Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, February 6, 2016

ကျွန်တော့်သော့ခလောက်ကလေး


ကျွန်တော့်အခန်းကို သော့ဖွင့်လိုက်သည်..။ ပွင့်မသွားသောကြောင့် စိတ်မကျေနပ်စွာဖြင့်... ပုံစံတူ တွဲထားသည့် အခြားသော့တစ်ချောင်းဖြင့်ဖွင့်လိုက်သည်.။ ချောက်ကနဲ အသံမြည်၍ ပွင့်သွားမှ ကျွန်တော် ကျေနပ်စွာပြုံးလိုက်မိသည်...။ ရိပ်သာတွင် အခန်းတစ်ခန်းရလျှင်ရချင်း ရိပ်သာတာဝန်ခံထံမှ လက်ခံရရှိသော ကျွန်တော့်အခန်းသော့တွဲလေးမှာ သော့ချိတ်မပါပါ.။ ပုံစံတူ သော့ကလေး နှစ်ချောင်း ပါပြီး တစ်ချောင်းက အခန်းသော့ဖြစ်ပြီး တစ်ချောင်းက ဘယ်ကမှန်း မသိသော သော့တစ်ချောင်းဖြစ်ပါသည်။ ပုံစံတူနေသဖြင့် ခွဲမရ..။ ကျွန်တော်ကလည်း ခွဲထုတ်ထားဖို့မစဉ်းစား.။ စဉ်းစားပြီး မလုပ်ဖြစ်သော အလုပ်တစ်ခုဖြစ်ပြီး ကျွန်တော်၏ "ဆောင်ရွက်ရန်ကျန်" စာရင်းထဲမှာလည်း မပါသောအလုပ် တစ်ခုဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း ဟုတ်တိပတ်တိ ဆောင်ရွက်ရန် အလုပ်တစ်ခုအဖြစ် စိတ်လည်းမဝင်စား။ သော့မှားဖွင့်မိလျှင်ပင် ၃ စက္ကန့်လောက်သာ နောက်ကျသွားနိုင်သည့် အလုပ်မို့လည်း စိတ်ထဲမှာ မယ်မယ်ရရမရှိ။ စဉ်းစား ထားသည်သာရှိပြီး အခြားပေါ်လာသော အလုပ်တစ်ခုတွေကြားမှာ ထိုအတွေးလေးက ညပ်ညပ် ပါသွားတတ်သည်။ ထို့ကြောင့်ပင် ကျွန်တော့်အနေဖြင့် ထိုအပိုသော့ကလေးတစ်ချောင်းကို ဖြုတ်ထားရန်မေ့လျော့နေတတ်သည့် အားလျော်စွာ တစ်ခါတစ်ရံ ထိုသော့ပိုကလေးက ကျွန်တော့်စိတ်ကို အနှောက်အယှက်ဖြစ်စေသော အရာတစ်ခုဖြစ်နေတတ်သည်.။ အလုပ်ရှုပ်သော ဦးစီးအရာရှိတစ်ဦးပီပီ ထိုသို့ဖြစ်သော အချိန်တွင်သာ စိတ်ရှုပ်သွားပြီး သော့ပြောင်း၍ ဖွင့်ပြီးပါက လှည့်၍ပင် မကြည့်တော့ဘဲ သော့ခလောက်ကို ပြတင်းတံခါးဘောင်ပေါ်တင်ကာ ယူနီဖောင်းကို အလျင်အမြန် ချွတ်မိစမြဲဖြစ်၏။  အခန်းသို့ ပြန်ရောက်တိုင်း ကျွန်တော် ကံကောင်းလျှင် သော့ကိုတစ်ခါဖွင့်ရ၍ ကံမကောင်းသောနေ့များ တွင် နှစ်ခါဖွင့်ရသည်။ သို့နှင့်ပင် ရက်သတ္တပတ် များစွာကြာမြင့်လာခဲ့သည်။ ကျွန်တော်ကတော့ နေ့စဉ်နေ့တိုင်း သော့ကလေး နှစ်ချောင်းနှင့် ကံစမ်းမဲနှိုက်နေတုန်းသာ...။

--------------------------------------------------------------

ကျွန်တော့်မှာ ရည်းစားတစ်ယောက်ရှိသည်။ ဆယ်ကျော်သက်မဟုတ်သော ကျွန်တော်တို့နှစ်ဦး၏ အချစ်ရေးခရီး မှာ ထင်သလောက် မဖြောင့်တန်းခဲ့..။ ၈ မိုင် Junction 8 က J Donuts ဆိုင်မှာ သူမနှင့် စတင်ဆုံစည်း ခဲ့ရသည်။ သူမသည်လည်း ကျွန်တော့်ထက် တည်ငြိမ်ရင့်ကျတ်သူဟုခံစားမိသူပီပီ ကျွန်တော်တို့ ချစ်သူဘဝကား လူငယ်စုံတွဲများ လောက် ရင်ခုန်တိမ်းမူးစဖွယ်မကောင်း..။ ကျွန်တော့်ထက် လပိုင်းမျှကြီးသော သူမက ကျွန်တော့်ကို "မောင်" ဟု ခေါ်သည်..။ အခြေအနေများကြောင့် နေရာဒေသဝေးကွာသော သူမနှင့် ကျွန်တော်တို့ အတွက် တယ်လီဖုန်း နှင့် အင်တာနက်ကွန်ယက်ကသာ အများဆုံးဆက်သွယ်ဖြစ်ခဲ့ကြသည်..။

            ကျွန်တော့်အလုပ်ကနေပြည်တော်မှာ..။ သူမက ရန်ကုန်မှာဖြစ်သည်။ ကျွန်တော်က ရုံးအလုပ်ဖြင့်မကြာခဏ ရန်ကုန်သို့မကြာခဏလာရသည်။ ထိုအချိန်များသည်ကား ကျွန်တော့်အတွက် ပျော်ရွှင်မှုအတိပြီးသောအချိန်ဖြစ်သည်.။ အလုပ်ကို စောနိုင်သမျှစောအောင် အားထည့်၍လုပ်ပြီး အချိန်အပိုအလျှံကလေးများရှိလေတိုင်း သူမနှင့်တွေ့ဆုံဖြစ်သည်။ သူမနှင့်အတူရှိသောစက္ကန့်တိုင်းက ကျွန်တော့်အတွက် ရွှေအတိပြီးသော စက္ကန့်များပင်ဖြစ်လေသည်။

            “ချစ် …မောင်မနက်ဖြန် ရန်ကုန်လာရဦးမယ်…”

            “ဟုတ်လားမောင်.. မနက်ဖြန် ချစ်အလုပ်နားတယ်.. သီချင်းသွားဆိုရအောင်လေ…”

            သူမနှင့် ကျွန်တော် ရွှေတိဂုံဘုရားခြေရင်းက M3 မှာ သီချင်းမကြာခဏသွားဆိုဖြစ်သည်။ ကျွန်တော့်ဘဝလက်တွဲ ဖော်အဖြစ်ရည်ရွယ်ထားသော သူမက ကျွန်တော့်ရင်ထံမှ စံချိန်စံညွှန်းများဖြင့်ကိုက်ညီသူဖြစ်သည်.။ ငွေကြေးဥစ္စာကို ရှေ့တန်းမတင်သော ကျွန်တော့်ဘဝတွင် ကျွန်တော်နှင့် ဝါသနာတူညီသူ၊ အနုပညာကို ခံစားနိုင်သူ အဖြစ် ကျွန်တော် သူမ လို ချစ်သူတစ်ယောက် ကျွန်တော့်ဘေးမှာရှိနေခဲ့ခြင်းအတွက် အမြဲတမ်းကျေနပ်နှစ်သိမ့်နေခဲ့သည်.။ သို့သော် သူမဆီမှာ ကျွန်တော်မကြိုက်သောအချက်တစ်ခုက ကျွန်တော့်အပေါ်ထားရှိသော လျှို့ဝှက်ချက်များရှိနေခြင်းပင်ဖြစ်သည်။

            လူနှစ်ဦးပေါင်းသင်းဆက်ဆံရာတွင် တစ်ယောက်နှင့်တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက်မထားရှိခြင်းသည် လူနှစ်ယောက်၏ စိတ်နှလုံးကို ပိုမိုနီးကပ်စေသည့်သဘောရှိသည်။ လျှို့ဝှက်ချက်ထားရှိခြင်း၊ ထိုလျှို့ဝှက်ချက်ကို မသိရခြင်းသည်ကမူ သံသယများဖြစ်ပေါ်စေတတ်သည်မှာလည်း အမှန်ပင် ဖြစ်သည်။ ကျွန်တော့်အပေါ်ထားရှိသော သူမ၏လျှို့ဝှက်ချက်များကို သူမ ဘာတစ်ခုမှ ဖွင့်ဟပြောဆိုခြင်းမရှိခဲ့။ ကျွန်တော်က လည်း မမေးမြန်းခဲ့။ သူမကလည်း ထုတ်ဖော်လိုသည့် ဆန္ဒရှိဟန်မတူချေ..။ ကျွန်တော့်အားနည်းချက်က ပိပိရိရိလိမ်ညာရန်ဆန္ဒမရှိ။ ဖုံးကွယ်ထားသောကိစ္စများရှိလျှင်ပင် တည့်တည့်မေးမြန်းလာပါက အမှန်အတိုင်း ထုတ်ဖော် ပြောတတ်သည့် အကျင့်ရှိသည်။

            ကျွန်တော်က ကျွန်တော့်ဘဝနှင့်ပတ်သတ်၍ သူမအပေါ်ဘာတစ်ခုမှ လျှို့ဝှက်မထားခဲ့။ ကျွန်တော်မိဘအလုပ် အကိုင်၊ ကျွန်တော့်အလုပ်နှင့်ရာထူး၊ နေရပ်လိပ်စာ၊ မည်သည့်အလုပ်လုပ်ရသည်ဆိုသည်ကအစ သူမကို အကုန်ပြောပြထားခဲ့သည်။ ယုတ်စွအဆုံး ရည်းစားဟောင်းများ၏ နာမည်၊ ယခုအဆက်အဆံရှိသည် မရှိသည်ကအစ သူမကို အားလုံးအသိပေးထားသည်..။ ထိုသို့ ပွင့်လင်းမှုအပေါ်လည်း ကျွန်တော်က မိမိအချစ်အတွက် လိပ်ပြာသန့် နေခဲ့သည်။

            သူမကတော့ ကျွန်တော်နှင့်ပြောင်းပြန်..။ သူမ၏ နေရပ်လိပ်စာကို ထုတ်ဖော်မပြော။ သူမ၏ မိခင်ကို ဓာတ်ပုံတွင်း မှာသာ မြင်ဖူးသော်လည်း နာမည်မည်သို့ခေါ်သည်ပင် ကျွန်တော်က မမေးမြန်းခဲ့။ သူမရည်းစားဟောင်းများနှင့်ပတ်သတ်၍ လည်း ကျွန်တော်က စိတ်ဝင်တစားမရှိ..။ မိန်းကလေးတစ်ယောက်ကို ချစ်မြတ်နိုးသောသူအဖို့ အတိတ်ထက် အနာဂါတ်ကို ပိုမိုစဉ်းစားခြင်းက အဖြေဟုထင်မှတ်ထားခဲ့သည်။

ကျွန်တော် သူမကို ယုံကြည်ခဲ့ပါသည်…။

            တစ်ခေါက်က ကျွန်တော် ပဲခူးဖက်က ရုံးကို အလုပ်ကိစ္စတစ်ခုဖြင့်လာရသည်.။ အပြန်တွင် အချိန် ၁ ရက်ခန့် ပိုနေသည်နှင့် ရန်ကုန်သို့တက်လာခဲ့သည်..။ နယ်မှဖြစ်သော ကျွန်တော့်အဖို့ ရန်ကုန်ကို မကျွမ်းကျင်သည့်အားလျော်စွာ ရန်ကုန်-ပဲခူးကားမှ တောင်-မြောက်ဒဂုံလမ်းဆုံတွင်ဆင်းနေရစ်ခဲ့သည်…။ ထို့နောက် ကျွန်တော်သူမကို ဖုန်းခေါ်သည်။

            “ချစ်ရေ.. မောင်တော့ ရန်ကုန်ရောက်နေပြီ..”

            “ဟုတ်လားမောင်.. ခုဘယ်မှာလဲ…”

            “မောင်အခု တောင်-မြောက်လမ်းဆုံမှာ..။ ချစ်ရော ဘယ်မှာလဲ အိမ်မှာပဲလား…”

            “မဟုတ်ဘူးမောင်.. ကန်ဘောင်မှာ သူငယ်ချင်းတွေနဲ့ရောက်နေတာ.. မောင်လာခဲ့အခု…”

            “အာ .. မောင်လာလို့မရဘူးချစ်ရ..။ အထုပ်အပိုးတွေကို ရန်ကုန်ရုံးမှာ သွားထားပြီးမှ လာလို့ရမှာလေ…”

            “မရဘူး…နင်နော် အခုလာခဲ့.. ငါနောက် တစ်နာရီလောက်ဆိုရင် ပြန်မှာ နင်မလာရင် နင်နဲ့ငါအပြတ်ပဲ…”

            သူမဘာကြောင့်ခုလို နွဲ့ဆိုးဆိုးသလဲတော့ ကျွန်တော်မသိ။ ဘာကြောင့်ဒီလိုရစ်ရသလဲ မတွေးတတ်။ နားမလည် ရန်ကောဟုလည်းအပြစ်မဆိုလိုသည့်အတွက် အထုပ်အပိုးများကို အုတ်ကျင်းရှိ အသိတစ်ယောက်အိမ်တွင်ထားခဲ့ပြီး ကန်ဘောင်သို့ အပြေးအလွှားရောက်ခဲ့သည်။ အင်းယားကန်ဘောင်ကိုရောက်တော့ သူမဆီဖုန်းခေါ်သည်။

            “ချစ်.. မောင်အခု ဈေးဆိုင်တန်းတွေဖက်လာနေတယ်.. ချစ်ဘယ်နားမှာလဲ…”

            “သြော် ရောက်ပြီလား..ခဏ …”

            သူမ ဝိုင်းမှထ၍ ဖုန်းထဆက်သည်ဟု နားလည်လိုက်သည်။ စက္ကန့် ၂၀ လောက်ကြာမှ …

            “မောင် ချစ်ထွက်လာခဲ့မယ်..။ မောင်ဝင်မလာနဲ့နော်.. ဒီမှာ စီနီယာတွေပါလို့ မကောင်းဘူးလေ…နော်.. အဲဒီနား ကပဲ စောင့် ချစ်အခုထွက်လာနေပြီ…”

            သူမရောက်လာတော့ သူမနှင့် ကန်ဘောင်ပေါ်က မြက်ခင်းပြင်ပေါ်မှာထိုင်၍ စကားပြောကြသည်။ သူမနှုတ်ခမ်းမှ ထူးထူးခြားခြားရနံ့တစ်မျိုးရသည်။ ဘာရနံ့လည်းဆိုတာတော့ မဝေခွဲမိ..။ သူမက ကျွန်တော့်ပခုံးပေါ်မှာ မှီနွဲ့နေသည်။

            ငါးမိနစ်လောက်ကြာတော့ သူမက စကားစဖြတ်သည်..။

            “စီနီယာတွေစောင့်နေတယ်.. ချစ်ပြန်တော့မယ်နော်….”

            လူတွေရှုပ်နေသည့်ကြားမှ သူမက ကျွန်တော့်ပါးကိုလှစ်ကနဲ နမ်းသည်..။

            “လာ မောင် ချစ်အောက်လိုက်ပို့ပေးမယ်…”

            “ရတယ်ချစ်.. မောင့်ဖာသာကားတားစီးသွားလိုက်ပါ့မယ်… ချစ်မလိုက်နဲ့တော့နော်…”

            “ဟုတ်ကဲ့မောင်… ညကျရင် ဖုန်းဆက်လိုက်နော်… တာ့တာ”

            သူမက နှုတ်ဆက်ပြီး ဈေးဆိုင်တန်းတွေဖက် ပြန်ထွက်သွားသည်။ အင်းယားကန်ဘောင်လှေကားထစ်တွေကနေ ပြည်လမ်းမဖက်ဆင်းလာခဲ့ပြီး သူမဖက်ကို အမှတ်မထင်ပြန်လှည့်ကြည့်တော့ သူမ၏ ကျောပြင်ကို မြင်နေရတုန်းဖြစ်သည်။ ပြန်တက်သွားရင်ကောင်းမလားဟုတွေးမိလိုက်ပြီးမှ ဆုံးဖြတ်ချက်ကို ပြင်လိုက်သည်။ တက္ကစီတစ်စီးလာရပ်သည်နှင့် ကားပေါ်တက်ပြီး အသိအိမ်ဖက်ပြန်မောင်းခိုင်းလိုက်သည်။ အရက်၊ ယမကာ မသောက်သုံးသည်မှာ ကြာမြင့်လှပြီဖြစ်သော် လည်း သူမနှုတ်ခမ်းက ခပ်သင်းသင်းရနေသော ရနံ့က Spy Wine ရနံ့ကလေးဆိုတာကိုတော့ သတိရဖြစ်အောင် ရလိုက်သေးသည်။ သူက ဘာကြောင့်သောက်သလဲ၊ ဘယ်သူနဲ့သောက်သလဲဆိုတာ မစဉ်းစားမိ..။ ကျန်ရစ်ခဲ့သော ကန်ဘောင်ဖက်ကို ပြန်ငေးကြည့်တော့ အရိပ်အယောင်ပင်မမြင်ရတော့…။ ခုဆို သူမ စီနီယာတွေနဲ့ ပြန်တွေ့နေမှာပဲ..။

            ကျွန်တော်သူမကို အမှန်တကယ်ပင် ယုံကြည်ခဲ့ပါသည်။

------------------------------------------------------------

            ဒီတစ်ခါရန်ကုန်ခရီးစဉ်ကတော့ ကျွန်တော့်အတွက် အတော်စိတ်ကျေနပ်စရာကောင်းသည်။ အလုပ်ကို ဖိဖိစီးစီး လုပ်လျှင် လေးငါးရက်ဖြင့် ပြတ်နိုင်သောအလုပ်ကို ၁၁ ရက်အချိန်ပေး၍ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ တကယ့်တကယ်လည်း လေးရက်မြောက်နေ့တွင် အလုပ်ပြီးစီးလုနီးပါးဖြစ်သွားသည်။ သူမနှင့်တော့ တစ်ရက်မှ မတွေ့ရသေး။ နောက်ဆုံးအလုပ်ဖြတ်ဖို့ သီလဝါကို ရန်ကုန်ရုံးက အုပ်ချုပ်သူနှင့်လိုက်သွားရမည့်အချိန်တွင် သူမက ကျွန်တော့်ကို ချိန်းဆိုသည်။ ကျွန်တော်က အခြေအနေအကြောင်းစုံကိုပြောပြ၍ နောက်ရက်မှ တွေ့ဆုံရန်ချိန်းဆိုတော့ သူမက မအားလပ်ကြောင်းဆိုသည်။

            သူမစိတ်ကောက်သွားကြောင်း ကျွန်တော်သိလိုက်ပါသည်။

            နောက်ရက်တွေမှာ ကျွန်တော်ဖုန်းဆက်တော့ သူမက အကြောင်းမျိုးစုံပြကာ အတွေ့မခံ။ သည်လိုနှင့်ပင် ၁ဝ ရက်မြောက်နေ့မှာ ကျွန်တော်သူ့ဆီအကြောင်းဆိုရတော့သည်။

            “ချစ်ရေ.. မနက်ဖြန် Off day ဆိုရင် မောင်နဲ့တွေ့ရအောင်…”

            “ငါမအားဘူး.။ မနက်ဖြန် စီနီယာတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ်…”

            ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားသည်။ သူမစိတ်ဆိုးလျှင် နင်နဲ့ငါနဲ့ ပြောတတ်သည်ကမထူးဆန်း။ ထူးဆန်းသည်က ရုပ်ရှင်က ကျွန်တော့်ထက် အရေးကြီးပါသလား..။ သူ့ရုံးကစီနီယာများကရော ချစ်သူရည်းစားမရှိကြဘူးလား.။ ဒီလောက် ကလေးတောင် ပြောခွင့်မရဘူးလား..။

            “ချစ်ရာ မောင်က မနက်ဖြန်ဆို ပြန်တော့မှာလေ..။ ချစ်နဲ့ တစ်ခါမှ မတွေ့ရသေးဘူး..”

            “ငါချိန်းသားပဲ.. နင်မအားတာလေ..။ အေး.. ဒီမှာ ငါအလုပ်ရှုပ်နေတယ်.. နောက်မှ ပြန်ဆက်လိုက်မယ်…”

            ပြန်မဆက်မှာမှန်းသိပါလျက်နှင့် ကျွန်တော် မည်သို့မျှမဆိုသာခဲ့။ သူမ ဟိုတစ်နေ့က ကိစ္စအတွက် ကျွန်တော့်ကို စိတ်ဆိုး နေသည်မှာသေချာသည်။ ထိုမျှလောက်စိတ်မဆိုးသင့်ဘူးဟုတော့ ထင်မိသည်။

            ညရောက်တော့ ကျွန်တော်သူမကို ဖုန်းဆက်၍ တောင်းပန်ရသည်။ အချိန်တော်တော်ကြာကြာ တောင်းပန်မှ သူမက မနက်ဖြန်နေ့ခင်းပိုင်းတွေ့ရန်သဘောတူလိုက်သည်..။

            ၈ မိုင်က YKKO မှာ ကျွန်တော်တို့ နေ့လည်စာစားကြသည်။ နေ့လည်စာစားရင်းပင် ကျွန်တော့်ထံဖုန်းဝင်လာ သည်။ ရန်ကုန်ရုံးမှာ အစ်ကိုတစ်ဦးမို့ ကျွန်တော်ဖုန်းကိုင်လိုက်သည်။ စားပွဲမှထ၍ ဖုန်းခဏထပြောပြီး ပြန်ထိုင်သည်။

            “ဘယ်ကဖုန်းလဲ…”

            “ကိုမြတ်ယုဆီကပါ..။ မောင်တို့ ရုံးက..။ ရန်ကုန်ကလူကြီးက ညနေ ၇ နာရီ Meeting တက်ဖို့ လှမ်းပြောခိုင်းလို့ တဲ့…”

            “ငါ့ကို ဖုန်းပေး..”

            သူမက ကျွန်တော့်ဖုန်းကို လှမ်းယူလိုက်ပြီး Call Log တွေထဲ ဝင်ရှာသည်။ ဖုန်း Call list ထဲမှာ သူမသဘောမကျ သောအမျိုးသမီးတစ်ဦး၏ အမည်ကိုတွေ့သွားသည်။ သူမပြုံးလိုက်သည်။

            ကျွန်တော့်မှာ မိတ်ဆွေရင်းကဲ့သို့ခင်မင်ရင်းနှီးသော အနုပညာနယ်ပယ်မှ အမျိုးသမီးများ၊ မောင်နှမကဲ့သို့ချစ်ခင် သောမိန်းကလေးများရှိသည်။ အချို့သူများကို သူမက မနှစ်သက်။ ကျွန်တော်ကလည်း အကြောင်းမရှိဘဲ.. ထိုသူများနှင့် အဆက်အသွယ်ဖြတ်ဖို့ မစဉ်းစားထား။ သူမကိုလိမ်သည်မဟုတ်သော်လည်း ဖုံးကွယ်ထားခဲ့သည်။ ရန်ကုန်ရောက်တိုင်း လည်း ထိုသူများနှင့်သွားမတွေ့ဖြစ်.။ မိမိအလုပ်ကိစ္စဖြင့်ရောက်နေကြောင်းသာ လှမ်းအသိပေးပြီး သွားမတွေ့ဖြစ်သည်က များသည်။ ထိုသို့အသိပေးထားသော ဖုန်းတစ်လုံးကို သူမတွေ့သွားခြင်းဖြစ်သည်။ သေချာသည်က သူမ၏ အပြုံးက ရင်ခုန်ညွတ်နူးဖွယ်ချစ်သူတစ်ယောက်၏ အပြုံးမဟုတ်သည်ကားသေချာလှသည်…။ ထိုအပြုံးကား အောင်နိုင်သူတို့၏ အပြုံး၊ ကျေနပ်သူတို့၏ ခပ်ထေ့ထေ့အပြုံးမျိုးပင်ဖြစ်သည်..။

            ထို့နေက အဲဒီကိစ္စအပြီး သူမကျွန်တော့်ကို စကားမပြောတော့..။ လမ်းခွဲပြီးပြန်သွားသည်..။ ကျွန်တော် နေပြည်တော်ပြန် ရောက်ပြီး ၂ လလောက်အကြာမှာ သူမ နေပြည်တော်ရောက်လာသည်..။ မည်သူနှင့် တွေ့ဆုံသည်၊ မည်သည့်ကိစ္စနှင့်တွေ့ဆုံသည် ဆိုသည်ကိုကား ကျွန်တော်မသိရ.။ ကျွန်တော့်ကိုလည်း အသိမပေး.။ သူမနှင့်လည်း ရန်ကုန်မှာနောက်ဆုံးတွေ့ပြီးကတည်းက သူမဘက်မှ တစ်ဖက်သတ် အဆက်အသွယ်ဖြတ်နေခဲ့သည်.။ ကျွန်တော့် ကိုလည်း ဖုန်းမဆက်..။ ကျွန်တော့်ဖုန်းကိုလည်း မကိုင်တော့.။ အသိတစ်ယောက်၏ သတင်းပေးချက်အရ သူမ ရန်ကုန် ပြန်မည့် ညနေစောင်းက ကျွန်တော်သူမနှင့်တွေ့ဆုံရန် ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် သူမတို့ကားကို စောင့်နေခဲ့သည်…။ သို့သော် သူမပေါ်မလာခဲ့..။ စင်စစ်သူမသည် ကျွန်တော့်အား လှည့်စား၍ နောက်ရက်မနက်မှသာ ရန်ကုန်သို့ ပြန်သွားခြင်းဖြစ်ကြောင်း ကျွန်တော်နောက်မှ သိခဲ့ရသည်။

            ထိုအချိန်များက ကျွန်တော် ရူးမတတ်ဖြစ်ခဲ့သည်..။ ရူးခဲ့သည်ပေါ့…။ ထပ်မံဆက်သွယ်ဖို့ ကြိုးစားတော့လည်း အဆက်အသွယ်မရတော့..။ နှစ်ဦးစလုံးနှင့်ခင်မင်သည့် မိတ်ဆွေများက ကျွန်တော့်ကိုတားလာကြသည်..။

            “ဆက်မကြိုးစားနဲ့တော့အစ်ကို.. သူက အစ်ကိုနဲ့ ပြတ်ပြီးကတည်းက များလှပြီ…။ ကျွန်တော် အများကြီး မပြောချင်ဘူး…”

            “များလှပြီ” ဆိုသော အဓိပ္ပာယ်ကို ကျွန်တော်ပြည့်ပြည့်ဝဝပင်နားလည်လိုက်ပါသည်…။ ကျွန်တော်ကတော့ ကျွန်တော်နှင့် တက္ကသိုလ်ကျောင်းသားဘဝက အတူတူတက်ခဲ့သည့် ညီငယ်တစ်ဦးနှင့် သူမတို့၏ ဇာတ်လမ်းကို တိတိကျကျ သိရသည့်အချိန်မတိုင်ခင်အထိ..သူမကို စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ယုံကြည်ကိုးစားခဲ့ပါသည်…။ သို့သော်…။

----------------------------------------------------------------------------------

ကျွန်တော် အခန်းသော့ကို ဖွင့်လိုက်သည်..။ ချောက်ကနဲ မြည်ကာ ပွင့်သွားသည်..။ ကျွန်တော် ပြုံးလိုက်သည်.။ ကျွန်တော် ကံကောင်းသည်ဟု တွေးလိုက်မိခြင်းမဟုတ်..။ သည်သော့ခလောက်လေးဟာ သော့နှစ်ချောင်းစလုံးနှင့် ပွင့်နေတာ တစ်လလောက်ရှိပြီဖြစ်သည်။ သည်သော့ခလောက်လေးဟာ ဤသော့နှစ်ချောင်းသာမက သည်သော့တံပုံစံမျိုးစုံနှင့် ဖွင့်တိုင်းပွင့် နေသည်ကိုလည်း ကျွန်တော်သိသည်..။ သို့သော် ကျွန်တော်ဖွင့်မကြည့်..။ သည်သော့ကလေး ပျက်နေသည် ဆိုသည် ကတော့ ပြောရန်မလိုတော့..။ သည်သော့ကိုလဲပစ်ရမည်ဟုတော့ တွေးထားသည်။ သို့သော် အကောင်အထည် မဖော် ဖြစ်သေး။ ထုံးစံအတိုင်း အလုပ်ရှုပ်နေတတ်သူမို့ အခြားအရေးကြီးကိစ္စများကရှိနေသေးသည်.။ သော့ခလောက် ကလေး ပွင့်သွားသည့် ချောက်ကနဲ အသံကလေးကို ကြားတိုင်း ကျွန်တော့်နားထဲမှာ မကြားခဲ့ရသည်မှာ တစ်နှစ်ကျော် နေပြီဖြစ်သော  "မောင်" ဟုသာ ကြား နေမိတော့သည်။



~မိုးသက်ဦးလွင်~

(၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ Closer မဂ္ဂဇင်း)





ရေးသားသူ : မိုးသက် // 7:59 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List