Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, June 29, 2014

မပြီးပဲ ဆုံးသော ဇာတ်လမ်းတစ်ပုဒ်....


Google Earth မှ ပြင်ဦးလွင်-မန္တလေးကားလမ်းမကို တစ်လျှောက်ကို သူကြည့်နေသည်..။ မေမြို့ဇာတိ ဖြစ်သော သူ့အတွက် ဒီလမ်းတွေ၊ ဒီအမှတ်အသားတွေက အထူးအဆန်းတော့ မဟုတ်ခဲ့..။ မွေးရပ်မြေ၏ တန်ဖိုး ကို ဝေးသောအခါမှ သိသည်ဆိုသည်ကား အလွန်မှန်သည်.။ မွေးရပ်မြေမှာ ရှိစဉ်က မပျော်ပိုက်မိသည့် မိမိကိုယ် ကိုပဲ အပြစ်တင်ရမလိုလို..။
လူ့စိတ်ကား ခက်လှသည် ..။ အစွဲဟုပင်ဆိုရမည်လား.။ ပန်းချင်းတူလျှင် မွေးရပ်မြေမှ ပန်းက ပိုမွှေး သည်။ ရေချင်းတူလျှင်လည်း မွေးရပ်မြေက ရေကမှ ပိုကြည်၊ ပိုအေးချင်နေသည်..။ ဒါက ဖြစ်တတ်တဲ့ သဘော ပင်ဖြစ်သည်…။
သူ မေမြို့ကို မရောက်ဖြစ်တာ ၃ နှစ်တင်းတင်း ပြည့်ခဲ့ပြီလေ..။
Mouse ဘီးလုံးလေးကို လှိမ့်ရင်း Google earth ရဲ့ ဂြိုဟ်တု မြေပုံတစ်လျှောက် ဆွဲရင်း မန်းမှ မေမြို့ကို ပြန်တက်လာသည့် ပုံပမာ. စိတ်ကူးယဉ်ခံစားနေမိသည်.။ အမေနှင့်ဝေးသည့် သားတစ်ဦး အမေ့ရင်သို့ ပြန်ဝင် ခါနီးခံစားမှုမျိုး.။ အဲဒီမြို့မှာပဲ သူ့အမေရှိသည်.။ အမေနေသော မြို့ဖြစ်သော မေမြို့ကို သူသိပ်လွမ်းနေသည်..။
ဒီနေရာက ဆိတ်သည်းချောက်၊ ဒီနေရာက လှမ်းကြည့်ရင် ဟောဟိုဖက်က ကျွဲနဖားတောင်ကြီး..။
          သူမျက်စိထဲ မြင်ယောင်နေမိပြန်သည်.။ ကျောက်ချောရွာအထွက် တောင်ပေါ် အတက်လမ်း စတင်သည် နှင့် လေအေးအေးများစတိုက်လာသည် ဆိုသည်ကို စိတ်ထဲခံစားနေမိသည်..။ ယခု သူနေထိုင်ရာအရပ်သည် ကမ္ဘာ့အအေးဆုံးနိုင်ငံများထဲမှာ တစ်ခုဖြစ်သော်ငြား. လေအေးချင်းပင် အမေ့အိမ်က လေအေးက ကြည်နူးဖွယ် သာယာဖွယ်ဟု ယူဆထားသည်..။
          အပေါ်တက်လာတော့ နာမည်ကျော် မီးသတ်ကွေ့ဟု ခေါ်သည့် Accident အဖြစ်အများဆုံး ကွေ့နှင့် စေတီကို တွေ့ရပြန်သည်..။ Location ပြထားသည့် ဓါတ်ပုံများကို ဝင်ကြည့်ရင်း အရွက်စိမ်းစိမ်းများ၊ အပူပိုင်းရွက်ပြတ်တော ၏ ရတနာ သစ်မာများအကြောင်းခေါင်းထဲ ရောက်လာပြန်သည်.။
          အပေါ်ကို ထပ်တက်မိတော့ ၂၁ မိုင် ယာဉ်ရပ်နားစခန်း ဟုခေါ်သည့် စားသောက်ဆိုင်တန်းများ…။ မြေပုံပေါ်တွင် တဂ်ထားသော ဓါတ်ပုံတစ်ပုံကို ဖွင့်ကြည့်လိုက်မိလေလျှင် .. သူမျက်လုံးများ အလိုအလျောက် တည်ကြည်လေးနက်သွားရသည်..။ တွေဝေလွမ်းဆွေးမှုပုံရိပ်များမှ တစ်စုံတစ်ရာကို သတိရဟန်အဖြစ်သို့ စက္ကန့် ပိုင်းမျှ ကူးပြောင်းသွားပြီးလျှင် ပိုမို တွေဝေလွမ်းဆွတ်သော အကြောင်းအရာတစ်ခုကြောင့် သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်မိသည်..။
          သြော်.. ကိုကိုးရယ်… ။
          သူ့မျက်လုံးများကို ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ ခွာသည်.။ ပြတင်းတံခါးဖွင့်ထားသောကြောင့် အခန်း ပြင်ကလရောင်ကို အတားအဆီးမဲ့စွာ မြင်နေရသည်..။ မိုးနံ့မကင်းသော လေအေးသည် သူ့မျက်နှာပြင်ကို ထိ တို့ ကစားလေသည်..။ ထိုအချိန်တွင် သူ့စိတ်အလျင်က ပစ္စုပ္ပန်ကာလနှင့် ခေတ္တမျှ အဆက်အသွယ် ပြတ်တောက် သွားလေသည်…။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

          အဲဒီအချိန်က သူ ပြင်ဦးလွင်မှာ…။
          ဘာသာစကားသင်တန်းတက်နေရင်း သင်္ကြန်တွင်းကာလခွင့်ပေးချိန်မို့ စစ်ကားကြီးများနှင့် မန္တလေး အထိ သင်တန်းက လိုက်ပို့သည်..။ လမ်းတစ်ဝက်ဖြစ်သော ၂၁ မိုင် ယာဉ်ရပ်နားစခန်းမှာ ခဏရပ်ကြသည်…။ ၂၁ မိုင်ရောက်တော့ သူတို့ ကားတန်းကြီးအပြင် နောက်ထပ် ကားတန်းကြီး တစ်ခု ထပ်တွေ့ရသည်..။
     “ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဘူမိဗေဒ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်” ဆိုသည့် နဖူးစီးစာတမ်း ကို ရှေ့ဆုံးကားမှာ သွားတွေ့ရသည်..။ သူ့ရင်ထဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်..။
          ဟာ…. ဒါဆို ကိုကိုးတို့ပေါ့..။
          စိတ်ထဲမှာ တွေဝေနောက်ကျိသွားရသည်..။ မျက်စိထဲမှာ မြင်နေတာက မေ့မျက်နှာ..။ နင်ရထားပေါ်မှာ ပဲများမနေနဲ့ဦးနော်.. လို့ မေကမှာလိုက်သေးသည်..။ ဘောင်းဘီအိပ်ကပ်ထဲလက်စမ်းလိုက်တော့လည်း မေ ပေးလိုက်သည့် စတစ်ကလေး..။ ငါ့ပုံတွေ သူများကိုလျှောက်ပြမနေနဲ့.. ဆိုတာကခေါင်းထဲ ဝင်လာလိုက်သေး သည်.။
          အာ.. ဘာတွေလဲကွာ..။
          သူနည်းနည်းတော့ ခေါင်းရှုပ်သွားသည်..။
          စဉ်းစားကြည့်တော့  ကိုကိုးနဲ့ သူ ဒီတစ်ခါပြီးနောက်တစ်ခါ ဆုံစရာမရှိတော့ပါ…။ အဖြူစင်ဆုံး၊ အသန့် ရှင်းဆုံးမျက်နှာဖြင့် နှုတ်ဆက်မည်ဟု စိတ်ကူးလိုက်သည်..။
          ရှေ့ဆုံးကားတံခါးပေါက်သို့ခပ်တည်တည်သွားရပ်သည်..။ ရှေ့က ဒရိုက်ဘာဘေးမှာ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ထိုင်နေသည်..။ ပုံစံကြည့်ရသလောက် ဆရာမ ဖြစ်ဖို့ များသည်..။  
          “ ဟုတ်ကဲ့ ဆရာမလားခင်ဗျာ.. ”
          “ ဟုတ်ကဲ့ ရှင် ဘာကိစ္စ ရှိလို့လဲ မသိဘူး.. ”
          ထိုဆရာမက ယူနီဖောင်းဖြင့် ပခုံးပေါ်နှစ်ပွင့်တင်ထားသော သူ့အား ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မေးခြင်း ဖြစ်သည်..။
          “ ဟုတ်ကဲ့ဆရာမ. ဒီယာဉ်တန်းမှာ ဝင့်ရွှေရည်ဇော်ဆိုတဲ့ ကောင်မလေး ပါလားမသိဘူးခင်ဗျာ.. သူက သူ့အသိပါခင်ဗျ.. ”
          “အယ်.. အဲဒီနာမည် မပါဘူးရှင့်…” “ဟုတ်ကဲ့ပါတယ်ရှင့်.. နောက်ကားမှာပါ..”
          အသံ နှစ်သံ တစ်ပြိုင်တည်းလိုလိုထွက်သည်..။ မပါကြောင်းငြင်းသည်က ဆရာမဖြစ်ပြီး. ပါသည်ဟု ထောက်ခံသည်က ဒုတိယတန်းက ကောင်မလေးတစ်ဦး..။
          ဆရာမက ထိုကောင်မလေးကို အလိုက်မသိတတ်ရန်ကော ဆိုသည့်အကြည့်နှင့်ကြည့်သည်.။
          သူ မပြုံးမိအောင် ထိန်းလိုက်ရသည်..။
          နောက်ကားများ တစ်စီးပြီး တစ်စီး မေးသွားတော့ .. နောက်ဆုံးကားထိ ရောက်သွားသည်..။ ကားပြတင်းပေါက်က အော်မေးကြည့်တော့ .. ဟော သူမကို တွေ့ပါပြီ..။
          မှန်ပြတင်းပေါက်က ခေါင်းလေးပြူထွက်ရင်း သူ့ကို ပြုံးပြနေသည်…။
          သူမ ထိုင်နေတာက နောက်ဆုံးကားရဲ့ နောက်ဆုံးခုံ၊ ညာဖက် ပြတင်းပေါက်ဘေးမှာ ထိုင်နေခြင်း ဖြစ်သည်.။  
          “ကိုကိုး ကိုယ့်ကို မှတ်မိလား.. ”
          “မှတ်မိတာပေါ့. ကိုကြီးရ.. ”
          သူမ အသံကိုကြားတော့ ညွတ်နူးမလို ဖြစ်သွားသည့် ကိုယ့်စိတ်ကို ပြန်ထိန်းသည်..။ မျက်နှာ အမူအယာကို ထိန်းနိုင်သော်လည်း ရင်ခုန်နှုန်းက ထိန်းလို့မရ.။
          “ ကိုကိုး အောက်ကို ခဏဆင်းခဲ့ပါလား.. ကိုယ်နဲ့စကားခဏ ပြောကြတာပေါ့.. ”
           “ အင်းးးးး ခဏနေကျရင် သမီးဆင်းခဲ့မယ်လေ… .”
          သူမက စဉ်းစားသည့် ပုံစံမျိုးလေး လုပ်ပြီးမှ ပြန်ဖြေသည်..။ လာပြန်ပြီလား .. ဒီသမီး ဆိုတာ.. လို့ ပြန်ပြောတော့ သူက ပြောင်စပ်စပ် အမူအယာဖြင့်  လျှာထုတ်ပြသည်..။
          လှိုက်လှိုက်လှဲလှဲ ပြုံးဖြစ်သွားသည်..။
          “အိုကေ.. ဒါဆိုကိုယ် ဒီဆိုင်ထဲမှာ စောင့်နေမယ်နော်..”
          သူမက ပြုံး၍ ခေါင်းညိတ်ပြသည်…။
          သူ သူမတို့ကားရပ်ထားသည့်နောက်မှ ဆိုင်ထဲသို့ဝင်လိုက်သည်..။ နောက်လှည့်မကြည့်ပေမယ့် သူ့နောက်ကျောကို သူမ လှမ်းကြည့်နေသည် ဆိုတာ အလိုလို သိနေသည်..။
          အပြင်ကို မြင်ရသည့် စားပွဲတစ်လုံးမှ ထိုင်ရင်း သူမ ကားပေါ်က ဆင်းလာမည့် အချိန်ကို စောင့်နေမိသည်.။ စိတ်ထဲမှာတော့ သူမကိုပြောရမည့် စကားလုံးများကို စာစီနေမိသည်..။ ခြေသလုံးထိရှိသော သူမ ဆံပင်ရှည်ကြီးမှ ရှိသေးရဲ့လား..။ လက်ကိုင်ပဝါပေးလျှင် မျက်ရည်သုတ်ရတတ်သည်၊ လက်ချောင်းချင်း ချိတ်တွဲ လျှင် ကြားလူဝင်တတ်သည်. ဆိုတော့ အယူသီးမှုတွေ ယုံကြည်နေသေးရဲ့လား..စသဖြင့် အတွေးတွေကလည်း အစီအရီ..။
          “ရေလည်ကျောက်တန်းဘုရားကို မသွားချင်ပါနဲ့ ကိုကြီးရာ.. အတွဲတွေသွားရင် ကွဲတတ်တယ်တဲ့..”
          သူမ ပြောခဲ့သည့်စကား..။
          အယူသီးမှုကို သူလက်မခံသော်ငြား.သူနှင့်သူမ အဆက်အသွယ်ပြတ်တောက်ခဲ့ကြတာ (၂) နှစ်ပြည့် တော့မည်ဆိုတာ သတိရမိ ပြန်သည်.။
          ခဏကြာတော့ သူမ ကားပေါ်မှ မတ်တတ်ရပ်သည်.။ ရှေ့ဆုံးကားက ဆရာမက သူမနှင့် စကားပြောနေသည်..။
          သူတို့စကားပြောပုံကြည့်ရတာ..အနည်းငယ် အခြေအတင် ဖြစ်နေပုံရသည်..။
          ခဏ ကြာတော့ သူမ ဆိုင်ဘက်အခြမ်း ကားပြတင်းပေါက်ကနေ ခေါင်းပြူထွက်လာသည်..။
          “ကိုကြီး.. ကိုကြီး..”
          သူမ အော်ခေါ်တဲ့အချိန် သူ ပြေးထွက်သွားတော့ သူမတို့ ကားတန်းကြီးက ဘီး စလိမ့်နေပြီ..။         
          “ဟာ…”
          သူမက စာရွက်အပိုင်းလေးတစ်ခုကို ကားပြတင်းပေါက်မှပစ်ချပေးသည်.။ ထိုစာရွက်အပိုင်းလေးက ကားထွက်သည့် လေအရှိန်များနှင့် ဝေ့ဝဲသွားပြီးမှာ ကားလမ်းရဲ့ ဟိုဖက်ကမ်းမှာသွားကျသည်..။
          ကိုရီးယားကားတွေထဲကလို ခပ်လှမ်းလှမ်းထိ သူ ပြေးမလိုက်ဖြစ်တော့ပါ..။ ဝတ်ဆင်ထားသည်က ယူနီဖောင်း နှင့် မဟုတ်ပါလား..။ အရပ်ဝတ်ဖြင့် ဆိုပါလျှင်လည်းသူ ပြေးလိုက်ဖြစ်မည် မထင်ပါ..။
          လမ်းဟိုဖက်ကူးပြီး စာရွက်သွားကောက်မှ သူမဖုန်းနံပတ်ကိုရေးပေးထားမှန်း သိရသည်..။
မန္တလေးရောက်မှ ဖုန်းဆက်လိုက်တော့မှ သူမက တောင်းပန်တိုးရှိုးသံဖြင့် ဆိုလာသည်..။
          “ကိုကြီးတို့ လူအုပ်ကလည်း အများကြီး.. သမီးတို့လူအုပ်ကလည်း အများကြီးမို့ ဆရာမတွေက ဟိုးအောက်က ဆိုင်တန်းကို ပြောင်းလိုက်တာ ” တဲ့..။
          ဆရာမတွေက အပျိုကြီးတွေ မဟုတ်လားလို့ မေးတော့ ဟုတ်ကြောင်းဝန်ခံသည်နှင့် ဒါကြောင့် ဖြစ်မယ် ဟု ပြောရင်းနှစ်ယောက်သား ရယ်ကြရသေးသည်..။
          “ကိုကြီးရော ရည်းစားအသစ် ရနေပြီလား..”
          “ဟင်.. ဒီလိုပါပဲ.. ”
          မတင်မကျ ပြောလိုက်ပြီးမှ မေ့မျက်နှာကို ကွက်ကနဲ မြင်လိုက်သည်..။ မရိုးသားသလို ဖြစ်သွားသည့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်..။
          “သမီးပွင့်ပွင့်လင်းလင်းပြောမယ်နော်… သမီး ခုထိ ရည်းစားမရသေးဘူး.။ အဲဒါ ကိုကြီးကို သမီး မမေ့နိုင် သေးလို့ပါ.. ”
          “လာပြန်ပြီလား.. ဒီသမီး..”
          “ကိုယ်…”
          တစ်ချိန်က သူစွဲလမ်းခဲ့ဖူးသည့် အခေါ်အဝေါ်မျိုး….။ သူအသက်ရှုကြပ်လာသည်..။ ဒါလားကွာ ယောက်ျား တစ်ယောက်ရဲ့ သစ္စာ..။ မင်းပဲ မိန်းကလေးတစ်ယောက်ကို အပျော် မချစ်တတ်ဘူးဆို..။ ခံစားလို့ကို မရတာဆို..။
          သူ ဘာမှ ပြန်မပြောမိ…။
          “ကိုကိုး ကိုယ့်ကို တစ်ခုမေးပါရစေ.. ကိုယ်. ကိုကိုး ကို ချစ်သေးရဲ့လားဟင်…”
          ငယ်ထိပ်တည့်တည့်ကို မိုးကြိုးပစ်ချလိုက်သလို မေးခွန်းမျိုး….။
          သူ ဘယ်လို ဖြေရမလဲ..။ မေ့မျက်နှာက အာရုံထဲမှာပေါ်လာသည်..။ မင်းယောက်ျားမဟုတ်ဘူးလား.. ။ မင်းသစ္စာတရားကိုဘယ်လို တန်ဖိုးဖြတ်မလဲ..။ လွယ်လွယ်နဲ့ မေ့ပစ်ခဲ့တာမဟုတ်ဘူးဆိုတာတော့ သေချာသည် ဒါပေမယ့်..။ လူ. လူထဲက ယောက်ျား.။ ယောက်ျားထဲကမှ ကတိနှင့်သစ္စာကို တန်ဖိုးထားရမည့် အရာရှိတစ်ဦး..။ ပြီးတော့ စစ်သည်တော်ကျင့်ဝတ်ထဲက.. မိန်းကလေးများနှင့်ကင်းကင်းရှင်းရှင်းနေပါ.. ဆိုသည့် ကျင့်ဝတ်.။
           “ဟဲလို. ကိုယ်.. ကိုယ်.. ကိုကိုးပြောတာ ကြားရသေးလား..ဟဲလို…”
          တစ်ဖက်က အသံမကြား၍ မေးလာမှ သတိပြန်ဝင်လာသည်..။
          သူ ပြန်မပြောသင့်တော့ပါ…။
          ချစ်သူကို ကတိအထပ်ထပ်ပေးပြီးသော်လည်း ခေတ္တမျှ တွေဝေမိသွားသော မိမိကိုယ်ကိုယ် အပြစ်တင်မိပါသည်..။
          နောက်ဆုံးတွင် အားတင်း၍ သူ ဖုန်းကို ပိတ်ပစ်လိုက်ပါတော့သည်..။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

          ထိုနေ့မှ စ၍ ကိုကိုးနှင့် အဆက်အသွယ် မလုပ်ဖြစ်တော့ပါ…။
          ၃ နှစ်ဆိုသော အတိုင်းအတာသည် ထိုအဖြစ်အပျက်ကိုစုံးစုံးမြုပ်သည်အထိ မေ့စေနိုင်ပါတကားဟု တွေးမိပြန်သည်..။ ယခုအချိန်ပြန်တွေးလျှင်မူ ရယ်စရာအတိသာ..။ ကိုကိုး၊ သူ ရော မေ ပါ. တစ်ယောက် တစ်နေရာစီတွင် စနစ်တကျ ဖြင့် အဆင်ပြေနေကြပြီမဟုတ်လား..။
          ပြတင်းပေါက်က လရောင်ကို ကြည့်ရင်း သူ ပြုံးမိနေလိုက်သည်.။ တစ်ခါတစ်ရံ ဘဝ၏  စုတ်ချက်များ သည် လှပ လွမ်းဆွတ်ဖွယ်ကောင်းသော အတိတ်ပုံပြင်များကို ခြယ်မှုန်းတတ်သည်ကို စဉ်းစားရင်းပင်..။
          "ခုတော့ ဆောင်းအိပ်မက် လိုပါပဲ ကိုကိုးရေ…"
သူ့နှုတ်မှ ဖွဖွ ရေရွတ်မိတော့သည်...။ 

~မိုးသက်ဦးလွင်~
           





ရေးသားသူ : မိုးသက် // 5:32 PM
အမျိုးအစား:

3 comments:


  1. ဘာပဲပြောပြော သစ္စာရှိဖြစ်ခဲ့ပါသေးဒယ်။ ph ပိတ်ခဲ့မိတာပဲ ~1'^_^

    ReplyDelete
  2. ဂူးဂဲလ်အာ့သ် ကျေးဇူးကြောင့် အဟောင်းအဟောင်းတွေကို အပ်ဒိတ် လုပ်မိနေပြီလား ကမိုးသက်။
    တန်ပါတယ်။ စုဆောင်းထားတဲ့ အလွမ်းတွေက လွမ်းမောဖွယ် ၀တ္ထုတို တစ်ပုဒ် ဖြစ်လာလို့။
    အဲ... နောက် ဂူးဂဲလ်အာ့သ်နဲ့ တခြားအရပ်တွေ ဆွဲကြည့်မနေပြန်နဲ့ဦး။း)

    ReplyDelete
  3. တစ်ခါတစ်ရံ ဘဝ၏ စုတ်ချက်များ သည် လှပ လွမ်းဆွတ်ဖွယ်ကောင်းသော အတိတ်ပုံပြင်များကို ခြယ်မှုန်းတတ်သည်...။။။

    သိပ်မှန်တာပေါ့...မိုးသက်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List