ခေါင်းစဉ်ကို ဘာပေးရမယ်ဆိုတာ မသိတော့လို့ သီချင်းနာမည်လေး “ တစ်စုံတစ်ရာ” လို့ပဲ ပေးလိုက်ပါ တယ်.။ ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရောပြွမ်းနေတဲ့အတွက် ရင်ဘတ်ချင်းတူသူများသာ လို့ ခေါင်းစဉ်တပ်မလို့ အစက စဉ်းစားမိပါသေးတယ်.။ နောက်တော့ မိမိဘလော့ကိုလာဖတ်သူများဟာ မိမိနဲ့ရင်ဘတ်ချင်း ကာရံတူသူများဆိုတာတွေးမိလို့ ဒီအတိုင်းပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်..။
ကျွန်တော်တို့ ကျောင်းက ၃ နှစ်နဲ့ ၆ လ လောက် စာသင်ရပါတယ်..။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလမှာ ကျောင်းသားသစ်လက်ခံပြီး၊ ဖေဖော်ဝါရီလမှာ ပြည်တော်ပြန်ကြတဲ့ ကျောင်းပေါ့..။ ဒီနှစ်သင်ခန်းစာတွေပြီးဆုံးလို့ နောက်ဆုံးကျန်တဲ့ စာတမ်းပြင်ဆင်ကာလအတွက် ကျောင်းပိတ်ပေးလိုက်ပါတယ်.။ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ သင်္ဘောစီးတဲ့ အပန်းဖြေခရီးနေ့ပေါ့...။
သင်္ဘောပေါ်မှာ IR (ကျောင်းသားရေးရာပဲဆိုပါတော့ဗျာ..) က ဆရာမက ကျွန်တော်တို့ကို Shock ရစေမယ့် သတင်းစကားတစ်ခုကို ဆောင်လာပါတယ်..။
“ မင်းတို့အားလုံး လာမယ့် စက်တင်ဘာလမှာ စာတမ်းခုခံရမယ်.။ ကိုးလပိုင်းအတွင်း မင်းတို့အားလုံး အိမ်ပြန်ရမယ်..” တဲ့..။
သင်္ဘောပေါ်မှာ ပျော်ရွှင်မှုကြောင့် ဆူညံနေတဲ့ ကျွန်တော်တို့ အားလုံး တိတ်ဆိတ်သွားကြပါတယ်..။ အားလုံးရဲ့ မျက်နှာမှာ တကယ်ကို မယုံကြည်နိုင်တဲ့ မျက်နှာတွေပါ..။ သေချာတာကတော့ ပျော်ရွှင်မှုထက် အံ့အားသင့်မှုကြောင့်ဆိုတာ သေချာပါတယ်...။
လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်တော်တို့ ဒီလိုစာသင်နှစ် အချိန်ဇယားပြောင်းလဲ တယ်ဆိုတဲ့ သတင်းကြားပေမယ့် မဟုတ်ဘူးလို့ ပြန်လည်ငြင်းဆိုခဲ့တာကြောင့် ကျွန်တော်တို့ အားလုံး အေးအေးဆေးဆေးပဲ ရှိခဲ့ကြတာမဟုတ်ပါလား.။ တကယ့်တကယ် ခွဲရတော့မယ်ဆိုတော့ မယုံကြည်နိုင်ကြတော့..။
ဒီနေရာမှာ မေးစရာရှိပါတယ်..။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မြေဆီ ပြန်လာရမှာ မပျော်ဘူးလားဆိုတဲ့ မေးခွန်း..။ ဟုတ်ကဲ့ သိပ်ပျော်ပါတယ်.။ သိပ်ဝမ်းသာပါတယ်.။ ဒါပေမယ့်ဗျာ.. ဒီညီအစ်ကိုတွေ၊ ဒီသူငယ်ချင်းတွေရဲ့ တွေ့ဆုံမှုဟာ နောက်ဆုံးဖြစ်သွားနိုင်တယ် ဆိုတဲ့ အသိက ခေါင်းထဲကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာကြောင့်ပါ..။ နောက်တစ်ခုက ကျွန်တော်တို့ မော်စကိုမြေကို ခွဲခွာဖို့ အဆင်သင့် မဖြစ်သေးတာ အမှန်ပါ..။ ကိုယ့်ရင်ထဲက သံယောဇဉ်ရဲ့ ဆွဲနှုတ်ခံရမှု ထိရှတယ်ဆိုတာ ခံရသူပဲ သိခဲ့တာမို့ပါ.။ မွန်းကြပ်တဲ့ မြို့ပြထဲက စွဲမက်ဖို့ကောင်းတဲ့ အရာတွေထက်၊ လွတ်လပ်မှုနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှုကို မက်မောနေတုန်းဆိုတာ ကျွန်တော် ငြင်းချင်ပေမယ့် ငြင်းမရခဲ့ဘူး..။
ဘယ်လောက်ပဲ သူစိမ်းဆန်ပါစေ၊ မိုင်ပေါင်း ထောင်ချီဝေးနေပါစေ.။ မြန်မာပြည်က ကျွန်တော်တို့ရဲ့ မိခင် ဆိုရင် မော်စကိုဟာ ချစ်လှစွာသော အဒေါ်တစ်ဦးလို့ ထင်မြင်မိတာ ကျွန်တော်မှားပါ့မလား..။ ခါးသီးမှုတွေ ရှိခဲ့တယ်..။ ဒါပေမယ့် .... သံယောဇဉ် ...။ တစ်ရက်စာမဟုတ်၊ တစ်လစာမဟုတ်၊ တစ်နှစ်စာ မဟုတ်၊ အနှစ်နှစ်အလလ သံမှိုစွဲ၍ အသားကျအောင် ကျင့်ယူခဲ့ရတဲ့၊ ရင်းနှီးဖို့ ကြိုးစားခဲ့ရတဲ့ .. တစ်ချိန်က အသစ်လွင်ဆုံးသော ပတ်ဝန်းကျင်၊ ခုတော့ ကိုယ်နဲ့ တစ်သားတည်း ကျနေတဲ့ ပတ်ဝန်းကျင်ပေါ့.။
အရိုးသားဆုံးဝန်ခံရရင် ကျွန်တော် မော်စကိုကို အရမ်းချစ်ပါတယ်...။
ဒါပေမယ့်လည်း ပဝတ္တိဆိုတာ၊ ဇာတိမှ မဟုတ်ပဲနော်..။ ဧည့်သည်ဆိုတာ အချိန်တန်ရင်ပြန်ရမှာပါ..။ စစ်သားဆိုတာကလည်း အချိန်နဲ့ နယ်ပယ် ကန့်သတ်ချက်မှ မရှိခဲ့တာကိုး..။
ဒီနေ့ သင်္ဘောပေါ်မှာ ၃ နှစ်တာ А, Б, В, Г (A, B, C, D) က စလို့ သင်ပေးခဲ့တဲ့ Language ဆရာမလေးတွေ ငိုကြတယ်.။ သူတို့ငိုကြတော့ ကျွန်တော်တို့ တွေ မခံစားနိုင်ဘူး..။ ယောက်ျားကြီးတွေတန်မဲ့ မျက်ရည်ကျမိကြပြန်ရော..။ဆရာမတွေကျွေးတဲ့ မုန့်တွေစားပြီးတော့ ဆရာမတွေကို တောင်းပန်ကြ၊ ငိုကြ၊ နှုတ်ဆက်ကြပေါ့.။ ဒီနေ့ပြီးရင် ဒီဆရာမတွေကို ဒီတစ်သက်မတွေ့ရတော့ဘူးလေ..။ “ ဆရာမဟာ ကျွန်တော့်ရဲ့ ရုရှားမေမေပါ..”၊ “ မင်းကို ငါတို့အားလုံးက မိခင်လို၊ အစ်မတစ်ယောက်လို ချစ်ပါတယ်..”၊ “ ကြယ်ကြွေတဲ့အခါ ငါတို့ မင်းရဲ့တပည့်နောက်တစ်ခါ ဖြစ်ခွင့်ရပါစေ လို့ ဆုတောင်းမိတယ်”၊ “ ငါတို့ မြန်မာပြည်ပြန်ရောက်တဲ့အခါ မင်းတို့ကို စောင့်မျှော်နေမှာပါ.။ အခွင့်ကြုံတဲ့အခါ ငါတို့ နိုင်ငံကိုရောက်အောင် လာခဲ့ပါ.” စတဲ့ စာသားတွေကို စာအုပ်ထဲမှာ ရေးပေးကြတယ်..။ ဆရာမတွေက ငိုလို့မဆုံး၊ လိုက်လာတဲ့နောင်တော်၊ ညီတော် တွေလည်း စိတ်မကောင်းကြ..။ (ဒီစာရေးရင်းလည်း မျက်ရည်ကျ)၊
အဲဒီအချိန်ပြီးတဲ့အချိန် ယူလာတဲ့ ဂစ်တာက ကြိုးပြတ်သွားတယ်.။ ကြိုးပြတ်ရင်းနဲ့ပဲ သီချင်းတစ်ပုဒ်တောင်း လို့ဆိုပေးလိုက်ရတဲ့ သီချင်းက ဝိုင်ဝိုင်းရဲ့ “ ဖြေသိမ့်လိုက်” သီချင်းပေါ့...။ ဆို့နင့်နေသူတွေ မျက်ရည်ဝိုင်းသွားရတယ်..။ ဒီနေ့ ပျော်နေခဲ့ရာကနေ အဆွေးခရီးဖြစ်သွားတယ်..။
သဘောင်္ပေါ်က ပြန်ဆင်းတော့ အဆောင်ကို ပြန်ချင်စိတ် မရှိဘူး..။ ခြေဦးတည့်ရာကို လျှောက်သွား ချင်နေတယ်.။ ဒီနေ့မှာ ရာသီဥတုက နေမပူမိုးမရွာ၊ ခပ်အုံ့အုံ့နဲ့ စိတ်တွေကို ပိုဆွေးနေသလိုပါပဲ..။
အဲဒါနဲ့ပဲ လူစုပြီး ဟိုဖက်က ပန်းခြံထဲမယ် လမ်းလျှောက်ဖြစ်ခဲ့တယ်.။ သူငယ်ချင်းတွေ ဓါတ်ပုံရိုက်ချင်လို့ ကျွန်တော်ရိုက်ပေးခဲ့ပေမယ့် ကျွန်တော်တော့ မရိုက်ဖြစ်ခဲ့ပါဘူး.။
အဲဒီခံစားချက်ကလည်း ဘာနဲ့မှ မတူ..။ ဒုတိယနှစ် ဗိုလ်လောင်းဘဝ တောင်ပေါ်မှာသစ်ပင်လေး ၂ ပင်ကြား ရွက်ဖျင်တဲကလေးထိုးပြီး ၁ ပတ်လောက်နေခဲ့စဉ်က အပြန်မှာ ကိုယ်ခိုဝင်ခိုနားခဲ့ရာ အဲဒီနေရာလေးကို စိတ်ရောကိုယ်ပါ ရင်းနှီးခဲ့လို့ မျက်ရည်ဝဲမိတာ၊ တတိယနှစ်မှာ ကိုယ့်ပစ်ကျင်းကိုတူးပြီး တစ်ပတ်လောက် ကိုယ့်အတွက် အင်မတန်ချစ်ခင်ဖို့ ကောင်းတဲ့ အိပ်စက်ရာနေရာလေးကို တောင်သူတွေ ဖို့ပစ်လိုက်တဲ့အခါ ခံစားရတာနဲ့ အခုတစ်ခါ ၃ နှစ်၃ မိုး ရင်းနှီးကျွမ်းဝင်လာတဲ့ မော်စကိုမြို့ကြီးကို ခွဲခွာရတော့မယ်ဆိုတဲ့ ခံစားချက် ထပ်တူကျနေတာကို သတိရမိတယ်..။ “ ညီလေးရေ..ကိုယ်ကတော့ အစွဲကြီးတယ်ကွယ်..” ဟုသာ ဆိုလိုက်ချင်ပါတော့တယ်..။
ပန်းခြံထဲက လမ်းလျှောက်ပြီး အပြန်မှာ ကြိုးတံတားကြီးပေါ်က ဖြတ်ပြန်ကြပါတယ်...။ ပတ်ဝန်းကျင်ကို ဂရုမစိုက် ကိုယ့်စိတ်ထင်ရာကိုလုပ်၊ သူများလုပ်တာကိုလည်း ဖာသိဖာသာနေကြတဲ့ နှာခေါင်းချွန်ချွန် လူမျိုးတွေ(အဲဒီစိတ်ကြောင့်ပဲ.. သိပ်တော်တဲ့သူတွေ အများကြီးရှိခဲ့) ၊ အဘိုးကြီးတွေကို သက်ကြီးရွယ်အိုမို့ ရထားပေါ် နေရာဖယ်ပေးတိုင်း “ ငါသန်မာနေတုန်းပဲ” လို့ ဒေါသနဲ့ ပြန်ပြောတဲ့ စိတ်ဓါတ်မာတဲ့လူမျိုးတွေ၊ မာန်ကြီးတဲ့ လူမျိုးတွေ၊ (အဲဒီမာန်တွေနဲ့ ပဲ.. စစ်ဖြစ်တိုင်း ယောက်ျားတွေအားလုံး ထွက်တိုက်ခဲ့ကြ)၊ ကမ္ဘာ့အလှဆုံး အမျိုးသမီးတွေ(အဲဒီအမျိုးသမီးကြောင့်ပဲ ကမ္ဘာကျော်ကဗျာဆရာတစ်ယောက် စစ်ဗိုလ်နဲ့သေနတ်ယှဉ်ပစ်ရင်း အသက်ဆုံးရှုံးခဲ့ရ)၊ အချစ်ကိုဖွဲ့ဆိုရာမှာ ထူးချွန်လွန်းတဲ့ စာရေးဆရာတွေ (လိင်မှုကိစ္စမပါတဲ့ စိတ္တဇအချစ်သက်သက်ကြောင့် ကမ္ဘာကျော်ခဲ့တဲ့ စာရေးဆရာလည်းရှိ )၊ စစ်သားကို အင်မတန်ချစ်တဲ့လူမျိုး၊ တစ်နိုင်ငံလုံးမိသားစုဝင်ထဲစစ်သားမရှိသူ မရှိသလောက်ရှား၊ စစ်သားမရှိရင် မျက်နှာငယ်ရတဲ့လူမျိုး၊ Victory Day တိုင်း ကလေးငယ်တွေကို စစ်ပြန်ကြီးတွေဆီ မျိုးချစ်စိတ် အမွေတောင်းခိုင်းတဲ့ လူမျိုးတွေ၊( အဲဒီလူမျိုးတွေကြောင့်ပဲ ယနေ့ထိ ကမ္ဘာ့မဟာ အင်အားလွန်နိုင်ငံကြီးများကို ရင်ဆိုင်ရဲ၊ ယှဉ်ပြိုင်ရဲနေဆဲ)။ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်တွေ(ကျွန်တော်တို့ အားကျမိတဲ့ဘဝတွေ)၊ ဆရာစာရေးတဲ့ကျောက်သင်ပုန်းကိုဓါတ်ပုံရိုက်ပြီး စာအုပ်ပြန်ထုတ်ပြီးကျက်တဲ့ စာမှစာဆိုတဲ့၊ စာနဲ့ပတ်သတ်ပြီး သင်ရိုးကုန်လို့ သင်စရာအသစ်လိုက်ရှာတဲ့ နိုဘယ်ဆုရှင်လောင်းလျာကျောင်းသားတွေ၊ အို.. အကုန်အကုန်ပါပဲ..။
အမှတ်တရတွေအများကြီးပေမယ့်.. ဟိုးအရင်ကရေးခဲ့တဲ့ စာလေးလိုပဲ တစ်ချိန်ကျရင် ဆိုတဲ့ အချိန်လေးက မကြာခင် တကယ်ပဲ ရောက်လာတော့မယ်လေ..။ ဒီနေ့ ခံစားခဲ့ရတဲ့ ဖီလင်ဆိုတာ တဒင်္ဂပါ..။ ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော်သီချင်းထဲကလို “ ဒါလည်း အတွေးပါပဲ..” လို့ပဲ ဆိုရလေမလား..။ တစ်ချိန်ကျရင် ကျွန်တော်ခင်တွယ်တဲ့ ဒီအသိုင်းအဝိုင်းလေးထဲက လူမသိသူမသိ ပျောက်ကွယ်သွားတဲ့အခါ.....။
~မိုးသက်ဦးလွင်~
၂၁-၆-၂၀၁၄
(ခေတ္တ-မော်စကို)
ဖတ်ရင်းနဲ့ စိတ်မကောင်းမိတာ အမှန်ပါ။ ရွက်ကျပင်ပေါက်မျိုးမဟုတ်ပေမဲ့ ကြိမ်ဖန်များစွာ ထိတွေ့မြင်ကြားနေရတဲ့ ပတ်ဝန်းကျင်မှာတော့ လူသားတိုင်း သံယောဇဉ်ငွေ့ရည် ဖြစ်ထွန်းမိကြတာပါဘဲ။ မော်စကိုမှ မဟုတ်ဘူး။ လန်ဒန်မှ မဟုတ်ဘူး။ ၀ါရှင်တန်မှ မဟုတ်ဘူး။ အလွန်ဝေးလံသီခေါင် ခေါင်းပါးနွမ်းပါးလှတဲ့ နာဂတောင်တန်းက ခပ်စုပ်စုပ် တဲလေးတစ်လုံးမှာ ဒီလောက် ကြာကြာနေခဲ့ရင်လဲ ဒီခံစားမှု ဖြစ်မှာပါ။ စက်ရုပ်တွေမှ မဟုတ်တာ။ ဗဒင်ရဲ့သီချင်းလိုပေါ့။ ထိတွေ့ပါများရင်တော့ နှဲ့နှဲ့ လာမှာပါဘဲ။ ပြန်တော်ပြန်သွားမှာထက် စာရေးကောင်း တွေးခေါ်ကောင်းသူတစ်ယောက် အွန်လိုင်းကနေ ဝေးကွာသွားမှာကို နှမြောတသသ ပိုဖြစ်မိတော့တာပါဘဲ။
ReplyDeleteတစ်ချိန်ချိန်မှာတော့ ပြန်လာနိုင်ကောင်းပါရဲ့ သူကြီးမင်းရယ်...။ ခင်ရာဆွေမျိုးမဟုတ်လား..။
Deleteမိုးသက်
ReplyDeleteနင်ရေးထားတာ ဖတ်ပြီး စိတ်မကောင်းဘူးဟာ..
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အိမ်ပြန်ချိန် ဆိုတဲ့post တပုဒ် ဘလော့မှာ ရေးဖူးတယ်..
ခင်ခဲ့ကြတယ်..အကုညီတွေပေးခဲ့ကြတယ်..အချိန်တန် တော့လည်း အိမ်ပြန်သွားကြတယ်..
အွန်လိုင်းကို အလွယ်တကူသုံးလို့ရတဲ့နေရာမှာ ကျန်ခဲ့တဲ့ ငါတို့တွေကသာ
သတိရနေမိတတ်တာ... မမြင်ဖူးမတွေ့ ဖူးကြပေမဲ့ ခင်မင်ခဲ့တဲ့ သံယောဇဉ်စိတ်နဲ့
သူတို့တွေ ဘယ်တွေေ၇ာက် ဘာတွေလုပ်နေမလည်း မသိဘူးဆိုပြီး သတိရနေမိတာ..
ဘဝဆိုတာဒီလိုပါဘဲဟာ...
တွေ့ ဆုံ ကြုံ ကွဲ ပေါ့...
အရင်ကဆိုအကောင့်ထဲမှာ မီးစိမ်းမီးနီ မီးဝါ လင်းနေတဲ့ အကောင့်တွေအများကြီး..
ပြန်ကုန်ကြတော့ အကောင့်လေးတွေ အကုန်လုံး မီး မှိတ် သွားကြတယ်..
နောက်ဆိုရင် နင့် gmail acc လေးလည်း မီးမှိတ်ရက်သား တွေ့ရတော့မယ်..
နင်လည်း ပြန်သွားရင် နင်ခင်ခဲ့တဲ့ ဆရာမတွေ သူငယ်ချင်းတွေ နင်သွားလာလှုပ်ရှား
ခဲ့တဲ့ ပတ်ဝန်းကျင် နင်တက်ခဲ့တဲ့ကျောင်း နင်နေခဲ့တဲ့အဆောင်...ဒါတွေ အားလုံး
ထားခဲ့ရမှာ..သတိရခြင်းအမှတ် တရ ဆိုတာနဲ့ နင်မှတ်တမ်းတင်ခဲ့ဖူးတဲ့ ပုံရိပ် တွေဘဲ
နင်သယ်သွားလို့ ရမှာ...နင့်ဘဝမှာနောက်တခါ ပြန်ရချင်မှ လည်းရတော့မယ်..
သတိရခြင်းတွေတော့ ကျန်နေမယ်ထင်တယ်..
အရင်ကလည်း နှုတ်ဆက်ခဲ့ဖူးတယ်..
အခုလည်း နင့်ကို ထပ်နှုတ်ဆက်ရဦးမယ်..
အမသတိရနေမယ်..မိုးသက်...
ပြန်သွားပြီးရင်လည်း ဘယ်နေရာဘဲရောက်ရောက် .. ဘဝကို မှန်မှန် ကန်ကန် ရပ်တည်
ရဲ တဲ့ ယောက်ကျားကောင်းတယောက် ဖြစ်ပါစေ မိုးသက်..
အမဆုတောင်းပါတယ်..အစစအဆင်ပြေပါစေကွယ်...
ကံတရား ရေစက် မကုန်ရင်တော့ ဆုံဖြစ်မှာပါ ...
ခင်တဲ့အမ
့ပစ်ပစ်
မပစ်ကိုလည်း အမြဲ သတိရနေမှာပါ :'(
Deleteအချိန်တန်ရင်တော့ အိမ်ပြန်ရမှာ သဘာဝပါ။
ReplyDeleteဟင်းဟင်း တဖက်ကပြန်ကြည့်မယ်ဆိုလည်း ချစ်သူလေးနဲ့တွေ့ရမှာဆိုပြီး ကျိတ်ပြီးများ ပျော်နေလား မတိ :P
မမချိုချဉ်ကိုလည်း အပြင်မှာ တွေ့ချင်ပါသေးတယ်..။ မြန်မာနိုင်ငံပြန်ဖြစ်ရင် ဆက်သွယ်ဦးနော်..။ အခြေအနေပေးတာနဲ့ လာတွေ့မယ်.. :)
Delete