Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Thursday, October 11, 2012

ငါဘယ်ဘုံမှာလဲ???



  မှန်..။
            ကျွန်တော်တို့ အားလုံး မှန်ကြည့်ကြသည်..။ရုပ်ချောသူဖြစ်စေ၊ ရုပ်ဆိုးသူဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ  မှန်ကြည့်ကြသည်.။ရည်ရွယ်ချက်ချင်းကတော့ အများအားဖြင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရှုမြင် ပြင်ဆင်လိုခြင်းကြောင့် ဟုသာအကြမ်းဖျဉ်းအားဖြင့် သတ်မှတ်ရမည်ဖြစ်သည်..။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀က အဆောင်အောက် ၀င်ပေါက် တစ် ဖက် တစ်ချက် တွင် ကြည့်မှန်များထားရှိပေးသည်.။မိမိ ၀တ်စားဆင်ယင်မှုကိုယ်မိမိ သပ်ရပ်ခန့်ညားအောင် ပြန်လည်ပြုပြင် နိုင်ရန် ထားရှိခြင်းဖြစ်သည်..။ မိမိ ကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ခြင်းပြုရန်ဟုလည်းတစ်နည်း ဆိုနိုင်ပါ လိမ့်မည်..။
            မှန်ကြည့်ခြင်းနှင့် အလားသဏ္ဍန်တူသော နေ့စဉ်အလုပ်တစ်ခု ကျွန်တော့်မှာ ရှိပါသည်.။ ထိုအလုပ်ကနေ့စဉ် ဒိုင်ယာရီရေးသားခြင်းဖြစ်ပါသည်..။ ကျွန်တော်ညစဉ် ဘုရားရှိခိုးပြီးနှင့် မအိပ်ခင်စပ်ကြားတွင် နေ့စဉ်ဒိုင်ယာရီ ရေးသား လေ့ရှိပါသည်.။ ဒိုင်ယာရီရေးသားခြင်းမှာခက်ခဲသော အလုပ်တစ်ခု မဟုတ်ပါ.၊ တစ်ဖွဲ့တစ်နွဲ့ ရေးသားနေရန်လည်းမ လိုအပ်ပါ.။ မိမိဖာသာ နားလည်သော အရေးအသားမျိုးဖြင့် ရေးသားရုံသာဖြစ်ပါသည်.။ ဒိုင်ယာရီရေးသားခြင်းသည်လည်း တစ်နည်းဆိုရလျှင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းပင်ဖြစ်ပါသည်.။ တစ်နေကုန် မိမိလုပ်ခဲ့ ကိုင်ခဲ့သမျှ.အားလုံးကို ပြန်လည် စဉ်းစား၍ အကြမ်းဖျဉ်းပြန်လည်ရေးချခြင်းဖြင့် မိမိယနေ့ကောင်းမှု မည်မျှလုပ်ခဲ့သည်၊ မကောင်းမှု မည်မျှလုပ်ခဲ့သည်စသဖြင့် ပြန်လည်သုံးသပ်ဆင်ခြင်နိုင်စေပါသည်.။မိမိတစ်ဦးတည်းသာ ဖတ်ရှုမည့်စာအုပ်ဖြစ်သဖြင့် မည်သူမှ နားလည်ရန်မလိုသလို မည်သည့်အရာကိုမျှထိန်ချန်ထားရန်မလိုပါ.။ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် လုံခြုံရေးအတွက် မူ.မိမိဖာသာသိသော သင်္ကေတများ အမှတ်အသားများ သုံးနိုင်ပါသည်.။ ဥပမာ. နာမည် အတိုကောက် စာလုံးများအသုံးပြုခြင်း အစရှိသဖြင့်ဖြစ်ပါသည်.။ အမှန်စင်စစ် ဒိုင်ယာရီရေးသားခြင်းသည်ပင် ညမအိပ်မီ.မိမိကိုယ်ကိုယ် တစ်နေ့တာ မှန်ကြည့်ခြင်းပင်ဖြစ်ပါသည်.။
            “A CLEAR CONSCIENCE IS THE SOFTEST PILLOW ”  “လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးသောခေါင်းအုံး ဖြစ်သည်.. ” ဟု. အိန္ဒိယ အတွေးအခေါ်ပညာရှင်. Vikram Karve ကဆိုခဲ့သည်.။ ကောင်းမှုကုသိုလ်ဖြင့် အိပ်စက်ရခြင်း၊လိပ်ပြာသန့်သန့်ဖြစ်အိပ်စက်ရခြင်းဖြင့်အိပ်စက်ချိန်များကိုငြိမ်းချမ်းစေရပါမည်.ဆိုသည့်သဘောပဲဖြစ်သည်။
            ကျွန်တော်စိမ်းလန်းမြေကို ၀င်ရောက်ခဲ့စဉ်က မည်သည့်ရည်ရွယ်ချက်မှ တိတိပပ ဆိုမရခဲ့.။ သို့ရာတွင်နောက် ပိုင်းမှာ ကျွန်တော့် ခံယူချက်တွေခိုင်မာသည်ထက်ခိုင်မာလာသည်.။ မနေ့က ရထားပေါ်မှာစာအုပ်တစ်အုပ်ဖတ်ရသည်.။ စာအုပ်က ဒေါက်တာခင်မောင်ညို ရေးသားသော “ အကောင်းဆုံးကိုသာပေးပါ..” စာအုပ်။ စာအုပ်က အတော်ပင် ကောင်းသည်. ။ လူငယ်အကျိုးပြု ဆောင်းပါးများ နှင့် ဘ၀အားမာန်ဖြည့်ပေးသောဆောင်းပါးများဖြစ်သည်.။ ထိုဆောင်းပါးများအနက်မှ ကျွန်တော် သဘောကျတဲ့ ငရဲဘုံနဲ့ ချမ်းမြေ့ဘုံ (Hell and Heaven) ဆိုတဲ့ ဆောင်းပါး လေးထဲကဥပမာလေးကိုတော့ တော်တော်လေးကို သဘောကျမိသည်..။ဇာတ်လမ်းက ဒီလိုဖြစ်သည်.။ လူတစ်ယောက် ဘုရားသခင်နှင့် တွေ့ဆုံသည့်အခါ. ငရဲဘုံနှင့် ချမ်းမြေ့ဘုံ ကွာခြားမှုကိုသိလိုကြောင်း ပြောသည်.။ ဘုရားသခင်က ဦးစွာ ငရဲဘုံကိုခေါ်သွားသည်. ။ လူများ ဟင်းအိုးကြီးဘေးတွင်ထိုင်နေကြသည်..။ထိုလူတို့၏.လက်များတွင် ဇွန်းရှည်ကြီးများကို အသေတပ်ထားသည်.။ ဇွန်း၏ အရှည်မှာ လက်ထက်ပင်ရှည်လျားနေသဖြင့် ပါးစပ်တွင်းသို့ဟင်းခပ်၍မစားနိုင်.။ ထို့ ကြောင့် သူတို့အားလုံးမှိုင်တွေနေကြသည်.။ထိုသူကဘုရားသခင်ကို ငရဲဘုံဆိုတာလက်ခံကြောင်းပြောသည်.။ နောက်ထပ် ဘုရားသခင်က ချမ်းမြေ့ဘုံ ကို ခေါ်သွားသည်.။ ချမ်းမြေ့ဘုံတွင် လည်း ထိုအတိုင်းပင်ဖြစ် သည်.။ ချမ်းမြေ့ဘုံက လူများ သည်လည်း သူတို့လက်များ တွင်ဇွန်းရှည်ကြီးများတပ်ထားသည်.။ သို့ရာတွင် သူတို့ပျော်ရွှင်နေကြသည်.။ အကြောင်းမှာ သူတို့သည် မိမိပါးစပ်အတွင်းထည့်မည့် အစား တစ်ဦးကိုတစ်ဦး ခွံ့ကျွေးရန် ကြိုးစားခဲ့ကြခြင်းကြောင့် ဖြစ်သည်.။ ငရဲဘုံမှ လူများ ကတော့ ထိုအချက်ကို မေ့လျော့နေခဲ့ကြသည်.။ ကျွန်တော် ထို ဥပမာကို ဖတ်ပြီး ကိုယ့်ကိုယ်ကို သုံးသပ်မိသည်.။
ငါငရဲဘုံမှာရောက်နေသလား ၊ ချမ်းမြေ့ဘုံမှာရောက်နေသလား ဆိုတာပင်ဖြစ်ပါသည်.။
            စာဖတ်သူများလည်း မိမိကိုယ်ကိုယ် သုံးသပ်နိုင်ပါသည်.။ အသိဥာဏ်ရှင် လူသားတစ်ဦးဖြစ်နေပါလျက် နှင့်မျှဝေ ဖေးမမှု၊ အပြန်အလှန်ကူညီထောက်ပံ့မှုမရှိလျှင်.လူသားလောကကြီးတစ်ခုလုံးအတွက် ပိုလျှံသလိုဖြစ် နေမည်ဟု ဆိုရ မည်ဖြစ်သည်.။ သင်လူပိုတစ်ယောက်ဖြစ်နေပြီလောဆိုသည့်မေးခွန်းကို ဖြေနိုင်ရန် ကျွန်တော်တို့အတွက် မိမိကိုယ်ကို ဆန်းစစ်ဝေဖန်မှုလိုလာပါပြီ.။ သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်း သင့်၏ ဆိုသောကဗျာစာသားအတိုင်းပင်.မိမိမသေဆုံးမီမိမိမွေးဖွားရာနိုင်ငံအတွက်၊  ပိုမိုကျယ်ပြန့်စွာဆိုရပါလျှင်ကမ္ဘာကြီးအတွက်လူသား မျိုးနွယ်တစ်ခုလုံးအတွက်.၊ကျေးဇူးတုံ့ပြန်မှုတစ်စုံတစ်ရာ ပြုခဲ့ရပါမည်.။ သို့မှသာလျှင် လူသားတစ်ဦးအတွက် ဘ၀အဓိပ္ပာယ်ပြည့်စုံပါလိမ့်မည်.။
            စာဖတ်သူများအနေဖြင့် တစ်စုံတစ်ခုသော Message ကိုရရှိမည်ဟုမျှော်လင့်ပါသည်.။ လေ့ကျင့်ယူစရာမလိုပါ.။ မှန်တစ်ချပ်ဆောင်ထားပါ.။ ထိုမှန်ဖြင့် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ပါ.။ မိမိချို့ယွင်းချက်ကို ပြင်ဆင်ပါ.။မျှဝေမှုဖြင့် ရှင်သန်နိုင်အောင်ကြိုးစားပါ..။ထို့အပြင်တစ်စုံတစ်ရာကိုလည်းတွေးတောကြည့်ပါ..။
            -ငါငရဲဘုံမှာလား.?
-သုခ ဘုံမှာလား.?...။



ရေးသားသူ : မိုးသက် // 2:40 PM
အမျိုးအစား:

15 comments:

  1. အသိဥာဏ်ရှင် လူသားတစ်ဦးဖြစ်နေပါလျက်
    နှင့်မျှဝေဖေးမမှု ၊ အပြန်အလှန်ကူညီထောက်ပံ့မှုမရှိလျှင်.လူသားလောကကြီးတစ်ခုလုံးအတွက် ပိုလျှံသလိုဖြစ်
    နေမည်ဟုဆိုရမည်ဖြစ်သည်...................


    အဟေ...မှန်ထှာ မှန်ထှာ..
    လုံးဝ ထောက်ခံတယ်
    တခါတလေ ဘယ်လောက်ဖေးမနိုင် မျှဝေနိုင်မလဲ ဆိုတာ စမ်းသပ်ခံရသေးတာ
    တခါမှ မှန်ပြန်မကြည့်ဘူးဖူး.....အရမ်းဖတ်လို့ကောင်းပါတယ် :))

    ReplyDelete
  2. မောင်လေးရေဒိုင်ယာရီရေးတဲ့အကျင့်လေးကိုအရမ်းသဘောကျမိတယ်..အမအမေလည်းပြောတဲ့ကိုယ်လုပ်ခဲ့ကြုံခဲ့သမျှကိုနေ့စဉ်မှတ်တမ်းအနေနဲ့ စာရေးတဲ့အကျင့်လုပ်ကြည့်ပါလားတဲ့အခုထိတော့မလုပ်ဖြစ်သေးဘူး သတိရရင်တော့ရေးလိုက်တယ် နေ့တိုင်းတော့မဟုတ်ပြန်ဘူး.. လူဘ၀ဆိုတာရောက်ခဲ့လှတဲ့နေရာ နတ်ပြည်ထက်မြတ်တယ်ဆိုတာလည်း အားလုံးအသိပဲ..အကောင်းဆုံးတော့
    နိုင်သလောက်လေးကောင်းမှုကုသိုလ်လုပ်ဖြစ်တယ် မောင်လေးအကြံပေးသလိုလည်းမှန်ကြည့်ပြီးကိုယ့်ကိုယ်ကို မေးဖူးတယ် နင်ဘာလုပ်ခဲ့ပြီးပြီလဲ.. အခုပိုစ့်လေးကိုဖတ်လိုက်တော့သတိပိုရသွားတယ် ကျေးဇူးပါ

    ReplyDelete
  3. လောလောဆယ်တော့ တီတင့် ဒုက္ခဘုံကို ရောက်နေတယ်ဆိုရင် မမှားဘူးထင်တယ် နွေမိုးရေး)
    ဒိုင်ယာရီထားတာ ကိုယ့်အတွက် အသုံးလိုတဲ့အခါ အရေးပါတဲ့ မှတ်တမ်းတစ်ခုလို့မြင်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကျောင်းတက်တုံးက တစ်ရက်မပျက်ရေးတယ် ပြန်ဖတ်တော့ လွမ်းစာရာ..ခုတော့ မရေးတော့ဘူး အိပ်လိုက်စားလိုက်ပဲ...အမှန်ဆို ကျုပ်က အတိတ်မေ့ချင်နေသူပါ ကျုပ်ခေါင်းကို အတိတ်မေ့လောက်အောင် လာရိုက်ခွဲပေးပါ အူးလေး ငမမ..တိန်

    ReplyDelete
  5. အကျိုးရှိတဲ့ ပို့စ်လေးတစ်ပုဒ်ကို လာဖတ်သွားတယ်မောင်လေးရေ.. နောက်လဲ များများဝေမျှရေးသားနိုင်ပါစေ

    ReplyDelete
  6. လိပ်ပြာသန့်ခြင်းသည်အနူးညံ့ဆုံးသောခေါင်းအုံးဖြစ်သည်
    မှတ်သားစရာစာသားတွေကအများကြီးပဲ
    ကျေးဇူးပါသူငယ်ချင်းမှတ်သားဖတ်ရှုသွားပါတယ်

    ReplyDelete
  7. “A CLEAR CONSCIENCE IS THE SOFTEST PILLOW ” “လိပ်ပြာသန့်ခြင်းသည် အနူးညံ့
    ဆုံးသောခေါင်းအုံးဖြစ်သည်.. ” အရမ်းကြိုက်တယ် သဘောကျမိတယ် ကူးယူထားပါရစေနော်
    sis jasmine

    ReplyDelete
  8. မိုက်တယ်။မှတ်စရာတစ်ခုရသွားပါတယ်။
    -ငါငရဲဘုံမှာလား.?
    သုခ ဘုံမှာလား.?...။
    ????????????

    ReplyDelete
  9. မိုးသက် နင်ရေးထားတဲ့ ဒီပိုစ့်လေး ငါသဘောကျတယ်..
    “A CLEAR CONSCIENCE IS THE SOFTEST PILLOW ” “လိပ်ပြာသန့်ခြင်းသည် အနူးညံ့
    ဆုံးသောခေါင်းအုံးဖြစ်သည်.. ”
    ငါကော်ပီယူသွားတယ် မိုးသက်

    ReplyDelete
  10. အားလုံးကလဲ ခွင့်တောင်းလို့တစ်ဖုံ..ခွင့်မတောင်းလို့တစ်ပံဖုံ..ကော်ပီကူယူသွားကြတော့
    အမလဲ ကြိုက်တာနဲ့ကော်ပီကူးသွားတယ်လို့ပြောပါရစေ...
    တန်ဖိုးရှိတဲ့ပို့စ်လေးကို တင်ပေးတဲ့မောင်လေးကိုလဲ ကျေးဇူးတင်ပါတယ်နော်...
    ဒိုင်ယာရီမရေးဖြစ်တာတော့ကြာပေါ့...ရေးဖြစ်ရင်တော့ အရမ်းကောင်းတဲ့အလေ့အကျင့်ပါ..
    အမကတော့ ခု..ဒုက္ခဘုံရောက်နေတယ်ထင်တာပဲ..ကိုယ့်ကိုယ်ကို...ဘာကြောင့်ဆို
    အမရင်ခုန်ဘက်က အမကိုအမျက်တော်ရှနေလို့လေ...:P
    ခင်မင်နေတဲ့...
    ခင်မင်ချင်တဲ့...မိုးနတ်

    ReplyDelete
  11. မောင်မိုးသက်
    အကျိုးရှိတဲ.ပိုစ်ကောင်းလေးတပုဒ်
    အားပေးသွားပါတယ်ကွယ်
    ဒိုင်ယာရီရေးတဲ.အကျင်.ကောင်းလေးကတော.
    ကောင်းတာပေါ.။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  12. မှတ်သားစရာပို့စ်ကောင်းလေးပါပဲ။

    ReplyDelete
  13. လောလောဆယ်တော့ လူ့ဘုံမှာနေတယ်...ညီရေ့..... ၊လူ့ဘုံဆိုတော့ တစ်ခါတစ်လေ ကွကိုပဲ ခပ်သောက်ဖို့ကျိုး
    စားမိသလို၊တစ်ခါတစ်လေတော့လည်း သူများကို တိုက်မိရဲ့....၊ဘာပဲပြောပြော ဖတ်လို့ကောင်းတဲ့ပို့စ်လေးတစ်ပုဒ်
    ပါပဲ....၊

    ReplyDelete
  14. လူတွေက တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ မေ့နေကြတယ်
    ဒီတော့ သူများအပြစ်ကိုမြင်ပြီး ကိုယ့်အပြစ်ကိုတော့ မမြင်နိုင်ဘူးတဲ့
    အင်း ချက်ခြင်း မှန်ပြေးကြည့်ဦးမှ

    ReplyDelete
  15. ပို့စ်ကောင်းလေး တစ်ပုဒ်ပါလားမောင်လေးရေ.. အတွေးတွေ ဆင့်ကဲလို့ အများကြိးတွေးမိသွားတယ် .

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List