Thursday, March 13, 2014

မြင်မြင်ရာကြောက်...


ဟိုးတစ်နေ့က အကြောက်တရားနဲ့ ပတ်သတ်တဲ့ ပို့စ်တစ်ပုဒ်ရေးထားပါသေးတယ်.။ ဒါပေမယ့် အဲဒါက ကျွန်တော်ကြုံဖူးတဲ့ အကြောင်းသက်သက် ဖြစ်ပြီး အဲဒါနဲ့ပတ်သတ်ပြီး ရေးတဲ့ တဂ်ပို့စ်မဟုတ်ကြောင်းပြောခဲ့ပါ သေးတယ်.။ အခုတော့ တကယ်ရေးပါပြီ..။  ဒီပို့စ်က တဂ်ပို့စ်ပါ.။
အစ်မနှင်းတဂ်တဲ့ “ ကြိုတင် သိမြင်နိုင်တဲ့ အကြောက်တရားနဲ့ ကြိုတင် မသိမြင်နိုင်တဲ့ အကြောက်တရား” ဆိုတဲ့ ပို့စ်လေးပါ.။ ခေါင်းစဉ်ကတော့ သိပ်ကို လှပါတယ်..။
ဟုတ်ကဲ့ ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရား. ဆိုတာ ..။ တစ်နေ့ဖြစ်လာမှာဆိုတာကို ကြိုသိထားတဲ့ သေခြင်းတရားကို ကြောက်လန့်ခြင်းနဲ့အလားသဏ္ဍာန် တူတဲ့အကြောက်တရားမျိုးပေါ့..။ နောက်တစ်ခုကတော့ ကြိုတင် မသိမြင်နိုင်တဲ့ အကြောက်တရားဆိုတာကတော့ အမှတ်တမဲ့ ရုတ်တရတ် ဖြစ်လာတဲ့ ဟာမျိုးပေါ့..။
အဲ.. ပြောရရင် ကျွန်တော်က ငယ်ငယ်က အင်မတန်ကြောက်တတ်တာ ခင်ဗျ..။ ကြောက်တတ်တာ ဆိုတာ ကိုယ့်အသားနာမှာ အင်မတန်စိုးတာ..။ ငယ်ငယ်တုန်းက အိမ်က သင်ထားတော့ အကောင်ပလောင် မသတ်တတ်ဘူး.။ လာကိုက်တဲ့ ခြင်က အစ လေနဲ့ မှုတ်လွှတ်လိုက်တာမျိုး.။(ခုထိပေါ့)  ထို့အတူ ကိုယ့်အသား လည်း အနာမခံဘူး.။ အသားနာမယ့် အလုပ်ဆို သိပ်မလုပ်ဘူး.။
ငယ်ငယ်က အမေက မိုးကုတ်ကို နှစ်တိုင်း အလည်ပြန်ပါတယ်.. ။ ပြန်တဲ့အခါတိုင်းမှာ မိုးကုတ်က အမျိုး တွေက ကျွန်တော့်ကို ခပ်ပျော့ပျော့စာကြမ်းပိုး ကောင်လေး ဆိုပြီး အမြဲ စကြသတဲ့.။ ကျွန်တော်က အားကစား ဝါသနာမပါဘူး..။ အမေ့တူတွေ အကုန်လုံးက ဘောလုံးသမားတွေချည်းပါ.။ အဘွားအိမ်က ဧည့်ခန်းရဲ့ ထောင့်လေးထောင့်မှာ ညီအစ်ကို လေးယောက်ရဲ့  ဆုတံဆိပ်တွေကို နတ်စင်လို စင်တစ်ခုစီနဲ့ အပြိုင်အဆိုင် တင်ထားကြတာမျိုးပေါ့..။ (တစ်ချိန်က မြန်မာ့လက်ရွေးစင်အသင်းက နံပတ် (၁၄) မျိုးမင်းသန့် ဆိုတာ ကျွန်တော့် အစ်ကိုဝမ်းကွဲပေါ့..) ။ ဆိုတော့ ကျွန်တော့်ကို စကြ နောက်ကြတာလည်း မပြောပါနဲ့..။ ကျွန်တော်ကလည်း လူအင်မတန် ကြောက်သကိုး.။ ဒါကလည်း ကြိုတင် မြင်နိုင်တဲ့ အကြောက်တရားပဲ ပြောရမလား..။ ငယ်ငယ်က ရန်ဖြစ်တဲ့အခါတိုင်း ဘယ်သူမှားမှား ဘယ်သူမှန်မှန် မိဘက ကိုယ့်ချည်း တွယ်တော့ ကိုယ်က လူချင်းသူတင် ကိုယ်တင် ရင်ဆိုင်ရတော့မယ့် အခါ ဆိုရင် နောက်ဆုတ်လိုက်တာမျိုးက များခဲ့တယ်.။ ဒီလိုနဲ့ ကြောက်တတ်တဲ့ စိတ်တစ်ခုက ဝင်လာရတယ်..။
နောက်ပိုင်းတော့ ကျွန်တော့်စိတ်တွေ ပြောင်းလဲလာတယ်..။ စစ်တက္ကသိုလ်တက်တယ်.။ လူက နည်းနည်း ထုသားပေသားကျလာတယ်..။ “ ငါဒါတွေတောင် တစ်ချက်မတွန့်ပဲ ဖြတ်ကျော်လာတာ.၊ ဘာကို ကြောက်ရမှာလဲ” ဆိုတဲ့ အတွေးမျိုးတွေဝင်လာတာမျိုးပေါ့.။
အစ်မ မဒမ်ကိုးတို့ ရေးထားတဲ့ မိဘ နဲ့ ပတ်သတ်တဲ့ ခံစားချက်မျိုးက ရှိခဲ့ဖူးတယ်.။ နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ ဖြေတတ်လာတယ်.။ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေ ကြွေလွင့်သွားတဲ့အခါမျိုးတွေ၊ မနေ့ကတင် ကိုယ်နဲ့ မုန့်စား၊ နောက်ရက် ဘဝကူး စတဲ့ အဖြစ်တွေကြုံလာရတော့ လူက ဖြေတတ်လာတယ်.။ အဖေနဲ့ အမေသာဆိုရင် ဆိုတဲ့ စိတ်က သားသမီးတိုင်းစဉ်းစားမိတဲ့ အဖြစ်မျိုးပါပဲ..။ ဒါပေမယ့် ကြောက်စိတ်တော့ မဖြစ်တော့ဘူး..။ အဖေနဲ့ အမေတို့က လူ့ဘဝမှာ ဘယ်သူ့ကိုမှ မကောင်းတာ မလုပ်ခဲ့ဘူး.။ လိုအပ်တဲ့ ဒါန၊ သီလ၊ ဘာဝနာတွေလည်း ရှိတယ်..။ တကယ်လို့ မိဘတွေ ကွယ်လွန်သွားရင်တောင် နောက်ဆံတင်းစရာ မလိုတဲ့ အရည်အချင်းတွေ ကိုယ့်မှာ ရှိတယ်ဆိုတာလည်း မိဘတွေ သိအောင် ပြပြီးပြီ..။ ငယ်ငယ်လေးကတည်းကလည်း ဆိုးသွမ်းတဲ့ သားသမီးမျိုးထဲမှာ ကိုယ်မပါခဲ့ဘူးလေ..။ တစ်အိမ်လုံးက အသိတရားနဲ့ပဲ ရပ်တည်လာတာ ဆိုတော့ အဖေအမေတို့လည်း ဒီလမ်းက မလွတ်ဘူးဆိုတာ သိပေမယ့် အေးအေးဆေးဆေး ဖြစ်နေတတ်တယ်.။ ပုထုဇဉ်သဘာဝ ပူပင်ကောင်းပူပင်မှာပေါ့..။ ဒါပေမယ့် လူတစ်ယောက်ရဲ့ တာဝန်ကို ကျေပြီးသား လူတွေမို့  အရမ်းကြီးတော့ ကြောက်မနေမိဘူး..။ ကိုယ့်ကိုယ်ကိုယ်လည်း အဲဒီလိုပဲ..။ ငါအခုအချိန် သေရင် တန်ပြီလားဆိုတဲ့ မေးခွန်း ခဏခဏ စဉ်းစားမိတယ်.။ နောက်လာမယ့် ဘုံဘဝ ဆိုတာကို ခဏထားပါဦး.။ ခုချိန်မှာ ငါသေသွားရင် “ ဆန်မကုန်မြေပေါ့” ဖြစ်သွားရုံလား၊ ကိုယ်တာဝန်ရှိသလောက် ပတ်ဝန်းကျင်နဲ့ လောကကို အကျိုးပြုပြီးပြီလား ဆိုတာ အမြဲစဉ်းစားမိတယ်.။ ကိုယ့်ကိုယ်ကို သိပ်အကျေနပ်ကြီး မဟုတ်ပေမယ့်. ခုချိန်သေသွားရင် ကိုယ့်အလုပ်က အလေးသာနေတယ်လို့ ယူဆလို့ ကျေနပ်နေမိမယ် ထင်တာပါပဲ..။ “ လူတိုင်း သေမှာ ကြောက်တယ်.။ မကြောက်ဘူးဆိုတာ မင်းအရူးမို့ ပြောတာ”  လို့ ပြောကောင်းပြောမှာပေါ့..။ ကျွန်တော် မကြောက်ဘူး လို့ မပြောပါဘူး..။ လူပဲနော် သေမှာတော့ ကြောက်တာပေါ့.။ ဒါပေမယ့် အကြောက်ဆုံးထဲမှာ တော့ မပါခဲ့ဘူး. ..။
အဲ.. စပြီ ကျွန်တော့်အကြောက်ဆုံးတွေ စပြောတော့မယ်.။ နံပတ် (၁) ကျွန်တော် အကြောက်ဆုံးက မြွေ အပါအဝင် တွားသွားသတ္တဝါတွေပါ..။ အထူးသဖြင့် မြွေပေါ့..။ မြွေကို အပြင်မှာ မပြောနဲ့ Youtube က မြွေတွေ ကြည့်မိရင်တောင် တော်တော်နဲ့ ရင်တုန်တာ မပျောက်ဘူး.။ ဖြစ်ချင်တော့ ကျွန်တော် တာဝန်ကျတာက နေပြည်တော် တောင်ညိုမှာ.။ ပဲခူးရိုးမအဖျားနဲ့ ဆက်နေတဲ့ တောင်ကြောတွေပေါ့..။ မြွေပွေးမရှိပေမယ့်.။ တောကြီးမြွေဟောက်ဆိုတဲ့ အကောင်သေးသေးသွယ်သွယ်၊ ပါးပျဉ်းထောင်လိုက်ရင် တစ်ထွာ မကတဲ့ ဟာတွေ၊ (မယုံမရှိနဲ့ ကျွန်တော်အခု ရေးရင်းနဲ့ လန့်နေတယ် >.< ) သံကွင်းစွပ် ဆိုတဲ့ ကွင်းတွေ စွပ်ထားသလိုဟာတွေ ပေါမှ ပေါ..။ အဲ. တပ်မှာ သင်တန်းတွေဘာတွေ သွားဖို့ ကုတင်ခြေရင်းက သံသေတ္တာကို မ လိုက်ဗျာ.။ အောက်မှာ တစ်ကောင် အမြဲရှိတယ်.။ ရာသီဥတုက ပူတော့ သူတို့က အအေးရှာရင်းနဲ့ အခန်းထဲအထိ ရောက်နေတာမျိုး.။ တစ်ခေါက်က ရှမ်းဘောင်းဘီလေး လှမ်းထားတာ သွားရုတ်တဲ့အချိန် ဘောင်းဘီအောက်ကနေ ခေါင်းလေး ထွက်လာလို့ ကျွန်တော့်မှာ လန့်ပြီး မောဟိုက်သွားတာ ၁ နာရီလောက်ကြာတယ်.။
ပြောရဦးမယ်. ကြောက်ပါတယ်ဆိုမှ ..မြွေနဲ့ ပတ်သတ်ပြီး ကြုံရပုံများ.။
ကျွန်တော်တို့ လူပျို အရာရှိရိပ်သာက အခန်းတွေမှာ အိမ်သာ၊ ရေချိုးခန်း တွဲလျက်ပါတယ်.။  ကျွန်တော့်အခန်းက ရေချိုးခန်းက ရေကျပေါက်က ဇကာတပ်မထားဘူး.။ (တစ်ခြားအခန်းတွေတော့ တပ်ထားတယ် ထင်တယ်.) အဲ.. ကျွန်တော် မနက်လင်းတိုင်း မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်လိုက်တာနဲ့ အဲဒီ ရေကျပေါက်ကနေ တစ်ကောင်က ရှော. ဆို ထွက် ထွက်သွားတယ်.။ အမြီးဖျားလေးပဲ မြင်လိုက်ရတာပါ.။ အမြဲတမ်းမဟုတ်ပေမယ့်  နေ့တိုင်းနီးပါးပဲ.။ တစ်ရက်တစ်လေပဲ မတွေ့တာ.။ လူက အကြီးအကျယ် စိတ်သောက ရောက်ရတယ်.။ အိပ်ရာနိုးရင်တောင် ကုတင်အောက်ကို ခြေမချပဲ.. တံမြက်စည်းတွေဘာတွေနဲ့ အသံပေးပြီးမှ ဆင်းရဲ တဲ့သူက အဲဒီလို ကြီး ဒေးလီးမြင်နေရတော့ စိတ်သောကရောက်ရတာ မဆန်းဘူးပေါ့.။
အဲ တစ်ရက်ကျတော့ ကျွန်တော် ကြံတယ်..။ အုတ်နီခဲကြိုးတွေ။ သစ်သားစတွေ၊ တုတ်ချောင်းတွေနဲ့ အဲဒီ ရေကျပေါက်ကို ထိုးပိတ်ထားလိုက်တယ်.။ ငါရေချိုးရင် တစ်ခြားအခန်းသွားချိုးမယ်ပေါ့..။နောက်ရက်မနက် ကျတော့ ရုံးပိတ်ရက်ဆိုတော့  ကျွန်တော် အိပ်ရာထတာ နည်းနည်းနောက်ကျတယ်.။ ရေချိုးခန်းထဲဝင်လိုက် တော့ အဲ.. ဆရာသမားက ကျွန်တော့် ခြေအိပ်တွေ လှမ်းတဲ့ စင်အောက်မှာ အရေခွံချွတ်လဲသွားတယ်.။ အပုံလိုက် ကလေး.။  သဘောက “ ငါလာသွားတယ်” ပေါ့..။ လုပ်ပေါက်က.. လုပ်ပေါက်က..။
နောက်တော့ ပန်းရံဆရာခေါ်ပြီး အဲဒီအပေါက်ကို ဇကာတပ်ခိုင်းလိုက်မှပဲ အဲဒီပြဿနာ ကင်းဝေးတော့ တယ်.။
ကျန်တာတွေကိုတော့ သိပ်မကြောက်တတ်ဘူး.။ သရဲဆိုတာလည်း ဗထူးတုန်းက တစ်ခါပဲ ကြောက်မိ တယ်.။ နောက်တစ်ခေါက် အဲဒီ ရုံးခန်းထဲမှာ သူငယ်ချင်းကို အဖော်လိုက်ပေးတော့ လုံးဝ မကြောက်တော့ဘူး.။ ကျွန်တော့် စိတ်က တစ်ယောက်တည်းဆို ကြောက်တတ်တယ်.။ ကိုယ့်ကို အားကိုးမယ့်သူ၊ ကိုယ့်ထက် ကြောက်တတ်တဲ့သူ ပေါ်လာရင် ကြောက်စိတ်ဆိုတာ လုံးဝ ပျောက်သွားတယ်.။
ကျွန်တော်တို့ တပ်က အရာခံအကြပ်ကြီးရိပ်သာရှေ့က အပင်ကြီးက နာမည်ကြီးတယ်.။ သရဲခြောက်တယ် ဘာညာပေါ့လေ.။ ကျွန်တော်ဆို တစ်ခါတစ်လေ ရုံးကနေ ည(၁) နာရီ၊ (၂) နာရီမှ တစ်ယောက် တည်း ပြန်လာရတဲ့ အခါမျိုးတွေရှိတယ်.။ အဲဒီအချိန်အထိ ယူနီဖောင်းမချွတ်ရသေးဘူး.။ တပ်မှာ အငယ်ပေမယ့် ကျွန်တော်က အလုပ်ကြိုးစားတယ်.။ မနက်ခင်းကတည်းက သွားတယ်.။ ရုံးမှာ ကိုယ့်ထက် အတွေ့အကြံရှိတဲ့ စာရေးတွေဆီက ရုံးပိုင်းဆိုင်ရာတွေ လုပ်ရင်းနဲ့ သင်တယ်.။ ကိုယ်က သူတို့ထက် တတ်တဲ့ ကွန်ပျူတာပိုင်းတွေ သူတို့ကို ပြန်သင်ပေးတယ်..။ ဒါပေမယ့် တပ်ရင်းမှူးက သူတို့ လုပ်ရင် စိတ်တိုင်းမကျတာ များတော့ ကျွန်တော်ပဲ လုပ်ရတာ များတယ်.။ တစ်ခါတစ်ခါ ပြန်တမ်းတွေ လုပ်ဖို့ များရင် ကျွန်တော် ရိပ်သာပြန်နောက်ကျတတ်တယ်.။ ဘယ်သူမှ မရှိဘူး.။တောတောင်ထဲက မီးမရှိတဲ့ မှောင်မှောင်မဲမဲ တပ်တွင်းလမ်းမှာ ကျွန်တော် တစ်ယောက်တည်း ပဲ…။ တစ်ခုရှိတာက ကျွန်တော်က ယူနီဖောင်းဝတ်ထားတဲ့အချိန် ကြောက်စိတ်နည်းတယ်.။ (ဓဇဂ္ဂသုတ် ကိုသတိရပါ) .။ ကိုယ်က တာဝန်ထမ်းဆောင်နေတာပဲ ဆိုတဲ့ အသိနဲ့တင် Will power တစ်ခုက အလိုလို ရှိနေတတ်တယ်.။ နည်းနည်းလေး ကြောက်စိတ်ဝင်လာရင် ခါးပတ်ကို တင်းလိုက်တယ်.။ ဖိနပ်ကြိုးကို တင်းလိုက်တယ်.။ ဒါဆို အဆင်ပြေသွားပြီ.။ မေတ္တာသုတ်ကတော့ ငယ်ငယ်ကတည်းက အကျင့်ရှိတော့ ထစ်ကနဲ ဆိုတာနဲ့  “ ယဿာနုဘာဝတော ယက္ခာ” ကို ရွတ်မိတတ်တယ်..။ ကျန်တာတွေကိုတော့ သိပ်မကြောက်မိဘူး.။ 
ကဲ..ကျွန်တော့်ရဲ့ အကြောက်တရားနဲ့ မကြောက်တရားတွေကိုတော့ ဤတွင်နိဋ္ဌိတံဖို့ သင့်ပါပြီ..။ တဂ်ပေးတဲ့ အစ်မ နှင်းကို ကျေးဇူးတင်သလို၊ တီတင့်ကိုလည်းကျေးဇူးတင်ပါတယ်.။ တစ်နေကုန်လည်း လမ်းသလားထားတော့ မျက်လုံးနှစ်လုံးက ခဲဆွဲထားသလို ဖြစ်နေပါပြီ..။ အစက မနက်ဖြန် ရွှေ့ဦးမလို့ပါ..။ ဟိုဂရုထဲမှာ အာချောင်ထားတာကြောင့် ကျိန်စာသင့်ပြီး မတော်.. ခြောက်သွားမစိုးလို့ပါ. ဟီးဟီး..။


(ကိုင်း မခက်ပေဘူးလား.။ ရေးခိုင်းတာက တစ်ခြား. ဟော့သည် ငမိုးဆိုတဲ့ အကောင် သူပြောချင်တာ တွေ ပြောချင်ရာ ပြောပြီး ဖြတ်ထားခဲ့ပြီ..။ ဘယ့်နှယ်ရှိစ. မခင်သီတာ..။)



ရေးသားသူ : မိုးသက် // 2:04 PM
အမျိုးအစား:

8 comments:

  1. ဆန်မကုန် မြေပေါ့ (စကားလေးရခဲ့တယ်) ခင်သီတာ ခေတ်စားနေတယ်နော်
    မြွေကြောက်တာချင်းတော့တူတယ်မိုးသက်ရေ
    မှတ်ချက်။ ကြောက်လို့လာဖတ်တယ်မထင်နဲ့နော်.....ွီးခွီး

    ReplyDelete
  2. သရဲလဲကြောက်တယ် မြွေလဲကြောက်တယ်အကုန်ကြောက်တတ်တယ်။
    ဟင်းးဟင်းး သူဟာသူ အခြောက်မဖြစ်ပါစီဆိုပီး ဖစ်မဆိုးလို့ အပြေးအလွားရေးရတာ :P

    အမတော် တင်သိန်းအေး

    ReplyDelete
  3. တဂ်ပို့စ်လေး ကြည်နူး ၀မ်းသာစွာနဲ့ ဖတ်သွားပြီ 'ခပ်ပျော့ပျော့ကောင်လေး' ရေ... :P
    တပ်ထဲမှာ ခေါင်းစဉ်ကွဲ သရဲခြောက်တာတွေ မကြာခဏကြားဘူးနားဝရှိတယ်...
    လူအများစုက မြွေကိုကြောက်ကြပေမယ့် မြွေမြင်ရင်ငွေဝင်တယ်တဲ့နော်...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  4. ဟန်ကြည်March 14, 2014 at 3:14 AM

    နည်းနည်းလေးကြောက်လိုက် ခါးပတ်ကြိုးတင်းလိုက် နောက်တစ်ခါ ထပ်ကြောက်လိုက် ခါးပတ်ကြိုးထပ်တင်းလိုက် လုပ်ပါများရင် ခါးသေးရင်ချီဖြစ်ရော...း)

    ReplyDelete
    Replies
    1. ဟွန်း လူဆိုး :p

      မိုးသက်ဦးလွင် အကို

      Delete
  5. ကိုယ့်ကို အားကိုးမယ့်သူ၊ ကိုယ့်ထက် ကြောက်တတ်တဲ့သူ ပေါ်လာရင် ကြောက်စိတ်ဆိုတာ လုံးဝ ပျောက်သွားတယ်.။

    တယ်..ငါမပြော လိုက်ချင်ဘူး နင့်ကြောက်စိတ်ကလည်း ဟွန့်

    ReplyDelete
  6. မိုးသက်ကြောက်ပုံကလဲ စိတ်ဝင်စားစရာ..
    မြွေဆို မကြောက်သူ မရှိမေမယ့် ကိုယ်တိုင်သာ အဲ့ဒီလို မကြာခဏတွေ့နေရရင်
    အတွေးနဲ့တင် လန့်ချင်စရာ..

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List