ဒီနေ့တနင်္ဂနွေ..။
ထုံးစံအတိုင်း မနက်ခင်းစောစောစီးစီး ဘုရားခန်းဝင်ပြီးသောအခါ အခန်းရှင်းရသည်.။ မကြာမီဆောင်းဝင်တော့ မည်ကိုး..။ မဆီမဆိုင်ဟု ထင်ကြလိမ့်မည်.။ ဆောင်းဝင်လျှင် ကိုယ့်အိပ်ရာထဲကနေ ဘယ်မှ မသွားချင်တာ အမှန်ပင်မဟုတ်ပါလား..။ အခန်းရှင်းရင်းနှင့် တစ်ချိန်က သူမပေးထားသော သော့ခတ်စာအုပ်ပန်းရောင်ကလေး နှင့် သူမမွေးနေ့ ဓါတ်ပုံများကို ပြန်တွေ့သည်…။ ကျွန်တော်ဖွင့်မကြည့်သင့်တော့တာ သိသည်.။ စာအုပ်ကလေး က ဖုံတွေတောင် တက်နေပြီ.။ အထဲမှာ ကျွန်တော် ပြန်မပေးဖြစ်သော couple ပုံများ..။
ကျွန်တော် ပြန် မတမ်းတသင့်တော့ပါ…။ ချန်ရစ်သူနှင့် ကျန်ရစ်သူ အတိမ်အနက် မတူညီကတည်းက တစ်ဖက်စောင်းနင်းဇာတ်လမ်းဆိုတာ ရှင်းရှင်းပေါ်ပြီးမဟုတ်လား..။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထက် ကျွန်တော့်လက်ရှိ မိဘ ကိုခွင့်ပန်ထားသော ချစ်သူကို ကျွန်တော် ဂရုစိုက်ရဦးမည်လေ..။ လက်ရှိ သူမကပဲ ကျွန်တော့် အနာဂါတ်ပင် မဟုတ်ပါလား..။ လောလောဆယ်တော့ ယခု စာအုပ်ကလေးနှင့် ဓါတ်ပုံများကို ကျွန်တော် ဘွဲ့ယူပြီးသည့် နေ့တွင် မော်စကိုမြစ်ထဲ သွားမျောမည်ဟု တေးထားလိုက်သည်..။ ကျွန်တော့် ရည်စူးသူကိုတော့ အသိမပေးဖြစ်..။
ယနေ့အပူချိန်က ၁၀ ဒီဂရီဆဲလ်ဆီးယပ်စ် ခန့်.။ အမှန်တကယ်ခံစားရသည်မှာ ၂ ဒီဂရီဟု မိုးလေ၀ါသ ၀ဘ်ဆိုက်မှာ တွေ့ရသည်.။ ညည်းညူစဖွယ် မော်စကိုဆောင်းရာသီဒဏ်က အစပျိုးနေပြီ..။ အာလူးစားသူများ ကတော့ အေးအေးလူလူ..ဘောင်းဘီတိုဖြင့် ဘောကန်ဆင်းနေတုန်း ။ ကျွန်တော်တို့ ဆန်စားသူ အာရှသား များကတော့ အနွေးထည်ကိုယ်စီဖြင့် ကုတ်ကုတ်ကုတ်ကုတ်..။ ကျောင်းစဖွင့်တော့ ကျောင်းသား စိတ်တွေ ပြန်ပေါက်လာတာလည်းပါသည်.။ စာပြန်ရေးဖြစ်နေတာပင် ကိုယ့်ကိုယ်ကို ကျေနပ်နေသလိုလို..။
အခန်းရှင်းပြီးတော့ ရည်စူးသူဆီက ဖုန်းခေါ်သည်..။ ခဏမျှ စကားပြောပြီး..။ ထမင်းချက်ဖို့ လုပ်တော့ ဆန်ထုတ်တွေ ကုန်နေတာတွေ့သည်.။ ဟိုဖက်အဆောင်မှာနေစဉ်က ဗီယက်နမ်ဈေးကနေ အိတ်အကြီးတွေ ကားနဲ့ လာပို့သည်.။ ယခုအဆောင်ကျတော့ ကိုယ်တိုင် ကီလိုထုတ်လေးတွေဝယ်စားရသည်.။ ကျောင်းမှာ ဘုရားပွဲ၊ မွေးနေ့ပွဲတွေဆက်နေတော့ ထမင်းမချက်တာ ကြာနေသဖြင့် ဆန်ပြတ်နေတာ သတိမထားမိလိုက်..။
“ ဈေးသွားမယ်.. မိုညက်ကာကိုသွားမှာ..။ ဘယ်သူလိုက်ဦးမလဲ..။ ဟိုဟာမှာ သည်ဟာ မှာ ဆိုက်ကား တွဲခြင်း သည်းခံပါ..။ အဖော်မရှိလို့ခေါ်တာနော်…”
ကော်ရစ်ဒါမှာ ဗေကြီးလို့ ချစ်စနိုးခေါ်သော သူငယ်ချင်း အသံကြားလိုက်သည်.။ အချိန်ကိုက်ပါပဲ..။
“ ဗေကြီး.. ငါလည်း အခုပဲသွားမှာ အတူတူသွားကြတာပေါ့…”
ဘာပဲပြောပြော အဖော်ရသွားသည်.။ မိမိလည်း တစ်ယောက်တည်း မသွားချင်ပါ.။ တစ်ခါတစ်ရံ အမူးသမား များဖြင့်တွေ့လျှင် ပြဿနာရှာခံရတတ်သည်ကိုး..။
ရုရှားရောက် အရာရှိများဟု ခေါင်းစဉ်တပ်လိုက်လျှင် လူမှုရေးကွန်ယက်များပေါ်မှ ပုံရိပ်များကိုသာ ပြေးမြင်တတ်ကြသည်လေ.။ တကယ့်တကယ် အခက်အခဲပေါင်းစုံကြားမှ ရုန်းကန်ရသည်များက မည်သို့ သိနိုင်ပါမည်နည်း..။ ဘာသာစကားအခက်အခဲမှ အစ၊ ရာသီဥတုမတူ၊ လူမျိုးကြီးဝါဒ၏ စိန်ခေါ်မှုတွေ၊ အစုံအစုံ ပါပဲ..။
တစ်ခါတစ်ရံတော့ သူတို့ လူမျိုးတွေနှင့်စကား ပြောဖြစ်ကြပါသည်.။ ရုရှားအများစုက နိုင်ငံခြားသားအ ပေါ်သိပ် မကြေလည်ချင်ကြ.။ သူ့နိုင်ငံ၊ သူ့လူမျိုးလွဲလျှင် မည်သူ့ကိုမှ လူမထင်..။ စကားသွားပြောလျှင်ပင် မတူ မတန်သလို ပြန်ပြောကြသည်.။ ကမ္ဘာတစ်လွှား သံကုန်ဟစ်နေသော လူ့အခွင့်အရေးသမား ဆိုသူတွေကို ပြချင် လှသည်..။ တစ်လောကလည်း ကြုံရသေးသည်.။
“ မင်းတို့က တရုတ်တွေလား..”
“ မဟုတ်ဘူး ငါတို့က အရင်တုန်းက ဘားမားလို့ ခေါ်တဲ့ မြန်မာပြည်က…”
“ ငါ မြန်မာ ဆိုတာ တစ်ခါမှ မကြားဖူးဘူး.၊ ဘားမားဆိုတာလည်း မကြားဖူးဘူး..”
“ အေး.. မင်း ဒီထက်ပိုပြီး စာဖတ်ဖို့ လိုသေးတယ်..”
တစ်ခါတစ်ရံ စိတ်ပေါက်ပေါက်နှင့် အဲဒီလို ဘုတော ပစ်လိုက်သည်.။ အဲဒီလို ပြောလိုက်မှ ခေါင်းတစ်ဆတ်ဆတ်ညိတ် ပြီး..နောက်ဆုတ်သွားကြသည်..။ ရုရှားဆိုသည့် လူမျိုးများက လူကသာ ဥရောပ တစ်ခြမ်း အာရှ တစ်ခြမ်း နေရသည်..။ အာရှသားကို အင်မတန် အထင်သေးသည့်လူမျိုး..။
ဈေးသွားသည့်လမ်းမှာ ပန်းခြံလိုလိုဟာလေးတစ်ခုရှိသည်.။ အမှန်က ပန်းခြံမဟုတ်..။ သူရဲကောင်း တစ်ဦး၏ ရုပ်တုရှိသည့် ပန်းခြံအသေးစားကလေး.။ ၁၂ လရာသီပတ်လုံး တစ်ရက်မှ ပန်းခွေ၊ ပန်းစည်း ပြတ်သည်မရှိ..။ တစ်ရပ်ကွက်လုံးက ဦးသူ ပန်းစည်းချကြသည်မှ ယနေ့ထက်တိုင်အထိ..။ စစ်အတွင်းသူရဲကောင်းများကို ယနေ့ထက်တိုင် မမေ့ကြ..။ စစ်သားများကို အင်မတန်ချစ်ကြသည့် လူမျိုးတွေ.။ ကျေးဇူးသိတတ်သူများ ဟု ဆိုနိုင်သည်ပဲ..။ ရုရှားများ၏ အောင်ပွဲနေ့ (ဂျာမနီကိုစစ်အောင်သောနေ့) တွင် ရင်ပြင်နီမှာ စစ်ပြန်အဘိုးကြီးများကို ရုရှားကလေးငယ်များက ပန်းစည်းပေးကြတုန်း.။ မိဘများက အားကျအောင်ပြကြတုန်း.။ စစ်ပြန်ကြီးများ၏ မျက်ရည်ကို ဆို့နင့်စွာတွေ့ရတုန်း..။ ဂျာမန်တွေ ကျူးကျော်စဉ်က တစ်မြို့လုံးက ယောက်ျားသားတွေအားလုံး အသေခံကာကွယ်ခဲ့သည် ဆမားလန့်စ်လို မြို့က တိုက်ပွဲတွေအကြောင်း ကို ဂုဏ်ယူမြိန်ယှက်စွာ ဆိုနေကြတုန်း.။
ထိုပန်းခြံလေးမှာ ဓါတ်ပုံဝင်ရိုက်ကြသည်.။ အတုယူစရာတွေကိုတော့ စိတ်ထဲမှာ မှတ်သားမိသည်.။ ကျွန်တော် မြန်မာနိုင်ငံပြန်ရောက်သောအခါ အကျိုးပြုစာတမ်းတစ်စောင်လောက် ရေးရဦးမည်ဟု တေးထားမိ သည်.။
ဈေးကို မရောက်ခင် လမ်းသွယ်ခပ်ကျဉ်းကျဉ်းလေးတစ်ခုရှိသည်.။ ထိုလမ်းသွယ်လေးတွင် အမြဲတမ်း တောင်းရမ်းနေသော တာဂျစ်ကစ္စတန် သူတောင်းစား သားအမိ ရှိသည်.။ အကြွေလွယ်သည့်အခါတိုင်း အမြဲ ထည့်ဖြစ်ပါသည်.။ တာဂျစ်ကစ္စတန်တွေက မွတ်ဆလင်တွေမို့၊ ဘာညာ လျှောက်တွေးဖို့ မလိုပါ.။ မိမိက လူသား တစ်ဦးမဟုတ်လား..။
ဈေးရောက်တော့ လိုတာတွေဝယ်ခြမ်းကြသည်..။ အသားနည်းနည်း၊ ဆန်၊ဆီ၊ ကြက်သွန် ဖြူ၊နီ၊ ခရမ်း ချဉ်သီး စသဖြင့် ၀ယ်ရသည်.။ ခရမ်းချဉ်သီးက ဆောင်းမ၀င်ခင် စားရမည်.။ ဆောင်းဝင်လျှင် ခရမ်းချဉ်သီးဈေး က ကြက်သားဈေးထက်ကြီးသွားတတ်သည်…။ လိုတာတွေဝယ်ခြမ်းပြီး ကောင်တာဖက် ပြန်ထွက်အလာမှာ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် ကလေးမလေး တစ်ဦး ဘီးပါသော ခြင်းတောင်းကလေးကို တွန်းပြီး ပေါင်မုန့် အကန့်တွေဖက် ၀င်သွားတာတွေ့လိုက်သည်…။ အသက်က သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း အရွယ် ကလေး.။ အစာရေစာ ၀၀လင်လင်မစားရ၍ ၀၀ လင်လင်မရှိလှ..။
ရုရှားမှာ ကလေးငယ်များပင် လမ်းလျှောက်တတ်လျှင် ကိုယ်တိုင်ဈေးဝယ်နေပြီ..။ မုန့်တွေဝယ်သည်.။ ခပ်တည်တည် ၀င်သည်။ လိုသည့်ပစ္စည်းယူသည်.။ အပြန်ကောင်တာမှာ ကလေးကိုင် ပိုက်ဆံ အိတ်သေးသေး လေးတွေထဲက အကြွေစေ့လေးတွေနှင့် အိမ်ရှင်မကြီး စတိုင် ငွေရှင်းလေ့ရှိသည်.။ သို့သော် ကလေးမို့ စနောက် ခြင်းမရှိ.။ ကောင်တာက စာရေးမကလည်း Cash စာရွက်နှင့်တကွ သေချာစွာ အမ်းလေ့ရှိသည်.။ ထို့ကြောင့် ထိုမြင်ကွင်းက ရိုးနေပြီ.။ သို့သော် ထူးဆန်းသည်က မိမိ ရုရှားရောက်ကတည်းက ထိုသို့ စုတ်ပြတ်နေသော ကလေးငယ်လေးကို မမြင်ဖူးခဲ့.။ သူကလေးကတော့ ခပ်တည်တည်ပါပဲ..။
ကောင်တာမှာ တန်းစီနေတုန်း မြေပဲနည်းနည်းယူဖို့ သတိရသည်.။ ဗေကြီးကို ခဏစောင့်ခိုင်းပြီး အထဲ မှာ မြေပဲဝင်ယူသည်.။ စောစောက ကလေးမလေးက ဆယ်ရူဘယ်တန် ပေါင်မုန့် (၅) လုံးကို ခြင်းတောင်းလေးထဲ ထည့်နေတာ တွေ့ရသည်.။ အော်… သူပေါင်မုန့်တွေဝယ်နေတာပါလား..။ ကလေးငယ်အများစုဝယ်လျှင် ကလေးကြိုက်ချောကလတ်လို မုန့်မျိုးတွေဝယ်လေ့ရှိသည်.။ အဆာခံသော ပေါင်မုန့် ညိုကြီးတွေဝယ်ထားတာတွေ့တော့.. စိတ်ထဲမှာ တစ်မျိုးတမည်တော့ ဖြစ်သွားသည်..။ ကျွန်တော်မြေပဲယူပြီး ကောင်တာနားကို ပြန်လာတော့ အဆိုပါ ကလေးလေးကလည်း ကပ်ပါလာသည်.. မိမိနောက်တစ်ယောက်ကျော်က ၀င်တန်းစီသည်..။ သူကလေးက နောက်ဆုံးမှာ…။
ကျွန်တော့်အလှည့်ရောက်တော့ ပစ္စည်းတွေ Sensor ဖြတ်ပြီး ပိုက်ဆံရှင်းသည်.။ ပြီးတော့ ပစ္စည်းတွေ အိတ်တွေထဲထည့်နေရင်း ဗေကြီးကို ခဏစောင့်ရသည်.။စောစောက ကလေးလေးက နောက်ဆုံးမှာပဲ ရှိနေတုန်း..။ ပစ္စည်းတွေထည့်ပြီးတော့ စောင့်နေတုန်း ကလေးကို မြင်နေရသည်.။
ခဏကြာတော့ သူကလေး ဟိုဟိုသည်သည် ငေးကြည့်နေရင်း ချောကလတ်တွေတင်ထားသည့် စင်ပေါ်ကို မျက်စိကရောက်သွားသည်.။ သူ့ခြင်းတောင်းထဲကို တစ်ချက်ပြန်ကြည့်ပြီး အ၀င်ပေါက်ဝ ဖက်ကို ထွက်သွားသည်.။ လုံခြုံရေးစောင့်သည့်လူက ခပ်စူးစူးကြည့်သည်.။ အလစ်သုတ်မည်လား ဆိုသည့် အကြည့် ဖြင့်.။
ကလေးက အပေါက်ဝနားမှာရပ်သည်.။ အပေါက်ဝ ဖက်ကို လှည့်၍ အပြင်မှာစောင့်နေသော သူမ အမေနှင့် စကားလှမ်းပြောသည်.။ သူ့အမေကလည်း အ၀တ်အစားခပ်ညစ်ညစ် ၊ လက်ထဲမှာ ပွေ့ထားတာ ကလေးတစ်ယောက်၊ ကိုယ်ဝန်တစ်ခုကိုလည်း လွယ်ထားဆဲ.။ အောက်ခြေထဲက အောက်ခြေအကျဆုံး လူတန်းစားတွေမှန်း ကြည့်ရုံဖြင့် သိသာသည်.။
ဘာရယ်မကြားရပေမယ့် သူမ ချောကလတ်စားချင်ကြောင်းပြောနေမှန်းရိပ်စားမိပါသည်.။ အမေက မျက်နှာထားတည်တည်ဖြင့် တစ်ခွန်းပြောလိုက်တော့ ကလေးငယ်က ငွေရှင်းကောင်တာ ဘေးက ချောကလတ်တွေတင်ထားသည့် စင်ပေါ်မှ ဈေးအပေါဆုံး ချောကလတ်လေးကို ရွေး၍ ခြင်းထဲထည့်သည်.။ ခုထိ ကျွန်တော်က စိတ်ဝင်တစားကြည့်နေတုန်း..။
သူငယ်ချင်းဖြစ်သူလည်း ငွေရှင်းပြီး ကျွန်တော့်ဘေးမှာ ပစ္စည်းတွေထည့်နေပြီ..။ ကလေးငယ်ငွေရှင်း အလှည့် ရောက်ပြီ..။
“ ၆၅ ရူဘယ်ကျတယ်..”
ကောင်တာက စာရေးမက လေသံခပ်တင်းတင်းဖြင့် ဆိုသည်.။
သူမကလေးက ခပ်ညစ်ညစ် ရွှေဝါရောင်ဆံပင်လေးကို တစ်ချက်သပ်လိုက်ပြီး.။ ပိုက်ဆံအိပ် သေးသေးလေးကို ဖွင့်၍ အကြွေစေ့တွေကို ကောင်တာပေါ် မှောက်ချသည်.။ ကာပြတ် လို့ ခေါ်သော “ ပြား” စေ့ တွေ.။ ငါးမူးစေ့တွေ..။ အကြီးဆုံး အစေ့ကမှ နှစ်ကျပ် စေ့..။ သူကလေးက သက်ပြင်းချသည်.။ အားငယ်သော မျက်နှာလေးက အထင်းသား..။ ကျွန်တော့် ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားသည်..။ စောစောက နောက်က စောင့်နေရ၍ စိတ်မရှည်သော အဘိုးကြီးများပါ နှုတ်ဆိတ်သွားသည်..။ သူတို့ အားလုံး၏ အကြည့်တွေက ကလေးမလေးဆီမှာ..။
ဆံပင်လေးကို သပ်၍ သူ့နောက်က တန်းစီနေသူများကို မော့ကြည့်သည်.။ ပတ်ဝန်းကျင်က လူများကို ကြည့်သည်.။ အရက်ပုလင်း လာဝယ်သော အဘိုးကြီးက ကလေးမလေးကို ပြုံးပြသည်.။ အပေါက်ဆိုးဆိုး စာရေးမက စာနာသနားစွာဖြင့် အကြွေစေ့များကို စိတ်ရှည်လက်ရှည် ရေနေသည်.။
“ ရော့.ဒီအကြွေစေ့တွေ ပိုတယ်.။ မပျောက်စေနဲ့.. သေချာသိမ်းထား..”
“ ကျေးဇူးတင်ပါတယ်..”
ပိုသော အကြွေစေ့များကို အိပ်ထဲ ပြန်ထည့်သည်.။ စာရေးမက Cash စာရွက်ထုတ်ပေးတော့ သူမက မယူလိုကြောင်း ခေါင်းယမ်းပြသည်.။ သူကလေး ကျွန်တော်တို့ ဘေးက ဖြတ်သွားမှ မှင်သက်စွာ ကြည့်နေမိ သော မိမိတို့ နှစ်ယောက်စလုံး သတိပြန်ဝင်လာသည်.။
“ ဓါတ်ပုံရိုက်ထားလိုက်ရမှာကွ…”
“ အာ ဘယ်လိုဖြစ်မှာလဲ ဗေကြီးရာ.. သူအားငယ်သွားမှာပေါ့..။ ပြီးတော့ သူတို့ လူမျိုးတွေကလည်း ဘယ်လိုလုပ်ကြိုက်မှာလဲကွာ…”
“ သနားပါတယ်ကွာ.။ငါတို့သာ ကောင်တာ အထဲမှာရှိရင် သူစားချင်တဲ့ မုန့် ငါဝယ်ကျွေးပါတယ်…”
သူငယ်ချင်းက မချိတင်ကဲ ဆိုလာသည်..။ ဆိုင်ပေါက်ဝနားမှာ အဆိုပါကလေးမလေးက သူ့မိခင် လက်ထဲကို ပေါင်မုန့်ထုတ်တွေ အပ်နေသည်.။ ချောကလတ်ထုတ်လေးကိုတော့ လက်က ကျစ်ကျစ်ပါအောင် ကိုင်ထားသည်.။ ဒီပေါင်မုန့်ညိုကြီး ငါးချောင်းကပဲ သူတို့အတွက် တစ်ခုတည်းသော စားစရာလားဆိုတာ တွေးနေမိသည်.။ ပေါင် မုန့်နှင့်တွဲစားရန် ထောပတ်နှစ်၊ ကြက်ဥဆော့စ် ပင် မပါ..။
သြော်..ဘ၀တွေ..။
မလွယ်တာတွေ့ရင် ပိုခက်တဲ့ တစ်ခြားဘ၀တွေ.. ငဲ့ကြည့်ပါဦး ဆိုသော ကိုထီးသီချင်းကို သွားသတိရ ပြန်ပါလေသည်.။
အပြန်လမ်းမှာ ထိုသားအမိက ရှေ့က ..။ မိမိတို့ နှစ်ဦးက အထုပ်တွေဆွဲလျက် ..နောက်က.။
အပြန်လမ်းမှာသူတောင်းစားသားအမိအနီးသို့ရောက်လာသည်..။ခုနကကလေးမလေးက လက်ထဲမှာ ဆုပ်ထားသည့် ချောကလတ်ထုတ်ကလေးကို ဖောက်သည်..။ ချောကလတ်လေးကို တစ်ပိုင်းချိုး၍ သူတောင်း စား အမျိုးသမီး၏ လက်ထဲကို ထည့်လိုက်သည်..။
မိမိတို့ အံ့သြရသည်.။ ရင်တွင်းမှာ Shock အကြီးကြီးရမိသည်..။စိတ်ထဲမှာ ဆရာဖေမြင့် ဘာသာ ပြန်သည့် နှလုံးသား အာဟာရ ရသစာများ ထဲက Dan Clark ၏ The Circus ကို သတိရလိုက်မိသည်.။
ကျွန်တော်သည် အလှူအတန်း ကုတ်ကပ်သူမဟုတ်ပါ.။ ပရဟိတ သမားတစ်ဦး ဖြစ်ခဲ့ပါသည်.။ မိမိ တတ်နိုင်လာတိုင်း၊ မိမိ ပိုက်ဆံ ပိုလျှံသည့်အခါတိုင်း၊ လစဉ် လစာထုတ်တိုင်း အလှူအတန်းလုပ်ခဲ့ပါသည်.။ ပရဟိတ အသင်းတွင်လည်း တာဝန်ခံ အဆင့်အထိ တက်ကြွစွာ ဆောင်ရွက်နေသူဖြစ်ပါသည်.။
သို့ရာတွင် ယခုကဲ့သို့ မြင်ကွင်းကိုမူ တစ်ခါမျှ မမြင်ခဲ့ဖူးပါချေ..။ ကုသိုလ်၊ အကုသိုလ် နားမလည်သည့် တိုင်းပြည်၊ ကွန်မျူနစ်ဝါဒ ထွန်းကားသည့် တိုင်းပြည်၊ No race, no religion, nothing, all are equal, same oppotunity, no special chance ဆိုတာမျိုးတွေ အသက်ဝင်တက်ကြွသည့် တိုင်းပြည်တစ်ခုတွင် ဤ မျှ လောက် လူသားဆန်သည့် မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု မထင်မှတ်ခဲ့မိပါချေ..။ ကံ၊ ကံ၏ အကျိုးကို ယုံကြည်သူမဟုတ်သော်လည်း လူသားတစ်ဦး၏ လူသားချင်း စာနာထောက်ထားသည့် မြင်ကွင်းက ကျွန်တော့် အား အကြီးအကျယ် အံ့အားသင့်စေခဲ့ပါသည်.။
ပရဟိတ ..တဲ့..။
စာလုံးလေးက ရိုးရှင်းစွာပင်ရှိပါချေသည်.။ ငွေတစ်ထောင် ပိုင်ဆိုင်သူ တစ်ရာလှူသည်မှာလည်း အလှူ အတန်း ဖြစ်ပါသည်.။ ပရဟိတ ဟုခေါ်ဆိုနိုင်ပါသည်.။ စောစောက ကလေးမလေးကရော.. ။
သူတို့ မိသားစု၏ ညစာထဲက ဖဲ့၍ ခဲခဲယဉ်းယဉ်းဝယ်ထားရသည့် ချောကလတ်လေးကို သူမအလွန် နှစ်ခြိုက်ပါလိမ့်မည်.။ သူ့မိခင် အငြိုငြင်ခံ၍ ပင်သူမ ၀ယ်ခဲ့ရသည်မဟုတ်ပါလား...။ ယခု သူမအလွန်နှစ်ခြိုက် သည့် ချောကလတ်လေး ၏ တစ်ဝက်ကိုပင် သူမ လှူဒါန်းခဲ့သည်မဟုတ်လား..။
ပေးလှူခြင်း၏ အရသာကို အပြည့်အ၀ ခံစားလိုက်ရသော်လည်း အပြည့်အ၀ နားမလည်နိုင်သည့် ကလေးမလေး.။ ဖြူစင်မြင့်မြတ်သော စိတ်ဓါတ်နှင့်ယှဉ်နေသော ညစ်ထေးနိမ့်ကျသည့် လူနေမှု အသုံးအဆောင် များ..။
သူကလေးကတော့ ခြေတစ်ဖက်ချင်း ရှပ်၍ ရှပ်၍ မြူးထူးလွတ်လပ်စွာပြေးသွားပြီ..။ ကျွန်တော်တို့ နှစ်ယောက်ကတော့ ပါးစပ် အဟောင်းသားနှင့် ငေးမောနေတုန်း….။
~မိုးသက်ဦးလွင်~
(၈-၉-၂၀၁၃)
ရင်ထဲမှာမကောင်းလိုက်တာနော် ဒီလိုမြင်ကွင်းတွေကတော့ နိုင်ငံတိုင်းမှာမြင်နေရတာပါပဲမိုးသက်ရေ.....သူခက်ခက်ခဲခဲ ၀ယ်ရတဲ့ချောကလက်လေးကိုတောင်ဝေမျှနိုင်သေးတယ်နော်
ReplyDeleteသူကရိုးရှင်းတဲ့ ပရဟိတ လေးလုပ်ခဲ့တာ.ကိုယ်တွေကဘာလို့မစဉ်းစားမိပါလိမ်....?????????????????????
သနားစရာကောင်းလိုက်တာဟယ်း( စိတ်မကောင်းဘူး
ReplyDeleteပေးလှုခြင်းရဲ့ အရသာကို အပြည့်အဝခံစားလိုက်ရသော်လည်း အပြည့်အဝနားမလည်နိုင်သောကလေးမလေး ဖြူစင်မြင့်မြတ်သော စိတ်ဓါတ်နှင့်ယှဉ်နေသောညစ်ထေးနိမ့်ကျသည့် လူနေမှု အသုံးအဆောင်များးးးး မိုးသက်တို့နှစ်ယောက် ပါးစပ်အဟောင်သားနှင့်ငေးမောရသလို တီလေးလည်းဈာန်ဝင်ပြီးရင်နင့်စွာဖတ်ရှု့သွားပါတယ်။ဘဝနုံချာပေမဲ့ မြင့်မြတ်တဲ့လျှပ်တစ်ပြက် အလှုလေးအတွက် ဂုဏ်ယူပါတယ်ကလေး ရယ်းးးး
ReplyDeleteဒီကလေးမလေးရဲ့အလှူကိုသာဓုခေါ်ပါတယ်ကွယ်။သူ့အစားပီတိဖြစ်လိုက်တာ..ငယ်ငယ်ရွယ်ရွယ်လေးနဲ့။မရှိလို့မလှူ မလှူလို့မရှိဆိုတဲ့စကားလေးတောင်သတိရမိသွားပြီ။သူ့ကလေးကိုတော့အားကျသွားပြီကွာ
ReplyDeleteဖတ်ရင်း ကျေနပ်တယ် တွေးရင်း ကြည်နူးတယ်...ဦးဟန်ကြည်တို့ရဲ့ ကလေးတွေကိုလည်း ဒီကလေးလိုမျိုး ဖြူစင်တဲ့ စိတ်ထားမျိုး ထားလာနိုင်အောင် ကိုယ်တိုင်ဖြူစင်မွန်မြတ်ဖို့ ကြိုးစားရမယ်လို့လည်း ဆုံးဖြတ်ချက်ချမိတယ်...
ReplyDeleteတစ်ရာထဲရှိတဲ့သူတစ်ယောက်က ငါးဆယ် ပေးကမ်းနိုင်တယ်ဆိုရင် အဲဒီအခိုက်အတန့်မှာ အဲဒီလိုကို သူရဲကောင်း ဒါမှမဟုတ် သူတော်ကောင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီကလေးကလဲ အဲဒီအချိန်မှာ တကယ့်သူရဲကောင်း တကယ့်သူတော်ကောင်း တစ်ယောက်ပါဘဲ။
ReplyDeleteစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရလို့ ဒီပို့စ်ကို နောက်တစ်ကြိမ်ဖတ်ပြီးမှ ပြန်လာ မန့်တာ
ReplyDeleteပ ရ ဟိ တ ဆိုတာ
ခပ်တိုးတိုး ရေရွတ်မိသွားတယ်
မိုသက်ရေ
ReplyDeleteသိပ်ကောင်းပြီး မှတ်သားအတုယူသင့်တဲ့ပိုစ့်လေးကို အသိပေးရေးသားဖော်ပြပေးလို့
ကျေးဇူးတင်တယ်။ဒီကလေးရဲ့စိတ်ကိုလည်းလေးစား ချီးကျူးမိပါတယ်။
လူသားတိုင်း ဒီကလေးလို တွေးတတ်ကြမယ်ဆို သိပ်ကောင်းမှာဘဲနော်။
ဖတ်ပြီးစိတ်လည်းမကောင်းပေမဲ့ ကလေးငယ်စိတ်ဓါတ်လေးကိုတော့ လေးစားချီးကျုး
မိပါတယ်။
မကြီးလွမ်း
အဲတာ ကလေးမလေးရဲ့ ကိုယ်ချင်းစာတရားနဲ့ စေတနာဘဲ
ReplyDeleteငါတို့ပတ်ဝန်းကျင်မှာ တချို့သော လူတွေ ငွေကြေး အမြောက်အမြား
လှုကြတယ်..ဒါပေမဲ့ စိတ်ထဲက သဒ္ဒါတရားနဲ့ စေတနာက ဘယ်လောက်ပါလည်း
ဆိုတာ ကာယကံရှင် တွေဘဲသိလိမ့်မယ်...
100 % ပါတဲ့ သူရှိသလို 90 % 80 % 70 % သမားတွေလည်း ရှိမှာဘဲ..
ဒီကလေးမလေးက ဟိုသူတောင်းစားသားအမိက ကလေးလည်း
ချော့ကလတ်စားချင်မှာဘဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့
စေတနာ အပြည့်ထားပြီးသူစားမဲ့ ထဲက တဝက်ကျွေးခဲ့တာ
သိပ်လေးစားဖို့ ကောင်းတဲ့ ကောင်မလေး..
ကလေးတစ်ယောက်မှာ ဒီလိုစိတ် ရှိနေမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး
ReplyDeleteကလေးဆိုတာက သူများ မုန့်ကိုသာ မျက်စောင်း တထိုးထိုး လုတ်တတ်တာ
ကိုယ့်ဆီက မုန့်ကိုတော့ နည်းနည်းလေးမှ မျက်စောင်းထိုးခံတာ မဟုတ်ဘူး
စာဖတ်ပြီး မြင်ယောင်ကြည့်တာတောင် စိတ်ထဲ ဟင်ခနဲ ဖြစ်သွားရင်
မျက်မြင်တွေ့လိုက်ရတဲ့ ကိုမိုးတို့အတွက်တော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့
ဆင်းရဲခြင်းဒဏ်ကြောင့် ကောင်မလေး ရင့်ကျက်သွားတာလားလို့ တွေးမိလေရဲ့
အိုး.......
ReplyDeleteကောင်းလိုက်တာဗျာ
ပိုစ့်ကို ဖတ်ပြီးတော့
ကျနော့်အတွေးတွေ
ဖြန့်ကျက်နေမိတယ် ။
ဘ၀ တွေ ကို ရိုးရှင်းစွာ နေတက်ဖို့လိုပါတယ်
ReplyDeleteအခု မြန်မာ ပြည်က ကလေးတွေ ရဲ့ စိတ်ကလေးတွေဖြူစင် နေကြပါပြီး
မြန်မာ ပြည်က ကလေးလေးတွေ အားလုံး စိတ်နှလုံးလှဖို့ ဆိုတာ အမ တို့ လူကြီးတွေ တက်နိုင် သလောက်ကြိုးစားကြတာပေါ့