Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, April 7, 2012

ကြုံခဲ့သမျှ ၊ ဆုံခဲ့သမျှ.

        ဘာလိုလိုနဲ့ ကျွန်တော်တို့ မော်စကိုကိုရောက်လာတာတောင် (၇)လရှိပါပြီ..။ဒီကြားထဲမှာ အမိနိုင်ငံတော်
ကြီးမှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာသတင်းတွေမှာကြားရပေမယ့်. ကျွန်တော်မောင်မိုးသက်ကတော့ 
အရင်ကလိုပဲ.။ ဘာမှ ပြောင်းလဲ မသွားပါဘူး.။ ငြိမ်ငြိမ်လေး ထိုင်နေတဲ့လူတစ်ယောက်ကို .. ဒီမှာမထိုင်နဲ့ ဟိုမှာပြောင်းထိုင်လို့ ပြောလိုက်သလိုပါပဲ။မော်စကိုမှာလည်းမိုးသက်တို့ငြိမ်ငြိမ်လေးပဲ..။တစ်ခုတော့ရှိတယ်.။
နေပူဒဏ်မခံရတော့ အသားနည်းနည်းဖြူလာတယ်.။ ဟင်းချက်တဲ့Skillလေးတွေနည်းနည်းတက်လာတယ်.။ 
နည်းပညာပိုင်းတွေ ပိုဖတ်ဖြစ်လာတယ်.။ အကောင်းဆုံးနဲ့ အကျေနပ်ဆုံးကတော့ ဒီဘလော့လေး ဖြစ်ပေါ်လာ
တာပေါ့နော်..။ 
            ဒီမလာခင်တုန်းကတည်း ကကျွန်တော်ကိုယ့်ကိုယ်ကို သိပါတယ်.။ကျွန်တော်က ဘယ်လိုနေရာရာကို
ရောက်ရောက် ပုတ်သင်ညိုလို အရောင်ပြောင်းမသွားတတ်ဘူးလေ.။ အားနည်းချက်လား အားသာချက်လား
တော့ မကွဲပြားဘူး..။ ကိုယ့်မှာ အရှိကိုအရှိအတိုင်းပဲ. နေတတ်တာကိုက အကျင့်တစ်ခုလိုဖြစ်နေတာလေ.။ ပြီး
တော့ကျွန်တော်က ပြင်ဦးလွင်သား.။ဂုဏ်ဖော်ပြီးမရှိရှိတာပြောရမယ်ဆိုရင်. ကျောင်းမှာကတည်းက ပြင်ဦးလွင်
သားတွေတော်တော်များများက လူဆိုးတွေနည်းပါးတယ်.။ လိမ္မာတဲ့သူများသလို အချင်းချင်းလည်းထိန်းကြ
တယ်.။ ရန်ကုန်သားတွေက လူလည်တွေ ။စကားပြောရင် သူတို့ပြောတဲ့ ဘန်းစကားများကို မောင်မိုးသက်တို့
တောင်ပေါ်သားတွေနားမလည်ဘူး.။ မန္တလာသားတွေကလည်း ရန်ကုန်သားများနီးနီးလည်ကြတယ်.။ အချို့
အထက်အညာ ဘက် ၊ အောက်ပြည်ဘက်က တောဘက်က သူငယ်ချင်းတွေကျတော့လည်း နည်းနည်းရိုးကြ
တယ်။ အဲဒီတော့ ကျွန်တော်တို့ ကျတော့ တောမက ၊ မြို့မကျ ..၊ခေတ်ရှေ့ကို မပြေးနိုင်ပေမယ့်  ခေတ်နောက်
ကိုတော့ မကျန်ဘူးလို့ ကိုယ့်ကိုယ့်ကို ထင်မိပါတယ်.။
          သူငယ်ချင်းတော်တော်များများနဲ့ ဆုံမိတော့ သူတို့ ဒေသ စကားတွေ မတူညီမှုတွေကိုပြောကြတယ်. ။
ငြင်းခုံကြတယ်.။ ဒေသန္တရ စကားတွေ ၊ လေသံတွေ ကလည်းတူမှ မတူကြပဲကိုး.။ ပျဉ်းမနားဘက်က၊ဖြူး၊ 
တောင်ငူ ဘက်က သူငယ်ချင်းတွေက..။ ရှ နဲ့ ချ နဲ့ မကွဲဘူး.။  မျှစ်ချဉ် ဆိုရင် မျှစ်ရှဉ် လို့ ပြောတယ်..။ ချစ်
တယ်ဆိုရင် . ရှစ်တယ်လို့ပြောတယ်.။ အဲဒီလို တွေ..။ မော်လမြိုင်ဘက်က သူတွေကျတော့..ရှ နဲ့ ဆနဲ့ မကွဲ
ပြန်ဘူးခင်ဗျ..။ ဘယ်လိုလဲဆိုတော့. စစ်မိန့်သံပေးတဲ့အခါ.. ရှေ့ကြည့် ဆိုတဲ့နေရာမျိုးမှာ.. ဆေ့ ကြည့်လို့ 
ပေးတတ်တယ်.။ ကျွန်တော့် ကုတင် နဲ့ သုံးကုတင်ကျော်က မော်လမြိုင်သားဆိုရင်သီချင်းဆိုတာ.. ။R ဇာနည်
ရဲ့ အပြစ်မတင်ရက်ပါ .. သီချင်းကိုပေါ့..။ “ ဒီဒဏ်ရာတွေဟာ.. ၀ဋ်ဆိ လို့သာ ခံစားခဲ့ရတာ..” ဖြစ်သွားတယ်.။ 
မွန်ပြည်နယ်သားတွေက တော်တော်ခင်ဖို့ကောင်းပါတယ်. ။စကားပြောရင်နဲနဲချွဲတယ်.။မော်လမြိုင်သူတွေ
ချောတယ်လို့တော့ ကြားဖူးပါတယ် ။ ကောင်းကောင်းတော့မမြင်ဖူးဘူး..။မွန်ပြည်နယ်သားတွေကိုသူတို့စ
ကားမပီတဲ့အကြောင်းသွားပြောရင်.. ငါတို့ကမှ ပြောမတတ်တာတဲ့.။ သူတို့က တစ်မျိုး.၊ မပြောတတ်ဘူး..၊ 
မလုပ်တတ်ဘူး လို့မပြောပဲ.၊ပြောမတတ်ဘူး.၊ လုပ်မတတ်ဘူးလို့ ပြောတတ်ကြတယ်.။ 
         နောက်ထပ် တစ်နယ်က . မြင်းခြံ၊ တောင်သာဖက်ကလူတွေကကျတော့.  ထွန်း ဆိုရင် ထွင်းလို့ပြောကြ
တယ်.။ ခွန် ဆိုရင် ခွင်လို့ပြောကြတယ်.။မှတ်မှတ်ရရ ဆေးစစ်ကာလတုန်းကကျွန်တော့်ရှေ့က အောင်မျိုးထွန်း
ဆိုတဲ့သူငယ်ချင်းက သူ့ဆေးစစ်နံပတ်နဲ့ နာမည်ကိုအော်တဲ့အခါ.. နှစ်သုညခွင်ခွင် အောင်မျိုးထွင်း ဆိုလို့
ကျွန်တော်က ခွီး ကနဲ့ ရယ်မိလိုက်လို့. ပါရဂူအမျိုးသမီးဗိုလ်မှူးကြီးက လက်ထောက်မှောက်ချခိုင်းတာခံ
လိုက်ရသေးတယ်.။သီချင်းဆိုရင်လည်း သင်တန်းမှာ.တောင်သာသားတစ်ယောက်ကအကြိမ်ကြိမ်ရင်ခုန်
မိသောမင်းမျက်ဝင်း..၊ အာရုံမှာငြိတဲ့ မျက်ဝင်း လို့ ဆိုတော့ ရယ်ကြရသေးတယ်.။ 
          နောက်ထပ်ကျွန်တော်နဲ့ တော်တော်ခင်တဲ့နယ်သားတွေက. တောင်ကြီးသားတွေ.၊ အင်းသားတွေ ပါ
တယ်၊ ရှမ်းတွေပါတယ်.၊ ပအို့ဝ်တွေပါတယ်ပေါ့ဗျာ.။ သူတို့နဲ့ ငြင်းရတဲ့ကိစ္စက သူတို့က အရောင်တွေကိုပြော
တဲ့အခါ.. ပန်းရောင်ဆိုရင် ၊ အပန်းရောင်၊ ရွှေရောင်ဆိုရင် . အရွှေရောင်လို့ပြောကြတယ်.။ ရှမ်းမလေးတွေပါး
ကပန်းနုရောင်သမ်းနေတယ်လို့ ပြောတဲ့အခါ..၊ ပန်းပန်းလေးတွေဖြစ်နေတယ်လို့ပြောကြတယ်။တိုင်းရင်းသား
တွေဖြစ်လို့ ကျွ န်တော်က နားလည်အောင်သေချာရှင်းပြပါတယ်.။ အနီရောင် ၊ အပြာရောင် ၊အစိမ်းရောင်စတဲ့
အရောင်တွေဟာ..နီသော ၊ပြာသော ၊ စိမ်းသော အစရှိတဲ့ နာမ၀ိသေသနတစ်ခုရှိလို့  အနီအပြာအစိမ်းပြော
လို့ရတဲ့အကြောင်း..၊ ပန်းသော ၊ ရွှေသော ၊ ခဲသော .စတဲ့နာမ၀ိသေသန မရှိတဲ့အတွက်.အပန်းရောင် ၊ အရွှေ
ရောင်၊ အခဲရောင် လို့ပြောလို့မရတဲ့အကြောင်း. ပန်းနှင့်တူသောအရောင်၊ ရွှေနှင့်တူသောအရောင်၊ ခဲနှင့်တူ
သောအရောင် ဖြစ်လို့ ပန်းရောင်၊ ရွှေရောင် ၊ ခဲရောင် လို့ခေါ်ကြောင်း အမြုပ်ထွက်အောင်ရှင်းပြသော်ငြား မ
အောင်မြင်ခဲ့ပါ.။ ဒါပေမယ့် တောင်ကြီးသားတွေကတော့ ကျွန်တော်နဲ့တော်တော်ခင်ခဲ့တဲ့သူငယ်ချင်းတွေ
ထဲမှာပါခဲ့တာပေါ့ဗျာ.။ 
         နောက်တစ်ချက်က ရန်ကုန်သားတွေနဲ့ မန္တလေးသားတွေ အမြဲတမ်းငြင်းခုံကြတဲ့ အကြောင်းတစ်ခုရှိ
တယ်.။ အဲဒါက ဘာအကြောင်းလဲဆိုတော့ မုန့်ဟင်းခါး ၊ မုန့်တီ ပြဿနာပါ.။ ကျွန်တော်တို့ အထက်အညာ
မှာ.မုန့်ဟင်းခါးဆိုတာက အရည်နဲ့သောက်ရတဲ့ မုန့်ဟင်းခါးကို ခေါ်ကြတယ်.။ ကျွန်တော်တို့  အညာမှာမုန့်
တီ သုတ်ဆိုတဲ့အရာကိုကျတော့..နန်းကြီးသုတ်လို့ခေါ်ကြတယ်.။ရန်ကုန်သားတွေက မုန့်ဟင်းခါးကိုကျတော့ 
မုန့်တီလို့ခေါ်ကြတယ်..(အားလုံးတော့ဟုတ်မည်မထင်ပါ..) ။အဲဒီကိစ္စကလည်း အမြဲတစေ ငြင်းခုံကြပြီးဘယ်
သောအခါမှ အဖြေမထွက်တဲ့..ကိစ္စတစ်ခုပေါ့ဗျာ....။
         ကျောင်းမှာက မြန်မာနိုင်ငံအရပ်ရပ်က မြို့ကြီး၊ မြို့ငယ်၊ လူစုံ၊ အလွှာပေါင်းစုံကလူတွေလာကြတယ်..။ 
တောသူတောင်သား၊ ကျေးလက်က ရာခိုင်နှုန်းအားဖြင့်ပိုများပါတယ်.။ ဒေသပေါင်းစုံကအကြောင်းတွေကို
ကောင်းကောင်းသိရတယ်.။ သူတို့ရဲ့ စကားပြောဆိုပုံ..၊ စကားဝဲ ပုံတွေကိုလည်း သိလာရပါတယ်.။သတိထား
မိတာတစ်ခုရှိတယ်.  ။ အဲဒါက တိုင်းရင်းသားသူငယ်ချင်းတွေ.။ ကျွန်တော်လေ့လာကြည့်ရသလောက်ပြော
ရမယ်ဆိုရင်.. ကရင်သူငယ်ချင်းတွေက ခံယူချက်ပြင်းတယ်.၊ အလုပ်ကိုအင်မတန်ကြိုးစားတယ်၊ စည်းကမ်း
ရှိတယ်.၊ လူမှန်ကြီးတွေပေါ့ဗျာ.။စာအုပ်ကြီးသမားတွေ များတယ်.။ သူ့စိတ်ထဲမှာမှန်နေတယ်ထင်ရင် ယိမ်း
ယိုင်ဖို့ရာ ခဲယဉ်းတယ်.။ ရှမ်းသူငယ်ချင်းတွေကျတော့. ရိုးတယ်. ၊ပွင့်လင်းတယ်.။ ဘာသာတရားကိုင်းရှိုင်း
တယ်.၊။ ရိုသေသမှုရှိတယ်.။ ရခိုင်သူငယ်ချင်းတွေကျတော့ ပျော်တတ်တယ်.၊ ကူညီတတ်တယ်.။  စိတ်ရင်း
ကောင်းတယ်.။ မွန်တွေကတော့ ကျွန်တော်နဲ့ အမြဲတမ်းတွဲနေကြပါပဲ. ။ စိတ်ရင်းကောင်းတယ် .။ သာသည်
နာသည်မတွက်တတ်ဘူး.။ကျွန်တော်နဲ့ မွန်ပြည်နယ်သားတော်တော်များများနဲ့ ညီရင်းအစ်ကိုလို နေခဲ့ဖူးပါ
တယ်.။ရန်ကုန်သားတွေက ခေတ်မီတယ်.၊ လူလည်တွေများတယ်.၊ Game ပစ်တာတွေဘာတွေ ကျွမ်းကျင်
ကြတယ်.။ ကွန်ပျူတာ Lab ခန်းဝင်တဲ့အခါ.သူတို့က ကျွမ်းကျင်ကြတယ်.။မန္တလေးသားတွေက နယ်သား
အင်မတန်ချစ်ကြတယ်.၊ ဧရာဝတီတိုင်းသားတွေလည်း အဲဒီလိုပဲနယ်သားချင်းအင်မတန်စည်းလုံးကြတယ်.။
တောင်ကြီးသားတွေ ဂစ်တာတီးကျွမ်းကြတယ်.။ ပြင်ဦးလွင်သားတွေက ရုပ်ချောတယ်.။(နောက်ဆုံးမှ ကပ်
ထည့်သွားတယ်...ဟဲဟဲ..)
        ကျွန်တော့်အထင် လူမျိုးစစ်စစ်တွေထက် ကပြားတွေက ပိုပြီးတော့. ချောကြတယ်ထင်တယ်.။ ကချင်-
ဗမာ တို့..၊ ရခိုင် - ဗမာ ၊ မွန်-ဗမာ စတဲ့သူငယ်ချင်းတွေက ရုပ်ချောကြတာများတယ်. ။ အပြင်ကသူငယ်ချင်း
တွေလည်းထိုနည်းလည်းကောင်းပါပဲ..။ရှမ်း-ဗမာတွေဆိုလည်း ပိုတောင်ချောသေးတယ်.။( အော် မေ့လို့ .. 
ကျွန်တော်က ရှမ်း-ဗမာ ဗျ.။)
            ဘယ်လိုပဲဖြစ်နေပါစေဗျာ.။ကျွန်တော်တို့ကျောင်းမှာတွေ့ခဲ့ရတဲ့သူငယ်ချင်းတွေထဲမှာတင် ဒေသအ
လိုက်ရဲ့..ယဉ်ကျေးမှုတွေ ၊ လူနေမှု ပုံစံတွေ၊ စကားအပြောအဆိုတွေ ကို ကိုယ်စားပြုနေပါတယ်.။ မြန်မာလူ
မျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တွေ ၊ စိတ်ဝင်စားစရာကောင်းတဲ့.. အကြောင်းတွေ ၊ထုံးတမ်းတွေကို
လည်းသိလာရတယ်.။ကျွန်တော်တို့တွေက နိုင်ငံရဲ့ နယ်ပယ်အသီးသီး ၊ဒေသအသီးသီး ၊လူတန်းစားအလွှာ
အသီးသီးကနေ လာကြတယ်.။ ပြီးတော့လည်း လေနှင်ရာ ကိုလွင့်သွားသလိုပဲ.။ တာဝန်ကျရာအသီးသီးကို
လွင့်စင်သွားခဲ့ရတယ်..။ကျွန်တော်ရေးခဲ့တဲ့ ဖိုင်နယ်ရီးယားတုန်းက မထွက်ဖြစ်ခဲ့တဲ့ သုံးနှစ် သုံးမိုးဆိုတဲ့.အခွေ
ရဲ့ Title သီချင်း “ သုံးနှစ်သုံးမိုး ” ဆိုတာ အဲဒီအကြောင်းလေးကို ရေးထားတာပါ.။ Lyrics လေးကိုကြည့်ကြည့်
ပေါ့.။နောက်မှ ဆိုပြီးတင်ပေးပါ့မယ်.။(လေနဲ့ ပေးထားတဲ့ကတိအကြွေးတွေလည်းလည်ပင်းရောက်နေပါပြီ..)

          သုံးနှစ်သုံးမိုး
                                               ရေး/ဆို- မိုးသက်
Verse (1)ဆောင်းဦးရဲ့ ရွက်ကြွေ  အတိတ်ကို နှိုးဆွ 
နာကျင်လွမ်းဆွတ်ခဲ့ရ အိပ်မက်ရှည်တွေက
ရင်မှာဝိုးတိုးဝါးတား ဆွေးရင်း.. ကျန်ခဲ့...........

Verse(2)နွေဦးရဲ့ ပိတောက်တွေ  တိတ်ဆိတ်စွာ နိုးထ
တစ်ခါတစ်လေ တမ်းတမ်းတတ အတိတ်ရဲ့ ခြေသံများ
ငါလေ တွေးရင်းတွေးရင်း ဆို့နင့် . ကြေကွဲ....

Chorus:တွေးရင်း ဆွေးနေမယ် အချိန်တိုင်း
တစ်ချိန်မှာပြန်ဆုံဆည်းခွင့်ရဖို့ 
မရှိတော့ပေမယ့်.. သူငယ်ချင်းတွေ.. ( သုံးနှစ်သုံးမိုး..)

မှန်းရင်းလွမ်းနေမယ်. ညတိုင်း
အကြိမ်ကြိမ်ပြန် တွေ့ခွင့်ရဖို့
စွဲမြဲရှင်သန်နေဆဲ.. ပုံရိပ်တွေ..  (သုံးနှစ်သုံးမိုး) .. 

 Verse(1)+Verse(2)

Ending:ကြွေကျသွား. သစ်ရွက်ခြောက်တို့ လေအဟုန်မှာ..
ရင်မှာဖြစ်တည်ခဲ့တဲ့ ..သံယောဇဉ်တွေက.
ဂုဏ်ယူရင်း. တွဲထားလက်တို့ ပျက်ပြယ်သွား....
ပွင့်သောပန်းတိုင်းမွှေးစေဖို့..
ရင်ထဲမီးများငြိမ်းစေဖို့.....
(သုံးနှစ်သုံးမိုး)
Chorus:
          အားလုံးသောညီအစ်ကိုမောင်နှမ များအားလုံးနှစ်သစ်ကာလမှာ..ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ
ကြပါစေဗျာ...။(မှတ်ချက်။ ။ ကျွန်တော်ရုပ်ချောတာမယုံရင် အမေ့ကိုသာ မေးကြည့်ပါတော့ဗျာ...။ဟီးဟီး.)



ရေးသားသူ : မိုးသက် // 3:38 PM
အမျိုးအစား:

14 comments:

  1. တိုင်းရင်းသားတွေ ကောင်းကြောင်းပြောသလိုလိုနဲ့ သူရုပ်ချောတာကို ကြော်ငြာသွားတာကိုးး)
    စကားမပီတာတွေ ဖတ်ပြီး ရယ်ရတယ်။
    ဟုတ်တယ် အဲလို နယ်ဘက်က သူငယ်ချင်းတွေ ရှိဖူးတယ်.. ခင်ဖို့လည်း ကောင်းကြတယ်
    မေမြို့မိုးပြောသလိုဘဲ နယ်သူနယ်သားတွေက ရိုးသားပွင့်လင်းကြတယ်

    ReplyDelete
  2. တိုင်းရင်းသားတွေ ချောတယ်ဆိုတာတော့ လက်ခံတယ်

    ReplyDelete
  3. လက်စသတ်တော့ ငါ့မောင်က သူများ အကြောင်းပြောသလိုလိုနဲ့ ကိုယ့်အကြောင်းကို ကြော်ငြာဝင်သွားတာကိုး။ ရန်ကုန်က မုန့်တီက အရည်နဲ့ မုန့်ဟင်းခါးတော့ မဟုတ်ဘူးလေ။ ရခိုင်မုန့်တီကို အတိုခေါက် ခေါ်တာ။ မန္တလေးက မုန့်တီဆို နန်းကြီးသုတ်ပဲ။

    ReplyDelete
  4. အစ်မကတော့ ရှ နဲ့ ချ မပီလို့ Undergrad တုန်းက သူငယ်ချင်းတွေ စတာအရမ်းခံခဲ့ရဖူးတယ်.. သူတို့စ ပါများတော့ အခုပီသွားပြီ. ဒါပေမယ့် ကိုယ့်ဒေသရဲ့ အထိမ်းအမှတ် စကားမပီတာတစ်ခုကို ကိုယ်တိုင် ပြောင်းလဲသလိုဖြစ်သွားတော့ နှမြောမိသလိုပဲ.

    ReplyDelete
  5. သားက မန်းလေးနယ်သားဆိုတော့ စည်းလုံးတယ်ပေါ့ သားကောင်မလေးက တောင်ပေါ်သူ ကပြားလေးဆိုတော့ ချောတယ်..သားလည်းချောတယ်နော် သူ့ လိုပဲ ကိုဘက်ကိုပြန်ရေးတာ...

    ReplyDelete
  6. အတော်လေ့လားထားတာပဲ။ လိပ်ကြီး..သူ့ဘက်သူယက်သွားတယ်။ မိုးသက်ပြောသလိုဆို မေလဲ တစ်ခုမှ မလွတ်ဘူး။ ဟိ ဟိ စကားပြောရင် ရှနဲ့ဆ မကွဲဘူး။ ပြောမတတ်ဘူး။ လုပ်မတတ်ဘူး။စားမတတ်ဘူး။ မုန့်တီ..မုန့်တီဖတ်။.ရန်ကုန်မှာတော့ မုန့်ဟင်းခါး၊မုန့်ဟင်းခါးဖတ်ခေါ်တယ်လေ။ ပြောရရင် ကုန်တောင်ကုန်မှာ မဟုတ်ဘူး.။စကားကလဲ ဝဲသေးတယ်။

    ReplyDelete
  7. တိုင်းရင်းသားတွေအကြောင်းတော်တော်သိရတာပဲ
    ဖတ်သွားပါတယ် မောင်လေးရေ

    ReplyDelete
  8. ပြောချင်တာကတော့ ဒါပါပဲရှင်

    ReplyDelete
  9. ကျွန်တော်တို့.ရှမ်းမြောက်ကတော့..သ နဲ့ တ ကိုမပီတာဗျ....တေတောတူတီ...တုတ်တန်တို့တွားတီ..ပေါ့ဗျာ...

    ReplyDelete
  10. ကျောင်းတက်တုန်းကသူငယ်ချင်းတွေကိုသတိရပြီး
    ရေးထားတယ်ဆိုပါတော့..ရှမ်းတွေကတော့ ချက်တယ်နဲ့
    ရှက်တယ်ဆိုတာကိုပြောတာ အသံမကွဲဘူး..
    ရ သံနဲ့ ခ သံမကွဲတာထင်တယ်..
    ဟဲဟဲ..အရင်တုန်းက မေမြို့မိုး (M 3)ရဲ့စီနီယာ အကို
    ရုရှားမှာကျောင်းတက်နေတုန်းက
    ညတိုင်းအဲကိစ္စငြင်းရတယ်..
    (ဒါကကြော်ငြာဝင်လိုက်တာပါ ဟီးး)
    ဒါနဲ့စကားမစပ်..စစ်ဗိုလ်တွေရဲ့ ချစ်သူဘလော့ဂါမလေး
    လည်းတအားချောတယ်ဆိုဘဲ..
    မေမြို့မိုး=May Myo Moe (M 3)

    ReplyDelete
  11. မေမြို့မိုး အမေကို မေးကြည့်လိုက်တာ အမေချောသလောက် ဒီသားကျမှ အမေ့ကို တစ်စက်ကလေးမှ ချောတာ မမှီဘူးတဲ့........:P

    ReplyDelete
  12. နယ်တွေအလိုက် အသုံးအနှုန်းလေးတွေ ကွဲလွဲသွားတာက နားထောင်လို့ကောင်းသလိုလို
    တစ်ခါတစ်ခါတော့ ရယ်ရပြန်တယ်ဗျ အပေါင်းအသင်းလည်း တယ်စုံသကိုး ။

    လင်ဒ့်ချိတ်ထားပါရစေဗျာ။

    ( မင်းဧရာ )

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ အစ်ကို..
      အစ်ကို့ကိုလည်း မြင်ဖူးနေတာကြာပါပြီ.။ အန်တီတင့် ဓါတ်ပုံထဲမှာ တွေ့ဖူးပါတယ်

      Delete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List