Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, May 11, 2013

ခုတစ်လော (၂)


          ပူဟေ့ ပူကြ.. ရေဆူမှတ်အထိပူကြ.. ။
          အခန်းထဲမှာ စွပ်ကျယ်တောင် မကပ်နိုင်တာတစ်ပတ်ခန့်ရှိချေပြီ.။ အပူချိန်က +၁၄ဒီဂရီ ဆဲလ်ဆီးယပ်စ် ပဲရှိသည်.။ သို့သော် ဆောင်းတုန်းက ကွေးကောက်အောင်ချမ်းထားသော အရှိန်ဖြင့် ယခု အချိန် စိတ်ထဲမှာ အတော်ပူလှပြီ။ ပြည်တော်ပြန်ရင် မည်သို့နေမည်မသိ.. ။
          ခုတစ်လော ငမိုးစာမရေးဖြစ်တာ တော်တော်ပင်ကြလှပြီ.။ မည်သို့ရေးဖြစ်ပါမည်နည်း .။ သင်္ကြန်ကာလ အပြီးကနားလိုက်သည်မှာ အနားလွန်သွားသည်.။ ကြားထဲမှာ စာတမ်းတွေ၊ စာမေးပွဲ တွေနှင့်က အလုပ်ရှု့ပ်နေ သေးသည်.။ ကိုယ်ကိုယ်တိုင်က ကွန်ပျူတာ ဖက်အားသန်၍  ပရိုဂရမ်းမင်း လုပ်ရမည်ထင်သော နာနိုအီလက်ထရွန်းနစ်ကို ယူလိုက်ကာမှ တစ်လောကလုံးတွင် စာသင် အသန်ဆုံးသော ဆရာ၊ စေတနာကောင်းလွန်း တတ်စေချင်လွန်း၊ စာမေးပွဲဖြေလွန်းသော ဆရာနှင့်တည့်တည့်တိုးသည်.။ စိတ်ညစ်၍ မဟုတ်ပါ.။ နဂိုကမှ ဘန်ကီမွန်းနှင့် နင်လားငါလား အလုပ်ရှုပ်လှသူသည် ဆရာ့အပေါ်တွင် တာဝန်မကျေမည် စိုးလှ၍ သာဖြစ်သည်.။ အခြားသူငယ်ချင်းများ လေးနှစ်လုံးတွင် တစ်ကြိမ်သာဖတ်ရသော စာတမ်းကို ငမိုးတို့က တစ်နှစ် နှစ်ကြိမ်ဖတ်ရသည်ကပင် ၀မ်းသာရမလိုလို၊ ၀မ်းနည်းရမလိုလို.။
          အမှန်က ယနေ့ အမေများနေ့အတွက် ကဗျာရေးရန်ကြံခြင်းဖြစ်သည်.။ မနေ့က စာရေးရန်ကြံတော့ ဧည့်သည်တွေရောက်နေ၍ အခန်းက ဆူဆူညံညံဖြစ်နေသောကြောင့် .။ အာရုံက တည်မရ.။ သို့နှင့် BHG မှ ကို Bug Lab ညွှန်းသည့် ပထမဆုံးမြန်မာဟက်ကာဇာတ်ကား ဆိုသည့် ရင်ဘတ်ဖွင့်သည့်သော့ ကိုကြည့်မိသည်။ ပထမဆုံးအခန်း မီးခံသေတ္တာကို အောင်ရဲလင်းက ဖွင့်သည့်အခန်း၊ ဒုတိယ အခန်းမှာ မြန်မာကားများထုံးစံ အတိုင်း ဘယ်မင်းသားလာလာ ဘေးက သူငယ်ချင်းလုပ်ရသည့် ဟာသ သရုပ်ဆောင်သူငယ်ချင်းများနှင့် ဘယ်မင်းသမီးလာလာ ဘေးတီးပေးသည့် အရံမင်းသမီးများနှင့် အတူတူ ဆိုင်မှာဟေးဟားလုပ်ကြသည်.။ နောက်တစ်ခန်းချိန်းတော့ ဖွေးဖွေး၊ နှင့် အောင်ရဲလင်း ဆိုင်မှာ၊ တတိယတစ်ခန်းက မင်းသားမွေးနေ့ဆိုင်မှာ.။ ဇာတ်ကားက စပင်မစရသေး.။ လေးခန်းရှိသေးသည် .။ သုံးခန်းက ဆိုင်မှာ.။ သို့နှင့်ဆက်မကြည့်ဖြစ်တော့ ။ မျက်စိမှေးလာသလိုလို ရှိသည်နှင့် စောစောအိပ်ဖြစ်သွားသည်.။
          ဟိုးနေ့က ကိုမင်းဧရာ(နွေတေးရှင်) နှင့်စကားပြောဖြစ်သေးသည်.။ မြန်မာကဗျာရေးသူတွေ နည်းပါး လာကြောင်းနှင့် မြန်မာကဗျာရေး၍ပင် လှောင်ခံရကြောင်းကြားရတော့ ငမိုးလည်း စိတ်မကောင်းမိ.။ အမှန်က ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကို ဒီလိုဆက်ဆံသူတွေရှိခဲ့ဖူးသည်.။ သို့ပေတည့် ငမိုးအကျင့်က ကိုယ့်ကို နစ်နာအောင်လုပ်သွား၊ ပြောသွားရင် သိချင်မှ သိသည်.။ သိလျှင်လည်း နာချင်မှ နာသည်.။ သို့ အတွက် ငမိုးကို ဂျောက်ချ သူများ နည်းနည်းတော့ စိတ်ညစ်ရလေ့ရှိသည်.။ တစ်ခုတော့ရှိသည်.။ ငမိုးချစ်သော၊ ခင်သော မိတ်ဆွေ အသိအကျွမ်းများ ခံလာရလျှင်တော့ မထိန်းနိုင်လောက်အောင် ဒေါသဖြစ်မိလေ့ရှိသည်.။ ငမိုးကို ပုဂ္ဂိုလ်ရေးအရ လာဆဲလျှင် ခံကောင်းခံနိုင်မည်ဖြစ်သော်လည်း အသိုင်းအ၀ိုင်း နှင့်ချီ၍ ပြောလျှင်ကား ဒေါသဖြစ်လေ့ရှိသည်.။ ဆိုက်ကိုသင်သော အရာရှိက အပြင်စွဲတွေများသည် ဟုပြောဖူးသည်.။ သူများဖက် က သိပ်တွေးလွန်းသည်ဟုလည်းဆိုသည်.။ ဘာလဲတော့ သိပ်နားမလည်ပါ.။ ဒါပေမယ့် မိမိနှင့်ပတ်သတ်သူကို ထိလျှင်တော့ ငမိုးက သူများထက်ပိုနာတတ်သည်မှာ အမှန်ပင်ဖြစ်သည်.။
          ရုရှားလူမျိုးတွေ အားကစားလိုက်စားတာ ယခင်က ပြောပြီးဖြစ်သည်.။ မနှစ်က မကြုံခဲ့ရသည့် ပြိုင်ပွဲ  တစ်ခု ဒီမှာလာကြုံရသည်.။ အဲဒါက ဂိုး(၁၀၀) ဘောပွဲဖြစ်သည်.။ ဌာန တွေပေါင်းပြီး အသင်း ရှစ်သင်းခွဲသည်.။ ထိုအသင်းရှစ်သင်းကို Random ခေါက်ပြီး အပြာလေးသင်း အနီလေးသင်းခွဲပေးလိုက်သည်.။  ထိုလေးသင်းက ဆယ်မိနစ်တစ်သင်းကျ လဲပြီး ကန်ရသည်.။ နိုင်သည့်အသင်းက လဲလိုသည့်အချိန် လဲရသည်.။ ဂိုးမသွင်းနိုင် သည့်အသင်းက ဆယ်မိနစ်တစ်ကြိမ်လဲရသည်.။ ဂိုး(၁၀၀) မပြည့်မချင်း ညလုံးပေါက် နောက်ရက်အထိ ကန်ကြသည်.။ သူတို့ လူမျိုးများ အားကစားနှင့်ပတ်သတ်လျှင် တော်တော်လေး ရူးသွပ်ကြသည်ကို သတိထား မိသည်.။ ခုနောက်ပိုင်းလေ့လာကြည့်မိတော့  သူတို့ လူမျိုးတော်တော်များများက ကွန်မျူနစ်ဆန်ဆန် စိတ်ဓါတ် တွေရှိ ကြသည်.။ ရုပ်ဝတ္ထုပိုင်း ကို သိပ်အသားပေးသည်.။ ကံဆိုသည်ကိုမယုံ.၊ ဘာသာမဲ့တွေလည်းများသည်.။ ဘာသာရှိသူများကလည်း ဘာသာရေးထက် ကိုယ်လုပ်မှ ကိုယ်ရမည် ဆိုသည်ကိုသာ ခေါင်းထဲမှာရှိသည်.။ ကိုယ့်လူမျိုးကလွဲရင် မည်သည့်လူမျိုးမှ လူမထင်.။ ငမိုးတို့ မြန်မာနိုင်ငံမှာလို နိုင်ငံခြားသားများကို အရေးပေး၊ အထင်ကြီးသည့် စိတ် ၊ တစ်ပြားသားမှ မရှိ.။ ငါတို့ လူမျိုးသာအကောင်းဆုံး၊ အတော်ဆုံး၊ ဆိုသည့် စိတ်တွေက ရှိသည်.။ တစ်ခုတော့ ရှိသည်.။ သူတို့က သွေးနားထင်ရောက်နေတာ မဟုတ်ပဲ.. အမြဲတမ်း တိုးတက်အောင် ကျင့်ကြံနေကြတာတွေက ထိုစိတ်ဓါတ်တွေကို ပိုတိုးအောင် လုပ်နေသည့်အလားပင်ဖြစ်သည်.။ ကျောင်းသား တိုင်းအားကစားလုပ်သည်.။ အနည်းဆုံးတော့ ဘောလုံးကွင်းကို ပတ်ပြေးနေသူများဖြစ်သည်.။ သူတို့ လူမျိုးများတွင်လည်း ပျင်းသူ မရှိ၍တော့မဟုတ်.။ ပျင်း၍ အားကစားမလုပ်လျှင် စာမေးပွဲ ရလဒ်စာအုပ်မှာ လက်မှတ်ထိုးမပေး၊ ထိုအခါ ကြံ့ခိုင်ရေးမှတ် မရလျှင် နွေရာသီ ကျောင်းသားစခန်းတွင် ပြန်ဖြေပေရော့ ပဲ.။ ရေရှည်ဆွဲပြီး. ကိုယ့်အတွက် အကျိုးဖြစ်မယ့်ဟာမျိုးတွေကို စိတ်ဝင်စားသည်.။ ဥပမာ သက်လုံရစေမည့် ၊ ရွရွပြေးတာမျိုး၊ ကိုယ်စီသန်မာမှု(ဒိုက်ထိုး၊ ဘားခို၊ အိပ်ထမတင်) လုပ်တာမျိုးတွေကို အမြဲလုပ်ကြသည်.။
          ယနေ့ အမေများနေ့ဖြစ်သည်. ။ ဘုရားခန်းမ၀င်ခင် အမေ့အတွက် ကဗျာတစ်ပုဒ်လောက်တော့ ရေးဦးမည် စိတ်ကူးထားသည်.။ ဒါမှ မဟုတ်ရင် စာလေးတစ်စောင်လောက်ဖြစ်ဖြစ်ပေါ့.။ စိတ်ကတော့ နည်းနည်း ပြန်ကြည်နေပါပြီ.။ ဟိုတစ်လောက ဖြစ်ခဲ့သည့်  ပြဿနာအရပ်ရပ်ကြောင့် စာပေလောကကြီးကို ရေနွေးဖျော ချင်စိတ်တွေ ပေါက်မိတာကိုတော့ ခွင့်လွှတ်ပေးကြမည်ထင်သည်.။ ခုတော့လည်း ကိုယ့်ပတ်ဝန်းကျင်က လူတွေက လူလိမ္မာတွေချည်းမို့ ကွကို ဖြည့်တွေးပြီးကျေနပ်နေတာကပင် ကျေနပ်စရာတစ်ခု ဖြစ်နေလေသည်.။
         



ရေးသားသူ : မိုးသက် // 9:49 PM
အမျိုးအစား:

4 comments:

  1. အင်းးးးးးးးးးးးးးး
    အမတော့ ဒီတစ်ခါ မရေးဖြစ်လိုက်ပါလားမောင်လေးရေ...:(
    မတွေ့ရတာ ကြာတော့လဲ သတိတရရှိနေပါတယ်ဟယ် :)
    နေကောင်းတယ်ဟုတ် !!!
    ခင်တဲ့....အမမိုးနတ်

    ReplyDelete
  2. အမေနေ့ဆို.ပြာသိုလပြည့်နေ့ပဲမှတ်မှတ်ရရရှိတယ်..ဘိုတွေအမေနေ့တော့ခုမှသိတယ်...

    ReplyDelete
  3. စာရေးတာလည်း ရေးတာပေါ့ဗျာ...
    သို့ပေသိ ပညာရေးကိုတော့ အထိအခိုက် မခံစေချင်ဘူးဗျို့...။

    ဂိုးတစ်ရာ ဘောလုံးပွဲအကြောင်းကို ကြားရတော့ တော်တော်ပျော်ဖို့ ကောင်းမှာဘဲလို့ တွေးမိတယ်ဗျာ ။

    ကိုယ်ထင်ရာ ကိုစိုင်းနေကြသော အနုပညာ အသိုင်းအ၀ိုင်းမှာ ခုတ်ထစ်အပိုင်း ခံလိုက်ရတာ
    ဂန္ထ၀င် အမွေတွေပေါ့ ။

    ဒါနဲ့ စာပေလောက ကြီးကို ရေနွေးဖျော ပြီးပြီဆိုရင်
    ကျွန်တော့်ကိုလည်း အသိပေးပါဗျာ ငပိရေ ကျိုပြီး အတူစားကြတာပေါ့ ။

    ReplyDelete
  4. ကိုယ့်နဲ့ပတ်သက်သူတွေကိုထိရင် ပိုနာတတ်တယ်ဆိုတာ...ကြီးတော်ကို စောင်းမပြောနဲ့နော်..
း)

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List