ရာသီဥတုက ပူချေပြီ.။ ဧပြီလ မဆန်းတစ်ဆန်းအချိန်ဆိုသော်ငြား နွေလယ်နှင့်မခြား အိုက်စပ်စပ်ရှိလှသည်.။ အခန်းပြတင်း အပြင်က ဖြတ်ဝင်လာသော လေကပင်လျှင် အေးချမ်းမှု အားနည်းလျော့ပါးလျက် အညာရောင် ပေါက်နေ သည်.။ ရှမ်းပြည်မှာမို့သာတော်တော့သည်.။ အညာ မှာ မည်သို့နေကြမည်ကို စဉ်းစား၍မရ.။
ရာသီဥတုတွေပူပြင်းလာတိုင်း အိုဇုန်းလွှာဆိုတာကြီး မည်မျှပါးလာကြောင်း သတင်းတွေဖတ်ရတတ်သည်.။ ကလိုရိုဖလူ ရိုကာဗွန် ဓါတ်တွေ မည်မျှ များလာကြောင်းနှင့် အရေပြားကင်ဆာ ဖြစ်ပွားမှု မည်မျှ တိုးလာကြောင်း သတင်းတွေကလည်းဆိုင်မှာလာဝယ်သည့်သူတွေပြောတာ နားနှင့်မဆန့် အောင်ကြားရသည်.။ သို့သော် နှင်း ကတော့ အိုဇုန်းလွှာ ပါးတာမပါးတာ အရေးမကြီး၊ မနက်ဖြန် အတွက် အ မေ့အကြော်ဆိုင်လေး အရောင်းမပါးဖို့ ပိုအရေးကြီးသည်.။ ရာသီဥတုမည်မျှ ပူပူ အကြော်ကိုတော့ လူတိုင်းစားကြတာက အင်မတန်ကံကောင်းလှသည်ဟု နှင်း ကထင်စမြဲ.။ ရာသီစာ မဟုတ်သည့် အတွက် အမြဲတမ်းရောင်းနေရတာကိုက ကံကောင်းလှပြီဆိုတာ နှင်းသိထားသည်.။
နှင်းနာမည်က နှင်းပွင့်အေး။ နှင်းပွင့်လေးလိုအေးချမ်းပါစေ ဟူသည့် အဓိပ္ပာယ်ဖြင့် ပေးခဲ့သည်ဟု အမေက တစ်ခါတစ်ရံ စိတ်ကူးပေါက်လျှင် ဆိုတတ်သည်.။ ဒါပေမယ့် အရပ်ထဲကရော ဆိုင်လာဝယ်တဲ့ သူတွေကပါ. နှင်း၊ မနှင်း ၊ လို့ခေါ်တတ်သည်.။ ဘ၀ပေးကတော့ လုံးဝဆန့်ကျင်ဘက်..။ဘယ်တော့မှမအေးချမ်းသည့် နှင်းတို့ မိသားစုတွင်. အဖေ မရှိ သည့်နောက် မုဆိုးမ အမေက အကြော်ဆိုင်လေးဖွင့်၍ နှင်းတို့ မောင်နှမ၂ ယောက်စလုံးကို ကျောင်းဆက်ထားခဲ့သည်.။ ကျောင်းကလူ တွေအားလုံးနှင့်ယှဉ်လျှင် နှင်းတို့က အောက်ရဲ့အောက်မှာ..။ နှင်းတို့အောက်မှာ ကျောင်း သမံတလင်း ပဲ ရှိတော့သည်.။ သို့ပေတည့် နှင်း စိတ်မပျက်ပါ.။ အချိန်မှန်အိပ်၊ အချိန်မှန်စားရ အမေ့မျက်နှာကို တစ်ရက်တစ်ခါ မြင်နေရလျှင်ကျေနပ်ပြီ.။ မုန့်ဖိုးဆိုတာ မမြင်ရတာ မောင်လေးတစ်သက်.။ လောလောဆယ်တော့ အိမ်ရဲ့စီးပွားရေးက အမေ့ အကြော်ဆိုင်လေး ကိုသာ အားထားနေရသည်.။ နှင်းမှာ စိတ်ပူစရာဆိုလို့ အမေ့ကျန်းမာရေးပဲရှိသည်.။ အမေခုတလော အတော် ချူချာသည်။ ပန်းနာရင်ကြပ်အခံရှိတော့ ပိုဆိုးသည်.။ လုပ်စားတာက အကြော်သည်.။ ဒီညှော်တွေ ၊ မီးခိုးတွေကြားမှာ မလုပ်ချင်လည်း လုပ်နေရသည်.။ နှင်းတို့မောင်နှမ အမေ့ကို နားစေချင်ပါပြီ.။ ဒါပေမယ့် အမေနားလျှင် နှင်းတို့ တစ်မိသားစုလုံး စားရမဲ့ သောက်ရမဲ့ ဖြစ်မှာကို သိနေသည်.။ လောလောဆယ် နှစ်ယောက်စလုံးက ကျောင်းတစ်ဖက်တွေနှင့် မဟုတ်ပါလား.။
“ အဟွတ်.အဟွတ်.. အကြီးမ..နိုးနေပြီလား..။ နိုးရင် မီးမွှေးထားဦး…”
အိပ်ယာထဲက အမေ့အသံကြားသည်.။ ချောင်းတွေဆိုးနေပြန်ပြီ..။
“ ဟုတ်ကဲ့အမေ.. ချောင်းတွေဆိုးနေရင်လည်း ဒီနေ့ ဆိုင်မထွက်နဲ့တော့လေ အမေ..။ တစ်ရက်လောက်နားလိုက် ပါလား ..”
“ ဟဲ့.. ငါနားလို့ဘယ်လိုလုပ်ဖြစ်မလဲ..။ နင်တို့တွေအကုန် ငတ်ကုန်မှာပေါ့.. ကိုယ့်ဖာသာရှာစားနိုင်လို့လား .. တယ်.. ငါမနက်စောစောစီးစီး ဆဲမိတော့မယ်..၊ ငါဘုရားကန်တော့ချေဦးမယ်.။ အဟွတ်..အဟွတ်. အငယ်ကောင်ကိုနှိုး ပြီး မီးမွှေးထားကြားလား..”
“ ဟုတ်ကဲ့အမေ…”
အမေ ငေါက်တာ နှင်းစိတ်ထဲမှာမထားပါ.။ လူဆိုတာ မပြည့်မစုံချို့တဲ့လျှင် ၊ ပင်ပန်း ဆင်းရဲလျှင် အလိုလို ဒေါသ ကထွက်နေတတ်တာကို နှင်းသိထားသည်.။ လောလောဆယ်တော့ အငယ်ကောင်ကိုအရင်နှိုးရမည်.။ မီးမွှေးပြီးမှ နိုးလျှင် အငယ်ကောင် ကျောင်းနောက်ကျမည်ဖြစ်သည်.။
မီးမွှေးပြီးတော့ မနက်စာစားတော့ ဆန်ကုန်တော့မည်ကို သတိထားမိသည်.။ မနက်စာက ပုံမှန်အတိုင်းပင် ညကကျန်သည့် အကြော်အကြေများကို သုတ်ပြီးထမင်းကြမ်းနှင့် စားခြင်းဖြစ်သည်. ။ နှင်းအတွက် အမေ့လက်ရာအကြော် က နတ်သုဒ္ဒါလိုဇွတ်မှတ်ထားပြီး စားရသည်.။ မမှတ်လို့လဲမရ…။ ဒါပဲ အကောင်းဆုံးမနက်စာ ၊ တစ်ခါတစ်ခါ ဒီလို မနက်က အကြော်အကြေ သုတ်က နေ့လည်စာထိ ရောက်သွားတတ်သေးသည်.။
“ အကြီးမ… ပဲတွေမကိုင်ခင် လက်ကို အရင်ဆေးနော်..ကြားလား..”
“ ဟုတ်ကဲ့ပါ.. ။ အမေရဲ့…”
အမေက လူကသာချို့ချို့တဲ့တဲ့နေရသည်.။ စေတနာတော့ လုံးဝမချို့တဲ့.။ သူတို့ကို လက်သည်းရှည်တာ၊ လက် ညစ်ပတ်တာ မရှိအောင် ခဏခဏပြောသည်.။ ဆိုင်မှာရောင်းမည့် အကြော်တွေ၊ ပဲတွေ ၊ ဘူးသီးခြမ်းတွေကိုင်တာကအစ လက်ဆေးပြီးမှ ကိုင်ရသည်.။
“ လက်ညစ်ပတ်တော့ ဘာဖြစ်လဲအမေရ..၊ သူတို့ရှေ့ကျ ပြောင်နေရင်ပြီးတာပဲမဟုတ်ဘူးလား…”
ခဏခဏ အဆူခံရသည့် အငယ်ကောင်က မကျေနပ်သလို ကျေနပ်သလို မေးတော့ အမေက ပြုံးပြီး ပြန်ဖြေ သည်။
“ လူတကာ သန့်သန့်ရှင်းရှင်းစားရတော့ ကုသိုလ်ရတာပေါ့ကွယ်…။ ကိုယ့်ဖာသာ ဈေးရောင်းစားတာဆိုပေမယ့် သူများ သန့်သန့်ရှင်းရှင်းစားရတော့ မကောင်းဘူးလား. ။ မင်းကရော လက်ညစ်ပတ်နဲ့ ထမင်းစားချင်လား..”
“ ကျွန်တော်ကတော့ ကိုယ့်လက်နဲ့ ကိုယ်မရွံပါဘူး.။ ညစ်ပတ်တော့ ဘာဖြစ်လို့တုန်းအမေရ..”
အငယ်ကောင် အထွန့်ထက်ရှည်တော့ အမေ စိတ်တိုသွားသည်.။
“ ဒီသေချင်းဆိုးလေးဟာ.. ညစ်ပတ်တော့ ရောဂါ ရမှာပေါ့ဟ..၊ ငါတို့က သန့်သန့်ရှင်းရှင်း အကြော်ရောင်းတာ ၊ ရောဂါရောင်းနေတာမဟုတ်ဘူး..”
အမေနောက်ဆုံးပြောသည့် သန့်သန့်ရှင်းရှင်း အကြော်ရောင်းနေတာ ၊ ရောဂါရောင်းနေတာ မဟုတ်ဘူးဆိုသည့် စကားလေးကို နှင်းစိတ်ထဲမှာ သဘောကျစွာ.မှတ်ထားလိုက်သည်.။ အတန်းပညာ မတတ်သော အမေ ပြောသည့် စကား များသည် အတန်းထဲမှ ဆရာမ ပြောဖူးသော စကားများနှင့် ခပ်ဆင်ဆင်ဖြစ်နေသည်ကိုတွေးမိတော့ နှင်းပြုံးဖြစ်အောင် ပြုံးမိလိုက်သေးသည်.။
သြော်..အမေသည်.ရောဂါမရောင်းလိုသူ..၊ ကုသိုလ်ရောင်းလိုသူပါတကား..။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကျော်သူ ဂျူတီကုတ်ကို ညီညာအောင် ပြင်ဝတ်လိုက်သည်..။ ခေါင်းကို ဆီအနည်းငယ်ထည့်ပြီး သပ်သပ်ရပ်ရပ်ဖြီး ထားသည်.။ ဆရာဝန်ဆိုတာ အမြဲတန်းသန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နေမှ အဆင်ပြေမည်မဟုတ်ပါလား.။ အခု ကျော်သူ တို့ Final Part 1 ရောက်တော့ Trip ဆင်းရာကနေ ဟိုပုန်း ဟူသည့် ဒီမြို့လေးကိုရောက်လာတာဖြစ်သည်.။ ဆရာဝန် လောင်းလျာ သူငယ်ချင်း စုစုပေါင်း (၁၅) ယောက် ရောက်လာကြသော ဤမြို့လေးက တောင်ကြီးနဲ့နီးသော်လည်း ပြောသလောက် မဖွံဖြိုးသည့်နေရာတစ်ခုလိုဖြစ်နေသည်.။ ရွာမက၊ မြို့မကျ နေရာလေးတစ်ခု..။
Trip ဆင်းတော့ ဟိုပုန်း တိုက်နယ်ဆေးရုံမှာတည်းကြရသည်.။ ကျေးရွာဒေသတွေကို ကွင်းဆင်းလေ့လာရေး လုပ်ရသည်.။ အဖြစ်များသော ရောဂါများကို လေ့လာသုံးသပ်ကြရသည်.။ ထို့အပြင် ရွာများနှင့် ဟိုပုန်းရှိ စာသင်ကျောင်းများတွင်ပါ. ကျန်းမာရေး ဟောပြောပွဲများပြုလုပ်ကြရသည်..။ ရွာတွေမှာတော့ ကူးစက်ရောဂါတွေသိပ် မရှိလှ တောင်ပေါ်ဒေသက လူတွေက မြေပြန့်ကလူ တွေလောက် ဆီးချို၊ သွေးတိုး စသည် တို့အဖြစ်သိပ်မများ တာတွေ့ရသည်.။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးက သွေးတိုးနှင့် နှလုံးရောဂါဖြစ်နေသည်.။ အာရှ အဆင့်နှင့်ယှဉ်လျှင်ပင် နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကြောင့် သေဆုံးရ သည့် စာရင်းမှာ မြန်မာနိုင်ငံက ထိပ်တန်း မှာပါဝင်နေသည်.။ ထို့အတွက် ဒီနေ့ ကျောင်းဟောပြောပွဲမှာ ကျော်သူ ပြောရမည့် ခေါင်းစဉ်ကို ပြည့်ဝဆီများ၏ အန္တရာယ် ဆိုသည့် ခေါင်းစဉ်ကို ရွေးချယ်လိုက်သည်.။ တကယ်တော့ အလယ်တန်းကျောင်းသား အဆင့်ထက် အနည်းငယ် မြင့်နေမည်ဟု ထင်မိသော်လည်း ငယ်စဉ်ကျောင်းသားဘ၀ ကတည်းက အသိပညာကိုရိုက်သွင်း ပေးရမည်ဟု ကျော်သူ စိတ်ထဲမှာ ယုံကြည် ထားလိုက်သည်.။
“ တက်ကြွလှချည်လား ကျော်သူရ… ဟောပြောပွဲက ထမင်းစားကျောင်းတက်တဲ့အချိန်ကျမှလေ..”
အာကာဇော်က အဆောင်ကော်ရစ်ဒါမှာ စာအုပ်တစ်အုပ်ကိုင်ထားရင်း လှမ်းပြောသည်.။ ဘာရယ်မဟုတ်.သူကိုင် ထားသည့်စာအုပ်ကို အမှတ်အထင်ကြည့်မိသည်.။ ဒေါက်တာ --- ရေးသားသည့် သားဆက်ခြားကျန်းမာရေး ဆိုသည့်စာ အုပ်..။ ထိုစာအုပ်က အထက်တန်းကျောင်းသားများကို ဟောပြောမည့် သူတို့အရွယ်မျှ သိသင့်သော သားဆက်ခြားကျန်း မာရေး အသိပညာများအကြောင်းပါဝင်ကြောင်း ကျော်သူသိထားသည်.။ သြော်… ကိုယ့်ဆရာက ဒီခေါင်းစဉ် ရွေးသကိုး.။
“ ရှမ်းပြည်နယ်မှာ နေရတာ တော်တော်ကောင်းတယ်ကွာ.။ ခုချိန် မန်းလေးမှာဆို ဘယ်နေနိုင်လိမ့်မလဲ…”
“ အင်း.. ခုလောက်ဆို တော်တော်ပူနေပြီ.. ၊ ဒါနဲ့ မင်းဒီနေ့ ပြောမှာ သားဆက်ခြား ကျန်းမာရေး အကြောင်းလား အာကာ.”
“ အာ မဟုတ်ပါဘူး သူငယ်ချင်းရာ.. ငါက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေအကြောင်းကို ပြောမှာ..”
အာကာက ရယ်ဖြဲဖြဲနှင့် ဆိုသည်.။
“ မသိဘူးလေကွာ..မင်းက သားဆက်ခြား ကျန်းမာရေးစာအုပ်ကြီး ကိုင်ထားလို့ ငါက ပြန်ကြည့်နေတယ်မှတ်နေ တာ..”
“ မဟုတ်ဘူး သူငယ်ချင်းရ.. ဒီရှမ်းပြည်နယ်မှာ လူတွေကတောင်ယာလုပ်ကိုင်စားသောက်ကြတဲ့သူတွေပီပီ ဆေး ပညာဗဟုသုတ နည်းတယ်ကွာ.။ သားဆက်ခြားနဲ့ ပတ်သတ်ပြီးဟိုးတစ်နေ့က တပ်မတော်ကွန်ပျူတာ သင်တန်းကျောင်း နားက ရွာမှာ သွားပြောတဲ့နေ့က လူကြီးတွေကို ပြောတာတောင် တော်တော် လက်ဝင်တယ်ကွာ.။ စားဆေး၊ ထိုးဆေး၊ ရက်ရှောင်၊ UID ပစ္စည်းထည့် အဲဒါတွေအကုန်လုံးကို မြို့နယ်တွေမှာ အသိပညာပေးနေတာကြာပြီ..ငါလည်း သိပြီးသား တွေမှတ်လို့ ကျော်ပြောသွားတာ..နောက် မေးကြည့်တော့ ဘာမှ မသိသေးဘူး..အကုန်အစိမ်းသက်သက် ဖြစ်နေလို့ အစက အဆုံးပြန်ပြောခဲ့ရတယ်..သူတို့သိတာက ကွန်ဒုံးသုံးရမယ်ဆိုတာလေးတစ်ခုလောက်ကောင်းကောင်း သိလို့ တော် သေးတယ်..၊ ဒါတောင် စနစ်တကျမသိဘူး.ကြားဖူးရုံပဲကွ..”
“ ဟုတ်တယ်နော် သူငယ်ချင်း.. ပြီးတော့ မင်းအခုရွေးတဲ့ခေါင်းစဉ် မှန်တယ်ကွ..။လူကြီးတွေတောင် ဒီလောက် စိမ်းနေရင် အခု ကလေးတွေပြောလို့ ဘာမှ နားလည်မှာမဟုတ်ဘူး.။ နောက်ပြီး ဒီဖက်အရပ်ဒေသတွေက တစ်ချိန်က မူးယစ်ရာဇာတွေ ရှိခဲ့တဲ့နေရာတွေဆိုတော့ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး ဆိုးကျိုးတွေအကြောင်း ပြောတာ သိပ်ကောင်းတယ် သူငယ်ချင်း..”
“ ဒေါင်..ဒေါင်..ဒေါင်.ဒေါင်..”..
ကျော်သူတို့ စကားပြောနေရင်း ကျောင်းတက်ခေါင်းလောင်းမြည်သံကြောင့် စကားစ ပြတ်သွားသည်..။
“ အင်း ကျောင်းလည်းတက်ပြီး သွားစောင့်နေတာ ကောင်းမယ်ကွာ.. တော်ကြာ ကိုယ့်ကိုစောင့်ရင်း ကလေးတွေ ကိုထိန်းရတဲ့ ဆရာမတွေရဲ့ ဒုက္ခကလည်း သေးတာမဟုတ်ဘူး..”
ကျော်သူ စိတ်ကိုစုစည်းလိုက်သည်…။ စိတ်ထဲမှာတော့ သူဟောပြောရမည့်ကလေးတွေနှင့် အသိပညာရရှိပြီး ကျန်းမာရွှင်လန်းနေမည့် ကလေးများကို မျက်စိထဲမြင်ယောင်ရင်း ကျေနပ်နေမိတော့သည်.။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီနေ့ ကျောင်းမှာ ဆေးတက္ကသိုလ်က ဆရာဝန်ဖြစ်ခါနီး ဆရာဝန်လောင်း အစ်ကိုကြီး၊ အစ်မကြီးတွေလာကြ သည်။ ကျောင်းမှာ ဟောပြောပွဲတွေလုပ်ကြသည်.။ ကျန်းမာရေးအကြောင်း မိုးရာသီမှာဖြစ်တတ်သည့် ၀မ်းပျက်၊ ၀မ်းလျှော ရောဂါ အကြောင်း ၊ သွေးလွန်တုပ်ကွေး ရောဂါ အကြောင်း၊ သန်ကောင်ရောဂါအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အကြောင်း စသဖြင့် ဟောကြပြောကြ သည်.။ အရင်ကတည်းက ဆရာမ တွေ ပြောတာတော့ နားစွန်နားဖျားကြားဖူးသည်.။ ဒါပေသိ. နှင်း အဲဒါတွေသိပ်မယုံပါ.။ ၀မ်းပျက်ဝမ်းလျှောဖြစ်တိုင်း အမေ တိုက်သည့် ဆေးတွေသောက်ပြီးပျောက်သွားတာချည်း.။ ဖျားနာလျှင်လည်း ထိုနည်း လည်းကောင်း ။ ဗမာဆေး အမှုန့်ခါးခါးကြီးတွေ ရေနွေးနှင့်သောက်၊ ဒါမှ မသက်သာလျှင် နောက်ရက် ကွမ်းယာဆိုင်မှာ အဖျားပျောက်ဆေးလို့ ပြောဝယ်လျှင် ရသော ဆေးပြားဖြူဖြူလေးတွေသောက်..။ နောက်တော့လည်း အလုပ်လုပ်ရင်း၊ ချွေးထွက်ရင်းပင် ပျောက်သွားတာများသည် ..။ သူတို့ပြောသည့်ဟာတွေလည်းတစ်ခုမှ မလုပ်ဖူးဘူးထင်သည်.။ သို့သော် လည်း နှင်းတို့ ခုထိတော့ ဘာရောဂါမှ ဆိုးဆိုးဝါးဝါးမဖြစ်သေး..။ ခုလည်း သူတို့ပြောလို့သာ နားထောင် နေရသည်..။ စိတ်ကတော့ သိပ်မပါလှ.။ ကျောင်းကပြန်လျှင် ဈေးဝင်ပြီး ဆန်မှုန့်ဝယ်ရမည်.။ မောင်နှမနှစ်ယောက် တစ်ယောက်က လွယ်အိတ်နှစ်လုံးသယ်၊ တစ်ယောက်က ဆန်မှုန့်အိတ် ကိုမ.။ တစ်ယောက်တစ်လှည့်စီမရင်း အိမ်ရောက်လျှင် နှစ်ယောက် စလုံး ကျောင်းစိမ်းလုံချည်တွေ ရစရာမရှိအောင် ဖွေးနေတတ်သည်.။ ဒီနေ့လည်း အမေမှာထားသည့် ဆန်မှုန့်ထုပ် သွားသယ်ရမည်ကို ခေါင်းထဲမှာ တွေးမိနေသည်.။
“ နောက်ဖက်က ရှစ်တန်းတွေ သိပ်မဆူနဲ့ကြားလား…”
ဟောပြောပွဲမှာ စည်းကမ်းကြပ်မတ်ရေးလုပ်နေသည့် ဆရာမ အသံကြားမှ နှင်းစိတ်တွေ ကျောင်းခန်းမထဲ ပြန်ရောက်လာသည်.။ ခုနက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းပြောနေသည့် အစ်ကိုကြီးပင် ပြန်ဆင်းသွားပြီ..။ နာရီ မ ရှိပေမယ့် ဒီတစ်ယောက်ပြီးရင်ကျောင်းဆင်းချိန် ရောက်တော့မည်ဆိုသည်ကို ကျောင်းသားတို့ဘာသာဘာဝ အလိုလိုသိ နေ၍ စိတ်အနည်းငယ်ပေါ့သွားသည်.။
“ ကဲ ..အစ်ကိုကတော့ မန္တလေး ဆေးတက္ကသိုလ် မှာ စတုတ္ထနှစ်တက်နေတဲ့ ကိုကျော်သူပါ..။ ညီလေးတို့ ညီမလေးတို့ကို ပြောပြမယ့် အကြောင်းကတော့ ပြည့်ဝဆီ အကြောင်း.. ဘာဆီလဲ…”
“ ပြည့်ဝဆီ..”
နှင်းအပါအ၀င် ကလေးများအားလုံးက သံပြိုင်လိုက်ဖြေကြသည်.။
သူပြောသည့် ဆီကို နှင်းတစ်ခါမှမကြားဖူးချေ.. ။ တစ်သက်လုံးစားလာသည်က အမေ အကြော်ကြော်သည့် စားအုန်းဆီသာဖြစ်သည်.။ ပဲဆီတို့ဘာတို့တော့ မစားနိုင်တာတောင် တော်တော်ကြာခဲ့ပြီ..။ စင်ပေါ်က အစ်ကိုကြီးက ဆက်ပြောသည်.။ သူပြောတာကိုတော့ နှင်း စိတ်ဝင်စားစွာ နားထောင်မိသည်.။
“ ညီလေးတို့ ညီမလေးတို့စားနေတဲ့ ဆီတွေကို ခွဲခြားမယ်ဆိုရင် ပြည့်ဝဆီနဲ့မပြည့်ဝဆီ ဆိုပြီးခွဲခြားနိုင်တယ်.။ အင်္ဂလိပ်လိုကတော့ (Saturated Fat) နဲ့ (Unsaturated Fat) လို့ခွဲခြားနိုင်တယ်.။ အင်္ဂလိပ်လိုကို ညီလေးညီမလေးတို့ မမှတ် နိုင်သေးရင် မြန်မာလိုပဲ မှတ်ထားကြပါ. ..”
စသဖြင့် ပြည့်ဝ ဆီများအကြောင်းနှင့် အန္တရာယ်များကိုဆက်လက်ရှင်းပြသည်.။ နှင်းရုတ်တရတ် ကြားမိတာက ဆိုင်မှာသုံးတဲ့ စားအုန်းဆီ တွေက မကောင်း ဆိုသည်ကို တစ်ချက်သတိထားမိ လိုက်သည်.။ အို..ဟုတ်ချင်မှ ဟုတ်မှာ ပါလေ..။ အမေက ဒီလောက်စေတနာကောင်းတာ. မကောင်းတဲ့ဆီတွေ မသုံးလောက်ပါဘူး. ဟုတွေးလိုက်မိသည်.။
နှင်းဆက်နားထောင်နေလိုက်သည်.။
“ အထူးသဖြင့် လက်ဖက်ရည်ဆိုင်တွေ၊ အကြော်ဆိုင်တွေမှာ ကြော်ပြီးသားဆီကို ထပ်တစ်လဲလဲပြန်ကြော်ကြ တယ်..၊ အဲဒါတွေက ပိုလီပြည့်ဝဆီတွေ ထပ်တလဲလဲ ဖြစ်ပြီး အရမ်းအန္တရာယ်ရှိတယ်.။ အစ်ကိုကြီးတို့ အနေနဲ့. ဒီကိစ္စတွေ ကိုပညာပေးတွေ လုပ်ထားတယ်.။ ဒါပေမယ့်လည်း မြို့ကြီးတွေမှာတောင် ၀ိသမ လောဘသားတွေက ကိုယ့်အကျိုးကိုပဲ ကြည့်ပြီး ကိုယ့်ဆိုင်မှာစားတဲ့သူတွေကို ကျန်းမာရေးထိခိုက်မှာကို အလေးမထားကြဘူး.။ အဲဒီစိတ်ဓါတ်က ကောင်းသ လား..”
“ မကောင်းပါဘူး..”
ကျောင်းသားတွေ သံပြိုင်လိုက်ဖြေတဲ့အချိန် နှင်းဒေါသထွက်သလိုလိုဖြစ်သွားသည်..။ အမေ့ကိုတောင် ၀ိသမ လောဘသား လို့ပြောနေပြီ..။ အမေက ဘာလို့ ဆိုင်မှာလာဝယ်တဲ့သူတွေကို ကျန်းမာရေးထိခိုက်မှာ အလေးမထား ရမှာလဲ.။ အမေက သူတို့ လက်တွေညစ်ပတ်ရင်တောင် မကြာခဏ ဆူသူ မဟုတ်ပါလား..။ ဖြစ်နိုင်လျှင် ထပြီး အော်ပြောပစ်လိုက်ချင်သည်.။ ကြောက်စိတ်နှင့် သိမ်ငယ်စိတ်ကြောင့် မဆိုသာချေ..။ နှင်းငိုချင်လာသည်.။ ပတ်ဝန်းကျင် က ကျောင်းသား ကျောင်းသူတွေကတော့ အရှေ့က အာပေါင်အာရင်းသန်သန် နှင့်ပို့ချ ဟောပြောသည်ကို လိုက်ဖြေနေကြ သည် . ။ နှင်းကတော့ စိတ်ကျဉ်းကြပ်လာသည်.။ သူမဘာဆက်လုပ်ရမလဲ..။
ဆက်လက်ပြီး စင်ပေါ်က အစ်ကိုကြီးက ပြည့်ဝဆီတွေစားသုံးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ သွေး တိုးရောဂါတွေ၊ နှလုံးရောဂါတွေဖြစ်ပွားနိုင်ကြောင်း..ပြောပြပြန်သည်.။
“ ကဲ.. အခုဆိုရင် ညီလေးတို့.၊ ညီမလေးတို့ ပြည့်ဝဆီကို စားသုံးလို့ ဖြစ်လာမယ့် ကျန်းမာရေးထိခိုက်မှုတွေကို သိပြီဆိုတော့ နောက်ဆိုရင် အဲဒီလို ပြည့်ဝဆီနဲ့ ကြော်ထားတဲ့ မုန့်တွေ၊ အကြော်တွေ ကို စားဦးမှာလား..”
“ မစားတော့ပါဘူး….”
“ ညီလေးတို့ ၊ ညီမလေးတို့ အမေတွေ အဖေတွေကိုရော.။ အဲဒီလို ဆီတွေစားခိုင်းမှာလား.”
“ မစားခိုင်းပါဘူး..”
“ ဒါဆို အိမ်ရောက်တာနဲ့ ပြောပြရမယ်..။ အစ်ကို့ကို ကတိပေးမှာလား..”
“ ပေးမှာပါ..”
ဟောခန်းတစ်ခုလုံး တက်တက်ကြွကြွ သံပြိုင်အော်ဟစ်ကြသည်.။ အားလုံးရဲ့ မျက်လုံးလေးတွေက အမှန် တကယ် ပင် အိမ်မှာ မိဘများကို အသိပေးမည့် အရိပ်အယောင်တွေလင်းလက်နေသည်.။ နှင်းကတော့ လိုက်မအော်။ မည်သို့ မည်ပုံ အမေ့ကို ပြောရပါမည်နည်း.။
နှင်းမျက်ရည်တွေကျလာသည်.။ သူလိမ်နေတာ.။ အမေ့လောက်စေတနာထားတာအမေပဲရှိတယ်.။ ဒီလူကြီးကို မယုံကြပါနဲ့.။ သူလိမ်နေတာ..။ ငါတို့စီးပွားရေးကို ပျက်စီးအောင်လုပ်နေတာ..။ ငါ့အမေကိုတောင် သူစွပ်စွဲတယ်..။ ငါ့အမေ လောက် ငါ့ဆိုင်မှာစားတဲ့သူတွေကို ကျန်းမာစေချင်တာ ငါ့အမေပဲရှိတယ်.။ သူ့ကို မယုံကြပါနဲ့…။
ရင်ထဲမှာအော်ငိုမိသောစကားတွေ.. ။
တားဆီးမရထွက်လာသော မျက်ရည်များကို..ထိန်းရင်း ဘယ်သူမှ မမြင်ခင် နှင်း ကျောင်းခန်းမထဲက ပြေးထွက်လာမိတော့ သည်.။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဆွေးနွေးပွဲပြီးတော့ ကျောင်းက တိုက်သည့် အအေးနှင့် မုန့်ကိုစားပြီး ကျောင်းဝင်းအပြင်သို့ ထွက်လာကြသည်.။
“ ခုနက မင်းပြောသွားတဲ့ သိပ်ကောင်းတာပဲကျော်သူရာ..၊ ကလေးတွေကို မျက်လုံးလေးအ၀ိုင်းသားလေးနဲ့. ငြိမ် နေတာပဲ ..”
“ ကျော်သူက တော်ကီကောင်းတယ်နော်.. .”
ဘေးက သဉ္စာ တို့အုပ်စုက ရွဲ့သလိုလို အတည်လိုလိုပြောသွား သေးသည်.။
“ ငါ တော်ကီကောင်းတာမဟုတ်ပါဘူးကွာ.။ ကလေးတွေကအားတက်သရော လိုက်ဖြေကြတော့ တစ်ဖြည်းဖြည်း နဲ့ မာန်ပါသွားတာပါ..ဟဲဟဲ..”
ကျောင်းဝင်းအပြင်မှာ လာကြိုမည့်ဖယ်ရီကားကိုစောင့်နေရင်း ကျောင်းပြန်သည့်ကလေးများကိုငေးမောကြည့်နေ မိသည်.။ တစ်ချိန်က သူလည်းဒီလို ဖြူစင်တဲ့ဘ၀လေးက ရုန်းကန်ရင်း ကြီးပြင်းလာသည်ပဲ မဟုတ်လား.။
တွေးနေရင်းနှင့် ပင်..ဖယ်ရီကားလာသည်.။ ကျောင်းက ဆရာ၊ ဆရာမတွေကို နှုတ်ဆက်စကားဆိုပြီး ကားပေါ်သို့စတက်ကြသည်.။ ကားပေါ်တက်ပြီးကားဘီးစလိမ့်တော့ ကားနောက်နားက ကျောင်းသူ မိန်းကလေး တစ် ယောက်က သူတို့ကားဆီ ဦးတည်ပြေးလာသည်.။ ကျော်သူရှိမည့် ညာဖက် အခြမ်းဖက်ကို လက်ညှိုးထိုး၍ ပါးစပ်က “ “လူလိမ်ကြီး” လို့ စူးစူးဝါးဝါးအော်သည်.။ ကားပေါ်မှ ဆရာဝန် လောင်းတွေ ၀ိုင်းရယ်ကြသည်.။ မင်းကိုပြောတာနေမှာ.၊ နင့်ကို ပြောတာ နေမှာ.. လုပ်ရင်း အချင်းချင်း စနောက် နေကြသည်.။ ခုနက လှမ်းအော်သည့် ကျောင်းသူကလေးမ လေးကတော့ ခပ်ဝေး ဝေးမှာ ကျန်ခဲ့ပြီ..။ ကားပေါ်ကရယ်သံများကတော့ တစ်ချက်တစ်ချက် အကင်းမသေချင်သေး…။ ကျော်သူကတော့ သက်ပြင်းတစ်ချက် ချရင်းပြုံးလိုက်သည်.။ သူ ငယ်စဉ်ကလည်း ဒီလို ကြောင်တောင်တောင်အပြုအမူ တွေလုပ်ခဲ့ဖူးလိမ့်မည်ဟု တွေးမိလိုက်သေးသည်.။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဂျပန်ပိတောက်ပင်တွေ စီတန်းပြီးပေါက်နေတဲ့ မြေနီလမ်း တစ်ခုပေါ်မှာ ကလေးမလေးတစ်ဦးနှင့် သူမ၏ မောင်ဖြစ်သူ မူလတန်းကလေးငယ်တစ်ဦး ရပ်နေသည်.။ ကလေးမလေး မျက်လုံးများက နီရဲ မို့မောက်လျက်..။
“ မမ နင်ဘာလို့ ငိုထားတာလဲ. ငါ့ကိုပြောပြပါဆို.…”
အငယ်ကောင်က မသင်္ကာသော အကြည့်နှင့်မေးသည်…။
နှင်းပြောချင်စိတ်မရှိ…။
ကားပေါ်က အမေ့ကို စွပ်စွဲသည့်လူကြီးကို အော်လိုက်တော့သူ့ကိုပင် ၀ိုင်းရယ်ကြသည်ကိုလည်းစိတ်ထဲမှာ ပြန် မြင်နေသည်.။ ဒါပေမယ့် အဲဒီလူကြီးပြောစကားတွေ မှန်နေသည်ဆိုတာကို သူ့မသိစိတ်ကရော သိစိတ်ကပါ လက်ခံနေသည်.။ ဒါဆို အမေက သူပြောသလို ၀ိသမ လောဘသားလား..။ ဒါလည်း သူ့စိတ်ကလက်ခံလို့မရ.။ တွေးမိတဲ့ကိုယ့်ကိုယ်ကို စိတ်တိုသလိုဖြစ်မိနေသည်.။ လောလောဆယ်..သူဆန်မှုန့်အိတ်သွားသယ်ချင်စိတ်မရှိ..။ သူဘာ ဆက်လုပ်ရမည်ကိုလည်းသူ့စိတ်ထဲမှာမသိ..။ အမေ မနက်ကပြောသည့်..ငါတို့က သန့်သန့်ရှင်းရှင်းအကြော်ရောင်းနေတာ၊ ရောဂါရောင်းနေတာ မဟုတ်ဘူးဆိုသည့် စကားလေးကလည်း နားထဲက ခုထိ မထွက်..။ နှင်းမျက်ဝန်းမှာတော့ မျက်ရည် တွေကျလျက်…။ အမေ့ကိုတားဆီးရမည်ဟု ကတိမပေးထားသော်လည်း နှင်း အမေ့ကို ပြောရမည်ကိုသိနေသည်.။ သို့သော် ဘယ်လိုပြောရမလဲ မစဉ်းစားတတ်...။ နှင်းသိလိုက်တာက နှင်းတို့ အိမ်နဲ့ နှင်းတို့ မိသားစုရဲ့ အနာဂါတ်တွေက.. ခုနက လူလိမ်ကြီး စီးသွားသော ကားဘီးရာတွေနောက်မှာ ပါသွားပြီ…။
မိုးသက်ဦးလွင်
( အမေသည်.ရောဂါမရောင်းလိုသူ..၊ ကုသိုလ်ရောင်းလိုသူ
ReplyDeleteတဲ့ ) အရမ်းကောင်းတယ်ဝတ္ထုတိုလေးတစ်ပုဒ်ပါ။