Friday, October 18, 2024

ကျေးဇူးတင်မိပါသည်




 ၂၀၀၉ ကျောင်းဆင်းဆင်းချင်းပေါ့။ မိခင်တပ်ရင်းကို သတင်းပို့ဖို့သွားတော့ မန္တလေးကနေ နေပြည်တော်ကို ရထားနဲ့သွားတယ်။ ခုလို Express ကားတွေ အရမ်းမများသေးတဲ့အချိန်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ကျနော်က ခြေညောင်းလက်ဆန့်သာ တဲ့ ရထားကို ပိုသဘောကျတယ်။ နောက် အဲ့ဒီအချိန်ကတည်းက စာ စရေးနေပြီ။ မဂ္ဂဇင်းတွေမှာ ပုဒ်စ ပုဒ်စ ပါနေပြီဆိုတော့ စာရေးဆရာအရင့်အမာကြီးတွေ သူတို့စာတွေထဲမယ် ရေးခဲ့သလို ကျနော်လည်း စာရေးသူတစ်ဦးအနေနဲ့ လူတွေနဲ့ စကားပြောချင်တယ်။ သူတို့ ဇာတ်လမ်းတွေကို နားထောင်ချင်တယ်။ သူတို့ရဲ့ ဘဝတွေကို စောကြောစေ့ငုချင်တယ်။ အဲ့ဒါကြောင့်လည်း ရထားနဲ့ သွားဖြစ်ခဲ့တာလို့ မှတ်မိတယ်။ ကျနော့်ရဲ့ ပထမဆုံး တစ်ယောက်တည်း ရထားစီးတဲ့အတွေ့အကြုံလည်း ဖြစ်မယ်ထင်တယ်။

ရထားမှာက သံသေတ္တာတွေပါလာရင် ကုန်တွဲမှာ တန်ဆာခ ပေးပြီး သွားတင်ရတယ်။ ကျနော့်သံသေတ္တာအကြီးကြီးကို သွားတင်တော့ "ဒုတိယဗိုလ် ဟိန်းလင်းထွန်း" လို့ရေးထားတဲ့ သံသေတ္တာကြီးကိုမြင်တော့ ကုန်တွဲက လူက သေနတ်တွေ ဘာတွေ ပါတယ်ထင်တယ်နဲ့ တူပါတယ်။ "ဗိုလ်ကြီးသေတ္တာကို ဗိုလ်ကြီးအတွဲထဲပဲ ယူထားလိုက်ပါ" တဲ့။

အဲ့ဒါနဲ့ ကျနော်ခေါ်လာတဲ့ အထမ်းသမားက အဲ့ဒီသေတ္တာကြီးကို ကျနော့်ခုံဘေးက လျှောက်လမ်းပေါ်မှာ ချသွားတော့တာပဲ။ သေတ္တာကြီးက လျှောက်လမ်းတစ်ဝက်လောက်ကို နေရာယူထားတယ်။ သွားတဲ့ လာတဲ့လူတွေက အဲ့ဒီ သေတ္တာကြီးကို ရှောင်ကွင်းသွားကြရတယ်။ သေတ္တာမှာလည်း စစ်ဗိုလ်နာမည်နဲ့ဆိုတော့ မပြောရဲဘူး။ အားနာရပေမယ့် အဲ့ဒီသေတ္တာကြီးလည်း ကျနော်တစ်ယောက်တည်း ခါးချိအောင် , လည်း နိုင်တာမဟုတ်တော့ မျက်နှာပူပူနဲ့ပဲ ဆက်ထိုင်နေရတယ်။

မှတ်မှတ်ရရ ကျနော်က ခုံတစ်ခုံလုံးမှာ တစ်ယောက်တည်း။ ရှေ့မှာ အမျိုးသမီးကြီး ယောက်။ အသက် ၄၅~၅၀ ဝန်းကျင်အရွယ်ပေါ့။ သူတို့ အချင်းချင်း မိတ်ဆက်ကြတာ၊ စကားပြောတာ ကြည့်ရတာ ဝန်ကြီးဌာနက ဝန်ထမ်းအမျိုးသမီးတွေပါပဲ။ သူတို့ထဲက တစ်ယောက်က အရပ်ဝတ်နဲ့၊ တစ်ယောက်က ရှေ့နေရုံးက ဖြစ်မယ်ထင်တယ်။ ရှေ့နေဝတ်စုံနဲ့။ ချည်ထိုးရင်း စကားပြောနေတာ။

ကျနော်က အပွင့်တစ်ပွင့်နဲ့ Waistcoat နဲ့ (ယူနီဖောင်းနဲ့ ခရီးသွားလို့ရတဲ့ ခေတ်ကိုး) ထိုင်နေရင်း အိတ်ထဲက ထည့်လာတဲ့ စီးကရက်ဘူးကို တစ်လိပ်ပြီးတစ်လိပ် ထုတ်သောက်မိတယ်။ မရှိတာထက် မသိတာခက်လို့ပဲ ဆိုရမလား။ စိတ်ထဲမှာတွေးမိတာက လေတစ်ဖြူးဖြူးတိုက်နေတဲ့ ရထားတွဲထဲမှာ စီးကရက်ကို လူကြားသူကြားထဲ အငွေ့မထွက်အောင် သောက်တာက Legit ဖြစ်လောက်ပါတယ်ဆိုတဲ့ အတွေးမျိုး ကျနော့်မှာ ရှက်စရာကောင်းလောက်အောင် ရှိနေခဲ့တာ။ ကျနော်တို့ဟာ လူမှုကျင့်ဝတ်တွေ၊ နီတိတွေကို လေ့လာသင့်သလောက် မလေ့လာရသေးဘူးဆိုတာ အဲ့ဒီအချိန်မှ သိတော့တာပဲ။ စီးကရက်ကို အငွေ့မထွက်အောင်ပဲ သောက်သောက်၊ အငွေ့ထွက်အောင်ပဲ သောက်သောက် လူထူထပ်တဲ့ ပတ်ဝန်းကျင်မှာ စီးကရက်မသောက်သင့်ဘူးဆိုတာလောက်ကိုတောင် မသိနားမလည်၊ Civilized မဖြစ်ခဲ့တဲ့ တောသားလေးကျနော်ကို အဲ့ဒီအဖြစ်ကနေ ကယ်ထုတ်ပေးလိုက်တာက ကျနော့် မျက်နှာချင်းဆိုင်က ရှေ့နေ အန်တီကြီးပါ။

ကျနော့်မျက်နှာကို တည့်တည့်ကြည့်ပြီး တစ်လုံးချင်းပြောတာကို သေသေချာချာကြီးမှတ်မိနေတယ်။

"ငါ မင်းကို ကြည့်နေစမ်းတယ်။ ဆေးလိပ်မသောက်တဲ့လူတွေနားမှာဆေးလိပ် မသောက်ရဘူးဆိုတာ မသိဘူးလား" တဲ့။ "ဗျာ" လို့ပဲ ပြန်ဖြေပြီး စီးကရက်ကို ကြမ်းပြင်က အပေါက်ကနေ သံလမ်းပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကျနော် ဆက်မသောက်ရဲတော့ဘူး။

 

 

ပြီးတော့ ဆက်မေးရော။ "မင်း အသက်ဘယ်လောက်ရှိပြီလဲ" တဲ့။
"
၁၉ နှစ်ပါခင်ဗျာ" လို့ဖြေတော့။ "မင်းအသက် ၁၉ နှစ်တည်းနဲ့ စီးကရက်သောက်နေတာ လိပ်ရှိပြီ၊ စောစောစီးစီး သေချင်လို့လား" တဲ့။ "မိတ္ထီလာမရောက်မချင်း နောက်တစ်လိပ် ထပ်သောက်ရင် နင်နဲ့ ငါနဲ့ တွေ့မယ်" တဲ့။
ကျနော် အဲ့ဒီ အန်တီကြီးကို ကျွတ်ကျဲနေတာတွေ့တော့ ရှေ့က အရပ်ဝတ်နဲ့ အန်တီကလည်း သဘောကျတဲ့အကြည့်နဲ့ ရယ်ပြီး ကြည့်နေတယ်။ ပြီးတော့ ဟိုအန်တီ ကျနော့်ကိုဆူနေတာက အသံတော်တော်ကျယ်တဲ့ အပြင် ရထားတွဲပေါ်ကလူတွေကလည်း ခေါင်းတွေလှည့်ပြီး လှမ်းကြည့်နေကြတာ။ မသိလို့ပဲ ဖြစ်ဖြစ် သိသိကြီးပဲ ဖြစ်ဖြစ် ကျနော် စောင်တလွဲလုပ်ရင်တောင် စစ်ဗိုလ်ဆိုရင် ဘုမသိ ဘမသိ မပြောရဲတဲ့ ခေတ်ဆိုတော့ ဟိုအန်တီကြီးဟာ သူ့အမျိုးအဆွေထဲမှာ တူသော်လည်းကောင်း၊ သား သော်လည်းကောင်း စစ်ဗိုလ်ပေါက်စ ချာတိတ်တွေရှိကောင်းရှိမယ်ထင်ပါတယ်။ ကျနော့်မှာ ရှက်လွန်းလို့ လှုပ်တောင် မလှုပ်ရဲတော့ဘူး။ ကြောက်တယ်ဆိုတာထက် ရှက်သွားတာ။ အပြောခံရလို့ရှက်တာမဟုတ်ဘူး။ ငါအဲ့ဒီလောက်တောင် တုံးရသလား၊ ဒီလို အခြေခံ Common Sense လေးတောင် မရှိရလောက်အောင်၊ နားမလည်ရလောက်အောင် ညံ့ရသလား ဆိုတဲ့ ရှက်နည်းမျိုးနဲ့ ရှက်သွားတာ။ အဲ့ဒီအချိန်အခိုက်အတန့်ဟာ နှိုင်းယှဉ်မြင့်မိုရ် အင်တာဗျူးထဲကလို သေးသေးလေးဖြစ်ပြီးပျောက်ကွယ်သွားချင်တယ် ဆိုတာမျိုး။
မိတ္တီလာဘူတာကျော်တော့ အဲ့ဒီအန်တီကြီးက ပြောသေးတယ်။ "နင် ဆေးလိပ်သောက်ချင်ရင် တွဲကြားထဲ သွားသောက်" တဲ့။ ကျနော် ရှက်ရှက်နဲ့ "ဟုတ်ကဲ့ပါခင်ဗျာ" ပြောပြီး ရယ်ပဲရယ်နေလိုက်တယ်။ တကယ် တစ်လမ်းလုံးလည်း ဆက်မသောက်ဖြစ်တော့ဘူး။
အဲ့ဒီနေ့ကစပြီး ကျနော်ဟာ ခရီးသွားရင် ယူနီဖောင်းနဲ့ မသွားရဲတော့ဘူး။ ကျနော် အနေအထိုင်မှားတာဖြစ်ဖြစ်၊ အပြောအဆိုမှားတာဖြစ်ဖြစ်၊ တစ်ခုခု လွဲမှားသွားတိုင်း သိက္ခာက ကျရတယ်ဆိုတာမျိုး ကျနော့်စိတ်ထဲမှာ တွေးမိသွားတာ။ နောက် အဲ့ဒီလို ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့ ကိစ္စတိုင်းမှာ ကျနော့်အလုပ်က ပတ်ဝန်းကျင်အပေါ် သက်ရောက်နေလားလို့ အမြဲတွေးဖြစ်သွားတာ။

နောက်ပိုင်း အသက် ၂၅ ဝန်းကျင်မှာ ပြန်တွေးမိတဲ့အခါ အဲ့ဒီ အန်တီကြီးသာ ကျနော့်ကို အဲ့လို မဆုံးမခဲ့ရင် ကျနော့်ရဲ့ မသိသားဆိုးဝါးမှုတွေ ဘယ်အသက်အရွယ်အထိ ရှိနေမယ်ဆိုတာ တကယ်မပြောတတ်ဘူး။ တကယ်ကို ဘယ်အချိန်ပြန်တွေးတွေး လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်နေရတော့တာပဲ။

ဟိုးအရင်က ကျနော်စာတွေ ရေးခဲ့သလိုပဲ။ ကျနော်က ဆုံးမရခက်သလောက် အင်မတန်နာယူလွယ်ပါတယ်။ ကျနော့်ကို ဦးချိုးနိုင်ဖို့ပဲ လိုတာ။ ကျနော့်ကို ဆုံးမတဲ့လူဟာ စာအုပ်ကလေး အုပ် အုပ်လောက်ဖတ်ပြီး လာဆုံးမရင် စာအုပ်ထောင်ချီ ခေါင်းထဲမှာ ရောပြွမ်းနေတဲ့ ကျနော့် နားထဲ ဝင်မှာမျိုးမဟုတ်ဘူး။ အဲ့ဒီ အန်တီကြီးလို့ တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ရင်တော့ ကျနော့်ကို ကိုင်တွယ်နိုင်မှာပဲ။ ကျနော့်ဘဝမှာ ကျနော့်ကို ရထားစီးနေရင်းနဲ့ အငွေ့ပျံပြီး ပျောက်သွားချင်လောက်အောင် ခပ်စပ်စပ်လေး ဆုံးမခဲ့ဖူးတဲ့လူတစ်ယောက်နဲ့၊ မတ်တတ်ရပ်နေရင်းနဲ့ လဲသေချင်လောက်အောင် နာနာကျင်ကျင် ပြောခဲ့ဖူးတဲ့ လူတစ်ယောက်ကြောင့်သာ ကျနော့်ဘဝက လမ်းကြောင်းမှန်ပေါ်ရောက်သွားတယ်ပဲ ဆိုပါတော့။

 

 




 

My Blog List