Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, September 7, 2012

I'm yours.....M@Y....

         ဓါတ်ပုံ Album ထဲက Single ပုံများကို ချန်ထားပြီး ၂ ယောက်တွဲပုံများကို ထုတ်လိုက်သည်.။အစကတော့ ၂ ယောက်တွဲ ပုံများကို ချန်ပြီး (သူမရဲ့) Single ပုံများချည်း ထုတ်ပြီး ပေးရန် စိတ်ကူးသေးသည်..။ နောက်တော့ Single ပုံများကများနေ သဖြင့် ၂ ယောက်တွဲ ပုံများကို ရွေး ထုတ် လိုက် သည်.။  အော်. ဘာ လိုလိုနှင့့်သူမ ဓါတ် ပုံ များလည်းမနက်ဖြန်ဆိုလျှင် ပိုင်ရှင်ဖြစ်သူ ထံ ရောက်တော့ မည်.။ တစ်ပုံ နှစ်ပုံ . . သုံးပုံ.. ..  ..။ 
          ရွေးထုတ်နေရင်း ကျွန်တော့်လက်တွေ တုန်ရီနေမိသည်.။ ဘာဖြစ်လို့လဲ.။ ကျွန်တော့် သူမ ကိုငြိ တွယ် နေ တုန်းပဲလား. ။ကိုယ့်ကိုယ် ကို ပြန်မေးမိသည်.။ အဖြေကတော့ တစ်ခွန်းတည်းပါပဲ.။ ကျွန်တော် သူမကို မငြိ တွယ်သင့်တော့ပါ.။ စောစော ကတည်း က ကိုယ်မပါသည့် ဇာတ်လမ်းကို ၀င်မိလျက်သားဖြစ်နေသည့်. ကျွန် တော့် အဖြစ်က ကိုယ့်ကိုယ်ကို တွေးမိတိုင်း နာကျင် နေရသည်.။ ပုံတွေကို ရွေးနေရင်းနှင့်ပင်.. လက်ဖမိုးပေါ်ကို ပူနွေးသောအရာဝတ္ထု တစ်ခုထိ တွေ့ သည်.။  ဒါ.. ကျွန်တော်မုန်းတဲ့ မျက်ရည်တွေ.. ။ မင်း ငိုနေတာလား. ။မင်း ယောက်ျား မဟုတ်ဘူးလား.။ကိုယ့်ကိုယ်ကို ပြန်မေးမိသည်.။ ကျွန်တော် ယောက်ျား။ကျွန်တော် အမုန်းဆုံး က မျက် ရည်တွေ.။ဒါဆိုမင်းဘာလို့ ငိုလဲ.။ ကျွန်တော်မငိုပါ.။  ကျွန်တော်လုံးဝ မငိုဘူး……….။ ကျွန်တော် မငို ဘူး.။ ကိုယ့်ကိုယ်ကို ဆောက်တည်ရာမရပဲ.ရွေးလက်စ Albumကို အိပ်ယာပေါ်ပစ်တင်ပြီး.အတိတ်ကို ပြန် တွေး မိ သည်.။ 
         ကျွန်တော့်ရဲ့ သူမ…။ ဓါတ်ပုံတွေထဲကလိုပါပဲ.။ ကလေးတစ်ယောက်လို ဖြူစင်ပြီး အပြစ်ကင်းစင်သည်။ သူငယ်ချင်းများအပေါ် ကြင်နာတတ်သည်.။ အပေါင်းအသင်းကို ခင်တွယ်သည်.။ ကလေးစိတ်မပျောက်သေး သောသူမအတွက်. ကျွန်တော် အလွန်အမင်းစိတ်ပူခဲ့ဖူးသည်.။ မထင်မိသည့် အချိန်ခနလေးအတွင်းမှာ သူမကို ကျွန်တော် ချစ်မိသည်.။ ကျွန်တော် သူမကို ချစ်မိသည့်အ ချိန်တုန်းက သူမမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြေကွဲ မှုတစ်ခုနဲ့ကြုံတွေ့နေရချိန်..။ပြင်းထန်သောနှလုံးရောဂါတစ်ခုခံစားနေရချိန်။
      သူမရဲ့ အကျင့်က ရင်ထဲက ခံစားချက်ကို ထုတ်မပြတတ်.။ ကျွန်တော်က မေတ္တာငတ်မွတ်သူ..။သူမရဲ့ ဒဏ်ရာတွေကို ကုစားပေးရင်းအတိုင်းအတာတစ်ခုထိ သူမ ပြန်လည်တည့်မတ်လာချိန်မှာ ကျွန်တော်သူမကို ဖွင့်ဟခဲ့မိသည်။ 
      ပွင့်ပွင့်လင်းလင်းပြောရပါလျှင်မူ. ကျွန်တော်သူမ အပေါ် သနားမှု နှင့် အတူ ချစ်မိသွားခြင်းဖြစ်သည်.။ ဘာကြောင့်လဲ.??.။ 
        ကျွန်တော့် မှာ အဖြေ မရှိပါ.။ သေချာတာတစ်ခုကတော့ ကျွန်တော် သတ်မှတ်ခဲ့ဖူးသလို  သူမသာ နံပတ်(၁).၊အရာရာမှာ ပထမလို့သတ်မှတ်ခဲ့ဖူးတာက ကျွန်တော့်ရဲ့ အစွန်းရောက်သောချစ်ခြင်းတစ်ခုလား.။ သူငယ်ချင်းများ တားသည့်ကြား၊ အတန်းပိုင် ဆရာတားသည့်ကြားမှ ကျွန်တော် ရူးသွပ်ခဲ့တာတွေ. ၊ Outpass မရပေမယ့် သူမ မျက်နှာတစ်ခုတည်းနဲ့ (တစ်ခါမှ မလုပ်ဖူးပဲ.) Outpass ခိုးထွက်ခဲ့ဖူးတာတွေ.၊ ပြန် တွေးကြည့်ရင်အလွန်ရှက်ဖို့ကောင်းနေသည်.။           
       “ နင့်ဘ၀မှာ နင့်မိသားစု အသိုင်းအ၀ိုင်းကလွဲရင် ဘယ်သူအချစ်ဆုံးလဲ ဆိုတာ နင်သိလား….”
      ကျွန်တော်မေးခဲ့ဖူးသည်..။ သူမ.ပြန်ဖြေသည့် ဖြေတစ်ခုကိုလည်းမက်မောရူးသွပ်စွာ..ပျော်ရွှင်ခဲ့ဖူးသည်။ 
      “ ငါနင့်ကို ယုံပါတယ်..။ ငါ့ကို နင့်လောက်ချစ်တဲ့သူ နောက်ထပ်မရှိနိုင်တော့ပါဘူး.. .”   
        အခုပြန်ဖတ်တော့ ပြုံးချင်စရာဖြစ်နေသည်.။ ဒါပေမယ့် . သူမဖက် အခြေအနေတွေဆိုတာ ကျွန်တော်   သိနေခဲ့တော့ ကျွန်တော် သူမကို အပြစ်မတင်ရက်ပါ.။သူမ လုပ်သမျှ အမှန်တွေပါ.။ သူမကို မမုန်းကြပါနဲ့.။    
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

            “ တစ်ခါက အရုပ်ဆိုင်တစ်ခုမှာအရုပ်လေး တစ်ရုပ်ရှိတယ်.. ။ အဲဒီအရုပ်လေးက ပြင်းပြင်းထန်ထန် ထိ ခိုက်သွားတော့ ဘာ မှ လုပ်လို့ မရဘူးဖြစ်နေတယ်..။ အဲဒီအချိန်မှာ အရုပ်အကြောင်းကို နားလည်တဲ့ ကလေး တစ်ယောက်က .အဲဒီ အရုပ်ကလေး ကို  ကူညီပြီး ပြင်ဆင်ပေးတယ်.။ အချိန်ယူ ပြင်ပေးနေရင်းနဲ့ပဲ. အဲဒီကလေး က အဲဒီအရုပ်ကလေးကို အရမ်းပဲ မြတ်နိုးသွား တယ်။ ပိုပြီး တန်ဖိုးထားဖြစ်သွားတာက အဲဒီအရုပ်ကလေး ကို  ဒီလို အခြေအနေ ရောက်လာအောင်..ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတဲ့ အနေအထားကို သူသိခဲ့လို့ပါ….”   
“အဲဒီတော့ဘာဆက်ဖြစ်လဲ..”                                                                               
            သူမ က ဆက်မေးသည်.။ ကျွန်တော် ဘာကိုဆိုလိုမှန်းသူမ သိနေတယ်ဆိုတာ ကျွန်တော်သိပါသည်။
           “  အဲ့ ဒီကလေးရဲ့ တစ်ခုတည်းသော ဆန္ဒက အဲဒီအရုပ်ကလေးကို သူတစ်သက်လုံးထိန်းသိမ်းစောင့် ရှောက်ချင်တယ်.။ ဒီတော့ သူကလည်း ဒီအရုပ်ကလေးကို တစ်ချိန်ကျရင် အရုပ်ဆိုင်ပိုင်ရှင်ဆီမှာဝယ်ယူဖို့ သူ မျှော်လင့်ထားတယ်.။ အဲဒီအတွက်ကြောင့် သူ့ရဲ့မုန့်ဖိုးတွေကို စုဆောင်းတယ်.။ ဒါပေမယ့် သူ့မုန့်ဖိုးတွေမပြည့် ခင်မှာပဲ. သူချစ်တဲ့. သူမြတ်နိုးတဲ့ အရုပ်ကလေးကို အရုပ်ဆိုင်ပိုင်ရှင်က တစ်ခြား ကလေး တစ် ယောက် ကိုလက်ဆောင်အဖြစ်ပေးလိုက်တယ်.။အဲ့ဒီကလေးဘယ်လိုဖြစ်သွားမယ်လို့နင်ထင်လဲ ”
“ ဘယ်လိုဖြစ်သွားမလဲဆိုတာငါသိပါတယ်..။ဆက်ပြောပါဦး..”.               
         သူမမျက်နှာကို ကျွန်တော်ကြည့်မိသည်.။ သူမလည်း စိတ်ထိခိုက်နေသည်လား..။  
           “တကယ်တမ်းမှာ အဲ့ဒီကလေး ရင်နာမိတာက. အဲဒီအရုပ်လေး ဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်ပေးခဲ့ ရတာကို နကန်းတစ်လုံးမှ မသိတဲ့သူ လက်ထဲကို သူသွားတော့မယ်ဆိုတာကိုပါ. . ”                        
         အဖြေက ရှင်းနေပါပြီ.။ သိပ်ကိုရိုးရှင်းတဲ့ ပုစ္ဆာ တစ်ပုဒ်လိုအဖြေကြိုထွက်နေပါပြီ.။ နာ ကျင် ရမယ် သိ သိ လျက်နဲ့ ၊ခံစားရ မယ်သိသိလျက်နဲ့ ကျွန်တော်ကိုယ့်ကိုယ်ကို ညာနေခဲ့သည်.။ အခုအချိန်မှာ ကျွန်တော် ကိုယ်တိုင်ခေါင်းမဖော်ဝံ့တော့တာ ကိုယ့်ကိုယ်ကို အသိဆုံးပါ.။ ဒါပေမယ့် ဖြေသိမ့်စရာတစ်ခုက သူမ ကျွန်တော့်ကိုယုံကြည်ခဲ့ဖူးသည်.။
ဟုတ်သည်.။ 
သူမကျွန်တော့်ကိုယုံကြည်ခဲ့ပါသည်…..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
            “ငါနင့်ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုရင်နင်ယုံမလားဟင်..”   
         သူမမျက်နှာကွက်ကနဲ့ပျက်သွားသည်.။တကယ်ပဲ..တုန်လှုပ်သွားသည်လား..။ ကျွန်တော်ပဲဆက်ပြောသည်..။ 
       “ ငါနင့်ကို အဲဒီကိစ္စတောင်းပန်ပါတယ်..။ ငါနင့်ကို ညာခဲ့မိတယ်.။ ငါနင့်ကို မချစ်ခဲ့ဘူး.။ ငါ့အပေါ်အရမ်း ကောင်းခဲ့တဲ့အန်တီနဲ့ ဦးဦးကိုလည်း ငါတောင်းပန်တယ်လို့ ပြောပေးပါနော်.။အခုပြန်တွေးကြည့်ရင် ငါရှက် လို့ ပါ.။ငါလေ. နင့်ကိုညာခဲ့မိတယ် ” သူမ အသက်မပါစွာ ရယ်သည်.။ ဒါပေမယ့် အဲဒီရယ်သံက ၀မ်းသာလို့ ရယ် တဲ့ရယ်သံမဟုတ်တာ သေ ချာသည်.။ ပြီးတော့ တုန်ရီသော အသံ ဖြင့်ဆက်ပြောသည်.။   
       “  မိုးသက် နင်သိပ် ရယ်ရတာပဲသိလား..နင်ယောကျာ်းမဟုတ်ဘူးလား..။ စကားကို အမျိုးမျိုး ပြော နေ ရအောင်..”     
     “ အေး ပြောပါ ငါနင်ပြောသမျှ ခံပါ့မယ်.။ ငါက ယောကျာ်းမပီသဘူး.။ ငါက စကားကို အမျိုးမျိုးပြော တတ် တယ်.။ ငါက နင့်ဘေးနားမှာ ဆက်လက်မရှိသင့်တဲ့သူပါ. ။ ငါမှာလည်း အခု ချစ်သူရှိနေပြီ.။ အဲဒါ နင့်ကို ငါလာ ၀န်ခံတာပါ. အဲ့တာ ”     
 “ တော်တော့ . မိုးသက်. ။ နင်ငါ့ဘေးက နေ အချိန်မရွေးထွက်သွားလို့ ရတယ်. ။ ဒါပေမယ့်  နင်ငါ့ကို အဲ ဒီလောက်ထိပြောဖို့ မလိုအပ်ဘူးသိလား..”
 သူမ ပြောရင်းနှင့် ငိုပါသည်.။ ကျွန်တော်ပြာသွားသည်.။ ရင်ထဲမှာ ဆံတစ်မျှင် နှမ်းတစ်လုံးမှ မ လျော့ ပါး သေးတဲ့ ချစ်ခြင်း တွေ က ခံနိုင်ရည် မရှိတော့တာသေချာသည်. ။
“  နင့်နားမှာ ငါဆက်မနေနိုင်တော့ဘူး. မေ.။ ငါက ဘာဆက်လုပ်နေရမှာလဲ.။ငါက နင့်အချစ်ဆုံးသူ ငယ်ချင်း ပြန်လုပ် ရမှာ လား.။ နင့်ချစ်သူနဲ့ နင်နဲ့တွေ့တဲ့အခါ ငါ က  ကိုယ် ရံ တော် လုပ်ပြီး လိုက် ခဲ့ ရ မှာ လား.။  ငါ့ကို ခွင့်လွှတ်ပါဟာ.။ နင်ငါ့ကို မုန်း လိုက် ရ မှာ..။ ရွံလိုက်ရမှာ သိလား.။ ငါ ပွင့်ပွင့်လင်း လင်း ပြော မယ်.။ငါအရမ်းပင်ပန်း လွန်းနေပြီ. ငါ့ကို နင် မချည်နှောင်ပါနဲ့တော့ ဟာ.။ ငါ နင့်နားမှာရှိရင် အချိန်တိုင်းမှာ ငါ့ ရင်ထဲမှာငါ့စိတ်ထဲမှာအခါခါသေနေရမှာ.။ငါခံနိုင်ရည်လုံးဝမရှိတော့ဘူး..။ငါ့ကိုခွင့်လွှတ်ပါဟာ..” 
     ရှိုက်သံတွေကို ကျောခိုင်းရင်းကျွန်တော် လှည့် ထွက် ခဲ့သည်.။ သူမ မတွေ့ချင်တဲ့ မျက်ရည်တွေကို သူမ မတွေ့အောင်  သိမ်း ဆည်းရင်းနဲ့ပါ...။ ရင်ထဲက စကားသံ တွေထဲမှာ ကျွန်တော်သူမ ကို ချစ် တဲ့ အ ကြောင်းတွေပဲ ပဲ့ တင်ထပ် အောင်အော်နေမိသည်.။
      မေရယ်. ငါလေ နင့်ကို သိပ်ချစ်လွန်းလို့ပါ.ဟာ.။ ဒါပေမယ့်  ငါ နင့်နားမှာ မရှိပါရစေနဲ့တော့.. ။ နင်လုပ် သမျှ အားလုံး ကို ငါ အပြစ်မယူပါဘူး.။ငါကနင့်ကိုပုံပြီးချစ်ရတာကိုး ..။
အတိတ်ကိုတွေးနေရင်းပင် မော်စကိုမိုးက သည်းသည်းမည်းမည်းရွာသည်.။အရင်က အစိုးမရတဲ့ မေမြို့မိုးတွေ သည်း ထန်ခဲ့သည့် ကြာသပတေးနေ့တစ်နေ့မှာ သူမရဲ့ ရေစိုဆံပင်လေးတွေကို နမ်းရှိုက်ခဲ့ဖူးသည်.။ သူမရဲ့ ပခုံးသေးသေးလေးပေါ် မှာခေါင်းမှီရင်း.အနာဂါတ်ကိုပုံဖော်ခဲ့ဖူးသည်.။  
       စိတ်ချပါ..မေ.။ ငါလေ နင့်ကိုတစ်သက်လုံးချစ်သွားမှာ.။ နင်မသိတဲ့ ၊ နင်ငါ့ကို ဘယ်တော့မှမတွေ့နိုင်တဲ့ ကမ္ဘာမြေကြီး ရဲ့တစ်နေရာကပေါ့.။   
      တုန်ရီနေသောလက်များဖြင့် ကျွန်တော် သိမ်းလက်စ Album ကို ဆက်သိမ်းသည်.။ အချိန်ကိုကြည့်ဖို့ ဖုန်းကိုUnlockလုပ်လိုက်တော့.မပြောင်းရသေးသော Wallpaper ပေါ်က သူမက ပြုံးတုံ့တုံ့.။   
      ကျွန်တော် ကြိုးစားရပါဦးမည်.။ သူမနှင့်တကွ. ။ သူမ နှင့်ပတ်သတ်မှုများကို မေ့ဖို့ပေါ့.။ အချိန်လည်း အတော်ယူရဦးမည်.။
       ကျွန်တော်သူမနှင့်ပုံစံတူဝယ်ထားသည့် Handset ကိုပြောင်းရဦးမည်..။ သူမအတွက်ရည် ရွယ်ထားသည့် ၀င်းဒိုးထဲက  Partition တစ်ခုကိုလည်း format ချရဦးမည်. ။ သူမမွေးနေ့ အတွက်လုပ်ထားသော Flash Songs များ၊ သူမကို ပျော်ရွှင်စေရန် လုပ်ထား သော အရာများကိုလည်း မျက်ကွယ်ပြု ရှင်းလင်းရဦး မည်.။ ကျွန်တော့်ဦးနှောက်ထဲမှ မှတ်ဥာဏ်များ၏ ၉၉%  သော သူမနှင့် ပတ်သတ်သမျှ များကိုလည်း ရှင်းလင်း ပစ်ရန် အချိန်ယူရပါဦးမည်.။ ရည်ရွယ်ချက်အချို့ ၊ အိပ်မက်အချို့ကို ရင်ထဲမှာ သိမ်းထား ရင်းပေါ့..။
နောက်ဆုံးတစ်နေ့တွင် ကျွန်တော် လုပ်နိုင်ပါလိမ့်မည်.။ ထိုနေ့တွင် ကျွန်တော့်အိမ်တွင် ကျွန်တော့် ဆွေမျိုးများစုံလင်ကောင်း စုံလင်နေလိမ့်မည်.။ ကျွန်တော့် သူငယ်ချင်းများ ၊ ကျွန်တော့် ကိုချစ်သူများရောက်ရှိ နေလိမ့်မည်.။ ကျွန်တော့် နာမည် ရေးထိုးထားသော သေတ္တာရှည်တစ်လုံး နှင့် ငိုကြွေးသံများ ရှိ ကောင်းရှိနေနိုင်ပါလိမ့်မည်..။
      ထိုနေ့မရောက်ခင်ထိတော့……….ကျွန်တော်………….သူမကို………………    …. …။



 

My Blog List