Monday, December 29, 2025

"ဒေါသထွက်နေသောလူအုပ်ကြီး ယဉ်ကျေးမှု" (Angry mobs Culture)

photo: Shutterstock

 

စိတ်ခံစားချက်တွေဟာ ကူးစက်တတ်တဲ့ အလေ့အထရှိပါတယ်။ ဥပမာ ခင်ဗျားဟာ လမ်းလျှောက်နေရင်း ပျော်ပျော်ပါးပါး ရယ်မောနေတဲ့ မိသားစုတစ်ခုကို မြင်လိုက်ရပြီဆိုပါစို့။ ခင်ဗျားစိတ်ထဲမှာ ပျော်သလို ကြည်နူးတဲ့ စိတ်ကိုခံစားသွားရလေ့ရှိတယ်။ 

အဲ့ဒီလိုပဲ ဟက်ဟက်ပက်ပက်ရယ်တဲ့ အသံတွေကို ကြားရရင်လည်း ခင်ဗျားက ရယ်ချင်စိတ်ပေါက်လာ၊ အူယားလာပြီး ရယ်မိပြန်ရော။ On the other hand, ခင်ဗျားဟာ နေရာတကာ ညည်းညူနေတဲ့လူတွေ၊ အလကားနေအလကား ဆဲဆိုနေတဲ့လူတွေ၊ ပူပန်စရာတွေပဲ ပြောနေတဲ့လူတွေနဲ့ နီးကပ်မိတဲ့အခါမျိုးမှာ ခင်ဗျားဟာ သူတို့ဆီက ခံစားချက်တွေကို ကိုယ်တိုင် ခံစားရသလို ဖြစ်လာတတ်တယ်။ အဲ့ဒါကို Social Psychology မှာ Emotional Contagion လို့ခေါ်ပါတယ်။ 

အဲ့ဒါက ဘာလို့ဖြစ်ရတာလဲ ဆိုရင်တော့ ခင်ဗျားရဲ့ ဦးနှောက်ထဲမှာ Mirror Neurons လို့ခေါ်တဲ့ တုံ့ပြန်မှုအာရုံကြောလေးတွေက အခြားလူတစ်ယောက်ရဲ့ ခံစားချက်ကို စဉ်းစားသုံးသပ်နေရင်းနဲ့ မိမိဦးနှောက်မှာ အဲ့ဒီခံစားချက်ကို Relate လုပ်လိုက်တဲ့ သဘောမျိုးပါ။ တကယ်လို ခင်ဗျားက အဲ့ဒီလူနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိတယ်ဆိုရင် ပိုလို့တောင် ဖြစ်လွယ်ပါသတဲ့။ 

ဒါက လူအနည်းငယ်သို့မဟုတ် တစ်ယောက်ချင်းစီက ကူးစက်တာ ဖြစ်သလို၊ လူအုပ်ကြီးထဲက တစ်ယောက်ဖြစ်သွားတဲ့အခါမျိုးမှာလည်း ကိုယ်ပိုင်ခံစားချက်ကို ဦးနှောက်က မေ့ပစ်လိုက်ပြီး အဲ့ဒီလူအုပ်ကြီးရဲ့ခံစားချက်ကို ကိုယ့်ရဲ့ စိတ်က ဝင်ခံစားပစ်လိုက်တာမျိုးလည်းရှိပါတယ်.။ 

အဲ့ဒါကို Mob mentality လို့ ခေါ်ပါတယ်။

ခင်ဗျားကြုံဖူးမလားမသိဘူး။ Facebook ပေါ်မှာ လူတစ်ယောက်က အချိုးမပြေတာတစ်ခုခု ပြောလိုက်ပြီ၊ လူတွေသိပ်မကြိုက်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်ပြီ၊ ရေးလိုက်ပြီ ဆိုပါစို့။ ခင်ဗျားအကောင့်ထဲကလူတွေ၊ အသိတွေ၊ ခင်ဗျား Follow ထားတဲ့ Internet Celebrity တွေက အဲ့ဒီလူပို့စ်ကို အုံနဲ့ကျင်းနဲ့ ဆွမ်းကြီးလောင်း သွားဆဲတဲ့အခါ ခင်ဗျားစိတ်ထဲမှာလည်း "အိုကေ ငါလည်း သွားဆဲရမယ်" ဆိုတဲ့ စိတ်မျိုးဖြစ်ဖူးပါသလား? ဖြစ်ဖူးတယ်ဆိုရင် အဲ့ဒါကို Mob mentality လို့‌ ခေါ်ပါတယ်။

Mob mentality ကို Herd Mentality လို့လည်းခေါ်ပါတယ်။ တိုတိုနဲ့ လိုရင်းပြောရရင်တော့ Mob mentality ဆိုတာက ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးအမြင်၊ ကိုယ်ပိုင်သဘောထား၊ ကိုယ်ပိုင်ခံယူချက်တွေ ပျောက်ဆုံးသွားပြီး လူအုပ်ကြီးရဲ့ လုပ်ဆောင်ချက်အတိုင်း၊ သဘောထားအတိုင်း၊ ခံယူချက်အတိုင်း လိုက်ပါ လုပ်ဆောင်သွားတာကို ခေါ်တာပါ။ 

Mob mentality ဘာလို့ ဖြစ်ရသလဲဆိုရင်တော့- 

  • လူအုပ်ကြီးထဲပါနေရတဲ့အခါ ကိုယ့်ကိုယ်ကို ငါ့မှာအုပ်စုရှိတယ်ဆိုတဲ့ စိတ်ဖြစ်ပေါ်လာတယ် (Deindividuation)
  • ကိုယ့်အမည်ဖော်ပြထားစရာမလို၊ ကိုယ့်တာဝန်ကိုယ်ခံစရာမလိုဘူး (Anonymity)
  • ဟိုလူတောင်လုပ်နေပြီ ငါလည်း လုပ်မှရမယ်ဆိုတဲ့ ပတ်ဝန်းကျင်ဖိအား (Peer pressure (Group influence) )
  • ကိုယ်တိုင်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်စွမ်း နည်းလွန်းတာ Lack of Critical Thinking တွေကြောင့်ဖြစ်လာရတယ်။ 

Mob mentality ဖြစ်တဲ့အခါမှာ အဲ့ဒီလူအုပ်ကြီးက ဘာတွေဖြစ်လာသလဲဆိုရင် - 

  1. တာဝန်မဲ့အပြုအမူတွေလုပ်လာတယ်
  2. အကြမ်းဖက်မှုတွေလုပ်လာတတ်တယ်။ 
  3. မတော်တဆဖြစ်ရပ်တွေလည်း ဖြစ်တတ်တယ်
  4. တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ဘာလုပ်လို့ လုပ်မိမှန်းမသိတာတွေတောင် ဖြစ်လာတတ်တယ်။ 

Mob mentality မဖြစ်အောင် ဘာလုပ်ရမလဲ?

  • လူအုပ်ကြီးထဲက တစ်ယောက်ဖြစ်နေရင်တောင် ကိုယ်ပိုင်အတွေးကို မေ့မသွားပါနဲ့။ 
  • လူအုပ်ကြီးထဲက နာမည်ကျော်လူတွေရဲ့ လှုံ့ဆော်တဲ့ စာတွေကို အကြွင်းမဲ့မယုံကြည်ပါနဲ့။ 
  • ကိုယ်ပိုင် Critical Thinking ကို မြှင့်ပါ၊ စာများများဖတ်ပြီး ကိုယ်ဖတ်တဲ့စာတိုင်းကို မှန်/မမှန် လေ့လာဆန်းစစ်တဲ့ အလုပ်ကို အကျင့်လုပ်ပါ။ 

မြန်မာပြည်မှာကျတော့ ဒီ Mob mentality ကိုပဲ သကာဖုံးထားတဲ့ ကြောင်သူတော် Model မျိုးတွေ့ရတယ်။ အဲ့ဒီလူအုပ်ကြီးကိုပဲ တရားမျှတမှုကို ဖော်ဆောင်နေသူတွေအဖြစ်၊ ဓမ္မဘက်တော်သားတွေအဖြစ် Label ထိုးထားပေးတာမျိုး။ ဥပမာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပို့စ်တွေမှာ လူအုပ်ကြီးနဲ့အတူ ဝင်ဆဲခြင်းအားဖြင့် ငါတို့ဟာ အိမ်ထောင်ဖက်အပေါ် သစ္စာရှိပါတယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အထက်စီးကနေတဲ့ အယောင်ဆောင်မှုတွေပါ ရော နေတာ။ အဲ့ဒီအဆဲခံရတဲ့လူဟာလည်း တစ်ချိန်က လူအုပ်ကြီးထဲ ယောင်ယောင်ယောင်ယောင်နဲ့ ပါခဲ့သူဆိုတာကိုတော့ သူကိုယ်တိုင်တောင် မှတ်မိချင်မှ မှတ်မိတော့မှာမျိုးပါ။



ယုံကြည်ချက်နဲ့ အောင်စိတ်


 

ဟိုးတစ်နေ့က စာတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဘယ်နှခုနှစ်မတိုင်မီက လူတွေက မီတာ ၂၀၀ ကို ဘယ်နှစက္ကန့်နဲ့ပြေးဖို့ မဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြတဲ့အကြောင်း၊ လူတစ်ယောက်က အဲ့ဒီစံချိန်ကို ချိုးပြသွားပြီးတဲ့အချိန်ကျ သိပ်မကြာခင်မှာ သူ့စံချိန်ကို ချိုးတဲ့လူတွေ ထပ်ပေါ်လာတဲ့အကြောင်း။ ကိုယ်က မလိုတဲ့ ဂဏန်းတွေ သိပ်မမှတ်တတ်လို့ Records တွေမမှတ်မိပေမယ့် သူရေးထားတာ အဲ့ဒီသဘော။ သူ့ဆိုလိုရင်းက လူတွေက စိတ်ထဲက မဖြစ်နိုင်ဘူးထင်တာတွေကို Limit တစ်ခုထားထားတော့ အဲ့ဒီထက် မကျော်ကြတာ။ ဖြစ်နိုင်တယ်ဆိုတဲ့ အသိဝင်လာတာနဲ့ အဲ့ဒီ Limit ကို ကျော်သွားနိုင်တဲ့ အကြောင်း၊ စိတ်ဓာတ်ခွန်အားပေါ့။ 


အဲ့ဒီစာဖတ်ရတဲ့အချိန် ဆယ်တန်းတုန်းကအကြောင်းကို သတိရတယ်။ ဆယ်တန်းမတက်ခင်က မန္တလေးက အဘိုးလေးတို့က သူတို့ဘော်ဒါဆောင်မှာထားဖို့ မေမြို့ထိ တက်ခေါ်တယ်။ လမ်းမှာ အဘိုးလေးက ပြောလာတာ။

"မင်းကတော့ ပြိုင်ဘက်တွေတွေ့နေပြီကွ။ ပိုင်ခန့်ကြီးနဲ့ ကောင်းကိုကိုမောင်ဆိုတဲ့ တစ်ယောက်က ရေသည်ပြဇာတ် ခက်ဆစ် ၁၅၇ လုံးကို တစ်ထိုင်တည်းနဲ့ အရကျက်ပြီး လာပြန်တာ။ မင်းလည်းအဲ့လိုရရင် မုန့်ဖိုး ၃၀၀၀ ပေးမယ်ကွာ" တဲ့။ ပိုင်ခန့်ဆိုတာက ၁၃ ကျောင်းက၊ ၉ တန်းတုန်းက ကျနော်နဲ့ တိုင်းအဆင့် ကျပန်းစကားပြောပွဲမှာ မဟာအောင်မြေကိုယ်စားပြု လာပြိုင်တဲ့ သူငယ်ချင်း (အခုသွားဆရာဝန်) ဆိုတော့ သူနဲ့က သိတယ်။ စာလည်း တော်တယ်။ ကောင်းကိုကိုမောင်ဆိုတဲ့ သူငယ်ချင်းကိုတော့ မသိသေး မမြင်ရသေး။ အရင်ဆုံးတွေးမိတာက သူတို့တောင် ကျက်လို့ရတယ်ဆိုတာ ဒါက ကျက်လို့ရတဲ့ဟာဖြစ်မှာပဲ ဆိုတဲ့အတွေး။ မုန့်ဖိုး ၃၀၀၀ ကို အရမ်းမက်တယ်တော့မဟုတ်ပေမယ့် ဒါက သိက္ခာပိုင်းဆိုတော့ ကျက်ရမယ်ဆိုတဲ့ အတွေးတော့ရှိတာပေါ့။ 

မန်းလေးအိမ်ရောက်တော့ ၄ နာရီ။ ပိုင်ခန့်ကြီးက အဆောင်ရှေ့က ရေတမာပင်တွေနားမှာ အာပြဲကြီးနဲ့ စာအော်ကျက်နေတာ၊ ကျနော့်ကို မြင်တော့ ပြုံးပြပြီး လူကောင်သေးသေးကျနော့် ပခုံးကို သူ့လက်ဝါးအကြီးကြီးနဲ့ ဘုတ် ကနဲ ပုတ်ပြီး နုတ်ဆက်တယ်။  နောက်သူပဲ ကျနော့်သေတ္တာကိုမ အပေါ်ထပ်ကိုတင်ပေးတယ်။ အပေါ်မှာ အိပ်ရာဘာညာခင်း၊ အဝတ်အစားလဲပြီးတာနဲ့ စာအုပ်ယူပြီး တန်းကျက်ရတော့တာ။ ၄ ခွဲလောက်ပေါ့။ 

နောက် ၈ နာရီလောက်ကျတော့ ကျနော် အဲ့ဒီရေသည်ပြဇာတ်ရဲ့ ခက်ဆစ် ၁၅၇ လုံးကို ဆရာမဒေါ်စန်းစန်းမြင့်ဆီ သွားပြန်တော့တာ။ ပထမ တစ်ခေါက်က မေ့တာတွေ များနေလို့ ဆရာမက ပြန်လွှတ်တယ်။ နောက်တစ်ခါကျတော့ ၁၅၇ လုံး ကရောကပါး = "ကတိုက်ကရိုက်၊ အလောတကြီး" ကနေ ဧကရာဇ် = "တစ်ပါးတည်းသောမင်း " အထိ ပြန်ပြီးတဲ့အချိန်မှာ အဘိုးလေးက  ၃၀၀၀ မုန့်ဖိုးပေးတယ်။ အဲ့ဒီကျမှ ကျနော်သိတာက ပိုင်ခန့်ရော ကောင်းကိုကိုမောင်ရောက အဲ့ဒီအချိန်ထိ ကျက်တုန်း၊ တကယ်လည်း မရကြသေးဘူး။ 

နောက် ညပိုင်းကျတော့ ပိုင်ခန့်ကြီးလည်း ရသွားတယ်။ မောင်ကောင်းလည်း ရသွားတယ်။ ပြောချင်တာက မဖြစ်နိုင်ဘူးထင်ရတဲ့ အရာကို ဒါကြီးက သူများလုပ်ပြီးသားကြီး ဖြစ်ကိုဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ဝင်အောင် အဘိုးလေး(ဆရာကြီး) က ကျနော့်ကို တစ်ဖက်လှည့်နဲ့ ယုံကြည်ချက်သွင်းပေးလိုက်တာ။ 

အဲ့ဒီ ယုံကြည်စိတ်က တကယ်ထူးဆန်းတယ်။ အစောပိုင်း အင်တာနက်သုံးတဲ့လူတွေ မှတ်မိကြမယ်ထင်တယ်။ Flappy bird ဆိုတဲ့ Game လေးတစ်ခုရှိတယ်။ Vertical Pile တွေကြားမှာ ငှက်ကလေးကို ဆန့်ငင်ဆန့်ငင်နဲ့ ခုန်ရတာ။ Pile တစ်ခု ကျော်ဖို့ကို မလွယ်တာ။ Pile တစ်ခုကျော်ရင် ၁ လို့ စ မှတ်တာ။ ၃ တို့ ၄ တို့ရရင် အကောင်ပဲ။ ကျနော်တို့ သူငယ်ချင်းတစ်စု ကျောင်းမှာ အားတိုင်း အဲ့ဒီဂိမ်းကို ဆော့ရင်း ၁၀~ ၁၅ ပတ်ချာလည်လောက်ရောက်လာကြတယ်။ အဲ့ဒီအချိန် ကျနော်နဲ့ ဝက်ကြီးလို့ နာမည်ပြောင်ပေးထားတဲ့ ကျနော်နဲ့ ФФКА ဌာနတူ မျိုးမြတ်သန့်ဆိုတဲ့ သူငယ်ချင်းနဲ့ အချင်းချင်း ပြိုင်နေကြတာ။ ဘာကြေးမှတော့မဟုတ်ဘူး ယောက်ျားလေးချင်း သိက္ခာကြေးပေါ့လေ။ 

ဂိမ်းက အတော်လေး ခက်တော့ ကျောင်းအပြန် အဆောင်မှာပါ ဆော့ပြီး Hightest score ကို နောက်ရက် မနက်ပြပြီး ပြိုင်ကြတယ်။ အဲ့ဒါလည်း သူမသာ ကိုယ်မသာဖြစ်နေတာနဲ့ တစ်ရက် ကျနော့်က ညစ်ဖို့ ကြံတယ်။ Root ဖောက်ထားတဲ့ ကျနော့် Sony Xperia ဖုန်းလေးထဲက Data ဖိုင်တွေထဲ PC နဲ့ချိတ်ပြီး System File တွေထဲ ဝင်ရှာတယ်။ ရှာတော့ အဲ့ဒီ Highest score ကို xml file ထဲမှာ Integer Value နဲ့ သိမ်းထားတာ တွေ့ပါရော။ အဲ့ဒီမှာ ကျနော် 80 လို့ပြင်လိုက်တယ်။ 

ပုံမှန်ဆို ကျနော်တို့ ၂ ကောင်လုံးဟာ ၂၀/ ၂၅ ထက်ပိုမရဘူး။ ကျနော့်ရဲ့ Highest score က ၈၀ ဖြစ်နေပြီ။ နောက်ရက်မနက်ကျတော့ ကျနော်က ဝက်ကြီးကို ပြတယ်။ ငါမနေ့ညက ၈၀ ထိရောက်သွားတယ်ပေါ့။ 

ဝက်ကြီးက မျက်နှာပျက်သွားတယ်။ ဒီကောင် အဲ့နေ့က စာသင်ခန်းနောက်ကျောမှာ၊ အိမ်သာထောင့်မှာ၊ အဆောင်မှာ၊ သူ့အခန်းမှာ တကုတ်ကုတ်နဲ့ ဆော့နေတာ။ 

ညနေကျတော့ ကျနော်ဈေးမသွားခင် သူ့ရဲ့ HTC ဖုန်းလေးကို လာပြတယ်။ 

WTF... ဒီကောင့် Highest Score က ၁၀၁ ဖြစ်နေပြီ။ 

ဒီကောင်ရော ကျနော့်လို Cheat ထားတာလားလို့ မေးရအောင်လည်း အဲ့လိုမဟုတ်ဘူး။ ဒီကောင်က သူ့ဖုန်းသူ Root ဖောက်ဖို့နေနေသာသာ ကွန်ပျူတာက Uninstall ကို ယူနီစတော၊ Adobe ကို အဒုတ် လို့ ဖတ်တဲ့ အုပ်စုက။ 

အဲ့ဒါနဲ့နောက်ရက် ကျနော့် Highest score ကို ၁၉၀ ကျော်ထိ ရွှေ့တယ်။ ဒီကောင့်ကိုသွားပြတယ်။ ဆရာသမား အသေအလဲဆော့ပြီး ၂၀၀ ကျော်ထိ ရောက်သွားတယ်။ ကျနော်သူနဲ့ ဆက်မပြိုင်တော့ဘူး။ သူနိုင်သွားတယ်ဆိုတာ ကျနော့်စိတ်ထဲက အသိအမှတ်ပြုလိုက်တယ်။ (အဲ့ဒါပြီး ကျနော်ကိုယ့်ဖာသာ ပြန်ဆော့ကြည့်တော့ ၃၅ လား ၄၀ လား ရတာ) ယောက်ျားချင်းချင်း၊ သူငယ်ချင်းအချင်းချင်းဆိုတော့ ပါးစပ်ကတော့ အရှုံးမပေးဘူးပေါ့။ ဒါပေမယ့် ဒီစာကို သူမဖတ်ရခင်အထိ ကျနော် Cheat ခဲ့တယ်ဆိုတာ သူသိမှာမဟုတ်။ ဒါပေမယ့် ကျနော့် Highest score ကို ကြည့်ပြီး ဒါကြီးက ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကြီးကို ဒီကောင်ရသွားတာ။ 

လူတွေရဲ့ ယုံကြည်ခြင်း စိတ်ခွန်အားက အတော်အရေးကြီးတယ်။ မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုတွေးနေရင် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြီးက ဖြစ်နိုင်တဲ့ သာမန်အရာတစ်ခုပါ လို့ ယုံကြည်သွားတဲ့တစ်နေ့ဟာ အကုန်ဖြတ်ကျော်သွားနိုင်တဲ့အရာတွေချည်းပါပဲ။



အသီးမှာ တစ်ရက်၊ အသားမှာထက်ဝက်၊ အရွက်မှာလက်ဖဲ့ နှင့် စကားပုံအတုများ

    စမြင်ခါစက ကလိကလိဖြစ်နေသလောက် ရေးမယ်ရေးမယ်နဲ့ အလုပ်တွေကြားထဲ ညပ်ညပ်ပါသွားတဲ့ ကိစ္စလေးတစ်ခု သတိရသွားတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Facebook ပေါ်မှာ မကြာခဏ တက်လာတတ်တဲ့ မြန်မာစကားပုံများရဲ့ အဓိပ္ပာယ်ဆိုတဲ့ စာအရှည်ကြီးများပါ။ ကျနော်မှတ်မိသလောက်၊ မယားနေစ ကြောင်သေမှ၊ လင်နေစ ဆင်သေမှ ဆိုတဲ့ စကားပုံတွေရဲ့ မူရင်းအဓိပ္ပာယ်ဆိုတာရယ်။ "အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်" ဆိုတာတွေကို မိမိသဘောနဲ့ လျှောက်ပြင်၊ အဓိပ္ပာယ်တွေဖွင့်ပြီး "အသီးမှာ တစ်ရက်၊ အသားမှာ ထက်ဝက်၊ အရွက်မှာ လက်ဖဲ့" ဆိုတဲ့ စာရေးဆရာက ပြောသလိုလို၊ ဆရာတော်က မိန့်သလိုလို ဗဟုသုတ အတုအယောင်တွေနဲ့ စာအရှည်ကြီးတွေရေးလာကြတာပါ။ 

    မယားနေစ ကြောင်သေမှ ဆိုတဲ့ အဓိပ္ပာယ်ဟာ တစ်ချိန်က သားကိုသခင်၊ လင်ကိုဘုရားဆိုတဲ့ မဟာဖိုဝါဒကြီးစိုးခဲ့တဲ့ မြန်မာ့လူမှုဝန်းကျင်မှာ အမျိုးသမီးက ခင်ပွန်းသည်ကို ကြောက်ရွံ့ရိုကျိုးလာအောင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ရင်းပြီး အိမ်ထောင်ဦးစီး အာဏာပြရတဲ့ အဓိပ္ပာယ်ကို ဆိုလိုပါတယ်။ စာအရှည်ကြီးထဲကပါသလို သဝန်ကြောင်၊ ဘာကြောင်၊ ညာကြောင် (မှတ်မှတ်ရရ အဲ့ဒီ ကြောင်တွေထဲမှာ ခေတ်ပေါ် ဗန်းစကားဖြစ်တဲ့ ဖွန်ကြောင်ဆိုတာတောင် ပါတယ်နဲ့တူပါတယ်။) အဲ့ဒီလိုတွေမလုပ်ရဘူးဆိုတဲ့ ဆုံးမစာလိုလို၊ ရှေးစကားလိုလို ဘာလိုလိုနဲ့ ဖျက်ထားတာပါ။ 

    နောက်တစ်ခု အသီးမှာ တစ်ရက်၊ အသားမှာ ထက်ဝက်၊ အရွက်မှာ လက်ဖဲ့ ဆိုတာကတော့ ပိုဆိုးသွားပါပြီ။ မူရင်း မြန်မာစကားပုံက အင်မတန်ရိုးရှင်းပါတယ်။ အသီးတွေထဲမှာ အနံ့အရသာ အကောင်းဆုံးဖြစ်ပြီး ရာဇဝင်နိပါတ်တော်တွေအထိ သရက်သီးပါဝင်တဲ့ ဇာတ်တွေ အများဆုံးရှိလောက်အောင်ကို ထူးခြားလို့ အသီးတွေရဲ့ ဘုရင်လို့ သတ်မှတ်ခံရတဲ့ သရက်သီး၊ အဆီ၊ အခေါက်၊ အသားတွေနဲ့ အချိုအရသာကဲလွန်းတဲ့ ဝက်သားနဲ့  ခါးသက်တဲ့ အရသာဖြစ် ပေမယ့် ဆေးဖက်ဝင်သလို၊ သုတ်စားလို့လည်းရ၊ လက်ဖက်ရည်အချိုအခါး စတာတွေပြုလုပ်လို့လည်းအဆင်ပြေပြီး မင်္ဂလာအခမ်းအနားတွေ၊ ပွဲတွေမှာ အမြတ်တနိုး ဧည့်ခံကျွေးမွေးရာမှာ မဖြစ်မနေသုံးရတဲ့ လက်ဖက် စတာတွေကို တင်စားပြီး ခေါ်တဲ့ အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက် ဆိုတဲ့ စကားပုံကို အချို့သော စာရေးကောင်းသူတွေ မိမိဖာသာ တီထွင်ဖန်တီးထားတဲ့ စကားပုံတွေနဲ့ ဖျက်ဆီးနေကြတာပါ။ 

    အဲ့ဒီလိုစာတွေကို အတုအယောင်ဗဟုသုတ(Pseudo Knowledge) လို့ခေါ်ပါတယ်။ အဲ့ဒီလို သုတအတုအယောင်တွေ ခေါင်းထဲမှာ အင်မတန်များပြီး လူတကာကို ဆရာလိုက်လုပ်နေတဲ့လူတွေကို Pseudo-intellectual လူတွေလို့ခေါ်ပါတယ်။ အဲ့ဒီလူတွေဟာ အသိပညာ(သို့) အတတ်ပညာတစ်ခုခုကို တတ်မြောက်အောင် စနစ်တကျ လေ့လာဖို့ထက် လူပြိန်းတချို့ဆီက ဗဟုသုတ ကြွယ်ဝတယ်ဆိုတဲ့ အထင်ခံရနိုင်တဲ့အချက်အလက်တွေကိုပဲ စုဆောင်းမှတ်သားပြီး ဖြန့်ဝေတတ်ပါတယ်။ 

    ကျနော်တို့ပတ်ဝန်းကျင်မှာ၊ လူမှုကွန်ရက်တွေမှာ Pseudo-Intellectual ပုဂ္ဂိုလ်တွေ အင်မတန်များလာပါတယ်။ တချို့ လူငယ်လူရွယ် ခေတ်ပညာတတ်တွေတောင် သူတို့ရေးသားတဲ့ Pseudo knowledge တွေကို အမှန်ထင်နေကြတာပါ။ မြန်မာစကားပုံတွေဟာ ခေတ်ကို ပြပါတယ်။ မြန်မာ့သမိုင်းကို ပြပါတယ်။ မြန်မာ့ရိုးရာ ပုံပြင်တွေကို ညွှန်းပါတယ်။ မြန်မာစကားပုံတွေကိုကြည့်ရင် မြန်မာ့ဓလေ့နဲ့ မြန်မာ့လူမှုဝန်းကျင်ကို မြင်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ ဒေသပေါက်ပင်တွေနဲ့ စိုက်ပျိုးရေးသီးနှံ အစားအသောက်တွေကို စေ့ငုနိုင်ပါတယ်။ အဲ့ဒီလို တန်ဖိုးကြီးမားတဲ့ မြန်မာ့စကားပုံတွေရဲ့ မူရင်းအဓိပ္ပာယ်တွေကို ပျက်အောင် သုတအတုအယောင်တွေနဲ့ ဖျက်ဆီးနေတာက အတော်လေး အန္တရာယ်ကြီးတယ်လို့ မြန်မာစာကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်အနေနဲ့ မြင်မိကြောင်းပါခင်ဗျာ။ 



 

My Blog List