွန်တော့်ကိုချစ်တဲ့
စီနီယာအစ်ကိုတွေက အခန်းကိုခေါ်ပြီး..လုပ်ပါဦးကွ တစ်ပုဒ်လောက်ဆိုရင်. ။ ပါးစပ်ထဲတွေ့တာတွေရွတ်ပြရ
တာတွေရှိပါသေးတယ်။ တစ်ခေါက်က.. တပ်စု အကြပ်ကြီးတာဝန်ကျတဲ့ ကိုစောသီဟက.. ညီလေး အစ်ကို့
အကြောင်းကို ကဗျာတစ်ပုဒ်လောက်လုပ်ပါဦးကွာ. ဆိုတော့. ကျွန်တော့်ပါးစပ်က မရှေးမနှောင်းထွက်သွား
တယ်.။
ယခင်က အကြပ်ကြီး ၊ စက်ကြီးကိုသူကိုင်
အခန်း(၁) ညာဘက်စွန်းမှာ ၊ထောင့်ကပ်ကာထိုင်
ယခုတော့ မှိုင် ၊ စလွယ်နီ လက်ကကိုင်ပြီး
သံမြိုင်မြိုင်ခရာသောတယ်.၊ချောတဲ့ အစ်ကိုကြီး..ဆိုတော့.. ။ ဆရာသမားက ကျွန်တော့်ကဗျာလေးကိုကူးသွားတယ်.။ကဗျာကအရေးများလေလေ
ကဗျာဥာဏ်က ထွက်လေလေ .. ၊လျင်မြန်လာလေပါပဲ..။လက်တန်းစပ်ဆိုတယ်ဆိုတာ အရေးများလာလို့ပါ.။
အဲဒီလိုအတိုလေးတွေအများကြီးရှိပါသေးတယ်.။
သန်းခေါင်ပြန်နှစ်ချက်တီး၊မီးတွေကမှောင်
ချပ်ဝတ်တွေအစုံလင်နဲ့ ၊ မျက်စိကကြောင်
ရွှေလရောင် ၊ ၀င်းပြောင်လို့ထိန်လင်း
ကင်းကျတဲ့ငမိုက်သားရယ်.၊ဖွလို့သာနင်း...။
အပေါ်က ကောင်လေးတွေက သံပေါက် သဘောမျိုးပါ.. ။ဘာညာဗျာ စုံစိနေတာပါပဲ..။ ဒါပေမယ့် ကျွန်တော့်
ကဗျာတွေက အပြင်မဂ္ဂဇင်းမှာကျတော့သိပ်မတိုးနိုင်တော့ဘူး.။ ခုခေတ်ရေစီးကြောင်းထဲကို တိုးဝင်ဖို့ခက်
သွားပြီ..။ ဒါပေမယ့် ဆောင်းပါးတို့ ၀တ္ထုတို့တော့ အလုပ်ဖြစ်ပါတယ်.။ ကဗျာကိုတော့ စစ်တက္ကသိုလ်မဂ္ဂဇင်း
မှာ နှစ်တိုင်းပါခဲ့ပါတယ်.။မြန်မာစာဌာနကကျွန်တော့်ဆရာတွေရေးထားတဲ့ ကဗျာလေးတွေ လေ့လာရအောင်
ဖော်ပြပါ့မယ်.။
အောင်စစ်သည်ဆိုတဲ့လမ်းသို့
ထိုးထားကွ . . . ထိုးထားကြိုးစားစမ်း ယောက်ဖ
နောက်ကောက်ချပစ်။
ပြေးထားကွ . . . ပြေးထား
သွေးသားတွေ ဘယ်မခန်း
ပန်းဝင်လေမှ။
လွှဲထားကွ . . . လွှဲထား
အတွဲများ မညီက
စစ်ရေးပြ ညံ့မည်။
ပစ်ထားကွ . . . ပစ်ထား
စစ်သားမို့ ဘာမထီ
ထိရမည် ဗဟို။
ရှင်းထားကွ . . . ရှင်းထား
လင်းသွားပြီး တောက်ပြောင်မှ
အဆောင်စစ်ကောင်းမည်။
ကျက်ထားကွ . . . ကျက်ထား
အမှတ်များ ပျံနေမှ
စာပေဆုရမည်။
ထိန်းထားကွ . . . ထိန်းထား
ယိမ်းမသွား စိတ်ဓာတ်ခိုင်မှ
လေ့ကျင့်ဆုရမည်။
ကြိုးစားကွ . . . ကြိုးစား
ရိုးသားပြီး စိတ်ဓာတ်တည်ကြည်မှ
အောင်စစ်သည်ဆုရမည်။
ဩော်
တစ်နှစ်တစ်ခါ ယှဉ်ပြိုင်နွှဲ
တစ်နှစ်ပတ်လုံး ယှဉ်ပြိုင်နွှဲ
အောင်စစ်သည် ပြိုင်ပွဲပေမို့
မယိုင်မလဲ သက်လုံမချို့
ဘက်စုံတို့တော်ပါမှ
ပျော်စရာ နောင်တစ်နှစ်ဆီ အမှန်ပ
အောင်စစ်သည်အလံရကာ
မာန်တကြွကြွ သူများရှေ့ နေရမည်မို့
ကဲ
ညီတော် နောင်တော်တို့တစ်တွေ
မချို့ပေ ဂုဏ်ရောင်သစ်စွာဖြင့်
နောင်တစ်ခေတ်မှာ ပြည်သာယာဖို့
ညီညာစွာ တူပြိုင်ကာလှမ်းစို့
အောင်စစ်သည်ဆိုတဲ့လမ်းသို့။ ။
ဥဩ(ချယ်ရီမြေ)
ဗိုလ်ကြီး အောင်မျိုးနိုင်၊ အပတ်စဉ် ၄၃
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
သိပ်ကိုကောင်းတဲ့ကဗျာလေးပါ.. ။ ကျွန်တော်နဲ့ သူနဲ့ စာမသင်ဖူးပါဘူး.။ဒါပေမယ့် ကျွန်တော့်ရဲ့ မြင်ဆရာ
တွေထဲက တစ်ဦးပါ.။
ညီငယ်လေးတွေကလည်းလက်စွမ်းထက်ပါတယ်.။
နောက်မဆုတ်တမ်း ရှေ့ဆက်လှမ်းမည်
ချစ်သူစေရာ တိုက်တွန်းတာကြောင့်ငါလျှင်လာခြင်း မဟုတ်ပါ။
အသည်းကွဲကာ သူပစ်ခွာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
အများသူငါ နာကြည်းတာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
ရုပ်ရှင်ကြော်ငြာ အားကျတာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
မိဘတွေမှာ ထည့်လိုက်တာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
ငါ့ဝါသနာ ငါစိတ်ပါပြီး
ငါ၏ဆန္ဒ ပြင်းထန်လှ၍
ငါ့ရည်မှန်းချက် နိုင်ငံတွက်ကို
သက်စွန့်ထမ်းရွက် ထိုအတွက်ကြောင့်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုကို
ခိုလှုံရန်သာ ငါရောက်လာ၏။
ပြီးလျှင်မိဘ ကြီးမားလှသော
မြတ်စွ ကျေးဇူး ဂုဏ်အထူးကို
ဆပ်ဖူးချင်သော ဆန္ဒဇောကြောင့်
ဘယ်သောခါမှ စိတ်ဓာတ်ကျသည်
ငါ့မှာမရှိ ဇွဲအတိနှင့်
ဆုံးထိပန်းတိုင် တက်လှမ်းနိုင်အောင်
ခိုင်မာမှတ်ကျောက် ငါဆက်လျှောက်မည်
နောက်သို့ မဆုတ်လေပြီတည်း။ ။
နေထွဋ်အောင်
ဗိုလ်လောင်း နေထွဋ်အောင်၊ အနော်ရထာ/၁၂၊ အပတ်စဉ် ၅၃
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ) သိပ်ကို သဘောကျတဲ့ကဗျာတစ်ပုဒ်ရှိသေးတယ်..။ လေးချိုးအမျိုးအစားပါ.. ကာရန်ယူရတာ သိပ်ခေါင်းစား
ခဲ့တဲ့ အမျိုးအစားပေါ့..။
ချယ်ရီနန်းက တက္ကသိုလ်
တကယ်အတည်လွမ်းပါဘိ ချယ်ရီနန်းက တက္ကသိုလ်…
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်က
မနက်ဆို ပီတီပြေး
ပီဘိ ကလေးတွေလို
စီနီယာ တွေကြောင့် ဖြောင့်မတ်
ဂါဒီယန်တွေ စောင့်ကြပ်ထား
လူလားမြောက်ခဲ့ရတာ မှတ်မိပါသေး။
ဘယ်ညာ ဘယ်ညာနဲ့
တွယ်တာခဲ့ရတဲ့ စစ်ရေးပြကွင်းကြီး
ဟုတ် မဟုတ်နဲ့
အလုပ်ရှုပ်ခဲ့ရတဲ့ ဘ၀တွေ မှတ်မိပါသေး။
လမ်းမညီမညာမှာ စရိုက်ဆိုးတွေအတွက်
တန်းစီကာ ဒိုက်ထိုးခဲ့ရတာ
အခန်းထဲ အိပ်ပျော်လို့
(ဆရာက… )
အရမ်းပဲ ပိတ်အော်ခဲ့တာတွေ မှတ်မိပါသေး။
တန်းစီခရာ မှုတ်လိုက်တော့
လမ်းမညီမှာ ခလုတ်တိုက်ခဲ့မိတာ
ညဘက်မှာမနှပ်ဘဲ
ထလျက်သာ ဖိနပ်ပဲ တိုက်ခဲ့ရတာတွေ မှတ်မိပါသေး။
အခါခါမရွေး အမြဲသတင်းမွှေးတဲ့
မကြာမကြာကျွေး ပဲဟင်းကလေးရယ်
အသည်းနုနုမှာ စွဲသွားလေတဲ့
ကြက်ဥနဲ့ အမဲသားတွေကိုလည်း မှတ်မိပါသေး။
အိမ်လွမ်းစရာ တံဆိပ်ဟောင်း
စိန်ပန်းပြာ နိမိတ်ကောင်းတွေနဲ့
သေလာတံတိုင်းတစ်လျှောက်
နေကြာရိုင်း ပေါက်ခဲ့တာတွေလည်း မှတ်မိပါသေး။
. . . မှတ်မိပါသေး။
. . . မှတ်မိပါသေး။
. . . မှတ်မိပါသေး။
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်ကပေါ့
သြော်
တကယ်အတည် လွမ်းပါဘိ ချယ်ရီနန်းက တက္ကသိုလ်
ရွယ်ရည်မှန်းဆ ရက်ထိုထို။ ။
ဥသြ ( ချယ်ရီမြေ )
အောင်မျိုးနိုင်( အောင်ဆန်း )
၂၀၀၈ နှစ်လည်မဂ္ဂဇင်း တကယ်တမ်းက လေးချိုးကဗျာတွေဆိုတာ ခုခေတ်မှာရေးစပ်သူ မရှိသလောက်နည်းပါးသွားပြီဖြစ်ပါ
တယ် .။မပျောက်ပျက်အောင်ထိန်းသိမ်းဖို့လိုပါတယ်.။ ကျွန်တော်တို့ မှာ တင်မဟုတ်ပဲ..စာပေအသိုင်းအ၀ိုင်း
က လူတိုင်းမှာတာဝန်ရှိတယ်ထင်ပါတယ်.။စစ်သားဖြစ်နေပေမယ့်. လက်ရုံးရည်ရော နှလုံးရည်ပါပြည့်ဝမှ
ခေါင်းဆောင်ကောင်းပီသပါတယ်..။ Be Physically and Mentally fit ဆိုတဲ့ ဆောင်ပုဒ် လည်းရှိပါတယ်.။
လက်ရုံးရည်သက်သက်နဲ့ ခေါင်းဆောင်လုပ်ရင်.. လက်အောက်ငယ်သားကို ရင်ဝယ်သားပမာ အုပ်ချုပ်မှုအား
နည်း ပါတယ်.။ကဲထားပါတော့.. ကဗျာဘက်ကိုပြန်လှည့်ကြဦးစို့...။ကိုအလင်းသစ်ပြောသလိုပါပဲ . ကျွန်တော်
လည်း ဒီဘလော့မှာ တစ်ခြားအကြောင်းတွေ မရေးချင်ပါဘူး.။ ဒါပေမယ့် ကျွန်တော့် ဖြတ်သန်းခဲ့တဲ့ သမိုင်းစာ
အုပ် ပါးပါးလေးတစ်အုပ်လုံးနဲ့.စာပေခရီးလမ်းတစ်လျှောက်လုံးက.. စိန်ပန်းပြာတက္ကသိုလ်မှာအများဆုံး ဖွဲ့
တည်နေခဲ့လို့ပါ...။
ဆက်လက်ဖော်ပြပါမည်..။
ကျွန်မ ကဗျာတွေကို ဖတ်သွားတယ်။
ReplyDeleteလေးစားစွာဖြင့်
မြတ်
မမမ-ဆိုတဲ့ မာမီမိုးရေ
ReplyDeleteအဲယောင်လို့- မေမြို့မိုးရေ ကဗျာတွေကိုဖတ်သွားပါတယ်
ခင်မင်တဲ့
မိစံ
မေမြို့မိုးရေ..
ReplyDeleteကဗျာလေးတွေ ကောင်းတယ်ကွဲ့..တိုတိုလေး နဲ့ ထိမိတာမျိုး ကြိုက်တယ်..
ကဗျာအကြောင်းတော့ သိပ်မသိဘူး..
ဖတ်မိလို့ ရင်ထဲရောက်သွားရင် နှစ်သက်မိသပေါ့..
ဆက်ရေးဦးနော် ငါ့မောင်
အစ်မ
အိမ်မက်
လက်တန်းကဗျာလေးတွေသဘောကျတယ်ဗျာ
ReplyDelete၀င်ဖတ်သွားတယ်အကို ကဗျာဆိုတာ လူတိုင်းရဲ့
ReplyDeleteနှလုံးသား ကြေးမုံတစ်ခုပါပဲ....အကို ။
ကျွန်တော့ကိုလဲ လက်တွဲခေါ်ပါအုန်း။
ညီလေးရေ ကဗျာလေးတွေကို အရမ်းကြိုက်တယ်။
ReplyDeleteကဗျာလေးတွေ ရေးတတ်လိုက်ကြတာ
ReplyDeleteကာရံယူပုံလေးတွေလည်း ကောင်းတယ်
အကြောင်းအရာလည်းကောင်း..
ဖတ်လို့လည်း ကောင်း။
ချီးကျူးပါတယ်။
နော်ကထပ်လည်း အများကြီး ရေးနိုင်ကြပါစေ။
လာဖတ်ကြတဲ့ အစ်ကိုအစ်မများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.
ReplyDeleteပိုစ့်ထဲမှာပါတဲ့ကဗျာလေးတွေအရမ်းကိုကောင်းတာပဲ
ReplyDelete