Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, February 11, 2014

အမေ့မွေးနေ့ အမှတ်တရ ပို့စ်

ဒီနေ့ အမေ့မွေးနေ့.. ။
မနက်ခင်း နိုးနိုးချင်း ကျောင်းသွားခါနီးတော့ ..။ လင်းက ဖုန်းဆက်သည်..။ အမေ့မွေးနေ့ ဖုန်းဆက်လိုက်ပါဦး ဆိုသည့် စကားကို ကြားရသည်.။ မိမိကလည်း မသိသည်မဟုတ်..။ ယနေ့ တစ်နေကုန်ကျောင်းရှိသည်.။ မနက် ၉ နာရီမှ ညနေ ငါးနာရီ ကျော်အထိ.။ ခါတိုင်းနှစ်တွေက အခုချိန်ဆိုရင် စာသင်ချိန်တွေ မရှိတော့ပြီ.။ တစ်နှစ်က အစ်ကိုကြီးတွေဆိုလျှင် ခုချိန် ဟိုဟိုသည်သည် လည်ပတ်သွားလာနေကြပြီ..။ ၁ လမှ တစ်ခါမျှ supervisor ထံ စာတမ်းသွားသွား ပြရလျှင် လုံလောက်ပြီ..။ ခုတော့ ငုတ်တုတ်မေ့နေသည်..။ ပြန်ခါနီးမှာ Russian Language class ကို တစ်ရက် ၃ ရက်ဆက်တက်နေရသည်..။ အခြားမည်သည့်ကျောင်းမှ Language မသင်တော့ပါ..။ တစ်ခြားကျောင်းက လူတွေကိုပြောပြတော့ ရယ် ကြသည်.။
            “ ဆရာမ ကျွန်တော်တို့က တကယ်ဆို မလိုတော့ဘူး…။ အခုအချိန်က ပြန်ဖို့ အရမ်းနီးနေပါပြီ..”
            “ မင်းက ဒါပြီးရင် ရုရှားကို ဘယ်တော့မှ ခြေမချတော့ဘူးလား…။ ဒါမင်းတို့ အတွက် ဘွဲ့ယူစာတမ်း အတွက် ကျမ်းခုခံဖို့ အတွက် အထောက်အကူတွေ သင်ပေးနေတာ..”
            သူသင်နေတာတွေက သိပ္ပံအတွက် မဟုတ်ပဲ . အပြင်သုံးတွေဖြစ်နေတာကျွန်တော် သိပါသည်..။
            “ ကျွန်တော်ကတော့ ခြေမချတော့ဘူး..။ ဘွဲ့ယူစာတမ်းပြီးရင် အကုန်ပြီးပြီ..။ ဘယ်သောအခါမှလည်း ရုရှားလို မပြောတော့ဘူး.။ ”
            “ အိုကေ…။ ဒါဆိုလည်း မင်းကိုမသင်တော့ဘူး.. မင်းစာလည်း မရေးနဲ့..။ အိမ်စာလည်း မလုပ်နဲ့.. ကျန်တဲ့သူတွေကို ငါ သင်မယ်..”
            “ ဒီအတွက် ဘုရားသခင်ကိုတောင် ကျေးဇူးတင်သေးတယ်..” ဟု အဓိပ္ပာယ်ရသည့်စကား ကျွန်တော် ခပ်တိုးတိုး ရွတ်လိုက်သည်.။ ဆရာမက မျက်လုံးလှန်ကြည့်သည်..။
            “ ဟိန်း. မင်းကိုငါက လိုအပ်လို့သင်နေတာ..”
            “ ကျွန်တော် သဘောပေါက်ပါတယ်…”
            ဆရာမ မျက်နှာပျက်သွားမှန်းသိတော့ အခန်းထဲက တစ်ခြားသူငယ်ချင်းတွေက ဝင်ပြောကြသည်.။
            “ သူ ပြန်လာချင်လာရဦးမှာပါဆရာမ….”
            အားလုံးဝိုင်းပြောမှ .. ကျွန်တော် လက်ခံပါတယ် ဟု ပြောလိုက်ရသည်.။ စိတ်ကတော့ သိပ်လက်မခံချင် သေး.။ စိတ်ကလည်း ခက်တော့ခက်သည်.။ ကိုယ့်စိတ်ထဲမှာ မဟုတ်ဟု ထင်လျှင် ဘယ်သူလာပြောပြော လက်မခံနိုင်ဖြစ်တတ်သည်..။
            ဒီနှစ်ကျမှ IR ကလည်း ဘာစိတ်ကူးပေါက်သည် မသိ.။ ပြန်ခါနီးမှ စာတွေချည်း ဖိသင်ခိုင်းနေသည်.။ အခု အမေ့ မွေးနေ့ပင် မိုးချုပ်မှ ဖုန်းဆက်ရမည့်ပုံ ပေါက်နေသည်..။
            “ မောင် စောစောဆက်လိုက်ဦးနော်.။ အမေ စိတ်မကောင်း ဖြစ်နေမယ်.။ လင်းဆီ ဆက်ရင်တော့ အတန်း တစ်နေကုန်ရှိတယ်လို့ ပြောလိုက်မယ်..”
            “ အေးပါကွယ်..”
            သူပြောမှ ကျောင်းမသွားခင် ဆက်ရန် ဆုံးဖြတ်လိုက်သည်.။ မြန်မာနိုင်ငံကိုခေါ်သည့် ဖုန်းကဒ်ကို ကြည့်တော့ ပိုက်ဆံက သိပ်မကျန်တော့..။ (ဖုန်းက ၂ လုံးထားရသည်.။ အင်တာနက်သုံးသည့် ဖုန်းက တစ်လုံး၊ ကျွန်တော်ရောက်စက ဝယ်ထားသည့် Sony ericsson W595 လေးကို နိုင်ငံတကာသုံးသော ဖုန်းကဒ် ထည့်ထားသည်.) ကျောင်းသွားရင်းနှင့် ပိုက်ဆံထည့်..။ စာသင်ခန်းရောက်မှ အမေ့ကို ခေါ်ဖြစ်သည်.။
            “ အမေ .. သားပါ..”
            “ သြော် .. သားလေး ကိုဟေးလား.. ”
            “ ဟုတ်တယ် မေကြီး. Happy Birthday ပါ အမေ…။ မေကြီး နေကောင်းလား..”
            “ အေးကောင်းတယ်သားရေ..။ အဖေတော့ မရှိဘူး.။ ဒီနေ့ အိမ်အသစ် ပန္နတ်ရိုက်တယ်လေ..။ အဲဒါ သွားလေရဲ့…”
            “ ဟုတ်ကဲ့ အမေ..။ လင်း အမေ့ဆီ ဖုန်းဆက်သေးတယ်ဆို..”
            “ အင်း… သားဒီနေ့ တစ်နေကုန် အတန်းရှိတယ်ဆို..၊ အမေက သတိရရင်ပဲ ကျေနပ်ပါပြီသားရယ်…”
            အမေ အဲဒီလို ပြောတော့ ရင်ထဲ မကောင်းမိ..။ အစက အမေ့မွေးနေ့ တစ်ခုခု လုပ်ပေးရန် ကြံရွယ်ထားမိသည်.။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်မပေးဖြစ်.။
            ဖုန်းပြောနေရင်းပင် ကော်ရစ်ဒါကလာနေသော သင်္ချာဆရာကြီးကို မြင်လိုက်သည်.။
            “ အမေရေ .. ဆရာကြီး လာနေပြီဗျ…။ သား နောက်မှ ပြန်ဆက်မယ်နော်.။ အမေ ကျန်းမာရေး ဂရုစိုက်ပါဗျ..”
            အမေနဲ့ ဖုန်းပြောပြီး သင်္ချာချိန်.။
            သင်္ချာချိန်ပြီးတော့ အဆောင်ခဏပြန်ပြီး ထမင်းစားသည်..။ အချိန်ရသေးသည်နှင့် ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး ငယ်ဘဝ အကြောင်းတွေ ပြန်စဉ်းစားမိသည်..။
            သြော် အမေ..အမေ.။
            မန်းတက္ကသိုလ်တွင် ရူပဗေဒ အထူးပြုနှင့် ကျောင်းပြီးခဲ့သော အမေသည် မိတ္ထီလာပညာရေး ကောလိပ်မှ တစ်ဆင့် အလယ်တန်းပြဆရာမ တစ်ဦး ဖြစ်လာခဲ့သည်.။ ထိုအချိန်တွင် ဖခင်ဖြစ်သူက ဘွဲ့မရခင် ကျောင်းတစ်ပိုင်းနှင့် လားရှိုး ခလရ (၄၁) မှာ သာမာန်ရဲဘော်လေး.။ အမေတို့ခေတ်က ထုံးစံအတိုင်း အတန်းတူချင်း သူငယ်ချင်းအချင်းချင်း. ကိုဇော်ဝင်း၊ မနီစမ်း ဟု ခေါ်ဝေါ်ကြသည်.။ (အမေက ထိုထုံးစံအတိုင်း ကျွန်တော့်ကိုလည်း ကိုဟေးနီ ဟု အိမ်မှာခေါ်သည်.။) အဖေက အမေ့ထက် အသက် ၂ နှစ် ကျော်မျှ ကြီးသည်.။ ထိုစဉ်က အမေနေသည့်အဆောင်က မန္တလေး လမ်း(၈၀) ပေါ်မှာရှိသည်.။
            “ မင်းအမေအဆောင်ရှေ့မှာ မင်းအဖေ ဂစ်တာတီးပြီး သွားသွားဆိုတဲ့ သီချင်းရှိတယ်ကွ…။ ဇော်ဝင်းကြီး ဘယ်သီချင်းလဲ.. လုပ်ပါဦး..”
            အဖေ့သူငယ်ချင်း တောအုပ် တစ်ယောက်လာစဉ်က အိမ်မှ အစပြန်ဖော်သည်..။
            “ အာ.. ခင်ဗျားကလည်း ကလေးတွေရှေ့..”
            အဖေက ရှက်ရွံ့စွာဆိုသည်..။
            တစ်ချိန်က တက္ကသိုလ်ကျောင်းသူ ကျောင်းသားဘဝ သိပ်ပျော်စရာကောင်းခဲ့မှာတော့ သေချာသည်.။
            ဦးသိန်းတန်(မြန်မာပြည်)၏ “ မန်းမြေမှာ လေးနှစ်ကြာ၊ ပညာဆည်းပူးခဲ့ရာ၊ ပြုံးလို့ ပျော်ရွှင်စွာ၊ အပေါင်းအသင်းများနဲ့သာ..၊ ဘုရားကြီးနဲ့ အိမ်တော်ရာ…၊ တနင်္ဂနွေနေ့တိုင်း၊ဆီမီး ကပ်လှူကာ.” ဆိုသည့် သီချင်းမျိုး ကြားမိတိုင်း အဖေ့မျက်နှာက အတိတ်ကို ခြေဆန့်သွားသည့်ပုံစံ ဆွေးရိပ်သမ်းသွားသည်ကို မကြာခဏ မြင်ရသည်.။
            အဖေ နှင့်အမေ အကြောင်းပါတော့ . နှစ်ယောက်စလုံးက အသက် ၃၀ ကျော်နေပြီ..။ ကျွန်တော့်ကို အသက်ကြီးမှ မွေးသည်ဟု ဆို၍ ရသည်.။ မွေးစက ကျွန်တော်က ပေါင်မပြည့်၊  ၄ ပေါင် ၆ အောင်စ သာရှိသည်.။ ပေါင်မပြည့်ပဲ မွေးသည့် ကလေးများ ထုံးစံအတိုင်း ကျွန်တော်က လမ်းလျှောက်နောက်ကျသည်.။ မွေးပြီးပြီးချင်း အသားဝါ ဝင်လိုက်သေးသည်.။ အမေ တက်ထရာဆိုက်ကလင်း ဆေးများ သောက်ခဲ့ရသဖြင့် ကျွန်တော့် မျက်လုံး၊ အရိုး၊ သွား၊ လက်သည်းများမှာ ဖြူဖြူဖွေးဖွေးမဖြစ်၊ အနည်းငယ် အဝါဖက်သန်းသည်.။ လမ်းလျှောက် နောက်ကျသောကြောင့် ကလေးများလမ်းလျှောက်သည့် ဘီးတပ်ထိုင်ခုံသုံးသည်..။ အဆင်မပြေ..။ ကျွန်တော်က အားမထည့်.။ ဇိမ်ခံကာ လမ်းမလျှောက်ပဲ ငြိမ်နေခဲ့သည်လားမသိ..။ ရန်ကုန်စက်မှုတက္ကသိုလ် ဒုတိယနှစ် အထိ တက်ခဲ့သည့်အဖေက ကိုယ်တိုင်ပုံစံထုတ်ကာ သစ်သားဖြင့် လမ်းလျှောက်လှည်း တစ်ခု လုပ်ပေးသည်.။ ထိုမှသာ ကျွန်တော် လမ်းလျှောက် တတ်ခဲ့သည်ဟု ဆိုသည်..။ အရွယ်ရောက်လာသောအခါ အိမ်မကပ်ပဲ သွားသွား နိုင်လွန်းသည့် ကျွန်တော့်ကို “ မင်းကတော့ ငယ်ငယ်တုန်းက နောက်ကျခဲ့လို့များ ကြီးတော့ အတိုးချ သွားနေသလား မှတ်ရတယ်” ဟု ထောမနာပြုဖူးသည်.။
            ကျွန်တော် လေး၊ ငါးနှစ် ရောက်တော့ အိမ်မှာ ကစားဖော်မရှိ.၊ စာအုပ်တွေကပဲ ကျွန်တော့်ရဲ့ အဖော်.။ ကျွန်တော်စာစဖတ်တတ်တော့ ၃ နှစ်ခွဲ၊ လေးနှစ်နီးပါး..။ “ ကိုဟေးက စာမရေးတတ်ခင်ကတည်းက၊ စာဖတ်တတ် နေပြီ.” ဟု အမေက ပြန်ပြောသည်.။ မေမြို့က လွတ်လပ်ရေးပွဲ၊ ညံတောပွဲတွေမှာတော့ ကျွန်တော့် အတွက် ကစားစရာတွေ ဝယ်ပေးတတ်သည်.။ ကျွန်တော်က ငယ်ငယ်ကတည်းက သူများတွေကစားသည့် ကားအရုပ်တွေ၊ လေယာဉ်အရုပ်တွေထက် သေနတ်တွေကို ပိုစိတ်ဝင်စားခဲ့သည်.။ အမေကတော့ ဝယ်ပေးတာ ရှားသည်.။ မျက်စိ ကန်းလိမ့်မယ် ဟု ဆိုသည်.။ မိခင်က တပ်ထဲက ကလေးတွေနဲ့ ကစားခွင့်မပြု၊ ကျွန်တော်က အဖော်မရှိ၊ တစ်ရက်က အမေရော အဖေ့ပါ အိမ်မှာမရှိ၊ အမေက ကျောင်းသွားသည်.။ အဖေ့က ရုံးမှာ ။ ကျွန်တော့် မှာ ဖန်ဂေါ်လီ အနည်းငယ်ရှိသည်.။ လမ်းထိပ်မှာ အုတ်လိုင်း(၄၀) ဟုခေါ်သော ရဲဘော်တန်းလျားများက ကလေးတွေ ဂေါ်လီပစ်နေတာကို အသံတွေကြားရသည်..။ အိမ်ကထွက်ပြီး သွားကစားသည်..။ ဆော့လေ့ ဆော့ထ မရှိသော ကျွန်တော် အကုန်ရှုံးသည်..။ အိမ်က ဘီရိုထဲ လျှောက်ရှာရင်း အမေတို့ မင်္ဂလာဦး လက်ဖွဲ့ ပုလဲ တွေထည့်သည့် ဘူးကို တွေ့သည်..။ အဆိုပါပုလဲတွေကို ဂေါ်လီအဖြစ် ကစားရင်း ရှုံးသွားပြန်သည်..။ အမေပြန်လာတော့ တစ်ခါမျှ မရိုက်စဖူးရိုက်သည်.။ ပုလဲတွေ ပြန်ရှာတော့ အိမ်အောက်မှာ ၃ ၄ လုံးလောက် ပြန်ရပြီး ကျန်ပုလဲတွေကိုတော့ အစအနပင်ရှာမရတော့..။
            နောက်တော့လည်း သွားမဆော့ဖြစ်တော့..။ ဘေးအိမ်က ကိုဖြိုးတို့၊ မမသော်တို့နဲ့တော့ ကစား ဖြစ်သည်.။ ထိုစဉ်က ကိုဖြိုးက ခြောက်တန်း၊ မိမိက သူငယ်တန်း၊ အသက်ပင်ကွာသော်ငြား. ကစားဖော် မရှိသည့် မိမိအတွက် ကစားဖော်တွေ။
            အမေက သူငယ်တန်းဆရာမ ကျွန်တော်က လေးနှစ်သာသာ မို့ ကျောင်းမနေသေး၊ သို့သော်သူငယ်တန်း စာအုပ်တစ်အုပ်လုံး ဂျောင်းဂျောင်းပြေးနေချေပြီ၊ ရွှေသွေး၊ ဗုဒ္ဓစာပန်းချီ၊ တေဇ၊ မိုးသောက်ပန်းတွေ ဆိုတာ ပျင်းလွန်းလို့တောင် မဖတ်တော့သည့်အမျိုး.။ ကျောင်းမှာ တစ်ဦးဦးက စာထွက်ချ ပေးပါဆိုပြီး ဆရာမဖြစ်သူ အမေက တုတ်တစ်ချောင်း လက်ထဲ ထည့်ပေးလိုက်သည့် အခါမျိုးမှာ သူငယ်တန်းက အစ်ကိုကြီး၊ အစ်မကြီးတွေ မထွက်ခင် ကျွန်တော်က တုတ်ပြေးလုကာ စာထွက် ချ ပေးတတ်သည်.။
            ထိုစဉ်က လေးကြောင်းမျဉ်းတွေပေါ်ခါစ၊ အမေက ကျွန်တော့်ကို စာရေးစသင်တော့ လေးကြောင်းမျဉ်နှင့် မသင်၊ ထို့ကြောင့် မူလတန်းတုန်းက ကျွန်တော့်လက်ရေးတွေက ပုတ်လောက်ကြီး တွေ ဖြစ်နေတတ်သည်.။ လက်ရေးကိုတော့ အသက်တော်တော်ကြီးမှ ပြန်ပြင်ယူရသည်.။ အမေ့လက်ရေးလေးတွေက ပုံနှိပ်စာလုံး ထက်ပင် လှသေးသည်.။ ဝိုင်းဝိုင်းစက်စက် သွယ်သွယ်လျလျလေးတွေ ဖြစ်သည်..။ ကျွန်တော်သူငယ်တန်း ရောက်တော့ အမေက ခြောက်တန်းမြန်မာစာ ဖြစ်သွားပြီ.။ “ ဆန္ဒန်ဆင်မင်း” ဆိုသည့်စကားလုံးကို ခြောက်တန်း ကလေးတွေ မဖတ်တတ်လို့ သူငယ်တန်းကျောင်းသား ကျွန်တော်က လှောင်ပြောင် ခဲ့တာ အမှတ်ရသည်.။
            အမေက စိတ်နုသည်..။ အင်မတန် စိတ်ပျော့သည့်အမျိုး၊ ရောဂါ တစ်ခုခု ဖြစ်လျှင် ရောဂါထက် စိတ်ထောင်းပြီး ဘုန်းဘုန်းလဲတာများသည်.။ ကျွန်တော်တို့က နှစ်သိမ့်ရသည်.။ လူလည်း အင်မတန်ကြောက် တတ်သည်.။ သားသမီးနှင့် ပတ်သတ်လျှင်လည်း Over sensitive ဖြစ်သည်.။ အလွန်အမင်းစိတ်ပူတတ်သည်..။ အမေအပြင်သွားလျှင် အိမ်ရှေ့ခြံဝင်း အကွေ့လေးနားမှာ ရပ်ပြီး “ ကိုဟေးနီ..၊ ဓားမဆော့နဲ့၊ မီးမဆော့နဲ့၊ ရေမဆော့နဲ့ ” ဟု လှည့်အော်တတ်သည်.။ ကြာလာတော့ အမေဈေးသွားပြီ ဆိုတိုင်း အိမ်နီးနားချင်းတွေက အိမ်ရှေ့ကိုလာပြီး “ ကိုဟေးနီ..၊ ဓားမဆော့နဲ့၊ မီးမဆော့နဲ့၊ ရေမဆော့နဲ့” ဟု သံပြိုင်အော်ကြသည်..။
            တစ်ခုခုဖြစ်လျှင် ကိစ္စက မလာသေး မျက်ရည်က ကျနေပြီ..။ ကျွန်တော် ဗိုလ်လောင်းဘဝက အနော်ရထာ တပ်ရင်းက ဗိုလ်လောင်းတစ်ဦး.စည်းကမ်းဖောက်လို့ အရေးယူခံရပြီ ဟုကြားလျှင်ပင် “ အဲဒါသူပဲ နေမှာ၊ ကိုဟေးနီက နေရာတကာ စပ်စပ်စပ်စပ်နဲ့ သူများလုပ်တာကို သူလိုက်သွားလို့ နေမှာ” စသဖြင့် အိမ်မှာ မျက်ရည်ကျနေပြီ..။ (ကျွန်တော်တို့ နှစ်က အနော်ရထာတပ်ရင်းမှာ လူ ၁၅၀၀ ခန့်ရှိပါသည်) ။
            အမေက အဲဒီလို ဖြစ်သည်.။ အိမ်မှာ မိန်းကလေး သူငယ်ချင်းအကြောင်းပြောလျှင်မကြိုက်၊ ရည်းစား သနာကိစ္စဆိုလျှင် ပိုဆိုး၊ အမေက ထိုသို့ sensitive ဖြစ်တော့ ကျွန်တော်တို့က ခိုးလုပ်တတ်သည့် အကျင့်က ပါလာသည်.။ ကျွန်တော့်ရည်းစားစာ အိမ်မှာအမေနှင့် မိတော့ ကိုးတန်းနှစ်၊(တကယ်တော့ ၈ တန်းနှစ်ကတည်း က ဖြစ်သည်.။ ကိုးတန်းနှစ်မှ အိမ်က မိသွားခြင်းဖြစ်သည်)။ အမေက တစ်ဗြစ်တောက်တောက်၊ အဖေကတော့ ခပ်အေးအေး ဘာမှ သိပ်မပြော၊ နောက်ပိုင်း အဖေ လုံးဝ မရိုက်တော့၊ ကျွန်တော်ကလည်း အိမ်မှာ အထိုက်အလျောက် နေရာရလာသည့် သဘော..။ ဗိုလ်လောင်းတက်ပြီး ကျောင်းဆင်းတော့ ပိုပွင့်လင်းသွားသည်။ မိမိ အခြေအနေကို အမေ့နှင့် အဖေကို အရင်ပြောပြတာများလာသည်..။ ကိုယ်ကိုယ်တိုင် လုပ်သင့်လား စဉ်းစားသည်.။ လုပ်သင့်သည်ထင်လျှင် အဖေနှင့် အရင်တိုင်ပင်သည်.။ ကိစ္စတော်တော် များများကို အမေက သဘောတူသည်.။ မိန်းကလေးသူငယ်ချင်းနှင့် အတူတူမုန့်စားမည့်ကိစ္စမျိုး၊ သူငယ်ချင်းတွေနှင့် သွားလည်မည်ဆိုလျှင်ပင် ကောင်မလေးတွေပါလား. ဆိုသည့် မေးခွန်းမျိုးမှာ အမေ့ မျက်နှာက မကြည်မသာဖြစ်တတ်သည်.။ နောက်တော့ အမေအခြေအနေနှင့် ကျွန်တော့်အသက်အရွယ်ကို လက်မခံ၍ မရတော့ ကြောင်းသိလာသည်.။ အမေ တစ်ယောက်အနေနှင့် သားတစ်ယောက်ကို နှမျောတသခွင့် ရှိနေပါသေးသည်.။
            ဒီရောက်တော့ အမေ့တန်ဖိုး ပိုသိလာသည်.။ ကိုယ်ကိုယ်တိုင် တစ်ရက်ကို ဟင်းတစ်ခွက် ချက်ရမှာ ပင်ပန်းနေပြီး..အိမ်မှာ အမေ တစ်ရက်ကို ဟင်း ၃ ခွက် ၄ ခွက် အနည်းဆုံးချက်တာ သတိရမိသည်..။ သူဌေးသမီး၊ ကျောင်းဆရာမ အမေက၊ အခြားအဆင့်ရဲဘော် ဖြစ်သူ အဖေနှင့်ယူပြီး ခမောက်ဆောင်း မြက်ပေါက်ခဲ့တာ နည်းနည်း နောနော စွန့်လွှတ်မှုမဟုတ်..။
            ဗေဒင်ကတော့ ဟောပါသည်.။ “ ဗိုလ်ကြီးအမေက နောက်ဆုံးအချိန်ထိ ဗိုလ်ကြီးကို အထောက်အပံ့ ပေးနေလိမ့်မယ် ” တဲ့.။ ကျွန်တော် ဗေဒင်ကို မယုံကြည်ပါ.။ သို့သော် အမေ့ကို ယုံကြည်ပါသည်.။ ဗေဒင်ဆိုတာ ဖြစ်နိုင်ချေရှိသည့် ယျေဘုယျ သဘောတရားတွေကိုဟောသည် မဟုတ်ပါလား..။ ကမ္ဘာမှာ မည်သည့် အမေက ငါ့အသက် ဘယ်လောက်ထိပဲ သားသမီးကို ဂရုစိုက်မယ် ဟု ဆုံးဖြတ်ထားသူရှိမည်နည်း..။
            ကျွန်တော် ဒီစာရေးတဲ့အချိန် နောက်တစ်ရက်ကိုပင် ကူးနေပါပြီ..။ မွေးနေ့ မွေးရက် ပညတ်ချက်တွေ ထက် အမေ့ဂုဏ်ရည်တွေက ရင်ထဲမှာ ရှိနေဖို့ အဓိကမဟုတ်လား..။
            အမေ သက်တော်ရာကျော်ရှည်ဖို့၊ မြေးမြစ်တွေရသည်အထိ  ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့သာ ဆုမွန်ချွေမိ တော့သည်.။
အမေကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေ အမေ…။

~မိုးသက်ဦးလွင်~








ရေးသားသူ : မိုးသက် // 1:56 PM
အမျိုးအစား:

2 comments:

  1. Happy Belated Birthday မိုးသက်မေမေရေ :)
    သေချာပါတယ်တို့တွေအားလုံးနောက်ဆုံးချိန်ထိ အမေ့အကူအညီတွေယူနေရအုန်းမှာပဲ။
    အမေမရှိတော့ရင်တော့ အမေ့စကားတွေ၊အဆုံးအမတွေ၊အငွေ့အသက်တွေကနေပေါ့ :)

    ReplyDelete
  2. ရှစ်တန်းနဲ့ ရည်းစားထားသတဲ့ အံ့ရော ဖေ့ဘုတ်မှာလို like ခလုပ်မပါတော့ ဦးတွတ်ပီလိုပေါ့ဗျာ LIKE

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List