ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Follow me on facebook

Saturday, August 30, 2014

ဘလော့ဒေး နှုတ်ဆက်စာ (သို့) I ♥ Blogging


            ဘလော့ဒေး အမှတ်တရတဲ့..။ ရေးသူအများစုက မိမိတို့ ဘလော့ဂါဘဝ ဖြတ်သန်းပုံ အကြောင်းတွေ ရေးကြ၊ သားကြသည်.။ ငမိုးမှာတော့ ရေးချင်သားချင်သော်လည်း သွားကိုက်နေသည်.။ ဖြစ်ပုံက မြန်မာနိုင်ငံမှာကတည်းက သွားဆရာဝန်က အံဆုံးကန့်လန့် ဖြစ်၍ မပေါ့ရန် သေချာ မှာထားသည်.။ မော်စကိုတွင် နေလာသည်မှာလည်း သဘက်ခါဆိုလျှင် ၃ နှစ်ပြည့်ပြီ ဖြစ်သည်။ တစ်ခါမှ ဒုက္ခမပေးဖူးသော သွားက ယခု အခါမှ ထ၍ ဒုက္ခပေးလေသည်..။
            တကယ်တော့ ငမိုးရေးသော ဘလော့ဒေးသည် နှုတ်ဆက်သည့်စာ ဖြစ်သွားနိုင်သည်..။ မကြာမီ ငမိုးလည်း မမြဲသော သင်္ခါရတရားနဲ့အတူ(တလွဲမတွေးပါနဲ့) နေရာမမြဲပဲ ပြည်တော်ပြန်ရတော့မည် မဟုတ်ပါလား..။ (မျက်ရည်မခိုင်သူများ ဆက်ဖတ်ဖို့ စိတ်ကူးရှိလျှင် ပဝါကြိုဆောင်ထားသင့်။) ငမိုးပြည်တော်ပြန် ပြီဆိုကြပါစို့..။ အကြီးကြီး ပြောရလျှင် နိုင်ငံခြား ဆိုတာကြီးမှ မြန်မာနိုင်ငံသို့ ပြန်လာသည်ပေါ့..။ မြန်မာရုပ်ရှင်ကား များထဲမှ အတိုင်းဆိုလျှင် လေယာဉ်ပေါ်မှာ European suit ဆိုတာကြီးနဲ့ မျက်မှန်အနက်ကိုတပ် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လေဆိပ်ပေါက်ဝ တွင်လာရပ်သော မာစီဒီးစ် ကားပေါ်သို့ ပျော်ပျော်ကြီး လိုက်သွားပြီး ကုမ္ပဏီ ထောင်ရုံသာဖြစ်၏..။ သို့သော် ငမိုးတို့ကား ထိုသို့မဟုတ်..။ ကီလို ၃၀ ဝင်အောင် ထိုးသိပ်ထည့်လာသော ခရီးဆောင်အိတ် အကြီးကြီးနှင့် Hand carrier အိပ်ခပ်ကြီးကြီးကို လက်နှစ်ဖက်ကဆွဲ၊ လက်ပ်တော့ထည့်သည့် လွယ်အိတ်က တစ်စောင်းလွယ်ထားသည်နှင့် လမ်းလျှောက်တိုင်း ဒူးကို လာလာတိုက်၊ ကင်မရာအိတ်ကလည်း ဘယ်ဖက်မှာ တွဲလိုတွဲလောင်းနှင့် အတော်ဗြုတ်စဗျင်းတောင်း နိုင်သော ခရီးဖြစ်ပေလိမ့်မည်..။ တစ်ခါ ဒီက ဆောင်းဝင်ခါစ မပူမအေး အနေတော်ကလေးနှင့် ပြန်သွားပြီး ရွှေတိဂုံမြေအရောင် တစ်ကိုယ်လုံး ချွေးများရွှဲနေမည် ကိုလည်း ခံစားမိသေးသည်.။ တစ်ခါ ရှေ့မှ စီနီယာများ ပြောကြားချက်အရ
“မင်းတို့ကို တပ်က FAW ကားကြီးနဲ့ လာကြိုမှာ.. ငါတို့တုန်းကလည်း ဒီလိုပဲ.. အေး ဘေးဘောင်တွေများ သံချေးတောင် တက်နေသေး”
ဆိုတာမျိုးကလည်းရှိသေးသည်..။
“လေဆိပ်ထဲမယ် တန်းစီရဦးမှာ ငါ့ညီရ.. ချွေးတစ်လုံးလုံးနဲ့ ဟိုလူသည်လူက ကွက်ကြည့်ကွက်ကြည့် လုပ်သွားသေး ”
ဆိုတာတွေ..။
မည်သို့ပင်ဆိုစေကာမူ ငမိုးမကြာမီ မြန်မာပြည် ပြန်ရတော့မည်ဖြစ်ပါသည်..။ ချူချာတို့ပြည်တွင် ၃ နှစ် တာကာလပတ်လုံး မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးလုပ်လာရင်း တကယ်ပင် အမျိုးအရင်းအချာတွေလို ရင်းနှီး မိသည့် သံယောဇဉ်များက အမြတ်ပင်..။ တစ်လ ၂ ခါလောက် သားတော်မောင်ကို Internet ကနေ လာကြည့်သည့် အမေတောင် ငမိုးပြလွန်းလို့ ဘလော့ဂါတွေကို သိနေပြီ..။
“ဟဲ.. အဲ့ဒါ ကန်ဒီခိုင်လား… ပိုချောလာတယ်နော်…” “ဟယ်… ငါ့ကို ဒေါ်ကျူတီချက်တဲ့ ဟင်းလေးတွေ ပြပါဦး ချက်ကြည့်ရအောင်”  စသည်ဖြင့် တော်တော်များများကို နာမည်နှင့်လူ တွဲမိနေလေပြီ..။
ငမိုး ဘလော့ဂါဘဝကို စကတည်းက ဒီလူ၊ ဒီလူတွေဆိုတာ တကယ့် အမျိုးများဖြစ်သည်..။ အန်တီတင့်၊ အစ်မဂျက်၊ ချောကလတ်ကျူးပစ်လေး၊ အစ်မမဒမ်ကိုး၊ အစ်မကန်ဒီ၊ မိစံ၊ မပစ်၊ အစ်မမြတ်ကြည်၊ ကိုလွင်ပြင်၊ ဦးအိကု၊ ကိုရင်၊ မျှစ်၊ ဦးဟန်ကြည်၊ သူကြီးမင်း၊ ကိုမင်းဧရာ၊ မစနိုး၊ အစ်မသူသူ၊ လက်ဝဲ၊ မကွန်၊ အစ်မ မိုးငွေ့၊ ကိုအလင်းသစ်၊ ကိုမောင်တစ်လုံး၊ ကိုမောင်နှစ်လုံး၊ အစ်မ မိုးညချမ်း စသည်ဖြင့် ဒီလူတွေကပဲ ကိုယ့်ကို အားပေး နှစ်သိမ့်လာတာဖြစ်သည်၊ ဖေးမ ကူညီလာကြတာဖြစ်သည်..။
ကံဆိုးတာက ခေတ်ပြောင်းသွားတာဖြစ်သည်..။ ငမိုးတို့က ဘလော့ခေတ်မှာ နောက်ဆုံးမျိုးဆက် ဖြစ်ခဲ့ပြီလား ဆိုတာလည်းကောင်းကောင်း မတွေးတတ်.။ သေချာတာကတော့ လက်ဝဲရေးသည့် ပို့စ်ထဲကလို ဘလော့ဆိုတာ လူသူအရောက်အပေါက်နည်းသည့် တောကြီးမျက်မည်းအရပ် ဖြစ်နေပြီလား ဟုပင်တွေးမိသည်။ အခြားသူကိုမေးစရာလို အဖြေကို ကိုယ်တိုင်သိပြီး ဖြစ်သည်…။ ပိုမို Response မြန်သော၊ Facebook ပေါ်မှာ  Emotions အားသန်သော ငမိုးတို့ ပျော်မွေ့နေသည်မှာ ထူးဆန်းသော အရာမဟုတ်၊ တစ်ကြောင်းရေး၊ နှစ်ကြောင်း ရေး ဆိုသည့် “Status” ဆိုသည့် အဓိပ္ပာယ်နှင့် ဘာမှ မသက်ဆိုင်သော စာတိုများနှင့် ပျော်မွေ့နေသည်မှာလည်း ထူးဆန်းသောကိစ္စ မဟုတ်ပေ…။
            နောက်ပိုင်းမှာ သူကြီးမင်းတို့၊ တီတင့်တို့ ဦးဆောင်ပြီး ရေးဟယ်၊ ချွတ်ဟယ် လုပ်တော့မှ ဘလော့လေး လူပြန်စည်လာခြင်းဖြစ်သည်..။ ဒါတောင် ယခင်က Comments ၂၀၊ ၃၀ သမားက လေးငါးခြောက်ခုနှင့် တင်းတိမ် သွားကြရတာ များသည်.။ ယခင်က ၁၀၊ ၁၅ သမားများကတော့ ယခုအခါ နပ်မမှန်ချင်တော့..။ အရင် ရေးဖူးသော ကျုပ်တို့အသိုင်းအဝိုင်း ဆိုသည့် ကဗျာလေး အတိုင်းမူ ကွန်မန့်ဟူသည် ဘလော့ဂါ အတွက် စာမူခ သာ ဖြစ်သည်..။ စာမူခ နည်းလာသောအခါ စာရေးရန် စိတ်မပါကြတော့..။
            ဒီအချိန်အတောအတွင်းမှာ အစ်မကန်ဒီ၊ သူကြီးမင်း၊ အစ်မ မိုးငွေ့၊ အန်တီတင့်တို့ကတော့ လေးစားစရာ ဖြစ်သည်..။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ပို့စ်တော့ ပုံမှန်တင်ကြသည်..။ လောကကြီးမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ မိမိအလုပ်ကိုသာ အာရုံထားသူသည် အောင်မြင်သူ ဖြစ်သည်..။ ဘလော့လောကထဲမှာ ငမိုးတစ်ယောက် မအောင်မြင်သည်မှာ ထိုသို့အကြောင်းများကြောင့်ဖြစ်သည်.။ သို့သော် အထက်ပါ အောင်မြင်သူများ မိမိ ပတ်ဝန်းကျင်မှာ ရှိပါလျက်နှင့် မိမိ ကျန်ခဲ့သည်ကို တွေးမိသောအခါ ရင်ထုမနာ ဖြစ်ရတော့သည်..။
            တကယ်တော့ မကြာခဏတွေးမိသည်မှာ ငမိုးအနေဖြင့် ဒီလူများကို သတိရနေမည် ဆိုတာသာ ဖြစ်သည်..။ ကိုယ့်ကိုယ်ကိုယ် သွေးကြောင်နေတာလားဟု မေးမိတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန် ကျိန်ဆဲမိသည်..။ မင်း စစ်သားမဟုတ်ဘူးလား ဆိုသည့်စကားက ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည့် စကားဖြစ်လေသည်.။ အွန်လိုင်း မရှိတဲ့ အရပ်ရောက်သွားတော့ရော ဘာဖြစ်ပါသနည်း..။ တကယ်တော့ ဘာမှ မဖြစ်ပါ..။ လက်ရှိ အသက် ၂၅ တွင် အသက် ၂၀ လောက်က Offline ဘဝနှင့် နေလာသည်မဟုတ်ပါလား..။ တရားသဘောအရ ကြည့်ရင် အားလုံးက ဧည့်သည်တွေချည်း ဖြစ်လေသည်..။ အားလုံးက သင်္ခါရတွေချည်းသာ ဖြစ်လေသည်.။ သို့ရာတွင် ပါရမီ မရင့်သော ငမိုးသည် ဘလော့ဂါဘဝဟူသော သင်္ခါရလေးကိုမူ နှောင်ဖွဲ့တွယ်တာမိနေလေသည်.။
            ဤစာကိုရေးနေချိန်တွင် ငမိုးစိတ်၌ ဘာကိုပြောလိုသည် ထုတ်ပြော၍ မရ..။ သို့ရာတွင် ရင်အတွင်း၍ ပြောစရာ အပြည့်ရှိလေသည်..။ သို့သော် တစ်လုံးတစ်ပါဒမှ ထွက်မလာ။ နောင်တစ်ချိန်တွင် ငမိုး အချိန်ရသည့်အခါတိုင်း အင်တာနက် လိုင်းမိသည့်အခါတိုင်း ကိုယ်တိုင် ပြုပြင်သုံးစွဲခဲ့သော Blog Template လေးကို ပြန်ကြည့်မိပေမည်။ ယခင်က အမှတ်တရများစွာရှိသော ဘလော့ပို့စ်တို့ကို ပြန်ဖတ်မိချေမည်..။ ချစ်ဖို့ကောင်းစွသော အလေ့အထ ဖြစ်သည့် တဂ်ပို့စ်လေးများကို ပြန်ဖတ်ရင်း သက်ပြင်းချမိပေမည်.။ ငမိုး အိမ်ထောင်ရက်သား ကျသော အခါတွင်မူ ငမိုး၏ ချစ်စွာသော သားငယ်၊ သမီးငယ်တို့ကို “အဖေရုရှားမှာ ရှိတုန်းက ဘလော့တွေရေးခဲ့တယ်ကွ အဲဒီတုန်းက …” ဟု အစချီ၍ တစ်ချိန်က မိမိတို့အသံများဖြင့် စည်ကားသိုက်မြိုက်ခဲ့သော ဘလော့ရွာကြီးအကြောင်း ဆွေးဆွေးမြည့်မြည့်ဖြင့် စမြုံ့ပြန်မိပေမည်…။
တကယ်တော့ အားလုံးကို နှုတ်မဆက်ပဲ တိတ်တိတ်ကလေး ပြန်ထွက်သွားမည်ဟု ရည်ရွယ်ထားခြင်း ဖြစ်သည်.။ မိမိနှင့် ညီအစ်ကိုလိုနေသော ကိုအလင်းသစ်တို့ကတော့ သိကြမည်ဖြစ်သည်.။ ဘာပဲပြောပြော ယနေ့တီတင့် ကျေးဇူးဖြင့် ရေးဖြစ်သွားသော ဘလော့ပို့စ်သည် အားလုံးကို နှုတ်ဆက်သော ပို့စ် ဖြစ်ချင် ဖြစ်လာပါလိမ့်မည်..။ ဘဝ နှင့် ဆန္ဒ ထပ်တူမကျခြင်းကြောင့်ဘလော့ရွာမှ လက်ပြနှုတ်ဆက်သူနှင့် ဘလော့ရွာတွင်မိမိသဘောအတိုင်း ကျန်နေခွင့်ရှိသူ ကျန်ခဲ့သူနှင့် ချန်ခဲ့သူ မည်သူ ပိုလွမ်းသနည်းပြိုင်ကြစတမ်း ဆိုပါလျှင်….။

တော်လို့မဟုတ် ၊ ပျော်လို့မဟုတ်
တတ်လို့ မဟုတ် ၊ ငတ်လို့မဟုတ်.
ဝါသနာတစ်ခုကိုထမ်းပိုးထားတဲ့
လူတန်းစေ့ ဦးနှောက်ပိုင်ရှင်များရယ်ပါ...။

ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ..
အယ်ဒီတာမရှိ ၊ ကော်ပီကြမ်းမရှိ
လေထန်ကုန်းမရှိ ၊ စာမူခမရှိ
စာဖတ်သူက အယ်ဒီတာ..
Comment ဆိုတာ စာမူခ..
ကြော်ငြာဆိုတာမရှိ..
မော်ဒယ် ဆိုတာ နတ္တိ..
ကိုယ်တိုင်တွေး
ကိုယ်တိုင်ရေး
ကိုယ်တိုင်ရွေး
ကိုယ်တိုင် တည်းဖြတ်
ကိုယ်ပဲဓါတ်ပုံဆရာ
ကိုယ်ပဲ မော်ဒယ်
ကိုယ်ပဲ သတင်းထောက်
ကိုယ့်ကိုယ်ကိုယ်ပြန်အင်တာဗျူး...။

ဒါပေမယ့် 
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာ
အချင်းချင်းဖေးမ...
ညီအစ်ကိုမောင်နှမတွေလို..
သူပျော်ရင်ကိုယ်ပျော်.
ကိုယ်ဝမ်းနည်းရင် သူစိတ်မကောင်း..
သက္ကရာဇ်တွေဟောင်းခဲ့ကြတယ်...
ဒီလစာမူမပါလို့ ၀မ်းမနည်းရဘူး..
မဂ္ဂဇင်းတိုက်သွားဖို့ လမ်းစရိတ်မကုန်ရဘူး..
တစ်နယ်တစ်ကျေးကိုရောက်နေသူတွေတောင်..
အိတ်ထဲက ပိုက်ဆံ ကုန်သွားလို့ဝမ်းမနည်းဘူး..
C Box က နှုတ်ဆက်စကားတွေနဲ့ ပြုံးပျော်လို့ရသေးတယ်..
ကျုပ်တို့ မှာ အသွေးအသားရှိတယ်
စံချိန်မှီ ရင်ခုန်သံတွေရှိတယ်..
အဆင့်မီ.ခံစားချက်တွေရှိတယ်..
အနုပညာ ဆိုတာ ...
ကျုပ်တို့ အသိုင်းအ၀ိုင်းမှာလည်း 
ပြည့်ပြည့်၀၀မြင်ရမယ်...။

ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ
ကျုပ်တို့က 
ကမ္ဘာ့ရွာမောင်နှမတွေ...
စာပေနယ်က ခွဲထွက်လာသူတွေ..
ပေမီဒေါက်မီ ခံစားတတ်သူတွေ..
ကမ္ဘာ့ဂေဟ စနစ်မှာမပါဝင်တဲ့
ပီတိစားသတ္တ၀ါတွေပေါ့...
အဲဒါ...
ကျုပ်တို့ အသိုင်းအ၀ိုင်း...။

~မိုးသက်ဦးလွင်~
၃၀-၈-၂၀၁၄
(စနေနေ့)



Sunday, August 24, 2014

ကိုယ့်ကိုယ်ကိုယ်ပြောတဲ့ ကိုယ့်အကြောင်း (၁)



ကျွန်တော် ပရိုဖက်ရှင်နယ် စာရေးသူတစ်ဦးဖြစ်လာနိုင်သလား..??
ဒီမေးခွန်းဟာ ကျွန်တော့်ကိုယ် ကျွန်တော် မကြာခဏ မေးမိတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်.။ မေးမိတိုင်းလည်း အဖြေဟာ တစ်ခုပဲ ထွက်လာပါတယ်..။ ဟုတ်ကဲ့.. မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေပါ..။ ဘာဖြစ်လို့လဲ စဉ်းစားကြည့်ရင် ကျွန်တော့်မှာ အလွန်အားနည်းတဲ့ ကိုယ်ပိုင်မူဟန်တစ်ခုပဲရှိပြီး ကျွန်တော် များများဖတ်လေ့ရှိတဲ့(သို့) လတ်တလော ဖတ်လေ့ရှိတဲ့ စာရေးသူတွေရဲ့ အာဘော်တွေ၊ ရေးဟန်တွေက ရေးလက်စ စာထဲမှာ စိမ့်သွားတတ်တာကြောင့်ပဲ ဖြစ်ပါတယ်..။ ကျွန်တော် PC မှာရေးခဲ့တဲ့ "ကျွန်တော်မှတ်မိသမျှ ပြန်ပြောပြပါ့မည်" ဆိုတာ ဆရာမင်းလူရေးတဲ့ အသောပုံစံနဲ့ တူနေတယ်လို့ သူငယ်ချင်း တစ်ဦးက ပြောဖူးပါတယ်.။ ထို့အတူပဲ ဘလော့မှာရေးဖူးတဲ့ ဆောင်ပါးအချို့ "သဘောလောက်ပြောရရင်" "ပေါက်ကရဘလော့ဒေး" စတဲ့ ဆောင်းပါးတွေမှာ ကျွန်တော့်ရဲ့လက်က အသော့ အထေ့နဲ့ ခပ်မြူးမြူးစာတွေ ရေးနေတာကိုတွေ့မှာပါ..။ တကယ်တော့ ကျွန်တော့်မူပိုင်ရေးဟန်က အဲဒီလိုမျိုးမဟုတ်ဘူး..။ ကျွန်တော့်စာရေးတဲ့ပုံစံဟာ ရင်ဖွင့်တဲ့ ပုံစံ၊ ခံစားချက်ကိုဦးစားပေးတဲ့ပုံစံ၊ အဆွေးဇာတ်ပုံစံရေးတာမျိုးပါ..။ တကယ်တော့ ကိုယ်ပိုင်ရေးဟန်ဆိုတာလည်း ကိုယ်ဖတ်ဖူးခဲ့တဲ့/ အဖတ်များခဲ့တဲ့ဆရာ့ဆရာကြီးတွေရဲ့ အာဘော်တွေပေါင်းစပ် လာရာကနေ ထွက်လာတာပဲမဟုတ်လား..။ ကျွန်တော့်ရဲ့ ငမိုး ဆိုတဲ့ ကိုယ့်နာမည်ကိုယ် ထည့်ရေးတဲ့ပုံစံက ဆရာကြီး မောင်ထင်ရဲ့ ငဘကို အလွတ်နီးနီးရတဲ့ ငယ်ဘဝကတည်းက စိတ်ထဲမှာ သူ့ရဲ့ရေးဟန်က အလိုအလျောက် ပုံပေါ်နေမယ်လို့ ထင်မိပါတယ်..။
ပထမဆုံး စာစရေးမယ်လို့ ဆုံးဖြတ်မိပြီး စရေးတဲ့ ဝတ္တုတိုကနေ စာမျက်နှာ ၃၀၀ ကျော်တဲ့ ဝတ္တုရှည်တစ်ပုဒ် ဖြစ်သွားပါတယ်...။ ကျွန်တော့်လက်က ဝတ္တုတိုရေးဖို့ အင်မတန်ခက်ပါတယ်.။ ဘာဖြစ်လို့လဲ လို့ မေးရရင် အစပိုင်းမှာ ကျွန်တော်က စာကိုရေးတာဖြစ်ပြီး နောက်ပိုင်းမှာ ကျွန်တော်ဟာ စာကရေးတဲ့ ဝတ္တုနောက်ကို လိုက်ပါခံစားသူ ဖြစ်သွားတတ်လို့ပါ..။ ဝတ္ထုထဲမှာ ချစ်ရေးဆိုတဲ့အခါ ရေးနေတဲ့ ကျွန်တော် ချွေးတွေပြန်ပြီး ရင်ခုန်နှုန်းတွေ မြန်နေတတ်တယ်.။ ဝတ္တုထဲမှာ ဒေါသထွက်စရာကြုံတဲ့အခါ ကျွန်တော် အပြင်မှာ အသက်ရှုတွေကြမ်းနေတတ်တယ်..။ ကျွန်တော်ရေးတဲ့ဝတ္တုတိုင်းကို ကြိုတင် Frame ချထားလေ့မရှိသလို၊ အကြမ်းလည်း ရေးလေ့မရှိပါဘူး..။ တစ်ခါတည်း လက်တန်းရေးပါတယ်.။ အဲ ရေးတဲ့အခါလည်း ငါ့ဇာတ်လမ်းက ဘယ်လို သိမ်းမယ်ဆိုတာကိုယ်တိုင်ဆုံးဖြတ် ထားခြင်းမရှိပဲ.. ဇာတ်သိမ်းပိုင်းရေးတဲ့အချိန် ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး ဇာတ်သိမ်းသွားတတ်တာမျိုးပေါ့..။ Psycho စစ်တဲ့ အရာရှိက ကျွန်တော့်ကို အပြင်စွဲများသူ လို့ မှတ်ချက်ပေးဖူးပါတယ်.။
နောက်ထပ် ကျွန်တော် ပရိုစာရေးသူတစ်ဦး ဖြစ်မလာနိုင်တဲ့ အခြားအကြောင်းတစ်ချက်က ကျွန်တော်က ဘယ်တော့မှ ဖိအားတစ်ခုကြောင့်စာရေးတတ်လေ့မရှိပါဘူး..။ ဘယ်နေ့ဘယ်နေ့မှာ စာမူအပြီးရေးထားပေးပါ ဆိုတဲ့ ဖိအားတစ်ခုကြောင့် ညှစ်ထုတ်ရတဲ့ စာကို လန်ပြန်ထွက်ပြီး လူတိုင်းက သဘောကျလောက်အောင် ကျွန်တော်ပါရမီမပါခဲ့ပါဘူး..။ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ ကိုကိုးအိမ်(မန္တလေး) စီစဉ်တဲ့ "စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီစာမျက်နှာများ" စာအုပ်မှာ ကျွန်တော့်စာမူ တစ်ပုဒ်ပါပါတယ်..။ ခံစားချက်နဲ့ ဝေးတော့ ပရိသတ်မပြောနဲ့ ကိုယ်ကိုယ်တိုင်တောင် မကြိုက်ခဲ့တဲ့ စာတစ်ပုဒ်ပေါ့.။ (ကိုကိုးအိမ်ကလည်း စာအုပ်ပို့ခိုင်းရင်သာ ဟိုရွှေ့သည်ရွှေ့လုပ်မယ် ..။ စာမူတောင်းတုန်းက နေ့ဂျီ၊ ညဂျီ နဲ့ပါ...။) ကျွန်တော် စာမရေးချင်တဲ့အခါ ဘယ်လိုဖိအားပေးပေး စာကောင်းကောင်းရေးလို့ မရနိုင်သလို၊ ကျွန်တော်စာရေးချင်စိတ်ရှိတဲ့အခါမှာလည်း မနက်ဖြန် စာမေးပွဲကြီးရှိတယ် ဆိုရင်တောင် စာအုပ်ပိတ်ပြီး ထရေးချင်ရေးတာမျိုးပါ..။
မင်းရေးတဲ့ စာတွေကို သိမ်းထား၊ ဥထားလေ လို့ တစ်ချို့က အကြံပေးပါတယ်..။ ဟင့်အင်း.. ကျွန်တော်က ကျွန်တော် စာတစ်ပုဒ်ရေးပြီးရင် သိမ်းထားတာမျိုးလုံးဝ မလုပ်တတ်ပါဘူး..။ ကျွန်တော်ဟာ Blogger လေ..။ Online ကစခဲ့တဲ့ စာရေးသူလေ..။ Online က ပရိသတ်အတွက် ဦးစားပေးပါတယ်..။ ကျွန်တော် စာရေးပြီးတာနဲ့ စာလုံးပေါင်း၊ သတ်ပုံ၊ စာစီထားတာ ဘာညာ စစ်ပြီးတဲ့အခါ အွန်လိုင်းပေါ် တန်းတင်တာပါပဲ..။ ဒီစာလေးကတော့ ကောင်းလို့ ဘယ်အတွက်ချန်ထားလိုက်မယ်၊ ဥထားလိုက်မယ် ဆိုတာမျိုး မလုပ်တတ်ပါဘူး..။ ကျွန်တော် ဘယ်နေရာပဲ ရောက်ရောက် မေမြို့မိုး ဆိုတဲ့ ဘလော့လေးကနေ၊ နွေမိုး၊ မိုးသက်ဦးလွင် ဘလော့ ပြောင်းလဲပြီးတဲ့ အထိ၊ လက်တွဲခေါ်ခဲ့ကြတဲ့ စီနီယာ ဘလော့ဂါ ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်နေမိမှာပါ.။ ပရင့်ဖက်ကိုကျွန်တော် ကူးကောင်းကူးမိပါလိမ့်မယ်..။ ဒါပေမယ့် ပရိုမဆန်တဲ့ စိတ်ဓါတ်တွေနဲ့ပဲ အပျော်တမ်းစာရေးသူတစ်ဦးဘဝနဲ့ပဲပျော်မွေ့နေဦးမယ်ဆိုတာ ဘယ်သူမှ မမေးခင် ကိုယ့်ကိုယ်ကိုယ် အရင်ဝန်ခံထားလိုက်ပါတယ်...။

~မိုးသက်ဦးလွင်~
 



ယနေ့အလွဲများ


စားပွဲတွင်ထိုင်၊ ငုတ်တုတ်မှိုင်၍
ငူငိုင်လေးတွဲ့၊ ခုံကို နှဲ့သည်
ကင်းမဲ့အာရုံ၊ စိတ်အစုံသည်
ဘယ်ဘုံသို့ရောက်၊ ဘယ်သို့ပျောက်ဆဲ
ဟိုရောက်သည်ဝင်၊ မှန်းမမြင်ပဲ...
လန်းရွှင်မရှိ၊ စိတ်ပျက်မိသည်....။

ချက်ဘောက်ကိုဖွင့်၊ "သူ့"သံစွင့်လည်း
သူနှင့်တူရာ၊ အရောင်ဝါပင်
မြင်တာမရှိ၊ ကင်းနတ္တိမို့
မကြည့်ပြန်ပိတ်၊ ခလုတ်နှိပ်သည်...။

Home page ကိုဝင်၊ မဲမဲမြင်ရာ၊
Like ကိုသာနှိပ်
"ဘယ်" ဟာ "ဘာ" ဟု၊ အာရုံပြုမိ
ယခုပင်လျှင်၊ ယခင်အနှောင်း
ပို့စ်အဟောင်းတွေ၊ ပြန်ပြောင်းတက်လာ
Home ပါ ပြန်ပိတ်...။

ထိုင်ရာမှထ၊ သက်ပြင်းချ၍
ခဏတစ်မျိုး၊ ထမင်းအိုးကို
အမိုးဖွင့်လှပ်၊ ကြည့်နှင့်အပ်လျှင်
ပလပ်မထိုး၊ ကြိုးလည်းမတပ်
မကျက်သေးသည်၊ မြင်မိပြီမို့
ငိုရီအခက်၊ ကိုယ့်ကိုယ် "နှက်" ၍
စိတ်ပျက်ကျိန်ဆဲ၊ ဘဝင်မဲ၏။

အဆာဖြေဖျောက်၊ ရေပင်သောက်အံ့
တစ်ဖျောက်ပေါ်ဆဲ၊ အတွေးထဲကြောင့်
ရေခဲသေတ္တာ၊ သွက်လက်စွာဖွင့်
သို့ရာထပ်ကြုံ၊ ရေလည်းကုန်နေ
အငုံဒေါသ၊ ပွင့်ထွက်ရပြီ
ဘေးကဘီဒို၊ ရွှေစိတ်ညို၍
အခြေကို ပိတ်ကန်၊ ခြေသည်းလန်၏ ။

ထိုစဉ်ခဏ၊ သတိရသည်
နှာဝဆောင့်တိုး၊ ညှော်နံ့ဆိုးကြောင့်
ဟင်းအိုးတည်၍၊ သတိမေ့ခဲ့
ဤနေ့အဖို့၊ ကံဆိုးကိုယ့်တွင်
စားဖို့မမြင်၊ ကံမဝင်ခဲ့
ဤတွင်တစ်ခန်း၊ နားစတမ်းဟု
ရော်ရမ်းတိုးလျှိုး၊ ကြမ္မာဆိုးကြောင့်
ခေါင်းထိုး၍သာ အိပ်တော့မည်...။

~မိုးသက်ဦးလွင်~
(စိတ်ညစ်ညစ်နဲ့ ရေးထားတာဗျာ..။ အသုံးအနှုန်းတွေ မဆီလျော်ရင် သည်းခံကြပါ. )
 



Friday, August 22, 2014

ညနေ

Photo:google

ညနေဆည်းဆာ၊ ရောင်နီဝါလည်း
ဂေါယာစွန်းသို့ခိုချေပြီ...။

အိပ်ရာတန်းတက်၊ အိုကျေးငှက်လည်း
ပျံတက်ခရီးဆုံးလေပြီ...။

လုပ်ငန်းခွင်နား၊ ယာသမားလည်း
ခိုင်းနွားတစ်ရှဉ်းဖြုတ်လေပြီ...။

သို့စဉ်ခါလျှင်
ဇရာယွင်းယို၊ အဘိုးအိုသည်
ရိုးတိုဆေးတံ၊ ခံတွင်းနှံလျက်
ထက်ယံအာကာ၊ တိမ်ဝဠာမှ
ရောင်ဝါနိဂုံး၊ စက်ဝန်းဆုံးသို့
နှလုံးသွင်းချ၊ သံဝေဂဖြင့်
သက်မ အဟိုက်၊ သက်ပြင်းရှိုက်စဉ်
လျှံတိုက်ဂုဏ်သွန်း၊ ဖန်နေဝန်းလည်း
မတွန်းဖယ်သာ၊ အနောက်ရွာသို့ 
ကွယ်ကာစုံးစုံးမြုပ်သတည်း... ။


~မိုးသက်ဦးလွင် ~
၂၂-၈-၂၀၁၄
11:34 PM.



Sunday, June 29, 2014

မပြီးပဲ ဆုံးသော ဇာတ်လမ်းတစ်ပုဒ်....


Google Earth မှ ပြင်ဦးလွင်-မန္တလေးကားလမ်းမကို တစ်လျှောက်ကို သူကြည့်နေသည်..။ မေမြို့ဇာတိ ဖြစ်သော သူ့အတွက် ဒီလမ်းတွေ၊ ဒီအမှတ်အသားတွေက အထူးအဆန်းတော့ မဟုတ်ခဲ့..။ မွေးရပ်မြေ၏ တန်ဖိုး ကို ဝေးသောအခါမှ သိသည်ဆိုသည်ကား အလွန်မှန်သည်.။ မွေးရပ်မြေမှာ ရှိစဉ်က မပျော်ပိုက်မိသည့် မိမိကိုယ် ကိုပဲ အပြစ်တင်ရမလိုလို..။
လူ့စိတ်ကား ခက်လှသည် ..။ အစွဲဟုပင်ဆိုရမည်လား.။ ပန်းချင်းတူလျှင် မွေးရပ်မြေမှ ပန်းက ပိုမွှေး သည်။ ရေချင်းတူလျှင်လည်း မွေးရပ်မြေက ရေကမှ ပိုကြည်၊ ပိုအေးချင်နေသည်..။ ဒါက ဖြစ်တတ်တဲ့ သဘော ပင်ဖြစ်သည်…။
သူ မေမြို့ကို မရောက်ဖြစ်တာ ၃ နှစ်တင်းတင်း ပြည့်ခဲ့ပြီလေ..။
Mouse ဘီးလုံးလေးကို လှိမ့်ရင်း Google earth ရဲ့ ဂြိုဟ်တု မြေပုံတစ်လျှောက် ဆွဲရင်း မန်းမှ မေမြို့ကို ပြန်တက်လာသည့် ပုံပမာ. စိတ်ကူးယဉ်ခံစားနေမိသည်.။ အမေနှင့်ဝေးသည့် သားတစ်ဦး အမေ့ရင်သို့ ပြန်ဝင် ခါနီးခံစားမှုမျိုး.။ အဲဒီမြို့မှာပဲ သူ့အမေရှိသည်.။ အမေနေသော မြို့ဖြစ်သော မေမြို့ကို သူသိပ်လွမ်းနေသည်..။
ဒီနေရာက ဆိတ်သည်းချောက်၊ ဒီနေရာက လှမ်းကြည့်ရင် ဟောဟိုဖက်က ကျွဲနဖားတောင်ကြီး..။
          သူမျက်စိထဲ မြင်ယောင်နေမိပြန်သည်.။ ကျောက်ချောရွာအထွက် တောင်ပေါ် အတက်လမ်း စတင်သည် နှင့် လေအေးအေးများစတိုက်လာသည် ဆိုသည်ကို စိတ်ထဲခံစားနေမိသည်..။ ယခု သူနေထိုင်ရာအရပ်သည် ကမ္ဘာ့အအေးဆုံးနိုင်ငံများထဲမှာ တစ်ခုဖြစ်သော်ငြား. လေအေးချင်းပင် အမေ့အိမ်က လေအေးက ကြည်နူးဖွယ် သာယာဖွယ်ဟု ယူဆထားသည်..။
          အပေါ်တက်လာတော့ နာမည်ကျော် မီးသတ်ကွေ့ဟု ခေါ်သည့် Accident အဖြစ်အများဆုံး ကွေ့နှင့် စေတီကို တွေ့ရပြန်သည်..။ Location ပြထားသည့် ဓါတ်ပုံများကို ဝင်ကြည့်ရင်း အရွက်စိမ်းစိမ်းများ၊ အပူပိုင်းရွက်ပြတ်တော ၏ ရတနာ သစ်မာများအကြောင်းခေါင်းထဲ ရောက်လာပြန်သည်.။
          အပေါ်ကို ထပ်တက်မိတော့ ၂၁ မိုင် ယာဉ်ရပ်နားစခန်း ဟုခေါ်သည့် စားသောက်ဆိုင်တန်းများ…။ မြေပုံပေါ်တွင် တဂ်ထားသော ဓါတ်ပုံတစ်ပုံကို ဖွင့်ကြည့်လိုက်မိလေလျှင် .. သူမျက်လုံးများ အလိုအလျောက် တည်ကြည်လေးနက်သွားရသည်..။ တွေဝေလွမ်းဆွေးမှုပုံရိပ်များမှ တစ်စုံတစ်ရာကို သတိရဟန်အဖြစ်သို့ စက္ကန့် ပိုင်းမျှ ကူးပြောင်းသွားပြီးလျှင် ပိုမို တွေဝေလွမ်းဆွတ်သော အကြောင်းအရာတစ်ခုကြောင့် သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်မိသည်..။
          သြော်.. ကိုကိုးရယ်… ။
          သူ့မျက်လုံးများကို ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ ခွာသည်.။ ပြတင်းတံခါးဖွင့်ထားသောကြောင့် အခန်း ပြင်ကလရောင်ကို အတားအဆီးမဲ့စွာ မြင်နေရသည်..။ မိုးနံ့မကင်းသော လေအေးသည် သူ့မျက်နှာပြင်ကို ထိ တို့ ကစားလေသည်..။ ထိုအချိန်တွင် သူ့စိတ်အလျင်က ပစ္စုပ္ပန်ကာလနှင့် ခေတ္တမျှ အဆက်အသွယ် ပြတ်တောက် သွားလေသည်…။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

          အဲဒီအချိန်က သူ ပြင်ဦးလွင်မှာ…။
          ဘာသာစကားသင်တန်းတက်နေရင်း သင်္ကြန်တွင်းကာလခွင့်ပေးချိန်မို့ စစ်ကားကြီးများနှင့် မန္တလေး အထိ သင်တန်းက လိုက်ပို့သည်..။ လမ်းတစ်ဝက်ဖြစ်သော ၂၁ မိုင် ယာဉ်ရပ်နားစခန်းမှာ ခဏရပ်ကြသည်…။ ၂၁ မိုင်ရောက်တော့ သူတို့ ကားတန်းကြီးအပြင် နောက်ထပ် ကားတန်းကြီး တစ်ခု ထပ်တွေ့ရသည်..။
     “ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဘူမိဗေဒ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်” ဆိုသည့် နဖူးစီးစာတမ်း ကို ရှေ့ဆုံးကားမှာ သွားတွေ့ရသည်..။ သူ့ရင်ထဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်..။
          ဟာ…. ဒါဆို ကိုကိုးတို့ပေါ့..။
          စိတ်ထဲမှာ တွေဝေနောက်ကျိသွားရသည်..။ မျက်စိထဲမှာ မြင်နေတာက မေ့မျက်နှာ..။ နင်ရထားပေါ်မှာ ပဲများမနေနဲ့ဦးနော်.. လို့ မေကမှာလိုက်သေးသည်..။ ဘောင်းဘီအိပ်ကပ်ထဲလက်စမ်းလိုက်တော့လည်း မေ ပေးလိုက်သည့် စတစ်ကလေး..။ ငါ့ပုံတွေ သူများကိုလျှောက်ပြမနေနဲ့.. ဆိုတာကခေါင်းထဲ ဝင်လာလိုက်သေး သည်.။
          အာ.. ဘာတွေလဲကွာ..။
          သူနည်းနည်းတော့ ခေါင်းရှုပ်သွားသည်..။
          စဉ်းစားကြည့်တော့  ကိုကိုးနဲ့ သူ ဒီတစ်ခါပြီးနောက်တစ်ခါ ဆုံစရာမရှိတော့ပါ…။ အဖြူစင်ဆုံး၊ အသန့် ရှင်းဆုံးမျက်နှာဖြင့် နှုတ်ဆက်မည်ဟု စိတ်ကူးလိုက်သည်..။
          ရှေ့ဆုံးကားတံခါးပေါက်သို့ခပ်တည်တည်သွားရပ်သည်..။ ရှေ့က ဒရိုက်ဘာဘေးမှာ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ထိုင်နေသည်..။ ပုံစံကြည့်ရသလောက် ဆရာမ ဖြစ်ဖို့ များသည်..။  
          “ ဟုတ်ကဲ့ ဆရာမလားခင်ဗျာ.. ”
          “ ဟုတ်ကဲ့ ရှင် ဘာကိစ္စ ရှိလို့လဲ မသိဘူး.. ”
          ထိုဆရာမက ယူနီဖောင်းဖြင့် ပခုံးပေါ်နှစ်ပွင့်တင်ထားသော သူ့အား ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မေးခြင်း ဖြစ်သည်..။
          “ ဟုတ်ကဲ့ဆရာမ. ဒီယာဉ်တန်းမှာ ဝင့်ရွှေရည်ဇော်ဆိုတဲ့ ကောင်မလေး ပါလားမသိဘူးခင်ဗျာ.. သူက သူ့အသိပါခင်ဗျ.. ”
          “အယ်.. အဲဒီနာမည် မပါဘူးရှင့်…” “ဟုတ်ကဲ့ပါတယ်ရှင့်.. နောက်ကားမှာပါ..”
          အသံ နှစ်သံ တစ်ပြိုင်တည်းလိုလိုထွက်သည်..။ မပါကြောင်းငြင်းသည်က ဆရာမဖြစ်ပြီး. ပါသည်ဟု ထောက်ခံသည်က ဒုတိယတန်းက ကောင်မလေးတစ်ဦး..။
          ဆရာမက ထိုကောင်မလေးကို အလိုက်မသိတတ်ရန်ကော ဆိုသည့်အကြည့်နှင့်ကြည့်သည်.။
          သူ မပြုံးမိအောင် ထိန်းလိုက်ရသည်..။
          နောက်ကားများ တစ်စီးပြီး တစ်စီး မေးသွားတော့ .. နောက်ဆုံးကားထိ ရောက်သွားသည်..။ ကားပြတင်းပေါက်က အော်မေးကြည့်တော့ .. ဟော သူမကို တွေ့ပါပြီ..။
          မှန်ပြတင်းပေါက်က ခေါင်းလေးပြူထွက်ရင်း သူ့ကို ပြုံးပြနေသည်…။
          သူမ ထိုင်နေတာက နောက်ဆုံးကားရဲ့ နောက်ဆုံးခုံ၊ ညာဖက် ပြတင်းပေါက်ဘေးမှာ ထိုင်နေခြင်း ဖြစ်သည်.။  
          “ကိုကိုး ကိုယ့်ကို မှတ်မိလား.. ”
          “မှတ်မိတာပေါ့. ကိုကြီးရ.. ”
          သူမ အသံကိုကြားတော့ ညွတ်နူးမလို ဖြစ်သွားသည့် ကိုယ့်စိတ်ကို ပြန်ထိန်းသည်..။ မျက်နှာ အမူအယာကို ထိန်းနိုင်သော်လည်း ရင်ခုန်နှုန်းက ထိန်းလို့မရ.။
          “ ကိုကိုး အောက်ကို ခဏဆင်းခဲ့ပါလား.. ကိုယ်နဲ့စကားခဏ ပြောကြတာပေါ့.. ”
           “ အင်းးးးး ခဏနေကျရင် သမီးဆင်းခဲ့မယ်လေ… .”
          သူမက စဉ်းစားသည့် ပုံစံမျိုးလေး လုပ်ပြီးမှ ပြန်ဖြေသည်..။ လာပြန်ပြီလား .. ဒီသမီး ဆိုတာ.. လို့ ပြန်ပြောတော့ သူက ပြောင်စပ်စပ် အမူအယာဖြင့်  လျှာထုတ်ပြသည်..။
          လှိုက်လှိုက်လှဲလှဲ ပြုံးဖြစ်သွားသည်..။
          “အိုကေ.. ဒါဆိုကိုယ် ဒီဆိုင်ထဲမှာ စောင့်နေမယ်နော်..”
          သူမက ပြုံး၍ ခေါင်းညိတ်ပြသည်…။
          သူ သူမတို့ကားရပ်ထားသည့်နောက်မှ ဆိုင်ထဲသို့ဝင်လိုက်သည်..။ နောက်လှည့်မကြည့်ပေမယ့် သူ့နောက်ကျောကို သူမ လှမ်းကြည့်နေသည် ဆိုတာ အလိုလို သိနေသည်..။
          အပြင်ကို မြင်ရသည့် စားပွဲတစ်လုံးမှ ထိုင်ရင်း သူမ ကားပေါ်က ဆင်းလာမည့် အချိန်ကို စောင့်နေမိသည်.။ စိတ်ထဲမှာတော့ သူမကိုပြောရမည့် စကားလုံးများကို စာစီနေမိသည်..။ ခြေသလုံးထိရှိသော သူမ ဆံပင်ရှည်ကြီးမှ ရှိသေးရဲ့လား..။ လက်ကိုင်ပဝါပေးလျှင် မျက်ရည်သုတ်ရတတ်သည်၊ လက်ချောင်းချင်း ချိတ်တွဲ လျှင် ကြားလူဝင်တတ်သည်. ဆိုတော့ အယူသီးမှုတွေ ယုံကြည်နေသေးရဲ့လား..စသဖြင့် အတွေးတွေကလည်း အစီအရီ..။
          “ရေလည်ကျောက်တန်းဘုရားကို မသွားချင်ပါနဲ့ ကိုကြီးရာ.. အတွဲတွေသွားရင် ကွဲတတ်တယ်တဲ့..”
          သူမ ပြောခဲ့သည့်စကား..။
          အယူသီးမှုကို သူလက်မခံသော်ငြား.သူနှင့်သူမ အဆက်အသွယ်ပြတ်တောက်ခဲ့ကြတာ (၂) နှစ်ပြည့် တော့မည်ဆိုတာ သတိရမိ ပြန်သည်.။
          ခဏကြာတော့ သူမ ကားပေါ်မှ မတ်တတ်ရပ်သည်.။ ရှေ့ဆုံးကားက ဆရာမက သူမနှင့် စကားပြောနေသည်..။
          သူတို့စကားပြောပုံကြည့်ရတာ..အနည်းငယ် အခြေအတင် ဖြစ်နေပုံရသည်..။
          ခဏ ကြာတော့ သူမ ဆိုင်ဘက်အခြမ်း ကားပြတင်းပေါက်ကနေ ခေါင်းပြူထွက်လာသည်..။
          “ကိုကြီး.. ကိုကြီး..”
          သူမ အော်ခေါ်တဲ့အချိန် သူ ပြေးထွက်သွားတော့ သူမတို့ ကားတန်းကြီးက ဘီး စလိမ့်နေပြီ..။         
          “ဟာ…”
          သူမက စာရွက်အပိုင်းလေးတစ်ခုကို ကားပြတင်းပေါက်မှပစ်ချပေးသည်.။ ထိုစာရွက်အပိုင်းလေးက ကားထွက်သည့် လေအရှိန်များနှင့် ဝေ့ဝဲသွားပြီးမှာ ကားလမ်းရဲ့ ဟိုဖက်ကမ်းမှာသွားကျသည်..။
          ကိုရီးယားကားတွေထဲကလို ခပ်လှမ်းလှမ်းထိ သူ ပြေးမလိုက်ဖြစ်တော့ပါ..။ ဝတ်ဆင်ထားသည်က ယူနီဖောင်း နှင့် မဟုတ်ပါလား..။ အရပ်ဝတ်ဖြင့် ဆိုပါလျှင်လည်းသူ ပြေးလိုက်ဖြစ်မည် မထင်ပါ..။
          လမ်းဟိုဖက်ကူးပြီး စာရွက်သွားကောက်မှ သူမဖုန်းနံပတ်ကိုရေးပေးထားမှန်း သိရသည်..။
မန္တလေးရောက်မှ ဖုန်းဆက်လိုက်တော့မှ သူမက တောင်းပန်တိုးရှိုးသံဖြင့် ဆိုလာသည်..။
          “ကိုကြီးတို့ လူအုပ်ကလည်း အများကြီး.. သမီးတို့လူအုပ်ကလည်း အများကြီးမို့ ဆရာမတွေက ဟိုးအောက်က ဆိုင်တန်းကို ပြောင်းလိုက်တာ ” တဲ့..။
          ဆရာမတွေက အပျိုကြီးတွေ မဟုတ်လားလို့ မေးတော့ ဟုတ်ကြောင်းဝန်ခံသည်နှင့် ဒါကြောင့် ဖြစ်မယ် ဟု ပြောရင်းနှစ်ယောက်သား ရယ်ကြရသေးသည်..။
          “ကိုကြီးရော ရည်းစားအသစ် ရနေပြီလား..”
          “ဟင်.. ဒီလိုပါပဲ.. ”
          မတင်မကျ ပြောလိုက်ပြီးမှ မေ့မျက်နှာကို ကွက်ကနဲ မြင်လိုက်သည်..။ မရိုးသားသလို ဖြစ်သွားသည့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်..။
          “သမီးပွင့်ပွင့်လင်းလင်းပြောမယ်နော်… သမီး ခုထိ ရည်းစားမရသေးဘူး.။ အဲဒါ ကိုကြီးကို သမီး မမေ့နိုင် သေးလို့ပါ.. ”
          “လာပြန်ပြီလား.. ဒီသမီး..”
          “ကိုယ်…”
          တစ်ချိန်က သူစွဲလမ်းခဲ့ဖူးသည့် အခေါ်အဝေါ်မျိုး….။ သူအသက်ရှုကြပ်လာသည်..။ ဒါလားကွာ ယောက်ျား တစ်ယောက်ရဲ့ သစ္စာ..။ မင်းပဲ မိန်းကလေးတစ်ယောက်ကို အပျော် မချစ်တတ်ဘူးဆို..။ ခံစားလို့ကို မရတာဆို..။
          သူ ဘာမှ ပြန်မပြောမိ…။
          “ကိုကိုး ကိုယ့်ကို တစ်ခုမေးပါရစေ.. ကိုယ်. ကိုကိုး ကို ချစ်သေးရဲ့လားဟင်…”
          ငယ်ထိပ်တည့်တည့်ကို မိုးကြိုးပစ်ချလိုက်သလို မေးခွန်းမျိုး….။
          သူ ဘယ်လို ဖြေရမလဲ..။ မေ့မျက်နှာက အာရုံထဲမှာပေါ်လာသည်..။ မင်းယောက်ျားမဟုတ်ဘူးလား.. ။ မင်းသစ္စာတရားကိုဘယ်လို တန်ဖိုးဖြတ်မလဲ..။ လွယ်လွယ်နဲ့ မေ့ပစ်ခဲ့တာမဟုတ်ဘူးဆိုတာတော့ သေချာသည် ဒါပေမယ့်..။ လူ. လူထဲက ယောက်ျား.။ ယောက်ျားထဲကမှ ကတိနှင့်သစ္စာကို တန်ဖိုးထားရမည့် အရာရှိတစ်ဦး..။ ပြီးတော့ စစ်သည်တော်ကျင့်ဝတ်ထဲက.. မိန်းကလေးများနှင့်ကင်းကင်းရှင်းရှင်းနေပါ.. ဆိုသည့် ကျင့်ဝတ်.။
           “ဟဲလို. ကိုယ်.. ကိုယ်.. ကိုကိုးပြောတာ ကြားရသေးလား..ဟဲလို…”
          တစ်ဖက်က အသံမကြား၍ မေးလာမှ သတိပြန်ဝင်လာသည်..။
          သူ ပြန်မပြောသင့်တော့ပါ…။
          ချစ်သူကို ကတိအထပ်ထပ်ပေးပြီးသော်လည်း ခေတ္တမျှ တွေဝေမိသွားသော မိမိကိုယ်ကိုယ် အပြစ်တင်မိပါသည်..။
          နောက်ဆုံးတွင် အားတင်း၍ သူ ဖုန်းကို ပိတ်ပစ်လိုက်ပါတော့သည်..။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

          ထိုနေ့မှ စ၍ ကိုကိုးနှင့် အဆက်အသွယ် မလုပ်ဖြစ်တော့ပါ…။
          ၃ နှစ်ဆိုသော အတိုင်းအတာသည် ထိုအဖြစ်အပျက်ကိုစုံးစုံးမြုပ်သည်အထိ မေ့စေနိုင်ပါတကားဟု တွေးမိပြန်သည်..။ ယခုအချိန်ပြန်တွေးလျှင်မူ ရယ်စရာအတိသာ..။ ကိုကိုး၊ သူ ရော မေ ပါ. တစ်ယောက် တစ်နေရာစီတွင် စနစ်တကျ ဖြင့် အဆင်ပြေနေကြပြီမဟုတ်လား..။
          ပြတင်းပေါက်က လရောင်ကို ကြည့်ရင်း သူ ပြုံးမိနေလိုက်သည်.။ တစ်ခါတစ်ရံ ဘဝ၏  စုတ်ချက်များ သည် လှပ လွမ်းဆွတ်ဖွယ်ကောင်းသော အတိတ်ပုံပြင်များကို ခြယ်မှုန်းတတ်သည်ကို စဉ်းစားရင်းပင်..။
          "ခုတော့ ဆောင်းအိပ်မက် လိုပါပဲ ကိုကိုးရေ…"
သူ့နှုတ်မှ ဖွဖွ ရေရွတ်မိတော့သည်...။ 

~မိုးသက်ဦးလွင်~
           





Saturday, June 21, 2014

တစ်စုံတစ်ရာ....


ခေါင်းစဉ်ကို ဘာပေးရမယ်ဆိုတာ မသိတော့လို့ သီချင်းနာမည်လေး “ တစ်စုံတစ်ရာ” လို့ပဲ ပေးလိုက်ပါ တယ်.။ ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရောပြွမ်းနေတဲ့အတွက် ရင်ဘတ်ချင်းတူသူများသာ လို့ ခေါင်းစဉ်တပ်မလို့ အစက စဉ်းစားမိပါသေးတယ်.။ နောက်တော့ မိမိဘလော့ကိုလာဖတ်သူများဟာ မိမိနဲ့ရင်ဘတ်ချင်း ကာရံတူသူများဆိုတာတွေးမိလို့ ဒီအတိုင်းပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်..။ 
     ကျွန်တော်တို့ ကျောင်းက ၃ နှစ်နဲ့ ၆ လ လောက် စာသင်ရပါတယ်..။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလမှာ ကျောင်းသားသစ်လက်ခံပြီး၊ ဖေဖော်ဝါရီလမှာ ပြည်တော်ပြန်ကြတဲ့ ကျောင်းပေါ့..။  ဒီနှစ်သင်ခန်းစာတွေပြီးဆုံးလို့ နောက်ဆုံးကျန်တဲ့ စာတမ်းပြင်ဆင်ကာလအတွက် ကျောင်းပိတ်ပေးလိုက်ပါတယ်.။ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ သင်္ဘောစီးတဲ့ အပန်းဖြေခရီးနေ့ပေါ့...။ 
သင်္ဘောပေါ်မှာ IR (ကျောင်းသားရေးရာပဲဆိုပါတော့ဗျာ..) က ဆရာမက ကျွန်တော်တို့ကို Shock ရစေမယ့် သတင်းစကားတစ်ခုကို ဆောင်လာပါတယ်..။ 
    “ မင်းတို့အားလုံး လာမယ့် စက်တင်ဘာလမှာ စာတမ်းခုခံရမယ်.။ ကိုးလပိုင်းအတွင်း မင်းတို့အားလုံး အိမ်ပြန်ရမယ်..” တဲ့..။ 
သင်္ဘောပေါ်မှာ ပျော်ရွှင်မှုကြောင့် ဆူညံနေတဲ့ ကျွန်တော်တို့ အားလုံး တိတ်ဆိတ်သွားကြပါတယ်..။ အားလုံးရဲ့ မျက်နှာမှာ တကယ်ကို မယုံကြည်နိုင်တဲ့ မျက်နှာတွေပါ..။ သေချာတာကတော့ ပျော်ရွှင်မှုထက် အံ့အားသင့်မှုကြောင့်ဆိုတာ သေချာပါတယ်...။
လွန်ခဲ့တဲ့  ၆ လလောက်က ကျွန်တော်တို့ ဒီလိုစာသင်နှစ် အချိန်ဇယားပြောင်းလဲ တယ်ဆိုတဲ့ သတင်းကြားပေမယ့် မဟုတ်ဘူးလို့ ပြန်လည်ငြင်းဆိုခဲ့တာကြောင့် ကျွန်တော်တို့ အားလုံး အေးအေးဆေးဆေးပဲ ရှိခဲ့ကြတာမဟုတ်ပါလား.။ တကယ့်တကယ် ခွဲရတော့မယ်ဆိုတော့ မယုံကြည်နိုင်ကြတော့..။ 
ဒီနေရာမှာ မေးစရာရှိပါတယ်..။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မြေဆီ ပြန်လာရမှာ မပျော်ဘူးလားဆိုတဲ့ မေးခွန်း..။  ဟုတ်ကဲ့ သိပ်ပျော်ပါတယ်.။ သိပ်ဝမ်းသာပါတယ်.။ ဒါပေမယ့်ဗျာ.. ဒီညီအစ်ကိုတွေ၊ ဒီသူငယ်ချင်းတွေရဲ့ တွေ့ဆုံမှုဟာ နောက်ဆုံးဖြစ်သွားနိုင်တယ် ဆိုတဲ့ အသိက ခေါင်းထဲကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာကြောင့်ပါ..။ နောက်တစ်ခုက ကျွန်တော်တို့ မော်စကိုမြေကို ခွဲခွာဖို့ အဆင်သင့် မဖြစ်သေးတာ အမှန်ပါ..။ ကိုယ့်ရင်ထဲက သံယောဇဉ်ရဲ့ ဆွဲနှုတ်ခံရမှု ထိရှတယ်ဆိုတာ ခံရသူပဲ သိခဲ့တာမို့ပါ.။ မွန်းကြပ်တဲ့ မြို့ပြထဲက စွဲမက်ဖို့ကောင်းတဲ့ အရာတွေထက်၊ လွတ်လပ်မှုနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှုကို မက်မောနေတုန်းဆိုတာ ကျွန်တော် ငြင်းချင်ပေမယ့် ငြင်းမရခဲ့ဘူး..။ 
ဘယ်လောက်ပဲ သူစိမ်းဆန်ပါစေ၊ မိုင်ပေါင်း ထောင်ချီဝေးနေပါစေ.။ မြန်မာပြည်က ကျွန်တော်တို့ရဲ့ မိခင် ဆိုရင် မော်စကိုဟာ ချစ်လှစွာသော အဒေါ်တစ်ဦးလို့ ထင်မြင်မိတာ ကျွန်တော်မှားပါ့မလား..။ ခါးသီးမှုတွေ ရှိခဲ့တယ်..။ ဒါပေမယ့် .... သံယောဇဉ် ...။ တစ်ရက်စာမဟုတ်၊ တစ်လစာမဟုတ်၊ တစ်နှစ်စာ မဟုတ်၊ အနှစ်နှစ်အလလ သံမှိုစွဲ၍ အသားကျအောင် ကျင့်ယူခဲ့ရတဲ့၊ ရင်းနှီးဖို့ ကြိုးစားခဲ့ရတဲ့ .. တစ်ချိန်က အသစ်လွင်ဆုံးသော ပတ်ဝန်းကျင်၊ ခုတော့ ကိုယ်နဲ့ တစ်သားတည်း ကျနေတဲ့ ပတ်ဝန်းကျင်ပေါ့.။ 
အရိုးသားဆုံးဝန်ခံရရင် ကျွန်တော် မော်စကိုကို အရမ်းချစ်ပါတယ်...။  
ဒါပေမယ့်လည်း ပဝတ္တိဆိုတာ၊ ဇာတိမှ မဟုတ်ပဲနော်..။ ဧည့်သည်ဆိုတာ အချိန်တန်ရင်ပြန်ရမှာပါ..။ စစ်သားဆိုတာကလည်း အချိန်နဲ့ နယ်ပယ် ကန့်သတ်ချက်မှ မရှိခဲ့တာကိုး..။ 
ဒီနေ့ သင်္ဘောပေါ်မှာ ၃ နှစ်တာ А, Б, В, Г (A, B, C, D) က စလို့ သင်ပေးခဲ့တဲ့ Language ဆရာမလေးတွေ ငိုကြတယ်.။ သူတို့ငိုကြတော့ ကျွန်တော်တို့ တွေ မခံစားနိုင်ဘူး..။ ယောက်ျားကြီးတွေတန်မဲ့ မျက်ရည်ကျမိကြပြန်ရော..။ဆရာမတွေကျွေးတဲ့ မုန့်တွေစားပြီးတော့ ဆရာမတွေကို တောင်းပန်ကြ၊ ငိုကြ၊ နှုတ်ဆက်ကြပေါ့.။ ဒီနေ့ပြီးရင် ဒီဆရာမတွေကို ဒီတစ်သက်မတွေ့ရတော့ဘူးလေ..။ “ ဆရာမဟာ ကျွန်တော့်ရဲ့ ရုရှားမေမေပါ..”၊ “ မင်းကို ငါတို့အားလုံးက မိခင်လို၊ အစ်မတစ်ယောက်လို ချစ်ပါတယ်..”၊ “ ကြယ်ကြွေတဲ့အခါ ငါတို့ မင်းရဲ့တပည့်နောက်တစ်ခါ ဖြစ်ခွင့်ရပါစေ လို့ ဆုတောင်းမိတယ်”၊ “ ငါတို့ မြန်မာပြည်ပြန်ရောက်တဲ့အခါ မင်းတို့ကို စောင့်မျှော်နေမှာပါ.။ အခွင့်ကြုံတဲ့အခါ ငါတို့ နိုင်ငံကိုရောက်အောင် လာခဲ့ပါ.”  စတဲ့ စာသားတွေကို စာအုပ်ထဲမှာ ရေးပေးကြတယ်..။ ဆရာမတွေက ငိုလို့မဆုံး၊ လိုက်လာတဲ့နောင်တော်၊ ညီတော် တွေလည်း စိတ်မကောင်းကြ..။ (ဒီစာရေးရင်းလည်း မျက်ရည်ကျ)၊
အဲဒီအချိန်ပြီးတဲ့အချိန် ယူလာတဲ့ ဂစ်တာက ကြိုးပြတ်သွားတယ်.။ ကြိုးပြတ်ရင်းနဲ့ပဲ သီချင်းတစ်ပုဒ်တောင်း လို့ဆိုပေးလိုက်ရတဲ့ သီချင်းက ဝိုင်ဝိုင်းရဲ့ “ ဖြေသိမ့်လိုက်” သီချင်းပေါ့...။ ဆို့နင့်နေသူတွေ မျက်ရည်ဝိုင်းသွားရတယ်..။ ဒီနေ့ ပျော်နေခဲ့ရာကနေ အဆွေးခရီးဖြစ်သွားတယ်..။
 သဘောင်္ပေါ်က ပြန်ဆင်းတော့ အဆောင်ကို ပြန်ချင်စိတ် မရှိဘူး..။ ခြေဦးတည့်ရာကို လျှောက်သွား ချင်နေတယ်.။ ဒီနေ့မှာ ရာသီဥတုက နေမပူမိုးမရွာ၊ ခပ်အုံ့အုံ့နဲ့ စိတ်တွေကို ပိုဆွေးနေသလိုပါပဲ..။ 
အဲဒါနဲ့ပဲ လူစုပြီး ဟိုဖက်က ပန်းခြံထဲမယ် လမ်းလျှောက်ဖြစ်ခဲ့တယ်.။ သူငယ်ချင်းတွေ ဓါတ်ပုံရိုက်ချင်လို့ ကျွန်တော်ရိုက်ပေးခဲ့ပေမယ့် ကျွန်တော်တော့ မရိုက်ဖြစ်ခဲ့ပါဘူး.။
အဲဒီခံစားချက်ကလည်း ဘာနဲ့မှ မတူ..။ ဒုတိယနှစ် ဗိုလ်လောင်းဘဝ တောင်ပေါ်မှာသစ်ပင်လေး ၂ ပင်ကြား ရွက်ဖျင်တဲကလေးထိုးပြီး ၁ ပတ်လောက်နေခဲ့စဉ်က အပြန်မှာ ကိုယ်ခိုဝင်ခိုနားခဲ့ရာ အဲဒီနေရာလေးကို စိတ်ရောကိုယ်ပါ ရင်းနှီးခဲ့လို့ မျက်ရည်ဝဲမိတာ၊ တတိယနှစ်မှာ ကိုယ့်ပစ်ကျင်းကိုတူးပြီး တစ်ပတ်လောက် ကိုယ့်အတွက် အင်မတန်ချစ်ခင်ဖို့ ကောင်းတဲ့ အိပ်စက်ရာနေရာလေးကို တောင်သူတွေ ဖို့ပစ်လိုက်တဲ့အခါ ခံစားရတာနဲ့ အခုတစ်ခါ ၃ နှစ်၃ မိုး ရင်းနှီးကျွမ်းဝင်လာတဲ့ မော်စကိုမြို့ကြီးကို ခွဲခွာရတော့မယ်ဆိုတဲ့ ခံစားချက် ထပ်တူကျနေတာကို သတိရမိတယ်..။  “ ညီလေးရေ..ကိုယ်ကတော့ အစွဲကြီးတယ်ကွယ်..” ဟုသာ ဆိုလိုက်ချင်ပါတော့တယ်..။ 
ပန်းခြံထဲက လမ်းလျှောက်ပြီး အပြန်မှာ ကြိုးတံတားကြီးပေါ်က ဖြတ်ပြန်ကြပါတယ်...။ ပတ်ဝန်းကျင်ကို ဂရုမစိုက် ကိုယ့်စိတ်ထင်ရာကိုလုပ်၊ သူများလုပ်တာကိုလည်း ဖာသိဖာသာနေကြတဲ့ နှာခေါင်းချွန်ချွန် လူမျိုးတွေ(အဲဒီစိတ်ကြောင့်ပဲ.. သိပ်တော်တဲ့သူတွေ အများကြီးရှိခဲ့) ၊ အဘိုးကြီးတွေကို သက်ကြီးရွယ်အိုမို့ ရထားပေါ် နေရာဖယ်ပေးတိုင်း “ ငါသန်မာနေတုန်းပဲ” လို့ ဒေါသနဲ့ ပြန်ပြောတဲ့ စိတ်ဓါတ်မာတဲ့လူမျိုးတွေ၊ မာန်ကြီးတဲ့ လူမျိုးတွေ၊ (အဲဒီမာန်တွေနဲ့ ပဲ.. စစ်ဖြစ်တိုင်း ယောက်ျားတွေအားလုံး ထွက်တိုက်ခဲ့ကြ)၊ ကမ္ဘာ့အလှဆုံး အမျိုးသမီးတွေ(အဲဒီအမျိုးသမီးကြောင့်ပဲ ကမ္ဘာကျော်ကဗျာဆရာတစ်ယောက် စစ်ဗိုလ်နဲ့သေနတ်ယှဉ်ပစ်ရင်း အသက်ဆုံးရှုံးခဲ့ရ)၊ အချစ်ကိုဖွဲ့ဆိုရာမှာ ထူးချွန်လွန်းတဲ့ စာရေးဆရာတွေ (လိင်မှုကိစ္စမပါတဲ့ စိတ္တဇအချစ်သက်သက်ကြောင့် ကမ္ဘာကျော်ခဲ့တဲ့ စာရေးဆရာလည်းရှိ )၊ စစ်သားကို အင်မတန်ချစ်တဲ့လူမျိုး၊ တစ်နိုင်ငံလုံးမိသားစုဝင်ထဲစစ်သားမရှိသူ မရှိသလောက်ရှား၊ စစ်သားမရှိရင် မျက်နှာငယ်ရတဲ့လူမျိုး၊ Victory Day တိုင်း ကလေးငယ်တွေကို စစ်ပြန်ကြီးတွေဆီ မျိုးချစ်စိတ် အမွေတောင်းခိုင်းတဲ့ လူမျိုးတွေ၊( အဲဒီလူမျိုးတွေကြောင့်ပဲ ယနေ့ထိ ကမ္ဘာ့မဟာ အင်အားလွန်နိုင်ငံကြီးများကို ရင်ဆိုင်ရဲ၊ ယှဉ်ပြိုင်ရဲနေဆဲ)။ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်တွေ(ကျွန်တော်တို့ အားကျမိတဲ့ဘဝတွေ)၊ ဆရာစာရေးတဲ့ကျောက်သင်ပုန်းကိုဓါတ်ပုံရိုက်ပြီး စာအုပ်ပြန်ထုတ်ပြီးကျက်တဲ့ စာမှစာဆိုတဲ့၊ စာနဲ့ပတ်သတ်ပြီး သင်ရိုးကုန်လို့ သင်စရာအသစ်လိုက်ရှာတဲ့ နိုဘယ်ဆုရှင်လောင်းလျာကျောင်းသားတွေ၊ အို.. အကုန်အကုန်ပါပဲ..။ 
  အမှတ်တရတွေအများကြီးပေမယ့်.. ဟိုးအရင်ကရေးခဲ့တဲ့ စာလေးလိုပဲ တစ်ချိန်ကျရင် ဆိုတဲ့ အချိန်လေးက မကြာခင် တကယ်ပဲ ရောက်လာတော့မယ်လေ..။ ဒီနေ့ ခံစားခဲ့ရတဲ့ ဖီလင်ဆိုတာ တဒင်္ဂပါ..။ ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော်သီချင်းထဲကလို “ ဒါလည်း အတွေးပါပဲ..” လို့ပဲ ဆိုရလေမလား..။ တစ်ချိန်ကျရင် ကျွန်တော်ခင်တွယ်တဲ့ ဒီအသိုင်းအဝိုင်းလေးထဲက လူမသိသူမသိ ပျောက်ကွယ်သွားတဲ့အခါ.....။

~မိုးသက်ဦးလွင်~
၂၁-၆-၂၀၁၄
(ခေတ္တ-မော်စကို)



Thursday, April 10, 2014

လာဘ်တစ်ပါး၏ အခြားမဲ့၌...


ရာသီဥတုက ပူချေပြီ.။ ဧပြီလ မဆန်းတစ်ဆန်းအချိန်ဆိုသော်ငြား နွေလယ်နှင့်မခြား အိုက်စပ်စပ်ရှိလှသည်.။ အခန်းပြတင်း အပြင်က ဖြတ်ဝင်လာသော လေကပင်လျှင် အေးချမ်းမှု အားနည်းလျော့ပါးလျက် အညာရောင် ပေါက်နေ သည်.။ ရှမ်းပြည်မှာမို့သာတော်တော့သည်.။ အညာ မှာ မည်သို့နေကြမည်ကို စဉ်းစား၍မရ.။

            ရာသီဥတုတွေပူပြင်းလာတိုင်း အိုဇုန်းလွှာဆိုတာကြီး မည်မျှပါးလာကြောင်း သတင်းတွေဖတ်ရတတ်သည်.။ ကလိုရိုဖလူ ရိုကာဗွန် ဓါတ်တွေ မည်မျှ များလာကြောင်းနှင့် အရေပြားကင်ဆာ ဖြစ်ပွားမှု မည်မျှ တိုးလာကြောင်း သတင်းတွေကလည်းဆိုင်မှာလာဝယ်သည့်သူတွေပြောတာ နားနှင့်မဆန့် အောင်ကြားရသည်.။ သို့သော် နှင်း ကတော့ အိုဇုန်းလွှာ ပါးတာမပါးတာ အရေးမကြီး၊ မနက်ဖြန် အတွက် အ မေ့အကြော်ဆိုင်လေး အရောင်းမပါးဖို့ ပိုအရေးကြီးသည်.။ ရာသီဥတုမည်မျှ ပူပူ အကြော်ကိုတော့ လူတိုင်းစားကြတာက အင်မတန်ကံကောင်းလှသည်ဟု နှင်း ကထင်စမြဲ.။ ရာသီစာ မဟုတ်သည့် အတွက် အမြဲတမ်းရောင်းနေရတာကိုက ကံကောင်းလှပြီဆိုတာ နှင်းသိထားသည်.။

          နှင်းနာမည်က နှင်းပွင့်အေး။ နှင်းပွင့်လေးလိုအေးချမ်းပါစေ ဟူသည့် အဓိပ္ပာယ်ဖြင့် ပေးခဲ့သည်ဟု  အမေက တစ်ခါတစ်ရံ စိတ်ကူးပေါက်လျှင် ဆိုတတ်သည်.။ ဒါပေမယ့် အရပ်ထဲကရော ဆိုင်လာဝယ်တဲ့ သူတွေကပါ. နှင်း၊ မနှင်း ၊ လို့ခေါ်တတ်သည်.။ ဘ၀ပေးကတော့ လုံးဝဆန့်ကျင်ဘက်..။ဘယ်တော့မှမအေးချမ်းသည့် နှင်းတို့ မိသားစုတွင်. အဖေ မရှိ သည့်နောက် မုဆိုးမ အမေက အကြော်ဆိုင်လေးဖွင့်၍ နှင်းတို့ မောင်နှမ၂ ယောက်စလုံးကို ကျောင်းဆက်ထားခဲ့သည်.။ ကျောင်းကလူ တွေအားလုံးနှင့်ယှဉ်လျှင် နှင်းတို့က အောက်ရဲ့အောက်မှာ..။ နှင်းတို့အောက်မှာ ကျောင်း သမံတလင်း ပဲ ရှိတော့သည်.။ သို့ပေတည့် နှင်း စိတ်မပျက်ပါ.။ အချိန်မှန်အိပ်၊ အချိန်မှန်စားရ အမေ့မျက်နှာကို တစ်ရက်တစ်ခါ မြင်နေရလျှင်ကျေနပ်ပြီ.။ မုန့်ဖိုးဆိုတာ မမြင်ရတာ မောင်လေးတစ်သက်.။ လောလောဆယ်တော့ အိမ်ရဲ့စီးပွားရေးက အမေ့ အကြော်ဆိုင်လေး ကိုသာ အားထားနေရသည်.။ နှင်းမှာ စိတ်ပူစရာဆိုလို့ အမေ့ကျန်းမာရေးပဲရှိသည်.။ အမေခုတလော အတော် ချူချာသည်။ ပန်းနာရင်ကြပ်အခံရှိတော့ ပိုဆိုးသည်.။ လုပ်စားတာက အကြော်သည်.။ ဒီညှော်တွေ ၊ မီးခိုးတွေကြားမှာ မလုပ်ချင်လည်း လုပ်နေရသည်.။ နှင်းတို့မောင်နှမ အမေ့ကို နားစေချင်ပါပြီ.။ ဒါပေမယ့် အမေနားလျှင် နှင်းတို့ တစ်မိသားစုလုံး စားရမဲ့ သောက်ရမဲ့ ဖြစ်မှာကို သိနေသည်.။ လောလောဆယ် နှစ်ယောက်စလုံးက ကျောင်းတစ်ဖက်တွေနှင့် မဟုတ်ပါလား.။

            “ အဟွတ်.အဟွတ်.. အကြီးမ..နိုးနေပြီလား..။  နိုးရင် မီးမွှေးထားဦး…”

            အိပ်ယာထဲက အမေ့အသံကြားသည်.။ ချောင်းတွေဆိုးနေပြန်ပြီ..။

            “ ဟုတ်ကဲ့အမေ.. ချောင်းတွေဆိုးနေရင်လည်း ဒီနေ့ ဆိုင်မထွက်နဲ့တော့လေ အမေ..။ တစ်ရက်လောက်နားလိုက် ပါလား ..”

            “ ဟဲ့.. ငါနားလို့ဘယ်လိုလုပ်ဖြစ်မလဲ..။ နင်တို့တွေအကုန် ငတ်ကုန်မှာပေါ့.. ကိုယ့်ဖာသာရှာစားနိုင်လို့လား .. တယ်.. ငါမနက်စောစောစီးစီး ဆဲမိတော့မယ်..၊ ငါဘုရားကန်တော့ချေဦးမယ်.။ အဟွတ်..အဟွတ်. အငယ်ကောင်ကိုနှိုး ပြီး မီးမွှေးထားကြားလား..”

            “ ဟုတ်ကဲ့အမေ…”

            အမေ ငေါက်တာ နှင်းစိတ်ထဲမှာမထားပါ.။ လူဆိုတာ မပြည့်မစုံချို့တဲ့လျှင် ၊ ပင်ပန်း ဆင်းရဲလျှင် အလိုလို ဒေါသ ကထွက်နေတတ်တာကို နှင်းသိထားသည်.။ လောလောဆယ်တော့ အငယ်ကောင်ကိုအရင်နှိုးရမည်.။ မီးမွှေးပြီးမှ နိုးလျှင် အငယ်ကောင် ကျောင်းနောက်ကျမည်ဖြစ်သည်.။

            မီးမွှေးပြီးတော့ မနက်စာစားတော့ ဆန်ကုန်တော့မည်ကို သတိထားမိသည်.။ မနက်စာက ပုံမှန်အတိုင်းပင် ညကကျန်သည့် အကြော်အကြေများကို သုတ်ပြီးထမင်းကြမ်းနှင့် စားခြင်းဖြစ်သည်. ။ နှင်းအတွက် အမေ့လက်ရာအကြော် က နတ်သုဒ္ဒါလိုဇွတ်မှတ်ထားပြီး စားရသည်.။ မမှတ်လို့လဲမရ…။ ဒါပဲ အကောင်းဆုံးမနက်စာ ၊ တစ်ခါတစ်ခါ ဒီလို မနက်က အကြော်အကြေ သုတ်က နေ့လည်စာထိ ရောက်သွားတတ်သေးသည်.။

            “ အကြီးမ… ပဲတွေမကိုင်ခင် လက်ကို အရင်ဆေးနော်..ကြားလား..”

            “ ဟုတ်ကဲ့ပါ.. ။ အမေရဲ့…”

            အမေက လူကသာချို့ချို့တဲ့တဲ့နေရသည်.။ စေတနာတော့ လုံးဝမချို့တဲ့.။ သူတို့ကို လက်သည်းရှည်တာ၊ လက် ညစ်ပတ်တာ မရှိအောင် ခဏခဏပြောသည်.။ ဆိုင်မှာရောင်းမည့် အကြော်တွေ၊ ပဲတွေ ၊ ဘူးသီးခြမ်းတွေကိုင်တာကအစ လက်ဆေးပြီးမှ ကိုင်ရသည်.။

            “ လက်ညစ်ပတ်တော့ ဘာဖြစ်လဲအမေရ..၊ သူတို့ရှေ့ကျ ပြောင်နေရင်ပြီးတာပဲမဟုတ်ဘူးလား…”

            ခဏခဏ အဆူခံရသည့် အငယ်ကောင်က မကျေနပ်သလို ကျေနပ်သလို မေးတော့ အမေက ပြုံးပြီး ပြန်ဖြေ သည်။

            “ လူတကာ သန့်သန့်ရှင်းရှင်းစားရတော့ ကုသိုလ်ရတာပေါ့ကွယ်…။ ကိုယ့်ဖာသာ ဈေးရောင်းစားတာဆိုပေမယ့် သူများ သန့်သန့်ရှင်းရှင်းစားရတော့ မကောင်းဘူးလား. ။ မင်းကရော လက်ညစ်ပတ်နဲ့ ထမင်းစားချင်လား..”

            “ ကျွန်တော်ကတော့ ကိုယ့်လက်နဲ့ ကိုယ်မရွံပါဘူး.။ ညစ်ပတ်တော့ ဘာဖြစ်လို့တုန်းအမေရ..”

            အငယ်ကောင် အထွန့်ထက်ရှည်တော့ အမေ စိတ်တိုသွားသည်.။

            “ ဒီသေချင်းဆိုးလေးဟာ.. ညစ်ပတ်တော့ ရောဂါ ရမှာပေါ့ဟ..၊ ငါတို့က သန့်သန့်ရှင်းရှင်း အကြော်ရောင်းတာ ၊ ရောဂါရောင်းနေတာမဟုတ်ဘူး..”

            အမေနောက်ဆုံးပြောသည့် သန့်သန့်ရှင်းရှင်း အကြော်ရောင်းနေတာ ၊ ရောဂါရောင်းနေတာ မဟုတ်ဘူးဆိုသည့် စကားလေးကို နှင်းစိတ်ထဲမှာ သဘောကျစွာ.မှတ်ထားလိုက်သည်.။ အတန်းပညာ မတတ်သော အမေ ပြောသည့် စကား များသည် အတန်းထဲမှ ဆရာမ ပြောဖူးသော စကားများနှင့် ခပ်ဆင်ဆင်ဖြစ်နေသည်ကိုတွေးမိတော့ နှင်းပြုံးဖြစ်အောင် ပြုံးမိလိုက်သေးသည်.။

သြော်..အမေသည်.ရောဂါမရောင်းလိုသူ..၊ ကုသိုလ်ရောင်းလိုသူပါတကား..။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
            ကျော်သူ ဂျူတီကုတ်ကို ညီညာအောင် ပြင်ဝတ်လိုက်သည်..။ ခေါင်းကို ဆီအနည်းငယ်ထည့်ပြီး သပ်သပ်ရပ်ရပ်ဖြီး ထားသည်.။ ဆရာဝန်ဆိုတာ အမြဲတန်းသန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နေမှ အဆင်ပြေမည်မဟုတ်ပါလား.။ အခု ကျော်သူ တို့ Final Part 1 ရောက်တော့ Trip ဆင်းရာကနေ ဟိုပုန်း ဟူသည့် ဒီမြို့လေးကိုရောက်လာတာဖြစ်သည်.။ ဆရာဝန် လောင်းလျာ သူငယ်ချင်း စုစုပေါင်း (၁၅) ယောက် ရောက်လာကြသော ဤမြို့လေးက တောင်ကြီးနဲ့နီးသော်လည်း ပြောသလောက် မဖွံဖြိုးသည့်နေရာတစ်ခုလိုဖြစ်နေသည်.။ ရွာမက၊ မြို့မကျ နေရာလေးတစ်ခု..။    

       Trip ဆင်းတော့ ဟိုပုန်း တိုက်နယ်ဆေးရုံမှာတည်းကြရသည်.။ ကျေးရွာဒေသတွေကို ကွင်းဆင်းလေ့လာရေး လုပ်ရသည်.။ အဖြစ်များသော ရောဂါများကို လေ့လာသုံးသပ်ကြရသည်.။ ထို့အပြင် ရွာများနှင့် ဟိုပုန်းရှိ စာသင်ကျောင်းများတွင်ပါ. ကျန်းမာရေး ဟောပြောပွဲများပြုလုပ်ကြရသည်..။ ရွာတွေမှာတော့ ကူးစက်ရောဂါတွေသိပ် မရှိလှ တောင်ပေါ်ဒေသက လူတွေက မြေပြန့်ကလူ တွေလောက် ဆီးချို၊ သွေးတိုး စသည် တို့အဖြစ်သိပ်မများ တာတွေ့ရသည်.။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးက သွေးတိုးနှင့် နှလုံးရောဂါဖြစ်နေသည်.။ အာရှ အဆင့်နှင့်ယှဉ်လျှင်ပင် နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကြောင့် သေဆုံးရ သည့် စာရင်းမှာ မြန်မာနိုင်ငံက ထိပ်တန်း မှာပါဝင်နေသည်.။ ထို့အတွက် ဒီနေ့ ကျောင်းဟောပြောပွဲမှာ ကျော်သူ ပြောရမည့် ခေါင်းစဉ်ကို ပြည့်ဝဆီများ၏ အန္တရာယ် ဆိုသည့် ခေါင်းစဉ်ကို ရွေးချယ်လိုက်သည်.။ တကယ်တော့ အလယ်တန်းကျောင်းသား အဆင့်ထက် အနည်းငယ် မြင့်နေမည်ဟု ထင်မိသော်လည်း ငယ်စဉ်ကျောင်းသားဘ၀ ကတည်းက အသိပညာကိုရိုက်သွင်း ပေးရမည်ဟု ကျော်သူ စိတ်ထဲမှာ ယုံကြည် ထားလိုက်သည်.။

            “ တက်ကြွလှချည်လား ကျော်သူရ… ဟောပြောပွဲက ထမင်းစားကျောင်းတက်တဲ့အချိန်ကျမှလေ..”

            အာကာဇော်က အဆောင်ကော်ရစ်ဒါမှာ စာအုပ်တစ်အုပ်ကိုင်ထားရင်း လှမ်းပြောသည်.။ ဘာရယ်မဟုတ်.သူကိုင် ထားသည့်စာအုပ်ကို အမှတ်အထင်ကြည့်မိသည်.။ ဒေါက်တာ --- ရေးသားသည့် သားဆက်ခြားကျန်းမာရေး ဆိုသည့်စာ အုပ်..။ ထိုစာအုပ်က အထက်တန်းကျောင်းသားများကို ဟောပြောမည့် သူတို့အရွယ်မျှ သိသင့်သော သားဆက်ခြားကျန်း မာရေး အသိပညာများအကြောင်းပါဝင်ကြောင်း ကျော်သူသိထားသည်.။ သြော်… ကိုယ့်ဆရာက ဒီခေါင်းစဉ် ရွေးသကိုး.။

            “ ရှမ်းပြည်နယ်မှာ နေရတာ တော်တော်ကောင်းတယ်ကွာ.။ ခုချိန် မန်းလေးမှာဆို ဘယ်နေနိုင်လိမ့်မလဲ…”

        “ အင်း.. ခုလောက်ဆို တော်တော်ပူနေပြီ.. ၊ ဒါနဲ့ မင်းဒီနေ့ ပြောမှာ သားဆက်ခြား ကျန်းမာရေး အကြောင်းလား အာကာ.”

       “ အာ မဟုတ်ပါဘူး သူငယ်ချင်းရာ.. ငါက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေအကြောင်းကို ပြောမှာ..”

            အာကာက ရယ်ဖြဲဖြဲနှင့် ဆိုသည်.။   

       “ မသိဘူးလေကွာ..မင်းက သားဆက်ခြား ကျန်းမာရေးစာအုပ်ကြီး ကိုင်ထားလို့ ငါက ပြန်ကြည့်နေတယ်မှတ်နေ တာ..”

     “ မဟုတ်ဘူး သူငယ်ချင်းရ.. ဒီရှမ်းပြည်နယ်မှာ လူတွေကတောင်ယာလုပ်ကိုင်စားသောက်ကြတဲ့သူတွေပီပီ ဆေး ပညာဗဟုသုတ နည်းတယ်ကွာ.။ သားဆက်ခြားနဲ့ ပတ်သတ်ပြီးဟိုးတစ်နေ့က တပ်မတော်ကွန်ပျူတာ သင်တန်းကျောင်း နားက ရွာမှာ သွားပြောတဲ့နေ့က လူကြီးတွေကို ပြောတာတောင် တော်တော် လက်ဝင်တယ်ကွာ.။ စားဆေး၊ ထိုးဆေး၊ ရက်ရှောင်၊ UID ပစ္စည်းထည့် အဲဒါတွေအကုန်လုံးကို မြို့နယ်တွေမှာ အသိပညာပေးနေတာကြာပြီ..ငါလည်း သိပြီးသား တွေမှတ်လို့ ကျော်ပြောသွားတာ..နောက် မေးကြည့်တော့ ဘာမှ မသိသေးဘူး..အကုန်အစိမ်းသက်သက် ဖြစ်နေလို့ အစက အဆုံးပြန်ပြောခဲ့ရတယ်..သူတို့သိတာက ကွန်ဒုံးသုံးရမယ်ဆိုတာလေးတစ်ခုလောက်ကောင်းကောင်း သိလို့ တော် သေးတယ်..၊ ဒါတောင် စနစ်တကျမသိဘူး.ကြားဖူးရုံပဲကွ..”

            “ ဟုတ်တယ်နော် သူငယ်ချင်း.. ပြီးတော့ မင်းအခုရွေးတဲ့ခေါင်းစဉ် မှန်တယ်ကွ..။လူကြီးတွေတောင် ဒီလောက် စိမ်းနေရင် အခု ကလေးတွေပြောလို့ ဘာမှ နားလည်မှာမဟုတ်ဘူး.။ နောက်ပြီး ဒီဖက်အရပ်ဒေသတွေက တစ်ချိန်က မူးယစ်ရာဇာတွေ ရှိခဲ့တဲ့နေရာတွေဆိုတော့ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး ဆိုးကျိုးတွေအကြောင်း ပြောတာ သိပ်ကောင်းတယ် သူငယ်ချင်း..”

            “ ဒေါင်..ဒေါင်..ဒေါင်.ဒေါင်..”..

             ကျော်သူတို့ စကားပြောနေရင်း ကျောင်းတက်ခေါင်းလောင်းမြည်သံကြောင့် စကားစ ပြတ်သွားသည်..။

            “ အင်း ကျောင်းလည်းတက်ပြီး သွားစောင့်နေတာ ကောင်းမယ်ကွာ.. တော်ကြာ ကိုယ့်ကိုစောင့်ရင်း ကလေးတွေ ကိုထိန်းရတဲ့ ဆရာမတွေရဲ့ ဒုက္ခကလည်း သေးတာမဟုတ်ဘူး..”

            ကျော်သူ စိတ်ကိုစုစည်းလိုက်သည်…။ စိတ်ထဲမှာတော့ သူဟောပြောရမည့်ကလေးတွေနှင့် အသိပညာရရှိပြီး ကျန်းမာရွှင်လန်းနေမည့် ကလေးများကို မျက်စိထဲမြင်ယောင်ရင်း ကျေနပ်နေမိတော့သည်.။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီနေ့ ကျောင်းမှာ ဆေးတက္ကသိုလ်က ဆရာဝန်ဖြစ်ခါနီး ဆရာဝန်လောင်း အစ်ကိုကြီး၊ အစ်မကြီးတွေလာကြ သည်။ ကျောင်းမှာ ဟောပြောပွဲတွေလုပ်ကြသည်.။ ကျန်းမာရေးအကြောင်း မိုးရာသီမှာဖြစ်တတ်သည့် ၀မ်းပျက်၊ ၀မ်းလျှော ရောဂါ အကြောင်း ၊ သွေးလွန်တုပ်ကွေး ရောဂါ အကြောင်း၊ သန်ကောင်ရောဂါအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အကြောင်း စသဖြင့် ဟောကြပြောကြ သည်.။ အရင်ကတည်းက ဆရာမ တွေ ပြောတာတော့ နားစွန်နားဖျားကြားဖူးသည်.။ ဒါပေသိ. နှင်း အဲဒါတွေသိပ်မယုံပါ.။ ၀မ်းပျက်ဝမ်းလျှောဖြစ်တိုင်း အမေ တိုက်သည့် ဆေးတွေသောက်ပြီးပျောက်သွားတာချည်း.။ ဖျားနာလျှင်လည်း ထိုနည်း လည်းကောင်း ။ ဗမာဆေး အမှုန့်ခါးခါးကြီးတွေ ရေနွေးနှင့်သောက်၊ ဒါမှ မသက်သာလျှင် နောက်ရက် ကွမ်းယာဆိုင်မှာ အဖျားပျောက်ဆေးလို့ ပြောဝယ်လျှင် ရသော ဆေးပြားဖြူဖြူလေးတွေသောက်..။ နောက်တော့လည်း အလုပ်လုပ်ရင်း၊ ချွေးထွက်ရင်းပင် ပျောက်သွားတာများသည် ..။ သူတို့ပြောသည့်ဟာတွေလည်းတစ်ခုမှ မလုပ်ဖူးဘူးထင်သည်.။ သို့သော် လည်း နှင်းတို့ ခုထိတော့ ဘာရောဂါမှ ဆိုးဆိုးဝါးဝါးမဖြစ်သေး..။ ခုလည်း သူတို့ပြောလို့သာ နားထောင် နေရသည်..။ စိတ်ကတော့ သိပ်မပါလှ.။ ကျောင်းကပြန်လျှင် ဈေးဝင်ပြီး ဆန်မှုန့်ဝယ်ရမည်.။ မောင်နှမနှစ်ယောက် တစ်ယောက်က လွယ်အိတ်နှစ်လုံးသယ်၊ တစ်ယောက်က ဆန်မှုန့်အိတ် ကိုမ.။ တစ်ယောက်တစ်လှည့်စီမရင်း အိမ်ရောက်လျှင် နှစ်ယောက် စလုံး ကျောင်းစိမ်းလုံချည်တွေ ရစရာမရှိအောင် ဖွေးနေတတ်သည်.။ ဒီနေ့လည်း အမေမှာထားသည့် ဆန်မှုန့်ထုပ် သွားသယ်ရမည်ကို ခေါင်းထဲမှာ တွေးမိနေသည်.။

            “ နောက်ဖက်က ရှစ်တန်းတွေ သိပ်မဆူနဲ့ကြားလား…”

            ဟောပြောပွဲမှာ စည်းကမ်းကြပ်မတ်ရေးလုပ်နေသည့် ဆရာမ အသံကြားမှ နှင်းစိတ်တွေ ကျောင်းခန်းမထဲ ပြန်ရောက်လာသည်.။ ခုနက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းပြောနေသည့် အစ်ကိုကြီးပင် ပြန်ဆင်းသွားပြီ..။ နာရီ မ ရှိပေမယ့်  ဒီတစ်ယောက်ပြီးရင်ကျောင်းဆင်းချိန် ရောက်တော့မည်ဆိုသည်ကို ကျောင်းသားတို့ဘာသာဘာဝ အလိုလိုသိ   နေ၍ စိတ်အနည်းငယ်ပေါ့သွားသည်.။

            “ ကဲ ..အစ်ကိုကတော့ မန္တလေး ဆေးတက္ကသိုလ် မှာ စတုတ္ထနှစ်တက်နေတဲ့ ကိုကျော်သူပါ..။ ညီလေးတို့ ညီမလေးတို့ကို ပြောပြမယ့် အကြောင်းကတော့ ပြည့်ဝဆီ အကြောင်း.. ဘာဆီလဲ…”

            “ ပြည့်ဝဆီ..”

            နှင်းအပါအ၀င် ကလေးများအားလုံးက သံပြိုင်လိုက်ဖြေကြသည်.။

            သူပြောသည့် ဆီကို နှင်းတစ်ခါမှမကြားဖူးချေ.. ။ တစ်သက်လုံးစားလာသည်က အမေ အကြော်ကြော်သည့် စားအုန်းဆီသာဖြစ်သည်.။ ပဲဆီတို့ဘာတို့တော့ မစားနိုင်တာတောင် တော်တော်ကြာခဲ့ပြီ..။ စင်ပေါ်က အစ်ကိုကြီးက ဆက်ပြောသည်.။ သူပြောတာကိုတော့ နှင်း စိတ်ဝင်စားစွာ နားထောင်မိသည်.။

             “ ညီလေးတို့ ညီမလေးတို့စားနေတဲ့ ဆီတွေကို ခွဲခြားမယ်ဆိုရင် ပြည့်ဝဆီနဲ့မပြည့်ဝဆီ ဆိုပြီးခွဲခြားနိုင်တယ်.။ အင်္ဂလိပ်လိုကတော့ (Saturated Fat) နဲ့ (Unsaturated Fat) လို့ခွဲခြားနိုင်တယ်.။ အင်္ဂလိပ်လိုကို ညီလေးညီမလေးတို့ မမှတ် နိုင်သေးရင် မြန်မာလိုပဲ မှတ်ထားကြပါ. ..”

            စသဖြင့် ပြည့်ဝ ဆီများအကြောင်းနှင့် အန္တရာယ်များကိုဆက်လက်ရှင်းပြသည်.။ နှင်းရုတ်တရတ် ကြားမိတာက  ဆိုင်မှာသုံးတဲ့ စားအုန်းဆီ တွေက မကောင်း ဆိုသည်ကို တစ်ချက်သတိထားမိ လိုက်သည်.။ အို..ဟုတ်ချင်မှ ဟုတ်မှာ ပါလေ..။ အမေက ဒီလောက်စေတနာကောင်းတာ. မကောင်းတဲ့ဆီတွေ မသုံးလောက်ပါဘူး. ဟုတွေးလိုက်မိသည်.။

            နှင်းဆက်နားထောင်နေလိုက်သည်.။

            “ အထူးသဖြင့် လက်ဖက်ရည်ဆိုင်တွေ၊ အကြော်ဆိုင်တွေမှာ ကြော်ပြီးသားဆီကို ထပ်တစ်လဲလဲပြန်ကြော်ကြ တယ်..၊ အဲဒါတွေက ပိုလီပြည့်ဝဆီတွေ ထပ်တလဲလဲ ဖြစ်ပြီး အရမ်းအန္တရာယ်ရှိတယ်.။ အစ်ကိုကြီးတို့ အနေနဲ့. ဒီကိစ္စတွေ ကိုပညာပေးတွေ လုပ်ထားတယ်.။ ဒါပေမယ့်လည်း မြို့ကြီးတွေမှာတောင် ၀ိသမ လောဘသားတွေက ကိုယ့်အကျိုးကိုပဲ ကြည့်ပြီး ကိုယ့်ဆိုင်မှာစားတဲ့သူတွေကို ကျန်းမာရေးထိခိုက်မှာကို အလေးမထားကြဘူး.။ အဲဒီစိတ်ဓါတ်က ကောင်းသ လား..”

            “ မကောင်းပါဘူး..”

            ကျောင်းသားတွေ သံပြိုင်လိုက်ဖြေတဲ့အချိန် နှင်းဒေါသထွက်သလိုလိုဖြစ်သွားသည်..။ အမေ့ကိုတောင် ၀ိသမ လောဘသား လို့ပြောနေပြီ..။ အမေက ဘာလို့ ဆိုင်မှာလာဝယ်တဲ့သူတွေကို ကျန်းမာရေးထိခိုက်မှာ အလေးမထား ရမှာလဲ.။ အမေက သူတို့ လက်တွေညစ်ပတ်ရင်တောင် မကြာခဏ ဆူသူ မဟုတ်ပါလား..။ ဖြစ်နိုင်လျှင် ထပြီး အော်ပြောပစ်လိုက်ချင်သည်.။ ကြောက်စိတ်နှင့် သိမ်ငယ်စိတ်ကြောင့် မဆိုသာချေ..။ နှင်းငိုချင်လာသည်.။ ပတ်ဝန်းကျင် က ကျောင်းသား ကျောင်းသူတွေကတော့ အရှေ့က အာပေါင်အာရင်းသန်သန် နှင့်ပို့ချ ဟောပြောသည်ကို လိုက်ဖြေနေကြ သည် . ။ နှင်းကတော့ စိတ်ကျဉ်းကြပ်လာသည်.။ သူမဘာဆက်လုပ်ရမလဲ..။

            ဆက်လက်ပြီး စင်ပေါ်က အစ်ကိုကြီးက ပြည့်ဝဆီတွေစားသုံးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ သွေး တိုးရောဂါတွေ၊ နှလုံးရောဂါတွေဖြစ်ပွားနိုင်ကြောင်း..ပြောပြပြန်သည်.။

            “ ကဲ.. အခုဆိုရင် ညီလေးတို့.၊ ညီမလေးတို့ ပြည့်ဝဆီကို စားသုံးလို့ ဖြစ်လာမယ့် ကျန်းမာရေးထိခိုက်မှုတွေကို သိပြီဆိုတော့ နောက်ဆိုရင် အဲဒီလို ပြည့်ဝဆီနဲ့ ကြော်ထားတဲ့ မုန့်တွေ၊ အကြော်တွေ ကို စားဦးမှာလား..”

            “ မစားတော့ပါဘူး….”

            “ ညီလေးတို့ ၊ ညီမလေးတို့ အမေတွေ အဖေတွေကိုရော.။ အဲဒီလို ဆီတွေစားခိုင်းမှာလား.”

            “ မစားခိုင်းပါဘူး..”

            “ ဒါဆို အိမ်ရောက်တာနဲ့ ပြောပြရမယ်..။ အစ်ကို့ကို ကတိပေးမှာလား..”

            “ ပေးမှာပါ..”

            ဟောခန်းတစ်ခုလုံး တက်တက်ကြွကြွ သံပြိုင်အော်ဟစ်ကြသည်.။ အားလုံးရဲ့ မျက်လုံးလေးတွေက အမှန် တကယ် ပင် အိမ်မှာ မိဘများကို အသိပေးမည့် အရိပ်အယောင်တွေလင်းလက်နေသည်.။ နှင်းကတော့ လိုက်မအော်။ မည်သို့ မည်ပုံ အမေ့ကို ပြောရပါမည်နည်း.။

            နှင်းမျက်ရည်တွေကျလာသည်.။ သူလိမ်နေတာ.။ အမေ့လောက်စေတနာထားတာအမေပဲရှိတယ်.။ ဒီလူကြီးကို မယုံကြပါနဲ့.။ သူလိမ်နေတာ..။ ငါတို့စီးပွားရေးကို ပျက်စီးအောင်လုပ်နေတာ..။ ငါ့အမေကိုတောင် သူစွပ်စွဲတယ်..။ ငါ့အမေ လောက် ငါ့ဆိုင်မှာစားတဲ့သူတွေကို ကျန်းမာစေချင်တာ ငါ့အမေပဲရှိတယ်.။ သူ့ကို မယုံကြပါနဲ့…။

            ရင်ထဲမှာအော်ငိုမိသောစကားတွေ.. ။

   တားဆီးမရထွက်လာသော မျက်ရည်များကို..ထိန်းရင်း ဘယ်သူမှ မမြင်ခင် နှင်း ကျောင်းခန်းမထဲက ပြေးထွက်လာမိတော့ သည်.။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

            ဆွေးနွေးပွဲပြီးတော့ ကျောင်းက တိုက်သည့် အအေးနှင့် မုန့်ကိုစားပြီး ကျောင်းဝင်းအပြင်သို့ ထွက်လာကြသည်.။

      “ ခုနက မင်းပြောသွားတဲ့ သိပ်ကောင်းတာပဲကျော်သူရာ..၊ ကလေးတွေကို မျက်လုံးလေးအ၀ိုင်းသားလေးနဲ့. ငြိမ် နေတာပဲ ..”

            “ ကျော်သူက တော်ကီကောင်းတယ်နော်.. .”

ဘေးက သဉ္စာ တို့အုပ်စုက ရွဲ့သလိုလို အတည်လိုလိုပြောသွား သေးသည်.။

“ ငါ တော်ကီကောင်းတာမဟုတ်ပါဘူးကွာ.။ ကလေးတွေကအားတက်သရော လိုက်ဖြေကြတော့ တစ်ဖြည်းဖြည်း နဲ့ မာန်ပါသွားတာပါ..ဟဲဟဲ..”

ကျောင်းဝင်းအပြင်မှာ လာကြိုမည့်ဖယ်ရီကားကိုစောင့်နေရင်း ကျောင်းပြန်သည့်ကလေးများကိုငေးမောကြည့်နေ မိသည်.။ တစ်ချိန်က သူလည်းဒီလို ဖြူစင်တဲ့ဘ၀လေးက ရုန်းကန်ရင်း ကြီးပြင်းလာသည်ပဲ မဟုတ်လား.။

တွေးနေရင်းနှင့် ပင်..ဖယ်ရီကားလာသည်.။ ကျောင်းက ဆရာ၊ ဆရာမတွေကို နှုတ်ဆက်စကားဆိုပြီး  ကားပေါ်သို့စတက်ကြသည်.။ ကားပေါ်တက်ပြီးကားဘီးစလိမ့်တော့ ကားနောက်နားက ကျောင်းသူ မိန်းကလေး တစ် ယောက်က သူတို့ကားဆီ ဦးတည်ပြေးလာသည်.။ ကျော်သူရှိမည့် ညာဖက် အခြမ်းဖက်ကို  လက်ညှိုးထိုး၍ ပါးစပ်က “ “လူလိမ်ကြီး” လို့ စူးစူးဝါးဝါးအော်သည်.။ ကားပေါ်မှ ဆရာဝန် လောင်းတွေ ၀ိုင်းရယ်ကြသည်.။ မင်းကိုပြောတာနေမှာ.၊ နင့်ကို ပြောတာ နေမှာ.. လုပ်ရင်း အချင်းချင်း စနောက် နေကြသည်.။ ခုနက လှမ်းအော်သည့် ကျောင်းသူကလေးမ လေးကတော့ ခပ်ဝေး ဝေးမှာ ကျန်ခဲ့ပြီ..။ ကားပေါ်ကရယ်သံများကတော့ တစ်ချက်တစ်ချက် အကင်းမသေချင်သေး…။ ကျော်သူကတော့ သက်ပြင်းတစ်ချက် ချရင်းပြုံးလိုက်သည်.။ သူ ငယ်စဉ်ကလည်း ဒီလို ကြောင်တောင်တောင်အပြုအမူ တွေလုပ်ခဲ့ဖူးလိမ့်မည်ဟု တွေးမိလိုက်သေးသည်.။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

            ဂျပန်ပိတောက်ပင်တွေ စီတန်းပြီးပေါက်နေတဲ့ မြေနီလမ်း တစ်ခုပေါ်မှာ ကလေးမလေးတစ်ဦးနှင့် သူမ၏ မောင်ဖြစ်သူ မူလတန်းကလေးငယ်တစ်ဦး ရပ်နေသည်.။ ကလေးမလေး မျက်လုံးများက နီရဲ မို့မောက်လျက်..။

            “ မမ နင်ဘာလို့ ငိုထားတာလဲ. ငါ့ကိုပြောပြပါဆို.…”

            အငယ်ကောင်က မသင်္ကာသော အကြည့်နှင့်မေးသည်…။

            နှင်းပြောချင်စိတ်မရှိ…။

ကားပေါ်က အမေ့ကို စွပ်စွဲသည့်လူကြီးကို အော်လိုက်တော့သူ့ကိုပင် ၀ိုင်းရယ်ကြသည်ကိုလည်းစိတ်ထဲမှာ ပြန် မြင်နေသည်.။ ဒါပေမယ့် အဲဒီလူကြီးပြောစကားတွေ မှန်နေသည်ဆိုတာကို သူ့မသိစိတ်ကရော သိစိတ်ကပါ လက်ခံနေသည်.။ ဒါဆို အမေက သူပြောသလို ၀ိသမ လောဘသားလား..။ ဒါလည်း သူ့စိတ်ကလက်ခံလို့မရ.။ တွေးမိတဲ့ကိုယ့်ကိုယ်ကို စိတ်တိုသလိုဖြစ်မိနေသည်.။ လောလောဆယ်..သူဆန်မှုန့်အိတ်သွားသယ်ချင်စိတ်မရှိ..။ သူဘာ ဆက်လုပ်ရမည်ကိုလည်းသူ့စိတ်ထဲမှာမသိ..။ အမေ မနက်ကပြောသည့်..ငါတို့က သန့်သန့်ရှင်းရှင်းအကြော်ရောင်းနေတာ၊ ရောဂါရောင်းနေတာ မဟုတ်ဘူးဆိုသည့် စကားလေးကလည်း နားထဲက ခုထိ မထွက်..။ နှင်းမျက်ဝန်းမှာတော့ မျက်ရည် တွေကျလျက်…။ အမေ့ကိုတားဆီးရမည်ဟု ကတိမပေးထားသော်လည်း နှင်း အမေ့ကို ပြောရမည်ကိုသိနေသည်.။ သို့သော် ဘယ်လိုပြောရမလဲ မစဉ်းစားတတ်...။ နှင်းသိလိုက်တာက နှင်းတို့ အိမ်နဲ့ နှင်းတို့ မိသားစုရဲ့ အနာဂါတ်တွေက.. ခုနက လူလိမ်ကြီး စီးသွားသော ကားဘီးရာတွေနောက်မှာ ပါသွားပြီ…။


                                                                                                                        မိုးသက်ဦးလွင်



 

My Blog List

အမေ့ရဲ့ ဒုက္ခအိုးလေး

နေရစ်တော့ကွယ် သွားတော့မယ်...