Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, December 15, 2013

တမ်းတမှုသက်သက်....

ကိုဟေးနီရေ နင့်အဖေတော့ ခံစားခွင့်စပြီတဲ့... ငမိုးရဲ့ ချစ်လှစွာသောဖခင် တစ်ယောက် ပင်စင်စား ဆိုတဲ့ဘဝကို စတင် ချဉ်းနင်းဝင်ရောက်လာပြီ.. စစ်သက်(၃၈) နှစ် ဆိုသော အင်ဂျင်နီယာကျောင်းသားဟောင်းအခြားအဆင့် စစ်သားအိုကြီးက ကျွန်တော့်ရဲ့ Idol ဖြစ်နေဆဲ.. ဆရာဖေမြင့် ဘာသာပြန်သောနှလုံးသားအာဟာရ ထဲက အသက်အရွယ်အလိုက် အဖေ့အပေါ် မြင်သော အမြင်တွေကို ပြန်ဖတ်တိုင်းကျွန်တော်ကဘယ်အချိန် အဖေ့အကြောင်းတွေးတွေး သိပ်မကွာသည့် အမြင်တွေ မြင်တတ်တာကို သတိရနေမိသည်.. သို့ပေတည့် တစ်ခါတစ်ရံပင် အဖေ့အပေါ် အားမလို အားမရ စိတ်ဖြင့်  ပြောမိသည့် စကားများကို ပြန်လည် နောင်တရမိသည်ကိုတော့ငြင်းလို့မရ..
            “ အဖေက ယူနီဖောင်းမဝတ်ရတော့လို့ စိတ်ညစ်နေတယ်တဲ့ အစ်ကိုကြီးရ.”
            ညီမလေးနှင့် ယနေ့ဖုန်းပြောတော့ ညီမငယ်ပြောလာသောစကား..။ ရိုးမှ ရိုးပေ့ ဆိုသော လူရိုးကြီး အဖေ က တပ်မတော်ကို သူ့ မိသားစုထက်ပင် ပိုချစ်လေသလားမသိ..။ အိမ်မှာထက် ရုံးမှာ ပိုပျော်တတ်သည်..။ ကျွန်တော် အဖေ့ရုံး လိုက်သွားတိုင်း သူ့ရုံးခန်းထဲက ကုလားထိုင်နှင့် အောက်ထပ် ဓါတ်ခွဲခန်းပစ္စည်းတွေကြားထဲ မှာ သူရှိနေတတ်သည်..။ အရင့်အရင်က အရာရှိကြီးငယ်တွေက အဖေ့ကို အရာရှိတွေနှင့် တန်းတူထားပြီး ဆက်ဆံ ကြသည်..။ အဖေကတော့ အခြားအဆင့် ပီပီ အရိုအသေ မပျက်..။
            “ မင်းအဖေက ငါတို့ ဗိုလ်လောင်းကတည်းက ဓါတ်ခွဲခန်း ကိုင်လာတာကွ” ဆိုသော စကားသံကို ခဏခဏ ကြားရတတ်သည်.။ အဖေကိုယ်တိုင်က ရိုးလွန်း၍ လားမသိ၊ မိမိက အားမရ..။ အိမ်၏ စီးပွားရေး နှင့် ပတ်သတ်၍ သာမာန်မိသားစု ဘဝထက် တိုးမလာတိုင်း ဖခင်ကိုသာ အပြစ်တင်မိသည်က မိမိ၏ အကျင့် တစ်ခု ဖြစ်ခဲ့ဖူးသည်..။ အဖေကတော့ သူ့ထုံးစံအတိုင်း အေးအေးဆေးဆေး။
            တစ်ခေါက်ကတော့ ကျွန်တော် အတော်ပင် ဆိုးဆိုးဝါးဝါး ပြောခဲ့ဖူးသည်..။ အဲဒီနေ့ကို ဘယ်တော့မှ မမေ့.။ အဲဒီနေ့က သူငယ်ချင်း တစ်ယောက် ထိုင်သော ကားဂိတ်ကို သွားလည်ရင်း နံရံမှာ တွေ့ခဲ့သော စာကို အမှတ်ရမိနေသည်..။ အဲဒီအချိန်က ကျွန်တော်က ကျောင်းဆင်းပြီးခါစ..။ ခွင့်ရ၍အိမ်မှာ နေနေချိန်..။ ပျင်းပျင်းဖြင့် သူငယ်ချင်းများဆီ လည်ပတ်နေချိန်ဖြစ်သည်.။ သူငယ်ချင်း အလုပ်လုပ်သည့် ကားဂိတ်ကို ရောက်တော့ ကားဂိတ်က နံရံမှာ ရေးထားသည်.။
“ လောကမှာ ခိုင်းတာကို မလုပ်တတ်တဲ့သူနဲ့၊ ခိုင်းတာတောင် မလုပ်တတ်တဲ့သူတွေက ဘယ်တော့မှ မတိုးတက်” ဆိုသော ဆောင်ပုဒ်.။
            မျက်စိထဲ အဖေ့ကို အရင်ဆုံး ပြေးမြင်လိုက်သည်..။ ရင်ထဲမှာက အရင်ကတည်းက တစ်ဖက်စောင်းနင်း အတွေးတွေက ရှိနှင့်နေသည်ကိုး..။ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း အဖေ့ကို နှုတ်ဆက်၊ ညဖက်တော့ အမှတ် မထင်ပဲ စကားအပြန်အလှန်ပြောဖြစ်သွားသည်.။ ပြောရာတွင် အထက်က စကားစုကို ကျွန်တော် ထည့် ပြောမိသွားသည်ကို သတိရသည်..။
            ထိုညက အဖေ ကျွန်တော့်ကို သိပ်စကားမပြော.. ။ ညဖက် ကျွန်တော် အိပ်သည့်အချိန် မှ ကျွန်တော့်ကို လာပြောသည်..။
            “ အေး.. မင်းအရာရှိဖြစ်သွားပြီဆိုတော့ မင်းငါ့ကို အထင်သေးကောင်းသေးမယ်.။ ဒါပေမယ့် ငါဂရုမစိုက်ပါဘူး.။ မိဘက မင်း ဒီလိုအခြေအနေရောက်အောင် ဘယ်လို အခက်အခဲတွေကြားက ကြိုးစားခဲ့ ရတယ် ဆိုတာ မင်းသိဖို့ကောင်းတယ်..။ တစ်ခုတော့ရှိတယ်.. မင်းပြောတဲ့ အလုပ်တွေ၊ မင်းပြောတဲ့ တာဝန်ပြင်ပ စီးပွားရေးလုပ်ငန်းတွေကို ငါ့အနေနဲ့လုပ်ဖို့လည်း အချိန်မရှိဘူး.။ အလုပ်ချိန်ထဲက ဖဲ့လုပ်ရမှာလည်း ငါရှက်တယ်.။ လုပ်ရဲ တဲ့ သတ္တိလည်း မရှိဘူးကွ..”
            အဖေ့အသံ အနည်းငယ် တုန်နေသည်ကိုမှတ်မိသည်.။ ကျွန်တော်က ထိုအချိန်အိပ်မပျော်သေး၊ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်သော်လည်း ကောင်းကောင်း မှတ်မိနေနိုင်သည့်အခါမျိုး။ အဖေကလည်း သူ့ရင်ထဲက စကားလုံးများကို ပြောလည်းပြောချင် ကျွန်တော်ကြား၍ စိတ်မကောင်းမှာလည်း စိုး၍ လားမသိ။ ကျွန်တော် အိပ်သည့် အခါကျမှ သူ့ဖာသာတစ်ယောက်တည်း ရေရွတ်သလို လာပြောခြင်းဖြစ်သည်..။
            အဲဒီနေ့က ကျွန်တော် အနည်းငယ် ဝမ်းနည်း ရုံကလွဲ၍ ဘာမှ သိပ်မခံစားရ..။ ကြာမှ ပိုသိလာသည်.။ မိဘ ကောင်းတစ်ယောက်သာမက ဝန်ထမ်းကောင်း၊ တပ်မတော်သားကောင်းတစ်ယောက် ဆိုတာနှင့် မိမိ ဖခင် အပေါ် ပိုလေးစားလာမိသည်..။ တပ်ကိုရောက်သည့်အချိန် အခြားအဆင့်နှင့် အရာရှိ အတော်ပင် ကွာခြားသည် ကို မြင်တွေ့ရသည်..။ မြန်မာနိုင်ငံမည်သည့်နေရာရောက်ရောက် ဖခင်၏ အရိပ်က မလွတ်သေးသည်ကို သတိ ပြုမိလာသည်…။ (ယခုအချိန်ထိ အဖေ့ အရိပ်က မလွတ်နိုင်သေး။ အဖေ့ အကူအညီ ယူနေရဆဲ၊ အဖေ့ အကြံဥာဏ်တွေ၊ အဖေ့ နည်းလမ်းတွေ သုံးနေရဆဲ..)
            ငယ်ငယ်က ကျောင်းက အိမ်စာပေးလိုက်လျှင် သင်္ချာဆို အမေက၊ အင်္ဂလိပ်စာဆို အဖေက ပြန်ရှင်းပြ လေ့ရှိသည်.။ အဖေက သင်္ချာ ကောင်းသော်လည်း အဖေ့တွက်နည်းတွေက ကျောင်းမှာ Marking scheme မဝင်သည့်  ဖြတ်လမ်းနည်းတွေ ဖြစ်နေတတ်သည်..။ ထို့ကြောင့် အမေက သင်္ချာသင်သည်..။ အမေတို့ အဖေတို့ ကြောင်း ကျောင်းမှာ ဘယ်တုန်းကမှ သူများအောက်မရောက်…။ ကျူရှင်ဆိုတာတွေ လျှမ်းလျှမ်းတောက် လာသည့် အချိန်မှာ ကျွန်တော် ရှစ်တန်းအထိ ဘာကျူရှင်မှ မလို၊ အင်္ဂလိပ် အဖေသင်၊ သင်္ချာ အမေသင်. မြန်မာစာက ကိုယ်တိုင်က ရူးသွပ်။ ပထဝီ၊ သမိုင်း၊ သိပ္ပံတွေက အိမ်မှာ ဖတ်စရာ စာအုပ် မကျန်တော့ ဖတ်ရင်း ဖတ်ရင်း အလွတ်ရမတတ်..။
            နောက်တော့ လူက ပျက်လာသည်..။ ထုံးစံအတိုင်း မိန်းကလေး ကိစ္စ။ ကျွန်တော် သဘောကျသည့် ကောင်မလေးက အခြားကျောင်းက ။ သို့နှင့် ကျောင်းပျက်တတ်လာသည်..။ မူးယစ်ဆေး မသုံး၊ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ဒီကိစ္စ တစ်ခုတည်းကပင် ကျွန်တော့်ကို ဖျက်လေသည်..။ စာသင်လည်း စိတ်မပါတော့.။ ကျောက်သင်ပုန်းကြည့်လည်း သူ့မျက်နှာ ၊ စာအုပ်ကြည့်လည်း သူ့မျက်နှာ..။
            နောက်တော့ ကဗျာတွေ စရေးလာသည်..။ ခံစားချက်ရှိသူတိုင်းရဲ့ ထွက်ပေါက်ပေကိုး..။ လူက စိတ်ကူး ယဉ်လိုင်းရောက်သွားသည်..။ နောက်တော့ ကျွန်တော်ကြိုက်သည့် ကောင်မလေးက မန်းကို ရောက်သွား ကျွန်တော်က စစ်တက္ကသိုလ်ရောက် သည်လိုနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်..။
            အဖေကတော့ ဒီထိုင်ခုံက ဒီထိုင်ခုံပါပဲ..။ ဗိုလ်လောင်းဘဝက ဦးထုပ်တံဆိပ်ပျောက်တော့ ပြန်မရှာချင် သည့် ငမိုးကအဖေ့ ဦးထုပ်တံဆိပ်ကို သွားတောင်းဖူးသည်..။  “ မင်းတောင်းတော့လည်း ငါက တံဆိပ် မပါပဲ ပြန်ရ မှာပေါ့ကွာ..” တဲ့..။ အဖေက ခပ်တည်တည်ဖြင့် ပြောသည့် စကား.။ ထိုစဉ်တုန်းကတော့ စိတ်မကောင်း ဖြစ်သော် လည်း မတတ်နိုင်။ 1st year ဘဝက ဒုက္ခသုက္ခပေါင်းစုံနှင့် မဟုတ်လား.။
            “ မင်း ပေါက်ပြားတွေ ဝါးများ စားနေသလား ငါ့သားရာ..” တို့
            “ ငါ့စစ်သက် (၃၀) ကျော် စုလာတဲ့ အိုဂျီတွေ.မင်းဗိုလ်လောင်း ၃ နှစ်ကျမှ ကုန်တာပဲ..” တို့  စသဖြင့် အဖေပြောတဲ့ စကားတွေ မှတ်မိနေသည်..။ မှတ်မှတ်ရရ ဗိုလ်လောင်းဘဝကတော့ အဖေ့ကို Getaway ယူနီဖောင်း တစ်စုံနှင့် ဂျာကင်တစ်ထည် ကန်တော့ဖူးသည်…။ Outpass ထွက်တိုင်း အဖေ့ ဖိနပ်ကို “ ရေဘိုး” တင်ပေးခဲ့ဖူးသည်.။ ဒီထက်ပိုပြီးတော့ ဘာမှ လုပ်မပေးဖြစ်…။

            ခုတော့ အဖေနားလေပြီ..။ အလုပ်ကို ချစ်လို့ ကို လုပ်တာ ဆိုသည့်  တကယ့် စစ်သားကြီး ခုတော့ တကယ် နားပြီပေါ့..။ ကျွန်တော့် Idol ကြီး၊ ကျွန်တော့် သူရဲကောင်းကြီး တပ်မတော်က နားသွားပြီ..။  အဖေအေးအေး ဆေးဆေး နေနိုင်ပါစေလို့ ဆုတောင်းမိသော်လည်း အဖေက ရုံးကို လွမ်းနာကျ နေသည်တဲ့.။ တပ်မတော်ထိပ်ပိုင်းက အဖေ့ သူငယ်ချင်းတစ်ယောက်က တပ်ပြောင်းဖို့ ခေါ်သည်ကိုပင် ဌာနက သံယောဇဉ်တွေ ကြောင့် ငြင်းပယ်ခဲ့သူ..။ ဒေါက်တာ ကိုကိုဦး စတေးတပ်စ်ထဲက ဒီလိုလူတွေ ရထားတဲ့ အဘ သိပ်ကံကောင်းတယ် အဘရယ် ဆိုသလိုပဲ.။ ဒီလို လူကြီး နားသွားတာ. အဘသိပ်နစ်နာတယ် ဟုပင် ဆိုလိုက် ချင်တော့သည်.။ 



ရေးသားသူ : မိုးသက် // 1:52 PM
အမျိုးအစား:

4 comments:

  1. ကိုမိုးသက် ရေးထားတဲ့ စာစုလေးတွေက သိပ်ကို ဖတ်လို့ကောင်းပါတယ်...တကယ့် Professional အတိုင်းပါပဲ..အာင်မြင်မှုတွေ ဆက်လက် ရရှိပိုင်ဆိုင်နိုင်ပါစေ...

    ReplyDelete
  2. အင်းးးးးးး
    ဒီလိုပါဘဲ မိုးသက်ရယ်...
    အဲလိုနဲ့ဘဲ အချိန်တွေ တဖြည်းဖြည်း ရွေ့လျားပြီး
    ခရီးဆက်နေကြတာဘဲလေ...

    ReplyDelete
  3. အားပေးနေတယ်နော်မိုးသက်

    ReplyDelete
  4. အဖေ့အပေါ်ကို အပြစ်တွေတင်ခဲ့ဖူးတယ်...
    ခုတော့ အဲ့စကားတွေကို နောင်တတွေတပွေ့တပိုက်နဲ့ ပေးဆပ်နေတယ်..
    အဖေဘာပဲဖြစ်ဖြစ် ဘာပဲလုပ်နေလုပ်နေ အဖေဟာ အဖေပါပဲ အဖေရယ်...

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List