ဒီနေ့ လမ်းလျှောက်လို့ သိပ်ကောင်းတယ်.မခင်သီတာ ။ ရာသီဥတုက -၁ တဲ့.။ Real feel မှာ -၇ လို့ပြထားပေမယ့် ဦးထုပ်မလို လက်အိတ်မလိုတဲ့ ရာသီဥတုမျိုး..။ အတူလာတဲ့အစ်ကိုတွေနဲ့ လမ်းခွဲပြီး ဘယ်ဖက်ကို ကွေ့လိုက်တယ်..။ ကုတ်အင်္ကျီကော်လာ နားမှာ တွဲရရွဲကျနေတဲ့ နားကြပ်နှစ်ဖက်ကို ကောက်တပ်လိုက်တယ်.။ နှာခေါင်းထဲ အမျိုးသမီးသောက် စီးကရက်နံ့ ခပ်သင်းသင်းကို ရလို့ တူရူကို အာရုံပြုလိုက်တော့ ဘဏ်ထဲက ထွက်လာတဲ့ မိန်းကလေးတစ်ယောက်.။ သူ့ဆီကလာတာဖြစ်မယ်..။
အာရုံကို စလာတဲ့ သီချင်းသံမှာ ပြန်သွင်းလိုက်တယ်..။ ကိုလေးရဲ့ မိုးတိမ်ထဲဝဲသီချင်း..။
အမည်မဖော်နိုင်တဲ့ သောကများ ဒီ အရှိုက်ထဲထိ
မင်ကြောင်စုတ်ထိုး အပ်နဲ့ပေါက်သလို စူးနစ်ပြီး..
အဝတ်စုတ်တစ်ခုလို ငါ့အတွေးတွေ စွန်းပေနွမ်းခဲ့..
အရိပ်တွေ တစ်ခုစီ တစ်ခုစီ ငါ့ရင်ဘတ်ထဲ ထည့်ကာ...
ဖုန်းကို ဂျင်းဘောင်းဘီရှေ့အိပ်ထဲထိုးထည့်လိုက်တယ်.။ ငြိမ်းလုလုမီးတောက်က ပိုပြင်းပေမယ့် ကုန်လုလုဆောင်းရာသီကတော့ ငြင်သာလွန်းတယ်..။ လူသွားလူလာရှင်းလင်းနေတာကလည်း ပတ်ဝန်းကျင်ရဲ့ ရသ တစ်ခုပေါ့..။ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကတော့ ခါတိုင်းအချိန်ထက် မလျော့လှပါဘူး.။ ဒါဟာ Дмитровское шоссе ဆိုတဲ့ မော်စကို-ဒမီသရော့ဖ် အဝေးပြေးလမ်းမကြီးပေါ့ မခင်သီတာ.။
ကြယ်ရင်ပြင်ထက် မိုးညွန့်များငါ ခုန်လွှားရင်း
ဗျာပွေနေတဲ့ ငါ့ရဲ့စိတ်တွေ လွှတ်ချရင်း...
ငယ်ဘဝ အတိတ်တွေ လက်ထဲ ငါ အန်ထုတ်ကာ ထားရင်း..
တစ်ခုစီ တစ်ခုစီ ငါ့အိပ်မက်ထဲ ထည့်ကာ....
သီချင်းသံက နိမ့်တစ်လှည့်မြင့်တစ်လှည့်ပေါ့...။ Rock ဆန်ဆန် Break ဖမ်းရင်းတီးတဲ့ လက်ခတ်သံက ရင်ကိုတစ်မျိုးတော့ ငြိစေတာအမှန်ပဲ..။ သီချင်းသံကြားမှာ ကိုယ့်ခြေထောက်လည်း တိမ်တွေပေါ်လမ်းလျှောက်နေတဲ့အလား..။ နာရီကိုကြည့်မိတဲ့အချိန် လေးနာရီစွန်းစွန်းရှိနေပြီ..။ ဒါပေမယ့် ဆိုရလောက်အောင် မမှောင်သေးဘူးပေါ့...။ နှင်းကွင်းပြင်ကြီးရဲ့ မျက်နှာစာကို ဖြတ်သန်းလာတဲ့ လေအေးအေးက ကိုယ့်အတွက်ထင်သလောက် ခက်ထန်မှုမရှိတာကလည်း ကံကောင်းခြင်း တစ်ရပ်မဟုတ်လား.။
ငါဟာ မိုးတိမ်တွေထဲ.. ဝဲ..
ငါဟာ မိုးတိမ်တွေထဲ.. ဝဲ..
လေနေတဲ့အခုချိန် ခဏ အတိတ်မေ့ပြီး
ခဏ နောက်ချန်ပြီး...
ခဏ မေ့နေပြီး...
ငါဟာ မိုးတိမ်ထဲ ဝဲ.
ကိုယ်လည်း မိုးတိမ်တွေထဲဝဲနေတယ် မခင်သီတာ..။ ကိုယ့်ခြေထောက်တွေပေါ့ပါးနေလိုက်တာ..။ လတ်ဆတ်တဲ့လေထုကို မြို့ပြရဲ့မွှန်းကြပ်မှုကြားမှာ ပျောက်ဆုံးနေခဲ့တာ ကြာပြီမဟုတ်လား..။ အဲဒီအချိန် ကိုယ်ဟာ ကိုယ့်ကိုယ်ကိုယ်တောင် မေ့လျော့လို့ ..။ ကိုယ့်နှလုံးသားကလည်း လေနဲ့အတူ ယိမ်းနွဲ့တိမ်းမူးလို့..။
ကြယ်တွေလိုပဲ တငွေ့ငွေ့ကျွမ်းလောင် လှိုက်စားပြီး..
စကြာဝဠာရဲ့ အစွန်းဆုံး တစ်ဖက်ကို ခရီးဆက်ရင်း...
အလင်းနှစ်တွေကြား ငါ မျောလွင့်သွားရင်း..
ဟင်းလင်းပြင်ကြီးမှာ ရွက်လွင့်သွားရင်း
ညဂြိုဟ်ပြင်ထဲ ငါ အဝေးဆီ အဝေးဆီ မျောရင်း...
~မိုးသက်ဦးလွင်~
လမ်းလျှောက်ရင်းသီချင်းနားထောင်ရင်းလဲ ပို့စ်တစ်ပုဒ်ဖြစ်တာဘဲ။ ဒါ တော်အိရော်အိ ပညာမဟုတ်ဘူး။ ဘလော့မှာ မန့်တာကို ဖဘ ရောက်သွားလို့ ထပ်ကူးလိုက်ရတယ်။
ReplyDeleteမိုက်တယ်။မလိမ်မာဘူး :P
ReplyDeleteသူများတွေအက်ဆေးကောင်းကောင်းလေးတွေရေးထားတာမြင်တိုင်းအားကျတယ်။